← Chapters

အခန်း (၉၂၁-၉၂၂)

Vol. 47 Ch. 921-922

အခန်း (၉၂၁-၉၂၂)

Vol. 47 Ch. 921-922

အပိုင်း(၉၂၁) တောင်ပိုင်းသို့ စစ်ချီမည့် အစီအစဉ်

ဤတစ်ကြိမ် ပေ့မင် ရေပေါ်ကျွန်းကို ဖြိုခွင်းသည့် တိုက်ပွဲတွင် လင်းယွမ်က အစအဆုံး ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ဘဲ သူ့လက်အောက်ငယ်သားများကသာ တာဝန်ယူ တိုက်ခိုက်ခဲ့ကြသည်။

ယခုအခါ ထိုက်ယန်တောင်သည် တစ်နေ့တခြား ပိုမို အင်အားကြီးမားလာသည်နှင့်အမျှ သူ့လက်အောက်တွင်လည်း လူအင်အား များပြားလာခဲ့ပြီ ဖြစ်သည်။

ကိစ္စတော်တော်များများမှာ လင်းယွမ် ကိုယ်တိုင် ပါဝင်စရာမလိုတော့ဘဲ အလွယ်တကူ ဖြေရှင်းနိုင်နေပြီ ဖြစ်သည်။

တကယ်တမ်းပြောရလျှင် သူသာ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါမည်ဆိုပါက ပေ့မင် ရေပေါ်ကျွန်းလောက်ကို သူတစ်ယောက်တည်းဖြင့်ပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၉၀% အထိ ရောက်ရှိနေပြီဖြစ်သော လင်းယွမ်အတွက် ယခုအချိန်တွင် ကျန်းနန်ပြည်နယ် တစ်ခုလုံး၌ ပြိုင်ဘက်ဟူ၍ ရှိလာနိုင်စရာ အကြောင်းမရှိတော့ပေ။

မဟုတ်သေး... ကျန်းနန်ပြည်နယ်တွင်သာမက ယွီကျိုးပြည်နယ် တောင်ပိုင်း တစ်ခွင်လုံးကို ခြုံကြည့်လိုက်မည် ဆိုလျှင်တောင် သူ့ထက် ပိုမို အစွမ်းထက်သူ ရှိနိုင်မည် မဟုတ်တော့ချေ။

"ဆရာလင်း... ကျွန်းပေါ်က အရိပ်တပ်ဖွဲ့ဝင် အားလုံးကို ဖမ်းဆီးရမိပါပြီ"

"အားလုံးကို မိတာလား" လင်းယွမ်က မေးလိုက်သည်။

ဝမ်ထျန်အန်းက ခေါင်းခါယမ်းလိုက်ပြီး "အရိပ်တပ်ဖွဲ့ဝင် တော်တော်များများကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတယ်" ဟု ပြန်ဖြေသည်။

"တချို့ကတော့ ထွက်ပြေးဖို့ ကြိုးစားကြပေမဲ့ သူတို့ ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေရဲ့ ဝိုင်းဝန်း တိုက်ခိုက်တာကို ခံရပြီး သေကုန်ကြပြီ"

လင်းယွမ်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး "ကျွန်းပေါ်က လူဦးရေနဲ့ ရိက္ခာတွေကို အမြန်ဆုံး စာရင်းကောက်လိုက်... စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းတွေနဲ့ အရိပ်တပ်ဖွဲ့ရဲ့ စခန်းကို အဓိကထားပြီး ကာကွယ်ထား... ဒီအရာတွေ အားလုံးက နောင်တစ်ချိန် ကျွန်တော်တို့အတွက် သုတေသနလုပ်ရမယ့် အရာတွေပဲ" ဟု ပြောလိုက်သည်။

"တောင်ပိုင်းမှာ ကျန်နေသေးတဲ့ တခြား အရိပ်တပ်ဖွဲ့ဝင်တွေ သုံးတဲ့ လက်နက်တွေကလည်း ဒီ ပေ့မင် အဖွဲ့နဲ့ သိပ်ပြီး ကွာခြားမှာ မဟုတ်ဘူး"

"ဒီ ပေ့မင် အဖွဲ့ရဲ့ လက်နက်ကိရိယာတွေနဲ့ သုတေသနတွေကိုသာ သေသေချာချာ နားလည်သွားပြီ ဆိုရင်တော့ တောင်ပိုင်းက အရိပ်တပ်ဖွဲ့ဝင်တွေဆိုတာ ကျွန်တော်တို့အတွက် ရယ်စရာ အကောင်လေးတွေ ဖြစ်သွားလိမ့်မယ်"

ဝမ်ထျန်အန်းက ရယ်မောလိုက်ပြီး "ဒီ အရိပ်တပ်ဖွဲ့ဝင်တွေက တစ်ချိန်လုံး ပြည်မကြီးကိုပဲ ပြန်အရယူဖို့ အိပ်မက်မက်နေကြတာ... တကယ့် ကမ္ဘာပျက်ကပ်ဆိုးကြီး ကျရောက်လာပြီး အရာအားလုံးကို အစကနေ ပြန်စရရင်တောင်မှ ပြည်မကြီးက သူတို့အပေါ်မှာ အမြဲတမ်း ကြီးစိုးနေဦးမယ် ဆိုတာကို သူတို့ နားမလည်ကြဘူး" ဟု ပြောလိုက်သည်။

လင်းယွမ်လည်း ရယ်မောလိုက်ပြီး "ဒီ အရိပ်တပ်ဖွဲ့ဝင်တွေရဲ့ ရိုက်သွင်းတဲ့ အတတ်ပညာကတော့ တော်တော်လေး အထင်ကြီးစရာပဲ... ကမ္ဘာပျက်ကပ်ဆိုးကြီး ကျရောက်တာ နှစ်နှစ်၊ သုံးနှစ်လောက်ပဲ ရှိသေးတဲ့ အချိန်တိုလေးအတွင်းမှာ သူတို့ရဲ့ အစွန်းရောက် ဝါဒကို ပြန်အသက်သွင်းနိုင်ခဲ့ကြတယ်" ဟု ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ သူတွေက သူတို့သဘောဆန္ဒအရ လုပ်သွားကြတာလား... ဒါမှမဟုတ် အတင်းအကျပ် ခိုင်းစေခံရတာလား"

လင်းယွမ်က မေးလိုက်သည်။

ဝမ်ထျန်အန်းက "အင်း... အဲ့ဒါကိုတော့ ကျွန်တော်လည်း မသိဘူး... ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ အကုန်လုံး သေနေကြပြီ" ဟု ပြန်ဖြေသည်။

"အကယ်၍ သူတို့သဘောဆန္ဒအရ လုပ်သွားကြတာ ဆိုရင်တော့... အရိပ်တပ်ဖွဲ့ရဲ့ အစွန်းရောက်ဝါဒ အယူအဆတွေက အဖွဲ့ဝင် အားလုံးဆီကို ပြန့်နှံ့နေပြီဆိုတာ သိသာတယ်... သူတို့က လုံးဝကို အန္တရာယ်ရှိတဲ့ အစွန်းရောက် သမားတွေ ဖြစ်နေကြပြီ"

"ဒီ အရိပ်တပ်ဖွဲ့ဝင်တွေကို အရှင်ထားလို့ မဖြစ်ဘူး"

ဝမ်ထျန်အန်းက "ကျွန်တော် နားလည်ပါပြီ... အခုပဲ လူတွေကို ခေါ်ပြီး သွားစစ်ဆေးလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

"အင်း... ဟို ပေ့မင်လန် ဆိုတဲ့ကောင်ကို ခေါ်လာခဲ့"

"ဟုတ်ကဲ့ပါ ဆရာ"

အချိန်တိုအတွင်းမှာပင် ခြေပြတ်လက်ပြတ်ဖြင့် လူတုံးကြီးသဖွယ် ဖြစ်နေသော ပေ့မင်လန် ကို ခေါ်ဆောင်လာခဲ့ကြသည်။

သူနှင့်အတူ ဟိုင်လုံကျန့် ဟုခေါ်သော အဘိုးအိုကိုလည်း တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။

လင်းယွမ်က ထိုသူနှစ်ဦးကို အေးစက်စွာဖြင့် တစ်ချက် ကြည့်လိုက်သည်။ သူ စကားပင် မစရသေးမီ လူတုံးကြီးသဖွယ် ဖြစ်နေသော ပေ့မင်လန်က အသံကုန်ဟစ်ကာ ဆဲရေးတိုင်းထွာတော့သည်။

သူ့ပါးစပ်မှ အရိပ်တပ်ဖွဲ့၏ ဟော့ကင်းစကားဖြင့် ဆူညံစွာ အော်ဟစ်နေပြီး သူ၏ မျက်နှာအမူအရာမှာလည်း အလွန် ရက်စက်ကြမ်းကြုတ်ကာ ရုပ်ဆိုးအကျည်းတန်နေသည်။

လင်းယွမ်က ထိုစကားများကို နားမလည်ပေ။ သို့သော် နားလည်အောင် လုပ်ရန်လည်း သူ အစီအစဉ် မရှိပေ။

သူက လက်ကို ဆန့်ထုတ်ကာ ပေ့မင်လန်၏ နဖူးကို ညွှန်ပြလိုက်ပြီး ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတတစ်ခုကို ထိုသူ၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

ချက်ချင်းပင် ပေ့မင်လန် တစ်ယောက် အပြင်းအထန် ရုန်းကန်လာပြီး ဒေါသတကြီး ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

သို့သော် ခဏအကြာတွင် သူ ငြိမ်ကျသွားပြီး သူ၏ မျက်လုံးများတွင် နာခံလိုသော အရိပ်အယောင်များ ပေါ်လွင်လာသည်။

ဘေးနားရှိ အဘိုးအို ဟိုင်လုံကျန့် မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားလေတော့သည်။

လင်းယွမ်က အေးစက်သော လေသံဖြင့် "ရေပေါ်ကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ထုတ်ပေးစမ်း" ဟု အမိန့်ပေးလိုက်သည်။

ပေ့မင်လန်က ပြည်မကြီး၏ ဘာသာစကားကို နားမလည်ပေ။ သို့သော် လင်းယွမ်၏ ဘေးတွင် အရိပ်တပ်ဖွဲ့၏ ဟော့ကင်းဘာသာစကားကို နားလည်သူ ရှိနေသည်မှာ သဘာဝပင် ဖြစ်သည်။

လင်းယွမ်၏ ဘေးတွင် ရပ်နေသော လူငယ်တစ်ယောက်က လျင်မြန်စွာ ဘာသာပြန်ပေးလိုက်သည်။

ပေ့မင်လန်က ချက်ချင်းပင် "အမိန့်အတိုင်းပါ" ဟု အော်ပြောလိုက်သည်။

နောက်တစ်ခဏတွင် သူက သူ၏ သန္ဓေပြောင်းအစွမ်းကို အလိုအလျောက် နှိုးဆွလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေ အားလုံးကို စုစည်း ထုတ်ယူလိုက်သည်။

ဘေးနားရှိ ဟိုင်လုံကျန့် ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။ "ပေ့မင်... မင်း... မင်း ဘာဖြစ်သွားတာလဲ"

"ပေ့မင် အဖွဲ့ရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေ ဆိုတာ မင်း အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော အရာလေ... မင်းက ဘယ်လိုလုပ်ပြီး ထုတ်ပေးရတာလဲ... မြန်မြန် ရပ်လိုက်စမ်း... ရပ်လိုက်ပါ"

ပေ့မင်လန် ကမူ လုံးဝ ဂရုမစိုက်ဘဲ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို စုစည်းထုတ်ယူပြီးနေပြီ ဖြစ်သည်။

လင်းယွမ်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပေ့မင် အဖွဲ့၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့သည် သူ၏ အိတ်ကပ်ထဲသို့ ရောက်ရှိသွားလေသည်။

ဟိုင်လုံကျန့် ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့သွားသော အရိပ်အယောင်များ ပေါ်လွင်လာပြီး လင်းယွမ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်ကာ ရုတ်တရက် ဒေါသတကြီး မေးလိုက်သည်။ "မင်း ဘာလုပ်လိုက်တာလဲ... ပေ့မင် ကို မင်း ဘာလုပ်လိုက်တာလဲ"

သူပြောနေသည်မှာ အရိပ်တပ်ဖွဲ့၏ ဟော့ကင်းဘာသာစကား ဖြစ်သဖြင့် လင်းယွမ် နားမလည်ပေ။

သူ၏ အရိပ်တပ်ဖွဲ့ ဘာသာစကား အသိပညာမှာ အများသုံး စကားလုံး အနည်းငယ်လောက်တွင်သာ ရပ်တန့်နေဆဲ ဖြစ်သည်။

ထို့ကြောင့်လည်း သူ နားလည်အောင် ကြိုးစားဖို့ အစီအစဉ် မရှိခဲ့ပေ။

လင်းယွမ်သည် နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို ရရှိပြီးနောက် ဝမ်ထျန်အန်း ဘက်သို့ လှည့်ကာ "ရပြီ... သူတို့ကို ရှင်းလိုက်တော့" ဟု ပြောလိုက်သည်။

ဝမ်ထျန်အန်းက ကြောင်သွားပြီး "ဗျာ... ဒီလောက်နဲ့တင် ပြီးသွားပြီလား ဆရာ" ဟု မေးလိုက်သည်။

"အင်းလေ... မပြီးလို့ ဘာလုပ်ရဦးမှာလဲ"

ဝမ်ထျန်အန်းက ခေါင်းကို ကုတ်လိုက်ပြီး "တောင်ပိုင်းမှာရှိတဲ့ သူတို့ရဲ့ အင်အားဖြန့်ကြက်ထားမှု အခြေအနေနဲ့ အရိပ်တပ်ဖွဲ့ရဲ့ အတွင်းရေး အခြေအနေတွေကို မစစ်ဆေးတော့ဘူးလား" ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး "ဒီလူက ချွီကျင့် တို့ကို တစ်လျှောက်လုံး လိုက်လံ သတ်ဖြတ်ရဲတာကို ကြည့်ရင် အရိပ်တပ်ဖွဲ့ရဲ့ ရေပေါ်ကျွန်း အများအပြားထဲမှာ တော်တော်လေး အင်အားကြီးတဲ့အဖွဲ့ ဖြစ်ရမယ်" ဟု ပြောလိုက်သည်။

"ဒီလိုမှ မဟုတ်ရင် သူတို့က ငါတို့ရဲ့ ကျန်းနန်ပြည်နယ်ထဲအထိ တစ်ဖွဲ့တည်း နက်နက်ရှိုင်းရှိုင်း ဝင်လာရဲမှာ မဟုတ်ဘူး"

"အခု မျက်စိရှေ့မှာ မြင်နေရတဲ့ ပေ့မင် ရေပေါ်ကျွန်းကို ကြည့်လိုက်တာနဲ့ အရိပ်တပ်ဖွဲ့ရဲ့ ရေပေါ်ကျွန်းတွေ အားလုံးရဲ့ စစ်ရေးစွမ်းရည် အခြေအနေကို ခန့်မှန်းလို့ ရနေပြီပဲ... ဒါကြောင့် ထပ်ပြီး မေးစရာ မလိုတော့ဘူး"

တကယ်တမ်းတွင်လည်း ထိုသို့ပင် ဖြစ်သည်။ မျက်မှောက်ရှိ ပေ့မင်လန် သည် အရိပ်တပ်ဖွဲ့၏ အင်အားစုများထဲတွင် အားနည်းသူ တစ်ယောက် လုံးဝ မဟုတ်ပေ။

သူတို့သည် ပြည်မကြီး၏ အတွင်းပိုင်းအထိ တစ်ဖွဲ့တည်း နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာပြီး လိုက်လံ သတ်ဖြတ်ရဲသည် ဆိုကတည်းက သေချာပေါက် မနိမ့်သော စွမ်းရည် ရှိနေခြင်းကြောင့်ပင်။

အရိပ်တပ်ဖွဲ့၏ ရေပေါ်ကျွန်း အင်အားစု အများအပြားထဲတွင်ပင် သူတို့သည် ထိပ်ဆုံ ငါးဖွဲ့စာရင်းဝင် ဖြစ်ပေသည်။

သို့သော် ထိုမျှလောက်သော အင်အားသည် လင်းယွမ် အတွက်မူ အမှန်တကယ်ပင် အလွယ်တကူ ချေမှုန်းနိုင်သော အရာသာ ဖြစ်သည်။

"လက်ရှိ ကျွန်တော့်အတွက် အရေးအကြီးဆုံး ကိစ္စက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ကျော်ဖြတ်ပြီး ကြယ်စင်နတ်ဘုရား အဆင့်ကို ရောက်ရှိဖို့ အချိန်လုနေရတာပဲ"

"အဲ့ဒီအဆင့်ကို ရောက်မှသာ ဒီကမ္ဘာဂြိုဟ်ကနေ ထွက်ခွာနိုင်ပြီး အာကာသထဲမှာတောင် အချိန်တိုအတွင်း အသက်ရှင် နေထိုင်နိုင်မှာ"

"အဲ့ဒီလို ဖြစ်မှသာ ရေလွှမ်းမိုးတဲ့ ကမ္ဘာပျက်ကပ်ဆိုးကြီးရဲ့ ခြိမ်းခြောက်မှုကနေ လုံးဝ လွတ်မြောက်နိုင်ပြီလို့ မှတ်ယူနိုင်မှာ"

လင်းယွမ်က စိတ်ထဲမှ တွေးတောနေမိသည်။ သူ၏ ရည်မှန်းချက်သည် လူသားအချင်းချင်း တိုက်ခိုက်နေရန် မဟုတ်ခဲ့ပေ။

ပိုမို ဝေးကွာကျယ်ပြောလှသော စကြာဝဠာကြီးကိုသာ ပစ်မှတ်ထားသင့်သည် မဟုတ်ပါလော။

သို့မဟုတ်ပါက မည်မျှပင် အပြန်အလှန် တိုက်ခိုက်နေကြပါစေ အားလုံးသည် ဤကမ္ဘာဂြိုဟ်ပေါ်တွင် အမြဲတမ်း ပိတ်မိနေကြမည်သာ ဖြစ်သည်။

ဤအဆုံးအစမဲ့သော ရေလွှမ်းမိုးမှုကြီးကလည်း ဆက်လက် မြင့်တက်နေဆဲ ဖြစ်ရာ တစ်နေ့နေ့တွင် ကမ္ဘာဂြိုဟ် တစ်ခုလုံး ရေကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားမည်ကို မည်သူ ပြောနိုင်မည်နည်း။

သို့မဟုတ်ပါက ကောင်းကင်ထက်ရှိ ရေလှိုင်းလုံးကြီးများက နောက်ထပ် ထူးခြားသော ပြောင်းလဲမှုများ ထပ်မံ ဖြစ်ပေါ်လာပြီး လူသားများ ဤကမ္ဘာဂြိုဟ်ပေါ်တွင် ဆက်လက် ရှင်သန်နိုင်စွမ်း လုံးဝ မရှိတော့သည်အထိ ဖြစ်သွားနိုင်သည်။

ထိုအချိန်ရောက်မှ ရေပေါ်ကျွန်းများနှင့် လေပေါ်ကျွန်းများကို မည်မျှပင် လုယက်သိမ်းပိုက်ထားပါစေ ဘာအသုံးဝင်တော့မည်နည်း။

"ဒါဆို ဆရာလင်း... တောင်ပိုင်းက ကိစ္စတွေကို ကျွန်တော်တို့ ဝင်မပါတော့ဘူးလား" ဝမ်ထျန်အန်းက မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ပါရမှာပေါ့... အရိပ်တပ်ဖွဲ့ဝင်တွေက ခွေးလို အကျင့်ရှိတယ်... သူတို့ရဲ့ ကျောရိုးကို ရိုက်မချိုးသရွေ့ သူတို့က လက်လျှော့မှာ မဟုတ်ဘူး" ဟု ပြန်ဖြေသည်။

"ဒါ့အပြင် သူတို့က ပြည်မကြီးရဲ့ ရေပေါ်ကျွန်းတွေနဲ့ လူဦးရေ အများကြီးကို လုယူသွားသေးတယ်လေ... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါတွေကို ပြန်လုယူရမယ်"

"ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော် အမြဲတမ်း ဝင်ပါနေမှာ မဟုတ်ဘူး... အချိန်တန်ရင် ခင်ဗျားတို့ကိုပဲ လွှဲပေးခဲ့မှာ"

"တိုက်တိုက်ဆိုင်ဆိုင်ပဲ မုန်ယာကုမ္ပဏီက လူတွေ ကျွန်တော်တို့ဆီ ရောက်လာတော့မယ်... သူတို့ကို တာဝန်ထမ်းဆောင်ခိုင်းမှ ငါတို့အဖွဲ့ဆိုတဲ့ စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာစေမှာ"

"ပြင်ပရန်သူကို အတူတကွ တိုက်ထုတ်တာလောက် သူတို့ကို ကိုယ်ပိုင်အဖွဲ့အစည်းဆိုတဲ့ စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှု ဖြစ်ပေါ်လာစေနိုင်တဲ့ ကိစ္စမျိုး နောက်ထပ် မရှိတော့ဘူး"

ဝမ်ထျန်အန်းက သဘောပေါက်သွားပြီး "ကျွန်တော် နားလည်ပါပြီ ဆရာ" ဟု ပြောလိုက်သည်။

"ဒီ အရိပ်တပ်ဖွဲ့ဝင်တွေရဲ့ အင်အားကလည်း သိပ်မကြီးတော့ တပ်သားသစ်တွေကို လေ့ကျင့်ပေးဖို့အတွက် အတော်ပဲ ဖြစ်နေတာပေါ့"

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး "မှန်တယ်... ဒီကိစ္စကို ပြန်ရောက်တာနဲ့ လူအနည်းငယ်ကို သီးသန့် တာဝန်ပေးပြီး ဆက်လုပ်ခိုင်းရမယ်" ဟု ပြောလိုက်သည်။

အရိပ်တပ်ဖွဲ့၏ ကိစ္စများတွင် လင်းယွမ် ကိုယ်တိုင် ပါဝင်စွက်ဖက်ရန် အစီအစဉ် မရှိပေ။

သုတေသနဌာနမှ ဓာတ်ရောင်ခြည် လက်နက် ဟုခေါ်သော အရာကိုသာ သုတေသန ပြုလုပ်နိုင်သွားမည် ဆိုပါက အရိပ်တပ်ဖွဲ့ တစ်ခုလုံး အနေဖြင့် အမှန်တကယ်တွင် မည်သည့် ခုခံနိုင်စွမ်းမှ ရှိတော့မည် မဟုတ်ပေ။

လင်းယွမ်က ပေ့မင် ရေပေါ်ကျွန်း၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို အလွယ်တကူ သန့်စင်လိုက်ပြီး ထိုကျွန်းကို မီးတောင်ကျွန်း ဟု အမည်ပြောင်းလိုက်သည်။

ထို့နောက် မီးတောင်ကျွန်းကို ယူဆောင်လျက် လူအားလုံး လင်ကျန်းမြို့သို့ ပြန်လာခဲ့ကြသည်။

မြို့ပတ်လမ်း အပြင်ဘက်တွင် တင်းယန်၊ ကျောက်ခိုင် နှင့် အခြားသူများက လင်းယွမ်တို့ကို လာရောက် ကြိုဆိုကြသည်။

အဝေးရှိ ကျွန်းပေါ်မှ ဆိပ်ကမ်းတွင်လည်း သင်္ဘောများပေါ်၌ လူများ အပြည့် ရပ်နေကြသည်။

ယခုအချိန်တွင် အားလပ်နေသူတိုင်းက ထိုနေရာသို့ လာရောက်ကာ စည်ကားသိုက်မြိုက်စွာ စောင့်ကြည့်နေကြသည်။

"ဆရာလင်းတို့ ပြန်ရောက်လာပြီဟေ့"

"ကြည့်စမ်း... အဲ့ဒါ ရေပေါ်ကျွန်းကြီးပဲ"

"အရိပ်တပ်ဖွဲ့ဝင်တွေကို အနိုင်ယူပြီး သူတို့ရဲ့ ရေပေါ်ကျွန်းကိုပါ သယ်လာခဲ့တာ ဖြစ်ရမယ်"

"ဟားဟား... အရင်ကတည်းက ငါတို့က သူတို့ကို အနိုင်ယူနိုင်ခဲ့တာ... အခုမှ အနိုင်မယူနိုင်စရာ အကြောင်းရှိမလား"

"ဆရာလင်းသာ ရှိနေရင် အဲ့ဒီကောင်တွေက အစအနတောင် ရှာရမှာ မဟုတ်ဘူး"

"ဒါက ဘယ်လို အမျိုးအစား ရေပေါ်ကျွန်းလဲ မသိဘူးနော်"

"သစ်ဓာတ် ဖြစ်ပါစေကွာ... ငါက သစ်ဓာတ် စွမ်းအင်ကျောက်တုံးတွေ ဆက်ပြီး လိုအပ်နေသေးလို့"

"မလုပ်ပါနဲ့ကွာ... ငါကတော့ မီးဓာတ် ဖြစ်ဖို့ မျှော်လင့်တာပဲ... ငါတို့ ထိုက်ယန်တောင်မှာ မီးဓာတ် စွမ်းအင်ကျောက်တုံးတွေက အရမ်းကို နည်းလွန်းနေပြီ"

"လေပေါ်ကျွန်းထဲမှာ ငရဲကျွန်း တစ်ကျွန်း ရှိတယ် မဟုတ်လား... အဲ့ဒါ မီးဓာတ် မဟုတ်ဘူးလား"

"ငရဲကျွန်းက လေထဲမှာလေ... စွမ်းအင်ကျောက်တုံးတွေကို အသွားအပြန် သယ်ယူပို့ဆောင်ဖို့အတွက် သယ်ယူစရိတ်တွေ အများကြီး ကုန်မှာပေါ့"

"မင်းက လေပေါ်ကျွန်းကို တိုက်ရိုက် သွားနေလိုက်ပေါ့"

"မင်းကလည်းကွာ... ငါ့မှာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ထဲမှာ အိမ်ရှိနေတာကို ဘာကိစ္စနဲ့ ငရဲကျွန်းလို ခေါင်ဖျားတဲ့ နေရာမျိုးကို သွားနေရမှာလဲ"

"လခွမ်း... ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ထဲမှာ အိမ်ပိုင်တဲ့ သူဌေးကြီးကိုး... ကန်တော့ ကန်တော့ပါဗျာ"

...

ကမ်းစပ်ရှိ လူများက အချင်းချင်း တီးတိုး စကားပြောဆိုနေကြပြီး တချို့က အရိပ်တပ်ဖွဲ့ဝင်များ အကြောင်းကို ဆွေးနွေးနေကြကာ တချို့ကမူ ဤရေပေါ်ကျွန်း အကြောင်းကို ဆွေးနွေးနေကြသည်။

မကြာမီ ရေပေါ်ကျွန်းသည် ထိုက်ယန်တောင် မြို့ပတ်လမ်း အနီးသို့ ချဉ်းကပ်လာပြီးနောက် ရပ်တန့်သွားသည်။

လင်းယွမ်က လူအုပ်ကြီးကို ဦးဆောင်ကာ သင်္ဘောပေါ်သို့ တက်ရောက်ပြီး ထိုက်ယန်တောင် မြို့ပတ်လမ်းဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

သူ ပြန်ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လူအများက ဝမ်းသာအားရ အော်ဟစ် ကြိုဆိုကြလေသည်။

လင်းယွမ်က ကုန်းပတ်ပေါ်သို့ ထွက်လာပြီး ကုန်းပတ်ပေါ်တွင် ရပ်ကာ လူအုပ်ကြီးကို လက်ပြ နှုတ်ဆက်လိုက်သည်။

ဤလုပ်ရပ်ကြောင့် ခိုလှုံရေးစခန်းရှိ နေထိုင်သူများ၏ စိတ်လှုပ်ရှားမှုနှင့် သြဘာပေး အော်ဟစ်သံများ တစ်ဖန် ထွက်ပေါ်လာခဲ့ပြန်သည်။

ခေါင်းဆောင်စံအိမ် သို့ ပြန်ရောက်သည်အထိ လင်းယွမ်က လူအားလုံးကို ခေါ်ယူကာ အတိုချုံး အစည်းအဝေး တစ်ခုကို ထပ်မံ ကျင်းပလိုက်သည်။

"အားလုံးပဲ... ဒီတစ်ခေါက် အစည်းအဝေး အကြောင်းအရာကို ကျွန်တော် အတိုချုံးပြီးပဲ ပြောပါမယ်"

"အရိပ်တပ်ဖွဲ့ဝင်တွေရဲ့ အင်အားကိုလည်း ကျွန်တော်တို့ တော်တော်လေး စမ်းသပ်သိရှိခဲ့ပြီးပြီ"

"သူတို့ဆီမှာ ဓာတ်ရောင်ခြည် လက်နက် ဆိုတဲ့ ဗျူဟာမြောက် လက်နက် ရှိတယ်... အဲ့ဒါက လက်ရှိ ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်တဲ့ တစ်ခုတည်းသော လက်နက်ပဲ"

"အခုလောလောဆယ် ဒီလက်နက်ကို သုတေသနဌာနဆီ သုတေသနလုပ်ဖို့ ပို့ထားပြီးပြီ... ဓာတ်ရောင်ခြည် လက်နက်ကိုသာ ချေဖျက်နိုင်သွားပြီဆိုရင် ဒီ အရိပ်တပ်ဖွဲ့ဝင်တွေက ကျွန်တော်တို့အတွက် စက္ကူကျားတွေလို ဖြစ်သွားလိမ့်မယ်"

"အခု ချက်ချင်း ဓာတ်ရောင်ခြည် လက်နက်ကို မချေဖျက်နိုင်သေးရင်တောင်မှ ကျွန်တော်တို့ရဲ့ စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီး က ဒီလို ဓာတ်ရောင်ခြည် လက်နက်ရဲ့ တိုက်ခိုက်မှုကို ကန့်သတ်ထားနိုင်ပါတယ်"

"အဆိုးဆုံး အခြေအနေကတော့ နောက်ဆုံးမှာ အားလုံးက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ပြန်လည် ယှဉ်ပြိုင်ကြရတဲ့ အခြေအနေမျိုးပဲ ဖြစ်လာမှာပါ"

"အရိပ်တပ်ဖွဲ့ဝင်တွေက တောင်ပိုင်းမှာ အမြဲတမ်း မျက်စိကျနေကြတာ... ဒီလို ရင်ဘတ်ထဲက အန္တရာယ်ကြီးကို မရှင်းလင်းပစ်ဘူး ဆိုရင် ကျွန်တော်တို့ အေးအေးချမ်းချမ်း နေနိုင်ဖို့ ခက်ခဲလိမ့်မယ်"

"အခု ကျွန်တော့်အနေနဲ့ တောင်ပိုင်းကို စစ်ချီပြီး ရန်သူတွေကို နှိမ်နင်းမယ့် စစ်ရေးအဖွဲ့ တစ်ခု ဖွဲ့စည်းဖို့ လိုအပ်နေတယ်... ခင်ဗျားတို့ထဲမှာ စာရင်းပေးချင်တဲ့သူ ရှိလား"

လင်းယွမ်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူအများက အပြိုင်အဆိုင် လက်ထောင်ကာ စာရင်းပေးကြလေသည်။

အထူးသဖြင့် ယခင် မင်ပြည်နယ် နှင့် ကွမ်းတုံပြည်နယ် တို့မှ ရေပေါ်ကျွန်း ကျွန်းသခင် အချို့သည် စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် လင်းယွမ်ကို လှမ်းကြည့်လိုက်ကြသည်။

ချွီကျင့် က အော်ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် စစ်ဆင်ရေးမှာ ပါဝင်ရမှာပဲ"

"ဆရာလည်း သိတဲ့အတိုင်း မင်ပြည်နယ် နဲ့ ကွမ်းတုံပြည်နယ် တွေက ကျွန်တော်တို့ရဲ့ အိမ်တွေလေ... ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေ အများကြီး အဲ့ဒီမှာ ကျန်ရစ်နေခဲ့ကြတယ်... တချို့ဆိုရင် အရိပ်တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ကြရတာ... ကျွန်တော်တို့က မဖြစ်မနေ ပြန်သွားပြီး တိုက်ခိုက်ရမယ်"

မုန့်ဟူ ကလည်း အော်ပြောလိုက်သည်။ "ဆရာလင်း... ဒီရန်ကြွေးကို မဆပ်ရရင် ကျွန်းပေါ်က နေထိုင်သူတွေကို ကျွန်တော်တို့ ဘယ်လို မျက်နှာပြရတော့မလဲ... တောင်းဆိုပါတယ်... ကျွန်တော်တို့ကို ပါဝင်ခွင့်ပြုပါ"

သူတို့၏ တောင်းဆိုမှုများကို လင်းယွမ်က ငြင်းပယ်ခြင်း မပြုခဲ့ပေ။

သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... မင်ပြည်နယ် နဲ့ ကွမ်းတုံပြည်နယ် က လာတဲ့သူတွေ အားလုံး ပါလို့ ရတယ်"

ဆက်ရန်...

အပိုင်း (၉၂၂) ထက်စမန် လူသားခန္ဓာကိုယ်

"ဒါပေမဲ့ ခင်ဗျားတို့လောက်နဲ့တော့ မလုံလောက်သေးဘူး... ဒီတစ်ခေါက် အရိပ်တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ တောင်ဘက်ကို ဆင်းတဲ့အခါ အစွမ်းပိုင်ရှင် အလုံအလောက် ပါဖို့လိုတယ်"

လင်းယွမ်က ခဏတာ စဉ်းစားလိုက်ပြီး "မုန်ယာအဖွဲ့က လူတွေကိုပါ ခေါ်ပြီး တပ်မကြီးနဲ့အတူ တောင်ဘက်ကို ဆင်းမယ်"

"ကျွန်တော်တို့ ထိုက်ယန်တောင်ဘက်ကရော... ပါဝင်ချင်တဲ့သူ ရှိကြလား"

ထူလုံနှင့် ဝူယင်တို့က ချက်ချင်း လက်ညှိုးထောင်လိုက်ကြပြီး တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။ "ကျွန်တော်"

လင်းယွမ်က သူတို့နှစ်ယောက်ကို အံ့သြစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။

ထူလုံကတော့ ထားလိုက်ပါတော့... ဝူယင်ကပါ ဒီလောက် တက်ကြွနေလိမ့်မည်ဟု သူ မထင်ထားခဲ့သောကြောင့် အနည်းငယ် အံ့အားသင့်သွားခြင်း ဖြစ်သည်။

"ဝူယင်... မင်းက ဘယ်လို တွေးထားလို့လဲ"

ဝူယင်က နှုတ်ခမ်းကို သပ်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဆရာလင်း... ကျွန်တော် အရိပ်တပ်ဖွဲ့ကကောင်တွေကို သတ်ချင်လို့ပါ"

"ဒီတစ်ခေါက် ကျွန်တော်နဲ့ ထူလုံ မီးတောင်ကျွန်းကို သွားတုန်းက... အဲဒီ အရိပ်တပ်ဖွဲ့ကကောင်တွေက ကျွန်တော်တို့လူတွေကို လူလိုတောင် မဆက်ဆံကြတာ မြင်ခဲ့ရတယ်"

"သူတို့က အရင်တုန်းကလိုမျိုး အကျင့်စရိုက်တွေ ပြန်ပေါ်နေပြီ"

ထူလုံက အေးစက်စက် ပြုံးလိုက်ပြီး "အကျင့်စရိုက်တွေ ပြန်ပေါ်နေတာ မဟုတ်ဘူး... အဲဒီလိုကို တရားဝင် လုပ်နေကြတာ" ဟု ပြောလိုက်သည်။

"ဆရာလင်း... ဆရာ မမြင်လိုက်လို့ပါ... သူတို့ရဲ့ စစ်စခန်းတွေထဲက ဓာတ်ခွဲခန်းတွေမှာဆိုရင် ကျွန်တော်တို့လူတွေကို အရှင်လတ်လတ် စမ်းသပ်ခံအဖြစ် အသုံးပြုနေကြတာ"

"အဲဒီ အရိပ်တပ်ဖွဲ့က ကောင်တွေကို အကုန်မသတ်ရရင် ကျွန်တော် ရင်ထဲမှာ တော်တော်လေးကို မွန်းကြပ်နေမှာ"

လင်းယွမ်လည်း ထိုစကားကို ကြားသောအခါ သဘောပေါက်သွားသည်။

ထူလုံနှင့် ဝူယင်တို့က "မီးတောင်ကျွန်း" တွင် အချိန်အတိုင်းအတာ တစ်ခုအထိ ပုန်းအောင်းခဲ့ကြသည် မဟုတ်ပါလော။

သူတို့နှစ်ယောက်သည် လူအများစု ဖိနှိပ်ခံနေရသည့် ရက်စက်ကြမ်းကြုတ်သော အဖြစ်အပျက်များစွာကို မြင်တွေ့ခဲ့ရပေမည်။

သူတို့ကို အဒေါသထွက်ဆုံး ဖြစ်စေခဲ့သည်မှာ အရိပ်တပ်ဖွဲ့၏ စစ်စခန်းအတွင်းရှိ အရှင်လတ်လတ် စမ်းသပ်ခံ ဓာတ်ခွဲခန်းများပင် ဖြစ်လိမ့်မည်။

ဤအရိပ်တပ်ဖွဲ့ဝင်များသည် အရင်က သူတို့၏ ဘိုးဘေးများထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်နေကြသည်။

မျိုးရိုးဗီဇ သန္ဓေပြောင်းလဲခြင်းကို စမ်းသပ်ရန်အတွက် လူသားများကို အရှင်လတ်လတ် အသုံးပြုနေကြခြင်း ဖြစ်သည်။

လင်းယွမ် ကိုယ်တိုင်လည်း တစ်ခေါက် ရောက်ခဲ့ဖူးပြီး ဓာတ်ခွဲခန်းအတွင်း ကျန်ရစ်ခဲ့သော မြင်ကွင်းများကို မြင်တွေ့ခဲ့ရရာ ထိုအချိန်က သူပါ အလွန်တုန်လှုပ်သွားခဲ့ရသည်။

လောကကြီးတွင် ဤမျှ ရက်စက်ကြမ်းကြုတ်သော အဖွဲ့အစည်းမျိုး ဘယ်လိုလုပ်ပြီး ရှိနေနိုင်ရသနည်း။

ထို့ကြောင့် ထူလုံနှင့် ဝူယင်တို့၏ ဒေါသကို သူ ကောင်းကောင်း နားလည်နိုင်ပေသည်။

သူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး "ကောင်းပြီ... ဒါဆို မင်းတို့ပါ လိုက်ခဲ့ကြ"

"ကိုလင်းယွမ်... ကျွန်မလည်း ပါဝင်ချင်ပါတယ်"

ဤအချိန်တွင် အသံတိတ်နေသော ဟန်ရှန်းမန်ကလည်း လက်ကို မြှောက်လိုက်သည်။

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး ဟန်ရှန်းမန်ကို ကြည့်လိုက်သည်။ သူမသည်လည်း "မီးတောင်ကျွန်း" သို့ ခိုးဝင်ခဲ့ဖူးသူ တစ်ယောက်ပင်။

ဝူယင်နှင့် ထူလုံတို့ မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို သူမလည်း အကုန်မြင်တွေ့ခဲ့ရမည်မှာ သေချာသည်။

လင်းယွမ်က "မင်း... သေချာလို့လား" ဟု မေးလိုက်သည်။

ဟန်ရှန်းမန်က ပြုံးလိုက်ပြီး "ကိုလင်းယွမ် မသိလောက်တဲ့ ကိစ္စတစ်ခု ရှိတယ်"

လင်းယွမ်က သံသယဖြင့် "ဘာများလဲ" ဟု မေးလိုက်၏။

"ကျွန်မ အဖေရော... အဘိုးရော... သူတို့အကုန်လုံးက အမှုထမ်းဟောင်းတွေလေ"

"ကျွန်မ အဘိုးဆိုရင် ဟိုးတုန်းက စစ်ပြန်ကြီးပေါ့"

လင်းယွမ် အံ့သြသွားသည်။ ဟန်ရှန်းမန်က စစ်သားမိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း သူ တကယ်မသိခဲ့ပေ။

သူမကို ပထမဆုံးအကြိမ် တွေ့တုန်းကတောင် ယောက်ျားလျာဆန်ဆန် သွက်လက်နေပြီး လှံတစ်ချောင်းလို အမြဲ မတ်မတ်ရပ်နေတတ်သည်မှာ အံ့သြစရာတော့ မဟုတ်တော့ပေ။

ထိုသို့သော မိသားစုမျိုးမှ ဆင်းသက်လာသဖြင့် ဟန်ရှန်းမန်၏ သွေးကြောထဲတွင် ရန်သူများအပေါ် ရန်သူလို သဘောထားသည့် စိတ်ဓာတ်များ ကိန်းအောင်းနေပေမည်။

ကပ်ဘေးဆိုးကြီး ကျရောက်လာချိန်တွင် ဟန်ရှန်းမန်သည် ငယ်စဉ်ကတည်းက ယောက်ျားလေးတစ်ယောက်လို ပြုစုပျိုးထောင်ခံခဲ့ရသည့် စိတ်ဓာတ်ဖြင့် လူတစ်စုကို စည်းရုံးနိုင်ခဲ့ပြီး ကပ်ဘေးအစောပိုင်း ကာလများတွင် ခြေကုပ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူမသည် လူတစ်စုကို ဦးဆောင်ကာ အဆောက်အအုံများမှ စောစီးစွာ ထွက်ခွာခဲ့ပြီး မြင့်မားသော ကုန်းမြေများကို ရှာဖွေခဲ့သည့် အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ခဲ့သည်။

လင်းယွမ်က သူမကို ကြည့်ရင်း နောက်ထပ် တစ်ခွန်းလောက် မေးချင်စိတ် ပေါ်လာသော်လည်း သူမ၏ မျက်ဝန်းထဲမှ ခိုင်မာပြတ်သားသည့် အရိပ်အယောင်ကို မြင်လိုက်ရသောအခါ ပြုံးလိုက်ပြီး "ကောင်းပြီ... မင်းပါ လိုက်ခဲ့ပေါ့"

ထို့နောက် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်ကာ ပါဝင်ရန် စာရင်းပေးကြလေသည်။

လူများပြားလာသည်ကို မြင်သောအခါ လင်းယွမ်က လက်ကို ဆန့်ထုတ်၍ တားလိုက်ပြီး "ဒီတစ်ခေါက် အရိပ်တပ်ဖွဲ့ကို နှိမ်နင်းဖို့ တောင်ဘက်ကို ဆင်းမယ့် ခရီးစဉ်က ကိုယ်ပိုင် အစွမ်းအစ အနည်းအကျဉ်းတော့ လိုအပ်တယ်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၅၀% အထက် ရောက်ရှိထားသူတွေမှ ပါဝင်ခွင့်ရှိမယ်" ဟု ပြောလိုက်သည်။

"မင်းတို့ ပါဝင်ချင်တယ်ဆိုရင် အမြန်ကြိုးစားပြီး လေ့ကျင့်ကြ"

ထိုစကားကို ကြားသောအခါ လူအတော်များများမှာ ချက်ချင်းပင် မျှော်လင့်ချက်မဲ့သွားကြသည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၅၀% သို့ ရောက်ရှိရန်မှာ ထိုမျှလောက် လွယ်ကူသော ကိစ္စမဟုတ်ပေ။

ထိုနေရာတွင် ရှိနေသူများထဲမှ တစ်ချိန်က စစ်တပ်၏ နံပါတ်တစ် အစွမ်းပိုင်ရှင် ဖြစ်ခဲ့ဖူးသော ဖုန်းကျန့်ကုန်းက သက်ပြင်းချလိုက်နိုင်သည်။

သူက သွားဖြဲကာ ပြုံးလိုက်ပြီး "တော်သေးတာပေါ့... ငါ့အစွမ်းကတော့ လုံလောက်တယ်"

ဘေးနားရှိ ကျန်းယွီကျန်းကလည်း ရယ်မောလိုက်ပြီး "ငါလည်း လုံလောက်ပြီပဲ"

"ဘာလဲ... မင်းလည်း လိုက်မလို့လား" ဖုန်းကျန့်ကုန်းက သူ့ကို တစ်ချက် ကြည့်ကာ မေးလိုက်သည်။

ကျန်းယွီကျန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး "ဒီစစ်ဆင်ရေးမှာ မပါချင်တဲ့ စစ်သားဆိုတာ လက်ချိုးရေလို့တောင် ရမယ်ထင်တယ်"

"ဒီ အရိပ်တပ်ဖွဲ့က ကောင်တွေကို အရင်တုန်းက အိပ်မက်ထဲမှာတောင် ဓားအစစ်၊ သေနတ်အစစ်တွေနဲ့ တစ်ပွဲလောက်တော့ ဆက်ချင်နေခဲ့တာ"

"အရင်တုန်းက မဟာမိတ်တပ်ဖွဲ့ကသာ ဒီတိရစ္ဆာန်တွေကို ကျောထောက်နောက်ခံ မပေးခဲ့ဘူးဆိုရင်... ဒီအဖွဲ့လေးက စောစောစီးစီးကို ပျက်သုဉ်းသွားလောက်ပြီ"

စစ်တပ်၏ မျိုးဆက်ဟောင်း စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သော ကျန်းယွီကျန်းအနေဖြင့် အရိပ်တပ်ဖွဲ့အပေါ် အမြင်ကောင်း မရှိသည်မှာ သဘာဝပင် ဖြစ်သည်။

သူတို့လို စစ်တပ်မှ ဆင်းသက်လာသူများမှာ အခြေခံအားဖြင့် မျိုးချစ်စစ်သည် မိသားစုများ ဖြစ်ကြသည်။

ဘိုးဘေးများမှာလည်း ထိုသူများကို တွန်းလှန်ခဲ့ရသော ခေတ်ကာလကို ဖြတ်သန်းခဲ့ကြသူများ ဖြစ်သောကြောင့် သူတို့၏ အရိုးထဲအထိ အရိပ်တပ်ဖွဲ့အပေါ် အမုန်းတရားများ ကိန်းအောင်းနေကြခြင်း ဖြစ်သည်။

ကျန်းယွီကျန်း တစ်ယောက်တည်းသာ မဟုတ်ဘဲ ဖုန်းကျန့်ကုန်း သည်လည်း မျိုးချစ်စစ်သည် မိသားစုမှ ဆင်းသက်လာသူပင် ဖြစ်သည်။

ထို့ကြောင့် ထိုလူနှစ်ယောက်စလုံးက ဤတိုက်ပွဲတွင် ပါဝင်ရန် အလွန် ဆန္ဒပြင်းပြနေကြခြင်း ဖြစ်သည်။

လူအုပ်ထဲတွင် ရှေးဟောင်းခေတ်ကာလမှ နိုးထလာကြသော ကျင်းဖုန်း၊ လင်းယွီရုံနှင့် ယင်ယွိ တို့ သုံးယောက်မှာမူ ဤကိစ္စမျိုးအပေါ် စိတ်ဝင်စားမှု သိပ်မရှိကြပေ။

ယင်ယွိက သံသယဖြင့် မေးလိုက်သည်။ "သူတို့က ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ"

ကျင်းဖုန်းကလည်း ခေါင်းခါလိုက်ပြီး "မသိဘူးလေ... အရိပ်တပ်ဖွဲ့ကို သွားဖျက်ဆီးရမယ်ဆိုလို့ အရမ်းပျော်နေကြတဲ့ပုံပဲ"

လင်းယွီရုံကမူ ဘာမှမပြောဘဲ သူမ၏ စိတ်အာရုံမှာ ဤနေရာတွင် ရှိမနေပေ။

သူမက လင်းယွမ်ကို ကြည့်ကာ မျက်နှာထား တည်တင်းသွားပြီး "သူ့ရဲ့ သန္ဓေပြောင်းစွမ်းအင်က ပိုပိုပြီး ခန့်မှန်းရခက်လာပြီ... သူ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ဘယ်လောက်အထိတောင် ရောက်နေပြီလဲ"

လင်းယွီရုံ မျက်မှောင်ကြုတ်သွားသည်။ သူမသည် လင်းယွမ်အပေါ် ပုန်ကန်လိုစိတ် ရှိနေခြင်း မဟုတ်ဘဲ ရင်ထဲတွင် စိုးရိမ်ပူပန်နေခြင်းသာ ဖြစ်သည်။

အရင်တုန်းက သူမ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သည် လင်းယွမ်ထက် ပိုမြင့်မားခဲ့သည် မဟုတ်ပါလော။

သို့သော် အချိန် မည်မျှမှ မကြာသေးခင်မှာပင် သူမအနေဖြင့် လင်းယွမ်၏ သန္ဓေပြောင်းစွမ်းအင်ကို အာရုံမခံနိုင်တော့သည့် အခြေအနေသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

"ဒီတိုင်းဆို မဖြစ်တော့ဘူး... ငါ့ရဲ့ ကျန်နေသေးတဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေကို အမြန်ဆုံး ရှာတွေ့မှ ဖြစ်မယ်"

"အင်း... တောင်ဘက်ဒေသက အရင်က ပင်လယ်ကမ်းစပ်ဖြစ်ပြီး တောင်ပိုင်းပင်လယ်နဲ့ နီးတယ်လို့ ကြားဖူးတယ်... အဲဒီမှာ ငါ့ရဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေ နိုးထလာတာများ ရှိနေမလား"

ထိုသို့ တွေးမိသောအခါ သူမ၏ မျက်ဝန်းများ အရောင်လက်သွားပြီး မတ်တတ်ရပ်လိုက်သည်။

"ကျွန်မလည်း ပါမယ်"

သူမက လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

သူမ စကားပြောလိုက်သည်နှင့် အခန်းထဲရှိ လူအားလုံး ချက်ချင်း တိတ်ဆိတ်သွားကြပြီး အတော်များများက သူမကို အံ့သြစွာ လှည့်ကြည့်လိုက်ကြသည်။

လင်းယွီရုံကမူ တည်ငြိမ်သော မျက်နှာထားဖြင့် လူအများ၏ အကြည့်များကို ဂရုမစိုက်ပေ။

လင်းယွမ်သည်လည်း သူမကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။

"မင်းလည်း အရိပ်တပ်ဖွဲ့ကို သွားတိုက်မလို့လား"

လင်းယွီရုံက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်" ဟု ပြန်ဖြေသည်။

"အော်... ဘာကြောင့်များလဲ" လင်းယွမ်က စိတ်ဝင်တစားဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွီရုံက "ကျွန်မ တောင်ဘက်ကို ဆင်းဖို့ လိုအပ်လို့" ဟု ပြန်ဖြေလိုက်၏။

သူမ ဤမျှသာ ပြောလိုက်သော်လည်း လင်းယွမ်က သူမ၏ အတွေးကို ချက်ချင်း သဘောပေါက်သွားသည်။

သူမက စိတ်ဝိညာဉ် အပိုင်းအစများကို ရှာဖွေရန် တောင်ဘက်သို့ ဆင်းချင်နေခြင်း ဖြစ်ပေမည်။

လင်းယွမ်က ခဏတာ တွေးတောလိုက်သည်။ လင်းယွီရုံ၏ လက်ရှိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာ မနိမ့်ကျလှပေ။ သူမပါဝင်လာပါက တောင်ဘက်သို့ ဆင်းမည့် စစ်တပ်အတွက် အားလုံးကို အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။

ထို့ကြောင့် သူက ရယ်မောလိုက်ပြီး "ကောင်းပြီလေ... ဒါဆို မင်းပါ လိုက်ခဲ့"

ထို့နောက် တောင်ဘက်သို့ ဆင်းမည့် လူစာရင်းကို တဖြည်းဖြည်း အတည်ပြုလိုက်ရာ စုစုပေါင်း (၁၅) ယောက် ရှိလေသည်။

သေချာသည်ကတော့ ဤ (၁၅) ယောက်မှာ ထိုက်ယန်တောင်ဘက်မှ လူများသာဖြစ်ပြီး ချွီကျင့်တို့ အဖွဲ့ မပါဝင်သေးပေ။

ထို့အပြင် လင်းယွမ်က မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာဘက်မှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင် အနည်းဆုံး (၁၀) ယောက်စီကိုလည်း ထပ်မံ ခေါ်ယူဦးမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် တောင်ဘက်သို့ ဆင်းမည့် ဤစစ်တပ်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အစွမ်းပိုင်ရှင်ချည်းသက်သက် အယောက် (၄၀) ကျော် ရှိနေမည် ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၅၀% အထက် ရောက်ရှိထားသော အစွမ်းပိုင်ရှင် အယောက် (၄၀) ဆိုလျှင် မည်သည့် အရိပ်တပ်ဖွဲ့၏ အင်အားစုကိုမဆို အလွယ်တကူ ရှင်းလင်းပစ်နိုင်စွမ်း ရှိမည်ဟု လင်းယွမ် ယုံကြည်ထားသည်။

ဤသို့ဖြင့် ကိစ္စများအားလုံး အတည်ဖြစ်သွားလေသည်။

နောက်တစ်ဆင့်အနေဖြင့် တပ်ဖွဲ့များကို နေရာချထားခြင်းနှင့် တပ်သားသစ်များ စုဆောင်းခြင်းပင် ဖြစ်သည်။

လင်းယွမ်က ထိုအလုပ်များကို သူတို့ဘာသာ လုပ်ဆောင်ရန် လွှတ်ပေးထားလိုက်ပြီး စာရွက်စာတမ်းများ လက်မှတ်ထိုးသည့် ကိစ္စများကိုပင် ဝင်မပါတော့ဘဲ တင်းယန်၊ ကျောက်ခိုင်၊ လီချင်းဟွာတို့အဖွဲ့ကိုသာ တာဝန်လွှဲပြောင်းပေးလိုက်သည်။

သူ ကိုယ်တိုင်ကမူ စွမ်းအင်စုဝေးအဆောက်အအုံထဲသို့ ဝင်သွားပြီး တံခါးပိတ် လေ့ကျင့်ခြင်းကို စတင်လိုက်တော့သည်။

...

စွမ်းအင်စုဝေးအဆောက်အအုံ၏ မျိုးရိုးဗီဇ ကျင့်စဉ်အခန်းထဲတွင်...

လင်းယွမ်က စနစ်၏ မျက်နှာပြင်ကို ဖွင့်လိုက်သည်။

"မျက်စိတစ်မှိတ်အတွင်းမှာပဲ အရင်တစ်ခေါက် ကံစမ်းမဲနှိုက်ပြီးကတည်းက အခုဆို တစ်လနီးပါးလောက် ရှိသွားပြီပဲ... ငါ့မှာ အမှတ် ဘယ်လောက်ရှိနေပြီလဲ ကြည့်ရအောင်"

"စနစ်... အရည်အသွေးဇယားကွက်ကို ပြစမ်း"

နောက်တစ်ခဏတွင် လင်းယွမ်၏ မျက်စိရှေ့၌ အရည်အသွေးဇယားကွက် ပေါ်လာသည်။

သူက အရည်အသွေးဇယားကွက်၏ အခြေအနေကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အများကြီး ဆက်မကြည့်တော့ဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ပြသထားသည့် နေရာကိုသာ တိုက်ရိုက် ကြည့်လိုက်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် - ၉၂%

ဤကာလအတွင်း သူ အပြင်းအထန် လေ့ကျင့်ခဲ့သော်လည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် တိုးတက်နှုန်းမှာ ကြီးမားသော အပြောင်းအလဲ မရှိခဲ့ပေ။

"ကြည့်ရတာ နောက်ပိုင်းရောက်လေလေ အဆင့် တက်ဖို့ ခက်ခဲလေလေ ဖြစ်လာမယ့်ပုံပဲ"

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ဆိုသည်မှာ များပြားလှသော မျိုးရိုးဗီဇ အရောအနှောများထဲမှ မိမိ၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းနှင့် ကိုက်ညီသော မျိုးရိုးဗီဇကို ထုတ်ယူကာ ပြန်လည်ဖွဲ့စည်းရခြင်း ဖြစ်သည်။

အစောပိုင်းကာလများတွင် မိမိ၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းနှင့် ကိုက်ညီသော မျိုးရိုးဗီဇများမှာ များပြားလှသဖြင့် အလွယ်တကူ ရှာဖွေနိုင်ပြီး ပြန်လည်ဖွဲ့စည်းနိုင်သည်။

သို့သော် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့် မြင့်မားလာသည်နှင့်အမျှ ရှာဖွေတွေ့ရှိထားသော မျိုးရိုးဗီဇများကလည်း များပြားလာပြီး ပြန်လည်ဖွဲ့စည်းရန် ကျန်ရှိနေသော မျိုးရိုးဗီဇများမှာ သဘာဝအတိုင်း ပိုမိုနည်းပါးလာသည်။

ဤသို့ဖြင့် ရှာဖွေရသည့် အခက်အခဲမှာလည်း ပိုမို ကြီးမားလာတော့သည်။

ဒါက နောက်ပိုင်းရောက်လေလေ လေ့ကျင့်ရာတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် တက်ရန် ခက်ခဲလာရသည့် အဓိက အကြောင်းရင်းပင် ဖြစ်သည်။

လင်းယွမ်၏ လေ့ကျင့်မှု အရှိန်မှာ မြန်ဆန်သည်ဟု ဆိုနိုင်သည်။

ကျင့်စဉ်အခန်းထဲရှိ မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ၏ အကူအညီ ပါဝင်သည့်အပြင် သူကိုယ်တိုင်ကလည်း သန္ဓေပြောင်း သားရဲများ၏ အသားများကို စားသုံးလေ့ သိပ်မရှိသောကြောင့် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည့် မျိုးရိုးဗီဇ အရောအနှောများမှာ အလွန် နည်းပါးလှသည်။

သူ့ခန္ဓာကိုယ်ထဲရှိ မျိုးရိုးဗီဇမှာ အလွန် သန့်စင်သည်ဟု ဆိုနိုင်သည်။

သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် အချိန်အတော်ကြာသည့်အထိ သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာ ၃% ခန့်သာ တက်လာခဲ့သည်။

လက်ရှိအခြေအနေအရ ဆက်လက်၍ ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းကိုသာ အားကိုးနေမည်ဆိုလျှင် အနည်းငယ် ခက်ခဲပေလိမ့်မည်။

"ကံကောင်းလို့ ငါ့မှာ စနစ် ရှိနေသေးတယ်"

လင်းယွမ် သတိပြန်ဝင်လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ အကြည့်များက အမှတ် ပြသထားသည့် နေရာကို ဖြတ်သန်းသွားသည်။

အမှတ် - ၄,၅၂၃,၁၁၆ မှတ်

အမှတ် လေးသန်းခွဲကျော်မျှ ရှိသော ဧရာမ အမှတ်ပမာဏကြီးမှာ အမှတ်ပြကွက်တွင် ငြိမ်သက်စွာ ရှိနေသည်။

လင်းယွမ်၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ပိုမို တောက်ပလာတော့သည်။

"သန်းနဲ့ချီတဲ့ အမှတ်တွေ သုံးရတဲ့ ကံစမ်းမဲဘီး ထဲမှာ ဘာပစ္စည်းကောင်းတွေ ရှိသေးလဲ ကြည့်လိုက်ရအောင်"

အမှတ် တစ်သန်းတန် ကံစမ်းမဲဘီးကို သူ အစောကြီးကတည်းက ကြည့်ဖူးပြီးသား ဖြစ်သည်။

သူ၏ အမှတ်များကလည်း သန်းဂဏန်းအထက်သို့ ရောက်ရှိဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

သို့သော် လေးသန်းကျော်အထိ ရောက်လာခြင်းကတော့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

လင်းယွမ်က စိတ်ထဲမှ ကြံစည်လိုက်သည်နှင့်အမျှ ကံစမ်းမဲဘီး ပေါ်လာသည်။

သို့သော် ဤတစ်ကြိမ် ကံစမ်းမဲဘီးပေါ်တွင် ပေါ်လာသော အရာများက လင်းယွမ်၏ အသိအမြင်များကို များစွာ ပြောင်းလဲသွားစေခဲ့သည်။

"စနစ်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို တိုက်ရိုက် ရှာဖွေပေးပါ"

"ရွှမ်း"

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းနှင့် သက်ဆိုင်သော ပစ္စည်းအများအပြားမှာ ကံစမ်းမဲအကွက်ထဲတွင် ပေါ်လာလေသည်။

လင်းယွမ် တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် ပထမဆုံး ပစ္စည်းကို အာရုံကျသွားတော့သည်။

ထက်စမန် လူသားခန္ဓာကိုယ် - နတ်ဘုရားတစ်ပိုင်းအဆင့် ဆင့်ခေါ်ကိရိယာ၊ တန်ဖိုး ၄.၅ သန်း အမှတ်။

"ထက်စမန် လူသားခန္ဓာကိုယ် ဟုတ်လား... ဒါက ဘာပစ္စည်းလဲ"

လင်းယွမ်၏ ရင်ထဲတွင် သံသယဝင်သွားပြီး ဤ "ထက်စမန် လူသားခန္ဓာကိုယ်" ၏ အသေးစိတ် အချက်အလက်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် စနစ်က "ထက်စမန် လူသားခန္ဓာကိုယ်" ၏ အသေးစိတ် ရှင်းလင်းချက်များကို လျင်မြန်စွာ ဖော်ပြလာသည်ကို တွေ့လိုက်ရသည်။

ထက်စမန် လူသားခန္ဓာကိုယ် - ကြယ်နတ်ဘုရားတစ်ပိုင်းအဆင့် ဆင့်ခေါ်ကိရိယာ။

ဖော်ပြချက် - ထက်စမန် မျိုးနွယ်စုမှ တီထွင်ထားသော ဂြိုဟ်အဆင့် လူသားခန္ဓာကိုယ် ဆင့်ခေါ်ကိရိယာ ဖြစ်သည်။ ဤကိရိယာကို အသုံးပြုပါက မိမိ၏ မျိုးရိုးဗီဇ ပုံသဏ္ဌာန်အတိုင်း လူသားခန္ဓာကိုယ်ကို ဆင့်ခေါ်နိုင်သည်။

ဤလူသားခန္ဓာကိုယ်၏ စွမ်းအားမှာ ကြယ်သားရဲတစ်ပိုင်းအဆင့်တွင် ရှိပြီး ဂြိုဟ်ပေါ်တွင် ခဏတာ နေထိုင်နိုင်သည်။

မှတ်ချက် - ဤကိရိယာကို များသောအားဖြင့် ကြယ်သားရဲများ ဂြိုဟ်သိမ်များပေါ်သို့ ဝင်ရောက်၍ မရနိုင်သော အခြေအနေများတွင် အသုံးပြုလေ့ရှိသည်။

ဤကိရိယာ၏ မိတ်ဆက် ဖော်ပြချက်မှာ အလွန် ရိုးရှင်းလှသဖြင့် လင်းယွမ် အကြိမ်ကြိမ် ဖတ်ကြည့်ပြီးမှသာ သဘောပေါက်သွားတော့သည်။

"ဒါဆိုရင် ဒီကိရိယာကနေတစ်ဆင့် ငါ့ရဲ့ မျိုးရိုးဗီဇ ပုံသဏ္ဌာန် လူသားခန္ဓာကိုယ်ကို ဆင့်ခေါ်လို့ရတယ် ဆိုတဲ့ သဘောပေါ့"

"ငါကိုယ်တိုင်က ဒီဂြိုဟ်ပေါ်မှာ ရှိနေတာပဲကို... လူသားခန္ဓာကိုယ်က ဘာလုပ်ဖို့လိုလို့လဲ"

"ကိုယ်ပွား အနေနဲ့ သုံးဖို့လား"

လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ သေချာပေါက် တစ်ခုခုတော့ လွဲနေပြီ ဖြစ်သည်။

ဒီပစ္စည်းက အမှတ် လေးသန်းခွဲတောင် တန်တာကို... ဘယ်လိုလုပ်ပြီး ကိုယ်ပွားတစ်ခု အနေနဲ့လောက်ပဲ သုံးလို့ရမှာလဲ။

လင်းယွမ်က မှတ်ချက်နှင့် ဖော်ပြချက်များကို သေချာ ထပ်ဖတ်ကြည့်လိုက်ရာ "ကြယ်သားရဲများ ဂြိုဟ်သိမ်များပေါ်သို့ ဝင်ရောက်၍ မရနိုင်သော အခြေအနေများတွင် အသုံးပြုလေ့ရှိသည်" ဆိုသော မှတ်ချက်ကို မြင်လိုက်ရသောအခါ ရုတ်တရက် သဘောပေါက်သွားတော့သည်။

"ဟုတ်ပြီ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပြည့်စုံသွားပြီး ကြယ်နတ်ဘုရား အဆင့်ကို ရောက်သွားမယ် ဆိုရင်... စနစ်က ပြောတဲ့ ကြယ်သားရဲ အဆင့်ကို ရောက်သွားတာပဲ... အဲဒီအချိန်ကျရင် ကြယ်သားရဲတွေက သူတို့ရဲ့ ကိုယ်ပိုင် နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ဖွဲ့စည်းနိုင်သွားမှာ"

"ဒီလို ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေ ဖွဲ့စည်းပြီးတာနဲ့ ကြယ်သားရဲ ကိုယ်တိုင်က အတိုင်းအတာ တစ်ခုအထိ ဆွဲငင်အား စက်ကွင်းကို ပိုင်ဆိုင်လာပြီး အာကာသထဲက ဂြိုဟ်ငယ်လေးတစ်ခုနဲ့ တူသွားမှာ"

"ဟို သေဆုံးသွားတဲ့ ရေပေါ်ကျွန်းတွေနဲ့ လေပေါ်ကျွန်းက အလောင်းကောင်ကြီးတွေလိုပဲ... သူတို့ ရေပေါ်မှာ ပေါလောပေါ်နိုင်တာက သူတို့ခန္ဓာကိုယ်ထဲမှာ ဆွဲငင်အား စက်ကွင်းတွေ ကျန်နေသေးလို့ပဲလေ"

"အသက်ရှင်နေတဲ့ ကြယ်သားရဲတွေဆိုရင် ဆွဲငင်အား စက်ကွင်းက ပိုတောင် အားကောင်းဦးမှာ... ဒါကြောင့် သူတို့က တခြား ဂြိုဟ်သိမ်တွေနားကို ကပ်သွားလို့ မရတာ"

"အတင်းအဓမ္မ နီးကပ်သွားမယ်ဆိုရင် ဒီဂြိုဟ်သိမ်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သလိုတောင် ဖြစ်သွားနိုင်တယ်"

"ဒါကြောင့် ဒီ ဆင့်ခေါ်ကိရိယာက ဒီလိုအခြေအနေမျိုးကို ဖြေရှင်းဖို့အတွက် ကြယ်သားရဲတွေကို လူသားခန္ဓာကိုယ် ပုံစံနဲ့ ဂြိုဟ်သိမ်တွေပေါ် ဆင်းသက်နိုင်အောင် ဖန်တီးပေးထားတာပဲ"

ဆက်ရန်...

All Chapters