အခန်း ၉၈၆
Vol. 66 Ch. 986
အခန်း ၉၈၆ - အားလုံး ငါ့အပိုင်
"စောစောကတည်းက ဒီလိုလိမ္မာနေရင် အခုလိုတွေ ဖြစ်မှာမဟုတ်ဘူးမလား"
ကျန်းမုန့်လောင် သူ့ဘာသာရေရွတ်လိုက်၏။
"အရိုက်ခံရမှ အချိုးပြေတဲ့ကောင်တွေ"
"ကျောင်းအုပ်ကြီး... အားလုံးဖြေရှင်းပြီးပြီလားဗျ"
လျိုယွင်ယီက ရှေ့သို့လှမ်းလာရင်း မေးလိုက်သည်။
"အားလုံး ဖြေရှင်းပြီးသွားပြီ.. အခုချိန်ကစပြီး ဒီရတနာရှာဖွေရေးနယ်မြေတစ်ခုလုံးက ငါတို့ထိန်းချုပ်မှုအောက်မှာပဲ... ပြီးတော့ ဒီက အရာအားလုံးက ငါတို့အပိုင်ပဲ"
"မိုက်လိုက်တာ"
"ကျောင်းအုပ်ကြီးကတော့ တကယ့်ကျောင်းအုပ်ကြီးပါပဲ"
"ဟေး... ဒီနေ့ကစပြီး ငါ မင်းကို ကောရှန်လို့ ခေါ်မယ်.. ကန့်ကွက်စရာရှိလား"
ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မရှိ... ကန့်ကွက်စရာမရှိပါဘူး"
အစောင့်အရှောက်မှာ ခါးသီးမှုကို ခံစားလိုက်ရသည်။ ဤကဲ့သို့ ဖြစ်ကတတ်ဆန်းပေးထားသော နာမည်ကို သူ မလိုချင်သော်လည်း သူ့မှာ ငြင်းဆန်ပိုင်ခွင့်မရှိပေ။
"ဒီရတနာရှာဖွေရေးနယ်မြေရဲ့ ဒေတာအချက်အလက်အားလုံးကို ငါ့ဆီ ပို့ပေးစမ်း"
"ဟုတ်ကဲ့"
ယခုအချိန်မှစ၍ သူသည် ဤမိစ္ဆာထံမှ လုံးဝလွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း ကောရှန် သိလိုက်တော့သည်။
ကောထန်အနေနှင့် ထူးရှယ်နတ်ဘုရားကျောင်းတော်ကို စီမံခန့်ခွဲရန် လိုအပ်နေဆဲဖြစ်ပြီး ကျန်းမုန့်လောင် ယူဆောင်လာသော ဉာဏ်ရည်တုမှာ ထိုစဉ်က အိုင်ဇက်မျိုးနွယ်စုမှ ပေါ့ပေါ့ပါးပါးဝယ်ယူလာခဲ့ခြင်းဖြစ်ရာ ကောရှန်သည် ကောထန်ထက် များစွာနိမ့်ကျနေသော်လည်း သူလည်း ဤစကြဝဠာနယ်ပယ်တွင် အစွမ်းအထက်ဆုံး ဉာဏ်ရည်တုများထဲမှ တစ်ခုဖြစ်သည်မှာမူ သေချာလှသည်။
ကောထန်၏ စောင့်ကြည့်မှုအောက်တွင် ကောရှန်အား ကျန်းမုန့်လောင်၏ စမတ်ကိရိယာနှင့် ချိတ်ဆက်လိုက်ပြီး သူ့အား အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း သေချာစေရန်အတွက် ကောရှန်၏ ကုတ်များထဲသို့ အချို့အရာများကိုပင် ထည့်သွင်းမြှုပ်နှံလိုက်လေသည်။
"ကျွတ် ကျွတ် ကျွတ်... ဒီမှာ ပစ္စည်းတွေ တော်တော်လေး များတာပဲ"
ကောရှန်သည် ဤရတနာရှာဖွေရေးနယ်မြေရှိ အရင်းအမြစ်များအားလုံးကို စာရင်းပြုစုလိုက်၏။ ရတနာရှာဖွေသူအုပ်စုပေါင်းများစွာ အသုတ်လိုက် ရောက်လာခဲ့ကြသော်လည်း ဤရတနာရှာဖွေရေး နယ်မြေရှိ ပစ္စည်းများ၏ ၃ရာခိုင်နှုန်းခန့်သာ ယူသွားခံခဲ့ရပြီး အများစုမှာ စွမ်းအင်သလင်းကျောက်များနှင့် သတ္တုတွင်းထွက်များကဲ့သို့သော သာမန်အရင်းအမြစ်များသာ ဖြစ်ကာ တန်ဖိုးအရှိဆုံး အရာများမှာမူ ကျန်နေသေးသည်။
ဤပစ္စည်းများ၏ တန်ဖိုးနှင့်ပတ်သက်၍မူ ကျန်းမုန့်လောင်တစ်ယောက် အချိန်တိုအတွင်း မခန့်မှန်းနိုင်သော်လည်း စွမ်းအင်အရင်းအမြစ်များချည်းသက်သက်မှာပင် အံ့မခန်းများပြားလွန်းလှသည်ဟု ဆိုရပေမည်။
ဤနေရာရှိ အဆင့်ငါးစွမ်းအင်သလင်းကျောက် အရေအတွက်မှာ စကြဝဠာမဟာမိတ်အဖွဲ့မှ လက်ရှိအတည်ပြုထားသော သလင်းသိုက်များထဲရှိ အရေအတွက်ထက်ပင် နှစ်ဆကျော် ပိုများပြားနေပြီး ကြယ်တာရာအမြုတေအရေအတွက်ကလည်း ထရီလီယံဆယ်ဂဏန်းချီ၍ ကြောက်မက်ဖွယ်ကောင်းအောင် ရှိနေပေသည်။ ထိုလူများမှာ ဤမျှများပြားလှသော အရင်းအမြစ်များကို မည်သို့ သိုလှောင်ထားခဲ့ကြောင်း ကျန်းမုန့်လောင်တစ်ယောက် နားမလည်နိုင်လောက်အောင်ပင် ဖြစ်ရလေ၏။
အခြားအရာများအတွက်မူ အသေးစိတ် အမျိုးအစားခွဲခြားထားသည်ဖြစ်ရာ ရေတွက်ရန်ပင် အချိန်များစွာ ယူရပေလိမ့်မည်။
"ဒီပစ္စည်းတွေအားလုံးကို သေချာဝှက်ထားလိုက်.. တခြားဘယ်သူမှ မယူစေနဲ့"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ နားလည်ပါပြီ"
ကောရှန်သည် ရတနာရှာဖွေရေးနယ်မြေတစ်ခုလုံး၏ ပရိုဂရမ်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။ ယခုအချိန်မှစ၍ ထိုရတနာရှာဖွေသူများသည် အဆင့်ရှစ်သက်ရှိတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့လျှင်ပင် တစ်ပြားမျှရရှိရန် မျှော်လင့်နိုင်တော့မည် မဟုတ်ပေ။
...
"ဂါး"
အဆင့်ခြောက်အခြေခံ စကြဝဠာသားရဲတစ်ကောင်က စူးရှစွာ အော်ဟစ်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ့ပတ်ပတ်လည်တွင် သွေးများ ပေကျံနေသော ရတနာရှာဖွေသူ ဒါဇင်ပေါင်းများစွာ ရှိနေကြပြီး အများစုမှာ ဒဏ်ရာများ ရရှိထားကြသော်လည်း သူတို့၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ရှိနေလေသည်။ အဆင့်ခြောက်သက်ရှိတစ်ကောင်ကို သတ်ဖြတ်ခြင်းမှာ အလွန်တရာခက်ခဲသော အလုပ်တစ်ခု ဖြစ်ပြီး ထွက်ကျလာမည့် ရတနာများမှာ အနည်းဆုံး စကြဝဠာဒင်္ဂါး ထရီလီယံ ဆယ်ဂဏန်းချီ၍ တန်ဖိုးရှိပေသည်။
သာမန်အခြေအနေမျိုးတွင် သူတို့၏ လက်ရှိ အရေအတွက်ထက် ဆယ်ဆမျှ ပိုမိုများပြားနေလျှင်ပင် အဆင့်ခြောက်သက်ရှိတစ်ကောင်ကို သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲလှသည်။ သို့သော် ဤသားရဲမှာ မီးဖွားချိန်အတွင်း ရှိနေသဖြင့် အလွန်အမင်း အားနည်းနေပြီး သူ့အထွတ်အထိပ်စွမ်းအင်မှာ ၁၀မှ ၂၀ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။
ဤရတနာရှာဖွေသူအုပ်စုသည် အတန်ကြာအောင် ခြေရာခံပြီးနောက် နောက်ဆုံး၌ အခွင့်ကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်ညတာလုံး ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် နောက်ဆုံး အောင်ပွဲကို ရရှိခဲ့၏။
"ဟားဟားဟား... ငါတို့ လုပ်နိုင်ခဲ့ပြီ.. နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီကွ"
"ဘာတွေ ထွက်ကျလာမလဲဆိုတာ မသိပေမဲ့ အဆင့်ခြောက်သိုင်းလက်နက် ဒါမှမဟုတ် သိုင်းကျမ်းဖြစ်ဖို့ မျှော်လင့်ရတာပဲ"
"ဟားဟား... တကယ်လို့ သိုင်းလက်နက်သာဆိုရင်တော့ ငါတို့ရဲ့ဘုရင်ကြီးက ငါတို့ကို သေချာပေါက် ဆုကြီးကြီးချမှာပဲ!"
သို့သော် မိနစ်အနည်းငယ် ကြာမြင့်သွားသော်လည်း ထိုသားရဲ၏ခန္ဓာကိုယ်မှာ ဘာပြောင်းလဲမှုမှ မရှိခဲ့ချေ။
"အလင်းလုံး ဘယ်မှာလဲ"
"အားလုံး ပတ်ဝန်းကျင်ကို သေချာရှာကြည့်ကြ.. တခြားတစ်နေရာကိုများ လွင့်ကျသွားသလားလို့"
"တစ်ယောက်ယောက်များ ခိုးသွားတာဖြစ်နိုင်မလား"
"မဖြစ်နိုင်တာ.. ငါ့ဉာဏ်ရည်တုက ပတ်ဝန်းကျင်ကို တောက်လျှောက်စောင့်ကြည့်နေခဲ့တာ.. ငါတို့ မျက်စိအောက်မှာတင် တစ်ယောက်ယောက်က လာခိုးသွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"
"သေရော... ဒီအကောင်အတွက် ငါတို့ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲ.. သတ်ပြီးတာတောင် သားရဲဆီက ဘာမှမရနိုင်ဘူးဆိုတဲ့ ဖြစ်နိုင်ခြေက ၁ရာခိုင်နှုန်းတောင် မရှိတာကို.. ငါတို့က အဲ့လောက်တောင် ကံဆိုးနေတာလား"
...
ဆာလဖာနံ့များ ပြည့်နှက်နေပြီး အပူချိန်မြင့်မားလှသော မီးတောင်ဒေသတစ်ခုတွင် လူငယ်လေးတစ်ယောက်က မီးတောင်၏ တောက်ပနေသော ဗဟိုချက်ထဲသို့ ဝင်ရောက်သွားလေသည်။
"နောက်ဆုံးတော့ ဝင်လာနိုင်ခဲ့ပြီ"
ပင်ပန်းနွမ်းနယ်နေသော သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားလေဟန် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။
ဤမီးတောင်၏ ဗဟိုနေရာသည် ဇူဒါမျိုးနွယ်စုမှ အဂ္ဂိရတ်ပညာရှင်တစ်ယောက် ချန်ရစ်ထားခဲ့သော ဖန်တီးမှုတစ်ခု ဖြစ်ပေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည် ဤအဂ္ဂိရတ်ပညာရှင် ချန်ရစ်ထားခဲ့သော သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက်တွင် ဤရတနာရှိရာ နေရာကို ရှာတွေ့ခဲ့သည်။
ဤမီးတောင်၏ အပြင်ဘက်တွင် သားရဲများစွာ ခိုအောင်းနေကြ၏။ ဤနေရာသို့ ဝင်ရောက်နိုင်ရန်အတွက် သူသည် အဖော်အတော်များများကိုပင် ဆုံးရှုံးခဲ့ရပြီး သူကိုယ်တိုင်ကလည်း သူတို့ မျိုးနွယ်စုတစ်ခုလုံး၏ နောက်ဆုံးကျန်ရစ်သူ ဖြစ်ပေသည်။
သို့သော်လည်း မှတ်တမ်းများအရ ဤသိုင်းလက်နက်မှာ ဖန်တီးစဉ်ကတည်းက အဆင့်ခြောက်တွင် ရှိနေခဲ့ပြီး အဂ္ဂိရတ်ပညာရှင် ရရှိခဲ့သော အံ့မခန်းအရန်ပစ္စည်းတစ်ခုကြောင့်ပင် လက်နက်ကို အလွန်အမင်း အေးခဲသော သို့မဟုတ် ပူပြင်းသော အခြေအနေများတွင် ရေရှည်ပျိုးထောင်ပြီးပါက ထိုအရာကို အဆင့်တက်စေနိုင်သောကြောင့် သူတို့၏ကြိုးစားအားထုတ်မှုအားလုံးမှာ တန်ဖိုးရှိလှပေသည်။
"ဒါများလား"
လူငယ်သည် အလင်းတိုင်တစ်ခုအတွင်း မျောလွင့်နေသော နီရဲရဲလက်နက်ကို ကြည့်လိုက်ပြီး အားရဝမ်းသာစွာ ဆိုလိုက်ပေသည်။
"ဒါက အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုတောင် ဖြစ်ခါနီးနေပြီပဲ"
အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုမှာ အဆင့်ရှစ်သက်ရှိတစ်ယောက်အတွက်ပင် အလွန်တရာ အဖိုးတန်လှသော အရာတစ်ခုပင်။
သူသည် ကျိုးပဲ့နေသော ကျောက်စိမ်းတုံးတစ်ခုကို ထုတ်ယူလိုက်ပြီး လက်နက်ကို ချိတ်ပိတ်ထားသည့် စင်မြင့်ပေါ်တွင် မြှုပ်နှံလိုက်၏။ ဤကျောက်စိမ်းမှာ ထိုအဂ္ဂိရတ်ပညာရှင် ချန်ရစ်ထားသော အထိမ်းအမှတ်တစ်ခု ဖြစ်ပြီး ဤသိုင်းလက်နက်ကို ရယူရန်အတွက် တစ်ခုတည်းသော သော့ချက်ပင်။
"ဒီအတောအတွင်း ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေက အလဟဿမဖြစ်ဘူးပဲ"
ကျောက်စိမ်းတုံးကို မြှုပ်နှံလိုက်သည်နှင့် တစ်ပြိုင်နက် အလင်းတိုင်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ထိုလူငယ်က ထိုအရာကို လှမ်းယူရန် လက်မကမ်းမီမှာပင် ထိုနီရဲရဲလက်နက်သည် အဖြူရောင်အလင်းတန်းတစ်ခုအတွင်း၌ ပျောက်ကွယ်သွားလေတော့သည်။
"ဘာတွေဖြစ်ကုန်တာလဲ.. ဘယ်ရောက်သွားတာလဲ"
"ဘယ်သူလဲ.. ဘယ်သူတွေလဲကွ"
...
ဤကဲ့သို့သော အလားတူမြင်ကွင်းများမှာ ရတနာရှာဖွေရေးနယ်မြေအားလုံးနီးပါး ဖြစ်ပွားခဲ့သည်။ ဤနယ်မြေတစ်ခုလုံးကို ဇူဒါမျိုးနွယ်စုက ဖန်တီးခဲ့ခြင်းဖြစ်ပြီး အစောင့်အရှောက်အနေနှင့် ကောရှန်သည် အရာအားလုံးကို တတ်စွမ်းနိုင်သော နတ်ဘုရားတစ်ပါးအလားပင်။
"ကောရှန်... အကုန် သိမ်းဆည်းပြီးပြီလား"
"အားလုံး အဆင်သင့်ပါပဲ ဘော့စ်"
ကောရှန်သည် ကောထန်၏ ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရပြီးနောက် ယခုအခါတွင်မူ ကျန်းမုန့်လောင်၏ နောက်ခံအကြောင်းကို နားလည်သွားပြီဖြစ်၏။
သူသည် ဇူဒါမျိုးနွယ်စုကို ကမ္ဘာပေါ်တွင် အထူးချွန်ဆုံးမျိုးနွယ်စုဟု အမြဲတစေ ထင်မှတ်ထားခဲ့သော်လည်း ယခုအခါတွင် ဇူဒါမျိုးနွယ်စုမှာ အမှိုက်တစ်စမျှသာ ဖြစ်ပြီး ကျန်းမုန့်လောင်မှာမူ တကယ့်အကောင်ကြီးကြီးတစ်ဦး ဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့လေပြီ။
ထို့နောက် သူလည်း ကျန်းမုန့်လောင်၏ နောက်လိုက်အဖြစ်သို့ အမြန်ပြောင်းလဲသွားတော့သည်။
"ကျွန်တော် အရာအားလုံးကို ဒီသိုလှောင်ရေးနေရာလွတ်ထဲမှာ သိမ်းထားပါတယ်"
သေးငယ်သော လက်စွပ်တစ်ကွင်းသည် စမ်းသပ်ရေးမျှော်စင်အတွင်းမှ မျောလွင့်လာသည်။
"နောင်တစ်ချိန်မှာ ဘော့စ် ဒီနေရာကို ပြန်လာချင်တယ်ဆိုရင် ဒီလက်စွပ်ကတစ်ဆင့် အချိန်မရွေး ပြန်လာနိုင်ပါတယ်"
"အင်း... မဆိုးပါဘူး"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။ ဤရတနာရှာဖွေရေးနယ်မြော သူ့အတွက် ဘာအဓိပ္ပာယ်မှမရှိသော်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများအတွက်မူ စာမေးပွဲစစ်ဆေးရာ နေရာတစ်ခုအဖြစ် အလွန်အသုံးဝင်ပေလိမ့်မည်။
...
"သောက်ကျိုးနည်း... ငါ စမ်းသပ်ရေးမျှော်စင်ရဲ့ အဆင့်ရှစ်ကို အောင်မြင်သွားပြီကို.. အခုမှ ဆုလာဘ် မလုံလောက်တော့ဘူးလို့ လာပြောနေတယ်.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ အများကြီး ပုံနေခဲ့တာပဲဟာ"
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတစ်ယောက်က အပြင်သို့ ထွက်လာရင်း မြည်တွန်တောက်တီးနေ၏။
"ဝင်ရှုပ်တဲ့ကောင်.. ငါ မသိပါစေနဲ့လို့သာ ဆုတောင်းနေလိုက်တော့.. မဟုတ်ရင် သူ့ဘောင်းဘီကို ဆွဲချွတ်ပြီး ဂီယာငါးချက်ပါတဲ့ ပန်ကာနဲ့ သွားဆော်ပစ်မှာ"
"ဝူမြောင်... တိတ်စမ်း"
"ရှူး"
"အာ... ဟားဟားဟား.. ကျောင်းအုပ်ကြီး... ဘယ်တုန်းက ရောက်နေတာလဲ"
ဝူမြောင်လည်း ကျန်းမုန့်လောင်အား သတိပြုမိသွားပြီး နှုတ်ဆက်ရန် ချက်ချင်းပြေးသွားလိုက်သည်။
"အဟမ်း... အဟမ်း... အဲဒီဝင်ရှုပ်တဲ့ကောင်က ငါပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါ အခုလေးတင် ဒီစမ်းသပ်ရေးမျှော်စင်ရဲ့ ဉာဏ်ရည်တုကို နောက်လိုက်အဖြစ် ခေါ်ယူလိုက်တယ်.. ပြီးတော့ အခု ရတနာရှာဖွေရေးနယ်မြေတစ်ခုလုံးရဲ့ ပစ္စည်းတွေက ငါ့ဟာဖြစ်သွားပြီဆိုတော့ ငါ့ပိုင်ဆိုင်မှုထဲမှာပဲ အကုန်ခေါ်သွင်းလိုက်တော့တာ.. အဲ့ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား"
"ဪ... ဪ... ဪ.. ဘာပြဿနာမှ မရှိပါဘူး"
ထိုလူငယ်က အခြေအနေကို အလျင်အမြန်နားလည်သွား၏။
"ကျောင်းအုပ်ကြီးကတော့ တကယ့်ကျောင်းအုပ်ကြီးပါပဲ.. စစ်မှန်တဲ့ ရှုံးပွဲမရှိသူရဲကောင်း. ဒီဉာဏ်ရည်တုကိုတောင် အသာလေးသိမ်းပိုက်နိုင်ခဲ့တာပါလား.. ပြီးတော့ ခုနက လျှောက်ပြောနေတာ ဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး"
"ငါ ခုနလေးတင် ဂီယာငါးချက်ပါတဲ့ ပန်ကာအကြောင်း ကြားလိုက်သလိုပဲ..."
"ဪ... ကျွန်တော်ပျင်းနေလို့ တစ်ခုခုနဲ့ ဆော့ချင်တယ်လို့ ပြောတာပါ... ကျွန်တော် ပန်ကာတစ်လုံးလောက် သွားရှာလိုက်ဦးမယ်နော်"
*******************