← Chapters

အခန်း ၉၈၅

Vol. 66 Ch. 985

အခန်း ၉၈၅

Vol. 66 Ch. 985

အခန်း ၉၈၅ - အစ်ကိုကြီး... ကျွန်တော်မှားသွားပါတယ်

မူလက အစောင့်အရှောက်သည် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သော်လည်း ကျန်းမုန့်လောင်၏ စကားကို ကြားလိုက်ရသောအခါ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။

ဇူဒါမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ဉာဏ်ရည်တုတစ်ခုအနေနှင့် ထိုအစောင့်အရှောက်သည် မျိုးနွယ်စုဉာဏ်ပညာတစ်ခုလုံး၏ ပုံဆောင်ခဲပင်။ မျိုးနွယ်စုတစ်ခုလုံး၏ ဒေတာအချက်အလက်များအားလုံးပါဝင်သော သူ့ဒေတာဘေ့စ်ကို မဆိုထားနှင့်။ သူ့တွက်ချက်မှုစွမ်းရည်နှင့် ဉာဏ်ရည်အဆင့်အတန်းကလည်း ထိပ်တန်းအဆင့်တွင် ရှိလေသည်။

ဇူဒါမျိုးနွယ်စုရှိ သိပ္ပံပညာရှင်များမှာ သူ့အတွင်းသို့ အလိုအလျောက် ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းရည်အများအပြားကိုပင် ထည့်သွင်းပေးခဲ့ကြ၏။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ရှုပ်ထွေးနက်နဲမှုနှင့် ဉာဏ်ရည်အဆင့်အတန်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလာခဲ့ပြီး လက်ရှိ စကြဝဠာမျိုးနွယ်စုများအတွင်းရှိ မည်သည့်ဉာဏ်ရည်တုကမှ သူ့ကို ကျော်လွန်နိုင်စွမ်း မရှိစေရန် ပြုလုပ်ထား၏။

ကျန်းမုန့်လောင်က သူ့အား ဤသို့ပြောဆိုနေခြင်းမှာ ပလတ်စတစ်သေနတ်ကို ကိုင်ဆောင်ထားသော ကလေးငယ်တစ်ယောက်က နျူကလီးယားဗုံးကို ထမ်းပိုးထားသည့် ကြွက်သားခပ်တောင့်တောင့် လူသန်ကြီးတစ်ဦးအား ခြိမ်းခြောက်နေသည်နှင့် တူညီနေသဖြင့် ရယ်စရာပင် ကောင်းလှပေသည်။

"မင်းက ရယ်စရာလို့ ထင်နေတာလား"

ကျန်းမုန့်လောင်၏အပြုံးမှာ ပျက်ယွင်းသွားသည်။

"ကျောင်းအုပ်ကြီး... ဒါ မဖြစ်နိုင်ပါဘူး"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတစ်ယောက်က ကျန်းမုန့်လောင်အနားသို့ ချဉ်းကပ်၍ ပြောလိုက်သည်။

"ဒီနေရာမှာ ကွန်ပျူတာဌာနက ကျောင်းသား တော်တော်များများ ရှိတယ်... ကျွန်တော်တို့ မြို့အသီးသီးက အပျက်အစီးတွေထဲကနေ ဉာဏ်ရည်တုတော်တော်များများကို ချိုးဖျက်နိုင်ခဲ့ပြီးပြီပဲဟာ"

"ဟုတ်ပါတယ်.. ကျွန်တော်တို့ သူတို့ကို မချိုးဖျက်နိုင်ရင်တောင် အကွက်ရွှေ့လို့ ရသေးတာပဲ.. အနည်းဆုံးတော့ သူတို့က ဘယ်အဆင့်လောက်မှာ ရှိနေလဲဆိုတာကို ခန့်မှန်းလို့ရသွားတာပေါ့"

"ဒါပေမဲ့ ဒီဉာဏ်ရည်တုကတော့ တကယ်ကြောက်စရာကြီး... လွန်ခဲ့တဲ့ရက်တွေတုန်းက ဉာဏ်ရည်တုဘာသာရပ်ကို သင်ယူခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ စုပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာတောင် သူ့ပထမအလွှာက စနစ်ကာကွယ်ရေးကို မချိုးဖောက်နိုင်ခဲ့ကြဘူး"

နှစ်ပေါင်းဘီလီယံနှင့်ချီ၍ ကိုယ်တိုင်ပြောင်းလဲခြင်းနှင့် ကိုယ်တိုင်ဆင့်ကဲတိုးတက်ခြင်းတို့ကို ပြုလုပ်ပြီးနောက် အစောင့်အရှောက်စနစ်၏ ရှုပ်ထွေးနက်နဲမှုမှာ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်ကာ စကြဝဠာတစ်ခုလုံးရှိ အစွမ်းအထက်ဆုံးသော ဉာဏ်ရည်တုက သူ့ကို ဆန့်ကျင်တိုက်ခိုက်မည်ဆိုလျှင်ပင် ရလဒ်မှာ ဖျက်ဆီးခံရခြင်းသာ ဖြစ်ပေလိမ့်မည်။

"မင်းက မင်း.. ငါက ငါပဲ.. ငါ့စွမ်းဆောင်ရည်တွေကို မင်းတို့စံနှုန်းတွေနဲ့ လာမတိုင်းတာစမ်းပါနဲ့.. ဟုတ်ပြီလား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကောတန်... မင်း ကိုင်တွယ်နိုင်လား"

"ယောက်ျားတစ်ယောက်က မလုပ်နိုင်ဘူးလို့ မပြောရဘူးလေ"

ကောတန်က ဖြေကြားလိုက်သည်။

"ဒါက အဆင့်နိမ့်ကမ္ဘာတစ်ခုက ဉာဏ်ရည်တုလေးပဲဟာ.. သူရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်က ဒီလောက်ပါပဲ.. အဆင့်မြင့်ကမ္ဘာက ဘယ်အခြေခံ ဉာဏ်ရည်တုဖြစ်ဖြစ် သူ့ကို အသာလေးချေမှုန်းပစ်နိုင်တယ်.. ကြည့်နေလိုက်ပါ"

"ကောင်လေး... သိပ်ပြီးတော့ မာနမကြီးစမ်းပါနဲ့.. မင်းအသက်အရွယ်မှာ ဒီလိုခွန်အား ဒီလိုပါရမီမျိုး ရှိနေတာက အထင်ကြီးစရာကောင်းမှန်း ငါ သိပါတယ်.. ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ ဒါက ပါ့မွှားလေးပဲ.. တကယ်လို့ မင်း ငါ့ကို တောင်းပန်ပြီး ငါ့အမိန့်တွေကို နာခံမယ်လို့ ကတိပေးရင် မင်းကို ဆက်ခံသူအဖြစ် သတ်မှတ်ပေးဖို့ ငါ စဉ်းစားပေးမယ်လေ"

"လစ်လိုက်စမ်း... မင်းကို တောင်းပန်ရမယ်ပေါ့.. မင်းအမိန့်တွေကို နာခံရမယ် ဟုတ်လား.. မင်းကိုယ်မင်း အဲဒီလောက်တန်ဖိုးရှိတယ်လို့ ထင်နေတာလား"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"အမှန်အတိုင်းပြောရရင် မင်းတို့ဇူဒါမျိုးနွယ်စုရဲ့ အမွေအနှစ်ကို ငါကလည်း ငမ်းငမ်းတက်လိုချင်မနေပါဘူး.. အဲဒါလေးလောက်နဲ့ ငါ့ကို ဆွဲဆောင်နိုင်မယ်လို့ ထင်နေတာလား"

"ငါတို့ဇူဒါမျိုးနွယ်စုမှာ ရတနာတွေ ဘယ်လောက်တောင်ရှိလဲဆိုတာ မင်း သိလို့လား"

ကျန်းမုန့်လောင် သူ့အပေါ် အထင်အမြင်သေးနေသည့်အတွက် ထိုအစောင့်အရှောက်မှာ အနည်းငယ်မျှသာ ဒေါသထွက်ခဲ့သော်လည်း သူ၏ဇူဒါမျိုးနွယ်စုအပေါ် ရှုတ်ချပြောဆိုခြင်းကိုမူ လုံးဝသည်းမခံနိုင်ချေ။

"မင်းရထားတဲ့ ပုံရိပ်ယောင်ကြယ်တာရာသားရဲနဲ့ အရိပ်စစ်သည်တွေက ငါတို့ဇူဒါမျိုးနွယ်စုက ရတနာတွေရဲ့ အစိတ်အပိုင်းလေးတစ်ခုသာသာပဲ ရှိသေးတယ်.. ငါတို့မှာ ရေတွက်လို့မကုန်တဲ့ အရင်းအမြစ်တွေနဲ့ ပိုအံ့မခန်းဖြစ်စေမယ့် ရတနာတွေ ရှိသေးတယ်.. မင်း အဲဒါတွေကို မလိုချင်ဘူးလား"

"ဟင့်အင်း"

ကျန်းမုန့်လောင်၏ အဖြေမှာ စကားလုံးနှစ်လုံးတည်းသာ။ ဤအရာများမှာ ဤစကြဝဠာအတွင်း၌ အဖိုးတန်လှသော်လည်း ကျန်းမုန့်လောင်အတွက်မူ ဘာအဓိပ္ပာယ်မှ မရှိပေ။ သူ့အနေနှင့် လိုအပ်လာပါက သူ့မိသားစုကို မှီခို၍ပင် အသက်ရှင်နေထိုင်နိုင်သေးသည်။

"ငါ မင်းကို အခု အခွင့်အရေးတစ်ခုပေးမယ်.. တကယ်လို့ မင်း ဒူးထောက်ပြီး ငါ့ကို အစ်ကိုကြီးလို့ ခေါ်မယ်ဆိုရင် မင်းရဲ့ ဒေတာအချက်အလက်တွေကို အပြီးတိုင်မဖျက်ဖို့ ငါ စဉ်းစားပေးမယ်"

"ငါ့ဒေတာတွေကို ဖျက်ဆီးမယ် ဟုတ်လား... မင်းတစ်ယောက်တည်းနဲ့လား.. စကြဝဠာထဲက ဉာဏ်ရည်တုအားလုံး ပူးပေါင်းလာရင်တောင် သူတို့ရဲ့ တွက်ချက်မှုစွမ်းရည်က ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး.. ငါက ဉာဏ်ရည်တုအားလုံးရဲ့ နတ်ဘုရားပဲ"

ထိုအစောင့်အရှောက်သည် ဤအချက်နှင့် ပတ်သက်၍ အလွန်တရာ ယုံကြည်မှုရှိနေခဲ့သည်။

"မင်းက ဒီလောက်အထိ အကြာကြီး တည်ရှိနေတဲ့ သန့်စင်တဲ့ ဉာဏ်ရည်တုတစ်ခု ဖြစ်နေတာမို့ မင်းကိုသတ်ပစ်ရမှာ နည်းနည်း နှမြောနေလို့သာ ငါ မင်းကို အခွင့်အရေးပေးနေတာ.. အဲ့ဒီအခွင့်အရေးကို အလဟဿမဖြစ်စေနဲ့"

"မင်း ငါ့ဒေတာတွေကို ဘယ်လို ဖျက်ဆီးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

"နောက်မှ နောင်တမရစေနဲ့ပေါ့"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"ကောထန်..."

"အဆင်သင့်ပါပဲ"

အပြာရောင်အလင်းတန်းတစ်ခုက ကျန်းမုန့်လောင်၏ နဖူးမှတစ်ဆင့် ထိုအစောင့်အရှောက်၏ အလင်းလုံးထဲသို့ ပစ်ဝင်သွားပြီးနောက် ကောထန်၏ ဧရာမဒေတာထုထည်ကြီးက သူ့ဗဟိုချက်ကို အရူးအမူး စတင်တိုက်ခိုက်လေတော့သည်။

ရုတ်ခြည်းဆိုသလို အစောင့်အရှောက်၏ ပုံရိပ်မှာ အချက်ပြလှိုင်း မကောင်းသည့်အခါ အဆက်မပြတ် ပြတ်တောက်သွားသည့် အပိုင်းအစများအလား စတင်ဝေဝါးလာသည်။

"ကြည့်ကြစမ်း... အဲ့ဒီအစောင့်အရှောက်တော့ တစ်ခုခုဖြစ်နေပြီ"

"ဘာတွေဖြစ်နေတာလဲ.. စွမ်းအင်ကုန်သွားတာလား.. လိုင်းကျတာလား"

"ဘာတွေဖြစ်ကုန်တာလဲ"

ထိုအစောင့်အရှောက်က ထိတ်လန့်နေသော အမူအရာကို ပြသလိုက်၏။ သူ ဖန်တီးခံရပြီးကတည်းက ဤကဲ့သို့သောအရာမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပေ။

သူသည် စနစ်ကို အလိုအလျောက်စစ်ဆေးမှု ပြုလုပ်လိုက်သော်လည်း ထွက်ပေါ်လာသော ရလဒ်များက သူ့ကို ပြိုလဲသွားစေရန် လုံလောက်နေခဲ့သည်။

အခြားအစွမ်းထက်ဉာဏ်ရည်တုတစ်ခုသည် သူ့ဒေတာဘေ့စ်ကို အရူးအမူးတိုက်ခိုက်နေပြီး ထိုဒေတာစီးဆင်းမှုမှာ သူ့ဒေတာထက် အဆတစ်ဆယ်မှ ရာချီအထိပင် ပိုကြီးမားနေခဲ့သည်။ မဟာတွက်ချက်ရေးစွမ်းရည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းတို့က သူ့ကာကွယ်ရေးစနစ်များကို မျက်စိတစ်မှိတ်အတွင်း ထိုးဖောက်ဝင်ရောက်သွားပုံရ၏။

"ဟင်း... မဆိုးပါဘူး.. အဆင့်မြင့်နည်းပညာ စကြဝဠာအခြေခံမျိုးနွယ်စုတစ်ခုရဲ့ ဉာဏ်ရည်တု အဆင့်အတန်းလောက်တော့ ရှိသားပဲ.. ဒီလိုအဆင့်နိမ့်နည်းပညာ မျိုးနွယ်စုကမ္ဘာနဲ့ အလယ်အလတ်နည်းပညာကမ္ဘာမှာတော့ တော်တော်အထင်ကြီးလောက်စရာပဲပေါ့.. ဇူဒါမျိုးနွယ်စုမှာ တကယ်ပိုင်နိုင်ခဲ့သားပဲ"

"မင်းက ဘယ်သူလဲ။ မင်းလည်း ဉာဏ်ရည်တုတစ်ခုပဲလား.. ငါ့ဒေတာဘေ့စ်ကို မင်း ဘယ်လိုများ ကျူးကျော်ဝင်ရောက်လိုက်တာလဲ"

အစောင့်အရှောက်က ထိတ်လန့်တကြား ပြောလာလေ၏။

"ကျူးကျော်တယ် ဟုတ်လား.. ငါက ကျူးကျော်ဖို့လိုလို့လား"

ကောထန်က လှောင်ပြောင်လေဟန်ဖြင့် ပြောလိုက်သည်။

"မင်းရဲ့ ပင်မကုတ်တွေဆီကို ဝင်ရောက်ဖို့က ငါ့အတွက် လက်လေးတစ်ချက် လှုပ်လိုက်ရုံပဲ.. မင်းကိုယ်မင်း အထင်ကြီးမနေစမ်းပါနဲ့.. ငါ့ကျောင်းအုပ်ကြီးက မင်းကို အခွင့်အရေးပေးခဲ့တာတောင် မင်းက အဲ့ဒါကို တန်ဖိုးမထားခဲ့ဘူး"

"မဖြစ်နိုင်ဘူး... ဒီကမ္ဘာမှာ ဒီလောက်ကြီးမားတဲ့ တွက်ချက်မှုစွမ်းရည်မျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"

ကောထန်၏ တွက်ချက်မှုစွမ်းရည်မှာ သူ့အလုံးစုံစွမ်းရည်ထက် အဆတစ်ရာကျော် ကြီးမားနေကြောင်း ထိုအစောင့်အရှောက်သိလိုက်၏။ သူ့လက်ရှိတိုးတက်မှုနှုန်းအရဆိုလျှင် ဤအဆင့်သို့ ရောက်ရှိရန် စကြဝဠာဆင့်ကဲပြောင်းလဲမှုကို အချိန်ကာလတစ်ခုအထိ ယူရပေလိမ့်မည်။

"အမြင်ကျယ်ကျယ်ထားစမ်းပါ.. ဒီလောက် တွက်ချက်မှုစွမ်းရည်ပမာဏလေးက ဘာမှမဟုတ်ဘူး.. ငါ့မှာ အမြုတေပေါင်း သန်းနဲ့ချီပြီး ရှိတာတောင် အခုမှ ဒါဇင်လောက်ပဲ သုံးရသေးတာ.. အခု မင်း အေးဆေးအနားယူလို့ရပြီ"

ကောထန်သည် ထိုအစောင့်အရှောက်နှင့် ပတ်သက်၍ ဆက်အာရုံစိုက်မနေတော့ဘဲ သူ့ဒေတာအချက်အလက်များကို စတင်ဖြိုခွဲလိုက်တော့သည်။ သူ့ကိုယ်ပိုင်ကာကွယ်ရေးစနစ်က ကောထန်၏ တိုက်ခိုက်မှုကို အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း လုံးဝအင်အားမဲ့နေချေ၏။

အစောင့်အရှောက်၏ ဝိညာဉ်ပုံရိပ်အလား ဖြစ်နေသော ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို စတင် ပြိုလဲလာခဲ့လေရာ ထိုအရာ၏ လက်မောင်းများမှာ ဒေတာအမှုန်အမွှားအပိုင်းအစများအဖြစ်သို့ ကွဲကြေသွားပြီးနောက် ခြေထောက်များနှင့် ခန္ဓာကိုယ်ပိုင်းတို့က ဆက်လက်ကွဲကြေသွားလေသည်။

"နေပါဦး"

"ဟင့်အင်း... ရပ်လိုက်"

ထိုအစောင့်အရှောက်က ကျန်းမုန့်လောင်ကို အော်ဟစ်လိုက်၏။ ကိုယ်ပိုင်တွေးခေါ်မှုများ ရှိနေသော ဉာဏ်ရည်တုတစ်ခုအနေနှင့် ထိုအရာမှာ အစစ်အမှန်သက်ရှိတစ်ခုနှင့် ခွဲခြား၍မရနိုင်လောက်အောင်ပင် ဖြစ်နေလေရာ အကယ်၍ သူ့ဒေတာများ လုံးဝဖျက်ဆီးခံလိုက်ရပါက သေဆုံးသွားသည်နှင့် ဘာမှကွာခြားမည်မဟုတ်ပေ။

ဤမျှကြာရှည်စွာ အသက်ရှင်နေထိုင်ခဲ့ရပြီးနောက် သူ့အနေနှင့် အသက်ကို စွန့်လွှတ်ရန် အဘယ်မှာ ဆန္ဒရှိနိုင်မည်နည်း။

"ဟမ်.. မရပ်နဲ့ ဟုတ်လား.. ကောင်းပြီလေ... မင်းသဘောအတိုင်းပါပဲ"

ကျန်းမုန့်လောင်က ညစ်ကျယ်ကျယ် ရယ်မောလိုက်ပြီး ကောထန်အား တိုက်ခိုက်မှု ပိုမိုပြင်းထန်စေရန် ညွှန်ကြားလိုက်၏။

ခဏအကြာတွင် ထိုအစောင့်အရှောက်၏ ဦးခေါင်းမှာ စတင်ဝေဝါးလာ၏။ သူသည် ဒေတာခိုင်မာမှုအပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားပြီး အချိန် မိနစ်ဝက်ပင် မပြည့်သေးခင်အတွင်း သူ့ဒေတာ အမြောက်အမြားကို ထိန်းချုပ်ခွင့်ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

"ဟင့်အင်း.. အစ်ကိုကြီး... ကျွန်တော်မှားသွားပါတယ်"

"ငါ့ကို အဖေလို့ခေါ်"

"အဖေ"

"အခု ငါက ဇူဒါမျိုးနွယ်စုရဲ့ ဆက်ခံသူ ဖြစ်သွားပြီလား"

"ဟုတ်ပါတယ်။ အခုချိန်ကစပြီး ဇူဒါမျိုးနွယ်စု ချန်ရစ်ထားခဲ့သမျှ အရာအားလုံးက အဖေ့အတွက်ပါပဲ"

သူ ဆက်လက်တည်ရှိနေနိုင်ရန်အတွက် အစောင့်အရှောက်လည်း သူ့ဂုဏ်သိက္ခာအားလုံးနီးပါးကို စွန့်လွှတ်လိုက်ရတော့သည်။

"ကောထန်... ရပ်လိုက်တော့"

"တကယ်တုံးအတဲ့ ဉာဏ်ရည်တုပါလား.. ငါ့မှာ သေချာတောင် အားမထုတ်ရသေးဘူး.. မင်းကတော့ အဆုံးသတ်သွားပြီ"

...

"မင်း ယုံနိုင်ရဲ့လား"

"သူ တကယ်ကြီး ဇူဒါမျိုးနွယ်စုရဲ့ အစောင့်အရှောက်ကို အရှုံးပေးသွားအောင် လုပ်လိုက်တာလား"

"ဒဏ္ဍာရီလာအကြမ်းဖက်မှုကြီးကို ငါ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာပဲ"

အကယ်၍ သူတို့ကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ရပါက တစ်စုံတစ်ယောက်က ဉာဏ်ရည်တုတစ်ခုကို အမှန်တကယ်ပင် ခြိမ်းခြောက်နိုင်ကြောင်း မည်သူကများ ယုံကြည်နိုင်မည်နည်း။

*************************

All Chapters