← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇)

မပျက်စီးနိုင်သောခန္ဓာ၊ မသေမျိုးဝိညာဥ် နှင့် မိတ်ဆွေအဖြစ် အတင်းအကျပ် ထည့်သွင်းခြင်း

“ငါတို့က အခု ညီအစ်ကိုတွေ ဖြစ်နေကြပြီပဲ... ဒါကြောင့် ဒီလိုမျိုး လုပ်ထုံးလုပ်နည်းတွေ မလိုအပ်ပါဘူး...”

ရှီယင်ချင်းက လက်မြှောက်ကာ မုန့်ချန်ချင်းပုခုံးကို ပုတ်လိုက်သည်။

“ဒါ့အပြင် မင်းတစ်ယောက်ပဲ ဒီအရာတွေကို အကောင်းဆုံး အသုံးချနိုင်မှာ...”

ဤစကားကို ကြားလိုက်ရသဖြင့် မုန့်ချန်ချင်းက ဘာမှ ထပ်မပြောတော့ချေ။

“နောက်တစ်ခုအနေနဲ့ ငါ မင်းကို မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ်ရဲ့ ပထမဆုံးအတွဲအကြောင်း ရှင်းပြမယ်...”

ရှီယင်ချင်း ပြောလိုက်သည်။

“ကောင်းပါပြီ...”

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

သူသည် ဤကောင်းကင်အဆင့်ကျင့်စဥ်နည်းလမ်းကို အသေးစိတ် နားလည်လိုစိတ် ရှိနေသည်။

ထို့နောက် ရှီယင်ချင်းက စတင်ရှင်းပြတော့သည်။

တခြားသော သန့်စင်ကျမ်းအများအပြားနှင့် ဆင်တူစွာပင် “ထာဝရကောင်းကင်ကျမ်း” မှာ အထွေထွေလမ်းညွှန်ချက်တစ်ခုမျှသာ ဖြစ်ပြီး အမျိုးမျိုးသော ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာများ ပါဝင်သည်။

“မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ်” မှာ ၎င်း၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အတွဲ ၆ တွဲ ပါဝင်သည်။

ပထမဆုံးအတွဲမှာ စဦးကောင်းကင်အဆင့် ဖြစ်ပြီး နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ရောက်ရှိမှသာ ကျင့်ကြံနိုင်ရုံကျင့်ကြံနိုင်မည် ဖြစ်သည်။

မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ်တွင် မြင့်မားလှသော သဘောတရားများ ရှိသည်။

၎င်းက ဤကမ္ဘာလောကတွင် အမှန်တရားများစွာရှိသည်ဟု ယုံကြည်ပြီး အခြေခံအကျဆုံးအရာများ၊ တည်ရှိမှုနှင့် လုပ်ဆောင်ချက်တို့၏ အနှစ်သာရတွေဖြစ်ကြသည်။

အကယ်၍ တစ်ဦးတစ်ယောက်က ထိုအမှန်တရားများကို ခိုးယူကာ အသုံးပြုနိုင်မည်ဆိုပါက ထာဝရနှင့် မပျက်စီးနိုင်သော အခြေအနေသို့ ရောက်ရှိနိုင်မည် မဟုတ်ပါလား။

မပျက်စီးနိုင်သောခန္ဓာ၊ မသေမျိုးဝိညာဥ်၊ ကမ္ဘာလောကနှင့်အတူ ယှဥ်တွဲတည်ရှိခြင်းလား?

သို့သော်လည်း သိရှိခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအကြား ကွာဟချက်ကမူ ကြီးမားလှပေသည်။

သို့ပေမဲ့ “မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ်” က အနည်းဆုံးတော့ ဤပန်းတိုင်သို့ ချဥ်းကပ်နိုင်သည်။

ပထမဆုံးအတွဲ၏ အကြောင်းအရာမှာ မိမိကိုယ်ကိုယ် ကောင်းကင်နှင့်မြေကြီးတို့နှင့် ပေါင်းစပ်ခြင်းအကြောင်း ဖြစ်ပြီး ဟင်းလင်းပြင်ထဲမှ အမှန်တရားများကို ခံစားသိရှိနိုင်ရန် အစွမ်းထက်သော ဝိညာဥ်အသိစိတ်ကို အသုံးပြုခြင်း ဖြစ်သည်။

အကယ်၍ ၎င်းတို့ကို မခံစားနိုင်လျှင်တောင် လူအများအပြား လိုက်လံရှာဖွေနေကြသည့် အခြေအနေတစ်ခု ဖြစ်သည့်ကောင်းကင်နှင့် လူသားတစ်သားတည်းဖြစ်ခြင်း အခြေအနေကို ရရှိနိုင်သည်။

ဤအခြေအနေတွင် နားလည်နိုင်စွမ်းနှင့် ကျင့်ကြံရေးအရှိန်အဟုန် နှစ်ခုလုံးက အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုနှင့် တိုးတက်မှုတို့ကို ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။

“ကောင်းကင်အဆင့်ကျင့်စဥ်နည်းလမ်းက တကယ့်ကို သူ့ရဲ့နာမည်နဲ့လိုက်ဖက်တာပဲ...”

ရှီယင်ချင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မုန့်ချန်ချင်းက မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

အနည်းဆုံးတော့ မြေကမ္ဘာအဆင့်ကျင့်စဥ်နည်းလမ်းများတွင် ဤမျှ မြင့်မားလှသော သဘောတရားမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။

“အများကြီး အတွေးမလွန်ပါနဲ့... ဘယ် ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်မဆို ကြီးကျယ်တဲ့ သဘောတရားတွေ ရှိကြပေမယ့် အချို့ကတော့ ပြီးပြည့်စုံအောင် ကျွမ်းကျင်သွားရင်တောင် ဖော်ပြထားတဲ့ အကျိုးသက်ရောက်မှုတွေကို ရချင်မှ ရကြတာ...”

မုန့်ချန်ချင်း၏ တုံ့ပြန်မှုကို မြင်ပြီးနောက် ရှီယင်ချင်း ပြုံးလျက် ပြောလိုက်သည်။

“တကယ်တော့ ကောင်းကင်အဆင့်ကျင့်စဥ်နည်းလမ်းတွေရဲ့ တန်ဖိုးအကြီးဆုံးအချက်က လမ်းကြောင်းတစ်ခု၊ မဟာလမ်းစဥ်တစ်ခုကို ပေးစွမ်းနိုင်တာပဲ.... ဖန်တီးသူက အုတ်မြစ်ကို ချပေးခဲ့ပြီး အခြားတစ်ဖက်ကမ်းကို သွားမယ့် လမ်းကို ဖောက်လုပ်ဖို့အတွက် နောက်ထပ်လူတွေ ပိုပြီးတော့ တည်ဆောက်ဖို့ လိုအပ်တယ်...”

“ကျွန်တော် နားလည်ပြီ...”

မုန့်ချန်ချင်းက သဘောပေါက်သွားပြီး သိချင်စွာဖြင့် မေးလိုက်သည်။

“ဒါဆိုရင် စီနီယာအကို... မင်းက ဘယ်နှစ်တွဲမြောက်ကို ရောက်နေပြီလဲ...”

“အတွဲ ၅ ...”

ရှီယင်ချင်းက ဖုံးကွယ်မထားခဲ့ချေ။

“အဲ့အဆင့်မှာ မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ်မှာ ဖော်ပြထားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပြီလား...”

မုန့်ချန်ချင်းက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။

“ရှိတယ်... ဒါပေမဲ့ အတွဲ ၆ ကို ရောက်မှပဲ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မယ် ထင်တယ်...”

ရှီယင်ချင်း မျက်လုံးများထဲတွင် ရှားရှားပါးပါး တောင့်တရိပ်တစ်ခု ပေါ်လာခဲ့သော်လည်း ၎င်းက မကြာမီမှာပင် နှမြောတသမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ အခုခေတ်မှာ အရင်းအမြစ်တွေ ရှားပါးပြီး သန့်စင်နယ်မြေတွေက ထိန်းချုပ်ထားတာ.... ပြီးပြည့်စုံအောင် ကျွမ်းကျင်ဖို့က ကောင်းကင်ပေါ် တက်ရသလို ခက်ခဲလွန်းတယ်...”

ဤစကားကို ကြားလိုက်ရချိန် မုန့်ချန်ချင်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။

နောက်တစ်ကြိမ် သန့်စင်နယ်မြေပဲဖြစ်ပြန်ပြီ။

ယခင်က သူသည် ဒဏ္ဍာရီလာ သန့်စင်နယ်မြေများကို မြင့်မားစွာ တန်ဖိုးထားခဲ့သော်လည်း သူ၏ဒေါ်လေးထံမှ ကြားသိရပြီးနောက်နှင့် သူ၏စီနီယာအကို၏ တုံ့ပြန်မှုကို မြင်တွေ့ရပြီးနောက်တွင်မူ ထိုအတွေးများမှာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

“ကဲ... ဒီနေ့အတွက် ဒါက လုံလောက်ပြီ... မင်းမှာ တစ်ခုခု မေးစရာရှိရင် ငါ့ကို လာရှာလို့ရတယ်...”

ရှီယင်ချင်း ပြောလိုက်သည်။

“ဒါ့ပြင် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပါ... နောက်ထပ် ရက်အနည်းငယ်နေရင် အထဲက နတ်ဆိုးတွေကို ဖိနှိပ်ဖို့ ဂိုဏ်းက နတ်ဆိုးချောက်နက်ကို လွှဲပြောင်းယူလိမ့်မယ်... မင်း အဲဒီကိုသွားပြီး လေ့ကျင့်လို့ရတယ်...”

“နတ်ဆိုးချောက်နက်?...”

မုန့်ချန်ချင်းက ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ထိုအရာကို မြင်သည့်အခါ ရှီယင်ချင်း အကြောင်းအရာကို အကျဥ်းချုံး ရှင်းပြလိုက်သည်။

“ကျွန်တော် နားလည်ပြီ...”

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

နတ်ဆိုးချောက်နက်များကို နှိမ်နင်းခြင်းက အဆင့် ၁ ဂိုဏ်းတစ်ခု၏ တာဝန် ဖြစ်သည်။

ဤကဲ့သို့သော ဗဟုသုတ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် သူ ဗဟုသုတစာအုပ်များကို ပိုမိုဖတ်ရှုရန် လိုအပ်ပုံရသည်။

အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးပြီးပြီ ဖြစ်ရာ ထွက်ခွာရန် အချိန်တန်ပြီ ဖြစ်သည်။

သို့သော် သူ ဤနေရာသို့ ရောက်ရှိနေပြီး ဤမျှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးနှင့် ရင်ဆိုင်နေရသဖြင့် မုန့်ချန်ချင်းသည် လက်ဗလာဖြင့် မပြန်ချင်ပေ။

သေချာစဥ်းစားပြီးနောက် ဤအရာက အနည်းငယ် ရုတ်တရက်ဆန်ပုံရသော်လည်း သူ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“စီနီယာအကို... ငါ့မှာ ယဉ်ကျေးမှုမရှိတဲ့ တောင်းဆိုချက်တစ်ခု ရှိတယ်... မင်း သဘောတူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...”

မုန့်ချန်ချင်း ပြောလိုက်သည်။

“အို... ပြောပါဦး...”

ရှီယင်ချင်း လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ငါတို့က ညီအစ်ကိုတွေ ဖြစ်ကြပေမယ့် အနာဂတ်မှာ မိတ်ဆွေတွေအဖြစ် ဆက်ဆံလို့ရမလား...”

မုန့်ချန်ချင်း မေးလိုက်သည်။

“ဘာဖြစ်လို့လဲ...”

ရှီယင်ချင်းမှာ သိသိသာသာပင် အံ့အားသင့်သွားခဲ့သည်။

သူက မုန့်ချန်ချင်းတွင် ကျင့်ကြံရေးမေးခွန်းတစ်ခု ရှိနေသည်ဟု ထင်မှတ်ခဲ့သော်လည်း ဤတောင်းဆိုချက်က လုံးဝ မျှော်လင့်မထားသောအရာ ဖြစ်သည်။

“ဘာလို့လဲဆိုတော့ ငါ့အမြင်အရ ညီအစ်ကိုပတ်သက်မှုက နည်းနည်း အလှမ်းကွာဝေးသလို ခံစားရလို့ပါ... မိတ်ဆွေတွေနဲ့ ရင်းနှီးတဲ့ သံယောဇဥ်တွေကမှ ပိုပြီးတော့ နီးစပ်မှု ရှိတာ...”

မုန့်ချန်ချင်း သူကိုယ်တိုင်ပင် သိပ်မယုံကြည်သော စကားများကို အတင်းအကျပ် လုပ်ကြံဖန်တီးကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့ပေမဲ့ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

အကယ်၍ အဆင်မပြေပါက နောက်မှ အခြားနည်းလမ်းတစ်ခုကို စဥ်းစားမည် ဖြစ်သည်။

ရှီယင်ချင်း သူ့မျက်ခုံးကို ပွတ်လိုက်သည်။

သူ့တစ်သက်တွင် ဤကဲ့သို့သော တောင်းဆိုချက်မျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။

ဤအရာက ထူးဆန်းလွန်းလှသည်။

“ကောင်းပြီလေ...”

သေချာစဥ်းစားပြီးနောက် ရှီယင်ချင်း ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

ဤအရာက နှုတ်ကတိမျှသာ ဖြစ်သဖြင့် ကြီးမားသော ပြဿနာ မဟုတ်ပေ။

သူ၏ ဂျူနီယာညီလေးတွင် ထူးဆန်းသော အလေ့အထအချို့ ရှိနေနိုင်ပြီး ညီအစ်ကိုများကဲ့သို့ ဆက်ဆံခြင်းထက် မိတ်ဆွေများကဲ့သို့ ဆက်ဆံသည့် ပုံစံကို ပိုမိုနှစ်သက်သည်ဟု ယူဆလိုက်သည်။

အဆုံးတွင်တော့ ပါရမီရှင်များတွင် သူတို့၏ ထူးခြားချက်များ ရှိတတ်ကြသည် မဟုတ်ပါလား။

သူ ငယ်စဥ်ကကော အချို့ မရှိခဲ့ဖူးဘူးလား။

ဒင်!

[ရှီယင်ချင်းကို မိတ်ဆွေအဖြစ် အောင်မြင်စွာ ထည့်သွင်းပြီးပါပြီ!]

[လက်ရှိ နှစ်သက်မှု - ကြယ် ၁ ပွင့်!]

[စွမ်းရည်များ ရွေးချယ်ပါ]

စနစ်၏ သတိပေးသံကို ကြားလိုက်ရသဖြင့် မုန့်ချန်ချင်း၏ မျက်လုံးများက ဝမ်းသာအားရဖြင့် လင်းလက်သွားခဲ့သည်။

အလုပ်ဖြစ်သွားပြီပင်။

အောင်မြင်မှုက အမြဲတမ်း မိမိဘက်မှ စတင်လုပ်ဆောင်ရန် လိုအပ်ကြောင်း သူ သဘောပေါက်လိုက်သည်။

အကယ်၍ မစမ်းသပ်ကြည့်ပါက ရလဒ်ကို သိရှိနိုင်မည် မဟုတ်ချေ။

ယခုကဲ့သို့ပင်, အောင်မြင်ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူ၏အလားအလာနှင့် တန်ဖိုးတို့က ရှီယင်ချင်းအနေဖြင့် ဤကဲ့သို့ထူးဆန်းသည့် တောင်းဆိုချက်ကို သဘောတူရန်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်းကိုလည်း သူ သိထားသည်။

မဟုတ်ပါက အခြား မည်သူမဆို လက်ဝါးချက်တစ်ချက်တည်းဖြင့် အဝေးသို့ ရိုက်ထုတ်ခံရလိမ့်မည် ဖြစ်သည်။

“ဒါဆိုရင်တော့ စီနီယာအကို... ကျွန်တော့်ကို သွားခွင့်ပြုပါဦး...”

မုန့်ချန်ချင်း ပြောလိုက်သည်။

မိတ်ဆွေအဖြစ် အောင်မြင်စွာ ထည့်သွင်းပြီးနောက် သူ၏ စိတ်ခံစားချက်က များစွာ ပိုမိုကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

“သွားလေ...”

ရှီယင်ချင်းက ပြန်ပြောလိုက်သည်။

ဤသို့ဖြင့် မုန့်ချန်ချင်း လှည့်ထွက်ရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။

သူက ညာဘက်သို့ ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် အုတ်ဂူမှတ်တိုင် ရှစ်ခု မားမားမတ်မတ်ရှိနေသည်ကို မြင်လိုက်ရသည်။

ညင်သာသော လေပြေလေညင်း တိုက်ခတ်လာသဖြင့် ပန်းပင်လယ်ကြီးက လှိုင်းထသွားခဲ့ရာ လှပသော်လည်း ဝမ်းနည်းစရာကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အခန်း (၁၄၈)

ကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှု၊ တောင်ကို တောင်ဟု မမြင်တော့ခြင်း

ဂိုဏ်းချုပ်၏ အဓိကခန်းမဆောင်မှ ထွက်ခွာလာပြီးနောက် မုန့်ချန်ချင်း သူ၏ ကျင့်ကြံခြင်းနေရာဆီသို့ တည့်တည့်ပြန်လာခဲ့သည်။

ယခုတစ်ကြိမ်တွင် သူ အမှန်တကယ်ပင် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

ဟန်လျိုယုကို မိတ်ဆွေအဖြစ် ထည့်သွင်းနိုင်ခဲ့ရုံတင်မက ဂိုဏ်းချုပ်ကိုပါ မိတ်ဆွေစာရင်းထဲသို့ ထည့်သွင်းနိုင်ခဲ့သည် မဟုတ်ပါလား။

စိတ်ဝင်စားစရာကောင်းသည်မှာ ဂိုဏ်းချုပ်၏ ပါရမီစွမ်းရည်မှာလည်း အရှင်သခင်သွေးကြော ဖြစ်နေခြင်းပင်။

၎င်းတို့အကြားတွင် ဆရာနှင့် တပည့် ပတ်သက်မှုထက် ပိုလွန်သောအရာများ ရှိနေသည်လား။

သို့သော် ဤအရာက ပြောရန် ခက်ခဲလှပေသည်။

အဆုံးတွင်တော့ ပါရမီစွမ်းရည်ဟူသည်မှာ ခန္ဓာကိုယ်တည်ဆောက်ပုံကဲ့သို့ သွေးမျိုးဆက်အရ ဆင်းသက်လာခြင်းမျိုး မဟုတ်ဘဲ လုံးဝ ကျပန်း ဖြစ်ပေါ်လာတတ်ခြင်း ကြောင့်ပင်။

ဂိုဏ်းချုပ်က ဟန်လျိုယုကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာ သူတို့ချင်း တူညီသော ပါရမီစွမ်းရည် ရှိကြခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

မုန့်ချန်ချင်း ခြေချိတ်ထိုင်လိုက်ပြီးနောက် စနစ်၏ အချက်အလက်ဇယားကို ဆင့်ခေါ်လိုက်သည်။

[အိမ်ရှင် - မုန့်ချန်ချင်း]

[...]

[မပေါင်းစပ်ရသေးသော စွမ်းရည်များ - (စောင့်ဆိုင်းဆဲ) ၂]

[ကျန်ရှိသော အပိုဆုလာဘ်များ - စွမ်းရည်ရွေးချယ်ရေးကဒ် ၅ ကဒ်၊ စွမ်းရည်ရယူရေးကဒ် ၁ ကဒ်...]

“စနစ်... ဟန်လျိုယုရဲ့ အရှင်သခင်သွေးကြော ကို ရွေးချယ်ပြီး ပေါင်းစပ်မယ်...”

မုန့်ချန်ချင်း စိတ်ထဲမှ တိုးတိုးရေရွတ်လိုက်သည်။

ဂိုဏ်းချုပ်၏ ပင်ကိုယ်ပါရမီအချက်အလက်ထဲမှ ရွေးချယ်ရန်မှာ ခက်ခဲလွန်းလှသဖြင့် ပထမဆုံး ပို၍လွယ်ကူသောအရာကို အရင်ဖြေရှင်းလိုက်ခြင်း ဖြစ်သည်။

ဒင်!

[စွမ်းရည်ရွေးချယ်ရေးကဒ် တစ်ကဒ် အသုံးပြုပြီးပါပြီ]

[ရရှိသော စွမ်းရည် - အရှင်သခင်သွေးကြော]

[ပေါင်းစပ်ခြင်း စတင်ပါပြီ]

စနစ်၏ စကားလုံးများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် မုန့်ချန်ချင်း၏ ခန္ဓာကိုယ် တုန်ခါသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများအားလုံးက တစ်ပြိုင်နက်တည်း တုန်ခါလာခဲ့သည်။

၎င်းက တိုးတက်ကြီးထွားလာသည့် ခံစားချက်မျိုးပင်။

ဟုတ်ပါသည်။

ကြီးထွားလာခြင်းဖြစ်သည်။

ထို့ပြင် ၎င်းက အရူးအမူး ကြီးထွားနေခြင်း ဖြစ်သည်။

သွေးကြောများက အဆက်မပြတ် ဆန့်ထွက်ကာ ကျယ်ပြန့်လာခဲ့သည်။

ထို့အပြင် နားလည်ရန်ခက်ခဲသော ဆန်းကြယ်သည့် အရာဝတ္ထုတစ်ခုလည်း ဖြစ်တည်နေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ပေါင်းစပ်ခြင်း ပြီးဆုံးသွားခဲ့သည်။

မုန့်ချန်ချင်း မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။

သူ၏ လက်ရှိ သွေးကြောများမှာ ပိုမိုထူထဲလာပြီး ပို၍ ခံနိုင်ရည်ရှိလာခဲ့သည်။

ယခင် အရွယ်အစားထက် ဆယ်ဆနီးပါးခန့် ပိုမိုကြီးမားလာခြင်း ဖြစ်သည်။

၎င်းအပြင် သွေးကြောများပေါ်တွင် နက်နဲပြီး နားလည်ရန်ခက်ခဲသော ဆန်းကြယ်သည့် ပုံစံများစွာ ရှိနေခဲ့သည်။

မုန့်ချန်ချင်း မသိစိတ်အရ သူ၏ စစ်မှန်အနှစ်သာရကို လည်ပတ်လိုက်သည်။

ထိုအခါ ထိုပုံစံများ ချက်ချင်းလင်းလက်လာပြီး ၎င်းတို့ကို ဖြတ်သန်းစီးဆင်းသွားသော စစ်မှန်အနှစ်သာရမှာ ပိုမိုအားကောင်းလာကာ အရည်အသွေးလည်း များစွာ မြင့်တက်သွားခဲ့သည်။

ဤအရာက လင်းလုံးမဟာကြော့ကွင်းကောင်းကင်နှင့် လုံးဝတူညီလုနီးပါးပင်။

ထို့ပြင် ၎င်းက မည်သည့်အချိန်ကန့်သတ်ချက်မှမရှိဘဲ အမြဲတမ်း တည်ရှိနေခြင်း ဖြစ်သည်။

တကယ်တော့ မုန့်ချန်ချင်းအတွက် ယခုအချိန်အထိ လင်းလုံးမဟာကြော့ကွင်းကောင်းကင်၏ အကြီးမားဆုံး အခန်းကဏ္ဍမှာ ကျင့်ကြံရေးကို ကူညီပေးခြင်းသာ ဖြစ်သည်။

မဟုတ်ပါက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်နှင့် တာအိုဖန်တီးခြင်းနယ်ပယ် ဟူသော နယ်ပယ်နှစ်ခုကို ဖြတ်ကျော်ရန် ဤမျှလောက် လွယ်ကူလိမ့်မည် မဟုတ်ချေ။

“မဆိုးပါဘူး...”

မုန့်ချန်ချင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“နောက်တစ်ခုကတော့ ဂိုဏ်းချုပ်ရဲ့ စွမ်းရည်တွေကို ရွေးချယ်ဖို့ အချိန်တန်ပြီ...”

မုန့်ချန်ချင်း မိတ်ဆွေစာရင်းကို ဖွင့်လိုက်သည်။

ထို့နောက် ရှီယင်ချင်း၏ ပုံရိပ်ကို နှိပ်လိုက်သည်။

ထိုအခါ ရှီယင်ချင်း၏ဇယား ချက်ချင်း ပေါ်လာခဲ့သည်။

[မိတ်ဆွေ - ရှီယင်ချင်း]

[မျိုးနွယ် - လူသား]

[ကျင့်ကြံရေး - သေခြင်းရှင်ခြင်းနယ်ပယ်၊ အဆင့် ၁ (ယာယီ)]

[အမြစ်ရိုး - အဆင့် ၁]

[နားလည်နိုင်စွမ်း - ထူးခြားထက်မြက်ခြင်း]

[ပါရမီစွမ်းရည် - အရှင်သခင်သွေးကြော]

[ရုပ်ခန္ဓာ - သန့်စင်သောသိုင်းပညာခန္ဓာ]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ - ထာဝရကောင်းကင်ကျမ်း - မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ် (အတွဲ ၅)၊ ထာဝရကောင်းကင်ကျမ်း - ဘေးဒုက္ခသုံးပါး ကပ်ဘေးကိုးပါး ပျက်သုဥ်းခြင်း နတ်ဘုရားလက်သီး (ကျွမ်းကျင်) ... ထာဝရကောင်းကင်ကျမ်း - အမှန်တရားနတ်ဘုရားလက်သီး (ပြီးပြည့်စုံခြင်း) ...]

မကြာသေးမီကမှ မြင်တွေ့ခဲ့ရသော်လည်း ၎င်းကို နောက်တစ်ကြိမ် ပြန်လည်မြင်ရသည့်အခါတွင်လည်း မုန့်ချန်ချင်းကို အံ့ဩလေးစားမှုများ ဖြစ်ပေါ်စေဆဲပင်။

ဤမျှ ဆန်းပြားလှသော ပင်ကိုယ်ပါရမီအချက်အလက်မျိုးနှင့်ဆိုလျှင် ထိပ်တန်း ပါရမီရှင်များပင် နှိုင်းယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒါဆို ငါ ဘာကို ရွေးချယ်သင့်လဲ...”

မုန့်ချန်ချင်း လေးနက်စွာ တွေးတောနေခဲ့သည်။

တကယ်တော့ ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ ကဏ္ဍအောက်တွင် ရွေးချယ်စရာများစွာ ရှိနေသည်။

သို့သော် ၎င်းကို နှိပ်ကြည့်မှသာ ပိုမိုတိကျသော အသေးစိတ်အချက်အလက်များကို မြင်တွေ့နိုင်မည် ဖြစ်သည်။

ထိုအထဲတွင် [မသေမျိုးအမှန်တရားကောင်းကင်ဘုရင်အတတ် (အတွဲ ၁)] ကလည်း ပါဝင်နေသည်။

ဂိုဏ်းချုပ်က အတွဲ ၅ အထိ လေ့ကျင့်ထားပြီး ဖြစ်သဖြင့် ပထမ လေးတွဲမှာ သဘာဝအတိုင်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေမည် ဖြစ်သည်။

အကယ်၍ သူ လိုချင်ပါက ပထမဆုံးအတွဲကို ချက်ချင်း ပေါင်းစပ်နိုင်ပြီး ချက်ချင်းပင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားစေနိုင်သည်။

"သန့်စင်သောသိုင်းခန္ဓာ... ငါ မှတ်မိသလောက်ဆိုရင် ဒါက မွေးရာပါဓားခန္ဓာနဲ့ ဆင်တူတယ်... ဒါပေမဲ့ ဒါက လက်သီးနဲ့ လက်ဝါးလိုမျိုး အနီးကပ်တိုက်ခိုက်ရေးအတွက် အထူးပြုထားတဲ့ အထူးခန္ဓာကိုယ်တည်ဆောက်ပုံမျိုးပဲ..."

"သက်ဆိုင်ရာ သိုင်းပညာတွေကို လေ့ကျင့်တဲ့အခါ နတ်ဘုရားတွေ ကူညီပေးနေသလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားမျိုး ထုတ်ဖော်နိုင်တယ်..."

“လက်ဝါးတစ်ချက်က ကောင်းကင်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေပြီး လက်သီးတစ်ချက်က မြေပြင်ကို ခွဲပစ်နိုင်သလို၊ လက်ညှိုးတစ်ချက်က တောင်တန်းတွေ မြစ်တွေကို ချိုးဖျက်နိုင်တယ်...”

မုန့်ချန်ချင်း အတိတ်က ဗဟုသုတစာအုပ်များထဲတွင် ဖော်ပြထားခဲ့သည်များကို ပြန်လည်အမှတ်ရလိုက်သည်။

“ပြီးတော့ ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်း...”

သာလွန်အဆင့် နားလည်နိုင်စွမ်းထက် ကျော်လွန်သော အရာတစ်ခုကို သူ မြင်ဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။

သူ၏ အကြည့်က မတူညီသော စွမ်းရည်များအကြား ရွှေ့လျားနေခဲ့ပြီး မုန့်ချန်ချင်း အနည်းငယ် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။

ရွေးချယ်ရန် အမှန်တကယ်ပင် ခက်ခဲလှပေသည်။

“သန့်စင်သောသိုင်းခန္ဓာကတော့ ခဏ စောင့်လို့ရသေးတယ်... အဆုံးမှာတော့ ငါက လောလောဆယ် ဓားလမ်းစဥ်ကို အဓိကထားနေပြီး မွေးရာပါဓားခန္ဓာလည်း ရှိနေပြီးသားပဲ... ဒါဆိုရင် ကျန်နေတာက နားလည်နိုင်စွမ်းနဲ့ ကျင့်ကြံရေးနည်းစနစ်တွေပေါ့...”

အတိအကျ ပြောရလျှင် မုန့်ချန်ချင်း ၎င်းတို့ နှစ်ခုလုံးကို ရရှိနိုင်သည်။

အကြောင်းမှာ သူ့တွင် စွမ်းရည်ရယူရေးကဒ် တစ်ကဒ် ကျန်ရှိနေသေးခြင်းကြောင့်ပင်။

စွမ်းရည်ရယူရေးကဒ်က ရွေးချယ်ရေးကဒ်ထက် ပို၍ အစွမ်းထက်ပြီး နှစ်သက်မှု ကန့်သတ်ချက်ကို ဂရုစိုက်ရန်မလိုဘဲ မည်သည့်စွမ်းရည်ကိုမဆို ရယူနိုင်စွမ်း ရှိသည်။

သို့သော် ဤကဒ်က အလွန်တရာ ရှားပါးလှသည်။

သူ ၎င်းကို ပေါ့ပေါ့ဆဆ မသုံးချင်ပေ။

“ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်းကိုပဲ ရွေးချယ်တာ ပိုကောင်းလိမ့်မယ်...”

ခဏမျှ တွေးတောပြီးနောက် မုန့်ချန်ချင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ပထမဆုံးအနေဖြင့် သူက လောလောဆယ် နတ်ဘုရားရရှိခြင်းနယ်ပယ်တွင် ရှိနေပြီး ဤနယ်ပယ်က နားလည်နိုင်စွမ်းအပေါ်တွင် အဓိက မှီခိုနေရခြင်း ဖြစ်သည်။

ထို့ကြောင့် နားလည်နိုင်စွမ်းက အလွန်တရာ အရေးကြီးလှသည်။

လုံလောက်သော နားလည်နိုင်စွမ်း မရှိပါက ကျင့်ကြံရေး တိုးတက်မှုက နှေးကွေးသွားလိမ့်မည် ဖြစ်သည်။

ထို့အပြင် နားလည်နိုင်စွမ်းက လက်ရှိနယ်ပယ်အတွက်သာ အသုံးဝင်သည် မဟုတ်ပေ။

၎င်းက အနာဂတ်နယ်ပယ်များအတွက်လည်း အရေးပါနေဆဲဖြစ်ပြီး ပို၍ပင် အရေးကြီးလာလိမ့်မည် ဖြစ်သည်။

ကျင့်ကြံရေးနည်းစနစ်များအတွက်မူ မြင့်မားသော နားလည်နိုင်စွမ်းရှိပါက သူကိုယ်တိုင် လေ့လာနိုင်ပြီး ယခုအခါ သူ့တွင် လုံလောက်သော အရင်းအမြစ်များ ရှိနေသည်။

အကယ်၍ အနာဂတ်တွင် ဂိုဏ်းချုပ်နှင့် နှစ်သက်မှု ပိုမိုမြင့်မားလာပါက သူ ထပ်မံ ရွေးချယ်နိုင်သေးသည်။

ဤအချက်ကို တွေးမိပြီးနောက် မုန့်ချန်ချင်း တုံ့ဆိုင်းမနေတော့ချေ။

ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်းကို တိုက်ရိုက်ပဲ ပေါင်းစပ်ရန် ရွေးချယ်လိုက်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် တိုက်ခိုက်ရေးစွမ်းရည်ကို အလောတကြီးမြှင့်တင်ရန် မလိုအပ်လျှင် အခြေခံစွမ်းရည်များ၏ ဦးစားပေးအဆင့်က အမြင့်ဆုံး ဖြစ်သည်။

ဝူး... ဝူး...

ချက်ချင်းပင် မုန့်ချန်ချင်း သူ၏အသိစိတ်များမှာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဆေးကြောခံလိုက်ရသလို ခံစားလိုက်ရသည်။

ရှုပ်ထွေးမှုများအားလုံးလည်း လျင်မြန်စွာ ဖယ်ရှားခံလိုက်ရသည်။

တစ်ခဏအတွင်း သူ၏ အတွေးများက မြင့်တက်သွားခဲ့သည်။

သူ၏စိတ်က မိုးရွာပြီးစ ကောင်းကင်ကဲ့သို့ မည်သည့် အညစ်အကြေးမျှ မရှိဘဲ ကြည်လင်သန့်စင်သွားခဲ့သည်။

၎င်းက ဖော်ပြရခက်သော ဆန်းကြယ်သည့် ခံစားချက်မျိုးပင်။

ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သလိုမျိုး ခံစားရစေသည်။

အချိန်အတော်ကြာကြာပြီးနောက် မုန့်ချန်ချင်း မျက်လုံးဖွင့်လိုက်ပြီး ခန်းမဆောင်ထဲမှ တည့်တည့် ထွက်လာခဲ့သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ယခင်က ရင်းနှီးခဲ့သော မြင်ကွင်းမှာ ယခုအခါ ကွဲပြားခြားနားစွာ ခံစားလိုက်ရသည်။

သူသည် ထိုအရာကို များစွာသော အရာများနှင့် ချိတ်ဆက်နိုင်ပုံရသည်။

အချက်အလက်များကို ကောက်ချက်ချခြင်း၊ နှိုင်းယှဥ်နားလည်ခြင်း၊ နည်းလမ်းအားလုံး စုစည်းခြင်း။

ထို့ပြင် ပုံမှန်တွေးလိုက်ရုံဖြင့် သူ၏စိတ်ထဲတွင် စိတ်ဝိညာဥ်နှင့်ပတ်သက်သော နားလည်မှုများစွာ လိမ့်တက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ အသိစိတ်ပင်လယ်ထဲမှ ရေခဲပြင်ကြီးမှာ ယခင်ကထက် များစွာ ပိုမိုမြန်ဆန်သော အရှိန်အဟုန်ဖြင့် စတင်အရည်ပျော်လာခဲ့သည်။

“ဒါက ထူးခြားထက်မြက်ခြင်းအဆင့် နားလည်နိုင်စွမ်းပေါ့...”

မုန့်ချန်ချင်း နှလုံးသား တုန်လှုပ်သွားခဲ့သည်။

၎င်းက ယခင်အဆင့်နှင့် လုံးဝ နှိုင်းယှဥ်၍ မရချေ။

အကယ်၍ ယခင်အဆင့်က တောင်ကို တောင်ဟု မြင်ပြီး၊ ရေကို ရေဟု မြင်ခြင်း ဖြစ်ပါက ယခုကမူ တောင်ကို တောင်ဟု မမြင်တော့ဘဲ၊ ရေကို ရေဟု မမြင်တော့သည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကွာဟချက်က ကြီးမားလှပေသည်။

“ဒီနားလည်နိုင်စွမ်းနဲ့ဆိုရင် နတ်ဘုရားရရှိခြင်းနယ်ပယ် တိုးတက်မှုက နှေးကွေးမှာ မဟုတ်တော့ဘူး...”

မုန့်ချန်ချင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အခြားအရာများထက် ဤစွမ်းရည်ကို ရွေးချယ်ခဲ့မိသဖြင့် သူ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

“ဒါဆိုရင် အနာဂတ်မှာ ဂိုဏ်းချုပ်ရဲ့ နှစ်သက်မှုကို ငါ ဘယ်လို မြှင့်တင်ရမလဲ...”

မုန့်ချန်ချင်းက စဥ်းစားနေခဲ့သည်။

သူ၏ မျက်လုံးထဲတွင် ဂိုဏ်းချုပ်က လမ်းလျှောက်နေသော စွမ်းရည်စာကြည့်တိုက်ကြီးတစ်ခုကဲ့သို့ပင်။

အထူးသဖြင့် ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ ကဏ္ဍတွင် ဖြစ်သည်။

ဖွင့်ကြည့်လိုက်သည့်အခါ ၎င်းက ထူထပ်သိပ်သည်းစွာဖြင့် စူးရှတောက်ပလှပေသည်။

ဂိုဏ်းချုပ်သိထားတာတွေက များလွန်းလှသည်။

ဂိုဏ်းချုပ်၏ အသက်က အသက်နှစ်ရာနီးပါး ရှိနေပြီဟု ပြောကြသည်။

ထို့ကြောင့် ဤအရာက နှစ်ပေါင်းနှစ်ရာကြာ စုဆောင်းထားခဲ့သော အခြေခံအုတ်မြစ်ပင် ဖြစ်သည်။

“စနစ် ပြောတာ မှတ်မိပါသေးတယ်... နှစ်သက်မှု ကြယ် ၅ ပွင့် ရောက်သွားရင် အနာဂတ်မှာ မိတ်ဆွေတွေရဲ့ စွမ်းရည်အားလုံးကို လွတ်လပ်စွာ ပေါင်းစပ်နိုင်ပြီတဲ့...”

မုန့်ချန်ချင်း မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ရှိနေခဲ့သည်။

ထို့နောက် သူက သူ၏ အာရုံကို ပြန်လည်စုစည်းကာ ဝိညာဥ်တောင်ထိပ် ဆီသို့ လျှောက်လှမ်းခဲ့သည်။

ထာဝရကောင်းကင်ကျမ်းက မြင့်မားသော သဘောတရားများရှိသည့် ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ် ဖြစ်သော်လည်း ၎င်းမှာ အနည်းငယ် နောက်ကျမှ ပွင့်လန်းသောပန်းဖြစ်သည်။

အစပိုင်းတွင် ပံ့ပိုးကူညီမှုပေးရုံသာ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအား သိပ်မရှိချေ။

ထို့ပြင် အမှန်တရားနတ်ဘုရားလက်သီးက ၎င်းနှင့် လိုက်ဖက်သော သိုင်းပညာ ဖြစ်သည်။

ထို့ကြောင့် အတိအကျ ပြောရလျှင် ၎င်းတို့က တိုတောင်းသော ကာလအတွင်း သူ၏ တိုက်ခိုက်ရေးစွမ်းအားကို မမြှင့်တင်ပေးနိုင်ကြချေ။

ထို့ကြောင့် ကောင်းကင်အဆင့် ဓားသိုင်းတစ်ခုကို သင်ယူရန်အတွက် မိုဆူကွမ်း ထံသို့ သွားရန် လိုအပ်နေဆဲ ဖြစ်သည်။

အဆုံးမှာတော့ ဓားသိုင်းက လောလောဆယ် သူနှင့် အသင့်တော်ဆုံး ဖြစ်သည်။

သူ၏ အခြေခံအုတ်မြစ်၊ ဓားရည်ရွယ်ချက်၊ ဓားခန္ဓာ စသည်ဖြင့် အားလုံးက ဓားလမ်းစဥ်နှင့် ကိုက်ညီနေသည်။

“အတုမဲ့ဧကရာဇ်ဓားကျမ်း - မဟာဆင့်ကဲပြောင်းလဲခြင်း ဓားချက် ၂၃ချက်...”

မုန့်ချန်ချင်းသည် ယခင် မိုဆူကွမ်း၏ ဇယားပေါ်တွင် သူ မြင်တွေ့ခဲ့ရသော ဓားသိုင်းကို မမေ့သေးချေ။

(ဓား ၂၃ ချောင်းကို ဓားချက် ၂၃ ချက်လို့ပြောင်းလဲအသုံးပြုထားပါသည်။)

ထိုအရာက ကောင်းကင်အဆင့် ဖြစ်သည်။

All Chapters