← Chapters

အခန်း ၉၈၃

Vol. 66 Ch. 983

အခန်း ၉၈၃

Vol. 66 Ch. 983

အခန်း ၉၈၃ - ဒီအရာက ဩစတြေးလျကျောက်ပုဇွန်ထက် ပိုအရသာရှိလား

မိမိကိုယ်ကို အစောင့်အရှောက်ဟု ဆိုလာသော အသံသည် ဆယ်စက္ကန့်တိတိ ရပ်တန့်သွားသည်။

ဇူဒါမျိုးနွယ်စု ပျောက်ကွယ်သွားပြီးနောက် စကြဝဠာမျိုးနွယ်စုအသစ်က ဤရတနာရှာဖွေရေးနယ်မြေကို ဖွင့်လှစ်ပေးလိုက်ချိန်မှစ၍ ပထမဆုံးသော ရတနာရှာဖွေသူအသုတ်သည် ဤအမွေအနှစ်မျှော်စင်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုအစောင့်အရှောက်မှာ ရတနာရှာဖွေသူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသည်။

ယခုအချိန်အထိ လူတိုင်းက သူ့ကို အလွန်ရိုသေလေးစားကြပြီး စကားပြောရာတွင်ပင် အလွန်ယဉ်ကျေးသော အသုံးအနှုန်းများနှင့် လေသံကို အသုံးပြုခဲ့ကြသည်။ သူသည် အဆင့်မြင့် ဉာဏ်ရည်တုစနစ်တစ်ခုသာ ဖြစ်သော်လည်း ဤမျှကြာညောင်းသော နှစ်ကာလများတစ်လျှောက်တွင် လူသားများနှင့်ဆင်တူသော ခံစားချက်များလည်း တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။

ဇူဒါမျိုးနွယ်စုသခင်၏ နောက်ဆုံးအမိန့်ဖြစ်သော ထူးချွန်သည့် အမွေဆက်ခံသူကို ရှာဖွေရန် တာဝန်ထမ်းဆောင်နေစဉ်တွင်ပင် သူသည် ထိုသို့လေးစားခံရသည့် ခံစားချက်ကို သဘောကျနှစ်သက်ခဲ့သည်။

သူ့ကို လေးစားမှုမပြရုံသာမက သူ့အဖွင့်စကားကိုပင် နားမထောင်သည့် ဤကဲ့သို့သော ထူးဆန်းလှသည့် ရတနာရှာဖွေသူမျိုးနှင့် ပထမဆုံးအကြိမ် ကြုံရခြင်းပင်။ ဤအဖွင့်စကားမှာ သူ နှစ်ပေါင်းဘီလီယံချီကြာအောင် အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြီးမှ ရေးထားသော အကောင်းဆုံးဇာတ်ညွှန်းတစ်ခုဖြစ်သည်။

လူတိုင်းက သူ့ထံမှ သတင်းအချက်အလက်များကို ပိုမိုရရှိရန် မျှော်လင့်ကြပြီး သူနှင့် စကားပြောခွင့်ရရန်ပင် ဆန္ဒပြင်းပြခဲ့ကြသော်လည်း ဤလူငယ်ကတော့ သူ့စကားကို ဖြတ်ပြောကာ စည်းမျဉ်းအားလုံးကို ချိုးဖောက်လိုက်သဖြင့် သူ၏ ဉာဏ်ရည်တုစနစ် သက်တမ်းတစ်လျှောက်တွင် အကြီးမားဆုံး အရှက်ကွဲရသည့် အခိုက်အတန့်ပင် ဖြစ်သွားသည်။

"လူငယ်လေး… မင်း တခြားသူတွေဆီကနေ သတင်းအချက်အလက်တွေ အများကြီး ရချင်ရထားနိုင်ပေမယ့် ငါပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်သင့်တယ်။ ကိုးထပ်မျှော်စင်ကို ပြီးမြောက်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူး။ ပြီးတော့ ငါ့ရဲ့ မိတ်ဆက်စကားကနေ ဒီမျိုးနွယ်စုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မင်း ပိုသိလာနိုင်တယ်"

"ဆောရီးပဲ။ ဒီမျိုးနွယ်စုရဲ့ သတင်းအချက်အလက်တွေကို ငါ စိတ်မဝင်စားဘူး"

ကျန်းမုန့်လောင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ဒါပေမဲ့ စိန်ခေါ်မှုတွေအားလုံးကို ကျော်ဖြတ်နိုင်ရင် ဒီဇူဒါမျိုးနွယ်စုရဲ့ အမွေဆက်ခံသူ ဖြစ်လာနိုင်တယ်လို့ ငါကြားထားတယ်။ အဲဒါ ဟုတ်လား"

"မှန်ပါတယ်"

အစောင့်အရှောက်က ပြောလိုက်သည်။

"ဇူဒါမျိုးနွယ်စု ချန်ထားရစ်ခဲ့တဲ့ စည်းစိမ်ဥစ္စာအားလုံးကို မင်း ဆက်ခံနိုင်ပြီး စကြဝဠာထဲမှာ အချမ်းသာဆုံးလူ ဖြစ်လာလိမ့်မယ်"

"မင်း ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမဲ့ ငါက အခုကတည်းက စကြဝဠာထဲမှာ အချမ်းသာဆုံးလူ ဖြစ်နေပြီ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မြန်မြန်စလိုက်ရအောင်။ ငါက တစ်မိနစ်ကို စကြာဝဠာဒင်္ဂါးဆယ်ဂဏန်းနဲ့ချီပြီး ရှာနိုင်တဲ့လူမို့လို့ မင်းနဲ့အတူ ဒီမှာ အချိန်ဖြုန်းဖို့ အချိန်မရှိဘူး"

"လူငယ်လေး… မင်းက အရမ်းရိုင်းစိုင်းတာပဲ"

ထိုသို့သော မလေးစားမှုမျိုးနှင့် ရင်ဆိုင်လိုက်ရသောအခါ အစောင့်အရှောက်၏ ဒေါသမှာ နောက်ဆုံးတွင် အကန့်အသတ်သို့ ရောက်ရှိသွားတော့သည်။ ထို့နောက် ခရမ်းရောင် အလင်းစက်လုံးတစ်ခု ပေါ်လာပြီးနောက် လေထဲဝဲနေသော သက်ကြီးရွယ်အိုတစ်ယောက်၏ ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။

"မင်း နောက်ဆုံးအဆင့်ကို တိုက်ရိုက်သွားချင်တယ်လို့‌ ပြောလိုက်တာမလား။ ကောင်းပြီလေ… နောက်ဆုံးအဆင့်ဆီ မင်းကို ငါ တိုက်ရိုက်ပို့ပေးမယ်"

ထိုအစောင့်အရှောက်က ပြောသည်။

"ဒါပေမဲ့ သေသေချာချာ စဉ်းစားနော်။ အထပ်တိုင်းမှာ မင်း စကြဝဠာသားရဲတစ်ကောင်စီကို အနိုင်ယူဖို့ လိုအပ်တယ်။ တကယ်လို့ ကိုးထပ်မြောက်ကို တိုက်ရိုက်သွားမယ်ဆိုရင်တော့ အဲဒီသားရဲကိုးကောင်စလုံးကို တစ်ပြိုင်တည်း ရင်ဆိုင်ရလိမ့်မယ်"

"လေကြောရှည်မနေဘဲ မြန်မြန်လုပ်စမ်းပါ"

"ဒီနေ့ခေတ်လူငယ်တွေများ အရမ်းမောက်မာကြတာပဲ"

ကျန်းမုန့်လောင်၏ မောက်မာလှသော အပြုအမူကို မြင်ပြီးနောက် အစောင့်အရှောက်ကလည်း ဘာမှဆက်မပြောတော့ဘဲ စမ်းသပ်မှုကို စတင်လိုက်တော့သည်။

သူ့ပတ်ဝန်းကျင်ရှိ အနေအထားများမှာ တစ်ဖန် ပြောင်းလဲသွားပြီးနောက် ကျန်းမုန့်လောင်မှာ ရေခဲဂြိုဟ်တစ်ခုပေါ်သို့ ရောက်ရှိသွားကြောင်း တွေ့လိုက်ရသည်။ ဂြိုဟ်မျက်နှာပြင်တစ်ခုလုံးကို ရေခဲများဖြင့် ဖုံးလွှမ်းထားပြီး လေထုထဲတွင် မီသိန်းဓာတ်ငွေ့၏ စူးရှသောအနံ့များ ပြည့်နှက်နေကာ ဆွဲငင်အားမှာလည်း ကမ္ဘာမြေထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်နေသည်။ ဤသည်မှာ အလွန်တရာ ကြမ်းတမ်းခက်ခဲသော ဂြိုဟ်တစ်ခုပင်။

"ခွမ်း"

သူ့ခြေထောက်အောက်ရှိ ရေခဲများမှာ စတင်ကွဲအက်လာပြီး ရေခဲပြင်အောက်မှ စကြာဝဠာသားရဲကိုးကောင်လည်း ထွက်ပေါ်လာသည်။

ပုံမှန်အခြေအနေအောက်တွင် အထပ်တိုင်းရှိ သားရဲများ၏ စွမ်းအားမှာ တဖြည်းဖြည်း တိုးလာလေ့ရှိပြီး ကိုးထပ်မြောက်သို့ ရောက်သောအခါ ပြိုင်ဘက်မှာ အဆင့်ခုနစ် အခြေခံသက်ရှိ ဖြစ်လာပေမည်။

ဤရတနာရှာဖွေရေးနယ်မြေသို့ ဝင်ရောက်ရန်အတွက် လူတစ်ယောက်တွင် အဆင့်ငါး အထွတ်အထိပ်သက်ရှိအောက်တွင် ရှိနေရမည်ဖြစ်၏။ ကံကောင်းသည့် အခွင့်အရေးများနှင့် ကြုံတွေ့ရပြီးနောက် အဆင့်ခြောက်အခြေခံသက်ရှိအဖြစ်သို့ တက်လှမ်းနိုင်ခြင်းကပင် အလွန်အထင်ကြီးလောက်စရာ ဖြစ်နေလေပြီ။

ယနေ့အချိန်အထိ ရတနာရှာဖွေရေးနယ်မြေသို့ ဝင်ရောက်ဖူးသမျှ အထူးချွန်ဆုံးလူပင်လျှင် ကံကောင်းမှုများနှင့် အခွင့်အရေးအမျိုးမျိုးတို့မှတစ်ဆင့် အဆင့်ခြောက်အလယ်အလတ်သက်ရှိအဖြစ်ကိုသာ ရောက်နိုင်ခဲ့သည်။

သို့သော် ထိုကဲ့သို့သော သက်ရှိအဆင့်မျိုးဖြင့် အဆင့်ခုနစ်အခြေခံသားရဲတစ်ကောင်ကို သတ်ဖြတ်ရန်မှာ လက်တွေ့မဆန်သော အိပ်မက်တစ်ခုသာ ဖြစ်ပေသည်။

သို့တိုင် ယင်းမှာ ဇူဒါမျိုးနွယ်စု၏ တောင်းဆိုချက်ပင်။ သူတို့၏ အမွေဆက်ခံသူသည် ပါရမီရှင်တစ်ဦး၊ မကောင်းဆိုးဝါးဆန်ဆန် ထူးချွန်သူတစ်ဦး ဖြစ်ရပေမည်။ အကယ်၍ သူတို့၏ စံနှုန်းများနှင့် ကိုက်ညီမည့်သူ တစ်ယောက်မှ မရှိခဲ့ပါက မည်သူ့ကိုမျှ အမွေမပေးဘဲ နေလိုက်မည်သာ။

ထို့ကြောင့် ဤစမ်းသပ်ရေးမျှော်စင်ကို လူအမြောက်အများ ရှာဖွေတွေ့ရှိခဲ့ကြသော်လည်း အထပ်ကိုးထပ်စလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။ ရှစ်ထပ်မြောက်သို့ အရောက်သွားနိုင်ခြင်းကပင် အလွန်ရှားပါးလှပေသည်။

အစောင့်အရှောက်ကို ဒေါသထွက်စေခဲ့သည့် အဖြစ်မှာ ကျန်းမုန့်လောင်၏ အပြုအမူကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် အဆင့်ငါးအခြေခံမှ အဆင့်ခုနစ် အခြေခံအထိသာ ရှိသင့်သော သားရဲကိုးကောင်အစား အဆင့်ခုနစ်အခြေခံ သားရဲကိုးကောင်ဖြင့် အစားထိုးလိုက်လေတော့သည်။

သူသည် ကျန်းမုန့်လောင်ကို အခွင့်အရေးပေးရန် အစီအစဉ်မရှိပေ။ သူ့ရည်ရွယ်ချက်မှာ မောက်မာလှသော ဤလူငယ်လေးကို သင်ခန်းစာပေးရန်သာ။

ဤသားရဲကိုးကောင်မှာ မီတာရာချီ၍ ရှည်လျားသော အခြားအဆင့်ခုနစ် သားရဲများလောက် မကြီးမားကြပေ။ သူတို့သည် အရှည် ၁၂မီတာခန့်ရှိပြီး တင့်ကားများအလား ထူထဲလေးလံလှသော အကြေးခွံများနှင့် ချွန်ထက်သော အဆိပ်ဆူးရှစ်ချောင်း ပါရှိကာ ဧရာမကင်းမြီးကောက်များနှင့် ပိုတူကြသည်။

"ကျောင်းအုပ်ကြီး… ဒါတွေက မျိုးတုံးသွားပြီဖြစ်တဲ့ အော်ဖယ်ရေခဲပြင်ကင်းမြီးကောက်သားရဲတွေပါ"

ကောထန်က ပြောလာလေသည်။

"သူတို့ရဲ့ ခန္ဓာကိုယ်တွေက အရမ်းမာကျောပြီး အဆင့်ခုနစ်သိုင်းလက်နက်တွေ ပြုလုပ်ရာမှာတောင် အသုံးပြုကြတယ်။ သူတို့ရဲ့ အဆိပ်က အဆင့်ခြောက် အထွတ်အထိပ် သားရဲတစ်ကောင်ကို သွေးအိုင်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့အထိ အစွမ်းထက်ပါတယ်။ ပြီးတော့ သူတို့က ထိပ်တန်းအဆင့်အမဲလိုက်သူတွေပါ"

"တော်တယ်။ ဒီအဘိုးကြီးက ကိုယ်ရေးကိုယ်တာ လက်စားချေချင်တာနဲ့ပဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်နေတာကိုး"

ကျန်းမုန့်လောင်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။ ဤအော်ဖယ် ရေခဲပြင်ကင်းမြီးကောက်သည် အဆင့်ခုနစ်အလယ်အလတ်သက်ရှိတစ်ယောက်ကိုပင် ဒုက္ခပေးနိုင်စွမ်း ရှိလေသည်။

ဒါပေမဲ့ ကျန်းမုန့်လောင်က ဘယ်သူလဲ။ သူ့မှာ ဖြတ်လမ်းနည်းစွမ်းရည်တွေ ရှိတယ်လေ…

"သောက်ကျိုးနည်း.. အရိပ်စစ်သည်တော်တွေကို သုံးလို့မရဘူးလား"

ကျန်းမုန့်လောင်က အရိပ်စစ်သည်တော်များကို ဆင့်ခေါ်ရန် ကြိုးစားလိုက်သော်လည်း ဤနေရာတွင် သူ့နေရာလွတ်သိုလှောင်ရေးကိရိယာနှင့် ဆက်သွယ်မှု ပြတ်တောက်နေကြောင်း တွေ့လိုက်ရသည်။

"ထွက်လာခဲ့စမ်း ရှောင်ဟယ်"

ကျန်းမုန့်လောင်က ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးကို ဆင့်ခေါ်ရန် ကြိုးစားလိုက်သော်လည်း ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။

"ဟားဟားဟား... လူငယ်လေး ဒီနေရာမှာ သိုင်းလက်နက်တွေနဲ့ သိုင်းကျမ်းတွေကလွဲပြီး တခြားဘယ်ပြင်ပပစ္စည်းကိုမှ မင်း သုံးလို့မရဘူး။ ဇူဒါမျိုးနွယ်စုရဲ့ အသိအမှတ်ပြုမှုကို ခံရဖို့ မင်းရဲ့ကိုယ်ပိုင် စွမ်းရည်တွေကိုပဲ အားကိုးလို့ရမယ်"

"တကယ်လား။ ဒါဆိုလည်း သေသေချာချာ ကြည့်ထား"

"ကောင်းကင်မီးလျှံသုံးဆင့် လျှို့ဝှက်ပြောင်းလဲခြင်း"

"ကိုင်ဘုရင်လက်သီးအဆနှစ်ဆယ်"

"မုခ်ဝရှစ်ပေါက် သေမင်းမုခ်ဝ ပွင့်စေ"

...

ကျန်းမုန့်လောင် အသုံးပြုလိုက်သော စွမ်းရည်တစ်ခုစီတိုင်းသည် သူ့တိုက်ခိုက်ရေးစွမ်းအားကို အတင်းအကျပ် မြှင့်တင်ပေးခဲ့ပြီး ထိုအထဲမှ ဘယ်တစ်ခုကမဆို သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်အပေါ် မခံမရပ်နိုင်သော ဝန်ထုပ်ဝန်ပိုးကို သက်ရောက်စေမည်ဖြစ်၏။ မုခ်ဝရှစ်ပေါက်ကဲ့သို့သော အရာမျိုးမှာ အခြေခံအားဖြင့် တစ်ကြိမ်သာ အသုံးပြုနိုင်သည့်အရာဖြစ်ပြီး ထိုအရာကို အသုံးပြုခြင်းမှာ သေဆုံးခြင်းကို ဆိုလိုသည်။

သို့သော် ကျန်းမုန့်လောင်မှာ မရေမတွက်နိုင်သော ခန္ဓာကိုယ်အားဖြည့်သိုင်းပညာများကို သင်ယူထားပြီးဖြစ်လေရာ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အလွန်တရာ မယုံနိုင်စရာကောင်းလှသည်။ ထို့ပြင် မာဂျင်ပု၏ အဆုံးအစမဲ့သော သက်စောင့်စွမ်းအင်နှင့် ပြန်လည်သက်သာနိုင်စွမ်းတို့ ပေါင်းစပ်လိုက်သောအခါ သူ့ဖြတ်လမ်းနည်းများကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပေသည်။

အဆင့်ငါးအထွတ်အထိပ်သက်ရှိအဆင့်တွင် ရှိနေသော ကျန်းမုန့်လောင်သည် အဆင့်ခြောက်အဆင့်မြင့်သက်ရှိတစ်ကောင် သို့မဟုတ် အထွတ်အထိပ်သက်ရှိတစ်ကောင်ကိုပင် အလွယ်တကူ အနိုင်ပိုင်းနိုင်သည်။ သူ့စွမ်းအားများမှာ အဆပေါင်းရာနှင့်ချီ၍ တိုးလာချိန်တွင်မူ ဤမျှထိတ်လန့်ဖွယ်ကောင်းသော တိုးတက်မှုမှာ အဆင့်ခုနစ်သက်ရှိအဆင့်ရှိ သားရဲများ၏ ခုခံနိုင်စွမ်းထက်ပင် ကျော်လွန်နေလေပြီ။

သူ့သက်ရှိအဆင့်မှာ မတိုးတက်လာသေးသော်လည်း ရှေးစကားရှိသည်မဟုတ်ပါလော။ အင်အားကြီးသူကသာ မှန်ကန်ပြီး ခန္ဓာကိုယ်သိဒ္ဓိတင်ခြင်းက ဤနေရာတွင် အဓိက စံသတ်မှတ်ချက်ပင် ဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ။ သူ့သက်ရှိစွမ်းအင်တွေက ဘယ်လိုလုပ်ပြီး ချက်ချင်းကြီး ဒီလောက်အထိ တိုးလာရတာလဲ"

အစောင့်အရှောက်ခမျာ အံ့အားသင့်သွားလေဟန် အမူအရာဖြင့် ကြည့်နေချေသည်။

ဇူဒါမျိုးနွယ်စုမှာ သမိုင်းတစ်လျှောက်တွင် အင်အားအကြီးမားဆုံးမျိုးနွယ်စုဖြစ်ပြီး ဤခွန်အားမှာ နည်းပညာပိုင်းတွင်သာမက သိုင်းပညာလေ့ကျင့်မှုနှင့် သက်ရှိများ၏ သဘောသဘာဝကို ရှာဖွေလေ့လာမှုတို့တွင်လည်း ပါဝင်ပေသည်။

ကြီးမြတ်သော သူတို့၏ဘုရင်ကြီးသည် သမိုင်းတစ်လျှောက် အဆင့်တစ်ဆယ် သက်ရှိတစ်ဦးအဖြစ် သီအိုရီအရ အနီးစပ်ဆုံး ဖြစ်ခဲ့ဖူးသည်။

သို့သော် သူ့လို ပါရမီရှင်တစ်ဦးပင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးများဖြင့် သက်ရှိစွမ်းအင်ကို ဆယ်ဆမျှသာ မြှင့်တင်ပေးနိုင်သည့် သိုင်းပညာ လျှို့ဝှက်နည်းစနစ်များကိုသာ ဖန်တီးနိုင်ခဲ့သည်။ ထိုအရာများကို အတင်းအကျပ်အသုံးပြုပါက အဆင့်ရှစ်သက်ရှိများပင် ကုစား၍မရနိုင်သော ထိခိုက်ပျက်စီးမှုအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

ဤလူငယ်လေးက အဆင့်ငါးအထွတ်အထိပ်သက်ရှိမျှသာ ဖြစ်သော်လည်း သူ့လျှို့ဝှက်နည်းစနစ်က သက်ရှိစွမ်းအင်ကို အဆရာပေါင်းများစွာအထိ တိုးမြှင့်ပေးသည့်အပြင် သူကမူ ဘာမှမဖြစ်သည့်အလား တည်ငြိမ်နေဆဲပင်။ ဤသည်မှာ ဘယ်လိုမကောင်းဆိုးဝါးမျိုးလေလဲ။

"မင်းက ဒီလောက်ပဲ လုပ်နိုင်တာလား"

ကျန်းမုန့်လောင်က အော်ဖယ်ရေခဲပြင်ကင်းမြီးကောက်၏ ဧရာမလက်မောင်းတစ်ခုကို ဆုပ်ကိုင်လိုက်သည်။ ထိုအကောင်၏ အဆိပ်ဆူးရှစ်ချောင်းက ကျန်းမုန့်လောင်ကို တိုက်ခိုက်ခဲ့သော်လည်း အဆင့်ခုနစ်သက်ရှိတစ်ကောင်ကိုပင် ထိုးဖောက်နိုင်စွမ်းရှိသော ထိုတိုက်ခိုက်မှုမှာ သူ့အရေပြားကိုပင် မဖောက်နိုင်ခဲ့ပေ။

"ဂျွတ်"

ကျန်းမုန့်လောင်လည်း သူ့ခေါင်းကို လက်သီးဖြင့်ထိုးကာ ချေမွပစ်လိုက်ပြီးနောက် ထိုအော်ဖယ်ရေခဲပြင်ကင်းမြီးကောက်၏ အလောင်းထံမှ လက်မောင်းနှစ်ဖက်ကို အတင်းဆွဲဖြဲယူလိုက်သည်။

"ကောထန်.. ဒီကောင်ရဲ့ အသားက ဩစတြေးလျကျောက်ပုဇွန်ထက် ပိုအရသာရှိလား"

***********************

All Chapters