အခန်း ၉၇၆
Vol. 66 Ch. 976
အခန်း ၉၇၆ - အကောင်းစားတွေချည်း စုထားတာ
"ရှီနိုမြို့ပြင်မှာ လေလုံးထွားရဲတဲ့ကောင် ရှိတာလား။ တကယ့်သတ္တိခဲပဲ"
"ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာရော သူသိရဲ့လားမသိဘူး။ တစ်ယောက်တည်းနဲ့ ပြဿနာလာရှာနေတာ"
"ဟိုမှာကြည့်စမ်း... အဲဒီလူဝတ်ထားတဲ့ အဝတ်အစားကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲနော်"
"ဝတ်ရုံဖြူကြီးနဲ့ဟ... ဒါဆို... ရီထျန်းဂိုဏ်းများလား"
"သူတို့ပဲ ဖြစ်ရမယ်။ သံသယဖြစ်စရာကို မလိုဘူး။ သူ သေချာပေါက် လူလာကယ်တာ။ ရှီနိုမြို့မှာ ပွက်လောရိုက်တောက်တော့မယ်ဟေ့"
"နတ်ဘုရားတွေချကြရင် လူသားတွေ ကြားညပ်တတ်တယ်ကွ။ မြန်မြန်လစ်ကြစို့ဟေ့"
"ဟွန်း... ဘာကြောက်စရာလိုလဲ။ သူက တစ်ယောက်တည်းတင်ပဲကို။ သူ့ဘာသာ ဘယ်လောက်ပဲထူးချွန်တဲ့ တိုက်ခိုက်ရေးသမားဖြစ်နေပါစေ။ မြို့ရဲ့ ခုခံရေးနဲ့ လက်နက်စနစ်တွေက အလှပြတပ်ထားတယ်များ အောက်မေ့နေလား"
"ဟုတ်တယ်... သားရဲဒီရေလှိုင်းတုန်းကဆိုရင် အဆင့်ရှစ်သက်ရှိတွေတောင် ဘယ်နှကောင်လောက် အမှုန့်ဖြစ်သွားလဲမသိဘူး။ သူက အဆင့်ရှစ်သက်ရှိထက် ပိုသန်မာနိုင်လို့လား"
"ဒါက ရတနာရှာဖွေရေးနယ်မြေလေ။ အပြင်ကမ္ဘာမှ မဟုတ်တာ။ သူတို့ရဲ့ကျောထောက်နောက်ခံ အဆင့်ကိုးသက်ရှိသာမရှိရင် သူတို့ ဒီမှာ ပြဿနာရှာလို့ရမယ် ထင်နေလား"
"ဟုတ်တယ်။ ဟိုမြို့ရိုးပေါ်က တစ်ယောက်ဆိုရင် သံမှိုရိုက်ခံထားရတုန်းပဲ မဟုတ်လား"
"နေပါဦး။ စောင့်ကြည့်ရအောင်။ ဒါက ထောင်ချောက်ထဲကို တိုးဝင်လာတဲ့ လူပြက်ပဲဖြစ်မှာပါ။ ရှီနိုမြို့ကလူတွေ သူတို့ကို အဆင်သင့်စောင့်နေကြမှာ သေချာတယ်"
"ဟုတ်သားပဲ။ ရှီလိုစကြဝဠာအင်ပါယာရဲ့ အရှင်သခင်က ရီထျန်းဂိုဏ်းက အဲဒီအဆင့်ကိုး သက်ရှိကြောင့် ဒဏ်ရာရသွားတာလေ။ သူတို့ လက်စားချေနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လည်း ရီထျန်းဂိုဏ်းကလူကို ချက်ချင်းမသတ်ဘဲ မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားတာပေါ့။ သူတို့ကို မျှားခေါ်တာနေမှာ"
"ဖြစ်နိုင်တယ်။ ငါ အတွေးလွန်နေတာထင်တယ်"
"ဒါပေမဲ့ ငါတော့ စိတ်ထဲတစ်မျိုးကြီးပဲ။ အရင်သွားနှင့်တော့မယ်။ မင်းတို့ပဲ ပွဲကြည့်ကျန်ခဲ့တော့"
...
ဤမြင်ကွင်းကို မြင်သောအခါ မြို့ထဲရှိ ရတနာရှာဖွေသူများလည်း ချက်ချင်းပင် အုပ်စုနှစ်စု ကွဲသွားကြသည်။ အချို့က ရှီနိုမြို့ကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြပြီး အချို့ကမူ အရင်ဆုံးထွက်ခွာသွားကြသည်။
ရီထျန်းဂိုဏ်းဘက်မှ လူတစ်ယောက်တည်းသာ ရောက်လာသော်လည်း လူတိုင်း၏ရင်ထဲတွင် အကြောင်းမရှိပါဘဲ မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားနေရသည်။ မည်သို့ပင်ဖြစ်စေ ဘာမှမဖြစ်ပါက နောက်မှ ပြန်လာ၍ရသည်။ ခေတ္တခဏ ရှောင်တိမ်းနေခြင်းကား ဘာမှဆုံးရှုံးမှုမရှိသဖြင့် စိတ်အေးရအောင် ထွက်သွားကြခြင်းပင်။
ကျန်လူများမှာမူ ရီထျန်းဂိုဏ်းမှ ဤလူငယ်သည် တစ်ယောက်တည်း လူလာကယ်ရလောက်အောင်အထိ မည်မျှအစွမ်းထက်ကြောင်း သိလိုသဖြင့် ပွဲကြည့်ပရိသတ်အဖြစ် စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုလူငယ်သည် လေထဲတွင် ဝဲပျံနေပြီး သူ့ပတ်ပတ်လည်တွင်လည်း ရေတွက်၍မရနိုင်သော ကျီးကန်းများက ဆူညံစွာ အော်မြည်လျက် ပျံသန်းနေကြသဖြင့် လူတိုင်းကို ခေါင်းကိုက်စေသည်။
"ယန်လင်း... မင်း အဆင်ပြေရဲ့လား"
ထိုလူငယ်က လှံတံရှည်ဖြင့် ရင်ဘတ်ကို အထိုးခံထားရသည့် လူရိပ်ကို ကြည့်လိုက်သည်။
"ဒီအဖေ မင်းကို လာကယ်ပြီနော်"
"ငါ မသေပါဘူး"
ယန်လင်းက အားအင်ကုန်ခမ်းစွာဖြင့် ခက်ခက်ခဲခဲ ပြောလိုက်သည်။ သူ့အာရုံအလုံးစုံက ထိုလှံတံပေါ်တွင်သာ ရှိနေလေသည်။
"မင်း အရင်ဆုံးရောက်လာလိမ့်မယ်လို့ မထင်ထားဘူး"
"ငါက ပိုနီးတဲ့နေရာမှာ ရှိနေလို့ပါ။ အားလုံးလည်း လာနေကြပြီ။ ငါ မင်းကို အရင်ကယ်မယ်"
"ကျိုးယီ... မထိနဲ့ဦး"
ယန်လင်းက တားမြစ်လိုက်၏။
"ဒီလှံတံက အရမ်းထူးဆန်းတဲ့ အဆင့်ခြောက်စစ်လက်နက်တစ်ခုပဲ။ ထိလိုက်ရင် မင်းရဲ့စွမ်းအင်တွေ ချက်ချင်းစုပ်ယူခံရလိမ့်မယ်။ ငါလည်း ဒီအကွက်ထဲမိသွားလို့ ဒီလိုဖြစ်သွားတာ။ ကျောင်းအုပ်ကြီးနဲ့ တခြားလူတွေရောက်လာတဲ့အထိ စောင့်လိုက်ပါဦး"
"မဖြစ်ဘူး။ တစ်စက္ကန့်နောက်ကျရင် မင်း တစ်စက္ကန့် ပိုခံစားရလိမ့်မယ်။ ငါ သူတို့ကို အရင်ရှင်းပစ်ပြီးမှ မင်းကိုကယ်မယ်"
"ဒီမြို့ရဲ့ တာဝန်ခံက ဘယ်သူလဲ။ အပြင်ထွက်ခဲ့စမ်း"
ကျိုးယီက မြို့ဘက်သို့ လှမ်းအော်လိုက်သည်။
"မင်းတို့ရီထျန်းဂိုဏ်းသားတွေ တကယ်လာရဲသားပဲ"
မြို့တံခါးကို စောင့်ကြပ်နေသော ရတနာရှာဖွေသူတချို့က ကျိုးယီကို စူးစိုက်ကြည့်နေလေသည်။
"ကောင်းပြီလေ... အရှင်သခင်က မိန့်ထားတယ်။ တစ်ယောက်ကို အပြတ်ရှင်းနိုင်ရင် အဆင့်လေးမျိုးနွယ်စုတစ်ခုကို ဆုလာဘ်အဖြစ် ပေးမယ်တဲ့။ မင်းကနေ စလိုက်တာပေါ့"
"အမှိုက်တွေ"
ကျိုးယီက လက်ကို ဝှေ့ယမ်းလိုက်လေရာ ကျီးကန်းအုပ်ကြီးသည် ထိုလူများထံသို့ အုပ်လိုက်ပျံသန်းသွားလေတော့သည်။
သို့သော် ထိုကျီးကန်းများမှာ အစစ်များမဟုတ်ပါချေ။ ထိမိသည်နှင့်တစ်ပြိုင်နက် ခဏတွင်းချင်းပင် အနက်ရောင်မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျိုးယီ၏ ရှာရင်ဂန်မျက်ဝန်းအိမ်က ချက်ချင်း ကျယ်ပြန့်သွားသည်။
"ကောင်းကင်ဘုံအလင်းရောင်"
"အား"
ထိုအဆင့်ငါးအထွတ်အထိပ် သက်ရှိများမှာ နာကျင်စွာ အော်ဟစ်ကြလေတော့သည်။ အနက်ရောင်မီးတောက်များမှာ ငြှိမ်းသတ်၍မရသော လောက်ကောင်များအလား သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့သွားပြီး သူတို့၏ ရုပ်အလောင်းများနှင့်အတူ မြေကြီးထဲအထိ လောင်ကျွမ်းသွားတော့သည်။
"အမှိုက်ကောင်တွေ"
ကျိုးယီက မီးတောက်များကို သူ့ရှာရင်ဂန်မျက်ဝန်းထဲသို့ ပြန်သိမ်းလိုက်သည်။
"ဘယ်သူမှ ထွက်မလာသေးရင် တစ်မြို့လုံးကို မီးတင်ရှို့ပစ်မယ်"
ထိုအချိန်တွင် မြို့ရိုးပေါ်၌ လူငါးယောက် ပေါ်လာလေသည်။ ကျိုးယီကလည်း သူတို့ကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ဤလူများမှာ အဆင့်ခြောက်သက်ရှိများဖြစ်ပြီး ဆေးဝါးများဖြင့် အတင်းအဓမ္မအဆင့်မြှင့်တင်ထားသည့် အမျိုးအစားမဟုတ်သဖြင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ထက်မြက်လှသည်။
ယန်လင်းပင် ဤနေရာတွင် အရေးနိမ့်ခဲ့သည်ဆိုလျှင် ရန်သူတွင် အစွမ်းအစအချို့ရှိနေသည်မှာ သေချာလှသဖြင့် သူလည်း သိပ်မတုံးအလှပေ။
"မင်းတို့က ဒီမြို့ရဲ့တာဝန်ခံတွေလား။ ငါ့သူငယ်ချင်းကို လွှတ်ပေး။ ပြီးရင် လျော်ကြေးပေးပြီး မြို့ကိုအပ်စမ်း။ ဒါဆိုရင် မင်းတို့ကို မြန်မြန်ဆန်ဆန်သေခွင့်ပေးမယ်"
သူတို့ကို ချမ်းသာပေးဖို့လား။ ကျိုးယီမှာ သူတို့ကို အသက်ချမ်းသာပေးရန် လုံးဝမတွေးထားချေ။
ချီယာနှင့် အခြားသူများသည် သူတို့၏ မျိုးနွယ်စုမှ ရတနာရှာဖွေသူများ အနက်ရောင်မီးတောက်ထဲတွင် ပျက်စီးသွားရသည့်အဖြစ်ကို စောစောက မြင်တွေ့ခဲ့ရသဖြင့် တော်တော်လေး သတိထားနေကြသည်။ အမှန်စင်စစ်တွင် ရီထျန်းဂိုဏ်းသားတစ်ယောက်မှ ရင်ဆိုင်ရလွယ်ကူသူများ မဟုတ်ပါချေ။
"မင်းက ဘယ်သူလဲ"
"ငါက မင်းအဖေပဲ"
"ငါက မင်းအဖေတဲ့လား။ ထူးဆန်းလိုက်တဲ့ နာမည်"
ချီယာနှင့် တခြားလူများမှာ အချင်းချင်းကြည့်လိုက်ကြသည်။
"ဒီကောင်က တီလင်လိုမူးလို့ ခေါ်တယ်။ ဒါ သူတို့မျိုးနွယ်စုရဲ့ ဘာသာစကားလား။ ဘာကို ဆိုလိုတာလဲမသိဘူး"
"မင်း တစ်ယောက်တည်းပဲလား"
ချီယာနှင့် အခြားသူများက စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ကြသည်။
"မင်းတို့ကို ဒီလောက်မျက်နှာသာပေးထားတာတောင် တော်တော်လွန်လှပြီ"
ကျိုးယီက ပြောလိုက်သည်။
"ငါ့ကို စကားတွေ ထပ်ပြောရအောင် မလုပ်နဲ့။ ငါ့သူငယ်ချင်းကို လွှတ်ပေးစမ်း"
"လူကယ်ချင်တာလား။ မင်းမှာ အဲ့လောက်အရည်အချင်းမရှိသေးဘူး"
"ငါတို့ထဲက တစ်ယောက်တည်းပဲ လာတယ်လို့ ဘယ်သူပြောလဲ"
ကောင်းကင်ယံထက်တွင် ခပ်ဩဩအသံတစ်သံ ပဲ့တင်ထပ်သွားလေသည်။
"မင်း မြန်လှချည်လား။ ငါက ငါအရင်ဆုံးရောက်မယ်ထင်နေတာ"
"ဝူးဟူး... အားလုံးရောက်နေကြပြီလား"
ထိုဒေသတစ်ခုလုံးကို ဝန်းရံလျက် ကောင်းကင်ထက်မှ နောက်ထပ်အသံပေါင်းများစွာ ပေါ်ထွက်လာသည်။
"ဘယ်သူလဲ။ လူမမြင်ဘဲ အသံနဲ့ လာခြောက်မနေနဲ့ ထွက်ခဲ့စမ်း"
ဝတ်ရုံဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါ၍ အရှိန်အဝါကြီးမားသော လူသစ်ငါးယောက်လည်း ကောင်းကင် ထက်တွင် ပေါ်လာချေသည်။
"ခရစ်ပဲ... မိုးကြိုးနဲ့ လျှပ်စီးနိယာမတွေကို နားလည်သဘောပေါက်ထားတဲ့ ခရစ်အကြောင်း ငါ ကြားဖူးတယ်။ သူပဲကွ"
"ဒီငါးယောက်က ရွှေယန်ခရိုင်အကျဉ်းထောင်ရဲ့ နွေဦးပွဲတော်ဖျော်ဖြေရေးအဖွဲ့ပဲ။ အခုထိတော့ ခရစ်တစ်ယောက်ပဲ လှုပ်ရှားရသေးတာ။ ကျန်တဲ့လူတွေကလည်း အလွယ်တကူ စိန်ခေါ်လို့ရမယ့်လူတွေ မဟုတ်လောက်ဘူး"
"ငါက မင်းအမေရဲ့ သတ်ဖြတ်ခြင်းဝံပုလွေ၊ မင်းအမေရဲ့ စူပါမန်းစစ်သည်၊ မင်းအမေရဲ့ စွမ်းအားရှင်မစ္စတာ၊ မင်းအမေရဲ့ ဘိုဘိုင်းအော့ဖ်ဘော့၊ မင်းအမေရဲ့မွန်မျို၊ ဘော့ မိုမို တိုတိုလိုလို အေဘီစီဒီ၊ မင်းအမေရဲ့ ဘုန်းကြီးထန်စန်း ဘေးဒုက္ခ၈၁ပါး ကျမ်းစာသွားပင့်တာ၊ မင်းအမေမွန်မျို၊ အနောက်ကမ္ဘာငယ်လေး၊ အစ်ကိုကြီး၊ အနောက်ဘက်သို့ အိပ်မက်ခရီးစဉ်..."
ထူးဆန်းသော သတ္တဝါတစ်ကောင်ကို စီးနင်းထားသည့် ဝတုတ်တုတ်လူတစ်ယောက်သည် အရောင်စုံလင်လှသော ဆဲဆိုသံများကို ရေရွတ်ရင်း ဆင်းသက်လာသည်။
"သူက ရီထျန်းဂိုဏ်းက လျိုပဲ။ သူစီးလာတာ မြွေဝတုတ်မကောင်းဆိုးဝါးကြီးပေါ့"
"သူပဲလေ။ ဆေးလိပ်ကို ပြောင်းပြန်သောက်ပြီး ပြာရေတောင် သောက်တဲ့ကောင်။ သူကလွဲရင် တခြားဘယ်သူမှ ဒီလိုမလုပ်နိုင်ဘူး"
"ကြည့်ဦး... နောက်ထပ် လာနေကြပြီ"
"မြန်မြန်... ငါတို့ရီထျန်းဂိုဏ်းသားကို လွှတ်ပေးစမ်း။ မင်းတို့ကိုယ်မင်းတို့ သိပ်စွမ်းတယ်ထင်ရင် ငါ လျန်ချန်.. မင်းတို့နဲ့ အဆုံးအထိ ယှဉ်ပြိုင်ဖို့ ဝန်မလေးဘူး။ မင်းတို့ကို ဒီမှာဆက်မနေနိုင်အောင် လုပ်ဖို့လည်း ငါ့မှာ နည်းလမ်းပေါင်းတစ်ရာရှိတယ်။ မင်းတို့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး"
"ယဲ့လျန်ချန်ပဲ။ သူက ယဲ့လျန်ချန်ကွ"
"သူ့အကြောင်း ငါလည်း ကြားဖူးတယ်။ သူတစ်ယောက်တည်းနဲ့ လူပေါင်းနှစ်သိန်းကျော်ကို ရင်ဆိုင်ပြီး တစ်ဝက်လောက်ကိုသတ်ဖြတ်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့တာတောင် ဘာဒဏ်ရာမှမရဘဲ ပြန်ထွက်သွားနိုင်ခဲ့တယ်။ သူလည်း ဒီကို ရောက်နေပြီပဲ"
"ပြီးတော့ ဟိုသားရေဂျာကင်နဲ့တစ်ယောက်က ဝူချန်းတဲ့။ ကမ္ဘာပေါ်မှာ အသံအကျယ်ဆုံးလူလို့တောင် ကောလာဟလထွက်နေတာ။ သူ့အသံလှိုင်းတွေက အဆင့်ငါးအထွတ်အထိပ် သားရဲအုပ်စုတစ်စုလုံးကို သေစေနိုင်တယ်"
...
မိနစ်အနည်းငယ်အတွင်းမှာပင် ရှီနိုမြို့၏ ကောင်းကင်ယံထက်တွင် လူပေါင်းထောင်ချီ ပေါ်လာချေသည်။ သူတို့၏ ဖိနှိပ်ချုပ်ချယ်သော အရှိန်အဝါကြောင့် အသက်ရှူရန်ပင် အနည်းငယ် ခက်ခဲလာခဲ့သည်။
"ကျောင်းအုပ်ကြီး... အဲဒီအဘိုးကြီးရော ဘယ်မှာလဲ"
"ရှူး... တိုးတိုးနေ ဟိုးအပေါ်ကို မော့ကြည့်လိုက်"
အုပ်စု၏ရှေ့ဆုံးရှိ လူငယ်တစ်ယောက်က ဖြည်းညင်းစွာ ဆင်းသက်လာသည်။ သူ့ပခုံးပေါ်တွင် ပန်းရောင်အသားလုံးလေးတစ်ခု ရှိနေသည့်အပြင် ဝတ်ရုံပေါ်တွင်မူ အခြားသူများထက် ပိုထူးခြားသော "ပထမမျိုးဆက်"ဟူသော စာလုံးများ ပါရှိသည်။
"သွားပြီ။ စောစောက ပြောလိုက်တာကို သူ မကြားလောက်ပါဘူးနော်"
"မကြားလောက်ပါဘူး။ ကြားရင် မင်း အဆူခံရပြီးလောက်ပြီ"
"အခု လူဘယ်လောက်ရှိပြီလဲ"
ကျန်းမုန့်လောင်က ထိုလူငါးယောက်ကို အေးစက်စက် မျက်လုံးများဖြင့် စူးစိုက်ကြည့်ရင်း မေးလိုက်သည်။
"စုစုပေါင်း အယောက်နှစ်ထောင်ခုနစ်ရာကျော် ရှိပါပြီ။ နောက်ထပ်လည်း လာနေတုန်းပါ"
"တော်ပြီ။ ဆက်မစောင့်နဲ့တော့"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"အောက်ကလူတွေ သေချာနားထောင်ကြ။ ရီထျန်းဂိုဏ်းက စာရင်းရှင်းစရာလေးရှိလို့။ မဆိုင်တဲ့လူတွေ ချက်ချင်းထွက်သွားကြ။ မဟုတ်ရင်တော့ အကျိုးဆက်ကို ကိုယ့်ဘာသာခံကြပေတော့"
******************