အခန်း ၉၈၁
Vol. 66 Ch. 981
အခန်း ၉၈၁ - ဗဟိုထိန်းချုပ်ရေးစနစ်
"မင်းတို့ပေးသင့်တာကို ပေးမလား။ ဒါမှမဟုတ် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း မင်းတို့ဆီကနေ အတင်းအဓမ္မ ယူရမလား"
ကျန်းမုန့်လောင်က နတ်ဘုရားသလင်းကျောက်ကို သိမ်းဆည်းလိုက်ပြီး ထိုမျိုးနွယ်စုနှစ်ခုမှ ကျန်ရတနာရှာဖွေသူများကို ဖော်ရွေသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ပုံမှန်လုပ်ထုံးလုပ်နည်း" ဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူတို့ သိထားပြီးဖြစ်၏။ အခြားရတနာရှာဖွေသူများဆီမှ ကြားသိရသော သတင်းများအရ ရီထျန်းဂိုဏ်းသားများသည် ပစ္စည်းဥစ္စာနှင့် မိန်းမလှများကိုသာ လုယက်တတ်ကြပြီး လူမသတ်တတ်ကြောင်းနှင့် အကယ်၍ ခုခံပါက အရိုက်ခံရမည်ဖြစ်ကြောင်း သိရသည်။
မည်သို့ပင်ဖြစ်စေ နောက်ဆုံးရလဒ်မှာ အတွင်းခံဘောင်းဘီသာကျန်သည်အထိ အလုခံရမည်ဖြစ်ရာ ဘာကြောင့်များ အလကားနေရင်း အရိုက်ခံနေမည်နည်း။ ခုခံ၍မရနိုင်တော့သည့်အတူတူ သည်အတိုင်း ကျေကျေနပ်နပ် လက်ခံလိုက်ခြင်းမှာ အကောင်းဆုံးဖြစ်ပေမည်။
"မစ္စတာကျန်း… ရတနာရှာဖွေရေးနယ်မြေကနေ ကျွန်တော်တို့ ရထားတဲ့ အကျိုးအမြတ်အားလုံးကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်"
တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့ အရှုံးပေးရန်သာ ဆုံးဖြတ်လိုက်ကြသည်။ အဆိုးဆုံးအခြေအနေတွင် သူတို့အနေနှင့် ဖွံ့ဖြိုးတိုးတက်ရန် အခြားနေရာတစ်ခုကို ရှာဖွေနိုင်သေးသည်။ ရတနာရှာဖွေရေးနယ်မြေသည် ကျယ်ဝန်းလှသည်ဖြစ်ရာ သူတို့ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် နေရာတစ်ခုတော့ သေချာပေါက် ရှိရပေမည်။
"မလောက်သေးဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်းတို့ရဲ့ အတွင်းခံဘောင်းဘီကလွဲရင် ကျန်တာအကုန်လုံးကို ငါလိုချင်တယ်။ ဘာတစ်ခုမှ ချန်မထားခဲ့နဲ့"
"မင်းတို့တွေက ပိုက်ဆံလိုက်ကောက်ကြ။ ငါတို့ ရီထျန်းဂိုဏ်းရဲ့ ငွေပေးချေမှုကုတ်ကို သုံးလိုက်"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။
"လုယက်ထားတဲ့ ပစ္စည်းတွေအားလုံးကို သေသေချာချာ စာရင်းပြုစုထားဖို့ မမေ့နဲ့နော်"
"ဟုတ်ကဲ့ပါ~~"
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများက စိတ်မပါတပါဖြင့် ပြန်ဖြေလိုက်ကြသည်။
"ကျောင်းအုပ်ကြီးက တကယ့်ခွေးကောင်ပဲ။ ဘာရီထျန်းဂိုဏ်းရဲ့ ငွေပေးချေမှုကုတ်လဲ။ အဲဒါက သူ့ရဲ့ စကြဝဠာဘဏ်အကောင့်ကြီးကို"
"ဒါပေါ့။ သူက အကြင်နာတရားကင်းမဲ့တဲ့ အရင်းရှင်ကြီးပဲကို။ နေ့တိုင်း ငါတို့ရဲ့ လုပ်အားတွေကို အလကားခေါင်းပုံဖြတ်နေတာ"
"လူပေါင်းတစ်သောင်းကျော်တောင် ရှိတာ။ ပိုက်ဆံတွေကို ရေတွက်ဖို့ အချိန်ဘယ်လောက်တောင် ယူရမလဲ"
"ငါတို့ အနည်းဆုံးတော့ နှစ်ကုန်ဆုကြေး ဒါမှမဟုတ် တစ်ခုခုတော့ မရသင့်ဘူးလား"
"မင်းတို့ကောင်တွေ ဘာတွေ လေကြောရှည်နေတာလဲ"
ကျန်းမုန့်လောင်က သူတို့တစ်ယောက်ချင်းစီ၏ တင်ပါးများကို ကန်လိုက်၏။
"ငါမသိဘူးလို့ မထင်နဲ့နော်။ အခု မင်းတို့တွေအကုန်လုံး ထောနေကြတာလေ။ လူမနည်းဘူး လုယက်ထားပြီးကြပြီ မဟုတ်လား"
"ဟီးဟီး... သိပ်မများပါဘူး။ စကြဝဠာဒင်္ဂါးထရီလီယံ ရာဂဏန်းလောက်လေးပါပဲ"
"နည်းနည်းလေးပါဗျာ။ နည်းနည်းလေးပါ။ ကျောင်းအုပ်ကြီးနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ"
...
"အာ... ဒီလောက်လှပတဲ့ မြို့လေးက ဒီလိုပျက်စီးသွားတာ တကယ်နှမြောစရာလေးပဲ"
ကျန်းမုန့်လောင်က အပျက်အစီးများကို ကြည့်လိုက်လေသည်။
"စစ်မြေပြင်ကို ရှင်းလင်းဖို့တော့ လိုသေးတယ်"
သို့သော် ယခုအချိန်တွင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများအားလုံးမှာ လုယက်ရာတွင် အလုပ်များနေကြသဖြင့် ဤကိစ္စကို သူကိုယ်တိုင်သာ ဝင်ရောက်ဖြေရှင်းရတော့မည်ဖြစ်၏။
"ထွက်လာခဲ့စမ်း ပုံရိပ်ယောင်ကြယ်တာရာသားရဲ"
ဟိန်းဟောက်သံတစ်ချက်နှင့်အတူ ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီး၏ ခန္ဓာကိုယ်က လေဟာနယ်ထဲမှ ထပ်မံထွက်ပေါ်လာပြန်သည်။
"ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီး ထွက်လာပြန်ပြီဟေ့"
"သူ... အခု သူဘာလုပ်မလို့လဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရတနာရှာဖွေသူများအားလုံး၏ မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
"ကြည့်ကြစမ်း.. ဘာလို့ သူ့ရဲ့သက်စောင့်စွမ်းအင်တွေက နည်းနည်းလေးတောင် လျော့မသွားတာလဲ"
နိုအာမျိုးနွယ်စုမှ ရတနာရှာဖွေသူတစ်ဦးက ကျန်းမုန့်လောင်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ အစောပိုင်းက ချီယာ ထိုသားရဲကို နှစ်စက္ကန့်မျှသာ ဆင့်ခေါ်လိုက်သည့်အချိန်တွင် ချက်ချင်းပင် အဘိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည့်နှယ် ဖြစ်သွားသော်လည်း ကျန်းမုန့်လောင်မှာမူ နုပျိုလန်းဆန်းနေဆဲပင်။
"တစ်ခုခုပဲ။ သူ့မှာ အဆုံးအစမဲ့ သက်စောင့်စွမ်းအင်တွေ ရှိနေတာဖြစ်ရင်ဖြစ် ဒါမှမဟုတ် သူ့ခန္ဓာကိုယ်က သက်စောင့်စွမ်းအင်တွေ ထုတ်လုပ်တဲ့နှုန်းက ပုံရိပ်ယောင်ကြယ်တာရာသားရဲ စုပ်ယူတဲ့နှုန်းထက် ပိုမြန်နေတာပဲ ဖြစ်ရမယ်"
မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာ သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။
"မာဂျင်ပုရဲ့ စွမ်းရည်တွေက တကယ်အသုံးဝင်တာပဲ"
ကျန်းမုန့်လောင်က သူ့ခန္ဓာကိုယ်ထဲရှိ လျော့ကျမသွားသော သက်စောင့်စွမ်းအင်များကို ခံစားလိုက်ရသဖြင့် ယခုမှစ၍ ပုံရိပ်ယောင်ကြယ်တာရာသားရဲသည် သူ၏ အခမဲ့လက်ပါးစေ ဖြစ်လာတော့မည်ကို သိလိုက်သည်။
ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးသည် ဤတစ်ကြိမ်တွင် သူ့ကို မည်သူဆင့်ခေါ်လိုက်သည်ကို ရှာဖွေနေသည့်အလား ခေါင်းကို ဘယ်ညာလှည့်ကြည့်လိုက်သော်လည်း ကျန်းမုန့်လောင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ့မျက်လုံးထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ပေါ်လာလေသည်။
သို့သော် ယခုတစ်ကြိမ်တွင် ဆင့်ခေါ်သူမှာ ကျန်းမုန့်လောင်ဖြစ်နေသောကြောင့် သူ့ဆင့်ခေါ်မှုကို အာခံ၍မရပေ။ သို့မဟုတ်ပါက ထိုသားရဲခမျာ ချက်ချင်းပင် နောက်ကြောင်းပြန်လှည့်၍ ထွက်ပြေးသွားလောက်ပြီဖြစ်၏။
"မကြောက်ပါနဲ့ လိမ္မာတယ်… ဒီတစ်ခါ မင်းကို မရိုက်တော့ပါဘူး"
ကျန်းမုန့်လောင်က အပျက်အစီးများကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ငါ့ကို ဟိုဟာတွေ ကူရှင်းပေးစမ်းပါ"
"ဝိုး.. သူက ပုံရိပ်ယောင်ကြယ်တာရာသားရဲကို သန့်ရှင်းရေးလုပ်ခိုင်းနေတာလား။ တကယ်ကြီးလားဟ"
"တောင်းပန်ပါတယ်။ ငါတို့ အမြင်ကျဉ်းလွန်းသွားတယ်"
"ငါ တွေးခေါ်နိုင်စွမ်း သေးသိမ်လွန်းသွားတာပါ"
...
စကြဝဠာတစ်ခုလုံးတွင် အင်အားအကြီးမားဆုံး မျိုးနွယ်စုနှစ်ခုမှ ရတနာရှာဖွေသူများသည် အခြားသူများနှင့်ယှဉ်လျှင် တကယ်ပိုမိုရှာဖွေနိုင်ကြသည်မှာ ငြင်းစရာမရှိပေ။ လွန်ခဲ့သည့်လအနည်းငယ်အတွင်း လူဦးရေထက်ဝက်ကျော်၏ ကံကြမ္မာမီးတောက်များမှာ အဝါရောင်မှ လိမ္မော်ရောင်သို့ အဆင့်တက်သွားခဲ့သည်။ အထူးသဖြင့် အဆင့်ခြောက်သက်ရှိများ၏ ကံကြမ္မာမီးတောက်များမှာ အနီရောင်အထိပင် ရောက်သွားခဲ့သည်။
အခြားမျိုးနွယ်စုများထံမှ သူတို့ လုယက်ထားခဲ့သော ပစ္စည်းများနှင့် ဥစ္စာဓနများအပြင် ရတနာရှာဖွေရေးနယ်မြေအတွင်း သူတို့ရရှိထားသော အကျိုးအမြတ်များမှာ အလွန်တရာ များပြားလှပေသည်။
ထို့ပြင် သူတို့၏ ခိုင်မာသော နောက်ခံများကြောင့် လူတိုင်းက များပြားလှသော စည်းစိမ်ချမ်းသာများကို ယူဆောင်လာခဲ့ကြပြီး အနည်းဆုံးမှာ စကြာဝဠာဒင်္ဂါးထရီလီယံဆယ်ဂဏန်းဖြစ်၍ အများဆုံးမှာ ကြယ် ၁၂ပွင့်အထိ စုဆောင်းထားသော ချီယာဖြစ်သည်။ သူတို့အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ ဘုရင်ထက်ပင် ပိုချမ်းသာကြွယ်ဝနေသေးသည်။
အားလုံးကို စာရင်းပေါင်းချုပ်လိုက်ပြီးနောက် ငွေသားစစ်စစ် ကြယ်သောင်းဂဏန်း၊ အဆင့်ငါး စွမ်းအင်သလင်းကျောက် ၂၁သန်းကျော်နှင့် ကြယ်အမြုတေထောင်ပေါင်းများစွာအပြင် အခြားသော သယံဇာတအရင်းအမြစ် အမြောက်အမြားကိုပါ ရရှိခဲ့သည်။
"အာ... ကွက်တိပဲ"
ကျန်းမုန့်လောင်က သူ့လက်ပေါ်ရှိ ဖုန်များကို ခါချလိုက်သည်။
ယခင်က လှပသေသပ်သော "ရှီနိုမြို့တော်" ဟူသည့် မြို့ရိုးပေါ်ရှိ စာလုံးများမှာ ယခုအခါတွင် ရွှန်းလက်တောက်ပနေသော "ရီထျန်းဖရန်ချိုက်ဟိုတယ် အမှတ် (၃)" ဟူ၍ ပြောင်းလဲသွားပြီး နံရံများပေါ်တွင် အသစ်စက်စက် ဈေးနှုန်းတံဆိပ်များကိုလည်း ချိတ်ဆွဲထားလေသည်။
"မြို့ထဲဝင်ချင်ရင် တန်းစီကြ။ ကတ်လုပ်ချင်တဲ့လူတွေက ဒီဘက်ကိုလာပါ။ ဒီနေ့က နံပါတ်၃ဆိုင်ခွဲရဲ့ နှစ်ပတ်လည်နေ့ဖြစ်လို့ ငွေဖြည့်ရင် ၂၀ရာခိုင်နှုန်း အပိုဆုရမယ်။ ဆိုင်ခွဲတိုင်းမှာ အသုံးပြုလို့ရတယ်နော်"
"သောက်ကျိုးနည်း.. သူတို့က ငါတို့ဆီက လုယက်နေတာလား။ ရှီလော့စကြဝဠာအင်ပါယာနဲ့ နိုအာစကြဝဠာအင်ပါယာက လူတွေထက်တောင် ပိုဆိုးရွားနေပါလား"
"ရှူး... တိုးတိုးလုပ်ပါ။ သူတို့ကြားသွားဦးမယ်။ သူတို့က အသာစီးရနေတာလေ။ ငါတို့မှာ ရွေးချယ်ခွင့်ရှိလို့လား"
...
"ဒီလှုပ်ရှားမှုကြီးက စိတ်ဝင်စားစရာ မကောင်းပါဘူး၊။ ဘာစိန်ခေါ်မှုမှကို မရှိဘူး"
ကျန်းမုန့်လောင်က မြက်ခင်းပြင်တစ်ခုကို ဖြတ်၍ လမ်းလျှောက်သွားသည်။
မသိလိုက်မသိဘာသာပင် ရတနာရှာဖွေရေးနယ်မြေအတွင်း၌ စကြာဝဠာနှစ်၂နှစ် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး သူ၏ ရီထျန်းဖရန်ချိုက်ဟိုတယ်မှာ ယခုအခါတွင် ဆိုင်ခွဲပေါင်း ၂၇ခုအထိ ရှိနေပြီဖြစ်ကာ ရတနာရှာဖွေရေးနယ်မြေရှိ မြို့ကြီးအားလုံးနီးပါးကို သိမ်းပိုက်ထားပြီးဖြစ်၏။
တမင်တကာ လေ့ကျင့်မှုမရှိခဲ့လျှင်ပင် ဤနှစ်နှစ်တာကာလအတွင်း ကျန်းမုန့်လောင်၏ သက်ရှိအဆင့်မှာ အဆင့်ငါးသက်ရှိအထွတ်အထိပ်သို့ ရောက်ရှိသွားချေသည်။ နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် သူလည်း ရှေးဟောင်းပုဂ္ဂိုလ်ကြီးများအလား ထာဝရအသက်ကို ရရှိပေမည်။
ယခုနှစ်တွင် သူ့အသက်မှာ အသက်၃၀ပင် မပြည့်သေးပေ။
သူ့ပခုံးပေါ်ရှိ ဘိုတာမွန်မှာ မူလပုံစံအတိုင်း ရှိနေဆဲဖြစ်သော်ငြား ကျန်းမုန့်လောင်နောက်သို့ လိုက်လာပြီးကတည်းက စည်းစိမ်ကျကျ နေထိုင်ရသည့်အပြင် သူ့နေ့စဉ်အစားအစာမှာ အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်သက်ရှိသားရဲများ၏ အသားများပင်။ နောက်ပြောင်နေခြင်းမဟုတ်ပါချေ။ ယခုဆိုလျှင် ထိုအကောင်သည် အပြည့်အဝ ကြီးထွားလာသော စက်ရုပ်ဒိုင်နိုဆောသားရဲကြီးတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်ရုံသာမက သာမန်အဆင့်ခုနစ်သက်ရှိသားရဲအချို့နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်နေလေပြီ။
"ကျောင်းအုပ်ကြီး.. ခင်ဗျားကို လူတစ်ယောက် ရှာနေတယ်"
"မိုရှီ မိုရှီ"
ကျန်းမုန့်လောင်က ဆက်သွယ်ရေးတောင်းဆိုမှုကို ဖြေကြားလိုက်သည်။
"ကျောင်းအုပ်ကြီး.. ကျွန်တော် လျိုယွင်ယီပါ"
ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ဒုတိယမြောက်ကျောင်းသားဖြစ်သော လျိုယွင်ယီသည် ယခုအခါတွင် အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ဦး ဖြစ်နေချေပြီ။ ပြင်းထန်လှသော သူ့လေ့ကျင့်မှုများကြောင့် သူ့မျိုးရိုးဗီဇအဆင့်မှာ ကျန်းမုန့်လောင်ထက်ပင် အနည်းငယ် မြင့်မားနေလေသည်။
သေချာသည်မှာ စွမ်းရည်များကို တိုက်ရိုက်ကူးယူနိုင်သော ကျန်းမုန့်လောင်၏ ဖြတ်လမ်းနည်းသာမရှိပါက သူသည် အရာရာတိုင်းအတွက် ကြိုးစားအားထုတ် လေ့ကျင့်မှုအပေါ်တွင်သာ မှီခိုရမည်ဖြစ်ရာ သူ့လိုလူ ဆယ်ယောက်ပေါင်းလျှင်ပင် ကျန်းမုန့်လောင်၏ ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ပေ။
"ဪ..ဘာကိစ္စရှိလို့လဲ"
"ရေအောက်မှာ ဧရာမမျှော်စင်ကြီးတစ်ခုကို ကျွန်တော်တို့ တွေ့ထားပါတယ်"
"ကောင်းပြီ။ အမှတ်၂၈ဆိုင်ခွဲဖွင့်ဖို့ ငါ လူတွေကို လှမ်းခေါ်လိုက်မယ်"
ကျန်းမုန့်လောင်က သူတို့ နောက်ထပ်မြို့သစ်တစ်မြို့ကို ရှာတွေ့ခဲ့သည်ဟု ထင်လိုက်ခြင်းပင်။
"ကျောင်းအုပ်ကြီး.. ဒီမျှော်စင်ကြီးက နည်းနည်းတော့ ထူးခြားတယ်။ အဲဒါက ရတနာရှာဖွေရေးနယ်မြေတစ်ခုလုံးရဲ့ ဗဟိုထိန်းချုပ်ရေးစနစ်များ ဖြစ်နေမလားလို့ ကျွန်တော် သံသယဖြစ်မိပါတယ်"
"ဪ"
ဤသတင်းကို ကြားလိုက်ရသောအခါ ကျန်းမုန့်လောင် ရုတ်တရက် အလွန်စိတ်ဝင်စားသွားလေသည်။
အကယ်၍ ထိုအရာကသာ ရတနာရှာဖွေရေးနယ်မြေတစ်ခုလုံး၏ ဗဟိုထိန်းချုပ်ရေးစနစ် တကယ်ဖြစ်ခဲ့မည်ဆိုလျှင် သူသာ ထိုအရာကို အမိအရဆုပ်ကိုင်နိုင်ပါက ဇူဒါစကြဝဠာအင်ပါယာရှိ အရာအားလုံးလည်း သူ့ပိုင်ဆိုင်မှု ဖြစ်လာမည်မဟုတ်ပါလော။
"ဆက်ပြောပြစမ်းပါဦး"
"ဒီမျှော်စင်မှာ စုစုပေါင်း အထပ်ကိုးထပ်ရှိတယ်။ အဲဒါကို ထိန်းချုပ်ထားတဲ့ ဉာဏ်ရည်တုစနစ်က အထပ်တိုင်းမှာ ဝင်လာတဲ့လူတိုင်းကို စမ်းသပ်လိမ့်မယ်။ ကိုယ့်အတွက် သူစီစဉ်ပေးထားတဲ့ သားရဲတစ်ကောင်ကို အနိုင်ယူဖို့လည်း လိုပါတယ်။ အနိုင်ရတာနဲ့ နောက်တစ်ထပ်ကို တက်သွားနိုင်တဲ့အပြင် ရက်ရောတဲ့ ဆုလာဘ်တွေကိုလည်း ရရှိနိုင်တယ်"
"မင်း အထဲဝင်ကြည့်ခဲ့လား"
"ဟုတ်ကဲ့… ဝင်ကြည့်ခဲ့ပါတယ်"
လျိုယွင်ယီက ပြန်ဖြေလိုက်သည်။
"ကျွန်တော် ခုနစ်ထပ်အထိ ရောက်ခဲ့တယ်။ ဒီဉာဏ်ရည်တုစနစ်ရဲ့ ပြောကြားချက်အရ ကိုးထပ်ကို ရောက်ရင် ဇူဒါမျိုးနွယ်စုရဲ့ အမွေဆက်ခံသူဖြစ်လာဖို့ အခွင့်အရေးရှိတယ်တဲ့။ ဒါကြောင့် ဒါက ရတနာရှာဖွေရေးနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားတာဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်"
"ငါ နားလည်ပြီ။ ငါ့ဆီကို တည်နေရာပို့လိုက်။ ငါ အခုချက်ချင်း လာခဲ့မယ်"
***********************