← Chapters

အခန်း ၉၈၇

Vol. 66 Ch. 987

အခန်း ၉၈၇

Vol. 66 Ch. 987

အပိုင်း ၉၈၇ : မလန့်ပါနဲ့ အသေးအဖွဲလေးပါ

"ဒါနဲ့ နေပါဦး ကောရှန်... ဒီကံကြမ္မာမီးလျှံဆိုတာ ဘာကြီးလဲ"

ကျန်းမုန့်လောင်က သူ့ခေါင်းကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

"အဲဒါကို ကံကြမ္မာကျောက်တုံးလို့ ခေါ်တယ်။ ကျွန်တော်တို့ဇူဒါမျိုးနွယ်စုရဲ့ ဘုရင်ကြီးက စကြဝဠာမွေးဖွားရာ ဗဟိုချက်မှာရှိတဲ့ နက်ဗျူလာဖုန်မှုန့်တွေကြားထဲကနေ ရှာတွေ့ခဲ့တာပါ"

ကောရှန်က ရှင်း‌ပြသည်။

"အဲဒီအထဲမှာ အရမ်းအံ့ဩဖို့ကောင်းပြီး နက်နဲဆန်းကြယ်တဲ့ ကံကြမ္မာစွမ်းအားတွေ ပါဝင်ပါတယ်။ အဲဒါကို ပိုင်ဆိုင်ထားသရွေ့ အနာဂတ်တိုးတက်မှုတွေက ဖြောင့်ဖြောင့်တန်းတန်းနဲ့ ချောမွေ့နေမှာပါ"

"အစကတော့ ကံကြမ္မာစွမ်းအားက ညီညီမျှမျှ ခွဲဝေပေးထားတာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့သတ်မှတ်ချက်အရ ဒီရတနာရှာဖွေရေးနယ်မြေထဲမှာ အခွင့်အရေးတွေ၊ ရတနာတွေ ရှာတွေ့တဲ့သူတိုင်းက ကံကောင်းမှုတချို့ကို ခွဲဝေရယူပြီး သူတို့ရဲ့ စကြဝဠာအင်ပါယာဆီကို ပြန်သယ်သွားလို့ရတယ်။ နှစ်သိန်းချီကြာပြီးတဲ့နောက် အလိုအလျောက် ချိန်ညှိမှုတွေ လုပ်ပြီးသွားရင်တော့ စကြဝဠာရဲ့ ကံကြမ္မာစွမ်းအားက ပုံမှန်အခြေအနေကို ပြန်ရောက်သွားမှာပါ"

"ဒါကြောင့်လည်း ရတနာရှာဖွေရေးနယ်မြေက နှစ်သိန်းချီကြာမှ တစ်ကြိမ် ပွင့်တာကိုး"

ကျန်းမုန့်လောင်က ညည်းတွားလိုက်လေသည်။

"ဒါပေမဲ့ နောက်ဆုံးတော့လည်း မင်းတို့ဇူဒါစကြဝဠာအင်ပါယာက မျိုးတုံးသွားတာပဲ မဟုတ်ဘူးလား။ ကြည့်ရတာ ကံကြမ္မာကျောက်တုံးကလည်း သိပ်တော့ အသုံးမကျပါဘူး"

"အဲဒါက..."

ကျန်းမုန့်လောင်၏ စကားကြောင့် ကောရှန်မှာ ဆွံ့အသွား‌ေချသည်။ အမှန်ပင် ဇူဒါစကြဝဠာအင်ပါယာ မျိုးတုံးပျောက်ကွယ်သွားမည်ဖြစ်ကြောင်း မည်သူမှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ပေ။ မျိုးနွယ်စုပေါင်းများစွာ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရချိန်တွင် ထိုကျောက်တုံးက လုံးဝအသုံးမဝင်ခဲ့ပေ။

"ထားလိုက်ပါတော့... ငါလည်း တိုးတက်ဖို့အတွက် ဒီလိုအရာတွေကို အားကိုးဖို့ စိတ်ကူးမထားပါဘူး။ ဘယ်လောက်ပဲ ကောင်းနေပါစေ... ငါ့အိမ်လောက်တော့ မမိုက်ပါဘူး"

ကျန်းမုန့်လောင်က ဇူဒါမျိုးနွယ်စုတစ်ခုလုံး၏ စည်းစိမ်ဥစ္စာများထက်ပင် ပိုအရေးပါသော ဤရတနာကို ဂရုမစိုက်ပေ။

"ကဲ... အချိန်တန်ပြီ။ ဒီရတနာရှာဖွေပွဲကြီးကို အဆုံးသတ်လိုက်သင့်ပြီ။ အားလုံးလည်း အိမ်ပြန်သင့်ပြီ။ နောင်အနာဂတ်မှာလည်း ဒါကို ထပ်ဖွင့်စရာမလိုတော့ဘူး"

"ဟုတ်ကဲ့ပါ... ချက်ချင်းအဆုံးသတ်ပြီး အားလုံးကို အပြင်ပို့ပေးလိုက်ပါမယ်"

မျက်စိတစ်မှိတ်အတွင်းမှာပင် ရတနာရှာဖွေရေးနယ်မြေတစ်ခုလုံးကို အလင်းတန်းတစ်ခု ရိုက်ခတ်သွားသည်။ ထိုအရာမှာ သူတို့ အထဲသို့ စဝင်လာစဉ်က အခြေအနေနှင့် တစ်ပုံစံတည်းနီးပါး တူညီနေ‌ေပသည်။

"ဘာတွေဖြစ်နေတာလဲ။ စကြဝဠာနှစ်၂နှစ်တောင် မပြည့်သေးဘူးလေ...ဘာလို့ စောစောစီးစီး အဆုံးသတ်လိုက်ရတာလဲ"

"မဖြစ်ရဘူးလေ။ ဒီအခွင့်အရေးအတွက် ငါ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာကို ဘာလို့လဲ"

"တစ်ယောက်ယောက်က ဇူဒါမျိုးနွယ်စုတစ်ခုလုံးကို အမွေဆက်ခံလိုက်တာများလား"

စမ်းသပ်ရေးမျှော်စင် ရှိနေကြောင်း သိထားသူတချို့က ချက်ချင်းတွေးမိသွားသည်။

"ဘယ်သူလဲ။ ရီထျန်းဂိုဏ်းက လူများလား"

"သဘောက ဒီနယ်မြေကြီးကို နောက်နောင် ထပ်မဖွင့်တော့ဘူးလား"

"အရင်းအမြစ်တွေနဲ့ ရတနာတွေက ဘယ်လောက်တောင် များနေလိုက်မလဲ"

သူတို့ သေချာစဉ်းစားရန် အချိန်ပင်မရလိုက်ဘဲ သူတို့၏ ခန္ဓာကိုယ်များမှာ အပြင်းအထန်ဆွဲဖြဲခံရသလို ခံစားလိုက်ရပြီးနောက် အပြင်ဘက်သို့ ချက်ချင်း ရွှေ့ပြောင်းခံလိုက်ရသည်။

...

ရတနာတိုက်၏ အဝင်ဝတွင် ဧရာမကျောက်တုံးဂြိုဟ်ရံကြီးတစ်ခုက စောင့်ကြိုနေပြီး မရေမတွက်နိုင်သော စကြဝဠာအင်ပါယာခေါင်းဆောင်များက မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

သတ်မှတ်ချိန်၏ ထက်ဝက်ခန့် ကုန်လွန်သွားပြီဖြစ်၏။ ယခုနှစ် ရတနာရှာဖွေရေးပြိုင်ပွဲမှာ ယခင်ကထက် များစွာပိုပြင်းထန်ကြမ်းတမ်းကြောင်း သိသာထင်ရှားလှသည်။ အပြင်ဘက်သို့ ပြန်ရောက်လာသော ရတနာရှာ‌ေဖွသူအရေအတွက်မှာ စုစုပေါင်းအရေအတွက်၏ သုံးပုံနှစ်ပုံခန့်အထိ ရှိနေပြီဖြစ်၏။

ယခင်အတွေ့အကြုံများအရ ပုံမှန်အားဖြင့် ဤအချိန်ဆိုလျှင် အလွန်ဆုံးရှိလှ လူတစ်ဝက်ခန့်သာ ပြိုင်ပွဲထဲက ထွက်ရလေ့ရှိသည်။

ယခုမူ ရင်ပြင်တစ်ခုလုံးသည် ရတနာရှာဖွေရေးနယ်မြေအတွင်း ရီထျန်းဂိုဏ်း ကျူးလွန်ခဲ့သော ပြစ်မှုပေါင်းများစွာကို အပြန်အလှန် ရှုတ်ချပြောဆိုေနကြသည့် သားကောင်များ၏ ဆွေးနွေးပွဲကြီးတစ်ခုအလား ဖြစ်နေတော့သည်။

မူလက ရီထျန်းဂိုဏ်း၏ အဆင့်လေးနှင့် အဆင့်ငါး သက်ရှိများကို အထင်သေးကာ လျှော့တွက်ခဲ့ကြသော ရတနာရှာ‌ေဖွသူများနှင့် စကြဝဠာအင်ပါယာဘုရင်များမှာ ယခုအခါ သူတို့ဘက်က နယ်မြေအတွင်း သောင်းကျန်းနေကြောင်း သတင်းများကို ကြားလိုက်ရသောအခါ ဒေါသပေါက်ကွဲမတတ် ဖြစ်နေကြသည်။

စကြဝဠာမျိုးနွယ်စုများသည် နှစ်ပေါင်းဘီလီယံချီ၍ တိုးတက်လာခဲ့သော်လည်း အဆင့်လေး အထွတ်အထိပ်သက်ရှိတစ်ဦးက အဆင့်ငါး အထွတ်အထိပ်သက်ရှိ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ လိုက်လံသတ်ဖြတ်နေသည်ဟု မည်သူကများ ကြားဖူးခဲ့မည်နည်း။ အဆင့်လေးအထွတ်အထိပ် သက်ရှိလူသားတစ်‌ေယာက်က အဆင့်ခြောက် အခြေခံသားရဲတစ်ကောင်ကို သတ်နိုင်သည်ဟုရော မည်သူ ကြားဖူးပါသနည်း။

ရီထျန်းဂိုဏ်းတွင် ငွေကြေးနှင့် နည်းပညာများ ရှိရုံသာမက တိုက်ခိုက်ရေးစွမ်းရည်ကလည်း ထိပ်တန်းအဆင့်တွင် ရှိနေကြောင်း ယခုတော့ သူတို့ သဘောပေါက်သွားကြပြီဖြစ်၏။

"နောက်ထပ်လူတစ်စု ထွက်လာပြန်ပြီ"

"ဒီတစ်ခါ ဘာလို့ ဒီလောက်တောင် အများကြီးဖြစ်နေတာလဲ"

"မဖြစ်နိုင်ဘူး။ သာမန်အတိုင်း ထွက်လာရတာနဲ့ မတူဘူး။ သာမန်အတိုင်း ရှုံးနိမ့်ပြီး ထွက်လာရတာဆိုရင် ဒီလောက်လူ‌ေတွအများကြီးက တစ်ပြိုင်တည်း ဘယ်လိုလုပ်ပြီး ထွက်လာနိုင်မှာလဲ"

"ပြိုင်ပွဲပြီးသွားပြီ ထင်တယ်"

"အားလုံးနီးပါးက အစိမ်းရောင်တွေချည်းပဲ"

တစ်ချက်ကြည့်လိုက်ရုံဖြင့် အားလုံးနီးပါးမှာ အစိမ်းရောင်ခေါင်းများဖြင့် ပြည့်နှက်နေပြီး အဝါရောင်ဆိုလျှင် လက်ချိုးရေတွက်၍ရလောက်အောင် ရှားပါးလှ၏။ လိမ္မော်ရောင် အနီရောင် သို့မဟုတ် အခြားအရောင်များဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

ရီထျန်းဂိုဏ်းသားများက ဘေးကင်းနယ်‌ေမြများအားလုံးကို သိမ်းပိုက်ထားပြီးနောက် အရူးအမူး လုယက်ခဲ့သည်။ အခြားလူများအနေနှင့် ဘေးကင်းရာနေရာကို ရှာချင်ပါက သူတို့ ငွေညှစ်ခံရမည်သာ။

ဘာ... အဲဒီမြို့တွေကို မသွားဘူးလား။

သားရဲလှိုင်းလုံးကြီးအပြီးတွင် နေရာတိုင်းမှာ သားရဲရိုင်းများ ပြည့်နှက်နေသည်ကို မဆိုထားနှင့်။ တောရိုင်းထဲတွင် ရီထျန်းဂိုဏ်းသားများကို မတွေ့နိုင်ဘူးဟုများ ထင်‌ေန‌ေလသလား။ လမ်းပိတ်ပြီး လုယက်ကြသည့် ထိုလူများက နာမည်ပျက်မည်ကိုပင် ဂရုမစိုက်ကြချေ။ ပြောင်သလင်းခါအောင် လုယက်သွားကြမည်သာ။

အသက်ရှင်ရပ်တည်ဖို့ပင် ခက်ခဲနေသည့် အခြေအနေတွင် ကံကြမ္မာမီးတောက်များကို ဘယ်လိုလုပ် ပိုရနိုင်တော့မည်နည်း။

ဆန့်ကျင်ဘက်အနေနှင့် ရီထျန်းဂိုဏ်းသားများမှာ သူတို့၏ ပတ်ဝန်းကျင်ရှိ လူများနှင့် သိသိသာသာ ကွဲပြားနေ၏။ အစိမ်းရောင်ပင်လယ်ပြင်ထဲမှ အနီရောင်အစက်လေး တစ်စက်အလား ထင်ရှားနေသည်။

ရီထျန်းဂိုဏ်းမှ ရတနာရှာ‌ေဖွသူအ‌ေယာက်လေးသောင်းစလုံးထဲတွင် စောစောစီးစီး ထွက်လိုက်ရသူဟူ၍ တစ်ယောက်မှမရှိပေ။ သူတို့အနေနှင့် အန္တရာယ်များနှင့် ရံဖန်ရံခါကြုံတွေ့ရတတ်သော်လည်း မကြွားဝံ့သည့်တိုင် ပြဿနာမရှိပါဘဲ ထွက်ပြေးနိုင်ခဲ့ကြသည်။ သူတို့အထဲတွင် ကံအဆိုးဆုံးမှာ ယန်လင်းဖြစ်ပေလိမ့်မည်။

ထိုအယောက်လေးသောင်းအနက် သုံးသောင်းခွဲကျော်တွင် ခရမ်းရောင်ကံကြမ္မာမီးလျှံများ ရှိပြီး ကျန်လေးထောင်ကျော်မှာမူညအနက်ရောင်များ ရှိကြသည်။ ထို့ပြင် လူအုပ်ထဲတွင် သက်တန့်ရောင်တောက်ပနေသော လူငယ်တစ်‌ေယာက်ပင် ပါနေသေးသည်။

ရွှေရောင်အလင်းတန်း‌ေနာက်တစ်ခုက ရင်ပြင်ကို ဖြတ်သန်းသွားသောအခါ ကံကြမ္မာမီးတောက်များ ပျောက်ကွယ်သွားပြီး နက်နဲဆန်းကြယ်သော စွမ်းအားတစ်ရပ်က အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးပေါ်သို့ တိတ်တဆိတ် ကျရောက်လွှမ်းမိုးသွားသည်။

...

"ငါတို့ လုပ်နိုင်ခဲ့ပြီ။ နှစ်ထောင်ပေါင်းများစွာ သုတေသနလုပ်နေခဲ့တဲ့ နည်းပညာကို နောက်ဆုံးတော့ ငါတို့ ဖောက်ထွင်းအောင်မြင်သွားပြီ"

ဤသည်မှာ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ အမြင့်ဆုံးဓာတ်ခွဲခန်းမှ ပေးပို့လာသော သတင်းစကားဖြစ်သည်။

"ဘုရင်ကြီးကို အမြန်အကြောင်းကြားလိုက်။ သူ့ရဲ့ ၆၇၂၂၄၃ယောက်မြောက် မိဖုရားက မီးဖွားလိုက်ပြီ။ ကလေးလေးက မွေးကတည်းက အဆင့်လေး အထွတ်အထိပ်သက်ရှိပဲ။ ဘုရားရေ... ဒီလောက်တောင် သက်ဝင်လှုပ်ရှားနေတဲ့ မွေးရာပါမျိုးရိုးဗီဇစွမ်းရည်ပိုင်ရှင်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး"

"သတ္တုတွင်းနယ်မြေသစ်တစ်ခုကို ရှာတွေ့ပြီလို့ အာဏာပိုင်တွေကို အမြန်အကြောင်းကြားလိုက်ပါ။ အဲဒီဟာက အရင်က ရှာတွေ့ခဲ့တာတွေထက် ဆယ်ဆလောက် ပိုများတယ်"

"အပျက်အစီးတွေ... ဇူဒါမျိုးနွယ်စုခေတ်က ရှေးဟောင်းမျိုးနွယ်စုတွေ ချန်ထားရစ်ခဲ့တဲ့ အပျက်အစီးတွေကို ငါတို့မျိုးနွယ်စုက ရှာဖွေတွေ့ရှိသွားပြီ"

သိပ္ပံ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိုင်းပညာနယ်ပယ်နှင့် နယ်ပယ်ပေါင်းစုံနီးပါး ပါဝင်သော ထိုသတင်းစကားတစ်ခုချင်းစီက အမြွှာဝေလငါး စကြဝဠာအင်ပါယာအတွင်းမှ ပေါက်ကွဲထွက်လာသည့်အလားပင်။

မူလက စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားရမည့် ကံကြမ္မာစွမ်းအားမှာ မျိုးနွယ်စုတစ်ခုတည်းအပေါ်တွင် စုစည်းသွားသောအခါ ထိုမျိုးနွယ်စုသည် ကြီးမားလှသော အပြောင်းအလဲများ ပေါက်ကွဲထွက်ပေါ်လာတော့မည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

...

ဤရင်ပြင်ရှိ လူများမှာ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၌ မည်သို့ဖြစ်ပျက်နေကြောင်း မသိကြသေးပေ။ ယခုတစ်‌ေခါက် ရတနာရှာဖွေရေးနယ်မြေ ဖွင့်လှစ်ခြင်း၏ ရလဒ်များမှာ အလွန်ထူးဆန်းအံ့ဩဖွယ် ကောင်းလွန်းလှသည်။

"ရီထျန်းဂိုဏ်းသားတွေက ဇူဒါမျိုးနွယ်စုရဲ့ အမွေဆက်ခံသူတွေ ဖြစ်သွားကြပြီ"

မည်သူက သတင်းစဖြန့်လိုက်သည်ကို မသိရသော်လည်း ဤသတင်းက ရင်ပြင်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

ဤရတနာရှာဖွေရေးနယ်မြေအတွင်း၌ ကိုးထပ်မျှော်စင်ပါရှိသော သမုဒ္ဒရာမြို့တော်တစ်ခု ရှိကြောင်း ထိုစကြဝဠာအင်ပါယာ ခေါင်းဆောင်များလည်း သိထားကြသည်။ မျှော်စင်၏ စမ်းသပ်မှုများကို အောင်မြင်ပါက ဇူဒါမျိုးနွယ်စု၏ အမွေအနှစ်များကို ဆက်ခံသူ ဖြစ်လာနိုင်ပေသည်။

သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် မည်သူမှ ကိုးထပ်သို့ မရောက်ဖူးသလို ရှစ်ထပ်ကို စိန်ခေါ်နိုင်သူများပင် အလွန်ရှားပါးလှသည်။

တစ်စုံတစ်ယောက်က ကိုးထပ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ဇူဒါမျိုးနွယ်စု၏ စည်းစိမ်ဥစ္စာအားလုံးကို ရရှိသွားသောကြောင့် ရတနာရှာဖွေပွဲကြီး စောစောစီးစီး အဆုံးသတ်သွားခြင်းများလားဟု သူတို့ မေးခွန်းထုတ်နေခဲ့ကြခြင်းပင်။ ယခုမူ ဤသတင်းက ထိုသံသယကို အတည်ပြုပေးလိုက်‌ေလပြီ။

အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ ခေါင်းဆောင်တစ်‌ေယာက်အနေနှင့် အိုတစ်စ်မှာ အလွန်အမင်း ဗျာများနေ‌ေချသည်။

သူ့စကြဝဠာအင်ပါယာရှိ လူများမှာ ဇူဒါမျိုးနွယ်စု၏ စည်းစိမ်ဥစ္စာအားလုံးကို ရရှိသွားခြင်းဖြစ်‌ေလရာ သူလည်း သဘာဝကျကျပင် ပျော်ရွှင်နေမိသည်။ များပြားလှသော အရင်းအမြစ်များကို မဆိုထားနှင့်။ ထိုကံကြမ္မာမီးတောက်များက ယူဆောင်လာပေးသည့် မျိုးနွယ်စု၏ တိုးတက်မှုလေးတစ်ခုကပင် သူ့စိတ်ကူးထက် သာလွန်နေပြီဖြစ်၏။

သို့သော် အခြားတစ်ဖက်တွင်လည်း ခွဲဝေမှုများပြုလုပ်စဉ်က သူတို့သည် စကြဝဠာအင်ပါယာအဖွဲ့ဝင် အားလုံးကို စော်ကားမိခဲ့ပြီး ယခုအခါ စကြဝဠာတစ်ခုလုံးမှာ လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။ သူတို့အရှုံးပေါ်နေချိန်တွင် အိုတစ်စ်တို့အဖွဲ့သာ လက်ဆောင်ပစ္စည်း အပြည့်အစုံဖြင့် ပြန်လာခဲ့ကြခြင်းဖြစ်၏။ ရီထျန်းဂိုဏ်း၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသော ပထမဆုံးရတနာရှာ‌ေဖွသူတစ်သိုက် အပြင်သို့ ရောက်လာကတည်းက သူလည်း လူအများ၏ အထင်သေးရှုတ်ချမှုများကို ခံခဲ့ရသည်။

အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ ဘုရင်တစ်ပါး ဖြစ်လင့်ကစား လူပုံအလယ်တွင်သာ မဟုတ်လျှင် သူ့အနေနှင့် ယခုအချိန်တွင် တစ်စစီဆွဲဖြဲခံရလောက်ပြီ ဖြစ်၏။

ယခုတော့ ပို၍ပင် ပေါက်ကွဲထိတ်လန့်ဖွယ်ကောင်းသော သတင်းများ ရောက်ရှိလာပြန်‌ေလရာ ယနေ့ ဤနေရာက အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလားဟုပင် သံသယဝင်မိသည်။

"စိတ်လှုပ်ရှားနေတာလား"

အိုတစ်စ်တစ်ယောက် တုန်ရီနေကြောင်း ကျန်းမုန့်လောင် သတိပြုမိလိုက်သည်။

"မစ္စတာကျန်း... သူတို့ပြောနေတာတွေက အမှန်တွေပဲလား"

"ဟုတ်တယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ဇူဒါမျိုးနွယ်စုရဲ့ အမွေအနှစ်‌ေတွအားလုံးက အခု ငါ့အပိုင်ဖြစ်သွားပြီ"

"မစ္စတာကျန်း... ဒီနေ့တော့ ကျွန်တော်တို့ အလွယ်တကူ ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူးထင်တယ်"

အိုတစ်စ်က ခါးသက်သက် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

"အရင်က အင်အားအကြီးဆုံး ဇူဒါမျိုးနွယ်စုကို မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး ဖျက်ဆီးပစ်ခဲ့ကြတာက သူတို့ဆီမှာ ပြဿနာတွေကို ဆွဲဆောင်နိုင်တဲ့ စည်းစိမ်ဥစ္စာတွေ အရမ်းများနေလို့ပဲ‌ေလ။ အခု စကြဝဠာမျိုးနွယ်စုတွေက အဲဒီအချိန်ကနဲ့ယှဉ်ရင် အနည်းဆုံး ဆယ်ဆလောက် ပိုအင်အားကြီးနေပြီ။ ကျွန်တော်တို့တော့..."

ကျန်းမုန့်လောင်က အိုတစ်စ်၏ ပခုံးကို ပုတ်လိုက်၏။

"စိတ်မပူပါနဲ့...ဒါက အသေးအဖွဲလေးပါ"

*******************

All Chapters