အခန်း ၅၅၇
Vol. 40 Ch. 557
အခန်း ( ၅၅၇ ) - ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၊ နတ်ဘုရားစိတ်အာရုံကို ပစ်မှတ်ထားခြင်း၊ စတင်သိမ်းသွင်းခြင်း
ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ စတင်လည်ပတ်လာသည်နှင့်အမျှ ကုချန်၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာမှ ခမ်းနားကြီးကျယ်၍ အမြင့်မြတ်ဆုံး ဖြစ်သော နတ်ဘုရားအက္ခရာများသည် တစ်ခုပြီးတစ်ခု ကောင်းကင်ယံသို့ ပျံတက်သွားကြလေသည်။
နတ်ဘုရားအက္ခရာ တစ်ခုစီတိုင်းသည် တောက်ပနေသော နေမင်းကြီးတစ်ခုကဲ့သို့ လင်းလက်တောက်ပနေသော အလင်းရောင်များကို ထုတ်လွှတ်နေကြ၏။
ထိုနတ်ဘုရားအက္ခရာများထံမှ ဆက်တိုက် ထွက်ပေါ်လာသော ရွတ်ဆိုသံများနှင့် ကြည်ညိုရိုသေစွာ ရှိခိုးပူဇော်သံများကိုပင် ခပ်ရေးရေး ကြားနေရလေသည်။
ကုချန်သည် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာကို လည်ပတ်လိုက်သည်နှင့်အမျှ ထိုနတ်ဘုရားအက္ခရာများသည် လျှို့ဝှက်ဆန်းကြယ်စွာ ပေါင်းစပ်လာကြ၏။
နောက်ဆုံးတွင် ၎င်းတို့သည် သက်ဝင်လှုပ်ရှားနေသော နဂါးငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ထိုနေရာတွင် ရစ်ခွေ ကခုန်နေလေသည်။
" သွားစမ်း! "
ကုချန်၏ နတ်ဘုရားစိတ်အာရုံမှ အတွေးတစ်ခုနှင့်အတူ ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာဖြင့် ဖွဲ့စည်းထားသော နဂါးငယ်လေးသည် ကျယ်ပြောလှသော အသိစိတ်ပင်လယ်ကို လျင်မြန်စွာ ဖြတ်သန်းသွားကာ ချူးဧကရာဇ်၏ ဖယောင်းတိုင်တာအို ကောင်းကင်တိုင်ထဲသို့ တိုက်ရိုက် ထိုးဆင်းသွားလေသည်။
ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၏ အသုံးချမှုမှာ အလွန်တရာ နက်နဲလှပေသည်။
၎င်း ထိုတာအို ကောင်းကင်တိုင်အတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ချူးဧကရာဇ်၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားနိုင်ကာ သူ့ကို သိမ်းသွင်းနိုင်မည် ဖြစ်သည်။
" အဲဒါ ဘာလဲ?! "
ချူးဧကရာဇ်၌ သံသယနှင့် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်မှာ သူ ဖန်တီးထားသော ဖယောင်းတိုင် တာအို ကောင်းကင်တိုင်အတွင်းသို့ တစ်စုံတစ်ခု ဝင်ရောက်လာသည်ကို သူ အာရုံခံလိုက်မိပုံရလေသည်။
ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာဖြင့် ဖွဲ့စည်းထားသော နဂါးငယ်လေးမှာ အလွန်တရာ မြန်ဆန်လွန်းသဖြင့် ချူးဧကရာဇ်တွင် တုံ့ပြန်ရန် အခွင့်အရေးပင် မရခဲ့ချေ။
တစ်ချိန်တည်းမှာပင် မရေရာသော နိမိတ်ဆိုးတစ်ခု သူ၏နှလုံးသားထဲတွင် ပေါ်ထွက်လာခဲ့၏။
၎င်းသည် ဧကရာဇ်တစ်ပါး၏ အလိုအလျောက် သိသော ကြိုတင်နိမိတ်ပင် ဖြစ်လေသည်။
ဖယောင်းတိုင်တာအို ကောင်းကင်တိုင်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာသော ထိုအမည်မသိ အရာသည် သူ့အတွက် အလွန်တရာ ဆိုးရွားသော ရလဒ်တစ်ခုကို ယူဆောင်လာပေးမည်ဟု ခံစားလိုက်ရလေသည်။
ချူးဧကရာဇ်သည် စုံစမ်းရန်အတွက် သူ၏ နတ်ဘုရားစိတ်အာရုံကို အလျင်အမြန် ရွှေ့လျားလိုက်၏။
သို့သော် သူ၏ နတ်ဘုရားစိတ်အာရုံသည် တာအို ကောင်းကင်တိုင်အတွင်းသို့ မထိုးဖောက်နိုင်မီမှာပင် သူ၏ အသိစိတ်ပင်လယ်အတွင်း၌ တောက်ပနေသော နဂါးငယ်လေးတစ်ကောင် ပေါ်ထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရလေသည်။
" ဟင်?! "
ဤနဂါးငယ်လေးသည် သူ၏ အသိစိတ်ပင်လယ်အတွင်း၌ မည်သို့ ပေါ်လာရသည်ကို နားမလည်နိုင်ဖြစ်ကာ ချူးဧကရာဇ်မှာ မှင်တက်သွားခဲ့၏။
ထို့နောက် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာဖြင့် ဖွဲ့စည်းထားသော နဂါးငယ်လေးသည် သွေးနံ့ရနေသော ငမန်းတစ်ကောင်ကဲ့သို့ သူ၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာသို့ ပြင်းထန်စွာ ပျံသန်းသွားသည်ကို သူ မြင်လိုက်ရလေသည်။
" အဲဒါ ဘာလဲ... ထွက်သွားစမ်း! "
ချူးဧကရာဇ်မှာ အံ့ဩတုန်လှုပ်သွားကာ အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ဘယ်ကနေဘယ်လို ပေါ်လာမှန်းမသိသော ဤလျှို့ဝှက်ဆန်းကြယ်သည့် နဂါးငယ်လေးကို ချက်ချင်း ဖျက်ဆီးပစ်ရန် ကြီးမားလှသော နတ်ဘုရားစိတ်အာရုံတစ်ခုကို အလျင်အမြန် ဖြန့်ကြက်လိုက်လေသည်။
ဧကရာဇ်တစ်ပါး၏ နတ်ဘုရားစိတ်အာရုံသည် အဆုံးအစမရှိသော စွမ်းအားများဖြင့် လှဲကျင်းသွားသည်မှာ အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် ချက်ချင်း သေဆုံးသွားနိုင်ပေသည်။
သို့သော် မမျှော်လင့်ထားသော၊ ကျောချမ်းဖွယ်ပင် ကောင်းသော အဖြစ်အပျက်တစ်ခု ချူးဧကရာဇ်အပေါ် ကျရောက်လာခဲ့လေသည်။
သူ၏ နတ်ဘုရားစိတ်အာရုံသည် လျှို့ဝှက်ဆန်းကြယ်သော နဂါးငယ်လေးကို ဖြတ်သန်းသွားသောအခါ နဂါးငယ်လေးမှာ သက်ရောက်မှုရှိသည့် လက္ခဏာ တစ်စုံတစ်ရာမျှ မပြသရုံသာမက ပို၍ပင် စိတ်လှုပ်ရှားလာကာ သူ၏ခန္ဓာကိုယ်မှာ ယိမ်းခါသွားပြီး သူထုတ်လွှတ်လိုက်သော နတ်ဘုရားစိတ်အာရုံပေါ်တွင် လာရောက်ကပ်တွယ်မည့် တာအိုအက္ခရာ အမြောက်အမြားကို ထုတ်လွှတ်လိုက်လေသည်။
တာအိုအက္ခရာများသည် နတ်ဘုရားစိတ်အာရုံပေါ်သို့ ကပ်တွယ်သွားသည်နှင့်တစ်ပြိုင်နက် အရိုးပေါ်မှ လောက်ကောင်များကဲ့သို့ ၎င်းနှင့် ချက်ချင်း ပေါင်းစပ်သွားကြ၏။
ဤအရာအားလုံး ဖြစ်ပျက်ပြီးနောက် ထိုနတ်ဘုရားစိတ်အာရုံ အစိတ်အပိုင်းနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်းကို ချူးဧကရာဇ် အမှန်တကယ်ပင် ခံစားလိုက်ရလေသည်။
ဒါ ဘာဖြစ်သွားတာလဲ?!
သူနှင့် အဆက်အသွယ် ပြတ်တောက်သွားသော်လည်း တည်ရှိနေဆဲဖြစ်သော သူ၏ နတ်ဘုရားစိတ်အာရုံ အစိတ်အပိုင်းကို ကြည့်လျက် ချူးဧကရာဇ်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့၏။
သူ ထုတ်လွှတ်လိုက်သော နတ်ဘုရားစိတ်အာရုံသည် ဖျက်ဆီးခံလိုက်ရခြင်း မဟုတ်ဘဲ ဝါးမျိုခံလိုက်ရကာ ယဉ်ပါးသွားပြီး သူ၏ ထိန်းချုပ်မှုမှ ရုန်းထွက်သွားခြင်း ဖြစ်ကြောင်းကို သူ ဝိုးတဝါး ခံစားသိရှိနိုင်ခဲ့လေသည်။
အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ နဂါးငယ်လေးက တကယ်ပဲ ဘာလဲ။ အဲဒါက ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းရည်မျိုး ရှိနေရတာလဲ။
ချူးဧကရာဇ်မှာ သတိမဝင်သေးသော်လည်း ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာဖြင့် ဖွဲ့စည်းထားသော နဂါးငယ်လေးမှာမူ သူ့ကို တုံ့ပြန်ရန် အချိန်ပေးမည့် ရည်ရွယ်ချက် မရှိပုံပေါ်လေသည်။
နဂါးငယ်လေး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောက်ပလာလျက် ချူးဧကရာဇ်၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာသို့ လျင်မြန်စွာ ပျံသန်းသွားလေ၏။ ထို့နောက် မရေမတွက်နိုင်သော တာအိုအက္ခရာများ ပြန့်ကျဲထွက်ပေါ်လာကာ ချူးဧကရာဇ်၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာ အရပ်မျက်နှာ အားလုံးဆီသို့ ပစ်လွှတ်သွားလေသည်။
ဤမြင်ကွင်းကြောင့် ချူးဧကရာဇ်မှာ ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားခဲ့၏။
သူ၏ ကိုယ်ပိုင် နတ်ဘုရားစိတ်အာရုံသည် သူနှင့် အဆက်အသွယ် အတင်းအကျပ် ဖြတ်တောက်ခံလိုက်ရပြီး တစ်ဖက်လူ၏ သိမ်းသွင်းခြင်း ခံလိုက်ရသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ယခု တာအိုအက္ခရာ အများအပြား ထွက်ပေါ်လာပြီဖြစ်ရာ ၎င်းတို့သည် သူ၏ အသိစိတ်ပင်လယ်နှင့် နတ်ဘုရားစိတ်အာရုံ အားလုံးကို ဝါးမျိုသွားမည် မဟုတ်ပါလော။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့မည်ဆိုလျှင် သူသည် သူကိုယ်တိုင် ဟုတ်ပါဦးမည်လော။
ဤသည်ကို တွေးမိသောအခါ ချူးဧကရာဇ်သည် ထိတ်လန့်သွားကာ လျှို့ဝှက်ဆန်းကြယ်သော နဂါးငယ်လေးမှ ထုတ်လွှတ်လိုက်သည့် မရေမတွက်နိုင်သော တာအိုအက္ခရာများ၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် သူ၏စွမ်းအားကို အလျင်အမြန် စုစည်းလိုက်လေသည်။
သို့သော် ထိုအခိုက်၌ သူ အံ့ဩ ကြောက်လန့်သွားရ၏။ သူ တွေ့ရှိလိုက်ရသည်က သူ၏ နတ်ဘုရားဝိညာဉ်မှ ထုတ်လွှတ်လိုက်သော မည်သည့် တိုက်ခိုက်မှုမဆို ထိုနဂါးငယ်လေးနှင့် ၎င်းမှ ထုတ်လွှတ်သော တာအိုအက္ခရာများကို ရင်ဆိုင်ရာတွင် လုံးဝ အသုံးမဝင်ခဲ့ခြင်းပင် ဖြစ်လေသည်။
နောက်ဆုံးတွင် ချူးဧကရာဇ်သည် ထိုတာအိုအက္ခရာများ သူ၏ အသိစိတ်ပင်လယ် နေရာအနှံ့အပြားသို့ ကျဆင်းသွားကာ သူ၏ နတ်ဘုရားစိတ်အာရုံ အားလုံးကို လွှမ်းခြုံသွားသည်ကိုသာ ဘာမျှမတတ်နိုင်ဘဲ ကြည့်နေနိုင်တော့သည်။
" ငါအရှင်ကို မင်း ဘာလုပ်လိုက်တာလဲ?! "
ချူးဧကရာဇ်သည် သူ၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာမှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ပြင်းထန်သော စိုးရိမ်ပူပန်မှု တစ်ခု သူ၏အတွင်း၌ ဆူပွက်လာခဲ့၏။ ထိုလျှို့ဝှက်ဆန်းကြယ်သော နဂါးငယ်လေးသည် မည်သည့်နေရာမှ ရောက်လာမှန်း သူ မသိသော်လည်း ၎င်းမှာ ကုချန် အသုံးပြုလိုက်သော နည်းလမ်းတစ်ခုခုသာ ဖြစ်ရမည်ဟု သူ ခန့်မှန်းနိုင်လေသည်။
သို့သော် ဤနည်းလမ်းက တကယ်တမ်း ဘာလုပ်သည်ကိုတော့ လောလောဆယ်တွင် သူ မသိသေးချေ။
" အောင်မြင်သွားပြီ! "
ချူးဧကရာဇ်သည် သံသယနှင့် ထိတ်လန့်မှုများဖြင့် ဟိန်းဟောက်နေစဉ်မှာပင် ကုချန်၏ မျက်နှာပေါ်တွင် အောင်ပွဲခံသော အပြုံးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
အဘယ်ကြောင့်ဆိုသော် ယခုလေးတင် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ၏ စွမ်းအားသည် ချူးဧကရာဇ်၏ အသိစိတ်ပင်လယ်အတွင်းသို့ လုံးဝ ဝင်ရောက်သွားခဲ့ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို တင်းကျပ်စွာ လွှမ်းခြုံသွားခဲ့ပြီ သူ ခံစားလိုက်ရသောကြောင့်ပင်။
၎င်းမှာ ပင်လယ်ထဲသို့ ပိုက်ကွန်ချကာ ငါးဖမ်းလိုက်သကဲ့သို့ပင် ဖြစ်သည်။ ယခု ကုချန် လုပ်ရန်လိုသည်မှာ ပိုက်ကွန်ကို ပြန်ဆွဲတင်ရန်သာ ဖြစ်တော့သည်။
" ချူးဧကရာဇ်... အညံ့ခံလိုက်စမ်း! "
ကုချန်၏ နတ်ဘုရားစိတ်အာရုံမှာ တည်ငြိမ်သွားပြီးနောက် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာဖြင့် ယက်လုပ်ထားသော ပိုက်ကွန်ကြီးသည် ချက်ချင်း ပိတ်သွားလေတော့သည်။
" ငါအရှင်ကို အညံ့ခံစေချင်တာလား... မင်း အိပ်မက်မက်နေလိုက် "
ချူးဧကရာဇ်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
သူက ကုချန်ကို ဘယ်လိုလုပ်ပြီး အညံ့ခံနိုင်မှာလဲ။ ဒါက လုံးဝကို စိတ်ကူးယဉ်နေတာပဲ။
သို့သော် 'မက်' ဆိုသည့် စကားလုံးကို သူ မပြောနိုင်မီမှာပင် ခမ်းနားကြီးကျယ်သော အသံကြီးတစ်ခုက သူ၏ နတ်ဘုရားဝိညာဉ်အတွင်း၌ ရုတ်တရက် ပဲ့တင်ထပ်သွားသကဲ့သို့ သူ ချက်ချင်း ခံစားလိုက်ရလေသည်။
အညံ့ခံလိုက်! အညံ့ခံလိုက်!
ထိုအသံသည် ဖော်ပြ၍မရနိုင်သော မှော်ပညာတစ်ခုကို ပိုင်ဆိုင်ထားပုံရကာ ချူးဧကရာဇ်အား နာခံလိုစိတ်၊ ကုချန်၏ ခြေရင်းတွင် ဒူးထောက်ကာ အညံ့ခံလိုစိတ်ကိုသာ ဖြစ်ပေါ်လာစေခဲ့သည်။
" ဟင့်အင်း... ဒါ မဖြစ်နိုင်ဘူး! မင်း ဘာမှော်ပညာတွေ သုံးထားတာလဲ?! "
ချူးဧကရာဇ်မှာ ထိတ်လန့်သွားခဲ့၏။
ဤသည်မှာ ဤကဲ့သို့သော ကြောက်ရွံ့မှုကို သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုခံစားချက်က သူသည် သူ၏ ကိုယ်ပိုင် နတ်ဘုရားဝိညာဉ်နှင့် ခန္ဓာကိုယ်၏ သခင် မဟုတ်တော့ဘဲ အစားထိုးခံရတော့မည့်အလား၊ ထိုပုန်းကွယ်နေသော ဆန္ဒအတိုင်းသာ ပြုမူနိုင်တော့မည့်အလား ခံစားနေရသောကြောင့်ပင်!
ချူးဧကရာဇ်သည် ထိုအရာကို လက်မခံနိုင်ခဲ့ချေ။ သူ၏ စွမ်းအားကြီးမားလှသော နတ်ဘုရားစိတ်အာရုံသည် သူ၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာ တစ်ခွင်သို့ အကြိမ်ကြိမ် လှဲကျင်းသွားကာ ဤလွှမ်းမိုးမှုကို အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားလေသည်။
သို့သော် ဤအရာအားလုံးမှာ အလကားပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာမှ ထုတ်လွှတ်လိုက်သော စွမ်းအားများသည် ချူးဧကရာဇ်၏ နတ်ဘုရားစိတ်အာရုံနှင့် ပေါင်းစပ်သွားခဲ့ပြီဖြစ်ရာ သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုလျှင်ပင် သူ ဘာရှာတွေ့နိုင်မည်နည်း။
" အညံ့ခံလိုက်! အညံ့ခံလိုက်! "
ခမ်းနားကြီးကျယ်သော အတွေး၏အသံမှာ ပိုမို အားကောင်းလာကာ ပို၍ ခုခံရန် ခက်ခဲလာခဲ့၏။
ချူးဧကရာဇ်၏ မျက်လုံးများတွင် ရုန်းကန်နေသည့် အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့လေသည်။
ဤအရာအားလုံးမှာ ကုချန် အသုံးပြုထားသော မှော်ပညာတစ်ခုသာဖြစ်၏။ သူသည် လွှမ်းမိုးခြင်း ခံနေရကာ ၎င်းကို လုံးဝ အရှုံးမပေးနိုင်ကြောင်း သူ၏ ကိုယ်ပိုင်အသိဉာဏ်မှ သူ့ကို ပြောနေလေသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ၏ ရည်ရွယ်ချက်မှာ ကုချန်၏ ကျေးကျွန်တစ်ဦး ဖြစ်လာရန်၊ ကုချန်ကို အညံ့ခံရန်နှင့် ကုချန်၏ လက်အောက်ခံလုပ်ရန် ဖြစ်ကြောင်း ဤသည်မှာ သူ၏ အမြင့်မြတ်ဆုံး ဂုဏ်ကျက်သရေဖြစ်ကြောင်း အခြားအသံတစ်ခုက သူ့ကို အဆက်မပြတ် ပြောဆိုနေလေသည်။