← Chapters

အခန်း ၉၈၀

Vol. 66 Ch. 980

အခန်း ၉၈၀

Vol. 66 Ch. 980

အခန်း ၉၈၀ - သူ့ကို သိတောင်မသိပါဘူး

"မဖြစ်နိုင်ဘူး။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကျန်းမုန့်လောင်၏ မဟာကပ်ဘေးကောင်းကင်ချုပ်လက်ညှိုးက လူသားများ၏ အကန့်အသတ်များအပေါ်ထားသော သူ့အမြင်ကို စိန်ခေါ်လိုက်ခြင်းဖြစ်လျှင် ဤမြင်ကွင်းကတော့ ကမ္ဘာကြီးအပေါ်ထားသော သူ့ရှုမြင်ပုံကို သေချာပေါက် ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်းပင်။

ဤပုံရိပ်ယောင်ကြယ်တာရာသားရဲသည် အဆင့်ကိုးသက်ရှိဖြစ်၏။ ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ မျိုးရိုးဗီဇများ ပါဝင်သောကြောင့် လူသားများထဲမှ အဆင့်ကိုး သက်ရှိများပင် ၎င်းကို တစ်ယောက်ချင်း ယှဉ်ပြိုင်အနိုင်ယူနိုင်မည် မဟုတ်ပေ။

ကျန်းမုန့်လောင်နှင့် သူ့လူများ မည်မျှပင် စွမ်းအားကြီးမားနေပါစေ။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားအစစ်မှာ အဆင့်ခြောက် သက်ရှိအဆင့်တွင်သာ ရှိရမည်မဟုတ်ပါလော။ ဤလက်သီးချက်က သူတို့ကို ထိမှန်ရန်ပင် မလိုအပ်ပေ။ လက်သီးမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကပင် သူတို့၏ ခန္ဓာကိုယ်များကို ကြေမွသွားစေနိုင်သည်။

သို့သော် ယခုမူ ကျန်းမုန့်လောင်သည် လက်ညှိုးတစ်ချောင်းတည်းဖြင့် ထိုလက်သီးချက်ကို တားဆီးလိုက်လေသည်။

ဒါက ဖြစ်နိုင်ပါ့မလား။ ဂိမ်းတွေ အရမ်းကစားထားလို့ သူများ ထင်ယောင်ထင်မှား ဖြစ်နေတာလား။

ဖန်တီးထားသော သက်ရှိတစ်မျိုး ဖြစ်သော်လည်း ပုံရိပ်ယောင်ကြယ်တာရာသားရဲက ကိုယ်ပိုင်အသိစိတ်နှင့် တွေးခေါ်နိုင်စွမ်းရှိသော လွတ်လပ်သည့် အရာတစ်ခုလည်း ဖြစ်၏။ ဆင့်ခေါ်သူကို မျက်လုံးစုံမှိတ်၍ နာခံခြင်းမှလွဲ၍ သူ့ဉာဏ်ရည်ဉာဏ်သွေးမှာ လူသားများထက် မနိမ့်ကျပေ။

ပုရွက်ဆိတ်များကဲ့သို့ ထင်ရသော သတ္တဝါလေးများက သူ့လက်သီးကို တကယ်တမ်း တားဆီးနိုင်ခဲ့သည်ကို သူ့မှာ နားမလည်နိုင်လောက်အောင် ဖြစ်နေချေသည်။

"ဂါး!"

ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးက ဟိန်းဟောက်လိုက်ပြီး မြေပုံတစ်ခုလုံးအပေါ်သို့ ကြီးမားလှသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်လေရာ လေထုထဲတွင် မျက်စိဖြင့်မြင်နိုင်သော လှိုင်းလုံးကြီးများ ပြင်ပသို့ ပျံ့နှံ့သွားလေသည်။

"ဘုန်း ဘုန်း ဘုန်း"

လှိုင်းလုံးကြီးများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ပျက်စီးမှုများ ဖြစ်ပေါ်သွားပြီး အနီးအနားရှိ ရတနာရှာဖွေသူများခမျာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ခင် ထိုစွမ်းအားကြောင့် သူတို့၏ ခန္ဓာကိုယ်များ ကြေမွပျက်စီးသွားရသည်။

သို့တိုင် ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်မှာမူ တစ်လက်မလေးပင် နောက်ဆုတ်မသွားဘဲ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ထိန်းသိမ်းထားဆဲပင်။

"ပုံရိပ်ယောင်ကြယ်တာရာသားရဲ ဟုတ်လား။ ကြယ်တာရာသားရဲတစ်သိုက်ကြီးကွ"

"ဟား"

ကျန်းမုန့်လောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့သွေးကြောများထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းနေသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်လေရာ သူ့ဆံပင်များမှာ မိုးကြိုးအပစ်ခံရသကဲ့သို့ ထောင်မတ်သွားပြီး ရွှေရောင်လင်းလက်ကာ မျက်လုံးများကလည်း သမုဒ္ဒရာအပြာရောင်အဖြစ် ပြောင်းလဲသွားလေသည်။

"တီ... တီ... တီ... တီ...။ စွမ်းအင်ပြင်းအား ၁၀၀ယူနစ်ကို ကျော်လွန်သွားပါပြီ။ ထောက်လှမ်းရေးကိရိယာရဲ့ အတိုင်းအတာထက် ကျော်လွန်နေပါပြီ"

ချီယာ၏ ဉာဏ်ရည်တုစနစ်က အရေးပေါ်သတိပေးချက်တစ်ခု ထုတ်လွှင့်လိုက်သည်။

"မဖြစ်နိုင်ဘူး။ ယူနစ် ၁၀၀ကျော်တယ် ဟုတ်လား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဆင့်တစ်ဆယ်သက်ရှိဆိုတာ တစ်ခါမှ ပေါ်မလာဖူးဘူး။ သီအိုရီအရပဲ ရှိတာလေ။ မဖြစ်နိုင်ဘူး"

ပုံရိပ်ယောင်ကြယ်တာရာသားရဲကို အချိန်ကြာမြင့်စွာ ဆင့်ခေါ်ထားသဖြင့် ချီယာ၏ ခန္ဓာကိုယ်ကို ဆိုးရွားစွာ ပျက်စီးယိုယွင်းစေခဲ့သော်လည်း ရုပ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုက စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

သူတစ်ယောက်တည်းသာမက အခြားသော ရတနာရှာဖွေသူများလည်း အံ့အားသင့်သွားကြသည်။

"မင်းတို့ ကြားလိုက်လား။ သူ့ရဲ့ စွမ်းအင်ပြင်းအားက ယူနစ် ၁၀၀တောင် ကျော်သွားပြီတဲ့"

"သူက အဆင့်ငါးသက်ရှိ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားရတာလဲ။ ငှားထားတာဆိုရင်တောင် ဒါက အဆင့်ကိုးအထွတ်အထိပ် သက်ရှိတစ်ယောက်ရဲ့ စွမ်းအားထက် ကျော်နေပြီလေ။ ဒီကမ္ဘာကြီးကရော ဒီစွမ်းအားကို တကယ်ပဲ ခံနိုင်ရည်ရှိပါ့မလား"

"စောစောက သူတို့တော့ ဒုက္ခရောက်ပြီလို့ ပြောတဲ့လူ ဘယ်သူလဲ။ အဆဲခံဖို့ ထွက်လာခဲ့စမ်း"

"ငါပြေးခဲ့လို့ တော်သေးတယ်။ အဲဒါကြီးကို ဘယ်သူက သွားရန်စရဲမှာလဲ"

"ပြင်ပကမ္ဘာက လူတွေကတော့ ဒီမှာ ဘာတွေဖြစ်သွားလဲဆိုတာ သိတောင်သိလိုက်မှာ မဟုတ်ဘူးနော်။ ဒီစွမ်းအားက စကြာဝဠာရဲ့ မျှခြေကို ပျက်ယွင်းသွားစေနိုင်တယ်"

"ရတနာရှာဖို့ မေ့လိုက်တော့။ အကုန်လုံး သူတို့ကိုပဲ ပေးလိုက်ပါတော့။ ဘယ်သူက ရီထျန်းဂိုဏ်းနဲ့ သွားယှဉ်ရဲမှာလဲ"

...

"ထစမ်း"

ကျန်းမုန့်လောင်သည် ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီး၏ လက်မောင်းကို ဖမ်းဆုပ်၍ လေထဲသို့ ယမ်းခါပစ်လိုက်ပြီး ရှီနိုမြို့ဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလိုက်လေသည်။

အခြားအဆင့်ခြောက်သက်ရှိများမှာ သူတို့၏ ကာကွယ်ရေးစနစ်များကို အလျင်စလို ဖွင့်လိုက်ကြသော်လည်း ထိုစွမ်းအားက သူတို့၏ စနစ်ကန့်သတ်ချက်များထက် များစွာ ကျော်လွန်နေခဲ့ပြီဖြစ်ရာ စူးရှသောအသံများနှင့်အတူ အပိုင်းပိုင်းအစစ ကွဲအက်သွားလေသည်။

ပုံရိပ်ယောင်ကြယ်တာရာသားရဲ၏ ဧရာမခန္ဓာကိုယ်ကြီးသည် မြို့ထဲတွင် ကီလိုမီတာပေါင်းများစွာ ရှည်လျားသော လမ်းကြောင်းတစ်ခုကို တရွတ်တိုက် ဆွဲသွားခဲ့ပြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် အပျက်အစီးများကို ချန်ထားရစ်ခဲ့လေသည်။

"ငါ့အသက်ကို မင်းကိုပေးမယ်။ သူ့ကို ငါ့အစား သတ်ပေးစမ်း"

ချီယာမှာ ရူးသွပ်သွားခဲ့လေပြီ။

သက်စောင့်စွမ်းအင်များ ခန်းခြောက်သွားမည်ကို ဂရုမစိုက်တော့ဘဲ သူ့အသက်ကို စတင်လောင်ကျွမ်းစေလိုက်သဖြင့် သူ့ရင်ဘတ်ပေါ်ရှိ ပုံရိပ်ယောင်သားရဲသလင်းကျောက်၏ အလင်းရောင်က ပိုမိုစူးရှတောက်ပလာလေသည်။

ပုံရိပ်ယောင်ကြယ်တာရာသားရဲသည် ချီယာ၏ သက်စောင့်စွမ်းအင်များကို လက်ခံရရှိပြီးနောက် လျင်မြန်စွာ ပြန်လည်အားအင်ပြည့်ဝလာသည်။

ထိုသားရဲကြီးက မြေကြီးပေါ်မှ ချက်ချင်း ပြန်ထလာပြီး ဂေါ်ဇီလာကဲ့သို့ အဏုမြူစွမ်းအင် အငွေ့အသက်များကို ပါးစပ်ထဲတွင် စုစည်းထားသည်။

"သူ ပစ်တော့မယ်။ ပြေးကြဟေ့"

"သောက်ကျိုးနည်း… ဖျက်ဆီးပစ်တော့မှာပဲ"

"ကျောင်းအုပ်ကြီး… ဒီကိစ္စကို ခင်ဗျားဆီပဲ အပ်လိုက်ပြီနော်"

လူတိုင်း ဤစွမ်းအင်၏ စွမ်းအားကို ခံစားလိုက်ရသည်။ စွမ်းအင်ထုတ်လွှတ်လိုက်သည်နှင့် အတိုင်းအဆမရှိသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေမည်မှာ သေချာသည့်အပြင် ကီလိုမီတာရာပေါင်းများစွာကို ချက်ချင်း မြေရိုင်းများအဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။

"အဲဒါကို ပြန်မျိုချလိုက်စမ်း"

အဏုမြူစွမ်းအင်များ ပေါက်ကွဲထွက်လာတော့မည့် အချိန်တွင် ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်ကြယ်တာရာသားရဲ၏ ပါးစပ်ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ထိုစွမ်းအင်လုံးကြီးကို လက်ဖြင့် ပါးစပ်ထဲသို့ ပြန်တွန်းသွင်းလိုက်လေသည်။

"ဘုန်း"

ပုံရိပ်ယောင်ကြယ်တာရာသားရဲ၏ ခန္ဓာကိုယ်ကြီးက ပူဖောင်းတစ်လုံးအလား ဖောင်းကားလာပြီး အတွင်းပိုင်းမှ နာကျင်မှုကြောင့် ဟိန်းဟောက်လိုက်လေရာ ပြင်းထန်သော အသံလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများပါ ကြေမွသွားလေသည်။

"သောက်ကျိုးနည်း.. ငါ့ဟိုတယ်လေး"

ကျန်းမုန့်လောင်က အော်ဟစ်လိုက်ပြီးနောက် ပုံရိပ်ယောင်ကြယ်တာရာသားရဲကို ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်သည်။

ဤသည်ကား တစ်ဖက်သတ် သတ်ဖြတ်မှုကြီးပင်။ ဤမျှ အရွယ်အစား ကွာခြားလွန်းနေသော သတ္တဝါနှစ်ကောင်မှာ ထူးဆန်းလှသော ကွာခြားချက်ဖြစ်ပြီး လက်သီးတစ်ချက်စီတိုင်းက ထိုသားရဲ၏ မာကျောသော အကြေးခွံများကို ရိုက်ချိုးကာ ရင်ကွဲမတတ်သော နာကျင်မှုများကို ဖြစ်ပေါ်စေသည်။

ပုံရိပ်ယောင်ကြယ်တာရာသားရဲ၏ အော်ဟစ်သံများကား ငိုကြွေးသံမှသည် သနားစရာကောင်းသော ညည်းညူသံများအဖြစ် ပြောင်းလဲသွားလေသည်။

ကျန်းမုန့်လောင်က ပုံရိပ်ယောင်ကြယ်တာရာသားရဲကို မျက်ရည်ကျသည်အထိ ရိုက်နှက်ခဲ့ပေသည်။

ထိုသားရဲ ပေါ်လာစဉ်ကအတိုင်း အမည်းရောင်အက်ကွဲကြောင်းကြီး ထပ်ပေါ်လာပြန်သည်။ ချီယာ၏ သက်စောင့်စွမ်းအင်များ ခန်းခြောက်သွားပြီဖြစ်ရာ ပုံရိပ်ယောင်ကြယ်တာရာသားရဲကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။

ထိုအချိန်တွင် လုံခြုံမှုကို ခံစားလိုက်ရသောကြောင့် ထိုသားရဲခမျာ နောက်ထပ် အရိုက်မခံရစေရန် အမည်းရောင်နေရာလွတ်ထဲသို့ ပြန်လည်ထွက်ခွာသွားရန် ဆန္ဒပြင်းပြစွာဖြင့် အက်ကွဲကြောင်းကြီးကို အသည်းအသန် ကုတ်ခြစ်နေလေသည်။

ဤကမ္ဘာပေါ်ရှိ လူသားများက အလွန်ကြောက်စရာကောင်းလွန်းသည်။ အထူးသဖြင့် ရွှေရောင်ဆံပင်ပိုင်ရှင်များက သူ့နှလုံးသားထဲတွင် နက်ရှိုင်းသော အမာရွတ်များကို ချန်ထားရစ်ခဲ့လေသည်။

ပုံရိပ်ယောင်ကြယ်တာရာသားရဲ ပျောက်ကွယ်သွားသည့် တစ်ခဏအတွင်းမှာပင် တိတ်ဆိတ်ငြိမ်သက်မှုက ပြန်လည်ရောက်ရှိလာပြီး ကျန်းမုန့်လောင်လည်း ငှားရမ်းထားသော စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

"သောက်ကျိုးနည်း.. ဒီစွမ်းအားက ရူးလောက်စရာပဲ။ တွေ့သမျှ နတ်ဘုရားတွေရော ဗုဒ္ဓတွေပါ အကုန်အနိုင်ယူနိုင်တယ်"

ကျန်းမုန့်လောင်လည်း အလောင်းတစ်လောင်းနီးပါး ဖြစ်နေသော ချီယာဆီသို့ ချဉ်းကပ်သွားသည်။ သို့သော် အားနည်းသော သက်စောင့်စွမ်းအင်က သူမသေသေးကြောင်း ပြသနေပြီး ခေါင်းငုံ့ရပ်နေသော အဖော်သုံးယောက်လည်း အနီးအနားတွင် ရှိနေချေသည်။

ကျန်းမုန့်လောင်ကို ထပ်တိုက်ဦးမလား။ ရူးနေလို့လား။ ဟိုအဆင့်ကိုးသက်ရှိကြီးကို မျက်ရည်ကျတဲ့အထိ သူရိုက်နှက်ခဲ့တာ မမြင်ဘူးလား။

"ဒီအရာက အရမ်းအန္တရာယ်များတယ်။ ငါ့ဆီမှာထားတာက ပိုစိတ်ချရမယ်ထင်တယ်နော်"

ကျန်းမုန့်လောင်က ချီယာ၏ ရင်ဘတ်ပေါ်ရှိ ပုံရိပ်ယောင်ကြယ်တာရာသလင်းကျောက်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

မင်းက သူ့ကို လက်ဝှေ့အိတ်လို သဘောထားပြီး ရိုက်နေတာကို အန္တရာယ်များတယ်လို့ ပြောပြီး မင်းဆီမှာပဲ ထားမယ်လို့ အတင်းပြောနေတာလား။

မင်း ဒါကို သဘောကျနေတယ်ဆိုရင်တောင် ငါတို့က ငြင်းရဲမှာမဟုတ်ပါဘူး။ ဘာလို့ ဒီလိုဆင်ခြေတွေ ပေးနေရတာလဲ…

"ကျောင်းအုပ်ကြီးက စကားကို သေချာမပြောပြန်ဘူး"

"သူက နာရူတိုထဲက ဟိုစာသားကို ကူးချလာတာ သေချာတယ်။ နာဂါတိုက အမြီးကိုးကောင်ကို ချိတ်ပိတ်တုန်းက ပြောခဲ့တဲ့စကားလေ"

"အရမ်းမာနကြီးတာပဲ။ ဒီကိစ္စမှာတော့ သူ့ကို အသန်မာဆုံးလို့ ငါသတ်မှတ်ရဲတယ်"

"တကယ့်ရတနာပါလား"

ကျန်းမုန့်လောင်သည် အမှတ်များစွာ ကုန်ကျစရာမလိုဘဲ သက်စောင့်စွမ်းအင်ဖြင့် အဆင့်ကိုးသက်ရှိကို ဆင့်ခေါ်နိုင်သော ပုံရိပ်ယောင်ကြယ်တာရာသလင်းကျောက်ကို စစ်ဆေးကြည့်လိုက်သည်။

ဤသို့ သက်စောင့်စွမ်းအင် စုပ်ယူခံရခြင်းမှာ အဆင့်ကိုးသက်ရှိများအတွက်ပင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သော်လည်း ကျန်းမုန့်လောင်တွင်မူ လှည့်ကွက်များ ရှိလေသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် အဆုံးအစမဲ့သော သက်စောင့်စွမ်းအင်များ ပိုင်ဆိုင်ထားသော ဆရာပေါင်းများစွာရှိသည်ဖြစ်ရာ အမှတ်အနည်းငယ်ဖြင့် ပုံရိပ်ယောင်ကြယ်တာရာသားရဲများကို အကန့်အသတ်မရှိ ဆင့်ခေါ်နိုင်ပေသည်။

"မင်းတို့သုံးယောက်"

ကျန်းမုန့်လောင်၏ အကြည့်က ရှီနိုစကြဝဠာအင်ပါယာနှင့် နိုအာစကြဝဠာအင်ပါယာတို့မှ လူသုံးယောက်ပေါ်သို့ ကျရောက်သွားချိန်ဝယ် သူ့အကြည့်အောက်တွင် သူတို့အားလုံး တုန်ယင်သွားကြသည်။

"ကျန်း... မစ္စတာကျန်း… ကျွန်တော်တို့ ခင်ဗျားရဲ့သူငယ်ချင်းတွေကို ထိခိုက်အောင် မလုပ်ခဲ့ပါဘူး"

"အာ... သူ့ကို ကျွန်တော်တို့ သိတောင်မသိပါဘူး။ သူ့ကို သတ်ချင်သတ်.. လွှတ်ချင်လွှတ်ပါ။ သူ့ဆီက ဘာပဲယူယူ ခင်ဗျားသဘောပါပဲ"

"ဟုတ်တယ်… ကျွန်တော်တို့က သူနဲ့ ဘာမှမပတ်သက်ပါဘူး။ ကျွန်တော်တို့က ဘေးက ပွဲကြည့်နေရုံသက်သက်ပါ"

************************

All Chapters