← Chapters

အခန်း ၉၇၈

Vol. 66 Ch. 978

အခန်း ၉၇၈

Vol. 66 Ch. 978

အခန်း ၉၇၈ - ငါ သေရမှာ အရမ်းကြောက်တာပဲ

"ဟားဟားဟား... ငါအကြီးဆုံးပဲ။ ဒီတစ်ခါ ငါနိုင်ပြီဟေ့"

နောက်ထပ်လူငယ်တစ်ယောက်သည် လူအုပ်ထဲက ထွက်လာလေသည်။

"မင်းတို့လေးယောက်ထဲက ဘယ်သူအရင်လာမလဲ။ ဒါမှမဟုတ်ရင်လည်း အားလုံးပြိုင်တူလာခဲ့ကြ။ ငါက အင်အားမမျှတာကို တိုက်ခိုက်ရတာမှ ကြိုက်တာ"

"လူအရေအတွက်များတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တယ်ဆိုတာပဲ ကြားဖူးပါတယ်။ ဒါက ဘယ်လိုအသုံးအနှုန်းကြီးလဲ"

သူ့စကားကြောင့် ရတနာရှာဖွေသူများခမျာ လုံးဝခေါင်းရှုပ်သွားကြသည်။

"ဒီရီထျန်းဂိုဏ်းက လူတွေက တအားယုံကြည်မှုလွန်ကဲနေကြတာပဲ"

"သူတို့ရဲ့ယုံကြည်မှုက သူတို့ရဲ့စွမ်းအားကနေ လာတာလေ။ မင်းမမြင်ဘူးလား။ သူလည်း အဆင့်ငါး သက်ရှိပဲ။ သူသာ နိယာမတစ်ခုခုကို နားလည်သဘောပေါက်ထားတယ်ဆိုရင် လေးယောက်မှမဟုတ်ဘူး။ လေးဆယ်ဆိုရင်တောင် တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်စွမ်းရှိတယ်"

"သူတို့အဖွဲ့အစည်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးတွေကို မွေးထုတ်ပေးနေတာလဲ"

...

ရှီနိုစကြဝဠာအင်ပါယာနှင့် နိုအာစကြဝဠာအင်ပါယာတို့မှ လူငယ်လေးယောက်၏ မျက်နှာများကား မှုန်ကုပ်နေကြသည်။ အမှန်ပင်။ သူတို့က အဆင့်ခြောက် သက်ရှိများ ဖြစ်၏။ သူတို့အထဲမှာမှ ထိပ်တန်းအဆင့်များ ဖြစ်ကြသော်လည်း ရီထျန်းဂိုဏ်းဝင်များရှေ့တွင်မူ တကယ်ကြောက်ရွံ့တုန်လှုပ်နေကြရသည်။

ယာတော့၏အလောင်းကို သူတို့ လှမ်းကြည့်လိုက်ကြသည်။ အကယ်၍ သူတို့သာ တုကုချိုးပိုင်ဟုခေါ်သော လူနှင့် ရင်ဆိုင်ရပါက ထိုအံ့ဖွယ်ဓားချက်ကို သူတို့ ကာကွယ်နိုင်မည်လော။ မကာကွယ်နိုင်ဘူးဆိုသည်ကိုမူ သူတို့ကိုယ်တိုင် ဝန်ခံရပေလိမ့်မည်။

တစ်ယောက်ချင်းသွားသွား လေးယောက်ပေါင်းပြီးမှသွားသွား နောက်ဆုံးတွင်မူ သေရမည်မှာ ဧကန်ပင်။

သူတို့က ငတုံးတွေမှ မဟုတ်တာ။

"ဝူယောင်.. သူတို့ကိုကြည့်ရတာ တကယ်ကြောက်နေကြပုံပဲ"

"မင်းတို့ကောင်တွေ စွမ်းရောစွမ်းနိုင်ပါ့မလား။ မင်းတို့က စကြဝဠာထဲက အကြီးမားဆုံး အဆင့်ငါးမျိုးနွယ်စုကြီးနှစ်ခုရဲ့ ကိုယ်စားပြုတွေဆို။ ဒါပေမဲ့ ဒီလောက်တောင် သတ္တိကြောင်ရသလားကွ"

"ဪ.. မင်းတို့အစား ငါတောင် ရှက်လာပြီ။ ဘာပဲဖြစ်ဖြစ် မင်းတို့ ချက်ချင်းမသေပါဘူး။ ဖျတ်ခနဲပဲ။ အရမ်းမြန်ပါတယ်"

"အား... ငါ လက်ယားနေပြီ။ တစ်ယောက်ယောက်လောက်လာပြီး ငါ့ကို သတ်ပေးရင် သိပ်ကောင်းမှာပဲ"

"ဆက်ဆဲနေလိုက်။ ငါ အခု ဗီဒီယိုမှတ်တမ်းတင်နေတာနော်။ ဒီကိစ္စပြီးသွားရင် အွန်လိုင်းပေါ်တင်လိုက်မယ်။ သေချာပေါက် နာမည်ကြီးသွားမှာ"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများက အားရပါးရ လှောင်ပြောင်နေကြသော်လည်း ထိုလေးယောက်ကတော့ တုတ်တုတ်မျှမလှုပ်ချေ။

သူတို့အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

"မင်းတို့ခေါင်းဆောင်ကို ထွက်လာခဲ့ခိုင်းလိုက်။ ငါတို့ ပြောစရာရှိတယ်"

လေးယောက်ထဲတွင် အသန်မာဆုံးဖြစ်သူ ချီယာက ပြောလိုက်သည်။

"မင်းက ငါတို့ကျောင်းအုပ်ကြီးနဲ့ စကားပြောဖို့ တန်တယ်လို့များ ထင်နေတာလား"

"ငါ့အိမ်မှာ သော့တွေရှိတယ်။ မင်းအိမ်မှာရော ရှိလို့လား။ မင်း အဲဒါကို ယှဉ်နိုင်လို့လား"

"ငါတို့ကျောင်းအုပ်ကြီးက ဘယ်လိုအဆင့်အတန်းရှိပြီး မင်းက ဘယ်လိုအဆင့်အတန်းရှိလို့လဲ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ ပြောစရာရှိတာကိုသာ ပြောစမ်းပါ"

"ရီထျန်းဂိုဏ်းလို အဖွဲ့အစည်းကြီးတစ်ခုက စည်းမျဉ်းစည်းကမ်းတွေဆိုတာ ဘာမှန်းမသိဘူးလား"

တိုက်ခိုက်ရေးစွမ်းရည်အရ ဤလူများရှေ့တွင် သူ ဘာမှပြောခွင့်မရှိကြောင်း ကောင်းကောင်းသိနေသော်လည်း ချီယာက ဆက်ပြောနေဆဲပင်။

"တော်တော့။ နောက်ဆုတ်ကြ။ ဒီလူ ဘာပြောမလဲဆိုတာ ငါ ကြည့်လိုက်မယ်"

ကျန်းမုန့်လောင်က အရှေ့သို့ ပျံထွက်လာလေသည်။

"ငါက ရီထျန်းဂိုဏ်းရဲ့ဂိုဏ်းချုပ် ကျန်းမုန့်လောင်ပဲ။ ပြောစရာရှိတာပြော"

"မစ္စတာကျန်း... ကျွန်တော်က နိုအာစကြဝဠာအင်ပါယာက ထိပ်သီးအဆင့်သတ်မှတ်ချက်မှာ ပထမနေရာရထားတဲ့ ချီယာပါ"

ချီယာက သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။

"ဒါပေမဲ့ ခင်ဗျားရှေ့မှာတော့ ပထမနေရာလို့ ပြောရတာ တကယ်ရှက်စရာကောင်းပါတယ်။ ခင်ဗျားတို့ အဖွဲ့အစည်းက လူတွေ အရမ်းသန်မာတယ်ဆိုတာကိုလည်း ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော်တို့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး"

"သူက ချီယာလား။ ဘုရားရေ.. သူက ထိပ်သီးအဆင့်သတ်မှတ်ချက်ကို နှစ်ပေါင်း ၁၃၀၀၀ကျော်တောင် လွှမ်းမိုးထားခဲ့တာလေ"

"ငါ နားကြားမှားသွားတာလား။ သူက တကယ်ကြီး သူတို့ထက် ညံ့ပါတယ်လို့ ဝန်ခံနေတာလား"

"မဖြစ်နိုင်တာ။ ချီယာ ဘယ်လောက်ပဲ သန်မာပါစေ။ စကြဝဠာရဲ့ နိယာမတွေကို နားလည်သဘောပေါက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက လူတွေကြားထဲမှာတော့ ပထမဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ မကောင်းဆိုးဝါးတွေနဲ့တော့ သွားယှဉ်လို့ ဘယ်ရမလဲ"

"သူ အရှုံးပေးနေတာလား။ ဒါ တကယ့်သတင်းထူးပဲ"

"မြန်မြန်... မှတ်တမ်းတင်ထားလိုက်"

"အဲဒီလိုမြှောက်ပင့်ပြောဆိုနေတာက အရှုံးပေးဖို့ ရည်ရွယ်နေတာလား"

"ဟုတ်ပါတယ် မစ္စတာကျန်း.... ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ အရှုံးပေးပါတယ်"

အရှုံးပေးရသည့် အရှက်တရားကြောင့် ချီယာက တုန်လှုပ်နေဟန်မပေါ်ပေ။

"ကျွန်တော်တို့ ခင်ဗျားရဲ့လူတွေကို လွှတ်ပေးပါ့မယ်။ ခင်ဗျားရဲ့လူတွေကိုခေါ်ပြီး ထွက်သွားပါတော့"

"သူ တကယ်ကြီး အရှုံးပေးလိုက်ပြီ"

"ရီထျန်းဂိုဏ်းက ပြိုင်ဘက်ကင်းလိုက်တာ"

"ဟီးဟီး... ဒီကိစ္စက ဒီလောက်လွယ်လွယ်နဲ့ ပြီးသွားမယ်လို့ မထင်ဘူး။ ရီထျန်းဂိုဏ်းရဲ့ စိတ်နေသဘောထားအရ သူတို့လူတွေ အကြာကြီး နှိပ်စက်ခံခဲ့ရတာကို ဒီလိုစကားတစ်ခွန်းတည်းနဲ့ လွယ်လွယ်လေးအဆုံးသတ်လိုက်တာမျိုးက သူတို့ပုံစံမှ မဟုတ်တာ"

ချီယာ လက်လှမ်းလိုက်သောအခါ ယန်လင်း၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းထားသည့် လှံတံမှာ သူ့လက်ထဲသို့ ပြန်ရောက်လာသည်။

"ယန်လင်း"

ယန်လင်းနှင့် ရင်းနှီးသည့် လူငယ်တချို့က သူ့ကို တွဲကူရန် ချက်ချင်း ရှေ့တိုးလာကြသည်။

"မင်း ဘယ်လိုနေသေးလဲ။ အဆင်ပြေရဲ့လား"

"ငါ မသေသေးပါဘူး"

ယန်လင်က အားဆေးလက်တစ်ဆုပ်ကို ယူပြီး သူ့ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

မကြာခင်မှာပင် သူ့ဒဏ်ရာများ သက်သာလာသော်လည်း ဤကာလအတွင်း ခံစားခဲ့ရသည့် စိတ်ဒဏ်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကတော့ ဤမျှ လျင်လျင်မြန်မြန် ပြန်သက်သာလာမည် မဟုတ်ပေ။

"ကျေးဇူးပြုပြီး ထွက်သွားပေးပါ မစ္စတာကျန်း"

ထိုသို့ပြောပြီးနောက် ချီယာနှင့် သူ့အဖော်များက မြို့ဘက်သို့ လျှောက်သွားကြသည်။

"နေဦး"

ကျန်းမုန့်လောင်၏ အသံမှာ တည်ကြည်ပြတ်သားနေဆဲပင်။

"ဒီလိုနဲ့ပဲ ပြီးသွားတော့မှာလား"

"ခင်ဗျား ဘာလိုချင်သေးလို့လဲ"

ချီယာက မျက်မှောင်ကြုတ်လိုက်လေသည်။

"ခင်ဗျားတို့က ကျွန်တော်တို့လူတွေကို သတ်ခဲ့ပြီးပြီ။ ခင်ဗျားတို့လူတွေကလည်း မသေပါဘူး။ ကျွန်တော်တို့ဘက်ကလည်း အရှုံးပေးပြီးပြီလေ"

"ငါ ခုနလေးတင် ပြောခဲ့ပြီးပြီလေ။ လုံလောက်တဲ့ လျော်ကြေးပေးပြီးရင် မင်းလူတွေကိုခေါ်ပြီး ဒီမြို့ထဲက ထွက်သွားလို့"

ကျန်းမုန့်လောင်၏ အကြည့်က ထိုလှံတံပေါ်သို့ ပြန်ရောက်သွားသည်။

"ငါ့လူတွေကို နာကျင်အောင်လုပ်တဲ့အထဲမှာ မင်းလည်း ပါတယ်မလား"

"ပါတော့ရော ဘာဖြစ်လဲ"

"မင်းကိုယ်တိုင် တာဝန်ယူပြီး ဖြေရှင်းသင့်တယ်။ ဒါက ငါ့ရဲ့စည်းကမ်းချက်တွေပဲ။ သဘောတူရင်တော့ ပြီးခဲ့တာတွေကို ပြီးခဲ့တဲ့အတိုင်း ထားလိုက်လို့ရတယ်"

"ဟားဟားဟား"

ချီယာက အေးစက်စက် ရယ်မောလိုက်သည်။

"ကျန်းမုန့်လောင်... လွန်မလာ​နဲ့နော်။ ကျွန်တော် အလျှော့ပေးတာက ခင်ဗျားတို့ကို ကြောက်နေလို့ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားတို့နဲ့ တကယ်တိုက်ရမယ်ဆိုရင် ကျွန်တော်တို့ဘက်က အထိနာမှာစိုးလို့ပဲ။ အခြေအနေကောင်းနေတုန်း ရပ်တန်းကရပ်ဖို့ ကျွန်တော် အကြံပေးချင်တယ်"

"ဪ"

ကျန်းမုန့်လောင် အနည်းငယ် အံ့အားသင့်သွားလေသည်။ သူတို့ဆီတွင် ထုတ်သုံးစရာ အခြားဝှက်ဖဲများ ရှိနေသေးသလား။

သူ့မြို့မှ အရိပ်စစ်သည်တော်တစ်သန်းကို ရရှိထားပြီးဖြစ်ရာ ဤမြို့တွင် ထိုအရာများထက်ပင် ပိုမိုထိတ်လန့်ဖွယ်ကောင်းသည့် အရာတစ်ခုခု ရှိနေနိုင်ပေသည်။

ထိုသို့တွေးမိပြီးနောက် ကျန်းမုန့်လောင် အနည်းငယ် ပိုသတိထားလိုက်သည်။

"တကယ်လို့ နှစ်ဦးနှစ်ဖက် ပျက်စီးရမယ့် အခြေအနေကို ရောက်လာခဲ့ရင်"

ချီယာက ကျန်းမုန့်လောင်နှင့် အခြားသူများကို ဝေ့ကြည့်လိုက်၏။

"ခင်ဗျားတို့ ရီထျန်းဂိုဏ်းဝင် အယောက်လေးထောင်စလုံး စုပေါင်းလာရင်တောင် အားလုံး အပြတ်ရှင်းခံရလိမ့်မယ်"

"ဪ အမလေစ.. ငါ တကယ်ကြောက်သွားပြီဟေ့"

ကျန်းမုန့်လောင်က ကြောက်လန့်သွားဟန်ဆောင်လိုက်၏။

"ညီအစ်ကိုတို့ မင်းတို့ရော ကြောက်သွားလား"

"အား.. သူတို့ကို ငါ သိပ်ကြောက်တာပဲ။ ကျောင်းအုပ်ကြီးရေ.... ကျွန်တော့်ကို ကာကွယ်ပေးပါဦး"

"ငါ အရမ်းကြောက်လွန်းလို့ သေးတောင် ထွက်ကျမတတ်ပဲ။ တကယ် တစ်စက်လောက် ထွက်ကျသွားတယ်"

"မင်းတို့က သိပ်မိုက်တာပဲ။ တကယ်ပြောတာ"

"လာစမ်းပါ။ အဲဒီနှစ်ဦးနှစ်ဖက်ပျက်စီးရမယ့်အရာ ဆိုတာကို ထုတ်ပြစမ်းပါ။ တောင်းပန်ပါတယ်"

ရီထျန်းဂိုဏ်းဝင်များအတွက်တော့ ဤခြိမ်းခြောက်မှုမှာ ဟာသတစ်ခုသဖွယ် ဖြစ်နေချေသည်။

ဟာသပဲပ​ေါ့။ ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ သူတို့နေလာတာ အတော်ကြာနေပြီပဲ။ ဘယ်လို အဖြစ်အပျက်ကြီးတွေကို မမြင်ဖူးဘဲ နေမလဲ။ ဒီလို ခြိမ်းခြောက်မှုလောက်ကို ကြောက်နေရမှာလား။

"သူတို့ပြောတာ မင်းကြားတယ်မလား"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

"မင်း ငါတို့ကို ကြောက်အောင် မလုပ်နိုင်ဘူး။ ငါတို့ရဲ့ စည်းကမ်းချက်တွေကို လက်ခံလိုက်။ မင်းမှာ တခြားရွေးချယ်စရာမှမရှိတာ"

"ငါက ငြင်းမယ်ဆိုရင်ရော"

ချီယာက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"ဒါဆိုရင်တော့ မင်း ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

ကျန်းမုန့်လောင်လည်း သူတို့နှင့် အချေအတင် ပြောနေရသည်ကို ငြီးငွေ့လာသည်။

"မင်းကိုယ်တိုင် တာဝန်ယူပြီး မဖြေရှင်းဘူးဆိုရင်တော့ ငါကိုယ်တိုင်ပဲ လုပ်ရတော့မှာပေါ့"

"မဟာကပ်ဘေးကောင်းကင်ချုပ်လက်ညှိုး... စကြဝဠာတုန်ဟည်းစေတဲ့ လက်ချောင်းငါးချောင်း"

"ဝုန်း"

ကောင်းကင်ယံတွင် ထူထပ်လှသော တိမ်မည်းများနှင့် မိုးကြိုးများ ဖုံးလွှမ်းသွားပြီး တိမ်တိုက်များထဲတွင်လည်း သိပ်သည်းလှသော အရှိန်အဝါတစ်ခု စုစည်းလာသည်။

"အဲဒါ ဘာကြီးလဲ။ ဒီစွမ်းအားက ကြောက်စရာကောင်းလိုက်တာ။ ဒါက အဆင့်ငါးသက်ရှိတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားမျိုးလား"

"ဒါက ပိုအဆင့်မြင့်တဲ့ သိုင်းတာအိုလျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်နိုင်တယ်။ ရီထျန်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ကြောက်စရာပဲ"

"သူက ဒီမြို့ကြီးကို ဖျက်ဆီးပစ်တော့မှာလား"

"အားလုံး နည်းနည်းနောက်ဆုတ်ကြ။ ရိုက်ခတ်မှုအရှိန်က နည်းနည်းလေးဆိုရင်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

နောက်ဆုံးတွင် တောင်တန်းကြီးများသဖွယ် ကြီးမားလှသော လက်ချောင်းငါးချောင်းသည် တိမ်တိုက်များထဲမှ ရှီနိုမြို့တော်ပေါ်သို့ ကြီးမားလှသော ဖိအားများဖြင့် ဆင်းသက်လာလေရာ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများပင် ပေါ်လာသည်။

"ချီယာ... ဒီတိုက်ခိုက်မှုတစ်ချက်တည်းကတင် အဆင့်ခြောက်သက်ရှိတွေရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီနော်။ သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲကွာ"

"ရွေးချယ်စရာ မရှိတော့ဘူး။ ငါတို့ရဲ့ နောက်ဆုံးဝှက်ဖဲကို သုံးရတော့မယ့်ပုံပဲ"

"အင်း"

ထိုလေးယောက်မှာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်ဆုံးသဘောတူညီချက်တစ်ခုကို ရယူလိုက်ကြသည်။

ချီယာက သူ့ခန္ဓာကိုယ်မှ ရွှေရောင် ကျောက်မျက်ရတနာတစ်ခုကို ထုတ်ယူလိုက်ပြီးနောက် လေးလေးနက်နက် စဉ်းစားဆင်ခြင်ပြီးမှ ထိုအရာကို သူ့နှလုံးသားထဲသို့ မြှုပ်နှံလိုက်သည်။

"သူ ဘာလုပ်နေတာလဲ။ သူ့နှလုံးသားကို ပူဇော်နေတာလား"

ဤသွေးထွက်သံယိုမြင်ကွင်းကို ကြည့်ရင်း ကျန်းမုန့်လောင်မှာ အနည်းငယ် ပျို့အန်ချင်လာသည်။

ကျောက်မျက်ရတနာက သူ့အသက်စွမ်းအင်ကို ဝါးမျိုနေသည့်အလား ချီယာ၏မျက်နှာထက်တွင် နာကျင်နေဟန် အမူအရာများ ပေါ်ထွက်လာသည်။

"ရီထျန်းဂိုဏ်း... မင်းတို့က ငါ့ကို အတင်းအကျပ် တွန်းအားပေးခဲ့တာပဲ။ မင်းတို့က ငါ့ကို တွန်းအားပေးခဲ့တာ"

**************************

All Chapters