← Chapters

အခန်း ၉၇၇

Vol. 66 Ch. 977

အခန်း ၉၇၇

Vol. 66 Ch. 977

အခန်း ၉၇၇ - ဟန်ရေးပြသည့် အကွက်များ

"ငါတို့ ထွက်သွားကြတော့မလား"

"ဒါပေါ့။ အပြင်လူတွေ မြန်မြန်ထွက်သွားဖို့ သူတို့ကြိုပြောထားပြီးသားလေ။ ငါတို့က ရှီလော့စကြဝဠာအင်ပါယာ၊ နိုအာစကြဝဠာအင်ပါယာတို့နဲ့ ဘာအဆက်အစပ်မှမရှိဘူးလေ။ သူတို့နဲ့အတူ ဒီမှာနေပြီး မြို့ကိုစောင့်ပေးနေဖို့ လိုသေးလို့လား"

"အေးလေ။ ရီထျန်းဂိုဏ်းထဲက အားအနည်းဆုံးလူတောင် အဆင့်ခြောက်သက်ရှိတစ်ယောက်နဲ့ ယှဉ်နိုင်တယ်လို့ ကြားဖူးတယ်။ သူတို့ဘက်မှာ လူထောင်ချီရှိတာ။ ဒီမှာက ငါးယောက်တည်းရယ်။ ငါတို့က ဘယ်လိုလုပ်တိုက်နိုင်မှာလဲ"

"စောစောက မင်းမမြင်လိုက်ဘူးလား။ ရီထျန်းဂိုဏ်းက အရင်ဆုံးရောက်လာတဲ့လူက ရှီလော့စကြဝဠာအင်ပါယာက လူအတော်များများကို အနက်ရောင်မီးတောက်တစ်မျိုးနဲ့ အသာ​လေးသတ်ပစ်လိုက်တာလေ။ တကယ့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးကျနေတာပဲ"

"တကယ်လား။ ဒါဆို ငါတို့ မြန်မြန်လစ်ကြရအောင်။ ရုတ်ရုတ်သဲသဲတွေကြားမှာ ငါတော့ အလကားနေရင်း အသေမခံနိုင်ဘူး"

ဤသတင်းကို ကြားလိုက်ရသောအခါ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။ ကိုယ့်စွမ်းအားကိုယ် အလွန်အမင်းယုံကြည်မှုရှိသူများကလွဲ၍ ကျန်လူအားလုံးက ဤနေရာသည် မကြာမီ ငရဲခန်းတစ်ခု ဖြစ်လာတော့မည်ဟု တွေးကာ ရှီနိုမြို့မှ ထွက်ပြေးကြလေသည်။

"ဟွန့် သတ္တိကြောင်တဲ့ကောင်တွေ"

ဤမြင်ကွင်းကို ကြည့်ပြီး ချီယာနှင့် သူ့အဖွဲ့က အေးစက်စက် ရယ်မောလိုက်ကြသည်။ ကျန်းမုန့်လောင်နှင့် ကျန်လူများဘက်တွင် အစွမ်းထက်သော တိုက်ခိုက်ရေးသမားများစွာ ရှိပြီး သူတို့ဘက်တွင် အဆင့်ခြောက်သက်ရှိငါးယောက်သာ ရှိသော်လည်း သူတို့ သေချာပေါက် ရှုံးနိမ့်မည်ဟု မဆိုလိုပေ။

မိနစ်အနည်းငယ်ကြာပြီးနောက် ရတနာရှာဖွေသူ သန်းနှစ်ဆယ်နီးပါးရှိသည့် ဤမြို့ကြီးမှာ ရုတ်တရက် ခြောက်ကပ်သွားပြီး ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့ကို ရင်ဆိုင်ရန်အတွက် ရှီလော့စကြဝဠာအင်ပါယာနှင့် နိုအာစကြဝဠာအင်ပါယာတို့မှ ရတနာရှာဖွေသူတစ်သောင်းကျော်သာ ကျန်ရစ်တော့သည်။

"မင်းတို့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်"

ကျန်းမုန့်လောင်က အေးစက်စွာ ပြောလိုက်သည်။

"ဖမ်းထားတဲ့လူတွေကို လွှတ်ပေးပြီးရင် လျော်ကြေးပေး။ ငါ့လူတွေကို ဒဏ်ရာရအောင်လုပ်ထားတဲ့ကောင်တွေ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီးရင် ဒီကနေ ထွက်သွားကြ"

"စကားတွေက ကြီးကျယ်လှချည်လား။ မင်းမှာ အဲဒီလောက်အထိ စွမ်းဆောင်နိုင်စွမ်းရှိမရှိ ကြည့်ကြသေးတာပေါ့"

ရှီလော့စကြဝဠာအင်ပါယာမှ အဆင့်ခြောက်သက်ရှိတစ်ယောက်က ရှေ့သို့ထွက်လာပြီး လက်ထဲတွင်လည်း အဆင့်ခြောက်သိုင်းလက်နက်ဟု ယူဆရသည့် အရှည်သုံးမီတာကျော်ရှိသော ဧရာမစစ်သုံးဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။

"အဲဒါ ယာတော့ပဲ။ ထိပ်သီးအဆင့်သတ်မှတ်ချက်မှာ အဆင့်၈ချိတ်ထားတဲ့ ပါရမီရှင်လေ"

သိပ်မဝေးလှသောနေရာတွင် စောင့်ကြည့်နေသည့် ရတနာရှာဖွေသူတစ်ယောက်က ချက်ချင်းပင် နာမည်တပ်ပြောလိုက်သည်။

"သူက ယာတော့လား။ သူ့အကြောင်း ငါကြားဖူးတယ်။ သူ့လက်ထဲက အဆင့်ခြောက်လက်နက်က သူ အဆင့်ငါးအထွတ်အထိပ်သက်ရှိ အဆင့်လောက်ပဲ ရှိသေးတဲ့အချိန်တုန်းက အဆင့်ခြောက်သက်ရှိတစ်ယောက်ဆီက လုယူလာခဲ့တာတဲ့"

"တကယ်ကြီးလား"

"သူက ရှီလော့စကြဝဠာအင်ပါယာဘုရင်ရဲ့ တပည့်အရင်းလေ။ သူက အရမ်းအစွမ်းထက်တဲ့ သိုင်းကျမ်းတစ်ခုကို ကျင့်ကြံထားပြီး စစ်တပ်ထဲမှာတောင် နှစ်ပေါင်းသိန်းချီပြီး တာဝန်ထမ်းဆောင်ခဲ့တာလို့ ပြောကြတယ်။ အဲဒီနှစ်တွေအတွင်းမှာ သူ လူဘယ်လောက်တောင် သတ်ခဲ့လဲဆိုတာ ဘယ်သူမှမသိဘူး။ သူ့မှာ ဓားမိစ္ဆာဆိုတဲ့ နာမည်ပြောင်တောင် ရှိသေးတယ်"

"ကျင့်ကြံဖို့အတွက် လူသတ်ရတဲ့ သိုင်းကျမ်းတဲ့လား။ ရက်စက်လိုက်တာ"

"အဲဒီအဆင့်ခြောက်လက်နက်နဲ့ သိုင်းကျမ်းကိုပေါင်းပြီး တစ်ခါတုန်းက အဆင့်ခြောက်အလယ်အလတ်သက်ရှိတစ်ယောက်ကို စိန်ခေါ်ခဲ့တာ သရေကျခဲ့ဖူးတယ်တဲ့"

"ဒီတစ်ခါတော့ ရီထျန်းဂိုဏ်း ဒုက္ခရောက်ပြီပဲ"

"ဟုတ်တယ်။ သူတို့ဆီမှာ အစွမ်းထက်တဲ့လူတွေ အများကြီးရှိပေမဲ့ လူအင်အားများတာကိုသုံးပြီး နည်းတဲ့လူတွေကို အနိုင်ယူဖို့ဆိုတာ အမြဲတမ်းတော့မဖြစ်နိုင်ဘူးလေ။ တစ်ယောက်ချင်းချရရင်တော့ သူတို့ သေချာပေါက် ရှုံးမှာပဲ"

...

...

"ယာတော့ ဟုတ်လား။ တော်တော်လေးအစွမ်းထက်မယ့်ပုံပဲ" ဟ

ကျန်းမုန့်လောင်က နှာခေါင်းရှုံ့လိုက်သည်။

"ဘယ်သူသွားမလဲ"

"ကျောင်းအုပ်ကြီး ကျွန်တော်သွားမယ်"

"မရဘူး။ ငါသွားမယ်"

"သောက်ကျိုးနည်း... ဘာလို့ အမြဲတမ်း မင်းချည်းပဲ ဖြစ်နေရတာလဲ"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ လူများ ထပ်မံအချင်းများကြပြန်သည်။

"သူတို့က ဘာသဘောလဲ။ ဆုတ်ခွာမသွားတဲ့အပြင် အရင်ဆုံးသွားချင်လွန်းလို့ လုနေကြတာလား"

"ယာတော့က ဘယ်သူလဲဆိုတာ သူတို့ မသိကြဘူးလား။ အဆင့်ခြောက်အလယ်အလတ်သက်ရှိတွေတောင် သူ့ကို ဘာမှမလုပ်နိုင်ကြဘူးလေ"

"သူတို့က ကျားမကြောက်တဲ့ နွားပေါက်စလေးတွေလိုပဲ။ သူတို့က အဆင့်ငါးအခြေခံမျိုးနွယ်စုကနေ လာတာတဲ့။ ဘာမှနားမလည်ဘဲ ရမ်းသမ်းပြီး ရဲတင်းနေကြတာနေမှာပေါ့"

"ငါ ဒီမြင်ကွင်းကို အရင်က မြင်ဖူးတယ်"

အစောပိုင်းက စုရှင်း သေမင်းကျမ်းစာကို အသုံးပြု၍ သူတို့အား သုတ်သင်ရှင်းလင်းခဲ့သည့်အဖြစ်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော ရတနာရှာဖွေသူတစ်ယောက်က ပြောလေသည်။ ထိုစဉ်ကလည်း သူတို့ ဤသို့တွေးခဲ့ကြသော်လည်း မကြာခင်မှာပင် အိပ်မက်ဆိုးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

"အံစာတုံးလှိမ့်မယ်။ အမြင့်ဆုံးရတဲ့လူ သွားရမယ်"

လူတိုင်းအံ့အားသင့်သွားသည်မှာ ထိုလူထောင်ပေါင်းများစွာသည် သူတို့၏ ဉာဏ်ရည်တုစနစ်ကိုဖွင့်ကာ ဂဏန်းများမှတ်သားထားသော ဖန်သားပြင်ထောင်ချီပါဝင်သည့် အံစာတုံးတစ်တုံးကို လှိမ့်နေကြခြင်းပင်။

"ဟားဟားဟား ၇၆၂၈... ငါ အမြင့်ဆုံးရတယ်"

"သောက်ကျိုးနည်း"

"မကစားတော့ဘူးကွာ။ ဒါက ဘယ်လိုကံမျိုးလဲ"

"မြန်မြန်လုပ်လို့ မရဘူးလား။ ငါ ဒီမှာ နာနေပြီကွ"

မြို့ရိုးပေါ်တွင် အစွမ်းကုန် တောင့်ခံထားရသော ယန်လင်းက အော်လိုက်သည်။

"မင်းတို့က ငါ့ကိုလာကယ်တာလား။ ဒါမှမဟုတ် ဟန်ရေးလာပြနေကြတာလား။ သောက်ကျိုးနည်း"

"ဟားဟားဟား... ဆောရီး ဆောရီး... ခဏလောက် ထပ်တောင့်ထားဦး။ မင်းကို အခုချက်ချင်း လာကယ်မယ်"

အနိုင်ရသွားသော လူငယ်လေးက ရှေ့သို့ထွက်လာလေသည်။ သူသည် ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ အစောဆုံးဝင်ရောက်ခဲ့သည့် ကျောင်းသားများထဲမှ တစ်ယောက်ဖြစ်ပြီး ဓားသိုင်းပညာဖြင့် နာမည်ကြီးသော သိုင်းပညာမိသားစုမှ ဆင်းသက်လာသူဖြစ်ကာ ကျန်းယွီယွင်ဟု အမည်ရသည်။

"ငါက မင်းရဲ့ပြိုင်ဘက်ပဲ"

ကျန်းယွီယွင်သည် လက်ထဲတွင် အဆင့်ခြောက်သိုင်းလက်နက်ဖြစ်သော ဓားရှည်သွယ်သွယ်လေးတစ်လက်ကို ကိုင်ဆောင်လျက် ရှေ့တက်လာသည်။

"မင်းနာမည်က ဘယ်သူလဲ"

"ဓားမိစ္ဆာ တုကုချိုးပိုင်"

ကျန်းယွီယွင်က ပြန်ဖြေလိုက်သည်။

"သူ့နာမည်ပြောင်ကလည်း ဓားမိစ္ဆာပဲလား"

"တုကုချိုးပိုင် ဟုတ်လား။ အဲဒီအဓိပ္ပာယ်က သူ တစ်ခါမှမရှုံးဖူးလို့ ရှုံးနိမ့်ခြင်းအရသာကို ခံစားချင်တယ်လို့ ဆိုလိုတာလား"

"ဒီနာမည်က တကယ်မောက်မာလွန်းတယ်"

"ဓားမိစ္ဆာနှစ်ယောက်ကြားက အားပြိုင်မှုပဲ။ စိတ်ဝင်စားစရာကောင်းလိုက်တာ။ တစ်ယောက်က အဆင့​်ခြောက်အခြေခံသက်ရှိ၊ နောက်တစ်ယောက်က အဆင့်ငါးအခြေခံလောက်ပဲ ရှိသေးတာ။ သူသာ ရီထျန်းဂိုဏ်းက မဟုတ်ရင် သူရူးနေတယ်လို့ ငါ သေချာပေါက် ထင်မိမှာပဲ"

"မင်းကိုယ်မင်း ဓားမိစ္ဆာလို့ ခေါ်ရဲတယ်ပေါ့လေ"

ယာတော့၏ မျက်နှာကား သွေးဆာနေဟန်ဖြင့် ရှုံ့မဲ့သွားပြီး ပတ်ပတ်လည်တွင် သွေးနီရောင်အရှိန်အဝါများ လောင်ကျွမ်းလာသည်။

"ငါက တိုက်ပြီဟေ့ဆိုရင် ဘယ်တော့မှ အလျှော့မပေးဘူး။ သေဖို့သာ ပြင်ထားပေတော့"

"ဝုန်း"

ဧရာမဓားကြီးမှ ပြင်းထန်လှသော သွေးရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ့အရှိန်အဝါကလည်း ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ ကြီးထွားလာသည်။

ယာတော့က သူ့ဧရာမဓားကြီးကို ဝှေ့ယမ်း၍ ကျန်းယွီယွင်ကို ခုတ်ချလိုက်သည်။ ဓားသွားပေါ်တွင် စုစည်းထားသော စွမ်းအားမှဟ တီအန်တီတန်ချိန်ပေါင်းများစွာကို နေရာတစ်နေရာတည်းသို့ ဖိသိပ်ထားသည်နှင့် ညီမျှပြီး ပေါက်ကွဲသွားပါက တိုက်ကြီးတစ်တိုက်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။

"တုကုဓားသိုင်းကိုးကွက် ဓားချိုးဟန်"

ကျန်းယွီယွင်က စကားလုံးအနည်းငယ်ကို တည်ငြိမ်စွာ ရေရွတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် စောင့်ကြည့်နေသူအားလုံးလည်း ဓားအလင်းတန်းတစ်ချက် လက်သွားသည်ကိုသာ မြင်လိုက်ရ၏။ ၎င်းမှာ ကြယ်ရောင်စုံကောင်းကင်ယံကို ဖောက်ထွင်း၍ ဂလက်ဆီကို ထိုးဖောက်သွားသည့်အလား အဆုံးအစမဲ့လှသော နက်ရှိုင်းလှသည့် ဓားချက်တစ်ချက်ပင်။

ယာတော့၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ရပ်တန့်သွားပြီး သူါအနီရောင်မျက်လုံးကြီးများမှာ ပြူးကျယ်ကာ ကမ္ဘာပေါ်တွင် မယုံနိုင်စရာအကောင်းဆုံးအရာတစ်ခုကို မျက်မြင်တွေ့လိုက်ရသည့်အလား ဖြစ်နေချေသည်။

ခဏအကြာတွင် သူ့ခန္ဓာကိုယ်သည် လေထဲမှ ပြုတ်ကျလာပြီး အနီရောင်သွေးကြောမျှင်များလည်း ပြန့်ကျဲသွားသည်။ သူ သေဆုံးသွားခဲ့လေပြီ။

"ငါက တုကုဓားသိုင်းကိုးကွက်ကို ကျင့်ကြံထားတာ။ ငါ့ရှေ့မှာ ဓားသိုင်းကို လာသုံးရဲသေးတယ်ပေါ့လေ။ ဒီလိုအပေါ်ယံဟန်ရေးပြနေတာတွေက ဘာလုပ်ဖို့လဲ"

ကျန်းယွီယွင်က သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။

"ထွီ! တစ်ကွက်တောင် တောင့်မခံနိုင်ဘူး။ အမှိုက်ကောင်... နောက်တစ်ယောက် လာခဲ့"

"ဘာနောက်တစ်ယောက်လဲ။ တစ်ယောက်တစ်လှည့်စီလေ။ လူလဲမယ်"

"ဘာကိုလူလဲမှာလဲ။ တစ်ယောက်ကို အသက်တစ်ချောင်းလေ။ ငါ့အလှည့် မရောက်သေးဘူး"

"သောက်ရူးတွေ"

တိုက်ပွဲမှာ ပြီးခါစသာ ရှိသေးသည်။ ရီထျန်းဂိုဏ်းသားများမှာ အချင်းများနေကြပြန်လေပြီ။

ယန်လင်း : "သောက်ကျိုးနည်း"

...

"ဘာဖြစ်သွားတာလဲ"

စောင့်ကြည့်နေသော ရတနာရှာဖွေသူများသည် ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘဲ ထိပ်သီးအဆင့်သတ်မှတ်ချက်တွင် အဆင့်၈ချိတ်ထားသူမှာ ဤကဲ့သို့ လွယ်လင့်တကူ သေသွားခဲ့သတဲ့လား။

"ယုံနိုင်စရာမရှိဘူး။ ငါ ဓားအလင်းတန်းတစ်ချက် လက်သွားတာပဲ မြင်လိုက်ရတယ်။ တိုက်ပွဲက ပြီးသွားပြီပေါ့"

"သူ ဓားတစ်ချက်ပဲ ထိုးလိုက်တာ မဟုတ်လား။ အဲဒါ အဆင့်မြင့်ဓားသိုင်းကျမ်း တစ်ခုခုများလား။ ရီထျန်းဂိုဏ်းမှာ အဆင့်မြင့်သိုင်းကျမ်းတွေ အများကြီးရှိတဲ့အပြင် အဲဒါတွေကို ပေါပေါလောလောရောင်းနေကြတယ်လို့ ငါကြားထားတယ်"

"ဒါက... ဓားသိုင်းကျမ်း မဟုတ်ဘူး။ ဓားတာအိုရဲ့နိယာမတွေပဲ..."

ကျန်အဆင့်ခြောက်သက်ရှိလေးဦးမှာ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်လာသည်။

ကျန်းယွီယွင်၏ ဓားချက်မှာ သာမန်ဟုထင်ရသော်လည်း ဓားတာအို၏နိယာမများကို နားလည်သဘောပေါက်ထားသူများသာ အသုံးပြုနိုင်သည့် ဓားသိုင်းပညာရပ်၏ အနက်ရှိုင်းဆုံး အနှစ်သာရများ ပါဝင်နေသည်။ ကရက်စ်ဟုခေါ်သော ထိုလူမှလွဲ၍ သူတို့ထဲတွင် နိယာမများကို နားလည်သော ဒုတိယမြောက်လူတစ်ယောက် အံ့သြဖွယ်ကောင်းလောက်အောင် ရှိနေခဲ့သည်။

"မဟုတ်သေးဘူး။ ဒုတိယမြောက်တစ်ယောက်တည်း ဟုတ်ချင်မှဟုတ်မှာ"

ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု သူတို့၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ ရီထျန်းဂိုဏ်းရှိ အဆင့်ငါးသက်ရှိအားလုံးသည် နိယာမများကို နားလည်သဘောပေါက်ထားကြခြင်း ဖြစ်နိုင်သည်။

ဤထောင်ပေါင်းများစွာသော လူများထဲတွင် အဆင့်ငါးသက်ရှိ နှစ်ရာသုံးရာခန့် ရှိသည်။ အကယ်၍ ဤလူအားလုံးသာ ဤဓားမိစ္ဆာတုကုချိုးပိုင်လို ဖြစ်နေမည်ဆိုပါက သူတို့တွင် တိုက်ခိုက်အနိုင်ယူရန်အတွက် မည်သို့သော အခွင့်အရေးမျိုး ရှိနိုင်တော့မည်နည်း။

**********************

All Chapters