အခန်း ၅၅၆
Vol. 40 Ch. 556
အခန်း ( ၅၅၆ ) - အပြည့်အဝ ဖိနှိပ်နိုင်ခြင်း၊ တိတ်ဆိတ်စွာ စောင့်ဆိုင်းခြင်းနှင့် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ
တာအိုအချင်းချင်း တိုက်မိခြင်းကို အတုအယောင် ဖန်တီး၍ မရနိုင်ချေ။
တာအိုများ ဝင်တိုက်မိသွားချိန်တွင် ဖြစ်ပေါ်လာသော ခံစားချက်နှင့် အရှိန်အဝါများအပြင် ရှင်းလင်းစွာ ကွဲပြားခြားနားနေသော တာအို ချီအငွေ့အသက်များသည် ဤအရာအားလုံးမှာ အစစ်အမှန်များသာ ဖြစ်ကြောင်း ချူးဧကရာဇ်ကို သတိပေးနေလေသည်။
ထို မဟာတာအို ကောင်းကင်တိုင်များသည်လည်း အမှန်တကယ် တည်ရှိနေခြင်းပင်!
မဟာတာအို ကောင်းကင်တိုင် အတုဆိုသည်မှာ လုံးဝ မရှိနိုင်ချေ!
" ဝုန်း! "
ချူးဧကရာဇ်၏ ဖယောင်းတိုင် တာအို ကောင်းကင်တိုင် နီးကပ်လာသည်ကို အာရုံခံမိသွားသောအခါ မဟာတာအို ကောင်းကင်တိုင် တစ်ခုပြီးတစ်ခုသည် တစ်စုံတစ်ယောက်မှ ၎င်းတို့၏ နယ်မြေကို ကျူးကျော်ဝင်ရောက်လာသည်ဟု ခံစားလိုက်ရသည့်အလား အဆုံးအစမရှိသော ဒေါသများကို ထုတ်လွှတ်လာခဲ့ကြသည်။
ထို့နောက် မရေမတွက်နိုင်သော မဟာတာအို ကောင်းကင်တိုင်များသည် ချက်ချင်း ပြိုကျလာကာ ဖယောင်းတိုင်တာအို ကောင်းကင်တိုင်အပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဤမဟာတာအို ကောင်းကင်တိုင်များ၏ ပုံရိပ်ယောင် အားလုံးသည် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို အသုံးပြု၍ ကုချန်မှ ပုံဖော်ဖန်တီးထားခြင်း ဖြစ်လေသည်။
ကောင်းကင်တိုင် တစ်ခုချင်းစီ၏ စွမ်းအားကို ပြောရမည်ဆိုပါက ၎င်းတို့သည် သဘာဝကျကျပင် ချူးဧကရာဇ်၏ ဖယောင်းတိုင် တာအိုကို မယှဉ်နိုင်ချေ။
သို့သော် ပြဿနာမှာ ၎င်းတို့၏ အရေအတွက် အလွန်များပြားနေခြင်းပင်!
ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း လည်ပတ်သွားရာ မဟာတာအို သုံးထောင်လုံးကိုပင် ဖန်တီးစုစည်းနိုင်လုနီးပါး ဖြစ်နေ၏။
ဤ မဟာတာအို သုံးထောင်၏ စွမ်းအားများ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသောအခါ ထွက်ပေါ်လာမည့် စွမ်းအားမှာ များစွာ ပိုမိုကြီးမားနေမည်မှာ သဘာဝပင် ဖြစ်လေသည်။
" ဘန်း! "
မရေမတွက်နိုင်သော မဟာတာအို ကောင်းကင်တိုင်များသည် ချူးဧကရာဇ် စုစည်းထားသော ဖယောင်းတိုင်တာအို ကောင်းကင်တိုင်အပေါ်သို့ ဆက်တိုက် ရိုက်ချလိုက်သောအခါ ထိုကောင်းကင်တိုင်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ချူးဧကရာဇ်၏ နှုတ်ခမ်းထောင့်မှလည်း ထိတ်လန့်ဖွယ်ကောင်းသော သွေးများ စီးကျလာခဲ့လေသည်။
ဤ မဟာတာအို ကောင်းကင်တိုင်သည် အစကတည်းက သူ၏ သွေးကြောများမှတစ်ဆင့် ဖန်တီးထားခြင်းဖြစ်ပြီး သူ၏ ဘဝတစ်သက်တာ ကျင့်ကြံခဲ့သော တာအို၏ ထိုးထွင်းသိမြင်မှုများကို ကိုယ်စားပြုလေသည်။
ယခု တာအို ကောင်းကင်တိုင်ကြီး တုန်လှုပ်သွားပြီဖြစ်ရာ ချူးဧကရာဇ် ကိုယ်တိုင်လည်း သက်ရောက်မှုရှိမည်ဖြစ်ပြီး ဒဏ်ရာရရှိမည်မှာ အသေအချာပင်။
သို့သော် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် နှိုင်းယှဉ်ပါက ဤတိုက်ခိုက်မှု၏ ရလဒ်သည် ချူးဧကရာဇ်အတွက် ပို၍ပင် လက်ခံနိုင်စရာ မရှိဖြစ်နေလေသည်။
သူ ထပ်ရှုံးသွားပြန်ပြီ။
ဒီလူက တကယ်ပဲ ဘယ်သူလဲ။
သူက ဘယ်လိုလုပ်ပြီး မဟာတာအို သုံးထောင်ကို ထိန်းချုပ်နိုင်ရတာလဲ။
ဒါက လုံးဝ ယုတ္တိမရှိဘူး!
" ဘန်း! "
မဟာတာအို သုံးထောင် ကောင်းကင်တိုင်များသည် ဆက်တိုက် ရိုက်ချနေသဖြင့် ဖယောင်းတိုင်တာအို ကောင်းကင်တိုင်ပေါ်တွင် ထိတ်လန့်ဖွယ်ကောင်းသော အက်ကွဲကြောင်းများ အဆက်မပြတ် ပေါ်ထွက်လာခဲ့၏။
အစောပိုင်းက ချူးဧကရာဇ်သည် တက်တက်ကြွကြွ စတင်တိုက်ခိုက်ခဲ့သဖြင့် သူ၏ ဖယောင်းတိုင်တာအို ကောင်းကင်တိုင်ကို ကုချန်၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာသို့ ပို့လွှတ်လိုက်မိပြီး ဖြစ်လေရာ ယခု သူ ထွက်ပြေးချင်လျှင်ပင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မရေမတွက်နိုင်သော ကောင်းကင်တိုင်များ၏ ပြင်းထန်စွာဖိနှိပ်ခြင်းကို ခံထားရသော ဖယောင်းတိုင်တာအို ကောင်းကင်တိုင်ကို ဘာမျှမတတ်နိုင်ဘဲသာ ကြည့်နေရတော့ကာ လှုပ်ရှား၍ပင် မရနိုင်တော့ချေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဖယောင်းတိုင်တာအို ကောင်းကင်တိုင်သည် ပို၍ပို၍ အန္တရာယ်များလာလေသည်။
မဟာတာအို သုံးထောင်၏ ပေါင်းစပ်စွမ်းအားသည် ၎င်း ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် လုံးဝ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
" အား!!! "
ချူးဧကရာဇ်သည် ဟိန်းဟောက်လိုက်ကာ ကုချန်၏ တိုက်ခိုက်မှုကို ဖယောင်းတိုင်တာအို ကောင်းကင်တိုင်မှ ခုခံနိုင်ရန်အတွက် ပိုမိုများပြားသော စွမ်းအားများကို ရယူနိုင်ရန် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီးကို အသည်းအသန် တွန်းအားပေးလိုက်လေသည်။
သို့သော် နှစ်ဦးနှစ်ဖက်မှာ တူညီသော အဆင့်တွင် လုံးဝ ရှိမနေခဲ့ချေ။
ဖယောင်းတိုင်တာအို ကောင်းကင်တိုင်သည် မည်မျှပင် စွမ်းအားကြီးမားနေပါစေ မဟာတာအို သုံးထောင် ကောင်းကင်တိုင်များ၏ ပေါင်းစပ်တိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
အသက်ရှူအကြိမ် အနည်းငယ်အတွင်းမှာပင် နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခုသည် ဖယောင်းတိုင်တာအို ကောင်းကင်တိုင်ပေါ်တွင် ပေါ်ထွက်လာခဲ့၏။ နောက်ထပ် အသက်ရှူအကြိမ် အနည်းငယ်သာ ကြာမည်ဆိုပါက ဤဖယောင်းတိုင် တာအို ကောင်းကင်တိုင်ကြီးသည် လုံးဝ ကွဲအက်သွားလိမ့်ပေမည်။
" မလုပ်နဲ့!! "
ချူးဧကရာဇ်မှာ စိုးရိမ်ပူပန်လာကာ သူ၏ တာအို ကောင်းကင်တိုင်ကို အမြန် ပြန်လည်ရုပ်သိမ်းလိုခဲ့၏။
ဤ တာအို ကောင်းကင်တိုင်သည် သူ၏အသက်နှင့်ရင်း၍ ကျင့်ကြံခဲ့သော တာအိုဖြစ်ပြီး သူ၏ ဘဝတစ်သက်တာ ကျင့်ကြံမှုများကို ကိုယ်စားပြုလေသည်။ အကယ်၍ ကောင်းကင်တိုင်သာ ဖျက်ဆီးခံလိုက်ရပါက သူ သေဆုံးသွားမည် မဟုတ်သော်ငြားလည်း သူ၏ ဘဝတစ်သက်တာ ကျင့်ကြံမှုများမှာ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားလိမ့်မည် ဖြစ်၏။
ဤရလဒ်သည် သူ့ကို သတ်ပစ်ခြင်းထက် ကျိန်းသေပေါက် ပို၍ နာကျင်စေမည် ဖြစ်သည်။
သို့သော် မဟာတာအို သုံးထောင် ကောင်းကင်တိုင်များသည် သူနှင့် လုံးဝကို အဆင့်တူ မဟုတ်ခဲ့ချေ။ သူ မည်မျှပင် ပြင်းထန်စွာ ခုခံရုန်းကန်နေပါစေ မရေမတွက်နိုင်သော မဟာတာအို ကောင်းကင်တိုင်များသည် ဖယောင်းတိုင်တာအို ကောင်းကင်တိုင်ပေါ်တွင် တင်းကျပ်စွာ ဖိနှိပ်ထားဆဲဖြစ်ကာ သူ့ကို လက်မဝက်မျှပင် လှုပ်ရှား၍ မရနိုင်အောင် ဖြစ်စေခဲ့သည်။
ချူးဧကရာဇ်၏ ပြင်းထန်သော ရုန်းကန်မှုကို ကြည့်ရင်း ကုချန်၏မျက်လုံးများမှာ လင်းလက်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူသည် စွမ်းအားအချို့ကို အနည်းငယ် လျှော့ချလိုက်၏။
အဘယ်ကြောင့်ဆိုသော် သူ၏ရည်ရွယ်ချက်မှာ ချူးဧကရာဇ်ကို သတ်ပစ်ရန် မဟုတ်ဘဲ သူ့ကို ကျေးကျွန်တစ်ဦးအဖြစ် ရယူရန် ဖြစ်သောကြောင့်ပင်။
အကယ်၍ ဖယောင်းတိုင်တာအို ကောင်းကင်တိုင်သာ ချေမှုန်းခံလိုက်ရပါက ချူးဧကရာဇ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်အမင်း ကျဆင်းသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကုချန်အနေဖြင့် ချူးဧကရာဇ်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းရခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
ချူးဧကရာဇ်ကို နောင်တွင် အသုံးချနိုင်ရန်အတွက် တိုက်ခိုက်ရေးစွမ်းအား အပြည့်အဝကို ပြန်လည်ရယူနိုင်မည့် အခြေအနေတွင်ရှိသည့် ချူးဧကရာဇ်ကိုသာ သူ သိမ်းသွင်းရမည် ဖြစ်သည်။
ထိုသို့မဟုတ်ပါက ချူးဧကရာဇ်ကို သတ်ပစ်လိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ ကုချန်သည် သူ၏ အသိစိတ်ပင်လယ်အတွင်းသို့ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်လေသည်။
" ချူးဧကရာဇ်... ငါကိုယ်တော့်ကို အညံ့ခံလိုက်... ငါကိုယ်တော် မင်းကို အသက်ချမ်းသာပေးမယ် "
အညံ့ခံရမယ်?
ကုချန်၏ အသိစိတ်ပင်လယ်အတွင်း ပဲ့တင်ထပ်သွားသော ခမ်းနားသည့် အသံကို ကြားလိုက်ရသောအခါ ချူးဧကရာဇ်သည် ရယ်ပင် ရယ်ချင်သွားခဲ့၏။
သူက ဘယ်သူလဲ။
ဘာပဲပြောပြော သူက နတ်ဆိုးနယ်မြေက နတ်ဆိုးဧကရာဇ်တစ်ပါးပဲ။ သူက ဘယ်လိုလုပ်ပြီး တခြားသူဆီကို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အညံ့ခံနိုင်မှာလဲ။
သမိုင်းတစ်လျှောက်လုံး နတ်ဆိုးနယ်မြေ တစ်ခုလုံးတွင် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုသည် အခြားသူတစ်ဦးထံ အညံ့ခံခဲ့သည်ဟု တစ်ခါမျှ မကြားဖူးခဲ့ချေ။ အတိတ်တွင်လည်း ထိုသို့ဖြစ်ခဲ့ပြီး ယခုလည်း ထိုအတိုင်းပင် ဖြစ်သည်။
သူ သေရမယ်ဆိုရင်တောင် ချူးဧကရာဇ်အနေနဲ့ တခြားသူဆီကို ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။ ဒါက လုံးဝကို စိတ်ကူးယဉ်နေတာပဲ။
" မင်း အဲဒီအကြံကို စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်! ငါအရှင်က သေရမယ်ဆိုရင်တောင် ဂုဏ်သိက္ခာရှိရှိပဲ အသေခံမယ်... မင်းရဲ့ ကျေးကျွန် ဖြစ်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး! "
ချူးဧကရာဇ်မှ လှောင်ပြောင်လိုက်ကာ ကုချန်၏ ဖျောင်းဖျမှုကြောင့် လုံးဝ တုန်လှုပ်သွားခြင်း မရှိချေ။
ချူးဧကရာဇ်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို ရင်ဆိုင်ရချိန်တွင် ကုချန်မှာ လက်မခံနိုင် ဖြစ်မသွားခဲ့ပေ။
နတ်ဆိုးဧကရာဇ်တစ်ပါးကို အလွယ်တကူ အညံ့ခံလာအောင် ဖျောင်းဖျနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူ၏ နောက်ထပ် လှုပ်ရှားမှုကို ချူးဧကရာဇ် ခန့်မှန်းမမိစေရန်အတွက် သူ ထိုသို့ပြောလိုက်ခြင်းသာ ဖြစ်သည်။
ဤသည်ကို တွေးမိသောအခါ ကုချန်သည် ဖိနှိပ်ထားသော မဟာတာအို သုံးထောင် ကောင်းကင်တိုင်များ၏ စွမ်းအားကို တမင်သက်သက် တိုးမြှင့်လိုက်လေသည်။ သို့မှသာ ချူးဧကရာဇ်အနေဖြင့် သူ့ကို ဖျောင်းဖျရန် ကျရှုံးသွားသောကြောင့် သူ ဒေါသထွက်ကာ သတ်ပစ်တော့မည်ဟု မှားယွင်းစွာ ယုံကြည်သွားလိမ့်မည် ဖြစ်သည်။
ထိုအခါ ကုချန် မျှော်လင့်ထားသည့်အတိုင်းပင် ချူးဧကရာဇ်သည် သူ့ကို လက်အောက်ခံအဖြစ် သိမ်းသွင်းမည့် အကြံကို တစ်ဖက်လူက စွန့်လွှတ်လိုက်ပြီဟု ထင်မှတ်သွားကာ သေဘေးမှနေ၍ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို ဆုပ်ကိုင်နိုင်ရန်အတွက် အခြားအရာများကို ဂရုမစိုက်တော့ဘဲ သူ၏စွမ်းအားအပြည့်ကို ခုခံရန် ထုတ်သုံးလိုက်လေတော့သည်။
ကုချန်ကမူ အလွန် စိတ်ရှည်သော မုဆိုးတစ်ယောက်ကဲ့သို့ ချူးဧကရာဇ်၏ အင်အားများ ကုန်ခမ်းသွားမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်လေသည်။
ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာကို အောင်မြင်စွာ အသုံးပြုနိုင်ရန်အတွက် ရန်သူက အင်အားနည်းလေလေ အောင်မြင်နိုင်ခြေက ပိုများလေလေ ဖြစ်သည်။
ထို့ကြောင့် ချူးဧကရာဇ်၏ စွမ်းအားများကို လုံးဝ ကုန်ခမ်းသွားစေရန် သူ သေချာလုပ်ရမည်ဖြစ်ပြီး ချူးဧကရာဇ် ခုခံနိုင်စွမ်း မရှိတော့သည့်အချိန်ကျမှသာ ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာကို တစ်ချက်တည်း အသုံးပြုကာ သူ့ကို အပြည့်အဝ အညံ့ခံလာစေရန် ပြုလုပ်ရမည် ဖြစ်သည်။
အကယ်၍ ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာသည် ပထမအကြိမ်တွင် ကျရှုံးသွားပါက ဒုတိယအကြိမ်တွင် ထိုနည်းလမ်းကို ထပ်မံအသုံးပြုရန် ခက်ခဲသွားပေလိမ့်မည်။ ချူးဧကရာဇ်သည် သေချာပေါက် သတိထားနေမည်ဖြစ်၍ သူ ခုခံနိုင်စွမ်း မရှိတော့ကြောင်း သိသွားပါက ပြတ်ပြတ်သားသား ကိုယ်တိုင် ဖောက်ခွဲပစ်ရန်ပင် ရွေးချယ်သွားနိုင်လေသည်။
ထို့ကြောင့် သူ မလှုပ်ရှားမီတွင် အောင်မြင်နိုင်ခြေ အမြင့်ဆုံးဖြစ်နေရန် ကုချန် သေချာ လုပ်ရပေမည်။
အချိန်များသည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားခဲ့၏။
ချူးဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ တဖြည်းဖြည်း အားနည်းလာခဲ့လေသည်။
၎င်းမှာ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး၏ စွမ်းအားများ လုံးဝ လောင်ကျွမ်းကုန်ခမ်းတော့မည့် လက္ခဏာပင် ဖြစ်သည်။
ချူးဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး၏ စွမ်းအားများ လုံးဝ ကုန်ခမ်းသွားရန် အချိန်ကြာမည်မဟုတ်တော့ပေ။ ထိုအချိန်သည် ချူးဧကရာဇ် အားအနည်းဆုံး အချိန်ဖြစ်ပေလိမ့်မည်။
သို့သော် အလွန်တရာ အားနည်းနေပြီး မျှော်လင့်ချက် မရှိတော့ကြောင်း သိသွားသော ချူးဧကရာဇ်သည် ကိုယ်တိုင် ဖောက်ခွဲပစ်နိုင်သောကြောင့် ကုချန်သည် ထိုအချိန်ရောက်သည်အထိ စောင့်ဆိုင်းရန် မရည်ရွယ်ခဲ့ချေ။
ထို့ကြောင့် နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကြီး၏ စွမ်းအားများ လုံးဝနီးပါး လောင်ကျွမ်းကုန်ခမ်းသွားသော်လည်း အပြည့်အဝ မပျောက်ကွယ်သွားသေးသည့် အချိန်တွင် ကုချန်၏ မျက်လုံးများ၌ အလင်းရောင်တစ်ခု တောက်ပသွားခဲ့၏။
အခုပဲ!
ကုချန်၏နတ်ဘုရားစိတ်အာရုံသည် အနည်းငယ် လှုပ်ရှားသွားလျက် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာမှာ တိတ်ဆိတ်စွာ စတင်လည်ပတ်သွားကာ ချူးဧကရာဇ်ကို လုံးဝ သိမ်းသွင်းရန် ရည်ရွယ်လိုက်လေသည်။