← Chapters

အခန်း ၁၉၁၉

Vol. 128 Ch. 1919

အခန်း ၁၉၁၉

Vol. 128 Ch. 1919

အခန်း (၁၉၁၉) အပြင်းအထန်ရင်ဆိုင်ရသော စစ်မြေပြင်နှင့် နောက်ကွယ်မှ အမြတ်ထုတ်ခြင်း

လီချန်းယွမ်သည် ကမ္ဘာပေါ်ရှိ ပါရမီရှင်စာရင်းတွင် နံပါတ်တစ်အဆင့်ကို ရရှိထားည့် ကျော်ကြားသူဖြစ်၏။ သူသည် မျိုးဆက်သစ်လူငယ်များထဲတွင် အတော်ဆုံး ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ပင်လယ်မင်းသားသည် စတုတ္ထအဆင့်၌ တည်ရှိသည်။ အရှေ့ပင်လယ်ရှိ မျိုးဆက်သစ် ပညာရှင်များကြားတွင်မူ သူသည် အငြင်းပွားဖွယ်မရှိသော နံပါတ်တစ်ဖြစ်သည်။ လူအများ၏ အမြင်တွင် ပါရမီရှင်စာရင်း၏ ထိပ်တန်းအဆင့်များကြားရှိ ကွာဟချက်သည် ထင်သလောက် မကြီးမားလှပေ။ ၎င်းတို့အားလုံးသည် အဆင့်အတန်း တစ်ခုတည်းတွင် တည်ရှိနေသည်ဟု ဆိုနိုင်သည် လီချန်းယွမ်သည် ကမ္ဘာပေါ်တွင် နံပါတ်တစ်ဖြစ်သော်လည်း အခြားသူများ မယှဉ်နိုင်သည်အထိ အစွမ်းထက်မည် မဟုတ်ပေ။

သူသည် ဖန်ဆင်းရှင်အဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သူဖြစ်သော်လည်း ကျန်လူများသည်လည်း ထပ်ကြပ်မကွာ လိုက်ပါနိုင်ခဲ့ကြသည်။ ၎င်းတို့ကြားရှိ ကွာဟချက်သည် အလွန်သေးငယ်လှရာ သာမန်လူများ၏ အမြင်တွင် ၎င်းတို့သည် အဆင့်အတန်းချင်း တူညီကြသည်။ ဤအချက်ကို တွေးမိသောအခါ လူအများ အံ့သြတုန်လှုပ်လျက် သက်ပြင်းချမိကြသည်။ ကမ္ဘာ့နံပါတ်တစ် လီချန်းယွမ်သည် အရှေ့ပင်လယ်ကို ရဲရင့်သော နဂါးတစ်ကောင်ကဲ့သို့ ဖြတ်ကျော်လာစဉ် အရှေ့ပင်လယ်၏ နံပါတ်တစ် ပင်လယ်မင်းသားသည် ကမ္ဘာ့နံပါတ်တစ်ကျွမ်းကျင်သူကို ပြန်လည်တိုက်ခိုက်နေသည်။ မည်မျှ ရဲတင်းလှသော လုပ်ရပ်ဖြစ်သနည်း။

"ကျုပ် မှတ်မိသလောက်တော့ လီချန်းယွမ်နဲ့ ပင်လယ်မင်းသားတို့ တစ်ခါမှ မတိုက်ခိုက်ဖူးသေးဘူး။ ဘာလို့လဲဆိုတော့ ပင်လယ်မင်းသားက ကြီးမြတ်တဲ့ တရှကို တစ်ခါမှ မသွားဖူးလို့ပဲ။ အခုတော့ အနိုင်အရှုံးကို ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီထင်တယ်" တစ်စုံတစ်ဦးက ရေရွတ်လိုက်သည်။

"ကျုပ် အမြင်တော့ လီချန်းယွမ်က ပါရမီရှင်စာရင်းနံပါတ်တစ်ဆိုတော့ ပင်လယ်မင်းသားထက် ပိုအစွမ်းထက်လိမ့်မယ်။ ပင်လယ်မင်းသား အနိုင်ရဖို့ အခွင့်အရေး နည်းလိမ့်မယ်"

"နည်းတယ် ဟုတ်လား။ ကျုပ်တော့ အဲဒီလို မထင်ဘူး။ ဒါက ပင်လယ်မင်းသားရဲ့ နယ်မြေလေ၊ ကြီးမြတ်တဲ့တရှ မဟုတ်ဘူး။ ဒါ့အပြင် ဒါက လီချန်းယွမ်နဲ့ ပင်လယ်မင်းသားတို့ နှစ်ယောက်တည်းရဲ့ တိုက်ပွဲမဟုတ်ဘဲ အင်အားစုနှစ်ခုကြားက စစ်ပွဲလည်း ဖြစ်တယ်"

"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကစပြီး မျိုးဆက်သစ်တွေကြားက ပြိုင်ဆိုင်မှုက အဆုံးသတ်မှာ မဟုတ်တော့ဘူး။ ဒီအဆင့်အထိ ရောက်အောင် ကျင့်ကြံထားနိုင်တဲ့ ထိပ်တန်းပါရမီရှင်တိုင်းက ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းသူလို့ ယုံကြည်နေကြတာပဲကို။ ကမ္ဘာ့နံပါတ်တစ် ဖြစ်နေတာက လီချန်းယွမ်အတွက် ကောင်းတဲ့အချက်တော့ မဟုတ်ဘူး။ သူ လူပေါင်းစုံရဲ့ ပစ်မှတ်ထားတာကို ခံရတော့မှာ"

"အဲဒါလည်း မသေချာပါဘူး။ အရင်က ပါရမီရှင်စာရင်းရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေသာ အဖျက်အဆီးနဲ့ တိုက်ခိုက်မှု အားလုံးကို ခုခံနိုင်ခဲ့ရင် သူတို့ရဲ့ နောက်ဆုံးအောင်မြင်မှုက ရွယ်တူတွေထက် အဆပေါင်းများစွာ သာလွန်သွားကြတာပဲလေ"

"ဒါပေမယ့် သေသွားတဲ့ သာဓကတွေလည်း ရှိတာပဲ မဟုတ်ဘူးလား"

ခဏအတွင်း အမျိုးမျိုးသော ဆွေးနွေးငြင်းခုံမှုများ ပေါက်ကွဲထွက်လာသည်။ ပါရမီရှင်စာရင်းသည် မျိုးဆက်သစ်များကြားတွင် စိတ်ဝင်စားမှု အခံရဆုံး စာရင်းတစ်ခုဖြစ်၏။ ထိပ်တန်းအဆင့် ၁၀၀ အတွင်း ဝင်နိုင်သူတိုင်းသည် လူသိများသူများဖြစ်၍ ထိပ်ဆုံးရှိ လူများသည် ပို၍ကျော်ကြားကြသည်။ ၎င်းတို့အနက် လူတိုင်းသည် အာရုံစိုက်ခံရတတ်သဖြင့် ယခုကဲ့သို့ စတုတ္ထအဆင့် ကျွမ်းကျင်သူသည် စစ်တပ်ကို ဦးဆောင်၍ ပထမအဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်သည့်ပွဲဟူသည် အလွန်ရှားပါးလှသည်။ သို့သော် ၎င်းတို့မသိရှိသည့် အချက်မှာ ဤနေရာတွင် ပါရမီရှင်စာရင်းရှိ နံပါတ်တစ်နှင့် နံပါတ်လေးသာ ရောက်ရှိနေခြင်း မဟုတ်ဘဲ အခြားပါရမီရှင် တစ်ဦးလည်း လူအုပ်ကြားတွင် တိတ်တဆိတ် ပုန်းကွယ်နေခြင်းဖြစ်သည်။

'ဒါဆို ဒါက ပင်လယ်မင်းသားပေါ့' ချူးယွင်ဖန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ပါရမီရှင်စာရင်းတွင်ပင် ပင်လယ်မင်းသား၏ နောက်ခံအကြောင်း အများအပြား ဖော်ပြထားခြင်း မရှိပေ။ ပင်လယ်မျိုးနွယ်စုများသည် လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းရ ခက်ခဲလှသည်။ ၎င်းတို့သည် ပင်လယ်ကြမ်းပြင်တွင် အလွန်ကျယ်ပြန့်သော အင်ပါယာတစ်ခုကို တည်ထောင်ထား၍ အလယ်ပိုင်းလွင်ပြင်ရှိ လူသားများနှင့် လုံးလုံးလျားလျား ကွဲပြားကြောင်းသာ သိရသည်။ ထိုမျိုးနွယ်စုအတွင်းရှိ ပညာရှင်များသည် တိမ်တိုက်များကဲ့သို့ များပြားလှ၏။ ကြီးမြတ်သောတရှ၏ အင်အားဖြင့်ပင် ၎င်းတို့ကို ကမ်းခြေဒေသများတွင်သာ ထိန်းချုပ်ထားနိုင်သည်။ ကြီးမြတ်သောတရှသည် ရန်သူပတ်လည် ဝိုင်းရံနေသော်လည်း ဤသို့ ထိန်းထားနိုင်ခြင်းအရ ပင်လယ်မျိုးနွယ်စုများ၏ အင်အားသည် မွန်းစတားများ၊ ဟူမျိုးနွယ်စုများ၊ လူရိုင်းများနှင့် အခြားအင်အားကြီး မျိုးနွယ်စုများအောက် မနိမ့်ကျကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် အမှန်တကယ် ပြိုင်ဘက်ကင်းသော အင်အားစုဖြစ်သည်။

ထို့ကြောင့်ပင် အရှေ့ပင်လယ်သို့ ကျူးကျော်ဝင်ရောက်မှုများကို ကြီးမြတ်သောတရှက သိလျက်နှင့် မျက်ကွယ်ပြုထားခြင်းဖြစ်သည်။ ၎င်းတို့၏ အင်အားဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန်နှင့် ပင်လယ်မျိုးနွယ်စုများကို ကမ်းလွန်တွင် နှိမ်နင်းရန် မခက်ခဲသော်လည်း နယ်မြေထပ်မံ တိုးချဲ့ခြင်းသည် မလွယ်ကူလှပေ။ ထို့ကြောင့် ၎င်းတို့သည် မင်းစိုးရာဇာ မိသားစုများနှင့် ဂိုဏ်းများ၏ အင်အားကို အသုံးချ၍ နယ်မြေတိုးချဲ့ခြင်းကိုသာ အားကိုးနေရသည်။ ပင်လယ်မင်းသားသည် ၎င်းတို့မျိုးဆက်ရှိ ပင်လယ်မျိုးနွယ်စုများထဲတွင် အတော်ဆုံး ကျွမ်းကျင်သူဖြစ်၍ အရှေ့ပင်လယ်၏ နံပါတ်တစ်ဟုလည်း ဆိုနိုင်သည်။ သူသည် အလွန်သန်မာလှရာ အရှေ့ပင်လယ်​၌ သူ့ထက်အသက်ကြီးသော နာမည်ကြီး ကျွမ်းကျင်သူများကိုပင် အနိုင်ယူခဲ့ဖူးသည်။ သူ၏ ဘွဲ့အမည်ကို ကြည့်ခြင်းအားဖြင့် ပင်လယ်မျိုးနွယ်စု၏ တော်ဝင်မိသားစုဝင် ဖြစ်နိုင်ကြောင်း သိနိုင်သည်။

'ပင်လယ်မင်းသားနဲ့ လီချန်းယွမ်လား၊ စိတ်ဝင်စားဖို့ ကောင်းတာပဲ'

ချူးယွင်ဖန်းသည် မျိုးဆက်သစ် ထိပ်တန်းကျွမ်းကျင်သူနှစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့ခြင်း သို့မဟုတ် နောက်ဆုတ်လိုခြင်း အလျဉ်းမရှိပေ။ ထိုသို့သော ထိပ်တန်းကျွမ်းကျင်သူများနှင့် တိုက်ခိုက်ရမည့် အခွင့်အရေးကို တွေးမိသောအခါ သူ၏ သွေးများပင် ဆူပွက်လာသည်။ သာမန်လူများအတွက်မူ ဤသို့သော ကျွမ်းကျင်သူများနှင့် တွေ့ဆုံလျှင် ကိုင်တွယ်ရ ခက်ခဲလိမ့်မည်ဖြစ်သော်လည်း ထိုနှစ်ယောက်သည် ပါရမီရှင်စာရင်းတွင် ချူးယွင်ဖန်းထက် အဆင့်မြင့်နေသည့်တိုင် မခက်ခဲဘူးဟု သူ ယူဆထားသည်။ သူသည် ထိုကွာဟချက်များကို အနည်းငယ်မျှ ဂရုမစိုက်ပေ။

'သွားကြည့်ကြတာပေါ့'

ချူးယွင်ဖန်း၏ ပုံရိပ်သည် အနည်းငယ် လှုပ်ရှားသွားပြီးနောက် လူအုပ်ကြားမှ ပျောက်ကွယ်သွား၏။ သူနှင့် မနီးမဝေးရှိ ပုံရိပ်အချို့သည်လည်း ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားကြသည်။ နောက်မှ တိတ်တဆိတ် လိုက်ပါလာသော ကျင့်ကြံသူများသည်လည်း အရေးကြီးသည့် အခြေအနေကို သတိပြုမိကာ အရှိန်မြှင့်တင်လိုက်ကြသည်။ လူတိုင်း ကျင့်စဉ်ကို ထုတ်ဖော်လာသောအခါ အားနည်းဆုံးလူပင် စကြဝဠာသတ္တမအဆင့်သို့ ရောက်ရှိနေကြ၍ ၎င်းတို့သည် စကြဝဠာအဆင့်များကြားတွင် အတော်ဆုံး ကျင့်ကြံသူများဖြစ်ကြသည်။ ၎င်းတို့အနက် ဖန်ဆင်းရှင်အဆင့်များစွာလည်း ပါဝင်နေ၏။

ကျင့်စဉ်အဆင့် နိမ့်ပါးသော သိုင်းပညာရှင်များသည် အခြေအနေကို အမြတ်ထုတ်ရန် မဝံ့ရဲကြပေ။ ထိပ်တန်းကျွမ်းကျင်သူများ၏ ထိပ်တိုက်ရင်ဆိုင်မှုတွင် တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုများသည် ၎င်းတို့ကို အစအနမကျန် ပေါက်ကွဲသွားစေရန် လုံလောက်သည်။ ထို့ကြောင့် ထိုလူများသည် အနားသို့ မကပ်ရဲကြပေ။ ခဏအကြာတွင် ချူးယွင်ဖန်းသည် ပင်မစစ်မြေပြင်သို့ ရောက်ရှိလာသည်။ သူ စစ်မြေပြင်သို့ ခြေချလိုက်သည်နှင့် ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ကျဆင်းလာ၍ သူ့နံဘေးမှ ဖြတ်ကျော်သွားသည်။

၎င်းသည် နတ်ဖြိုခွင်းခြင်းဒူးလေးမှ ပစ်လွှတ်လိုက်သော မြှားတံတစ်စင်း ဖြစ်ကြောင်း ချူးယွင်ဖန်း မြင်တွေ့လိုက်ရသည်။ မြှားတံတွင် မှော်သင်္ကေတများ ရစ်ပတ်ထားကာ ပင်လယ်မျက်နှာပြင်နှင့် ထိတွေ့သည်နှင့် ပေါက်ကွဲသွားသဖြင့် မှိုပွင့်ပုံစံ မီးခိုးလုံးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ပြည်ထောင်စု၏ ဗုံးများထက်ပင် ပိုမိုပြင်းထန်လှသည်။ ကြီးမြတ်သောတရှသည် သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်သည့် လမ်းစဉ်ကို မလိုက်စားသော်လည်း ၎င်းတို့တွင် အစွမ်းထက်သော သတ်ဖြတ်ရေး လက်နက်များရှိနေဆဲ ဖြစ်သည်။

ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုသည် ချူးယွင်ဖန်းထံ ဒီရေလှိုင်းကဲ့သို့ တိုးဝင်လာသည်။ ထိုလှိုင်းတံပိုးသည် သူ့ထံသို့ ရောက်ခါနီးတွင် ဓားအလင်းတန်းတစ်ခု၏ ခုတ်ပိုင်းမှုကို ခံလိုက်ရသဖြင့် ရေမှုန်များအဖြစ် ပြောင်းလဲသွားကာ သူ့ကို မည်သည့် အန္တရာယ်မျှ မပေးနိုင်ခဲ့ပေ။ ဤအချိန်၌ ချူးယွင်ဖန်းသည် စစ်မြေပြင် တစ်ခုလုံးကို လေ့လာရန် အချိန်ရရှိသွားသည်။ စစ်မြေပြင်သည် အပိုင်းနှစ်ပိုင်း ကွဲနေ၍ အလယ်ဗဟိုတွင် လီမျိုးနွယ်စု၏ သင်္ဘောတပ် တည်ရှိနေသည်။ စစ်သင်္ဘော ဒါဇင်ကျော်သည် စစ်ဗျူဟာအတိုင်း ဖွဲ့စည်းထားကြ၍ နတ်ဖြိုခွင်းခြင်းလက်နက်များသည် မုန်တိုင်းကဲ့သို့သော အလင်းတန်းများကို အဆက်မပြတ် ပစ်လွှတ်လျက် သင်္ဘောများကို လုံခြုံစွာ ကာကွယ်ပေးထားကြသည်။ ထိုစစ်သင်္ဘော ဒါဇင်ကျော်၏ ဆန့်ကျင်ဘက်တွင်မူ အဆုံးမဲ့လှသော ပင်လယ်နက် သားရဲကြီးများ ရှိနေကြသည်။

--

All Chapters