← Chapters

အခန်း ၉၈၄

Vol. 66 Ch. 984

အခန်း ၉၈၄

Vol. 66 Ch. 984

အခန်း ၉၈၄ - အကြမ်းဖက်နည်းဖြင့် အမွေဆက်ခံခြင်း

"ဒါ မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"

ထိုအစောင့်အရှောက်မှာ တိုက်ပွဲမြေပြင်ကို စိုက်ကြည့်နေမိသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အော်ဖီးယပ်စ်ရေခဲကင်းမြီးကောက်ကိုးကောင်စလုံး အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ ကျန်းမုန့်လောင်မှာ ကြီးကျယ်ခမ်းနားလှသော ဘယ်လိုသိုင်းစွမ်းရည်ကိုမှ အသုံးမပြုခဲ့ဘဲ အခြေခံအကျဆုံးသော ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အမြန်နှုန်းကိုသာ အသုံးပြုခဲ့ခြင်းပင်။

ထိုအချိန်တွင် သူသည် ငြှိမ်းသတ်၍မရသော မီးတောက်တစ်ခုဖြင့် အော်ဖီးယပ်စ် ရေခဲပြင်ကင်းမြီးကောက်၏ လက်မောင်းနှစ်ဖက်ကို ကင်နေလေသည်။

"အင်း.. အသားက နူးညံ့ပြီး စားလို့ကောင်းတယ်. ထိပ်တန်းအဆင့် ဟင်းလျာပါဝင်ပစ္စည်းပဲ။ လူလုပ်မွေးမြူရေးခြံလုပ်ဖို့တောင် စဉ်းစားရမယ်"

ကျန်းမုန့်လောင်က အစောင့်အရှောက်ကို အော်ပြောလိုက်၏။

"အဘိုးကြီး.. ထပ်ရှိသေးလား။ နောက်ထပ်နှစ်ကောင်လောက် လွှတ်လိုက်ပါဦး။ ငါ ဗိုက်မဝသေးဘူး"

ထိုအစောင့်အရှောက်၏ မျက်နှာအမူအရာကား ရှုံ့မဲ့သွားသည်။

ဒါက ဘာပေါက်ကရလုပ်တာလဲ။ ဒါက ဇူဒါမျိုးနွယ်စုရဲ့ အမွေဆက်ခံသူတွေအတွက် အလေးအနက်ထားရမယ့် စမ်းသပ်မှုတစ်ခုလေ။ အစားအသောက်ပြိုင်ပွဲ မဟုတ်ဘူးကွ..

"သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ"

ကျန်းမုန့်လောင် ဘာကြောင့် ဤမျှအထိ မောက်မောက်မာမာ ကြွားလုံးထုတ်ရဲသလဲ ဆိုသည်ကို အစောင့်အရှောက်လည်း နောက်ဆုံးတော့ နားလည်သွားခဲ့လေပြီ။

ဒီကောင့်မှာ အရည်အချင်းရှိသားပဲ။

အဆင့်ခုနစ် အခြေခံသက်ရှိတချို့ကို ကိုင်တွယ်ဖြေရှင်းရခြင်းမှာ သူ့အတွက် အချိန်ဖြုန်းရုံသက်သက်သာ ဖြစ်နေတော့သည်။

"ဟေး.. ဒါဆို ငါ မင်းရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီပေါ့"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"အခု ငါက ဇူဒါမျိုးနွယ်စုရဲ့ အမွေဆက်ခံသူလို့ သတ်မှတ်လို့ရပြီလား။ ဒီရတနာရှာဖွေရေးနယ်မြေထဲက အရာအားလုံးက ငါ့အပိုင်ပဲလား။ ငါ့အတွက် အကုန်ထုပ်ပိုးပေးထားလို့ရမလား။ ငါ အကုန်ယူသွားမှာမို့လို့"

အစောင့်အရှောက်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။ စမ်းသပ်ရေးမျှော်စင်၏ သတ်မှတ်ချက်များအရ ကျန်းမုန့်လောင်သည် ဇူဒါမျိုးနွယ်စု၏ အမွေဆက်ခံသူဖြစ်လာရန် စည်းကမ်းချက်များနှင့် အမှန်တကယ် ပြည့်မီသွားပြီဖြစ်၏။

သို့သော် ဇူဒါမျိုးနွယ်စုမှာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှချေပြီ။ မြေပြင်တစ်ခွင်လုံးရှိ စည်းစိမ်ဥစ္စာများနှင့် ဤအစောင့်အရှောက်သာ ကျန်ရစ်ခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ဇူဒါမျိုးနွယ်စု၏ အမွေဆက်ခံသူက မည်သူဖြစ်သင့်သလဲဆိုသည်မှာ ယခုအချိန်တွင် သူ့အဆုံးအဖြတ်အပေါ်သာ မူတည်တော့သည်။

အစောပိုင်းက ကျန်းမုန့်လောင်၏ အပြုအမူကြောင့် သူ မကျေမနပ်ဖြစ်ခဲ့ရပြီးလေပြီ။ ယခု အမွေဆက်ခံသူဟူ၍ တရားဝင်မဖြစ်လာသေးခင်မှာပင် ကျန်းမုန့်လောင်က သူ့ကို သခင်တစ်ယောက်လို အမိန့်ပေး၍ ခိုင်းစေနေပြီဖြစ်၏။ ဤသို့သောအခြေအနေကို သူ မည်သို့သည်းခံနိုင်ပါမည်နည်း။

"ဆောရီးပဲ ရတနာရှာဖွေသူ.. မင်း ငါတို့ရဲ့ စမ်းသပ်မှုကို မအောင်မြင်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ စိန်ခေါ်မှုအတွက် ဆုလာဘ်အနေနဲ့ ငါက သဘောထားကြီးကြီးနဲ့ အဖိုးတန်အရာတစ်ခုကို ပေးလိုက်ပါ့မယ်။ မနက်ဖြန်ကျရင် ငါတို့ ထပ်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်"

"ဘာလဲဟ။ သောက်ကျိုးနည်း…မင်း ငါ့ကို နောက်နေတာလား"

ကျန်းမုန့်လောင်ဘက်က ကျိန်ဆဲရန် အခွင့်အရေးပင် မရလိုက်ဘဲ ထိုအစောင့်အရှောက်က သူ့ကို စမ်းသပ်ရေးမျှော်စင်၏အပြင်ဘက်သို့ နေရာရွှေ့ပြောင်း၍ ပို့ဆောင်လိုက်တော့သည်။

"ကျောင်းအုပ်ကြီး.. ဘယ်လိုနေလဲ။ အောင်မြင်ခဲ့လား"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ အခြားသူများ၊ စကြဝဠာအင်ပါယာမှ အခြားသော ရတနာရှာဖွေသူများနှင့်အတူ လျိုယွင်ယီကပါ အပြင်ဘက်တွင် စောင့်ဆိုင်းနေချေသည်။

လျိုယွင်ယီကိုယ်တိုင် လေးစားရသူတစ်ယောက်ဖြစ်လေရာ ဤလူက အလွန်ထူးခြားသူ ဖြစ်ရမည်မဟုတ်လော။ ထို့ပြင် သူသည် တောင်တန်းများ၊ ပင်လယ်များကို ရွှေ့ပြောင်းနိုင်သည့် အဆင့်ကိုးသက်ရှိတစ်ကောင် စီးနင်းလာကြောင်း လူတချို့က မြင်တွေ့ထားသေးသည်။ ဤသည်မှာ အနည်းဆုံးတော့ အလွန်ကြီးကျယ်ခမ်းနားလှသော ဝင်ရောက်မှုတစ်ခုပင်။

"ဒါ အသိသာကြီး မဟုတ်ဘူးလား။ ငါတို့ဘော့စ်က တောင်ဘက်က ဘိုးဘွားရိပ်သာတွေကို ချေမှုန်းနိုင်ပြီး မြောက်ဘက်က မူလတန်းကျောင်းတွေကိုတောင် နင်းခြေနိုင်တဲ့သူပဲ။ ဒီစမ်းသပ်ရေးမျှော်စင်လေးက သူ့အတွက် ဘာအရေးပါလို့လဲ။ ဂရုစိုက်စရာကို မလိုတာပါကွာ"

"နေမင်းချေမှုန်းရေးဂိုဏ်းချုပ်ကြီး…အဆုံးအစမဲ့ စွမ်းအား… တိုက်ပွဲတိုင်းမှာ အောင်နိုင်သူ… တိုက်ခိုက်မှုတိုင်းမှာ တားဆီးမရသူ… နတ်ဘုရားမျှော်စင်ကို ကိုင်စွဲပြီး ကြီးမြတ်လှတဲ့ စွမ်းရည်တွေ… အဆုံးမဲ့တန်ခိုးစွမ်းအားတွေနဲ့အတူ ထာဝရကောင်းချီးမင်္ဂလာတွေ… အဆုံးမဲ့သက်တမ်းနဲ့ ကောင်းကင်ဘုံနဲ့တန်းတူ..."

"ဒီမြှောက်ပင့်စကားတွေက တော်တော်ရင်းနှီးနေသလိုပဲနော်"

"နတ်ဘုရားတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းဇာတ်လမ်းကို မကြည့်ဖူးဘူးလား။ ကြယ်တာရာနတ်ဘုရားတင်းချွန်းချိုးရဲ့ အားပေးရေးအဖွဲ့က ဒီဇာတ်ညွှန်းကို သုံးတာလေ"

အကြောင်းပြချက်မရှိဘဲ နှင်ထုတ်ခံလိုက်ရသဖြင့် ကျန်းမုန့်လောင် ဒေါသထွက်နေလေသည်။ သူသည် အနီရောင် စွမ်းအင်သလင်းကျောက်တစ်တုံးကို ကိုင်ထားသော ညာဘက်လက်ကို မြှောက်ပြလိုက်၏။

စကြဝဠာဒင်္ဂါးဘီလီယံပေါင်းများစွာ တန်ကြေးရှိသော အဆင့်ငါး စွမ်းအင်သလင်းကျောက်တစ်ခု ဖြစ်သော်လည်း သူသည် စမ်းသပ်ရေးမျှော်စင်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သူ မဟုတ်ပါလော။

သတ္တမမြောက်အထပ်ကို အောင်မြင်စွာ စိန်ခေါ်နိုင်ရုံဖြင့် ကြယ်ဆယ်ပွင့်တန်ကြေးရှိသော အဆင့်ခြောက်သိုင်းလက်နက်တစ်ခုကို ဆုအဖြစ် ရနိုင်သည်ဟု လျိုယွင်ယီ ပြောခဲ့သည်ကို သူ စောစောကမှ ကြားခဲ့ရသည်။ ရှစ်ထပ်မြောက်ကို ရှင်းလင်းနိုင်ပါက အဆင့်ခုနစ် သိုင်းလက်နက်တစ်ခုကို ဆုအဖြစ် ရရှိမည်သာ။

သို့ဖြစ်လေရာ ကိုးထပ်မြောက်၏ ဆုလာဘ်အတွက် ဇူဒါမျိုးနွယ်စုတစ်ခုလုံးကို အမွေဆက်ခံခွင့်ရသည့်အပြင် အနည်းဆုံး စကြဝဠာဒင်္ဂါးသောင်းဂဏန်းခန့် တန်ကြေးမရှိသင့်ဘူးလား။

သို့တိုင် သူ့ကို အဆင့်ငါးစွမ်းအင်သလင်းကျောက်လေးတစ်ခုမျှဖြင့် ဖြေရှင်းလိုက်လေသလား။ အကြွေစေ့လောက်သာရှိသည်။ ဤအရာကို သူတို့က "အဖိုးတန်အရာ"ဟု ခေါ်လေသလား။

"ဘော့စ်… ဘာတွေဖြစ်နေတာလဲ။ ဘော့စ်က တတိယအထပ်လောက်ပဲ ရှင်းနိုင်ခဲ့တာလား"

တတိယအထပ်၏ ဆုလာဘ်မှာ အဆင့်ငါးစွမ်းအင်သလင်းကျောက်တစ်ခု ဖြစ်သောကြောင့် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတစ်ဦးက မေးလိုက်သည်။

"အဓိပ္ပာယ်မရှိတာ။ ဘော့စ် ငြိမ်ငြိမ်လေးရပ်နေရင်တောင် အဆင့်ငါး သက်ရှိတစ်ကောင်က သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးမလား"

"သောက်ကျိုးနည်း.. အဲဒီအဘိုးကြီးက ငါ့ကို လှည့်စားရဲတယ်ပေါ့လေ"

'နောက်ဆုတ်လိုက်လျှင် မြုံသွားမည်ဖြစ်ပြီး သည်းခံလိုက်လျှင် မိသားစုတစ်ခုလုံး သေဆုံးသွားနိုင်သည်'ဆိုသည့်အတိုင်း ကျန်းမုန့်လောင်က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

သူက ဒီလိုကိစ္စကို သည်းခံနိုင်ပါ့မလား။

"ထွက်လာခဲ့ ရှောင်ဟယ်"

ကျန်းမုန့်လောင်က ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးကို ဆင့်ခေါ်လိုက်သည်။

"ငါ့အတွက် ဒီမျှော်စင်စုတ်ကြီးကို ဖြိုချပစ်လိုက်စမ်း"

ရှောင်ဟယ်သည် ကျန်းမုန့်လောင်၏ ဒေါသကို ခံစားသိရှိသွားပုံရသည်။ ထိုအချိန်တွင် ဇူဒါမျိုးနွယ်စု၏ အစွမ်းအထက်ဆုံးသော တိုက်ခိုက်ရေးသားရဲကြီး၏ စွမ်းအားများ အပြည့်အဝ ထွက်ပေါ်လာလေတော့သည်။

"ဘာတွေဖြစ်နေတာလဲ။ ကျောင်းအုပ်ကြီး ဘာလုပ်နေတာလဲ"

"ကြည့်ရတာတော့ စမ်းသပ်ရေးမျှော်စင်ရဲ့ ဉာဏ်ရည်တုကြောင့် ဒေါသထွက်သွားလို့ မျှော်စင်ကို ဖျက်ဆီးပစ်ဖို့ စီစဉ်နေတာလား"

"ဟေး အစောင့်အရှောက်.. သေသေချာချာ နားထောင်စမ်း။ ငါက ကိုးထပ်မျှော်စင်ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်။ အခုကျတော့ မင်းက အဲဒါကို ငြင်းဆန်ပြီး ဒီလိုပစ္စည်းမျိုးနဲ့ ငါ့ကို ချွေးသိပ်ဖို့ ကြိုးစားနေတာလား။ မင်းက ငါ့ကို အနိုင်ကျင့်လို့ လွယ်တယ်များ ထင်နေလား"

ကျန်းမုန့်လောင်က စမ်းသပ်ရေးမျှော်စင်၏ အဝင်ဝဆီသို့ အော်ပြောလိုက်သည်။

"အခု ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ဇူဒါမျိုးနွယ်စုရဲ့ အရာအားလုံးကို ငါ့ဆီ ရိုးရိုးသားသား လွှဲပေးမလား။ ဒါမှမဟုတ် ငါကိုယ်တိုင် အကြမ်းဖက်ပြီး ခွန်အားသုံး အမွေဆက်ခံရမလား။ စဉ်းစားဖို့ မင်းကို တစ်မိနစ်ပဲ အချိန်ပေးမယ်။ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က အချိန်ကို တစ်ချက်ကြည့်၍ ဘေးတွင် အမှန်တကယ် ဖယ်ရပ်နေခဲ့သည်။

"သူက ကိုးထပ်မြောက်ကို အောင်မြင်ခဲ့တယ်လို့ ပြောလိုက်တာလား"

"ဒါပေမဲ့ စောစောက သူကိုင်ထားတာ တတိယအထပ်ရဲ့ ဆုလာဘ်လေ"

"အရှက်ကွဲပြီး ဒေါသထွက်သွားတာလား။ သူက တကယ်ကြီးများ အကြမ်းဖက်နည်းလမ်းကို အားကိုးပြီး ဇူဒါမျိုးနွယ်စုရဲ့ အမွေကို ဆက်ခံဖို့ စီစဉ်နေတာလား"

"ဘုရားရေ.. အကြမ်းဖက်နည်းလမ်းနဲ့ အမွေဆက်ခံတာတဲ့လား။ ဒီလိုနည်းနဲ့ လုပ်လို့ရလို့လား"

စကြာဝဠာအတွင်း၌ ဇူဒါမျိုးနွယ်စုနှင့် ဆင်တူသော မျိုးနွယ်စုများမှာ မရှားပါးပေ။ သူတို့သည် ရုပ်ကြွင်းများစွာကို ချန်ထားရစ်ခဲ့ကြပြီး ထိပ်တန်းအဆင့် သိုင်းပညာရှင်များပင် အကြောင်းအမျိုးမျိုးကြောင့် ကျဆုံးသွားသောအခါ အမွေအနှစ်များကို ချန်ထားရစ်လေ့ရှိသည်။ စမ်းသပ်မှုများဆိုသည်မှာ သူတို့၏ အမွေဆက်ခံသူများကို ရွေးချယ်ရာတွင် အများဆုံး အသုံးပြုလေ့ရှိသော နည်းလမ်းပင်။

သို့သော် ယခုအချိန်အထိ ထိုအမွေအနှစ်များကို ရရှိခဲ့သူတိုင်းမှာ စမ်းသပ်မှုများကို ငြိမ်းချမ်းစွာ ဖြေဆိုအောင်မြင်ခဲ့ကြခြင်းဖြစ်ပြီး အချို့ဆိုလျှင် သူတို့၏ အသက်ကိုပင် ပေးဆပ်ခဲ့ကြရသည်။

ကျန်းမုန့်လောင်၏ ဉာဏ်ရည်တုစနစ်အပေါ် အကြမ်းဖက်ခြိမ်းခြောက်မှု၊ အတင်းအဓမ္မ အမွေဆက်ခံရန် ရည်ရွယ်ချက်ရှိခြင်းတို့ကြောင့် သူသည် သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းသည့် ပထမဆုံးလူဖြစ်ကြောင်း သေချာနေလေရာ လူတိုင်း အံ့အားသင့်သွားရသည်။

"ဘုန်း!"

တောင်တစ်လုံးကဲ့သို့ ကြီးမားလှသော ပုံရိပ်ယောင်ကြယ်တာရာနတ်ဘုရား၏ ခန္ဓာကိုယ်ကြီးမှာ ဧရာမမျှော်စင်ကြီးကို ဝင်တိုက်လိုက်သည်။ အဆင့်ကိုး အထွတ်အထိပ်သက်ရှိတစ်ကောင်၏ စွမ်းအားမှာ ဂြိုဟ်တစ်လုံးကို အလွယ်တကူ ချိုးဖျက်ပစ်နိုင်စွမ်းရှိသော်လည်း ထိုဧရာမမျှော်စင်ကြီးမှာ အနည်းငယ်မျှသာ တုန်ခါသွားခဲ့သည်။

"ဒီလောက်တောင် ခိုင်ခံ့တာလား"

ဤသို့ ဝင်တိုက်လိုက်ပါက ပြားချပ်သွားလိမ့်မည်ဟု ထင်ထားခဲ့သော ကျန်းမုန့်လောင်ခမျာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။

"ကမ္ဘာမြေပေါ်က ဆောက်လုပ်ရေးကုမ္ပဏီတွေသာ ဒီစံနှုန်းတွေကို သုံးမယ်ဆိုရင် အခုလောက်ဆိုရင် သူတို့ ဒေဝါလီခံနေရလောက်ပြီမလား"

"တကယ်အသုံးမကျတာပဲ.. ဒါလေးကိုတောင် မဖျက်ဆီးနိုင်ဘူး။ မင်းက ဘာအသုံးကျလဲ"

ကျန်းမုန့်လောင်က ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးကို လှမ်းကြည့်လိုက်သည်။

ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးသည် နာကျင်နေလေဟန် အမူအရာကို ပြသလိုက်သည်။

လူတိုင်းက မင်းလို မူမမှန်တဲ့အထိ သန်မာတယ်လို့များ ထင်နေတာလား။ သူက အသက် ဘီလီယံနည်းနည်းပဲရှိသေးတဲ့ ကလေးလေး တစ်ယောက်ပါ။ ဘယ်လိုလုပ်ပြီးတော့များ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနိုင်မှာလဲ။

"နောက်တစ်ခါကျရင် မင်း လေ့ကျင့်ဖို့ ငါတစ်ခုခုရှာပေးမယ်"

ကျန်းမုန့်လောင်က မျက်လုံးလှန်ကြည့်လိုက်ပြီး ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးကို ပြန်လွှတ်လိုက်သည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ပေါက်ကရစကားများ ပြောတတ်ရုံကလွဲပြီး အခြားစွမ်းရည်များ မရှိလေဟန်ပင်။ ဤသို့ဆိုပါက မဖြစ်ချေ။

"ဟားဟား... ကောင်လေး ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။ ဒီလိုလုပ်ဖို့ မင်းက နုလွန်းပါသေးတယ်"

အစောင့်အရှောက်သည် စမ်းသပ်ရေးမျှော်စင်ထဲကတစ်ဆင့် လေဟာနယ်ထဲသို့ လွင့်မျော၍ ထွက်လာခဲ့သည်။

"ပုံရိပ်ယောင်ကြယ်တာရာသားရဲကို ငါတို့က ဖန်တီးခဲ့တာဆိုတော့ ငါတို့ဆီမှာ သူ့ကို ပြန်လည်နှိမ်နှင်းနိုင်မယ့် နည်းလမ်းတွေ သေချာပေါက် ရှိတာပေါ့"

ဤသို့ ပြောနေသော်လည်း အစောင့်အရှောက်သည် ကျန်းမုန့်လောင်၏ နက်ရှိုင်းလှသော သက်စောင့်စွမ်းအင်ကြောင့် အံ့အားသင့်နေခဲ့သည်။ မည်သူမဆို ပုံရိပ်ယောင်ကြယ်တာရာသားရဲကြီးကို အလွယ်တကူ ဆင့်ခေါ်နိုင်လေသလား။

"ရုပ်ပိုင်းဆိုင်ရာအရ အမွေဆက်ခံလို့မရဘူးဆိုရင်လည်း ဓာတုဗေဒနည်းလမ်းနဲ့ အမွေဆက်ခံရတာပေါ့"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"မင်းရဲ့ ဉာဏ်ရည်က ထိပ်တန်းအဆင့် ဖြစ်နေရင်တောင်မှ နောက်ဆုံးကျတော့လည်း မင်းက ဉာဏ်ရည်တုစနစ်တစ်ခုသက်သက်ပဲ မဟုတ်ဘူးလား"

"မင်း ဘာကိုဆိုလိုချင်တာလဲ"

ရုတ်ခြည်းပင် ထိုအစောင့်အရှောက်မှာ တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။

"ဉာဏ်ရည်တုစနစ်ဆိုတာ ဘယ်လောက်အဆင့်မြင့်နေပါစေ။ သူ့ရဲ့ အခြေခံအနှစ်သာရက ကုတ်တွေပဲလေ။ ငါက မင်းရဲ့ ပင်မဉာဏ်ရည်အူတိုင်ကို ဟက်လိုက်ရုံပဲ။ အဲဒါဆိုရင် မင်း လမ်းဆုံးသွားပြီ။ အဲဒီအခါကျရင် ဒီရတနာရှာဖွေရေးနယ်မြေတစ်ခုလုံးက ငါ့အမိန့်အောက်ကို ရောက်လာလိမ့်မယ်"

**********************

All Chapters