အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း (၁၄၃)
မွေးရာပါဓားခန္ဓာကို ပေါင်းစပ်ခြင်းနှင့်ကောင်းကင်နတ်ဆိုးချောက်နက်
ကံမကောင်းစွာဖြင့် သူရှေ့မှောက်၌ ရှိနေသူမှာ ဂိုဏ်းချုပ်၏ ကိုယ်ပွားမျှသာဖြစ်ပြီး စစ်မှန်သောကိုယ်ထည် မဟုတ်သဖြင့် စစ်မှန်သော စွမ်းရည်များကို မမြင်တွေ့နိုင်ချေ။
မဟုတ်ပါက သူသည် ဤနေရာတင် ချက်ချင်း မိတ်ဆွေဖွဲ့ရန် ကြိုးစားမိမည်မှာ သေချာသည်။
“နောက်ထပ် စီစဥ်ထားတာတွေ အများကြီး ရှိသေးတယ်.... ဒါပေမဲ့ မင်း နတ်ဘုရားရရှိခြင်းနယ်ပယ် ကို ရောက်တဲ့အထိ စောင့်ရလိမ့်မယ်...”
ရှီယင်ချင်း ပြုံးလျက် ပြောလိုက်သည်။
“နားလည်ပါပြီ ဂိုဏ်းချုပ်... စီနီယာအကို...”
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်ပြီး ခေါ်ဝေါ်ပုံကို ပြောင်းလဲလိုက်သည်။
“သွားပြီး ကျင့်ကြံတော့၊ နတ်ဘုရားရရှိခြင်းနယ်ပယ် ကို မြန်မြန်ရောက်အောင်လုပ်... ဒါမှ ငါ မင်းကို တခြားအရာတွေ ပိုပြီးသင်ပေးနိုင်မှာ...”
ရှီယင်ချင်း ပြောလိုက်သည်။
“ဟုတ်ကဲ့...”
မုန့်ချန်ချင်း လှည့်ထွက်ခဲ့လိုက်သည်။
ပတ်ဝန်းကျင်ရှိ ဝိညာဥ်နယ်မြေသည်လည်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
အမြင်အာရုံထဲတွင် ကျယ်ပြောလှသော တံခါးကြီး ရှိနေသည်။
မုန့်ချန်ချင်း ထွက်ခွာသွားပြီးနောက် ရှီယင်ချင်း၏ နောက်ကွယ်တွင် ပုံရိပ်များစွာ ပေါ်လာခဲ့သည်။
၎င်းတို့မှာ ဂိုဏ်း၏ မဟာအကြီးအကဲမှလွဲ၍ ကျန်ရှိသော တောင်ထိပ်သခင်များ ဖြစ်ကြသည်။
“ဒီလိုအသက်အရွယ်ကျမှ ဂျူနီယာညီလေးတစ်ယောက် ထပ်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”
ရှန်းကွမ်းကျိ ခေါင်းခါရင်း ပြောလိုက်သည်။
“ဒီဂျူနီယာညီလေး နင့်ကို ဘယ်တော့ ကျော်တက်သွားမလဲ ခန့်မှန်းကြည့်မလား...”
အစီရင်တောင်ထိပ်သခင် ပြုံးလျက် ပြောလိုက်သည်။
“ငါကိုတော့မသိဘူး, ဒါပေမဲ့ သူ မင်းကိုတော့ အရင်ဆုံး ကျော်တက်သွားမှာ သေချာတယ်...”
ရှန်းကွမ်းကျိ သူမကို စိုက်ကြည့်လိုက်သည်။
အကြောင်းမှာ သူ၏ကျင့်ကြံရေးက သူမထက် အနည်းငယ် ပိုမြင့်သောကြောင့် ဖြစ်သည်။
“ကဲပါ... ဂျူနီယာညီလေးမုန့် ပေါ်ထွက်လာတာက ငါတို့အတွက် မျှော်လင့်ချက်ပဲ...”
ဆေးဘုရင်တောင်ထိပ်၏ အသက်ကြီးပိုင်း အမျိုးသမီးတောင်ထိပ်သခင်က ခပ်ဖွဖွ ချောင်းဟန့်ရင်း ပြောလိုက်သည်။
“ဒုတိယစီနီယာအကိုကော မလာဘူးလား...”
မိုဆူကွမ်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
ဒုတိယစီနီယာအကိုမှာ ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်ပြီး အမည်မှာ လင်းရွှမ်ခုန်း ဖြစ်သည်။
“သူ့ရဲ့ အတွေးအမြင်တွေကို မင်းတို့လည်း သိတာပဲ... သူက ငါတို့ရဲ့ လုပ်ရပ်တွေကို အမြဲတမ်း ဆန့်ကျင်ပြီး ငြိမ်းချမ်းမှုကိုပဲ ရှာဖွေနေခဲ့တာ...”
ရှန်းကွမ်းကျိ ခေါင်းခါလိုက်ပြီးနောက် သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ ထွက်ပေါ်လာကာ
“ဒါပေမဲ့ ငါတို့သာ မလုပ်နိုင်ရင်... ဒီလိုမျိုး ဆက်ရှင်သန်နေဖို့က ဘာအဓိပ္ပာယ် ရှိတော့မှာလဲ...”
ဤစကားကို ကြားလိုက်ရသဖြင့် ရှီယင်ချင်းမှလွဲ၍ လူတိုင်း၏မျက်နှာတွင် တူညီသော အမူအရာများ ပေါ်လာခဲ့သည်။
သူသည် အနည်းငယ် ဆိတ်ငြိမ်ပြီး ဝမ်းနည်းနေပုံရသည်။
"အဲဒီတုန်းက ဖြစ်ခဲ့တဲ့ကိစ္စက ငါ့အပြစ်တွေပါပဲ..."
"ဒါပေမဲ့ အထက်က ကောင်းကင်ကြီးကတော့ ပြောင်းလဲရဦးမှာပဲ..."
ပြောပြီးသည်နှင့် ရှီယင်ချင်း၏ မျက်လုံးများ အလွန်တရာ ထက်ရှလာခဲ့သည်။
ဝိညာဥ်တောင်ထိပ်သို့ ပြန်ရောက်သော် မုန့်ချန်ချင်း ကျင့်ကြံခြင်းခန်းမထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ အစီရင်အတားအဆီးကို အသက်သွင်းလိုက်သည်။
နောက်တစ်ခုအနေဖြင့် သူသည် သူ၏စွမ်းရည်ကို ရွေးချယ်ရမည် ဖြစ်သည်။
မွေးရာပါဓားခန္ဓာ...
အလွန်တရာ ရှားပါးပြီး အစွမ်းထက်လှသော ခန္ဓာဖွဲ့စည်းပုံ ဖြစ်သည်။
၎င်းမှာ ဓားသိုင်းပညာလေ့ကျင့်သူများအတွက် အိမ်မက်တစ်ခုဖြစ်သည်။
မုန့်ချန်ချင်း တင်ပလ္လင်ခွေထိုင်ရင်း သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။
“စနစ်... မွေးရာပါဓားခန္ဓာကို ရယူဖို့ စွမ်းရည်ရွေးချယ်ကဒ် အသုံးပြုမယ်...”
ဒင်!
[ရွေးချယ်ကဒ် ၁ ခု အသုံးပြုပြီးပါပြီ၊ အောင်မြင်စွာ ရရှိပါသည်]
“စနစ်... မွေးရာပါဓားခန္ဓာကို ပေါင်းစပ်မယ်...”
မုန့်ချန်ချင်းက တုံ့ဆိုင်းမနေခဲ့ပေ။
ဒင်!
[ပေါင်းစပ်ခြင်း စတင်ပါပြီ]
စကားဆုံးသည်နှင့် မုန့်ချန်ချင်း သူ၏တစ်ကိုယ်လုံး တုန်ခါသွားသလို ခံစားလိုက်ရသည်။
ထို့နောက် ကျယ်ပြောလှပြီး အေးစက်လှသော ခံစားမှုတစ်ခုက နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဤအေးစက်သော ခံစားမှုသည် ယခင်ကနှင့်မတူဘဲ ဓားသိုင်းပညာ၏ သီးသန့်ထက်ရှမှုများဖြင့် ပြည့်နှက်နေသည်။
ထိုအရာက သူ၏ကြွက်သားများ၊ အရေပြား၊ အသားများနှင့် သွေးကြောများထဲသို့ အဆက်မပြတ် စိမ့်ဝင်သွားခဲ့သည်။
ချက်ချင်းပဲ မုန့်ချန်ချင်း သူ့ကိုယ်သူ ဓားတစ်စင်းကဲ့သို့ခံစားလိုက်ရပြီး ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်နိုင်ကာ ပြိုင်ဘက်ကင်းထက်ရှလှပေသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ပေါင်းစပ်ခြင်း အဆုံးသတ်သွားခဲ့သည်။
ဟူး!
မုန့်ချန်ချင်း မျက်လုံးဖွင့်လိုက်သည့်အခါ သူ၏ရှေ့မှောက်ရှိ မြေပြင်မှာ အဆက်မပြတ် အက်ကွဲသွားပြီး သိပ်သည်းလှသော ဓားရာများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
၎င်းမှာ မရေမတွက်နိုင်သော ဓားချီများဖြင့် တိုက်ခတ်ခံလိုက်ရသလိုပင်။
အကယ်၍ အစီရင်အတားအဆီး၏ ကာကွယ်မှုသာ မရှိပါက ခန်းမဆောင်၏ တံခါးများပင် တိုက်ရိုက်အက်ကွဲသွားလိမ့်မည်ဖြစ်သည်။
“မွေးရာပါဓားခန္ဓာ...”
မုန့်ချန်ချင်း အသက်ပြင်းပြင်းရှူလိုက်ရင်း သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ရှားပါးသော ခန္ဓာဖွဲ့စည်းပုံပီပီ ၎င်းမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။
စိတ်ကူးထားသည့်အတိုင်း ဓားသိုင်းလေ့ကျင့်ရာ၌ မြင့်မားသည့်နားလည်နိုင်စွမ်းနှင့် နတ်ဘုရားကဲ့သို့ ကူညီပေးနိုင်ရုံသာမက ဓားနည်းစနစ်၏စွမ်းအားကိုလည်း အကြီးအကျယ်တိုးမြှင့်ပေးသည်။
မည်မျှအထိလဲဆိုသည်ကိုမူ မုန့်ချန်ချင်း သေချာမသိသေးပေ။
သို့သော် ဓားချီထက်တော့ လုံးဝမနည်းလှပေ။
“ငါသာ ဓားခန္ဓာနဲ့ ဓားရည်ရွယ်ချက်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ရင် ဓားတစ်ချက်ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ...”
မုန့်ချန်ချင်းက စိတ်ကူးကြည့်ရုံမျှဖြင့် ထိုမြင်ကွင်းက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု ခံစားလိုက်ရသည်။
“ဒီနေ့လည်း ခွန်အားတွေ သိသိသာသာ တိုးတက်လာတဲ့ နေ့တစ်နေ့ပဲ...”
မုန့်ချန်ချင်း ခပ်ဖွဖွ သက်ပြင်းချလိုက်ရာ သူ၏ဒေါ်လေးကြောင့် ခံစားခဲ့ရသော ဖိအားများမှာလည်း သိသိသာသာ လျော့ပါးသွားခဲ့သည်။
“နောက်တစ်ခုကတော့ ဆက်ပြီး ကျင့်ကြံရမှာပဲ...”
မုန့်ချန်ချင်း အပျင်းကြီးမနေပေ။
သူက ဂိုဏ်းချုပ်ပေးထားသော ဆေးလုံးအမြောက်အမြားကို ထုတ်ယူလိုက်သည်။
လင်းလုံးမဟာကြော့ကွင်းကောင်းကင် ရှိနေသဖြင့် တာအိုဖန်တီးခြင်းနယ်ပယ်၏ နားလည်သဘောပေါက်မှု အတားအဆီးမှာ မရှိတော့ဘဲ အဓိကအားဖြင့် အရင်းအမြစ် ကိစ္စသာ ဖြစ်သည်။
ယခုအခါ အရင်းအမြစ်များ လုံလောက်နေပြီဖြစ်ရာ ကျင့်ကြံရေးအတွက် မည်သည့်အတားအဆီးမျှ ရှိတော့မည်မဟုတ်ပေ။
ထို့အပြင် သူသည် ယခင်က အဆင့် ၁ အမြစ်ရိုးနှင့်လည်း ပေါင်းစပ်ထားခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် မုန့်ချန်ချင်း ဤလမ်းစဥ်ကို အလွန်တိုတောင်းသော အချိန်အတွင်း လျှောက်လှမ်းနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
“စတင်မယ်...”
ဆေးလုံးတစ်လုံး ထုတ်ယူကာ မျိုချလိုက်ပြီးနောက် မုန့်ချန်ချင်း နက်ရှိုင်းသော ကျင့်ကြံခြင်းထဲသို့ တရားဝင် ဝင်ရောက်သွားခဲ့သည်။
အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဤနှစ်လအတွင်း ထိုက်ရွှမ်းဂိုဏ်း အဆင့် ၁ သို့ မြင့်တက်သွားသည့် သတင်းမှာ ထျန်းလင်စီရင်စုတစ်ခုလုံးသို့ သဘာဝအတိုင်း ပျံ့နှံ့သွားခဲ့သည်။
၎င်းက ပတ်ဝန်းကျင်ဒေသများတွင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအရာ၏အဓိပ္ပာယ်မှာ ယခုမှစ၍ ထိုက်ရွှမ်းဂိုဏ်းသည် ထျန်းလင်စီရင်စုကို လုံးဝလွှမ်းမိုးထားတော့မည်ဖြစ်ပြီး အင်အားကြီးလေးခု မျှခြေဖြစ်နေသည့် ခေတ်ကာလမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နေမီးတောက်တောင်ကြား၊ ဘီးလူးဝိညာဥ်ဂိုဏ်းနှင့် လေတိမ်မြို့တို့သည် သတ်မှတ်ထားသည့်အတိုင်း ၎င်းတို့ပိုင်နက်ထက်ဝက်ကို လွှဲပြောင်းပေးခဲ့ရသည်။
ထို့ပြင် ထိုနေရာများမှာ အရင်းအမြစ် ပိုမိုကြွယ်ဝသော အစိတ်အပိုင်းများ ဖြစ်ကြသည်။
ရလဒ်အနေဖြင့် ထိုက်ရွှမ်းဂိုဏ်းသည် အလွန်မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နေ့တိုင်းလိုလိုပင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်သို့ ရောက်ရှိသည့် တပည့်များ ရှိနေခဲ့သည်။
သေချာသည်မှာ နောက်ဆက်တွဲ အရင်းအမြစ် ထောက်ပံ့မှုများအပြင် ရွှမ်ချင်းနယ်ပယ်၏ အခန်းကဏ္ဍကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။
ထိုတပည့်များသည် လျှို့ဝှက်နယ်မြေမှ ရရှိသည်များကို အပြည့်အဝ စုပ်ယူနိုင်ခဲ့ကြပြီး နောက်ဆုံးတွင် ပိုးအိမ်ထဲမှ ရုန်းထွက်နိုင်ခဲ့ကြသည်။
နှိုင်းယှဉ်ကြည့်ပါက ကျန်ရှိသော အင်အားစုသုံးခုမှာ ပိုမိုကျဆင်းလာခဲ့သည်။
အနာဂတ်တွင်မူ ၎င်းတို့ကြားရှိ ကွာဟချက်က ပို၍သာ ကြီးမားလာလိမ့်မည် ဖြစ်သည်။
ဒေါင်...
ရုတ်တရက် တာအိုခေါင်းလောင်းသံ မြည်ဟည်းသွားခဲ့သည်။
လှိုင်းတွန့်များ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ကြီးမားသောကိစ္စတစ်ခု ဖြစ်တော့မည်ကို ညွှန်ပြနေခဲ့သည်။
ဂိုဏ်းချုပ်၏ ခန်းမဆောင်တွင် ရှီယင်ချင်းသည် ရာဇပလ္လင်ရှေ့၌ မတ်တတ်ရပ်နေသည်။
သူ၏ဘေးတွင် တောင်ထိပ်သခင်များစွာ ရှိနေကြသည်။
ယခင်က မကြာခဏ ပျက်ကွက်လေ့ရှိသော မဟာအကြီးအကဲလည်း ရောက်ရှိနေခဲ့သည်။
“ဝမ်ရှန်းအဆောက်အဦးက နတ်ဆိုးချောက်နက်ရဲ့ အစောင့်အရှောက်တွေကို ရုပ်သိမ်းဖို့ ပြင်ဆင်ပြီးပြီ...
“အခုအချိန်ကစပြီး အဲဒါကို စောင့်ရှောက်ဖို့က ထိုက်ရွှမ်းဂိုဏ်းရဲ့ တာဝန်ပဲ...”
ရှီယင်ချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
နတ်ဆိုးချောက်နက်ကို စောင့်ရှောက်ခြင်းမှာ အဆင့် ၁ ဂိုဏ်းတစ်ခု၏ တာဝန် ဖြစ်သည်။
ယခင်က ထျန်းလင်စီရင်စုတွင် အဆင့် ၁ ဂိုဏ်း မရှိခဲ့သောကြောင့် ၎င်းကို သန့်စင်နယ်မြေများ သို့မဟုတ် ဝမ်ရှန်းအဆောက်အဦးတို့က လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
“ငါ မှတ်မိသလောက်ဆိုရင် ဒီနတ်ဆိုးချောက်နက်က ရှားပါးပြီး အန္တရာယ်များတဲ့ ကောင်းကင်နတ်ဆိုးချောက်နက်ပဲ...”
မဟာအကြီးအကဲ ခဏမျှ စဥ်းစားပြီး ပြောလိုက်သည်။
ကျင့်ကြံခြင်းလောကတွင် နတ်ဆိုးချောက်နက်များနှင့် နတ်ဆိုးသားရဲကုန်းမြေများသည် ပြင်ပနယ်မြေများကို ကိုယ်စားပြုသည်။
ရှေးခေတ်ကာလတွင် လူသားများသည် မျိုးနွယ်စုတစ်ရာကို အနိုင်ယူပြီး အလယ်ပိုင်းစီရင်စုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း တိုင်းတစ်ပါးမျိုးနွယ်များ၊ အထူးသဖြင့် နတ်ဆိုးနှင့် သားရဲမျိုးနွယ်များကိုမူ မျိုးတုံးအောင် မဖျက်ဆီးနိုင်ခဲ့ပေ။
၎င်းတို့သည် အတော်လေးအစွမ်းထက်နေကြဆဲဖြစ်ပြီး အလယ်ပိုင်းစီရင်စုသို့ ပြန်လာရန် မကြာခဏ ကြိုးစားလေ့ရှိကြသည်။
ဟင်းလင်းပြင်ရှိ အားနည်းချက်များကို ရှာဖွေပြီး အက်ကွဲကြောင်းများ ဖွင့်လှစ်ခြင်းမှာ အဓိကနည်းလမ်း ဖြစ်သည်။
အက်ကွဲကြောင်းတစ်ခု ပွင့်သွားပြီး အထူးစွမ်းအားဖြင့် ခိုင်မာသွားပါက ၎င်းကို ပိတ်ရန် ခက်ခဲသွားတတ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုအရာမှာ အမြဲတမ်း ဖြတ်သန်းရာလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။
၎င်းကို သန့်စင်နယ်မြေများက နတ်ဆိုးချောက်နက်များနှင့် နတ်ဆိုးသားရဲကုန်းမြေများဟု ခေါ်ဆိုကြသည်။
နတ်ဆိုးများမှာ နှစ်မျိုးရှိသည်။
တစ်ခုမှာ ကောင်းကင်နတ်ဆိုး ဖြစ်ပြီး အခြားတစ်ခုမှာ မြေကမ္ဘာနတ်ဆိုး ဖြစ်သည်။
ကောင်းကင်နတ်ဆိုးများမှာ အန္တရာယ်အရှိဆုံး ဖြစ်သည်။
အကြောင်းမှာ ၎င်းတို့တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိဘဲ ဝိညာဥ်မျှသာ ဖြစ်သော်လည်း အလွန်တရာ အစွမ်းထက်သော ဝိညာဥ်အသိစိတ် ရှိကြသည်။
၎င်းတို့သည် သက်ရှိများ၏ အသိစိတ်ပင်လယ်ကို လွယ်ကူစွာ ကျူးကျော်ဝင်ရောက်နိုင်စွမ်း ရှိကြပြီး ပူးကပ်ခြင်း၊ ကပ်ပါးပြုခြင်းနှင့် အရာအားလုံးကို လုယူခြင်းတို့ ပြုလုပ်နိုင်သည်။
မြေကမ္ဘာနတ်ဆိုးများမှာမူ ဆန့်ကျင်ဘက်ပင်။
၎င်းတို့၏ ခန္ဓာကိုယ်မှာ မွေးရာပါ အလွန်တရာ သန်မာလှပြီး လူသားများထက် များစွာ ကျော်လွန်သည်။
လူသားများထဲမှ အကောင်းဆုံးများသာလျှင် ၎င်းတို့ကို ယှဥ်ပြိုင်နိုင်စွမ်း ရှိကြသည်။
အဆင့် ၁ ဂိုဏ်း သို့မဟုတ် ဂိုဏ်းကြီးတစ်ခုအတွက်မူ မြေကမ္ဘာနတ်ဆိုးချောက်နက် သို့မဟုတ် နတ်ဆိုးသားရဲမြေပြင်ကို စောင့်ရှောက်ရခြင်းက အကောင်းဆုံး ဖြစ်သည်။
အကြောင်းမှာ နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ မရောက်သေးသော တပည့်များပင် ပါဝင်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် ကောင်းကင်နတ်ဆိုးချောက်နက်မှာမူ မတူညီချေ။
ဝိညာဥ်ရေးရာ လျှို့ဝှက်ချက်ကို မဖွင့်လှစ်နိုင်ပါက ၎င်းမှာ အလွန်တရာ အန္တရာယ်များလှပေသည်။
"အန္တရာယ်များပေမဲ့ ဒါက ရတနာသိုက်တစ်ခုဆိုလည်း ဟုတ်တယ...."
"ကောင်းကင်နတ်ဆိုးတွေက ဝိညာဥ်ပိုင်းဆိုင်ရာမှာ အလွန်မြင့်မားကြတယ်... အကယ်၍ သူတို့ကို သတ်ဖြတ်နိုင်ရင် ထုတ်ယူရရှိတဲ့ ကောင်းကင်နတ်ဆိုးချီက နတ်ဘုရားရရှိခြင်းနယ်ပယ် စစ်သည်တော်တွေအတွက် အကောင်းဆုံး ဖြည့်စွက်စာပဲ..."
မိုဆူကွမ်း ပြောလိုက်သည်။
အခန်း (၁၄၄)
ရှေးဟောင်းနတ်ဆိုးကျင့်စဥ်နှင့် အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ခြင်း
“ဒါ့ပြင် ကောင်းကင်နတ်ဆိုးတွေရဲ့ ဖမ်းရခက်တဲ့ သဘာဝကြောင့် သူတို့ကို သတ်ဖို့က အလွန်ခက်တယ်... ကောင်းကင်နတ်ဆိုးချီကို ထုတ်ယူဖို့ကလည်း မလွယ်ကူဘူး...”
ဆေးဘုရင်တောင်ထိပ်၏ အသက်ကြီးပိုင်း အမျိုးသမီးတောင်ထိပ်သခင်က ခေါင်းခါရင်း ပြောလိုက်သည်။
“အဲဒီချီက ကောင်းကင်နတ်ဆိုးရဲ့ အနှစ်သာရပဲ... အဲ့ဒါကို ထိတွေ့မိတာနဲ့ သူတို့က များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်ဖို့ ရွေးချယ်တတ်ကြပြီး ဘာမှ ချန်ထားလေ့ မရှိဘူး...”
“ငါတို့ဆီမှာသာ ရှေးဟောင်းနတ်ဆိုးဂိုဏ်းရဲ့ အထွတ်အထိပ် ကျင့်စဥ်ရှိရင် သိပ်ကောင်းမှာပဲ...”
ရှန်းကွမ်းကျိ ပြောလိုက်သည်။
“အဲဒါကို ဘာလို့ ခေါ်တာပါလိမ့်...”
“အတုမဲ့အာဏာစက်နတ်ဆိုးနည်းစနစ်...”
ရှီယင်ချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒီနည်းလမ်းက နတ်ဆိုးမျိုးနွယ်တွေကို ကိုင်တွယ်ဖို့အတွက် သီးသန့်ဖန်တီးထားတာ... နတ်ဆိုးမျိုးနွယ်ဝင်တွေကို ချုပ်နှောင်ထားနိုင်ရုံတင်မကဘူး, ကိုယ့်ရဲ့စွမ်းအားကို မြှင့်တင်ဖို့ သူတို့ရဲ့ အနှစ်သာရကိုပါ ဝါးမျိုနိုင်တယ်...
“ကံမကောင်းစွာနဲ့ပဲ ဒီနည်းလမ်းက လွန်ခဲ့တဲ့ ခေတ်အဆက်ဆက်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ...”
“ဟုတ်တယ်၊ ရှေးခေတ်က နတ်ဆိုးအတတ်ပညာတွေကမှ စစ်မှန်တဲ့ နတ်ဆိုးအတတ်တွေ... အခုခေတ် မိစ္ဆာနည်းလမ်းတွေနဲ့ မတူဘူး...”
မိုဆူကွမ်း အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါတို့ ကောင်းကင်နတ်ဆိုးချီကို ထုတ်ယူဖို့ ကြိုးစားရမယ်... အကယ်၍ အောင်မြင်ရင် အကျိုးကျေးဇူးက အတိုင်းအဆမရှိ ကြီးမားလိမ့်မယ်...”
ရှီယင်ချင်း ပြောပြီးနောက် အသက်ကြီးပိုင်း အမျိုးသမီးတောင်ထိပ်သခင်ကို ကြည့်လိုက်သည်။
“အမ ၈ ... မင်းရဲ့ အခု ဆေးဖော်စပ်ခြင်း စွမ်းရည်နဲ့ဆိုရင် ဒါကို ထုတ်ယူနိုင်မလား...”
“ငါ့ရဲ့ မီးလျှံဖီးနစ်ဆေးဖော်စပ်ခြင်းကျမ်းက အဆင့် ၇ ကို ရောက်နေပြီ... ပြီးတော့ ကောင်းကင်မူလဆန်းကြယ်နယ်ပယ် မီးဖိုနဲ့ဆိုရင် ငါ စမ်းကြည့်လို့ရတယ်...”
အသက်ကြီးပိုင်း တောင်ထိပ်သခင် ခဏမျှ စဥ်းစားပြီးနောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ, ဒီအစီအစဥ်အတိုင်း ဆက်လုပ်ကြတာပေါ့.... ဒါ့အပြင် နတ်ဘုရားရရှိခြင်းနယ်ပယ် တပည့်တွေကိုလည်း အတွေ့အကြုံရဖို့ အဲဒီကို ခေါ်သွားလိုက်...”
ရှီယင်ချင်း နိဂုံးချုပ်လိုက်သည်။
သာမန် အဆင့် ၁ ဂိုဏ်းတစ်ခုအတွက်မူ ကောင်းကင်နတ်ဆိုးချောက်နက်က အလွန်တရာ အန္တရာယ်များနိုင်ပေသည်။
သို့သော် ထိုက်ရွှမ်းဂိုဏ်းအတွက်မူ ၎င်းကို ကိုင်တွယ်နိုင်သည်။
အကယ်၍ သူတို့သာ သူတို့၏ စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်လျှင် ဤကောင်းကင်နတ်ဆိုးချောက်နက်ကို တိုက်ရိုက်ပင် နှိမ်နင်းနိုင်မည်ဖြစ်သည်။
ပြဿနာမှာ သူတို့ ထိုသို့ မလုပ်နိုင်ခြင်း ဖြစ်သည်။
....
မုန့်ချန်ချင်း ဂိုဏ်းချုပ်ငယ် ဖြစ်လာသည့် သတင်းက ဂိုဏ်းတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့ပြီး ဖြစ်သည်။
သို့သော် ထို့နောက်တွင် ဂိုဏ်းချုပ်က သူ၏ဆရာကိုယ်စား တပည့်လက်ခံလိုက်သည့် သတင်းက ပို၍ပင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ဂိုဏ်းတွင်းရှိ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
ဆရာ့ကိုယ်စား တပည့်လက်ခံခြင်း... ဤအရာက ဘာကို ဆိုလိုသနည်း။
၎င်း၏အဓိပ္ပာယ်မှာ ယခုမှစ၍ ဂိုဏ်းချုပ်ငယ်သည် အဆင့်အတန်းတင်မကဘဲ ဝါအရပါ သူတို့ထက် များစွာ မြင့်မားသွားခြင်းပင် ဖြစ်သည်။
အနာဂတ် သူတို့ ဆုံတွေ့ကြသည့်အခါ သူ့ကို ဂိုဏ်းချုပ်ငယ် သို့မဟုတ်... သိုင်းပညာဦးလေး ဟု ခေါ်ရတော့မည် ဖြစ်သည်။
ဤသတင်းကို ကြားလိုက်ရသည့်အခါ ပထမဆုံး လက်မခံနိုင်ဖြစ်သွားသူမှာ မိုရှောင်ယု ဖြစ်သည်။
မကြာသေးမီကမှ သူမက သူ၏ စီနီယာအမ ဖြစ်ချင်ခဲ့သော်လည်း ယခုမူ အရာအားလုံးက လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့ပြီဖြစ်သည်။
သူမက သူ့ကို သိုင်းပညာဦးလေး ဟု ခေါ်ရတော့မည်ပင်။
သိုင်းပညာဦးလေး... မုန့်?
တွေးကြည့်ရုံမျှဖြင့်ပင် နှုတ်မှ ထွက်ရန် ခက်ခဲလှပေသည်။
ကျင့်ကြံခြင်းခန်းမထဲတွင် မုန့်ချန်ချင်း ခြေချိတ်ထိုင်နေဆဲ ဖြစ်သည်။
သူ၏ အငွေ့အသက်မှာ အလွန်တရာ နက်ရှိုင်းလာခဲ့ပြီး လွန်ခဲ့သော နှစ်လကထက် ဆယ်ဆမျှ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော စစ်မှန်အနှစ်သာရမှာ အနည်းငယ်မျှ လွင့်ပျံလာရုံဖြင့်ပင် ကြီးမားသော ဖိအားကို ပေးစွမ်းနိုင်သည်။
“နောက်ဆုံးတော့ အဆင့် ၉ အထွတ်အထိပ်ရောက်ပြီ...”
မုန့်ချန်ချင်း ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။
လွန်ခဲ့သော နှစ်လအတွင်း သူသည် နတ်ဘုရားရရှိခြင်းနယ်ပယ်အကြောင်း ရှီယင်ချင်းထံ သွားရောက် ဆွေးနွေးခဲ့သည့် တစ်ကြိမ်မှလွဲ၍ အဆက်မပြတ် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသော အချိန်များတွင် သူသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းခဲ့သဖြင့် ရလဒ်များမှာ ထင်ရှားလှသည်။
တာအိုဖန်တီးခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး စစ်မှန်အနှစ်သာရ အရည်အသွေးမှာလည်း ယခုအခါ ရွှေရည်ကဲ့သို့ အလွန်တရာ သာလွန်လှပေသည်။
“နောက်တစ်ခုက အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ပြီး ဝိညာဥ်ရေးရာ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ပဲ...”
မုန့်ချန်ချင်း မျက်လုံးများ တောက်ပနေခဲ့သည်။
အသိစိတ်ပင်လယ်မှာ လူ့ခန္ဓာကိုယ်၏ အဆန်းကြယ်ဆုံး အစိတ်အပိုင်း ဖြစ်သည်။
ဦးခေါင်းခွံ၏ နက်ရှိုင်းသောနေရာတွင် တည်ရှိပြီး စိတ်ဝိညာဥ်စွမ်းအားဟုသိကြသည့် ဝိညာဥ်စွမ်းအားကို မွေးမြူပေးသည်။
ဝိညာဥ်စွမ်းအားတွင် အံ့ဩဖွယ်ကောင်းသော အသုံးဝင်ပုံများစွာ ရှိသည်။
ဥပမာ- မိမိ၏ ဝိညာဥ်အသိစိတ်ကို ကြီးထွားစေပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပြင်ပတွင် ရှင်သန်နိုင်ကာ တခြားသူများ၏ ခန္ဓာကိုယ်ကို လုယူနိုင်သည့် အဆင့်အထိပင် ဖြစ်သည်။
မိမိ၏ အသိစိတ်ပင်လယ်ကို မဖွင့်လှစ်ရသေးသည့် မည်သည့်ကျင့်ကြံသူမဆို ဝိညာဥ်ပိုင်းဆိုင်ရာတွင် အားနည်းကြသည်။
ဝိညာဥ်ရေးရာ ခုခံကာကွယ်မှုအတွက် လျှို့ဝှက်ရတနာ မရှိပါက မည်သည့် ဝိညာဥ်ရေးရာ တိုက်ခိုက်မှုမဆို သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ခြင်း သို့မဟုတ် နေရာတွင်တင် ချက်ချင်း သေဆုံးစေနိုင်သည်။
“ဒါကြောင့်မို့လို့ နတ်ဘုရားရရှိခြင်းနယ်ပယ်က အဆင့်နိမ့်နယ်ပယ်က စစ်သည်တော်တွေကို လုံးဝ လွှမ်းမိုးချုပ်ကိုင်နိုင်တာကိုး... ငါဘယ်လောက်ပဲသန်မာသန်မာ နတ်ဘုရားရရှိခြင်းနယ်ပယ်ရှေ့မှာတော့ စက္ကူတစ်ရွက်လိုပဲ...”
မုန့်ချန်ချင်း တစ်ယောက်တည်းရေရွတ်လိုက်သည်။
ဝိညာဥ်ရေးရာတိုက်ခိုက်မှုများသည် ရုပ်ခန္ဓာခုခံမှုတွေကို လျှစ်လျူရှုနိုင်ပြီး လူတစ်ယောက်၏ ခန္ဓာသန့်စင်နည်းစနစ်၌ ဤ(ဝိညာဥ်ခုခံရေး)အခန်းကဏ္ဍမပါဝင်လျှင် အသုံးဝင်မည်မဟုတ်ပေ။
‘ဧကရာဇ်ကောင်းကင်ကျမ်း’ တွင် ထိုအရာပါဝင်ပုံရသော်လည်း ပထမအတွဲကို ပြီးပြည့်စုံအောင် ကျင့်ကြံပြီး ကြယ်တာရာခန္ဓာအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။
ကျောက်တုံးလူသားသွေးမျိုးဆက်အတွက်မူ ရှီညီအစ်ကိုများ၏ပြောစကားအရ သွေးမျိုးဆက်နည်းစနစ်အချို့ကို နားလည်သဘောပေါက်ရမည် ဖြစ်သည်။
သူ့တွင် လောလောဆယ် နှစ်ခုလုံး မရှိသေးချေ။
“ဒါပေမဲ့ ဒီနေ့ကစပြီး ငါလည်း ဒီနယ်ပယ်ထဲကို ခြေလှမ်းလှမ်းတော့မယ်...”
မုန့်ချန်ချင်း သူ၏ သိုလှောင်လက်စွပ်ထဲမှ နောက်ဆုံး ဆေးပုလင်းကို ထုတ်ယူလိုက်သည်။
၎င်းထဲတွင် အဆင့် ၅ ရတနာဆေးလုံး ဖြစ်သော နတ်ဘုရားအသွင်ပြောင်းဆေး ပါရှိသည်။
ဤဆေးလုံးများသည် ပြင်ပလောကတွင် ထိပ်တန်းရတနာများ ဖြစ်ကြပြီး အလွန်တရာ အဖိုးတန်လှပေသည်။
သူတို့ဂိုဏ်းကဲ့သို့ နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိသည့် ဂိုဏ်းမျိုးသာလျှင် တပည့်များ၏ ကျင့်ကြံရေး လိုအပ်ချက်အတွက် ဤကဲ့သို့သော ဆေးလုံးများကို ထုတ်ပေးနိုင်သည်။
သေချာသည်မှာ မည်သူမဆို အသုံးပြုနိုင်ခြင်း မဟုတ်ပေ။
ဟန်လျိုယုကဲ့သို့ ထိပ်တန်း ပါရမီရှင်များပင် ဤကဲ့သို့သော ထိပ်တန်းဆေးလုံးများကို နေ့တိုင်း မရရှိနိုင်ချေ။
သူတို့တွင် လစဉ် သတ်မှတ်ထားသော ပမာဏ ရှိသည်။
ထို့ကြောင့် ယခုချိန် ဂိုဏ်းသည် အဓိက အရင်းအမြစ်များကို သူ့အပေါ်တွင် အမှန်တကယ် ပုံအောပေးထားခြင်း ဖြစ်သည်။
ထို့ပြင် ဤအရာက အစသာ ရှိသေးသည်။
နတ်ဘုရားအသွင်ပြောင်းဆေး၏ အခန်းကဏ္ဍမှာ စစ်သည်တော်များ အသိစိတ်ပင်လယ် တည်ရှိရာနေရာကို သိရှိခံစားမိစေရန်နှင့် မွေးရာပါ အတားအဆီးကိုကျော်ဖြတ်နိုင်ရန် ကူညီပေးခြင်း ဖြစ်သည်။
၎င်းတို့မှာ နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ဝင်ရောက်ရန်အတွက် ကြီးမားသော အတားအဆီးကြီး နှစ်ခု ဖြစ်သည်။
ဦးနှောက်ဟု ခေါ်ဆိုသောအရာမှာ အသိစိတ်ပင်လယ် မဟုတ်ပေ။
၎င်းမှာ အသိစိတ် ကိန်းအောင်းရာ နေရာမျှသာ ဖြစ်ပြီး သဘောတရားဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်သည်။
အသိစိတ်ပင်လယ်မှာ ပို၍ နက်ရှိုင်း၏။
သာမန်လူများနှင့် နှိုင်းယှဉ်ပါက သူ၏ နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ သွားရာလမ်းမှာ များစွာ ပိုမိုရိုးရှင်းသည်။
ပထမဦးစွာ သူသည် ဓားရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားပြီးဖြစ်သည့်အပြင် ဂိုဏ်းချုပ်၏ သွန်သင်မှုများကြောင့် ဝိညာဥ်ရေးရာ ကိစ္စရပ်များတွင် မြင့်မားသော နားလည်မှု ရှိနေခဲ့သည်။
ဂိုဏ်းချုပ်၏ အဆိုအရ ဓားရည်ရွယ်ချက်က မွေးရာပါ အတားအဆီးကို ချိုးဖျက်ရန် ကူညီပေးသည်။
ဒုတိယအနေဖြင့် သူ့တွင် နတ်ဘုရားအသွင်ပြောင်းဆေး ရှိသည်။
ဤအခြေခံအုတ်မြစ်များ အားလုံးနှင့်ဆိုလျှင် ကျရှုံးရန် ခက်ခဲလှပေသည်။
နာရီဝက်ခန့် ကြာပြီးနောက် မုန့်ချန်ချင်း သူ၏ အခြေအနေကို ချိန်ညှိလိုက်သည်။
ထို့နောက် နတ်ဘုရားအသွင်ပြောင်းဆေးကို ထုတ်ယူကာ တစ်ချိုက်တည်းဖြင့် မျိုချလိုက်သည်။
ဂလု!
၎င်း သူ့ဗိုက်ထဲသို့ ရောက်ရှိသွားသည့် ချက်ချင်းပင် ကျယ်ပြောလှသော ဆေးစွမ်းအင်များ အရည်ပျော်သွားခဲ့သည်။
အတိုင်းအဆမရှိသော အေးစက်သည့် ခံစားမှုတစ်ခုလည်း သူ၏ ဦးနှောက်ထဲသို့ ချက်ချင်းပင် တိုးဝင်သွားခဲ့သည်။
၎င်းတို့က မရေမတွက်နိုင်သော လက်တံများကဲ့သို့ သူ၏စိတ်အာရုံ အနက်ပိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။
မုန့်ချန်ချင်း မျက်လုံးမှိတ်လိုက်ပြီး အသိစိတ်က ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။
သူက အဆုံးမရှိသော အမှောင်ထုထဲသို့ ဝင်ရောက်သွားပုံရပြီး ဤအခိုက်အတန့်တွင် အချိန်ဟူသောအရာမှာ အဓိပ္ပာယ် ကင်းမဲ့သွားသလိုပင်။
ကံကောင်းစွာဖြင့် နတ်ဘုရားအသွင်ပြောင်းဆေး၏ စွမ်းအားက လမ်းပြမီးရှူးကဲ့သို့ လင်းလက်နေပြီး လမ်းပျောက်မသွားအောင် ကာကွယ်ပေးခဲ့သည်။
ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။
နောက်ဆုံး အချိန်တစ်ခုရောက်သည့်အခါ ထိုလက်တံများ ရပ်တန့်သွားခဲ့သည်။
ထို့အခါ သူရှေ့၌ ပေါ်လာသည့်အရာမှာ ကျယ်ပြောလှသော အပြာရောင် သမုဒ္ဒရာကြီး ဖြစ်သည်။
သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
သို့သော် ဤသမုဒ္ဒရာကြီးမှာ လှိုင်းတံပိုးမရှိဘဲ တည်ငြိမ်နေခဲ့သည်။
“ဒါ အသိစိတ်ပင်လယ် ပဲ...”
မုန့်ချန်ချင်း မျက်ခွံများ ကျုံ့သွားပြီး သူ၏မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
အကြောင်းမှာ ထိုအရာက မယုံနိုင်လောက်အောင်လှပပြီး ဖော်ပြရခက်သော ခံစားမှုမျိုးပင်။
ထိုအရာကို မြင်လိုက်ရသည့် ခဏ၌ပင် ၎င်းကို ပိုင်ဆိုင်လိုသည့် ဆန္ဒတစ်ခု သူ၏နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သည်။
၎င်းကို ရရှိပါက အတိုင်းအဆမရှိသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည်ဟု ခံစားနေရသည်။
သူက ခေါင်းပြင်ထန်စွာခါယမ်းပြီး စိတ်ကြည်လင်အောင်လုပ်လိုက်သည်။
အသိစိတ်ပင်လယ်အပြင်ဘက်၌ ဝေဝါးနေသော အတားအဆီးတစ်ခု ရှိနေသည်။
၎င်းမှာ မွေးရာပါ အတားအဆီး ဖြစ်သည်။
၎င်းကို ချိုးဖျက်နိုင်မှသာ နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
“စကြစို့...”
မုန့်ချန်ချင်း သူ၏ ဓားရည်ရွယ်ချက်ကို လှုံ့ဆော်လိုက်ပြီး နတ်ဘုရားအသွင်ပြောင်းဆေး၏ စွမ်းအားနှင့် ပေါင်းစပ်ကာ အတားအဆီးကို စတင်ချိုးဖျက်လိုက်တော့သည်။