အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်း (၁၄၁)
ကျန်းယီသန့်စင်နယ်မြေ
စိတ်ဝိညာဉ်တောင်ထိပ်တွင် မုန့်မိသားစုဝင် အများအပြား ရှိနေကြသည်။
၎င်းတို့၏ ကျင့်ကြံရေးအဆင့်များက သာမန်မျှသာ ဖြစ်သော်လည်း ဖြတ်သန်းသွားလာနေသည့် တပည့်များ ၎င်းတို့ကို များစွာ လေးစားသမှု ပြသကြသည်။
အကြောင်းမှာ ၎င်းတို့သည် ထိုက်ရွှမ်းဂိုဏ်း၏ အသစ်ခန့်အပ်လိုက်သော ဂိုဏ်းချုပ်ငယ် မုန့်ချန်ချင်း၏ ဆွေမျိုးသားချင်းများ ဖြစ်နေကြသောကြောင့် ဖြစ်သည်။
“ငါ တစ်နေ့ ဒီလိုနေရာမျိုးမှာ မတ်တတ်ရပ်ခွင့်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး...”
မုန့်မိသားစုဝင်တစ်ဦး ဝှေ့သီလှိုက်လှဲနေသော တိမ်ပင်လယ်ကြီးနှင့် ခန့်ညားထည်ဝါလှသည့် ရှုခင်းများကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ငါတို့ကော ထိုက်ရွှမ်းဂိုဏ်းမှာ ကျင့်ကြံခွင့် ရှိလောက်မလား...”
အခြားတစ်ဦးက မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းလိုက်သည်။
“မေ့လိုက်စမ်းပါ... မင်းရဲ့ အရည်အချင်းကိုလည်း ပြန်ကြည့်ဦး... ဂိုဏ်းချုပ်ငယ်ကို သွားပြီး ဒုက္ခမပေးစမ်းပါနဲ့... အပြင်စည်းမှာ တစ်သက်လုံးအရှက်တကွဲနဲ့ အဆုံးသတ်နေမယ်..."
တစ်စုံတစ်ဦးက ပြန်ပြောလိုက်သည်။
“ဟုတ်တယ်...”
မျှော်လင့်ချက်ရှိနေသူ နောင်တရစွာ ခေါင်းညိတ်လိုက်သည်။
မုန့်မိသားစုထဲတွင် ဂိုဏ်းချုပ်ငယ်တစ်ဦးတည်းသာ ထူးချွန်ထက်မြက်ခြင်း ဖြစ်သည်။
ကျန်ရှိသူများမှာမူ တော်တော်လေးကို သာမန်မျှသာ ဖြစ်ကြသည်။
မုန့်မိသားစု၏ အကြီးအကဲများက ဤအရာကို ကြားရသောအခါ လေးနက်စွာ တွေးတောမိသွားကြသည်။
၎င်းတို့သည်လည်း ထိုကဲ့သို့သော မျှော်လင့်ချက်မျိုး ရှိခဲ့ကြသည်။
အကြောင်းမှာ ထိုက်ရွှမ်းဂိုဏ်းတွင် ကျင့်ကြံရခြင်းက မိသားစုအတွင်းမှာထက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ဂိုဏ်းချုပ်ငယ်၏ ရာထူးအသစ်ကို အသုံးချပြီး ကိုယ်ကျိုးရှာရန်မှာ မသင့်တော်ပေ။
အထူးသဖြင့် ၎င်းတို့၏ အရည်အချင်းများက လိုအပ်ချက်ရှိနေချိန်တွင် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ နောက်မျိုးဆက်များတွင်မူ ပါရမီရှင်အချို့ ထွက်ပေါ်လာနိုင်ပေသည်။
ဂုဟုန်ယွီ မလှမ်းမကမ်းတွင် မတ်တတ်ရပ်ရင်း အတွေးကမ္ဘာထဲ နစ်မြုပ်နေခဲ့သည်။
လက်ရှိဘဝက အိမ်မက်တစ်ခုလို ခံစားနေရသည်။
မုန့်ချန်ချင်း၌ ဤကဲ့သို့စွမ်းအားရှိပြီး ပထမအဆင့်ဂိုဏ်းကြီး၏ ဂိုဏ်းချုပ်ငယ်ဖြစ်လာမည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
အသက်နှစ်ဆယ်မျှဖြင့် သူသည် ဒဏ္ဍာရီလာ အထွတ်အထိပ် ဓားရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားခဲ့သည်။
“နင် ငါ့ထက်ပိုထိခိုက်ခဲ့တာ ငါမှတ်မိပါသေးတယ်... ချန်ချင်းလည်း နင့်ဆီက ဘာအမွေမှမရခဲ့ဘူးလေ... ဒါကို ဘယ်လိုဖြစ်လို့...”
ဂုဟုန်ယွီ နားလည်ရခက်နေပြီး ၎င်းကို မုန့်ချန်ချင်း၏ ကိုယ်ပိုင်အခွင့်အလမ်းများကြောင့်ဟုသာ သတ်မှတ်လိုက်တော့သည်။
ကျင့်ကြံရေးလောကတွင် ကံတရားဆိုသည်မှာ မျက်စိဖြင့် မမြင်နိုင်သော်လည်း အလွန်အရေးကြီးပေသည်။
ကြီးမြတ်သော ပုဂ္ဂိုလ်အများအပြားသည် ထိုကဲ့သို့သော ကံကောင်းမှုများကြောင့် သာမန်ဘဝမှ ရုန်းထွက်ကာ ထက်မြက်လာခဲ့ကြခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်ငယ်...”
ရုတ်တရက် မိသားစုထဲမှ စိတ်လှုပ်ရှားနေသော အသံတစ်ခုက သူမကို လက်တွေ့ဘဝထဲသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
လှည့်ကြည့်လိုက်သည့်အခါ မုန့်ချန်ချင်း သူမတို့ထံသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။
သူ၏ ခြေလှမ်းတိုင်းက နေရောင်ခြည်အောက်တွင် ရောင်ပြန်ဟပ်နေပြီး တောက်ပကာ သန့်စင်မွန်မြတ်လှသည့်အလား ထင်ရပေသည်။
“ဂိုဏ်းချုပ်ငယ်...”
အကြီးအကဲများအပါအဝင် မိသားစုဝင်အားလုံး ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
“ဒီလိုမျိုးတွေ လုပ်ဖို့ မလိုပါဘူး... အထူးသဖြင့် အကြီးအကဲတို့ပေါ့...”
မုန့်ချန်ချင်းက ပြုံးလျက် ရှေ့ဆုံးမှ အကြီးအကဲကို တွဲထူပေးလိုက်သည်။
ဤအကြီးအကဲမှာ သူ၏ တတိယမြောက်အဘိုးဖြစ်ပြီး မုန့်မိသားစုတွင် အဆင့်အတန်း အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ငယ်...”
တတိယအဘိုး ဝမ်းသာမျက်ရည်များဖြင့် မုန့်ချန်ချင်း၏ လက်ကို ပုတ်လျက် ပြောလိုက်သည်။
“ငါတို့ရဲ့ ဘိုးဘေးတွေသာ ဒီနေ့ကို မြင်ရင် အတိုင်းထက်အလွန် ဂုဏ်ယူနေကြမှာ...”
“ပွဲတော်ရက်တွေမှာ ကျွန်တော့်အတွက် အမွှေးတိုင်လေး ထွန်းပေးကြပါဦး... ကျွန်တော့်က ကျင့်ကြံရေးနဲ့ မကြာခဏ အဝေး ရောက်နေတတ်လို့ပါ...”
မုန့်ချန်ချင်းက ပြုံးလျက် တောင်းဆိုလိုက်သည်။
“ဒါပေါ့... ဒါပေါ့...”
တတိယအဘိုးက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
သူက မုန့်ချန်ချင်းကို အလွန်အမင်းလေးစားစွာ ဆက်ဆံနေပြီး သူ့ကို အစွမ်းထက်ကျင့်ကြံသူတစ်ဦးနှင့် ထိုက်ရွှမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်အဖြစ် အသိအမှတ်ပြုထားသည်။
မုန့်ချန်ချင်း ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာရာ မိသားစုဝင်များ လမ်းဖယ်ပေးလိုက်ကြသည်။
အကြောင်းမှာ သူသည် သီးသန့်လူတစ်ဦးဖြစ်သော မိသားစုခေါင်းဆောင်ကို ရှာဖွေနေကြောင်း သိကြသောကြောင့် ဖြစ်သည်။
တတိယအဘိုး၏ အချက်ပြမှုနှင့်အတူ ၎င်းတို့အားလုံးက နောက်သို့ ဆုတ်ပေးလိုက်ကြသဖြင့် နေရာလွတ်တစ်ခု ဖြစ်သွားခဲ့သည်။
“ဒေါ်လေး...”
မုန့်ချန်ချင်းက ဂုဟုန်ယွီ မတ်တတ်ရပ်နေသောနေရာသို့ ချဉ်းကပ်ရင်း တိုးညင်းစွာ ခေါ်လိုက်သည်။
သူမ၏ သေးသွယ်သောခန္ဓာကိုယ်ကြောင့် သူ့ဘေးတွင်ရပ်နေချိန်၌ အရပ်အမောင်း ကွာခြားချက်က ထင်ရှားလှပေသည်။
နေရောင်ခြည်က သူ၏ အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကို ပိုမိုပေါ်လွင်စေသည်။
“မင်း တော်တော်လေး တိုးတက်လာတာပဲ, ကောင်လေး...”
ဂုဟုန်ယွီ ထုံးစံအတိုင်း သူ၏ရင်ဘတ်ကို ခပ်ဖွဖွ လက်သီးဖြင့် ထိုးရင်း ပြောလိုက်သည်။
“ဒါတွေအားလုံးက ဒေါ်လေးကြောင့်ပါပဲ... ကျွန်တော့်ရဲ့ အရာအားလုံးက ဒေါ်လေးကြောင့် ဖြစ်လာရတာပါ...”
မုန့်ချန်ချင်းက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။
“အနည်းဆုံးတော့ မင်းမှာ ကျေးဇူးသိတတ်စိတ်အချို့ ရှိသေးတာပဲ... အခု ငါ့ရဲ့ နောက်ပိုင်းနှစ်တွေအတွက် စိုးရိမ်နေဖို့ မလိုတော့ဘူး... မင်းကိုပဲ အားကိုးတော့မယ်...”
ဂုဟုန်ယွီ ဟာသလုပ်ပြီး သူမ၏ ဦးထုပ်ကို ချွတ်လိုက်ရာ အလွန်လှပသော မျက်နှာလေး ပေါ်ထွက်လာခဲ့သည်။
သူမ၏ ဆံနွယ်များက နူးညံ့သော လေပြင်းအောက်တွင် ဝေ့ဝဲနေပြီး နေရောင်ခြည်အောက်တွင် အတိုင်းထက်အလွန် လှပနေခဲ့သည်။
“မင်း ငါ့ရဲ့ အလှအပကြောင့် နောက််တစ်ကြိမ် မိန်းမောသွားပြန်ပြီမလား...”
ဂုဟုန်ယွီ မျက်ခုံးတစ်ဖက်ကို ပင့်လျက် စနောက်လိုက်ရာ ၎င်းတို့၏ အတိတ်က အမှတ်တရများကို ပြန်လည်သတိရလိုက်သည်။
“အမှန်ပဲ... ကျွန်တော် မြင်ဖူးသမျှ အမျိုးသမီးတွေထဲမှာ ဒေါ်လေးက ထိပ်ဆုံး သုံးယောက်ထဲမှာ ပါတယ်...”
မုန့်ချန်ချင်းက တည်ကြည်စွာ ပြောလိုက်သည်။
“ထိပ်ဆုံး သုံးယောက်?... မင်းမှာ အချစ်ရေး အတွေ့အကြုံတွေ အများကြီး ရှိခဲ့ပုံရတယ်...”
ဂုဟုန်ယွီ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။
“ငါ့တုန်းကဆိုရင် ငါက...”
သူမစကားရပ်တန့်သွားပြီး အမူအရာက ဝမ်းနည်းသွားခဲ့သည်။
“ဒေါ်လေး... ကျွန်တော့်အမေအကြောင်းကို အခု ပြောပြလို့ရပြီလား...”
မုန့်ချန်ချင်း ခဏမျှ တွေးတောပြီးနောက် မေးမြန်းလိုက်သည်။
“ဒါက မင်းထင်သလောက် မရှုပ်ထွေးပါဘူး... ခမ်းနားတဲ့အချစ်ဇာတ်လမ်းလည်းမဟုတ်ဘူး... သေမျိုးတွေ ကောင်းကင်ဆန့်ကျင်ပြီး ကျရှုံးသွားတဲ့ ပုံပြင်တစ်ပုဒ်ပါပဲ...”
ဂုဟုန်ယွီ အမှန်တရားကို ဆက်ပြီး ဖုံးကွယ်ထား၍ မရတော့မှန်း သိသဖြင့် သက်ပြင်းချလိုက်သည်။
“မင်း ကျန်းယီ သန့်စင်နယ်မြေကို သိလား...”
မုန့်ချန်ချင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ကျင့်ကြံရေးလောကတွင် သန့်စင်နယ်မြေများက အထွတ်အထိပ် ဖြစ်ကြပြီး ယနေ့ခေတ် ဂိုဏ်းအဆင့်မြှင့်တင်ခြင်း စံနှုန်းများကဲ့သို့သော နိယာမများနှင့် စံသတ်မှတ်ချက်အားလုံးကို ချမှတ်ပေးကြသည်။
သို့သော်လည်း သန့်စင်နယ်မြေများနှင့် ပတ်သက်၍ သူ၏အသိပညာက အကန့်အသတ် ရှိနေသေးသည်။
၎င်းတို့၏တည်ရှိမှုနှင့် လွမ်းမိုးနိုင်သည့်အာဏာရှိသည်ကိုသာ သိထားသည်။
“ကျန်းယီ သန့်စင်နယ်မြေက သန့်စင်နယ်မြေ လေးခုထဲမှာ ထိပ်ဆုံးပဲ... သူတို့က အလွန်အမင်း စိုးမိုးဗိုလ်ကျတတ်ပြီး သူတို့ကိုယ်သူတို့ မိုးကောင်းကင်ရဲ့ တရားဝင် အုပ်စိုးရှင်တွေလို့ ကြွေးကြော်ပြီး အမိန့်အာဏာအားလုံးကို သတ်မှတ်ကြတယ်... သူတို့ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ပုန်ကန်သူအဖြစ် သတ်မှတ်ခံရပြီး ပျက်သုဉ်းသွားရတာပဲ...”
ဂုဟုန်ယွီ ရှင်းပြလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားခဲ့သည်။
“မင်းရဲ့ အမေက ရှေးဟောင်းကလန်တစ်ခုဖြစ်တဲ့ လင်းလုံသန့်စင်နယ်မြေရဲ့ ထိပ်တန်းတပည့်တစ်ယောက်ပဲ... ဒါပေမဲ့ သူမက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို ကယ်တင်ခဲ့မိလို့ ကျန်းယီသန့်စင်နယ်မြေရဲ့ စီရင်ခြင်းကို ခံခဲ့ရတယ်... ပြီးတော့ နတ်ဆိုးတွေနဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲခံရပြီး ဂုဏ်သိက္ခာတွေ ပျက်ပြားခဲ့ရတယ်.... သူမက ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့ ဖိအားပေးခံခဲ့ရပြိး ဂိုဏ်းနဲ့ သူမကလန် နှစ်ခုလုံးကနေ ထုတ်ပယ်ခံခဲ့ရတယ်...."
ဂုဟုန်ယွီ ပြောလိုက်ပြီး သူမအသံက စိတ်ခံစားချက်ကြောင့် လေးလံနေခဲ့သည်။
“အဲ့လိုနဲ့ မရေမတွက်နိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကနေ လွတ်မြောက်လာခဲ့ပြီးနောက်မှာ သူမက ထျန်းစီရင်စုမှာ မင်းရဲ့ အဖေနဲ့ ဆုံတွေ့ခဲ့တယ်... ဒါပေမဲ့ မင်းကို မွေးဖွားပြီးတဲ့နောက်မှာတော့ ဒဏ်ရာတွေက အကျိုးသက်ရောက်မှု ရှိလာခဲ့တော့တာပဲ... နှစ်ယောက်လုံးက ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ကြတယ်...”
ဂုဟုန်ယွီ မုန့်ချန်ချင်းကို သူ၏ အတိတ်နှင့် ပတ်သက်၍ ပိုမိုရှင်းလင်းသော အခြေအနေကို ပြောပြလိုက်သည်။
“အဲ့ဒီလုပ်ကြံသတ်ဖြတ်မှုတွေကနေ လွတ်မြောက်လာခဲ့တော့ အဆုံးမရှိတဲ့ ကသောင်းကနင်းတွေလည်း သူမသေဆုံးမှုနဲ့အတူ အဆုံးသတ်သွားခဲ့တယ်...”
“ဇာတ်လမ်းကတော့ ဒါပဲ...”
ဂုဟုန်ယွီ နိဂုံးချုပ်လိုက်ရင်း မုန့်ချန်ချင်း၏ ပုခုံးကို ပုတ်လိုက်သည်။
“လင်းလုံးသန့်စင်နယ်မြေက သူတို့ရဲ့ တပည့်တစ်ယောက် ပျက်စီးသွားတာကို ဒီအတိုင်းပဲ ကြည့်နေခဲ့တာလား...”
မုန့်ချန်ချင်းက တည်ငြိမ်နေပုံရသော်လည်း အနည်းငယ် အေးစက်ခဲ့သည်။
“ကျန်းယီ သန့်စင်နယ်မြေက ပြိုင်ဘက်ကင်းတယ်... အခြားသန့်စင်နယ်မြေတွေတောင် မယှဉ်နိုင်ဘူး... ဒါ့ပြင် အဲ့တုန်းက လင်းလုံးသန့်စင်နယ်မြေက ကြီးမားတဲ့ အကျပ်အတည်းတစ်ခုနဲ့ ကြုံတွေ့နေရလို့ ဝင်ရောက်စွက်ဖက်ဖို့ ခွန်အား မရှိခဲ့ဘူး... သူမရဲ့ ရှေးဟောင်းကလန်ကတော့ ကျန်းယီ သန့်စင်နယ်မြေကို မဆန့်ကျင်ရဲကြဘူး...”
ဂုဟုန်ယွီ ရှင်းပြရင်း ခေါင်းကို ခါယမ်းလိုက်သည်။
“ငါကတော့ မင်းကို ကလဲ့စားချေဖို့ အတွေးတွေကို စွန့်လွှတ်လိုက်ဖို့ အကြံပြုချင်တယ်... အေးချမ်းတဲ့ ဘဝမှာ ရှင်သန်ပြီး မင်းရဲ့ ကျင့်ကြံရေးကိုပဲ အာရုံစိုက်ပါ...”
ထိုသို့ ပြောပြီးနောက် ဂုဟုန်ယွီ ထွက်ခွာသွားခဲ့သည်။
သို့သော် မထွက်ခွာမီ မုန့်ချန်ချင်းထံသို့ တိုကင်ပြားတစ်ခု ကမ်းပေးခဲ့သည်။
“ဒါက မင်းအမေရဲ့ ပစ္စည်းပဲ... တစ်နေ့နေ့မှာ အသုံးဝင်လာနိုင်တယ်...”
သူမ ထွက်ခွာသွားချိန်တွင် မုန့်ချန်ချင်း အသက်ပြင်းပြင်းရှူလိုက်ပြီး အချက်အလက်အသစ်များကို သုံးသပ်နေခဲ့သည်။
သူသည် သူ၏ မျိုးရိုးနောက်ခံနှင့် ပတ်သက်၍ တွေးတောခဲ့ဖူးသော်လည်း လက်တွေ့ဘဝက သူစိတ်ကူးထားတာထက် များစွာကျော်လွန်နေခဲ့သည်။
သန့်စင်နယ်မြေများဆိုသည်မှာ ဒဏ္ဍာရီလာများ ဖြစ်ကြပြီး သူ၏အမေနှင့် ဒေါ်လေးတို့သည် တစ်ချိန်က ထိုကဲ့သို့သော နေရာမျိုး၏ တပည့်များ ဖြစ်ခဲ့ကြသည်။
ဂုဟုန်ယွီ ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း မုန့်ချန်ချင်းအတွက်မူ မိဘများကို တစ်ခါမျှ မတွေ့ဖူးခဲ့သဖြင့် အပြည့်အဝခံစားကြည့်ရန် ခက်ခဲလှပေသည်။
သံယောဇဉ်ခံစားချက်များက မှိန်ဖျော့ပြီး အတွေ့အကြုံထက် သွေးမျိုးဆက် ခံစားချက်ကြောင့်သာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“တချို့အချိန်တွေမှာ မင်းက ပြဿနာမရှာရင်တောင် ပြဿနာက မင်းဆီ ရောက်လာတတ်တာပဲ...”
မုန့်ချန်ချင်းက တိုးညင်းစွာ ရေရွတ်လိုက်သည်။
သူသည် သန့်စင်နယ်မြေကို ရန်စလိုစိတ် မရှိသော်လည်း အနာဂတ်တွင် ဖြစ်လာနိုင်သော ပဋိပက္ခများအတွက် ကြိုတင်ပြင်ဆင်ခြင်းကိုမူ ရှောင်လွှဲ၍ မရနိုင်ချေ။
“ငါ ဆက်ကျင့်ကြံရမယ်...”
သူ၏ လေးလံမှုတွေကို ပျောက်ကွယ်စေလိုက်ရင်း ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် သူ၏ ကံကြမ္မာကို မရေရာသော အနာဂတ်တစ်ခုဆီသို့ ပစ်မထားလိုချေ။
ရှေ့တွင် မည်သည့်အရာ ရှိနေပါစေ, မိမိကိုယ်ကိုယ်နှင့် ဂရုစိုက်ရသူများကို ကာကွယ်နိုင်ရန် လုံလောက်စွာ သန်မာလာဖို့ လိုအပ်ပေသည်။
အခန်း (၁၄၂)
ကောင်းကင်အဆင့် ကျင့်စဥ်၊ ဂိုဏ်းချုပ်၏ဆရာထံတွင် တပည့်ခံခြင်းနှင့် ဂျူနီယာညီလေးမှ သိုင်းပညာဦးလေးမုန့် ဖြစ်လာခြင်း
ဝိညာဥ်တောင်ထိပ်မှ ထွက်ခွာလာပြီးနောက် မုန့်ချန်ချင်း ဂိုဏ်းချုပ်ခန်းမဆောင်ဆီသို့ ဦးတည်သွားလိုက်သည်။
အကြောင်းမှာ အခမ်းအနားပြီးဆုံးပါက လာရောက်ရန် ရှီယင်ချင်းက မှာကြားထားသောကြောင့် ဖြစ်သည်။
ဘုန်း!
လေးလံသော တံခါးကြီးများ ပွင့်သွားသည်။
အမြင်အာရုံထဲတွင် ဂိုဏ်းချုပ်၏ ရာဇပလ္လင်ရှေ့၌ မတ်တတ်ရပ်နေသည့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဘယ်ဘက်လက်မှာ အင်္ကျီလက်ဗလာဖြင့် ဖြစ်သည်။
“ရောက်လာပြီလား...”
ရှီယင်ချင်း လှည့်ကြည့်လိုက်သည်။
“ဟုတ်ကဲ့...”
မုန့်ချန်ချင်း အတွင်းသို့ ခြေလှမ်းလှမ်းလိုက်၏။
ချက်ချင်းဆိုသလိုပဲ ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝပြောင်းလဲသွားပြီး ကြယ်တာရာ ကောင်းကင်ယံထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
အဝေးတွင် အလင်းတန်းများ စီးဆင်းနေပြီး ဧရာမကြယ်တာရာများ မျောလွင့်နေသည်မှာ ရင်သပ်ရှုမောဖွယ်ပင်။
“ဒါက ဘာလဲ...”
မုန့်ချန်ချင်းက အနည်းငယ် မိန်းမောသွားသည်။
"မင်း ဒါကို ပိုင်နက်တစ်ခု၊ ဝိညာဥ်ပိုင်နက်တစ်ခုလို့ နားလည်နိုင်ပါတယ်..."
"သူ့ရဲ့ လုပ်ဆောင်ချက်က မင်းရဲ့ ဓားရည်ရွယ်ချက်နဲ့ ဆင်တူတယ်..."
“မင်းရဲ့ စိတ်စွမ်းအားက လုံလောက်တဲ့အခါ တခြားသူတွေကို လွှမ်းမိုးနိုင်လိမ့်မယ်...”
ရှီယင်ချင်းက ရှင်းပြလိုက်သည်။
“နားလည်ပါပြီ...”
မုန့်ချန်ချင်းက ခေါင်းညိတ်လိုက်သည်။
သူကိုယ်တိုင်လည်း ဤအရာကို လုပ်ဆောင်နိုင်သော်လည်း ၎င်းမှာ ဓားရည်ရွယ်ချက်ဖြင့်သာ ဖြစ်ပြီး စစ်စစ်ပေါက်ပေါက် ဝိညာဥ်ရေးရာ ကျင့်ကြံမှုဖြင့် မဟုတ်ပေ။
ဂိုဏ်းချုပ်သည် သူ၏ နောက်ထပ် အောင်မြင်မှုများကို အဆင်ပြေချောမွေ့စေရန် ဝိညာဥ်စွမ်းအားကို အတွေ့အကြုံယူစေလိုခြင်း ဖြစ်ပေလိမ့်မည်။
အကြောင်းမှာ သူသည် ယခုအခါ တာအိုဖန်တီးခြင်းနယ်ပယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး နောက်တစ်ဆင့်မှာ နတ်ဘုရားရရှိခြင်းနယ်ပယ် ဖြစ်သောကြောင့် ဖြစ်သည်။
“မင်းမှာ မေးခွန်းတွေ အများကြီး ရှိနေမှန်း ငါသိတယ်... ငါ တစ်ခုချင်းစီ ရှင်းပြပေးမယ်...”
ရှီယင်ချင်းက ပြုံးလျက် ပြောလိုက်သည်။
“ဟုတ်ကဲ့...”
မုန့်ချန်ချင်းတွင် အမှန်တကယ်ပင် မေးခွန်းများစွာ ရှိနေသည်။
“အမှန်တော့ မင်း အတွင်းစည်းကို စရောက်ကတည်းက ငါတို့ရဲ့ အာရုံစိုက်မှုကိုရခဲ့တာ...”
ရှီယင်ချင်း မုန့်ချန်ချင်းထံသို့ လျှောက်လှမ်းလာပြီး သူ၏ ခြေလှမ်းတိုင်းက လေဟာနယ်ကို လှိုင်းထန်စေခဲ့သည်။
"အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်နဲ့ သိုင်းပညာချီကို နားလည်သဘောပေါက်တဲ့ တပည့်တစ်ယောက်ဖြစ်လို့ မင်းရဲ့ ပါရမီစွမ်းရည်က ငါတို့ရဲ့ ဘိုးဘေးတွေနဲ့ နှိုင်းယှဉ်လောက်အောင် ထင်ရှားနေတယ်..."
"သဘောတရားအရဆိုရင် မင်းကို စောစောစီးစီး အထူးလေ့ကျင့်မှုတွေ ပေးသင့်တာ...."
“ဘာလို့ အခုထိ စောင့်ဆိုင်းခဲ့လဲဆိုတော့ မင်းရဲ့ ပါရမီစွမ်းရည်အပြင် မင်းမှာ ကြီးမားတဲ့ ကံကောင်းမှု ရှိမရှိကို ငါ ကြည့်ချင်လို့ပဲ...”
“ကြီးမားတဲ့ ကံကောင်းမှု?...”
မုန့်ချန်ချင်း မျက်ခုံးပင့်လိုက်သည်။
"ကျင့်ကြံသူတွေအတွက် ပါရမီစွမ်းရည်နဲ့ နားလည်နိုင်စွမ်းက အရေးအကြီးဆုံးလို့ ထင်ရပေမဲ့ အဲဒါတွေက အဓိက မဟုတ်ဘူး... တကယ့် ထိပ်သီးပုဂ္ဂိုလ်ကြီး ဖြစ်လာဖို့ဆိုရင် ကံကောင်းမှုက အဓိကပဲ..."
"လူတစ်ယောက်ဟာ ကြီးမားတဲ့ ကံကောင်းမှု ရှိမှသာ ကြီးမားတဲ့ အရာတွေကို အောင်မြင်နိုင်တယ်’ ဆိုတဲ့ စကားပုံအတိုင်းပဲလေ..."
"ဒါကြောင့် ငါ ကြည့်ချင်ခဲ့တာ... ပြင်ပအနှောင့်အယှက် မပါဘဲနဲ့ မင်းက မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်မလားဆိုတာပေါ့...."
"အခုတော့ ငါ မှန်ခဲ့တယ်လို့ပဲ ပြောရမှာပဲ... မင်းမှာ တကယ်ကို ကြီးမားတဲ့ ကံကောင်းမှု ရှိနေတယ်.... သာမန်ပါရမီရှင်တွေဆိုရင် ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်မှုတွေ အများကြီး မရနိုင်ဘူး..."
ရှီယင်ချင်းက တစ်ဆက်တည်း များစွာ ပြောလိုက်သည်။
“ကျွန်တော်သိပြီ...”
မုန့်ချန်ချင်း သဘောပေါက်သွားသည်။
သူ အလားအလာကောင်းတွေပြသခဲ့ပေမယ့် မည်သူမှအာရုံမစိုက်တာ မဆန်းတော့ပေ။
ရှီညီအကိုတို့ကိုတောင် စောစောစီးစီး ခေါ်ယူခဲ့သည်။
“ဂိုဏ်းမှာ အစွမ်းထက်သူတွေ မရှားပါးပေမဲ့ ထိပ်တန်း အစွမ်းထက်သူတွေတော့ လိုအပ်နေတယ်...”
ရှီယင်ချင်း ပြောလိုက်သည်။
“မင်းအပေါ်ထားတဲ့ ငါ့ရဲ့ မျှော်လင့်ချက်က မှူးမတ်နယ်ပယ် ဒါမှမဟုတ် ဘုရင်လမ်းနယ်ပယ် ကိုပဲ ရောက်ဖို့ မဟုတ်ဘူး... သာလွန်မြင့်မြတ်ခြင်းနယ်ပယ် ကို လျှောက်လှမ်းနိုင်ဖို့ပဲ...”
ထိုစကားကို ကြားသည့်အခါ မုန့်ချန်ချင်းနှလုံးသား တုန်လှုပ်သွားသည်။
သာလွန်မြင့်မြတ်ခြင်းနယ်ပယ်...
၎င်းမှာ ကျင့်ကြံရေး၏ အမြင့်ဆုံး နယ်ပယ်ပင် ဖြစ်သည်။
ရောက်ရှိသူ အလွန်နည်းပါးသည်။
တစ်ဦးချင်းစီက သမိုင်းတွင် ဒဏ္ဍာရီလာ အမှတ်အသားများကို ချန်ထားရစ်ခဲ့ကြသည်။
လူအများစုအတွက် ဘုရင်လမ်းနယ်ပယ် သို့မဟုတ် မှူးမတ်နယ်ပယ် သို့ ရောက်ရှိရန်ပင် အလွန်ခက်ခဲလှသည်။
ဂိုဏ်းတွင်းရှိ ပါရမီရှင်များလိုပင် ၎င်းတို့သည် နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ရောက်နိုင်သော်လည်း ထိုထက်ကျော်လွန်သည့် သေခြင်းရှင်ခြင်းနယ်ပယ် မှာ အလွန်ခက်ခဲလှပေသည်။
မှူးမတ်နယ်ပယ်၊ ဘုရင်လမ်းနယ်ပယ် သို့မဟုတ် သာလွန်မြင့်မြတ်ခြင်းနယ်ပယ် သို့ ရောက်ရှိရန်ဆိုသည်မှာ ပြောစရာပင် မလိုတော့ပေ။
“ကိုယ့်ကိုယ်ကိုယ် သံသယမရှိပါနဲ့... မင်းက ငါတို့ဘိုးဘေးတွေနဲ့ ငါ့ထက်တောင် ပိုပြီး ထူးချွန်တယ်... ဂိုဏ်းရဲ့ အရင်းအမြစ်တွေနဲ့ ငါ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် မင်း ကြီးထွားလာမှာပါ...”
ရှီယင်ချင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ကျွန်တော် ကြိုးစားပါ့မယ်...”
မုန့်ချန်ချင်း ဤနေရာတွင် နှိမ့်ချနေလို့ မရပေ။
သူ သဘောတူရမည်ဖြစ်သည်။
ထို့ပြင် ကျင့်ကြံသူတိုင်းက သာလွန်မြင့်မြတ်ခြင်းနယ်ပယ် ကို ပစ်မှတ်ထားကြသည် မဟုတ်ပါလား။
ခရီးလမ်းက အလွန်ခက်ခဲသော်လည်း သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော သူရဲကောင်းများ ယှဉ်ပြိုင်ခဲ့ကြပြီး အနည်းငယ်မျှသာ ထိပ်ဆုံးသို့ ရောက်ရှိနိုင်ခဲ့ကြသည်။
အထူးသဖြင့် အရင်းအမြစ် ရှားပါးသော ဤခေတ်ကာလတွင် ဖြစ်သည်။
“ဒါပေမဲ့ ဂိုဏ်းရဲ့ အထွတ်အထိပ် ကျင့်စဥ်တွေကိုတော့ မင်း နတ်ဘုရားရရှိခြင်းနယ်ပယ်ကို ရောက်မှပဲ သင်ပေးမယ်... ကောင်းကင်အဆင့် ကျင့်စဥ်တွေက ဘယ်နယ်ပယ်မဆိုနဲ့ ကိုက်ညီတဲ့ ကမ္ဘာမြေအဆင့် ကျင့်စဥ်တွေနဲ့ မတူဘူး...”
ရှီယင်ချင်းက ပြောလိုက်သည်။
“ကောင်းကင်အဆင့်...”
မုန့်ချန်ချင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေခဲ့သည်။
သာလွန်မြင့်မြတ်ခြင်းနယ်ပယ် ကဲ့သို့ပင် ကောင်းကင်အဆင့် ကျင့်စဥ်များမှာ ဒဏ္ဍာရီဆန်ပြီး ကြောက်မက်ဖွယ်ရာဖြစ်သည်။
တစ်ကြိမ် ကျွမ်းကျင်ပြီးပါက ကြီးမားသော စွမ်းအားကို ပေးစွမ်းနိုင်သည်။
၎င်းတို့နှင့် နှိုင်းယှဉ်ပါက ကမ္ဘာမြေအဆင့် ကျင့်စဥ်များမှာ ရွှံ့နှင့် တိမ်တိုက်ကဲ့သို့ ကွာခြားလှပေသည်။
ကွာဟချက်က ကြီးမားပြီး ၎င်းတို့မှာ အဆင့်တူ၌ပင် မရှိကြပေ။
“ဂိုဏ်းမှာ တကယ်ပဲ ကောင်းကင်အဆင့် ကျင့်စဥ်တွေ ရှိတာပဲ... ငါတို့ဂိုဏ်းက သာမန် ထိပ်တန်းအင်အားစု မဟုတ်မှတော့ ဒါကဖြစ်သင့်ပါတယ်...”
မုန့်ချန်ချင်း တွေးလိုက်သည်။
မကြာသေးမီ သူ၏ ဂိုဏ်းအင်အားအပေါ် နားလည်မှုမှာ တိုးတက်လာခဲ့ပြီး နားလည်လေလေ ၎င်း၏ နက်ရှိုင်းမှုကို ခံစားရလေလေပင်ဖြစ်သည်။
ယခုတင်မှ ထိပ်တန်းဂိုဏ်းတစ်ခုအဖြစ် မြင့်တက်လာခဲ့သော်လည်း ၎င်းမှာ အကောင်းဆုံးများထဲတွင် သို့မဟုတ် ပို၍ပင် အစွမ်းထက်နေနိုင်သည်။
“ဒီအရင်းအမြစ်တွေက မင်းအတွက်ပဲ...”
ရှီယင်ချင်း သူ၏ ညာလက်ကို ဝေ့ယမ်းလိုက်ရာ လက်စွပ်တစ်ခု လွင့်စင်လာသည်။
မုန့်ချန်ချင်း ချက်ချင်း ဖမ်းယူလိုက်သည်။
သူ၏အသိစိတ် ၎င်းအတွင်းသို့ ဝင်ရောက်သွားသောအခါ နှလုံးသား မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။
အားလုံးက အဆင့် ၄ အရင်းအမြစ်တွေပင်။
များပြားလှသော ပမာဏနှင့်အတူ ရင်သပ်ရှုမောဖွယ် အစီအရင်တစ်ခုဖြစ်သည်။
ထို့ပြင် အားလုံးက မတူညီသောအမျိုးအစားများဖြစ်ရာ ခုခံမှုပြဿနာများကို ရှောင်ရှားနိုင်သည်။
“မင်း တာအိုဖန်တီးခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်ဖို့ လုံလောက်တယ်... ပြီးတော့ နတ်ဘုရားရရှိခြင်းနယ်ပယ် ကို ရောက်အောင် ကူညီပေးမယ့် အဆင့် ၅ အသွင်ပြောင်းဆေးလည်း ပါတယ်...”
ရှီယင်ချင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
မုန့်ချန်ချင်းအတွက် အရာအားလုံး စီစဉ်ထားပြီး ဖြစ်ကြောင်း ထင်ရှားလှသည်။
အချို့သော အရာများတွင် မုန့်ချန်ချင်း၏ ယခုချိန် ဆက်ဆံခံရမှုမှာ သိုင်းပြိုင်ပွဲတွင် ပထမဆုအတွက် ဆုလာဘ်များထက်ပင် ကျော်လွန်နေခဲ့သည်။
အဆုံးမှာတော့ သူက ဂိုဏ်းချုပ်ငယ်တစ်ယောက် မဟုတ်လား။
ထို့ပြင် အနာဂတ်တွင် ပိုများတာတွေလာအုန်းမည်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...”
မုန့်ချန်ချင်း အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
ဤအရာများနှင့်အတူ နတ်ဘုရားရရှိခြင်းနယ်ပယ် သို့ ရောက်ရှိရန်မှာ သေချာသည်။
“ပြီးတော့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်...”
ရှီယင်ချင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ငါ မင်းကို တပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်ခဲ့ပေမဲ့ မင်းက ဓားရည်ရွယ်ချက်ကို ကိုယ်တိုင် နားလည်သွားခဲ့တယ်... မင်းကို ငါ သင်ပေးစရာ သိပ်မရှိတော့ဘူးဆိုတာ သိလိုက်တယ်..."
“ဒါကြောင့် မင်းကို ငါ့ရဲ့ ဆရာ့ထံမှာ တပည့်ခံစေပြီး... ငါတို့တွေ စီနီယာညီအကိုတွေ ဖြစ်လာကြမယ်...”
“...”
မုန့်ချန်ချင်း ကြောင်သွားသည်။
သူသည် ဂိုဏ်း၏ အထွတ်အထိပ် ကျင့်စဥ်များကို သင်ယူရတော့မည့် အခြေအနေတွင် ရှိနေသဖြင့် တပည့်ခံရန် အသင့်ဖြစ်နေခဲ့သည်။
မည်သူသိမည်နည်း။
ဂိုဏ်းချုပ်က သူ့ကို ဂျူနီယာညီလေး ဖြစ်လာဖို့ စီစဥ်ထားခဲ့သည်။
သို့သော် ဤအရာကလည်း ကောင်း၏။
သူ၏ ကျင့်ကြံရေးနည်းလမ်းက ဆရာတစ်ယောက် မလိုအပ်ချေ။
သူငယ်ချင်းများသာ လိုအပ်သည်။
ထို့အပြင် သူနှင့် ဂိုဏ်းချုပ်က စီနီယာအကိုနှင့် ဂျူနီယာညီလေး ဖြစ်သွားပါက သူတို့မှာ တန်းတူ ဖြစ်သွားမည် ဖြစ်သည်။
တခြား တောင်ထိပ်သခင်များလည်း ထိုနည်းအတိုင်းပင်။
ဤသို့ဆိုလျှင် မိတ်ဆွေဖွဲ့ခြင်းမှာ ပို၍ လွယ်ကူသွားတော့မည်ဖြစ်သည်။