အခန်း ၁၉၁၁
Vol. 128 Ch. 1911
အခန်း (၁၉၁၁) သူက လူမဟုတ်ဘူး၊ မွန်းစတားတစ်ကောင်ပဲ
ကျန်းဟောင်သည် ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ကျန်းဟောင် ခုခံတိုက်ခိုက်တော့မည်ဟု ချူးယွင်ဖန်း ထင်မှတ်နေစဉ် ကျန်းဟောင်က ရုတ်တရက် ဒူးထောက်ချလိုက်သည်။
"အ... အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကိုမသတ်ပါနဲ့ ဝိညာဉ်ကျောက်တုံးအားလုံး အစ်ကိုကြီးကို ပေးပါ့မယ်" ကျန်းဟောင်သည် ထစ်အလျက် ပြောလိုက်သည်။
လီချန်းယွမ်၏ နောက်လိုက်များအပါအဝင် လူတိုင်း ထိုမြင်ကွင်းကို ကြည့်ရှုနေသူတိုင်း အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရာမှ ဒေါသချောင်းချောင်း ထွက်လာကြသည်။ ကျန်းဟောင်သည် များသောအားဖြင့် လီချန်းယွမ်၏ ဝမ်းကွဲတော်စပ်မှုကို အလွဲသုံးစားပြု၍ သူတစ်ပါးအပေါ် ဗိုလ်ကျစိုးမိုးတတ်သူဖြစ်သည်။ သူသည် အနည်းဆုံးလျှင် ကျောရိုးရှိသူတစ်ယောက် ဖြစ်လိမ့်မည်ဟု လူတိုင်း ထင်မှတ်ထားခဲ့ကြသော်လည်း ချူးယွင်ဖန်း ရှေ့မှောက်တွင် ချက်ချင်းပင် ဒူးထောက်အရှုံးပေးသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။
ကျန်းဟောင်သည် မိမိအပေါ်သို့ ကျရောက်နေသော အထင်အမြင်သေးသည့် အကြည့်များကို ခံစားမိသော်လည်း၊ ဤအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိနေသည်။
'ခင်ဗျားတို့ ဘာမှမသိပါဘူး။ သိက္ခာဆိုတာ ဘာလဲ ကျောရိုးရှိတာကရော ဘာအရေးကြီးလဲ၊ အသက်ရှင်နေရခြင်းထက် ဘာက ပိုအရေးကြီးလို့လဲ။ အသက်ရှင်နေဖို့ကသာ အရေးအကြီးဆုံးပဲ'
ကျန်းဟောင်သည် တတ်နိုင်သမျှ ဖော်ရွေလှပသော အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်သည်။
"ဝိညာဉ်ကျောက်တုံးတွေတဲ့လား၊ ခင်ဗျားကို သတ်လိုက်ရင်လည်း အဲဒီကျောက်တုံးတွေက ကျုပ်အပိုင် ဖြစ်လာမှာပါ" ချူးယွင်ဖန်းက လှောင်ပြုံးပြုံးကာ သူ၏ကျိုင်းဖြင့် ကျန်းဟောင်ကို ချိန်ရွယ်လိုက်သည်။
"ကျွန်တော်... ကျွန်တော် လမ်းပြပါ့မယ် အစ်ကိုကြီး။ ဘဏ္ဍာတိုက် ဘယ်ရှိလဲဆိုတာ ကျွန်တော် သိပါတယ်" ကျန်းဟောင်က သတ္တိရှိသော လမ်းပြတစ်ဦးကဲ့သို့ အလျင်အမြန် ပြောလိုက်ပြန်သည်။
"ခင်ဗျားက သစ္စာဖောက်ပဲ၊ ကျန်းဟောင်"
"ကျန်းဟောင်၊ ခင်ဗျားအပေါ် ဒီလောက်ကောင်းခဲ့တဲ့ သခင်ကြီးနဲ့ ခင်ဗျား ထိုက်တန်ရဲ့လား"
"တကယ့် သစ္စာဖောက်ပဲ"
ချက်ချင်းပင် လီမျိုးနွယ်စုဝင်များထံမှ ဆဲဆိုသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ၎င်းတို့သည် ချူးယွင်ဖန်း ဒေါသထွက်လာမည်ကို ကြောက်ရွံ့ကြသော်လည်း ယခုအချိန်တွင် မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ ကျန်းဟောင်ကမူ ထိုဆဲဆိုသံများကို လျစ်လျူရှုထားသည်။ သူ့အတွက် အသက်ရှင်ဖို့ကသာ အရေးအကြီးဆုံးဖြစ်သည်။ သူ့မိသားစု၏ အင်အားဖြင့်ဆိုလျှင် ဤသယံဇာတများကို ပြန်လည်စုဆောင်းနိုင်သော်လည်း အသက်ဆုံးရှုံးသွားပါက အားလုံးပြီးဆုံးသွားပေလိမ့်မည်။ သူ့အသက်သည် ထိုနိမ့်ကျသူများကဲ့သို့ တန်ဖိုးနည်း၍ အဓိပ္ပာယ်မမဲ့လှပေ။
"ဘဏ္ဍာတိုက် ဘယ်မှာလဲဆိုတာ ကျုပ်သိပြီးသား ခင်ဗျားလမ်းပြဖို့ မလိုဘူး။ ခင်ဗျားကို မသတ်သင့်တဲ့ တခြားအကြောင်းပြချက်တစ်ခု ပေးစမ်းပါဦး" ချူးယွင်ဖန်းက သူ၏ဖြူဖွေးညီညာသော သွားများကို ပေါ်အောင် ပြုံးလိုက်သည်။
သို့သော် ကျန်းဟောင်၏ မျက်လုံးထဲတွင်မူ ထိုအပြုံးကြောင့် ချူးယွင်ဖန်းသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ အကယ်၍ သူသာ အကြောင်းပြချက်မပေးနိုင်ပါက ချူးယွင်ဖန်းက သူ၏ဦးခေါင်းကို ရိုက်ခွဲပစ်မည်ဖြစ်ကြောင်း သူ သံသယမရှိပေ။
"ကျွန်တော်... ကျွန်တော် သိတာက လီချန်းယွမ်မှာ လျှို့ဝှက်ဘဏ္ဍာတိုက်တစ်ခု ရှိသေးတယ်။ အဲဒီထဲမှာ သူအဆင့်ဖြတ်ကျော်ဖို့အတွက် အသုံးပြုမယ့် အဖိုးတန် ဆေးဖက်ဝင်အပင် တစ်ပင်ရှိတယ်။ အဲဒါကို အစ်ကိုကြီး စိတ်ဝင်စားတာ် မဟုတ်လား" ကျန်းဟောင်က မျက်နှာလိုမျက်နှာရ အပြုံးဖြင့် ထုတ်ပြောလိုက်သည်။
"သစ္စာဖောက်၊ အတင်းရဲလို့"
"ဘယ်လိုတောင် ရဲတင်းတာလဲ"
လီမျိုးနွယ်စုစံအိမ်ရှိ လူတိုင်းသည် ကျန်းဟောင်၏ အရှက်မဲ့မှုကို ဆဲဆိုနေကြသည်။ ၎င်းတို့အားလုံးသည် လီချန်းယွမ်၏ နောက်လိုက်များဖြစ်သောကြောင့် လီချန်းယွမ်သည် ထိုဆေးဖက်ဝင်အပင်များကို ရရှိရန် မည်မျှကြိုးစားအားထုတ်ခဲ့ရသည်ကို သိကြသည်။ သို့သော်လည်း ယခုအခါ ကျန်းဟောင်သည် ထိုအကြောင်းကို အလွယ်တကူ ထုတ်ပြောလိုက်သည်။
"မဆိုးဘူး၊ ခင်ဗျားက တော်တော်လေး ပူးပေါင်းဆောင်ရွက်တတ်သားပဲ။ တကယ်လို့ ကျုပ်သာ အဲဒီဆေးဖက်ဝင်အပင်တွေကို ရရင် ခင်ဗျားကို ကျုပ် လွှတ်ပေးမယ်" ချူးယွင်ဖန်းက ကျန်းဟောင်အနားသို့ လျှောက်သွားပြီးနောက် သူ၏ပုခုံးကို ပုတ်ကာ ကျေနပ်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"လူတိုင်းသာ ခင်ဗျားလို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျုပ်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်နေစရာ မလိုတော့ဘူးပေါ့"
လီမျိုးနွယ်စုစံအိမ်ရှိ လူတိုင်း ဒေါသကြောင့် မူးမေ့လဲမတတ်ဖြစ်သွားကြကာ ဆဲရေးတိုင်းထွာလိုက်ကြသည်။ ၎င်းတို့သည် အရှက်မဲ့သူများကို မြင်ဖူးသော်လည်း ဤမျှအထိ အရှက်မဲ့သောသူမျိုးကို တစ်ခါမျှ မတွေ့ဖူးပေ။ ဓားပြတိုက်ခံရသည့်အခါ ၎င်းတို့ဘက်က မမြင်ချင်ယောင်ဆောင်၍ ရတနာများကို ရိုရိုသေသေ ပေးအပ်ရမည်ဖြစ်လေသလော။ လီမျိုးနွယ်စုသည် အမြဲတမ်း သူတစ်ပါးအပေါ် ဗိုလ်ကျစိုးမိုးခဲ့သူများဖြစ်ရာ မိမိတို့၏ နယ်မြေအတွင်း၌ ယခုကဲ့သို့ အနိုင်ကျင့်ခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
"မှန်ပါတယ်၊ မှန်ပါတယ်။ သူတို့ တော်တော် အကောင်းအဆိုး မသိကြတဲ့လူတွေပဲ" ကျန်းဟောင်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
သူ၏မျက်နှာတွင် စိတ်ရင်းမှန်ဖြင့် ထောက်ခံသည့်ပုံစံ ပေါ်ပေါက်လာသည်။ သူ၏အမြင်တွင်လည်း ထိုလူများသည် အခြေအနေကို နားမလည်သူများသာဖြစ်သည်။ ဂုဏ်သရေရှိသော ကျန်းမိသားစုရှိ သခင်လေး၏အသက်သည် ဤဆေးဖက်ဝင်အပင်မျှ အဖိုးမတန်ခြင်းဖြစ်လေသလော။
'ရယ်စရာပဲ။ သူက ဘာလို့ လီချန်းယွမ်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ အသက်ပေးရမှာလဲ'
သူသည် လီချန်းယွမ်ကဲ့သို့ အရေးမပါသော်လည်း ကျော်ကြားသော ပါရမီရှင်လူငယ်တစ်ဦး ဖြစ်နေဆဲဖြစ်သည်။ မှန်ကန်စွာပြောရလျှင် ချူးယွင်ဖန်းက ဤလူများကို သင်ခန်းစာပေးရန်ပင် သူ စတင်မျှော်လင့်လာမိသည်။
"ဟုတ်တယ်။ ကြည့်စမ်းပါဦး၊ ဒီနေ့မနက် ကျုပ်အပြင်ထွက်တော့ မျက်မမြင် တာအိုဘုန်းကြီးတစ်ပါးက ကျုပ်ရှေ့မှာ ရုတ်တရက် ရပ်တန့်သွားတယ်လေ။ သူက ကျုပ်ကံကြမ္မာကို ကြည့်ပေးပြီး ခင်ဗျားတို့အိမ်မှာ ရတနာတစ်ခုရှိပြီး အဲဒါက ကျုပ်နဲ့ ရေစက်ပါလို့ ကျုပ်ရဲ့ပိုင်ဆိုင်မှု ဖြစ်သင့်တယ်လို့ ပြောခဲ့တာ။ လောကမှာ ရှိတဲ့ ရတနာတွေက မြင့်မြတ်တဲ့သူတွေနဲ့ပဲ ထိုက်တန်တယ်ဆိုပြီး ဆိုရိုးစကားအတိုင်း။ အခု ကြည့်စမ်း၊ ကျုပ်က လူတွေကို မေတ္တာတရားနဲ့ပဲ စည်းရုံးတတ်ပြီး တိုက်ခိုက်ရတာကို မကြိုက်ဘူးလေ။ အဲဒါက မြင့်မြတ်တဲ့သူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ မကိုက်ညီဘူးလား၊ ဆိုလိုတာက ဒီရတနာက ကျုပ်အတွက် ပြင်ဆင်ထားတာပဲပေါ့" ချူးယွင်ဖန်းက ခေါင်းညိတ်ကာ ကျန်းဟောင်၏ ပုခုံးကို ပုတ်လိုက်သည်။ သူ၏မျက်နှာသည် အမှန်တကယ်ပင် ဖြောင့်မတ်သော အလုပ်တစ်ခုကို လုပ်ဆောင်နေသည့်အလား မှန်ကန်လှပသော အမူအရာများဖြင့် ပြည့်နှက်နေလေသည်။
'အရှက်မရှိလိုက်တာ'
လီမျိုးနွယ်စုစံအိမ်ရှိ လူတိုင်း၏စိတ်ထဲတွင် ဤအတွေးသာ ရှိနေကြသည်။ သို့သော် ၎င်းတို့သည် ထိုစကားလုံးကို ထုတ်မပြောရဲဘဲ အံကြိတ်နေရသည်။ ၎င်းတို့အရှေ့ရှိ လူသည် လီမျိုးနွယ်စုတစ်ခုလုံးကို အချိန်တိုအတွင်း အမြစ်ပြတ် ချေမှုန်းနိုင်စွမ်း ရှိသည်။ အကယ်၍ ချူးယွင်ဖန်းကသာ ထိုသို့သောစိတ်ကူးရှိပါက လီချန်းယွမ်ပင် အချိန်မီ ပြန်လည်တုံ့ပြန်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ကျန်းဟောင် ဆဲရေးတိုင်းထွာရဲသော်လည်း ချူးယွင်ဖန်းကိုမူ ထိုသို့မပြုရဲကြပေ။ သို့သော် ချူးယွင်ဖန်း၏ ခြိမ်းခြောက်မှုအောက်တွင် ၎င်းတို့အားလုံး မျက်စောင်းထိုးလိုက်ကြသည်။
'မေတ္တာတရားနဲ့ စည်းရုံးတယ်၊ တိုက်ခိုက်ရတာကို မကြိုက်ဘူးတဲ့လား။ ဒါဆိုရင် မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အလောင်းတွေက ဘယ်ကရောက်လာတာလဲ။ ဒီလူတွေက မခံစားနိုင်တော့လို့ အတူတူအဆုံးစီရင်သွားကြတာလား'
ထိုသို့တွေးမိသည့်အခါ လူတိုင်း ရင်နာနာဖြင့်သာ ရေငုံနှုတ်ပိတ်နေကြသည်။ ၎င်းတို့ဘဝတွင် အရှက်မဲ့သူများစွာကို တွေ့ဖူးသော်လည်း ဤလူကဲ့သို့ ကိုယ့်ကိုယ်ကို အမွှမ်းတင်တတ်သူမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးပေ။ လူအများအပြားသည် သူ၏ပြုံးရွှင်နေသော မျက်နှာပေါ်ရှိ အရေပြားကိုပင် ခွာကြည့်ချင်နေကြသည်။ မည်သို့သော အရာဖြင့် ပြုလုပ်ထားသောကြောင့် ဤမျှအရှက်မဲ့ရသနည်းဟု လူတိုင်း သိချင်နေကြသည်။ ချူးယွင်ဖန်းသည် ပြုံးလျက် လီမျိုးနွယ်စုစံအိမ်ရှိ လူများ၏ ရန်ငြိုးဖွဲ့နေမှုကို လျစ်လျူရှုထားလိုက်သည်။ သူသည် ဘဏ္ဍာတိုက်ရှိရာ ဘက်သို့ ဦးတည်သွားလိုက်ရာ မကြာမီ လီမျိုးနွယ်စုစံအိမ်၏ အနက်ရှိုင်းဆုံးနေရာ၌ ကြီးမားသော ဘဏ္ဍာတိုက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ သို့သော် ကြီးမားသော တံခါးကြီးတစ်ခုသည် သူ၏လမ်းကို ပိတ်ဆို့ထားသည်။
"သော့ရှာဖို့ ကျွန်တော် ကူညီပါ့မယ် အစ်ကိုကြီး" ကျန်းဟောင်သည် အကြံတစ်ခု ချက်ချင်း ရရှိသွားသည်။
"မလိုဘူး" ချူးယွင်ဖန်းက သူ၏ကျိုင်းကို ဝှေ့ယမ်း၍ တံခါးကို ရိုက်ချလိုက်သည်။
ဘန်း
ချူးယွင်ဖန်း အရှေ့ရှိ တံခါးကြီးသည် ကျယ်လောင်သော အသံနှင့်အတူ ပြိုကျပျက်စီးသွားသည်။ ကျန်းဟောင်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤတံခါး၏ ကြံ့ခိုင်မှုကို သူသိရှိထားသည်။ ဖန်ဆင်းရှင်အဆင့်တစ်ဦးပင် ၎င်းကို ရိုက်ချိုးရန် မလွယ်ကူပေ။ သို့သော် ချူးယွင်ဖန်းက ၎င်းကို လက်တစ်ဖက်တည်းဖြင့် ရိုက်ခွဲပစ်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
'သူ ဘယ်လောက်တောင် သန်မာနေတာလဲ သူက လူမဟုတ်ဘူး၊ မွန်းစတားတစ်ကောင်ပဲ'
--