← Chapters

အခန်း ၉၈၂

Vol. 66 Ch. 982

အခန်း ၉၈၂

Vol. 66 Ch. 982

အခန်း ၉၈၂ - စကားကြောရှည်မနေနဲ့ နောက်ဆုံးအဆင့်ကို တိုက်ရိုက်သာသွားလိုက်

ရတနာရှာဖွေရေးနယ်မြေ၏ ဗဟိုဒေသရှိ ကျယ်ပြောလှသော အဆုံးမဲ့ပင်လယ်ပြင်ကြီးထဲတွင် မရေမတွက်နိုင်သော ကြမ်းတမ်းသည့် သားရဲကြီးများ မှီတင်းနေထိုင်ကြသည်။ ဤနယ်မြေအတွင်းရှိ အားအနည်းဆုံးသားရဲများပင် အဆင့်ခြောက်အခြေခံအဆင့်ရှိ လူသားသက်ရှိတစ်ဦးနှင့် ညီမျှသော တိုက်ခိုက်ရေးစွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

ဤနယ်မြေထဲတွင် ဤမျှစွမ်းအားကြီးမားသော ရတနာရှာဖွေသူများ ပေါ်လာခြင်းမှာ ယခုအကြိမ်ကား ပထမဆုံးအကြိမ်ပင်။ သူတို့၏ သက်ရှိအဆင့်များမှာ အဆင့်ငါး သို့မဟုတ် အဆင့်လေးမျှသာ ရှိသေးသော်လည်း လက်တွေ့တွင်မူ အဆင့်ခြောက် သားရဲအုပ်စုများကို လိုက်လံချေမှုန်းနိုင်စွမ်း ရှိကြသည်။

အစပိုင်းတွင် သားရဲတစ်ကောင် သို့မဟုတ် နှစ်ကောင်ကို ကိုင်တွယ်ဖြေရှင်းခြင်းကပင် သူတို့အတွက် အကန့်အသတ်ဖြစ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ သက်ရှိအဆင့်များ မြင့်တက်လာကာ စွမ်းအားများလည်း ကြီးထွားလာခဲ့သဖြင့် တစ်ယောက်တည်းဖြင့်ပင် သားရဲအုပ်စုကြီးများကို ရင်ဆိုင်နိုင်လာကြသည်။

မကြာမီမှာပင် အဆင့်ငါးသားရဲများထံမှ ရရှိသော နည်းပါးလှသည့် အကျိုးအမြတ်များမှာ သူတို့ကို မဆွဲဆောင်နိုင်တော့ပေ။ အထူးသဖြင့် အဆင့်ခြောက်သက်ရှိသားရဲများနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုသားရဲအရေအတွက်အမြောက်အမြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ပထမစကြဝဠာနှစ်တွင် အခြားရတနာရှာဖွေသူများသည် တစ်ကောင်တည်းရှိနေသော သားရဲများ သို့မဟုတ် သားရဲအုပ်စုငယ်လေးများကို ရံဖန်ရံခါ တွေ့မြင်နိုင်သေးသော်လည်း ဒုတိယမြောက်စကြဝဠာနှစ်သို့ ရောက်ရှိလာချိန်တွင် ထိုကဲ့သို့သော အုပ်စုငယ်လေးများပင် ပျောက်ကွယ်သွားပုံရသည်။

လူတိုင်းက သားရဲများ ပြောင်းရွှေ့သွားကြပြီဟု ထင်မှတ်ခဲ့ကြသဖြင့် ပိုမိုဝေးကွာသော နေရာများဆီသို့ စွန့်စွန့်စားစားသွားရောက်ခဲ့ကြသော်လည်း အခြေအနေကား ပြောင်းလဲမှုမရှိခဲ့ပေ။

ရီထျန်းဂိုဏ်း၏ ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က သားရဲရာပေါင်းများစွာကို လိုက်လံတိုက်ခိုက်နေသည်ကို ရတနာရှာဖွေသူတစ်ဦး မြင်တွေ့လိုက်ရချိန်မှသာ ထိုသားရဲများ ပြောင်းရွှေ့သွားခြင်းမဟုတ်ကြောင်း သူတို့ သဘောပေါက်သွားကြတော့သည်။ ရီထျန်းဂိုဏ်းသားများမှာ မျိုးနွယ်စုလိုက် မျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေကြခြင်း ဖြစ်ပေသည်။

အကျပ်အတည်းနှင့် ကြုံရသောအခါ သူတို့သည် ပိုမိုလုံခြုံသော နေရာများကို နှုတ်ဆက်၍ သားရဲအုပ်စုကြီးများ ပေါများရာ နေရာများဆီသို့ ဦးတည်သွားကြရတော့သည်။ သို့မဟုတ်ပါက ဤခရီးစဉ်မှာ သူတို့အတွက် အလည်အပတ်ခရီးတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

သတ်ဖြတ်စရာ သားရဲမရှိတော့သော ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများသည် ပိုအန္တရာယ်များသော ဒေသများဆီသို့ တက်လှမ်းသွားကြချေပြီ။ ဤပင်လယ်ပြင်ဒေသကလည်း သူတို့၏ ခရီးစဉ်များထဲမှ တစ်ခုအပါအဝင် ဖြစ်လေသည်။

ဤမြို့မှာ ယခုအခါ ရီထျန်းဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော မြို့တစ်မြို့ပင်။ မြို့မှာ သိပ်မကြီးမားလှဘဲ အများဆုံးရှိလှ လူသောင်းဂဏန်းမျှသာ နေထိုင်နိုင်ပြီး ရီထျန်းဂိုဏ်းမှလွဲ၍ အန္တရာယ်များလှသော ပင်လယ်ပြင်ကိုဖြတ်ကာ ဤနေရာသို့ ရောက်လာနိုင်သူ အလွန်နည်းပါးလှသည်။ မြို့ထဲတွင် လူသုံးသောင်းကျော်သာရှိပြီး ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများပင်။

ကျန်းမုန့်လောင်ကို လျိုယွင်ယိပြောပြခဲ့သော မျှော်စင်ကြီးမှာ ဤမြို့ထဲတွင် တည်ရှိပေသည်။ သို့သော် ထိုအရာကို အထက်တွင် ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ အောက်ဘက်သို့ စိုက်ဆင်းကာ တည်ဆောက်ထားခြင်းပင်။

"သောက်ကျိုးနည်း.. ဘာလို့ ရှစ်ထပ်က ဒီလောက်တောင် ခက်ခဲနေရတာလဲ။ အဆင့်ခြောက်အဆင့်မြင့်သက်ရှိတစ်ကောင်ကို အသေသတ်ရမယ်တဲ့လား။ ငါ အစွမ်းကုန်သုံးပြီး တိုက်တာတောင် သရေကျရုံပဲ တတ်နိုင်ခဲ့တယ်"

လူငယ်တစ်ယောက်က မျှော်စင်ထဲမှ ထွက်လာရင်း တီးတိုးကျိန်ဆဲလိုက်သည်။

ဤမျှော်စင်ကို စကြာဝဠာရက်တစ်ရက်လျှင် တစ်ကြိမ်သာ ဝင်ရောက်ခွင့်ပြုသည်။ အကယ်၍ ကျရှုံးသွားပါက မျှော်စင်အပြင်ဘက်သို့သာ ရုပ်ရွှေ့ပြောင်းနည်းဖြင့် ပို့ဆောင်ခံရမည်ဖြစ်၏။ ရတနာရှာဖွေရေးနယ်မြေထဲကတော့ နှင်ထုတ်ခံရမည်မဟုတ်ပေ။ အထပ်တစ်ခုစီ၏ ဆုလာဘ်များကို တစ်ကြိမ်သာ ရယူနိုင်မည်ဖြစ်ရာ လူအများစုက ဤနေရာကို လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုကြလေသည်။

"ငါ အဲဒီအထပ်ကို အကြိမ်သုံးဆယ်ကျော်လောက် စိန်ခေါ်ခဲ့ပြီးပြီ။ အခေါက်တိုင်း အဲဒီအထပ်မှာချည်း တစ်နေတော့တာပဲ"

"ခုနစ်ထပ်မှာ မင်း ဘာရခဲ့လဲ"

"ဟီးဟီး... ပစ္စည်းကောင်းတွေပဲ။ ဒါပေမဲ့ မပြောပြဘူး"

"အမလေးကွာ.. ငါ သိပ်ညံ့တာပဲ။ ဒီနေ့မှ ခုနစ်ထပ်ကို ကျော်နိုင်ခဲ့တာ။ အချိန်မကုန်ခင် ရှစ်ထပ်ကိုအောင်ပါ့မလား မသေချာဘူး"

ရီထျန်းဂိုဏ်းကျောင်းသားများ၏ စကားများကို နားထောင်ရင်း အခြားမျိုးနွယ်စုများမှ ရတနာရှာဖွေသူများသည် သူတို့၏ ဂုဏ်သိက္ခာများ အညှာအတာကင်းမဲ့စွာ နင်းချေခံလိုက်ရသလို ခံစားလိုက်ရသည်။

'ငါ သိပ်ညံ့တာပဲ.. ခုနစ်ထပ်ကို မကျော်ဖြတ်နိုင်ဘူး' ဆိုတာ ဘာစကားကြီးလဲ။

ခုနစ်ထပ်ကို ကျော်ဖြတ်ရန်မှာ အဆင့်ခြောက်အလယ်အလတ်သက်ရှိတစ်ကောင်ကို အနိုင်ယူရမည်ဖြစ်လေရာ ဤသည်မှာ သာမန်လူသားအဆင့်ခြောက် အဆင့်မြင့်သက်ရှိတစ်ဦးကိုပင် အနိုင်ယူနိုင်စွမ်းရှိ၏။

အချို့ဆိုလျှင် ဤနေရာတွင် စကြဝဠာနှစ် တစ်နှစ်နီးပါးခန့် နေထိုင်ခဲ့ကြသော်လည်း ငါးထပ်မြောက်ကိုပင် မကျော်ဖြတ်နိုင်ကြသေးပေ။ ထူးချွန်သူအနည်းငယ်သာလျှင် ခြောက်ထပ်မြောက်သို့ မနည်းရုန်းကန်ပြီးမှ ရောက်ရှိခဲ့သည်။

သူတို့ ဤနေရာတွင် ဆက်နေခြင်းမှာ သူတို့၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများကို လွန်စွာ ကျဆင်းစေသည်ဟုပင် ခံစားလာရပြီး ဤမကောင်းဆိုးဝါးများနှင့်အတူ ရှိနေရခြင်းကား သူတို့၏ အနာဂတ်အတွက်ပင် သံသယဖြစ်လာစေသည်။

"အဲဒါ ဘာကြီးလဲ"

တစ်စုံတစ်ယောက်က ပင်လယ်ပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

"လူတစ်ယောက် လာနေတဲ့ပုံပဲ။ သူ ရူးနေတာလား။ ပင်လယ်ပြင်ကို ဖြတ်ပျံရင်တောင် ပင်လယ်သားရဲတွေဆီမှာ တိုက်ခိုက်ခံရနိုင်တယ်လေ။ အခု သူက ရေပေါ်ကနေ တိုက်ရိုက်ဖြတ်လာတာလား... ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

"မဟုတ်ဘူး။ အဲဒါ လူမဟုတ်ဘူးနော်။ မီတာတစ်ထောင်ကျော် အရပ်ရှည်တဲ့လူကို မင်း မြင်ဖူးလို့လား"

ကီလိုမီတာအနည်းငယ်အကွာတွင် ဧရာမအမည်းရောင်သတ္တဝါကြီးတစ်ကောင်က သူတို့ဆီသို့ ယိမ်းထိုးကာ ချဉ်းကပ်လာသည်။

"ဗွမ်း"

မီတာရာချီရှည်လျားသော ဧရာမသားရဲကြီးတစ်ကောင် ပင်လယ်ထဲမှ ခုန်ထွက်လာသည်။

"အဲဒါ အာတာလီရေဘဝဲကြီးပဲ.. အဆင့်ရှစ်သားရဲကြီးကွ"

"ဒီသတ္တဝါတွေက စကြဝဠာမျိုးနွယ်စုတွေထဲမှာ မျိုးတုံးသွားခဲ့ပြီလေ။ သူ့ရေဘဝဲလက်တံတစ်ခုတည်းကတင် လူသားအဆင့်ရှစ်သက်ရှိတစ်ယောက်နဲ့ ညီမျှတယ်လို့ ဆိုကြတယ်။ ပြီးတော့ အရွယ်ရောက်ပြီးတဲ့ အာတာလီရေဘဝဲတစ်ကောင်မှာ အနည်းဆုံး လက်တံတွေ ရာနဲ့ချီပြီး ရှိတတ်တယ်"

"ဗွမ်း"

အမည်းရောင်သတ္တဝါကြီးက တိုတောင်းသော ရှေ့လက်တံတစ်ဖက်ကို မြှောက်လိုက်ပြီး ဧရာမအာတာလီရေဘဝဲကြီးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ့ဧရာမပါးစပ်ကြီးကို ဟပြီး အဆင့်ရှစ်သိုင်းလက်နက်တစ်ခုနှင့် ညီမျှသော ရေဘဝဲကြီး၏ ဦးခေါင်းခွံကို ခြေမွှပစ်လိုက်သည်။

"ဂျွတ်.. ဂျွတ်..."

မီတာထောင်ပေါင်းများစွာ ကွာဝေးနေသည့်တိုင် ဦးခေါင်းခွံကွဲကြေသွားသော အသံများကို သူတို့ ကြားလိုက်ရသည်။

အဆင့်ရှစ်သက်ရှိများကို အစာအဖြစ် စားသုံးနိုင်သော မည်သည့်အရာမဆို အဆင့်ရှစ် သက်ရှိများ၏ ထိပ်တန်းအဆင့်သားရဲများထဲတွင် ပါဝင်ရပေမည်။

ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးက ရေဘဝဲလက်တံတစ်ခုကို သူ့ပခုံးပေါ်သို့ ပစ်တင်လိုက်လေရာ ကျန်းမုန့်လောင်၏ ပခုံးပေါ်ရှိ မွေးပွလုံးသားရဲက ထိုလက်တံပေါ်သို့ ထူးဆန်းသောမီးတောက်ကို မှုတ်ထုတ်ကာ မွှေးကြိုင်နေသော လက်တံကို အရသာရှိရှိ စားသုံးနေလေသည်။

"မြန်မြန်ပြန်ဆုတ်ကြ"

"ရီထျန်းဂိုဏ်းက လူတွေ ဘယ်မှာလဲ။ ကာကွယ်ရေးစနစ်ကို မြန်မြန်ဖွင့်ကြ… စွမ်းအားကြီးတဲ့ သတ္တဝါတစ်ကောင် ချဉ်းကပ်လာပြီ"

"ဘာတွေလန့်ဖျပ်နေကြတာလဲ… ဘာတွေဖြစ်နေကြတာလဲ"

လျိုယွင်ယီက ပါးစပ်ထောင့်နားတွင် သွားတိုက်ဆေးအမြှုပ်များ ပေကျံလျက် သွားတိုက်ရင်း အခန်းထဲမှ ထွက်လာခဲ့သည်။

"လူတွေကို အိပ်ခွင့်ပေးစမ်းပါ။ ဆက်ပြီး ဆူညံနေကြမယ်ဆိုရင် မင်းတို့ကို ငါကန်ထုတ်ပစ်မယ်"

"မစ္စတာလျို... ဟိုဘက်ကို ကြည့်ပါဦး..."

တုန်ယင်နေသော ရတနာရှာဖွေသူတစ်ဦးက အဝေးသို့ လက်ညှိုးထိုးပြလိုက်သည်။ ဤလူငယ်လေးက အန္တရာယ်ကင်းမဲ့ပုံရသော အသွင်အပြင် ရှိနေသော်ငြား ဤမြို့တွင် လျိုယွင်ယီသည် ဘော့စ်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိထားကြသည်။

သူတစ်ယောက်တည်း ဓားတစ်လက်ဖြင့် အဆင့်ခြောက်အဆင့်မြင့် သက်ရှိတစ်ကောင်ကို သုတ်သင်ခဲ့ကြောင်း သူတို့ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရဖူးသည်။ ထိုတိုက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာ ဆယ်မိနစ်ပင် မကြာခဲ့ချေ။

"ဪ... ကျောင်းအုပ်ကြီး ရောက်လာတာပဲ"

"ကျောင်းအုပ်ကြီးလား"

ရတနာရှာဖွေသူက ထပ်မံကြည့်ရှုလိုက်လေရာ ထိုသားရဲကြီးမှာ မြို့ရှေ့သို့ ရောက်ရှိနေလေပြီ။ သူ ထုတ်လွှတ်နေသော ဖိအားများမှာ အလွန်ကြီးမားလွန်းလှသဖြင့် အနီးအနားရှိ ကြမ်းတမ်းသောသားရဲများပင် အနားမကပ်ရဲကြချေ။ ထိုဧရာမသားရဲကြီး၏ ပခုံးပေါ်တွင် လူငယ်တစ်ယောက်နှင့် ပန်းရောင်စက်လုံးလေးတစ်ခု ရပ်နေလေသည်။

ထိုလူငယ်သည် သားရဲကြီး၏ ပခုံးပေါ်မှ ခုန်ဆင်းလိုက်၏။

"ရှောင်ဟယ်.. ပြန်တော့"

"ဂါး..."

ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးက လေဟာနယ်ထဲသို့ ပြန်မဝင်ခင် ကျန်းမုန့်လောင်အား နာခံမှုရှိရှိ နှုတ်ဆက်လျက် ဟိန်းဟောက်လိုက်သည်။

"ရှောင်ဟယ်.. သူက အဲဒီအကောင်ကြီးကို ရှောင်ဟယ်လို့ ခေါ်လိုက်တာလား"

"သေးတယ်တဲ့လား။ အဲဒီအကောင်ရဲ့ ဘယ်နေရာက သေးနေလို့လဲ။ ငါတို့ပဲ မျက်စိကန်းနေတာလား။ အဲဒီအကောင်ပဲ ကန်းနေတာလား။ အဆင့်ရှစ် သက်ရှိသားရဲကြီးကို ကိုက်ဖြတ်သတ်ပစ်လိုက်တာ အခုလေးတင် ငါမြင်လိုက်ရတယ်လေ"

"ကျောင်းအုပ်ကြီး… မတွေ့ရတာ ကြာပြီနော်"

လျိုယွင်ယီက ကျန်းမုန့်လောင်ကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

"အမလေး... မိုက်လှချည်လား။ အဆင့်ငါးသက်ရှိအထွတ်အထိပ်ဆိုတော့ ငါ့ကိုတောင် မီတော့မယ်ပေါ့လေ"

"ကျေးဇူးပြုပြီး ကျွန်တော့်ကို မလှောင်ပါနဲ့ဗျာ။ ကျွန်တော့်အကန့်အသတ်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ လာ… ကျောင်းအုပ်ကြီးကို မျှော်စင်ဆီ ခေါ်သွားပေးမယ်"

"တော်တော်ကြီးတာပဲ"

ဤမျှကြီးမားသော အဆောက်အအုံကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသောကြောင့် ကျန်းမုန့်လောင်၏ မျက်လုံးများပင် အနည်းငယ် ပြူးကျယ်သွားလေသည်။

ထိုဧရာမမျှော်စင်ကြီးကို ပင်လယ်ရေအောက်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မီတာသောင်းချီ၍ နက်ရှိုင်းကာ ကမ္ဘာပေါ်ရှိ မာရီယာနာကျုံးထက်ပင် ပိုနက်ရှိုင်းသေးသည်။ ထူးဆန်းသည်မှာ အောက်ခြေရှိ ပင်လယ်သတ္တဝါများသည် ကျိုးပဲ့လွယ်ပုံရသော ဤဧရာမမျှော်စင်ကြီးကို တားမြစ်နယ်မြေတစ်ခုအလား လုံးဝမထိရဲကြခြင်းပင်။

"ကျောင်းအုပ်ကြီး… ဒီကိုရောက်လာမှတော့ ခင်ဗျား နောက်ဆုံးအဆင့်အထိ သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ"

"ငါ အရင်သွားကြည့်လိုက်ဦးမယ်"

ကျန်းမုန့်လောင်လည်း ကိုးထပ်ရှိသော ဧရာမမျှော်စင်ကြီးဆီသို့ ဦးတည်နေသည့် အလင်းစက်ဝိုင်းထဲသို့ ဝင်ရောက်သွားလေသည်။

အလင်းရောင်တစ်ချက် လင်းလက်သွားပြီးနောက် သူ မျှော်စင်အတွင်းပိုင်းသို့ ရောက်သွားခဲ့သည်။ ထိုနေရာမှာ လွင့်မျောနေသော ခရမ်းရောင်အလင်းလုံးလေးတစ်လုံးမှလွဲ၍ ဘာမှမရှိသော အဆုံးအစမဲ့ အဖြူရောင်နယ်မြေတစ်ခုသာ ဖြစ်၏။

"အို... ရဲရင့်သော ရတနာရှာဖွေသူ… ငါဟာ ဤရတနာရှာဖွေရေးနယ်မြေ၏ အမွေဆက်ခံခြင်းမျှော်စင်ကို စောင့်ရှောက်ရသော အစောင့်အရှောက်ဖြစ်သည်။ ဤမျှော်စင်တွင် အထပ်ကိုးထပ်ရှိပြီး မင်းသာ အထပ်တစ်ခုစီကို ကျော်ဖြတ်နိုင်ခဲ့မည်ဆိုလျှင်..."

"ကောင်းပြီ ကောင်းပြီ… ငါကပဲ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေ မဖတ်ဖူးတဲ့အတိုင်းပဲ။ လေကြောရှည်မနေစမ်းပါနဲ့"

အစောင့်အရှောက်ဆိုသူ၏ ရှည်လျားလှသော စကားများကို နားထောင်ရန် ကျန်းမုန့်လောင်တွင် စိတ်ရှည်သည်းခံမှု မရှိပေ။

"ငါ့ကို နောက်ဆုံးအဆင့်ကိုသာ တန်းပို့ပေးလိုက်စမ်းပါ။ ငါလောနေတာမို့"

********************

All Chapters