← Chapters

အခန်း (၉၃၇-၉၃၈)

Vol. 47 Ch. 937-938

အခန်း (၉၃၇-၉၃၈)

Vol. 47 Ch. 937-938

အပိုင်း(၉၃၇) အာကာသယာဉ် စီမံကိန်း

"စိတ်ဝင်စားစရာပဲ... ဟင်းလင်းပြင် လှောင်အိမ်ဆိုတဲ့ ပစ္စည်းက ဘာလဲ... ငါ့ကို ထုတ်ပြစမ်း"

လင်းယွမ်က အောက်ဘက်ရှိ လီဟူကို မေးလိုက်၏။

လီဟူက နှောင့်နှေးခြင်း မရှိရဲဘဲ သူ၏ ကိုယ်ပေါ်ကို စမ်းသပ်ကြည့်လိုက်ရာ ချက်ချင်းပင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး "ဆရာလင်း... ပစ္စည်းတွေ ပျောက်သွားပြီ ထင်တယ်"

"ဘာ" လင်းယွမ်က ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

လီဟူက လန့်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။ "ခုနကတင် ကျွန်တော့်ကိုယ်ပေါ်မှာ ရှိနေသေးတယ်... ဆရာလင်း ဖမ်းတာ ခံလိုက်ရပြီးတဲ့နောက် ကိုယ်ပေါ်က ပစ္စည်းတွေ အကုန်လုံး ပျောက်သွားတာ"

လင်းယွမ် ကြောင်သွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားလေသည်။

တွင်းနက်အရိပ်ကမ္ဘာသည် သက်ရှိအားလုံးကို ၎င်း၏အထဲသို့ ဆွဲသွင်းပြီး နှစ်ဖက်မြင် သက်ရှိပုံစံအဖြစ်သို့ ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် လီဟူတို့ ကိုယ်ပေါ်ရှိ ပစ္စည်းများမှာ သဘာဝကျကျပင် ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေမည်။

လင်းယွမ်က ဒေါက်တာယင်ကို ကြည့်ကာ မေးလိုက်သည်။ "ဒေါက်တာယင်... ဒီမှာ ဟင်းလင်းပြင် လှောင်အိမ်က တစ်ခုတည်း ရှိတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား"

ဒေါက်တာယင်သည် အသက်မငယ်တော့ဘဲ အသက် ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် ရှိပုံရပြီး အလျင်အမြန် ပြန်ဖြေလိုက်၏။ "နောက်ထပ် နှစ်ခု ရှိပါသေးတယ်... ဓာတ်ခွဲခန်းထဲမှာပါ... ကျွန်တော် အခုချက်ချင်း သွားယူပေးနိုင်ပါတယ်"

"သွားယူခဲ့... ပြီးတော့ ခင်ဗျား ခုနက ထွက်ပြေးဖို့ သုံးခဲ့တဲ့ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းတဲ့ ပစ္စည်းကိုပါ ယူခဲ့... ကျုပ် ကြည့်ချင်တယ်"

"ဟုတ်ကဲ့ပါ"

ဒေါက်တာယင်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ပစ္စည်းများ ယူရန် ဓာတ်ခွဲခန်းဆီသို့ သွက်လက်စွာ ထသွားလေသည်။

သူတို့နှစ်ဦးစလုံးသည် လင်းယွမ်၏ ဝိညာဉ် ချုပ်နှောင်ခြင်း အစွမ်းဖြင့် သင်္ကေတ ရိုက်သွင်းခံထားရသဖြင့် ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။

ထို့ကြောင့် ယခုအချိန်တွင် လင်းယွမ်၏ စကားကို သဘာဝကျကျပင် တစ်သွေမတိမ်း လိုက်နာနေကြခြင်း ဖြစ်သည်။

အချိန်သိပ်မကြာလိုက်ဘဲ ဒေါက်တာယင်သည် ဂျင် နှင့်တူသော ပစ္စည်းနှစ်ခုကို ယူဆောင်လာခဲ့သည်။

ထိုဂျင်ပုံစံ ပစ္စည်း၏ အတွင်းပိုင်းတွင် စွမ်းအင်ကျောက်တုံး တစ်တုံးကို မြှုပ်နှံထားပြီး ဘေးပတ်လည်တွင် ရှုပ်ထွေးလှသော သင်္ကေတများကို ထွင်းထုထား၏။

ပစ္စည်းတစ်ခုလုံးမှ အပြာနုရောင် အလင်းတန်းများ သဲ့သဲ့ ထွက်ပေါ်နေသည်။

၎င်း၏ ပတ်ဝန်းကျင်တွင်လည်း ဟင်းလင်းပြင် တုန်ခါလှိုင်းများ မှိန်ဖျော့ဖျော့ ရှိနေလေသည်။

၎င်းမှာ ဟင်းလင်းပြင် လှောင်အိမ် ပစ္စည်းပင် ဖြစ်သည်။

လင်းယွမ်က မနေနိုင်ဘဲ "ငါ့ကို ပေး... ကြည့်ရအောင်" ဟု ပြောလိုက်သည်။

ဒေါက်တာယင်က ပစ္စည်းကို လင်းယွမ်ထံသို့ အလျင်အမြန် ကမ်းပေးလိုက်ပြီး ထိုအရာ၏ အလုပ်လုပ်ပုံ သီအိုရီကို ရှင်းပြလေသည်။

"ဆရာလင်း... ဒီ ဟင်းလင်းပြင် လှောင်အိမ်မှာ အဓိက အစိတ်အပိုင်း နှစ်ခု ပါဝင်ပါတယ်... တစ်ခုက ဟင်းလင်းပြင် သင်္ကေတ အစီအရင် ဖြစ်ပြီး သီးခြား ဟင်းလင်းပြင် တစ်ခုကို ဖွင့်လှစ်ပေးနိုင်ပါတယ်"

"ဘေးပတ်လည်က သင်္ကေတတွေကတော့ စွမ်းအင်မြှင့် သင်္ကေတတွေ ဖြစ်ပြီး ဟင်းလင်းပြင်ရဲ့ အတိုင်းအတာကို ထိထိရောက်ရောက် ချဲ့ထွင်ပေးနိုင်ပါတယ်"

"အသုံးပြုတဲ့အခါ ပစ်ပေါက်လိုက်ရုံနဲ့ သင်္ကေတတွေ ချက်ချင်း အလုပ်လုပ်သွားပြီး... မိုင်ဝက်ကျော် ပတ်လည်အတွင်းမှာရှိတဲ့ အရာဝတ္ထုအားလုံးကို လျင်လျင်မြန်မြန် စုပ်ယူပြီး သီးခြား ဟင်းလင်းပြင်တစ်ခုကို ဖန်တီးပေးတာပါ"

"အဲ့ဒီ ဟင်းလင်းပြင်ထဲမှာ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ကြိုတင် ပြင်ဆင်ထားတဲ့အတွက် ဟင်းလင်းပြင် လှောင်အိမ်ထဲ ကျရောက်သွားတဲ့ သက်ရှိတွေကို ထိထိရောက်ရောက် ကန့်သတ်ချုပ်ချယ်ထားနိုင်ပါတယ်"

လင်းယွမ်က ထိုပစ္စည်းကို သေချာစွာ အကဲခတ်ကြည့်လိုက်ပြီးနောက် အဓိကအချက်ကို ချက်ချင်း သဘောပေါက်သွားသည်။

"ဆိုတော့... ဒီပစ္စည်းရဲ့ နည်းပညာ အခက်အခဲက စွမ်းအင်ချိတ်ပိတ် သင်္ကေတကို ဟင်းလင်းပြင်ထဲမှာ ဘယ်လို ကြိုတင် ခင်းကျင်းရမလဲ ဆိုတာပဲ မဟုတ်လား"

ဒေါက်တာယင်သည် အလွန်တရာ အံ့သြသွားပြီး အလျင်အမြန် ခေါင်းညိတ်ကာ "ဆရာလင်းက တကယ် ဉာဏ်ကောင်းတာပဲ... ဟုတ်ပါတယ်... ဒီပစ္စည်းရဲ့ အကြီးမားဆုံး အခက်အခဲက အဲ့ဒါပါပဲ"

"ဘာလို့လဲဆိုတော့ ဟင်းလင်းပြင်တစ်ခု ဖြစ်တည်လာပြီး ကျယ်ပြန့်သွားတာက နောက်ပြန်ဆုတ်လို့မရတဲ့ ဖြစ်စဉ်တစ်ခုပါ... ပြန်ကျုံ့သွားပြီ ဆိုတာနဲ့ ဟင်းလင်းပြင် တစ်ခုလုံးရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံက ပြောင်းလဲသွားရတာပါ"

"လက်ဝါးအရွယ်အစားလေးရှိတဲ့ ဟင်းလင်းပြင် လှောင်အိမ်ကို မိုင်ဝက်ကျော် အတိုင်းအတာအထိ လွှမ်းခြုံနိုင်တဲ့ ဟင်းလင်းပြင်တစ်ခု ဖြစ်လာအောင် ချက်ချင်း ဘယ်လို အာမခံနိုင်မလဲ ဆိုတာက အဓိက အခက်အခဲပါပဲ"

"ခင်ဗျားတို့က ဒီနည်းပညာ အခက်အခဲကို ဘယ်လို ဖြေရှင်းခဲ့တာလဲ" လင်းယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကျွန်တော်တို့က ဟင်းလင်းပြင် ပြန့်ကားခြင်း သီအိုရီကို အသုံးပြုခဲ့တာပါ... မူလ သေးငယ်တဲ့ ဟင်းလင်းပြင်ထဲမှာ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို အချိုးကျ သေးငယ်သွားအောင် လုပ်ထားလိုက်တယ်"

"အဲ့ဒီနောက် ဟင်းလင်းပြင်က ပြန့်ကားလာပြီး လှောင်အိမ်အဖြစ် ပြောင်းလဲသွားတဲ့အခါ... စွမ်းအင်ချိတ်ပိတ် အစီအရင်ကလည်း အချိုးကျ ကြီးမားလာတာပါ... ဒီဖြစ်စဉ်ကြားထဲမှာ စွမ်းအင်မြှင့် သင်္ကေတ ရဲ့ အာနိသင်ကို အသုံးပြုထားတာပါ"

ဒေါက်တာယင်သည် ထိုဟင်းလင်းပြင် လှောင်အိမ်၏ သီအိုရီနှင့် အသုံးပြုထားသော သင်္ကေတများအကြောင်းကို လျင်မြန်စွာ စတင် ရှင်းပြလေတော့သည်။

အချို့သော နည်းပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကြောင့် ထိုနေရာတွင် ရှိနေသော ဂျိမ်းစ်တို့ အဖွဲ့မှာ ခေါင်းရှုပ်သွားကြသည်။

သူတို့က ဤအရာများကို သဘာဝကျကျပင် နားမလည်ကြသော်လည်း လင်းယွမ်ကမူ အလွန် အရသာခံကာ နားထောင်နေလေသည်။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က သင်္ကေတပညာရှင် တစ်ဦးဖြစ်ပြီး လုပ်ငန်းစဉ် အများအပြားကို ကျွမ်းကျင်စွာ တတ်မြောက်ထားသောကြောင့် ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် လင်းယွမ်က ဟင်းလင်းပြင် လှောင်အိမ်အကြောင်းကို ရှင်းလင်းစွာ နားလည်သွားသောအခါ ဒေါက်တာယင် ယခင်က အသုံးပြုခဲ့သော နေရာရွှေ့ပြောင်းသည့် ပစ္စည်းအကြောင်းကို ဆက်လက် မေးမြန်းလိုက်သည်။

ဤ နေရာရွှေ့ပြောင်းသည့် ပစ္စည်းနှင့် ဟင်းလင်းပြင် လှောင်အိမ်တို့၏ သီအိုရီမှာ အမှန်တကယ်တော့ များစွာ ကွာခြားမှု မရှိပေ။

နှစ်ခုစလုံးသည် စွမ်းအင်မြှင့် သင်္ကေတများကို အသုံးပြုထားခြင်း ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ နေရာရွှေ့ပြောင်းသည့် ပစ္စည်းသည် သိုလှောင်မည့် ဟင်းလင်းပြင် အရွယ်အစားကို ထိန်းချုပ်ရန် မလိုအပ်ခြင်းပင် ဖြစ်သည်။

၎င်းသည် နေရာရွှေ့ပြောင်းမည့် လမ်းကြောင်းကို ဖွင့်လှစ်ရန် အာရုံစိုက်ပြီး ပစ်မှတ်ထားသော အုပ်စုကို ရွှေ့ပြောင်းပေးလိုက်ရန်သာ လိုအပ်သည်။

လင်းယွမ်သည် နားထောင်ရင်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ကာ မေးလိုက်သည်။ "ကျင်းကျိုးစစ်တပ်က ဟင်းလင်းပြင် စွမ်းရည်နဲ့ ပတ်သက်ပြီး သုတေသန လုပ်ထားတာ အရမ်းနက်ရှိုင်းနေပြီလား"

ဒေါက်တာယင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်... ကျင်းကျိုးမှာ ဟင်းလင်းပြင်ကို သုတေသနလုပ်တဲ့ ကျွမ်းကျင်သူ တစ်ယောက် ရှိတယ်... သူကိုယ်တိုင်ကလည်း ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်နေတော့ ဒီဘက်မှာ သုတေသန လုပ်တာ ပိုပြီး နက်ရှိုင်းတာပါ"

"တကယ်တော့... အခု ကျွန်တော်တို့ တွေ့နေရတဲ့ ဟင်းလင်းပြင် လှောင်အိမ်နဲ့ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းတဲ့ ပစ္စည်း နှစ်ခုတည်းတင် မကပါဘူး... အစွမ်းအထက်ဆုံးကတော့ ကျွန်းပေါ်မှာ တပ်ဆင်ထားတဲ့ ဟင်းလင်းပြင် ကူးပြောင်းခြင်း အစီအရင်ကြီးပါပဲ"

"အလွန် ဝေးကွာတဲ့ ခရီးကို တိုက်ရိုက် ဟင်းလင်းပြင် ကူးပြောင်းနိုင်တဲ့ နည်းပညာပါ... အဲ့ဒါကမှ တကယ့် အဆင့်မြင့် ဟင်းလင်းပြင် နည်းပညာ အစစ်ပါ"

"လောလောဆယ် ကျင်းကျိုးစစ်တပ်က ဒီနည်းပညာကို အာကာသယာဉ်တွေပေါ်မှာ စတင် တပ်ဆင်နေပါပြီ"

လင်းယွမ် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် အလွန်အမင်း အံ့သြသွားသည်။ "အာကာသယာဉ်"

ကျင်းကျိုးစစ်တပ်က ဟင်းလင်းပြင် နည်းပညာ သုတေသနအပေါ် ဤမျှအထိ နက်ရှိုင်းစွာ လုပ်ဆောင်နေလိမ့်မည်ဟု သူ ဘယ်လိုမှ ထင်မှတ်မထားခဲ့မိပေ။

အာကာသယာဉ်ကိုပင် စတင် သုတေသနပြု လုပ်ဆောင်နေပြီ ဖြစ်သည်။

အမှန်တကယ်တော့ အာကာသထဲတွင် ခရီးမသွားလာနိုင်ပါက ထိုနည်းပညာကို အာကာသယာဉ်ဟု လုံးဝ ခေါ်ဆို၍ မရနိုင်ပေ။

အာကာသယာဉ်တစ်စင်း၏ အရေးအကြီးဆုံး သင်္ကေတမှာ ဟင်းလင်းပြင် ကူးပြောင်းခြင်းပင် ဖြစ်သည်။

အဆုံးအစမရှိ ကျယ်ပြောလှသော အာကာသကြီးနှင့် နှိုင်းယှဉ်လျှင် ဤကဲ့သို့သော လျင်မြန်သည့် နည်းပညာသာ မရှိပါက... စွမ်းအင်ကိုသာ အားကိုးပြီး ပျံသန်းနေရမည် ဆိုလျှင် အဆုံးမဲ့ အာကာသကြီးထဲ၌ အာကာသယာဉ်သည် ခရီးမည်မျှမှ ပေါက်နိုင်မည် မဟုတ်ပေ။

အချိန်အတော်ကြာကတည်းက လင်းယွမ်သည်လည်း ရေလွှမ်းမိုးခံရတော့မည့် ဤကမ္ဘာဂြိုဟ်မှ လွတ်မြောက်နိုင်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

သူ ဤမျှ ကြိုးစားပမ်းစား လေ့ကျင့်နေပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို အမြန်ဆုံး ကျော်ဖြတ်ကာ ကြယ်နတ်ဘုရား တစ်ပါး ဖြစ်လာရန် ရည်ရွယ်ရသည့် အဓိက အကြောင်းရင်းမှာ ဤကမ္ဘာဂြိုဟ်၏ အပြင်ဘက်တွင် လွတ်လပ်စွာ ရှင်သန်နိုင်စွမ်း ရရှိရန်ပင် ဖြစ်သည်။

ယခု ကြည့်ရသလောက် သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ကျင်းကျိုးစစ်တပ်ကလည်း ဤအချက်ကို ရှင်းလင်းစွာ သတိထားမိပုံ ရသည်။

သူတို့သည်လည်း ဤကမ္ဘာဂြိုဟ်မှ လွတ်မြောက်ရန် နည်းလမ်း ရှာဖွေနေကြခြင်း ဖြစ်သည်။

သေချာသည်မှာ... သူတို့ နှစ်ဦးနှစ်ဖက်၏ လေ့လာအားထုတ်မှု ဦးတည်ချက်များကတော့ မတူညီကြပေ။

လင်းယွမ်သည် ကမ္ဘာဂြိုဟ်၏ ချုပ်နှောင်မှုမှ သူကိုယ်တိုင် ပထမဆုံး လွတ်မြောက်နိုင်ရန် အားထုတ်ကြိုးပမ်းနေခြင်း ဖြစ်သည်။

ကျင်းကျိုးစစ်တပ်ကမူ အာကာသယာဉ်ဟူသော နည်းလမ်းကို အသုံးပြု၍ ဤကမ္ဘာဂြိုဟ်၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။

လင်းယွမ်က ချက်ချင်း မေးမြန်းလိုက်သည်။ "ဒေါက်တာယင်... အခု စစ်တပ်ရဲ့ သုတေသန လုပ်ငန်းစဉ်တွေက ဘယ်လောက်အထိ ရောက်နေပြီလဲ... အာကာသယာဉ်ကို စတင် ထုတ်လုပ်နေပြီလား... ကမ္ဘာပေါ်ကနေ တရားဝင် ပျံသန်းထွက်ခွာနိုင်ပြီလား"

ဒေါက်တာယင်က ခါးသီးစွာ ပြုံးလိုက်ပြီး အလျင်အမြန် ခေါင်းခါပြသည်။ "ဘယ်မှာ အဲ့ဒီလောက် လွယ်ပါ့မလဲ... သတ်မှတ်ချက် ပြည့်မီတဲ့ အာကာသယာဉ် တစ်စင်းဖြစ်ဖို့ဆိုတာ ဟင်းလင်းပြင် ကူးပြောင်းတဲ့ နည်းပညာ ရှိရုံတင် မကဘူး... ယာဉ်အတွင်းမှာ လည်ပတ်နိုင်မယ့် ပြီးပြည့်စုံတဲ့ ဂေဟစနစ် တစ်ခုလည်း လိုအပ်ပါသေးတယ်"

"ပြီးတော့ အာကာသယာဉ်အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ၊ ထောက်ပံ့ရေး ပစ္စည်းတွေ စတာတွေ အကုန်လုံးက ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုချည်းပါပဲ"

"ကျင်းကျိုးစစ်တပ်လို နေရာမျိုးတောင် အခုချိန်မှာ ဒီလောက် ကြီးမားတဲ့ ကုန်ကျစရိတ်ကို တောင့်ခံနိုင်ဖို့ အရမ်း ခက်ခဲနေပါတယ်"

"ဒါကလည်း ကျင်းကျိုးစစ်တပ်က အပြင်ဘက်ကို အမြဲမပြတ် နယ်မြေချဲ့ထွင်နေရတဲ့ အဓိက အကြောင်းရင်းပါပဲ... သူတို့က နယ်မြေချဲ့ထွင်ခြင်းကနေတစ်ဆင့် ကျန်ရစ်နေတဲ့ ခိုလှုံရေးစခန်းတွေက လူရည်ချွန်တွေနဲ့ အရင်းအမြစ်တွေကို စုဆောင်းချင်နေတာပါ"

"ဒီလိုလုပ်မှသာ ဟင်းလင်းပြင် နည်းပညာကို အစွမ်းကုန် ဖွံ့ဖြိုးလာအောင် လုပ်နိုင်မှာပါ... တစ်ချိန်ချိန်မှာ အာကာသယာဉ်ကိုသာ သုတေသနလုပ်ပြီး အောင်မြင်သွားမယ်ဆိုရင်... လူသားတစ်ရပ်လုံးက ဒီကမ္ဘာဂြိုဟ်ကနေ လွတ်မြောက်နိုင်ပြီး ရေကြီးတဲ့ အန္တရာယ်ကို ထပ်ပြီး ခံစားရတော့မှာ မဟုတ်ဘူးလေ"

သူ၏ ဤစကားများကြောင့် ဂျိမ်းစ်၊ ကျန်းခဲ နှင့် အခြားသူများအားလုံး အလွန်အမင်း အံ့သြသွားကြသည်။

လင်းယွမ်သည်လည်း ရင်ထဲတွင် တုန်လှုပ်သွားမိသည်။

"ကျင်းကျိုးစစ်တပ်မှာ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက် ရှိနေတာပဲ"

ဤကဲ့သို့သော စီမံကိန်းမျိုးသည် သေးငယ်သော စီမံကိန်း မဟုတ်ပေ။ အကောင်အထည် ဖော်မည်ဆိုလျှင် အခက်အခဲများစွာ ရှိလာနိုင်မည်ကို စိုးရိမ်ရသည်။

ဤအချက်အပေါ် လင်းယွမ် စိတ်ဝင်စားသွားလေသည်။

စစ်တပ်ဘက်တွင် လိုအပ်နေသည်မှာ အရင်းအမြစ်များ၊ လူရည်ချွန်များနှင့် သက်ဆိုင်ရာ နည်းပညာများပင် ဖြစ်သည်။

သို့သော် လင်းယွမ်ကမူ မတူညီပေ။ သူ့ထံတွင် စနစ် ရှိနေသည် မဟုတ်ပါလော... သာမန် အာကာသယာဉ် ကုန်ကြမ်းများကို သူ အလွယ်တကူ လဲလှယ်ယူနိုင်ပေသည်။

စနစ်ထဲတွင် ဤကဲ့သို့သော ကုန်ကြမ်းပစ္စည်းများက အတန်ဖိုးနည်းဆုံး အရာများ ဖြစ်နေသည်။

များသောအားဖြင့် အမှတ်တစ်မှတ်တည်းဖြင့်ပင် တန်ချိန်နှင့်ချီ၍ လဲလှယ်ယူနိုင်ပေသည်။

ထို့အပြင် စနစ်ထဲတွင် နည်းပညာ ပုံစံကြမ်းများကိုလည်း လဲလှယ်ယူနိုင်ပြီး ဈေးနှုန်းမှာလည်း အချောထည်ပစ္စည်းများထက် များစွာ သက်သာလေသည်။

ပြီးပြည့်စုံသော ဂေဟစနစ်နှင့် အာကာသယာဉ် ဒီဇိုင်းပုံစံကြမ်းများကို လင်းယွမ်အနေဖြင့် စနစ်ထဲမှ အလွယ်တကူ လဲလှယ်ယူနိုင်ပေသည်။

ဤသို့ဆိုလျှင် ထိုက်ယန်တောင် သည်လည်း အမှန်တကယ်တော့ အာကာသယာဉ်ကို သုတေသန ပြုနိုင်သည် မဟုတ်ပါလော။

"နောက်မှ အာကာသယာဉ် ပုံစံကြမ်းက အမှတ် ဘယ်လောက်ပေးရလဲ ဆိုတာ သွားကြည့်ရမယ်... အမှတ် တစ်သန်း အောက်ဆိုရင်တော့ လဲလှယ်လိုက်မယ်"

"အမှတ် တစ်သန်း ကျော်နေရင်တော့ နည်းနည်း ထပ်စောင့်ရမှာပေါ့"

လင်းယွမ်၏ စိတ်ထဲတွင် ဤအတွေးတစ်ခု ဖြတ်ပြေးသွားသည်။

အမှတ် တစ်သန်း ကျော်သွားပါက သူ၏ လေ့ကျင့်ခြင်းကို အနည်းငယ် နှောင့်နှေးသွားစေနိုင်ပေသည်။

သူ၏ အမှတ်များကို လောလောဆယ်တွင် ကြယ်နတ်ဘုရား အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက်သာ ဦးစားပေး အသုံးပြုရမည် ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၉၃၈) နတ်ဘုရားနိုင်ငံတော်၏ "နတ်ဘုရား"

လင်းယွမ်က ဒေါက်တာယင်နှင့် လီဟူတို့ထံမှ ကျင်းကျိုးစစ်တပ်နှင့် ပတ်သက်သည့် အကြောင်းအရာ တော်တော်များများကို ထပ်မံ စုံစမ်းမေးမြန်းခဲ့သည်။

ဤသို့ မေးမြန်းပြီးနောက် ကျင်းကျိုးစစ်တပ်၏ ယေဘုယျအခြေအနေကို တဖြည်းဖြည်း ရှင်းလင်းစွာ နားလည်လာခဲ့၏။

ကျင်းကျိုးစစ်တပ် အတွင်း၌လည်း အုပ်စုကွဲများစွာ ရှိနေသည်။

လက်ရှိတွင် ထိုအုပ်စုကွဲများအားလုံး ပူးပေါင်းသွားနိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ "အာကာသယာဉ်" စီမံကိန်းကြောင့်ပင် ဖြစ်သည်။

မည်သည့် စစ်တပ်အုပ်စုကွဲ တစ်ခုတည်းကမျှ ဤမျှ ကြီးမားလှသော စီမံကိန်းကြီးကို တစ်ကိုယ်တော် ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိပေ။

ဤစီမံကိန်းတွင် အရင်းအမြစ် ကုန်ကျမှုများနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများစွာ ပါဝင်ပတ်သက်နေ၏။

မည်သည့်အုပ်စုကွဲမဆို သီးခြား ခွဲထွက်၍ သုတေသနပြုလုပ်ရန် ကြိုးစားပါက ၎င်းနှင့်ဆက်စပ်နေသော အန္တရာယ်များကို တာဝန်ယူနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် စစ်တပ်အုပ်စုကွဲများ အားလုံး ပူးပေါင်း၍သာ သုတေသန ပြုလုပ်နိုင်ကြသည်။

သို့တိုင်အောင် သူတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြလျှင်ပင် အရင်းအမြစ်... လူ့စွမ်းအားအရင်းအမြစ် စသည့် ပြဿနာများစွာက သူတို့ကို အနှောင့်အယှက် ပေးနေဆဲပင်။

ထို့ကြောင့် သူတို့က အပြင်ဘက်သို့ စတင် တိုးချဲ့လာကြပြီး အခြားသော အင်အားစုများကို သိမ်းသွင်းလာကြသည်။

၎င်းက ကျင်းကျိုးစစ်တပ်နှင့် နတ်ဘုရားနိုင်ငံတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်၏။

"တခြား အကြောင်းရင်းတွေ ရှိသေးလို့လား" လင်းယွမ်က မေးမြန်းသည်။

လီဟူက ခေါင်းညိတ်ပြပြီး ပြန်ဖြေသည် "ရှိတယ်... နတ်ဘုရားနိုင်ငံတော်က လူတွေကလည်း နယ်မြေတိုးချဲ့နေကြတာ... သူတို့က ကျင်းကျိုး နယ်မြေထဲမှာ တိတ်တဆိတ် သာသနာပြုပြီး ပြည်သူတော်တော်များများကို ဖြားယောင်းခေါ်ဆောင်သွားကြတယ်"

"ဒီကပ်ဘေးကြီးထဲမှာ လူဦးရေက အရင်ကတည်းက နည်းနေတာဆိုတော့... စစ်တပ်က သူတို့နယ်မြေထဲက လူ့စွမ်းအားအရင်းအမြစ်တွေကို တခြားအင်အားစုတွေ လုယူသွားတာကို ခွင့်ပြုမှာ မဟုတ်ဘူး"

"ဒါကလည်း နှစ်ဖက် စစ်ပွဲဖြစ်ရတဲ့ အဓိက အကြောင်းရင်းပဲ"

လင်းယွမ်က မေးစေ့ကို ပွတ်သပ်ရင်း ရုတ်တရက် မေးလိုက်သည် "ကျင်းကျိုးစစ်တပ်က ဘာလို့များ အာကာသယာဉ်ကို ဒီလောက် အလောတကြီး သုတေသနလုပ်နေရတာလဲ"

"တွေးကြည့်ရင်... ရေပေါ်ကျွန်းတွေ... လေပေါ်ကျွန်းတွေ ရှိနေတာပဲ... ကျင်းကျိုးမှာ လူဦးရေ တစ်သိန်း ရှိနေရင်တောင် ကျပ်ညပ်နေတာမျိုး မဖြစ်သင့်ဘူး မဟုတ်လား"

"မြေနေရာ အရင်းအမြစ်က အဲဒီလောက်ထိ ရှားပါးနေတာမှ မဟုတ်တာ"

ဤသည်က လင်းယွမ် သိချင်နေသော အချက်ပင် ဖြစ်သည်။

ထိုက်ယန်တောင်၏ အရွယ်အစားမှာ ယခုကဲ့သို့ ကြီးမားကျယ်ပြန့်လာသည့်တိုင်အောင် အာကာသယာဉ် တည်ဆောက်ပြီး ကမ္ဘာမြေမှ ထွက်ခွာရန် ပထမဆုံး အကြိမ်အဖြစ်ပင် မစဉ်းစားခဲ့ဖူးပေ။

ကျင်းကျိုးစစ်တပ်က အုပ်စုကွဲ ပဋိပက္ခများကိုပင် ဘေးဖယ်ထားကာ အာကာသယာဉ် သုတေသနအတွက် ပူးပေါင်းဆောင်ရွက်နေကြသည်ကို မြင်သောအခါ လင်းယွမ် တစ်ခုခု လွဲချော်နေသည်ဟု ခံစားမိသည်။

ဤကိစ္စ၏ နောက်ကွယ်တွင် သူ မသိသေးသော လျှို့ဝှက်ချက် တစ်ခုခု သေချာပေါက် ရှိနေမည်သာ။

ကြီးမားသော အကျိုးအမြတ် သို့မဟုတ် အခြားသော အကြောင်းရင်း တစ်ခုခုသာ မရှိပါက မတူညီသော စစ်တပ်အုပ်စုကွဲများက မည်သို့လုပ်၍ အရာအားလုံးကို ဘေးဖယ်ကာ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။

လီဟူက ထိုစကားကို ကြားသောအခါ ခေါင်းကုတ်ရင်း ပြောသည် "ကျွန်တော်လည်း အကြောင်းရင်း အတိအကျကိုတော့ မသိဘူး... ဒါပေမဲ့ ဆရာပြောသလိုပဲ... အာကာသယာဉ် စီမံကိန်းက တကယ်တော့ လွန်ခဲ့တဲ့ ခြောက်လတုန်းက အကောင်အထည် မဖော်ရသေးဘူး"

"အဲဒီအချိန်တုန်းက ကျင်းကျိုးစစ်တပ်က ကိုယ့်အုပ်စုနဲ့ကိုယ် သီးခြားစီ ရှိနေတုန်းပဲ... အုပ်စုကွဲကြီးတွေက တစ်ယောက်ကိုတစ်ယောက် အလျော့မပေးကြဘူး... အတွင်းထဲမှာတောင် အကြိမ်အတော်များများ တိုက်ပွဲဖြစ်ခဲ့ကြသေးတယ်"

"အဲဒါက အစောပိုင်း ကာလတွေမှာ နတ်ဘုရားနိုင်ငံတော်လို အင်အားစုတွေ ကြီးထွားလာနိုင်တဲ့ အကြောင်းရင်းပဲ"

"ကျင်းကျိုးစစ်တပ်သာ အစောကြီးကတည်းက သွေးစည်းညီညွတ်ခဲ့မယ်ဆိုရင် အခုချိန် နတ်ဘုရားနိုင်ငံတော်ဆိုတဲ့ အင်အားစုတွေ ရှိလာမှာတောင် မဟုတ်ဘူး"

လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး ရင်ထဲတွင် မေးခွန်းများ ပေါ်လာ၏။ စစ်တပ်အုပ်စုကွဲ အသီးသီးကို အကျိုးအမြတ် ပဋိပက္ခများ ဘေးဖယ်ထားစေပြီး အာကာသယာဉ် သုတေသနအတွက် ပူးပေါင်းစေခဲ့သည့် အကြောင်းရင်းက အတိအကျ ဘာများဖြစ်နိုင်မည်နည်း။

ထိုစဉ် ဒေါက်တာယင်က ရုတ်တရက် ဝင်ပြောသည် "ကျွန်တော်ကတော့ ကောလာဟလ တချို့ ကြားထားတယ်... အမှန်လား အမှားလားတော့ မသိဘူး"

လင်းယွမ်က သူ့ကို ကြည့်ကာ ချက်ချင်း မေးလိုက်သည် "ဘာကိစ္စလဲ"

ဒေါက်တာယင်က ရှင်းပြသည် "စစ်တပ်ရဲ့ သုတေသနအဖွဲ့ထဲမှာ ကျွန်တော့် သူငယ်ချင်းတချို့ ရှိတယ်... သူတို့ပြောတာ ကြားဖူးတာတော့... လွန်ခဲ့တဲ့ ခြောက်လက ကျင်းကျိုးစစ်တပ်က ရှေးဟောင်းအမွေအနှစ် တော်တော်များများကို ရှာတွေ့ခဲ့တယ်တဲ့... တချို့ဆိုရင် ရှေးဟောင်းဒဏ္ဍာရီလာ နတ်ဘုရားအလောင်းတွေကိုတောင် တူးဖော်တွေ့ရှိခဲ့တယ်လို့ ပြောကြတယ်"

"အဲဒီအချိန်တုန်းက ဒီကိစ္စက တော်တော်လေး ဟိုးလေးတကျော် ဖြစ်သွားခဲ့တယ်... အဲဒီနောက်ပိုင်းကစပြီး စစ်တပ်ရဲ့ သင်္ကေတနည်းပညာက ရေပန်းထွက်သလို အဆက်မပြတ် တိုးတက်လာခဲ့တာပဲ"

"ထူးခြားဆန်းပြားတဲ့ စိတ်ကူးစိတ်သန်းတွေကလည်း ရုတ်တရက် ပေါ်လာကြတယ်... သူတို့တွေ တကယ်ပဲ ရှေးဟောင်းအမွေအနှစ်တွေထဲကနေ လျှို့ဝှက်ချက် တစ်ခုခုကို တူးဖော်တွေ့ရှိခဲ့တာလို့ ကျွန်တော် သံသယဖြစ်မိတယ်"

"အခု ပြန်တွေးကြည့်တော့... နည်းပညာ တိုးတက်လာတာတင် မကဘူး... စစ်တပ်အုပ်စုကွဲ အသီးသီးရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေကပါ လွန်ခဲ့တဲ့ ခြောက်လကတည်းက စပြီး ပြောင်းလဲလာခဲ့တဲ့ ပုံစံမျိုးပဲ"

"ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီ ရှေးဟောင်း နတ်ဘုရားအလောင်းဆိုတာတွေ... ရှေးဟောင်းအမွေအနှစ် ဆိုတာတွေကို ကိုယ်တိုင် မတွေ့ဖူးပါဘူး... စစ်တပ်က ဒီကိစ္စကို အရမ်း လျှို့ဝှက်ထားတာ"

"ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်ရင်တော့ အကြောင်းမဲ့ သက်သက် ကောလာဟလ ထွက်လာတာတော့ မဖြစ်နိုင်ဘူး"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ရင်ထဲ၌ ချက်ချင်း ရှင်းလင်းသွား၏။

ဤကိစ္စသည် ရှေးခေတ် အစွမ်းပိုင်ရှင်များနှင့် တကယ်ပင် ပတ်သက်နေနိုင်ချေ ရှိသည်။

သူ့ဘက်တွင် ရှေးဟောင်းခေတ်မှ အသက်ရှင်ကျန်ရစ်ခဲ့သော အစွမ်းပိုင်ရှင် လေးယောက်ဖြစ်သည့် ကျင်းဖုန်း... တိချွမ်ခူး... လင်းယွီရုံနှင့် ယင်ယွိ တို့ ရှိနေသည်။

အခြားနေရာများတွင် ရှေးဟောင်းခေတ်မှ အသက်ရှင်ကျန်ရစ်သော အစွမ်းပိုင်ရှင်များ မရှိနိုင်ဘူးဟု အကြောင်းပြချက် မရှိပေ။

သို့ဆိုလျှင် ကျင်းကျိုးစစ်တပ်က ဤရှေးခေတ် အစွမ်းပိုင်ရှင်များထံမှ လျှို့ဝှက်ချက် တစ်ခုခုကိုများ သိသွားခဲ့သည်လား။

လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားသည်။ သူ ပြန်သွားပြီး ကျင်းဖုန်းနှင့် ယင်ယွိတို့ကို မေးကြည့်ရပေမည်။

သူ့ရှေ့ရှိ လီဟူနှင့် ဒေါက်တာယင်တို့၏ ရာထူးအဆင့်က နိမ့်လွန်းနေသေးသဖြင့် စစ်တပ်အထက်ပိုင်းမှ လျှို့ဝှက်ချက်များကို သူတို့ သိနိုင်မည် မဟုတ်ပေ။

သို့သော် တွေးကြည့်လျှင်လည်း မှန်ပေသည်။ တကယ်လို့များ စစ်တပ်၏ အမာခံလူများသာ ဖြစ်ခဲ့လျှင် ဤမျှ အန္တရာယ်များသော တာဝန်ကို ထမ်းဆောင်ရန် ဤနေရာသို့ အစေလွှတ်ခံရမည် မဟုတ်ပေ။

လင်းယွမ်က ထိုလျှို့ဝှက်ချက်များနှင့် ပတ်သက်၍ ဆက်လက် တွေးတောမနေတော့ဘဲ စကားလမ်းကြောင်း လွှဲကာ မေးလိုက်သည် "နတ်ဘုရားနိုင်ငံတော်က ဘယ်လို အခြေအနေလဲ... သူတို့က ဘယ်လို နည်းလမ်းတွေ သုံးပြီး သာသနာပြုတာလဲ"

လီဟူက ပြန်ဖြေသည် "ဆရာလင်း... နတ်ဘုရားနိုင်ငံတော်က လူတွေရဲ့ သာသနာပြုတဲ့ နည်းလမ်းက တော်တော်လေး ထူးခြားတယ်... သူတို့က တခြား နတ်ဘုရားတွေကို မကိုးကွယ်ကြဘူး... သူတို့ရဲ့ နတ်ဘုရားဖြစ်တဲ့ တောင်ပံခြောက်ဖက် ကောင်းကင်တမန်တော် ရှန်းတိ ကိုပဲ ကိုးကွယ်ကြတာ"

"တောင်ပံခြောက်ဖက် ကောင်းကင်တမန်တော် ရှန်းတိ" လင်းယွမ်၏ အကြည့်များ စူးရှသွား၏။

လီဟူက ရှင်းပြသည် "ဟုတ်တယ်... နတ်ဘုရားနိုင်ငံတော်ရဲ့ ခေါင်းဆောင်က ဒီရှန်းတိပဲ... သူက သူ့ကိုယ်သူ နတ်ဘုရား လို့ ကြေညာထားပြီး နတ်ဘုရားနိုင်ငံတော် အတွင်းမှာ ပကတိ အာဏာကို ချုပ်ကိုင်ထားတယ်... တစ်နိုင်ငံလုံးက ခိုလှုံရေးစခန်း နေထိုင်သူတွေ အားလုံးက သူ့ကို တစ်ဆူတည်းသော နတ်ဘုရားအဖြစ် ယုံကြည်ကိုးကွယ်ကြတာ"

"ဒီလူရဲ့ မျိုးရိုးဗီဇ ပုံစံက တောင်ပံခြောက်ဖက် ကောင်းကင်တမန်တော် ဖြစ်နေတာမို့လို့... သူရဲ့ ပုံပန်းသဏ္ဍာန်ကို နတ်ဘုရားနိုင်ငံတော် အတွင်းမှာ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ထားကြတာပဲ"

"သူ့ရဲ့ ခိုလှုံရေးစခန်း နေထိုင်သူတွေက သူတို့ကိုယ်သူတို့ နတ်ဘုရားရဲ့ သားသမီးတွေလို့ ခံယူထားကြပြီး... နတ်ဘုရားက သူတို့ကို အခက်အခဲတွေထဲကနေ ကယ်တင်ပြီး ရေဘေးအန္တရာယ်ကို ကျော်လွှားနိုင်အောင် လမ်းပြပေးမယ်လို့ ယုံကြည်နေကြတယ်"

"ဒီလူတွေက သူ့အပေါ် အရမ်းကို သက်ဝင်ယုံကြည်ကြတာ... ကျွန်တော်တို့က လူတချို့ကို စေလွှတ်ပြီး သူတို့ထဲက တချို့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒီလူတွေက ဖျောင်းဖျလို့ မရတဲ့အပြင် ကျွန်တော်တို့ လွှတ်လိုက်တဲ့ လူတွေပါ ရှန်းတိရဲ့ ဘာသာဝင်တွေ ဖြစ်ကုန်ကြတယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည် "ဒီနတ်ဘုရားနိုင်ငံတော်က ရိုက်သွင်းတဲ့ နည်းလမ်း ဒါမှမဟုတ် အစွမ်း တစ်ခုခုကိုများ အသုံးပြုထားတာလား"

လီဟူက ခေါင်းခါပြသည် "မသုံးဘူး... ဘာအစွမ်းမျိုးမှ အသုံးမပြုထားဘူး... ကျွန်တော်တို့ နတ်ဘုရားနိုင်ငံတော်က ဘာသာဝင် တော်တော်များများကို ဖမ်းဆီးပြီး သုတေသန လုပ်ကြည့်ခဲ့ဖူးတယ်"

"ဒီလူတွေက ရှန်းတိဆိုတာ အရာအားလုံးကို တတ်စွမ်းနိုင်တဲ့ နတ်ဘုရား ဆိုပြီး ရင်ထဲကနေ အစစ်အမှန် ယုံကြည်နေကြတာ"

လင်းယွမ်က အနည်းငယ် အံ့သြသွားကာ "ဒီရှန်းတိက ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်အောင် လုပ်နိုင်ခဲ့တာလဲ"

လီဟူက ခေါင်းခါသည် "ကျွန်တော်တို့လည်း မသိဘူး... စစ်တပ်က လူလွှတ်ပြီး စုံစမ်းခဲ့တာ တော်တော်ကြာပြီ... ဒီရှန်းတိရဲ့ ခန္ဓာကိုယ်မှာ အရမ်းကို ထူးဆန်းတဲ့ ကိစ္စတွေ အများကြီး ဖြစ်ပျက်နေတယ် ဆိုတာကိုပဲ သိရတယ်"

"ဥပမာပြောရရင် လူတစ်ယောက်က ရောဂါကျွမ်းပြီး သေလုမျောပါး ဖြစ်နေရင်တောင် ရှန်းတိသာ လက်တစ်ချက် လှုပ်လိုက်တာနဲ့ အဲဒီလူကို အသက်ပြန်ရှင်အောင် ကယ်တင်နိုင်တယ်"

"တချို့ဆို ကိုယ်လက်အင်္ဂါ မစုံလင်ပေမဲ့ ရှန်းတိရှေ့မှာ သွားရောက်တောင်းဆိုလိုက်တာနဲ့ ပြတ်တောက်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်ထွက်လာအောင်တောင် သူက ကူညီပေးနိုင်တယ်"

လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး "ပြန်လည်ကုသတဲ့ ဆေးရည် တစ်ခုခုကိုများ အသုံးပြုထားတာ ဖြစ်နိုင်မလား"

လီဟူက ပြန်ဖြေသည် "ကျွန်တော်တို့လည်း သံသယဖြစ်ခဲ့ဖူးတယ်... ဒါပေမဲ့ သက်သေအထောက်အထား မရှိဘူး"

"ဘာပဲဖြစ်ဖြစ် သူ့ဆီမှာ ထူးဆန်းအံ့သြစရာ ကိစ္စတွေက အရမ်းများတယ်... ဒီလိုမျိုး မယုံနိုင်စရာ ကိစ္စရပ်တွေကြောင့်ပဲ နတ်ဘုရားနိုင်ငံတော်က လူတွေက သူ့ကို နတ်ဘုရားအဖြစ် သတ်မှတ်ထားကြတာ"

လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည် "သူက အရမ်း စွမ်းတာလား... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက အရမ်းမြင့်နေတာလား"

လီဟူက ခေါင်းညိတ်ပြသည် "အရမ်းစွမ်းတယ်... သူ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက ၈၅ ရာခိုင်နှုန်း အထက်မှာ ကျိန်းသေပေါက် ရှိနေတယ်... ဟုန်ထျန်ရီသာ ဝင်မပါခဲ့ဘူးဆိုရင် ကျွန်တော်တို့ထဲက ဘယ်သူမှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

လင်းယွမ်က ထပ်မေးလိုက်သည် "သူ့ရဲ့ အစွမ်းက ဘာလဲ"

တောင်ပံခြောက်ဖက် ကောင်းကင်တမန်တော် ဟူသော မျိုးရိုးဗီဇပုံစံ အမည်ကို ကြားရုံမျှဖြင့် ဤလူ၏ တိကျသော အစွမ်းကို လင်းယွမ် ခန့်မှန်း၍ မရနိုင်သေးပေ။

လီဟူက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရှင်းပြသည် "ပွင့်ပွင့်လင်းလင်း ပြောရရင်... အခုချိန်ထိ သူ့ရဲ့ အစွမ်းက ဘာလဲဆိုတာ ကျွန်တော်တို့လည်း သေချာ မသိသေးဘူး"

"စစ်တပ်နဲ့ ရှန်းတိတို့ တိုက်ပွဲဖြစ်တဲ့ အချိန်အတွင်းမှာ... သူက လေ... မီး... မိုးကြိုး... လျှပ်စီး... ရွှေ... သစ်... ရေ... မြေ စတဲ့ မတူညီတဲ့ အရည်အသွေး အမျိုးမျိုးရှိတဲ့ အစွမ်းတွေကို အသုံးပြုခဲ့တယ်"

"ဒါကြောင့် နောက်ပိုင်းမှာ သူက ဟုန်ထျန်ရီရဲ့ အနိုင်ယူတာကို ခံလိုက်ရရင်တောင်မှ... သူက ဘယ်လို အစွမ်းမျိုးကို ပိုင်ဆိုင်ထားသလဲ ဆိုတာကို ကျွန်တော်တို့ နားမလည်နိုင်သေးဘူး"

လီဟူ၏ စကားသံ အဆုံးတွင် ဘေးနားရှိ ဂျိမ်းစ် က မယုံနိုင်စွာဖြင့် မေးလိုက်သည် "အရည်အသွေးစုံ အစွမ်းတွေကို သုံးနိုင်တာလား"

လင်းယွမ်က ဂျိမ်းစ်ကို ကြည့်ကာ မေးလိုက်သည် "မင်းက နတ်ဘုရားနိုင်ငံတော်က လူတွေနဲ့ တိုက်ပွဲဖြစ်ဖူးတယ် မဟုတ်လား... သူက အရည်အသွေးစုံ အစွမ်းတွေကို သုံးနိုင်တယ်ဆိုတာ မင်း မသိဘူးလား"

ဂျိမ်းစ်က အလျင်အမြန် ရှင်းပြသည် "အရင်တုန်းကတော့ ကျွန်တော် သူနဲ့ တိုက်ပွဲဖြစ်ဖူးတယ်... ဒါပေမဲ့ အဲဒီအချိန်တုန်းက ရှန်းတိ ထုတ်သုံးပြခဲ့တာက အားကောင်းတဲ့ စိတ်စွမ်းအင်ရယ်... ထူးဆန်းတဲ့ အလျင်နဲ့ ခွန်အားတွေပဲ ရှိခဲ့တာ"

"သူက တခြား အရည်အသွေး အစွမ်းတွေကို ထုတ်သုံးမပြခဲ့ဘူး... ပြီးတော့ အဲဒီအချိန်တုန်းက သူထုတ်သုံးခဲ့တဲ့ စွမ်းရည်တွေ အားလုံးကလည်း ကျွန်တော့်ရဲ့ အစွမ်းအောက်မှာ ဖိနှိပ်ခံလိုက်ရတာ"

"နောက်ပိုင်းမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်သွားပြီးတဲ့နောက်... သူက ကျွန်တော်နဲ့ နောက်တစ်ကြိမ် လာတိုက်ခိုက်သေးတယ်... အဲဒီတစ်ကြိမ်မှာတော့ ကျွန်တော် သူ့လက်ထဲမှာ ရှုံးနိမ့်သွားခဲ့တယ်"

"ဒါပေမဲ့ အဲဒီအချိန်တုန်းက သူက အဝေးကနေ စိတ်စွမ်းအင် တိုက်ခိုက်မှုကို အသုံးပြုပြီး ကျွန်တော့်ရဲ့ တိတ်ဆိတ်ဇုန် စွမ်းအင်စက်ကွင်းကို အတင်းအဓမ္မ ဆွဲဖြဲပစ်ပြီး ကျွန်တော့်ရဲ့ တိတ်ဆိတ်ဇုန် အစွမ်းကို ဖြိုခွင်းသွားခဲ့တာ"

"ဒါပေမဲ့ ဒီလောက်အဆင့်ထိပဲ သူ လုပ်နိုင်ခဲ့တာပါ... သူက ကျွန်တော့်နား ချဉ်းကပ်ဖို့တော့ မရဲခဲ့ဘူး"

"အဲဒီ တိုက်ပွဲပြီးတဲ့နောက်မှာ ကျွန်တော်တို့ နှစ်ဖက်စလုံးက နောက်တစ်လှမ်းစီ ဆုတ်ပေးလိုက်ကြပြီး... ကိုယ့်နယ်ပယ်နဲ့ကိုယ် သီးခြား ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြတယ်... အဲဒီနောက်ပိုင်း ပြန်မတိုက်ဖြစ်ကြတော့ဘူး"

လင်းယွမ်က ထိုစကားများကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး လီဟူကို တစ်ချက် ကြည့်လိုက်ကာ ဂျိမ်းစ်ကိုလည်း လှမ်းကြည့်လိုက်သည်။

သူတို့နှစ်ယောက်စလုံးက လိမ်မပြောဘူးဆိုရင်... ဤရှန်းတိဆိုသူသည် ဂျိမ်းစ်နှင့် သရေကျပြီးနောက်ပိုင်း စွမ်းရည်များ အလွန်လျင်မြန်စွာ မြင့်တက်လာပြီး အခြားသော အရည်အသွေးစုံ အစွမ်းများကိုပါ ကျွမ်းကျင်သွားခဲ့သည် ဆိုသည့်သဘော မဟုတ်ပါလော။

သူက ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်အောင် လုပ်နိုင်ခဲ့တာလဲ။

တစ်ဖက်လူက ကျင်းရှီရုံလိုမျိုး ပုံတူကူးချအစွမ်းကို တကယ်ပဲ ပိုင်ဆိုင်ထားတာများလား။

ဒါမှမဟုတ် မိမိလိုမျိုးပဲ မျိုးရိုးဗီဇ အသွင်တစ်ရာ ကို ပိုင်ဆိုင်ထားတာများလား။

မည်သို့ပင်ဖြစ်စေ နတ်ဘုရားနိုင်ငံတော်၏ ဤ "နတ်ဘုရား" သည် တကယ်ပင် ကြီးမားလှသော အစွမ်းအစများ ရှိနေကြောင်းကိုတော့ သက်သေပြရန် လုံလောက်နေပေသည်။

သို့သော် လင်းယွမ် ချက်ချင်းပင် တွေးမိသွားသည်မှာ ဤရှန်းတိက ဤမျှ စွမ်းဆောင်နိုင်သည့်တိုင်အောင် စစ်တပ်မှ ဟုန်ထျန်ရီ၏ အနိုင်ယူခြင်းကို ခံလိုက်ရသေးသည်ပဲ။

ဒါဆိုရင် ဒီဟုန်ထျန်ရီက ပိုပြီးတော့တောင် စွမ်းမနေဘူးလား။

"ကပ်ဘေးကာလက သူရဲကောင်းတွေကို မွေးဖွားပေးတယ် ဆိုတာ တကယ်ပဲ... ဒီရေဘေး ကပ်ဆိုးကြီးထဲမှာတောင် ဒီလောက်များပြားတဲ့ အစွမ်းထက်သူတွေ ထွက်ပေါ်လာကြသေးတယ်"

"ဒါပေမဲ့ သူတို့တွေ ဘယ်လောက်ပဲ စွမ်းနေပါစေ... ဘယ်လိုနည်းနဲ့မှ ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"

"လက်ရှိ ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းက ၉၈ ရာခိုင်နှုန်းကို ရောက်နေပြီ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပြီးပြည့်စုံဖို့ နည်းနည်းလေးပဲ လိုတော့တယ်"

"ဒီ တစ်ကမ္ဘာလုံးမှာ ငါ့ထက် ပိုပြီး စွမ်းတဲ့လူ ရှိလာနိုင်စရာ အကြောင်းကို မရှိတော့ဘူး"

လင်းယွမ်က ပြုံးရုံမျှ ပြုံးလိုက်ပြီး သူ၏ စိတ်အာရုံက စစ်တပ်၏ အာကာသယာဉ် သုတေသန ကိစ္စပေါ်သို့ ပြန်လည် ရောက်ရှိသွားပြန်၏။

ကျင်းကျိုးစစ်တပ်က ဘယ်လို သတင်းအချက်အလက်မျိုးကိုများ ရရှိခဲ့လို့ အာကာသယာဉ်ကို အစွမ်းကုန် သုတေသနပြုပြီး တည်ဆောက်နေရတာလဲ။

ဆက်ရန်...

All Chapters