← Chapters

အခန်း ၅၅၁

Vol. 40 Ch. 551

အခန်း ၅၅၁

Vol. 40 Ch. 551

အခန်း ( ၅၅၁ ) - အသေအလဲစွန့်စားခြင်း၊ အစီအရင်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်း၍ ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်ခြင်း

‎

‎

‎

‎ချူးဧကရာဇ်သည် ထိုစိုးရိမ်မကင်းဖြစ်မှု အရိပ်အယောင်ကို ဖယ်ရှားပစ်လိုက်ကာ အေးစက်စွာ နှာမှုတ်လိုက်၏။

‎

‎

‎သူ ဧကရာဇ်မဖြစ်လာမီက အနိုင်ကျင့်ခံခဲ့ရသည်မှာ လက်ခံနိုင်စရာ ဖြစ်သည်။ ယခု ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်ရာ ယခင်ကကဲ့သို့ ထပ်မံအနိုင်ကျင့်ခံရဦးမည်ဆိုပါက သူ၏ နတ်ဆိုးဧကရာဇ်အဆင့် ကျင့်ကြံမှုမှာ အလကားပင် ဖြစ်သွားပေလိမ့်မည်။

‎

‎

‎သုံးရက်ခန့် ကွဲကွာသွားပြီးနောက် လူတစ်ယောက်ကို အမြင်သစ်ဖြင့် ကြည့်သင့်ပေသည်။ လက်ရှိ သူသည် အမြင့်မြတ်ဆုံး ချူးဧကရာဇ်ပင် ဖြစ်သည်။

‎

‎

‎" ချီဖျန့်နတ်ဆိုးဧကရာဇ်... အဲ့ဒီ ရှာနာကို ထွက်မပြေးသွားအောင် သေချာစောင့်ကြည့်ပေးထား... ဒီလူကို ရှင်းပြီးတာနဲ့ ရှာနာကို ငါကိုယ်တိုင် သတ်မယ်! "

‎

‎

‎ချူးဧကရာဇ်သည် မဟာအစီအရင်အတွင်းရှိ ကုချန်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် ခေါင်းလှည့်ကာ ချီဖျန့်နတ်ဆိုးဧကရာဇ်ကို ပြောဆိုလိုက်လေသည်။

‎

‎

‎" ဒါက ငါအရှင့်ရဲ့ တာဝန်ပါပဲ "

‎

‎

‎ချီဖျန့်နတ်ဆိုးဧကရာဇ်မှ ခေါင်းညိတ်လိုက်၏။ ရှာနာနတ်ဆိုးဧကရာဇ်ကို ပူးပေါင်းတိုက်ခိုက်ရန်မှာ သူတို့ ကြိုတင်သဘောတူထားပြီးဖြစ်သော ကိစ္စဖြစ်သည်။ ယခု သူ ကူညီပေးနေပြီဖြစ်ရာ ၎င်းမှာ သဘာဝကျကျပင် ရှောင်လွှဲ၍မရသော တာဝန်တစ်ခု ဖြစ်ပေသည်။

‎

‎

‎ထို့အပြင် ချူးဧကရာဇ်၏ စကားများမှတစ်ဆင့် ချီဖျန့်နတ်ဆိုးဧကရာဇ်သည် တစ်စုံတစ်ခုကို နားလည်သွားပုံရကာ ဤတစ်ကြိမ်တွင် ချူးဧကရာဇ်သည် အမှန်တကယ် အတည်ပေါက် လှုပ်ရှားတော့မည်ကို သိလိုက်လေသည်။

‎

‎

‎ယခင်က နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး၏ စွမ်းအားဖြင့် အဝေးမှနေ၍ ထိန်းချုပ်နေခြင်းက သူ့ကို ဘေးကင်းစေခဲ့ပြီး ထိခိုက်မှုမရှိစေခဲ့ပေ။ သို့သော် နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်တစ်ခု၏ အစစ်အမှန် စွမ်းအားမှာ ဤမျှနှင့်သာ မည်သို့ ကန့်သတ်ထားနိုင်မည်နည်း။

‎

‎

‎" စစ်သည်တော်တို့ရဲ့ သတ္တိ... တိုက်ပွဲတို့ရဲ့ အရှိန်အဟုန်... ကျင့်ကြံသူတို့ရဲ့ ဝိညာဉ်စွမ်းအား... အရာအားလုံး ငါ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး စွမ်းအားအားလုံးကို နိုးထစေကြတော့!! "

‎

‎

‎ချူးဧကရာဇ်မှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့်မြေကြီးမှာ တုန်လှုပ်သွားလေတော့သည်။

‎

‎

‎နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးသည် စတင်တုန်ခါလာပြီး နောက်ဆုံးတွင် မူလနေရာမှ ရွေ့လျားသွားကာ ချူးဧကရာဇ်ထံသို့ ပျံသန်းသွားလေသည်။

‎

‎

‎" ဒုက္ခပဲ! "

‎

‎

‎ဤသည်ကို မြင်သောအခါ မဟာအစီအရင်အတွင်းရှိ ရှာနာနတ်ဆိုးဧကရာဇ်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ ကုချန်အား အလျင်စလို ပြောဆိုလိုက်လေသည်။

‎

‎

‎" အရှင်သခင်... မြန်မြန် သွားကြရအောင်... ဒီချူးဧကရာဇ်က အစွမ်းကုန် ထုတ်သုံးတော့မယ်! "

‎

‎

‎အဆင့်တူ နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်သည့်အပြင် နတ်ဆိုးဧကရာဇ် မဟာအစီအရင်နှင့် ပတ်သက်၍ နားလည်မှုအချို့ ရှိထားသဖြင့် ရှာနာနတ်ဆိုးဧကရာဇ်သည် ချူးဧကရာဇ် ဘာလုပ်နေသည်ကို သဘာဝကျကျပင် သိရှိလေသည်။

‎

‎

‎ရှင်းလင်းလှသည်မှာ သူသည် နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွင်းယူကာ အစီအရင်နှင့် တစ်သားတည်းဖြစ်စေပြီး ၎င်း၏ အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်တော့မည်ပင်။

‎

‎

‎နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို တစ်ကြိမ် ခင်းကျင်းပြီးပါက အချိန်မရွေး ပြန်လည် ရုပ်သိမ်းနိုင်လေသည်။ ဥပမာအားဖြင့် ယခု ချူးဧကရာဇ် ခင်းကျင်းထားသော မဟာအစီအရင်သည် ရည်ရွယ်ထားသည့် အကျိုးသက်ရောက်မှုကို ရရှိပါက နောင်တွင် ပြန်လည်ရုပ်သိမ်းနိုင်ပြီး အသုံးမပြုရသေးသော အင်မော်တယ်ပစ္စည်းများနှင့် နတ်ဘုရားလက်နက် အချို့ကို ပြန်လည်ရယူနိုင်ကာ ပြင်းထန်သော ဆုံးရှုံးမှုမျိုးမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။

‎

‎

‎သို့သော် သူသည် နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်း၍ သူနှင့်အတူ ပေါင်းစပ်လိုက်မည်ဆိုပါက မဟာအစီအရင်ကို ဖွဲ့စည်းထားသည့် နတ်ဘုရားပစ္စည်းများ အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကာ ၎င်းတို့ကို မည်သည့်အခါမျှ ပြန်လည်ရယူနိုင်တော့မည် မဟုတ်ချေ!

‎

‎

‎ဤသည်မှာ အရာအားလုံးကို ပုံအောလိုက်သော လုပ်ရပ်တစ်ခု ဖြစ်သော်လည်း နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး၏ စွမ်းအားကို အမြင့်ဆုံးအထိ ထုတ်လွှတ်နိုင်မည့် သရုပ်ဖော်မှုတစ်ခုလည်း ဖြစ်ပေသည်။

‎

‎

‎သူနှင့်အတူ ပေါင်းစပ်ပြီးနောက် နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးသည် သူ၏ခန္ဓာကိုယ်သို့ စွမ်းအားများကို အဆက်မပြတ် ပံ့ပိုးပေးမည် ဖြစ်သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမြှင့်တင်မှုနှင့်အတူ မူလက အဆင့်တူဖြစ်ခဲ့သော နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများပင်လျှင် ယခုအခါ လုံးဝ ချေမှုန်းခံရမည်သာ ဖြစ်လေသည်။

‎

‎

‎အရှင်သခင်၏ လှုပ်ရှားမှု နှစ်ကွက်၊ သုံးကွက်မျှကပင် ချူးဧကရာဇ်အား ဤအခြေအနေအထိ တွန်းပို့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သို့သော် ယခု ချူးဧကရာဇ်သည် အသေအလဲ တိုက်ခိုက်နေပြီဖြစ်ရာ ကောင်းမည်၊ ဆိုးမည်ဆိုသည်ကို သူ မသိနိုင်တော့ပေ။

‎

‎

‎" ဟွန်းဟွန်း... တာအိုရောင်းရင်း ရှာနာ... မင်း ဒီမှာ ခဏလောက် စောင့်နေသင့်တယ်... တာအိုရောင်းရင်း ချူးဧကရာဇ်က မကြာခင် မင်းဆီ လာရှာလိမ့်မယ် "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်မှ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး ပြိုကွဲသွားပြီဖြစ်၍ ချူးဧကရာဇ်နှင့် အသေအလဲ မတိုက်ခိုက်ဘဲ ထွက်ပြေးရန် အခွင့်ကောင်းဖြစ်ကြောင်း ကုချန်အား သတိပေးနေစဉ်မှာပင် ချီဖျန့်နတ်ဆိုးဧကရာဇ်၏ ပုံရိပ်သည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် မနီးမဝေးတွင် တိတ်ဆိတ်စွာ ပေါ်ထွက်လာခဲ့လေသည်။

‎

‎

‎ရှင်းလင်းလှသည်မှာ ကုချန်၏ ပစ်မှတ်ထားခြင်းကို မခံရစေရန်အတွက် သူသည် အလွန်အမင်း နီးကပ်စွာ မသွားလိုခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏တာဝန်မှာ ရှာနာနတ်ဆိုးဧကရာဇ်ကို ဟန့်တားထားရန်သာ ဖြစ်ပြီး အသေအလဲ တိုက်ခိုက်ရန် မလိုအပ်ချေ။

‎

‎

‎အသေအလဲ တိုက်ခိုက်ခြင်းကို ချူးဧကရာဇ်သာ လုပ်ဆောင်သင့်ပေသည်။ သူကမူ ကူညီပေးရုံသာဖြစ်ရာ သဘာဝကျကျပင် အစွမ်းကုန် တိုက်ခိုက်ရန် မလိုအပ်ပေ။

‎

‎

‎နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးသည် ချူးဧကရာဇ်၏ ခေါင်းပေါ်တွင် ဝဲလည်နေပြီးနောက် တဖြည်းဖြည်း သေးငယ်သွားသော်လည်း ၎င်း၏အရှိန်အဝါမှာမူ ပို၍ ပြင်းထန်လာခဲ့၏။

‎

‎

‎နောက်ဆုံးတွင် မဟာအစီအရင် တစ်ခုလုံးသည် ချူးဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် ပေါင်းစပ်ဝင်ရောက်သွားကာ မရေမတွက်နိုင်သော မဟာတာအို သံကြိုးများသည် သူ၏ခန္ဓာကိုယ်အတွင်း ရွေ့လျားသွားကြပြီး နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို သူ၏အတွင်း၌ တင်းကျပ်စွာ သော့ခတ်လိုက်လေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးမှ ထွက်ပေါ်လာသော စွမ်းအားများသည်လည်း ထိုမရေမတွက်နိုင်သော မဟာတာအို သံကြိုးများအတိုင်း စီးဆင်းသွားကာ ချူးဧကရာဇ်၏ ခြေလက်များနှင့် အရိုးများဆီသို့ ရောက်ရှိသွားသဖြင့် သူ၏အရှိန်အဝါကို တဖြည်းဖြည်း မြင့်တက်လာစေခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် ရွေ့လျားနိုင်သော နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား အဆုံးအစမဲ့ကာ ခမ်းနားကြီးကျယ်လှသော အရှိန်အဝါများ ပြည့်နှက်နေလေသည်။

‎

‎

‎" ငါ့ကို စော်ကားတဲ့သူတိုင်း တန်ရာတန်ကြေး ပေးဆပ်ရမယ်! "

‎

‎

‎သူ၏အတွင်း၌ အဆုံးအစမရှိလုနီးပါးဖြစ်နေသော စွမ်းအားများကို ခံစားရရင်း ချူးဧကရာဇ်သည် ဤအခိုက်အတန့်တွင် ကြီးမားလှသော ယုံကြည်မှုများ မြင့်တက်လာကာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တော့မည့်အလား ခံစားလိုက်ရလေသည်။

‎

‎

‎သို့သော် ဤအခိုက်အတန့်၌ သူ၏ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအားသည် ရေတွက်မရနိုင်သော နှစ်ပေါင်းများစွာ သူ အပင်ပန်းခံ ရှာဖွေစုဆောင်းထားခဲ့သည့် နတ်ဘုရားပစ္စည်းများနှင့် အင်မော်တယ်ရတနာများမှတစ်ဆင့် ရရှိလာခြင်းဖြစ်ကြောင်းကို တွေးမိသောအခါ ချူးဧကရာဇ်၏ ရင်ထဲတွင် သွေးထွက်မတတ် နာကျင်ခံစားလိုက်ရ၏။

‎

‎

‎တစ်ချိန်တည်းမှာပင် ဤအရာက သူ၏ ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာသွားစေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ကုချန်ကို ဤနေရာ၌ပင် သတ်ပစ်၍ သူ၏လက်ထဲရှိ နတ်ဘုရားရတနာများနှင့် အမြင့်ဆုံးလက်နက်များကို အသုံးပြုကာ သူ၏ဆုံးရှုံးမှုများကို ပြန်လည် အစားထိုးရမည် ဖြစ်သည်။

‎

‎

‎" သေစမ်း! "

‎

‎

‎ချူးဧကရာဇ်မှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် အစီအရင်နှင့် ပေါင်းစပ်သွားလေ၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ကုချန်အား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

‎

‎

‎ဤအခိုက်အတန့်တွင် သူသည် လောကရှိ အရာအားလုံးကို အထက်စီးမှ ကြည့်ရှုကာ ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းဖြင့် ဖုံးအုပ်နိုင်သော အမြင့်မြတ်ဆုံး ဧကရာဇ်တစ်ပါးနှင့် တူနေလေသည်။

‎

‎

‎ဤအခြေအနေရှိ ချူးဧကရာဇ်ကို ရင်ဆိုင်ရချိန်တွင် ကုချန်သည် အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ ပိုမိုမြင့်မားသော သတိထားမှုတစ်ခုကို ခံစားနေရ၏။

‎

‎

‎မည်သို့ပင်ဆိုစေ ဤသည်မှာ နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုနှင့် အမှန်တကယ် ပထမဆုံးအကြိမ် တိုက်ခိုက်ရခြင်းဖြစ်ပြီး ယခု ပြိုင်ဘက်က အသေအလဲ တိုက်ခိုက်နေပြီဖြစ်ရာ သူသည်လည်း သဘာဝကျကျပင် ထိုက်တန်သော လေးစားမှုကို ပြသရမည် ဖြစ်သည်။

‎

‎

‎ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းသည် တိတ်တဆိတ် လည်ပတ်သွားကာ အဆုံးအစမရှိသော စွမ်းအားများသည် ကုချန်၏ အသွေးအသား လက်မတိုင်းဆီသို့ စိမ့်ဝင်သွားလေသည်။ ချူးဧကရာဇ်၏ တားဆီး၍မရနိုင်ပုံပေါ်သော လက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရာတွင် သူသည် နောက်မဆုတ်ဘဲ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လက်သီးတစ်ချက် ထိုးချလိုက်လေသည်။

‎

‎

‎ဤလက်သီး ထိုးချလိုက်သည်နှင့်အမျှ လက်သီး၏ အစွန်းတစ်ဝိုက်တွင် အဆုံးမဲ့တာအိုများ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှု အရိပ်အယောင်လေးတစ်ခု ခပ်ရေးရေး ပေါ်ထွက်လာခဲ့၏။ အဆုံးမဲ့တာအိုများ၏ သဲလွန်စများ အားလုံး ပါဝင်နေကာ တစ်ခုပြီးတစ်ခု လင်းလက်နေပြီး ရိုးရှင်းသော လက်သီးစွမ်းအား သက်သက် မဟုတ်တော့ချေ။

‎

‎

‎ဤသည်မှာ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း စွမ်းအား၏ သရုပ်ဖော်မှုဖြစ်ကာ အဆုံးမဲ့တာအို စွမ်းအားများ ပေါင်းစပ်ထားသော လက်သီးတစ်ချက် ဖြစ်လေသည်။ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး၏ ကောင်းချီးကို ရရှိထားသော ချူးဧကရာဇ်ကဲ့သို့ မဟုတ်သော်ငြားလည်း ၎င်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အဆုံးအစမဲ့နေဆဲပင်။

‎

‎

‎" သေချင်နေတာပဲ! "

‎

‎

‎ကုချန်မှာ ရှောင်တိမ်းဖယ်ရှားခြင်း မရှိသည့်အပြင် ရှေ့သို့ လက်သီးဖြင့်ပင် ထိုးနှက်လာသည်ကို မြင်သောအခါ ချူးဧကရာဇ်၏ မျက်နှာအမူအရာမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့လေသည်။

‎

‎

‎ယခုအခါ သူသည် နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးနှင့် ပေါင်းစပ်ထားပြီဖြစ်ရာ ဤလူက သူ၏အရှိန်အဝါကို မရှောင်ရှားရုံသာမက တက်တက်ကြွကြွပင် စတင်တိုက်ခိုက်ရဲသေးသည်လော။ ထိုသူသည် တကယ်ကို မယုံနိုင်လောက်အောင် မောက်မာလွန်းလှ၏။

‎

‎

‎ကောင်းပြီ... ဒါဆိုရင်လည်း မင်းနဲ့ ငါအရှင်ကြားက ကွာဟချက်က တကယ်ကို ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့စရာ ကောင်းလဲဆိုတာကို မင်းကို လက်တွေ့ပြမယ်!

‎

‎

‎" ဝုန်း! "

‎

‎

‎လက်သီးတစ်ချက်နှင့် လက်ဝါးတစ်ချက် ပြင်းထန်စွာ ဝင်တိုက်မိသွားကြ၏။ ဧကရာဇ်အဆင့် စွမ်းအားသည် ချက်ချင်း ပေါက်ကွဲထွက်လာကာ အနီးအနားရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

‎

‎

‎ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ သက်ရှိများ ရှင်သန်ခြင်းမရှိဘဲ ပျက်စီးနေသော စကြဝဠာ အချို့သာရှိသည့် ကွေ့ရွှီးနယ်မြေ ဖြစ်နေ၍သာ တော်သေးသည်။ ထိုသို့မဟုတ်ဘဲ နတ်ဆိုးနယ်မြေ၌သာဆိုလျှင် ဤတိုက်ခိုက်မှု တစ်ချက်တည်း၏ ဂယက်ရိုက်ခတ်မှုကပင် နယ်မြေအတော်များများကို ဖျက်ဆီးပစ်ရန် လုံလောက်နေပြီး နတ်ဆိုးနယ်မြေ သက်ရှိပေါင်း မရေမတွက်နိုင်အောင်ကို ချက်ချင်း သေဆုံးသွားစေနိုင်ပေသည်။

‎

‎

‎သို့သော် ထိုသို့ဖြစ်လင့်ကစား ပေါက်ကွဲမှု၏ ဂယက်ရိုက်ခတ်မှုများသည် ပတ်ဝန်းကျင်ရှိ ပျက်စီးနေသော စကြဝဠာ အတော်များများကို တိုက်ရိုက် လွင့်စဉ်သွားစေခဲ့၏။ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချီဖျန့်နတ်ဆိုးဧကရာဇ်တို့၏ အကြည့်များမှာလည်း ချက်ချင်း ရောက်ရှိလာကြကာ ဤတိုက်ခိုက်မှု၏ ရလဒ်ကို သိချင်နေကြလေသည်။

‎

‎

‎" ဘန်း! "

‎

‎

‎ပေါက်ကွဲမှု၏ အလယ်ဗဟိုမှ လူရိပ်တစ်ခုသည် အမြောက်ဆံတစ်လုံးကဲ့သို့ လွင့်စင်ထွက်လာခဲ့ရာ ရှာနာနတ်ဆိုးဧကရာဇ်၏ နှလုံးသားမှာ ရုတ်တရက် တင်းကျပ်သွားခဲ့ရ၏။

‎

‎

‎သို့သော် လွင့်စင်လာသော ပုံရိပ်ကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ပေါက်ကွဲမှု၏ အလယ်ဗဟိုမှ လွင့်စင်ထွက်လာသော ပုံရိပ်မှာ ကုချန်မဟုတ်ဘဲ ချူးဧကရာဇ် ဖြစ်နေသောကြောင့်ပင်။

‎

‎

‎ဖရိုဖရဲ ဖြစ်နေသော ချူးဧကရာဇ်၏ သံချပ်ကာကို ကြည့်ခြင်းအားဖြင့် ဤတိုက်ခိုက်မှုတွင် သူသည် မသေးငယ်သော လျှို့ဝှက်ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရကြောင်း ရှင်းလင်းလှပေသည်။

‎

‎

All Chapters