အခန်း ၉၈၉
Vol. 66 Ch. 989
အခန်း ၉၈၉ - ဒါပေမဲ့ ငါ့ဆီမှာ တစ်သောင်းတောင် ရှိတယ်လေ
"မင်း ဘာပြောလိုက်တယ်"
နိုအာ့စ်၏ မျက်နှာအမူအရာကား ပြောင်းလဲသွားသည်။ သူသည် မဟာမိတ်ကောင်စီ၏ ဥက္ကဋ္ဌတစ်ေယာက်ဖြစ်သည့်အပြင် အဆင့်ရှစ်သက်ရှိတစ်ေယာက်လည်း ဖြစ်ပေသည်။ သာမန်အဆင့်ငါးသက်ရှိများအနေနှင့် သူ့ရှေ့တွင် စကားပြောခွင့်ပင် မရှိပေ။
သူ့ဘက်က ကျန်းမုန့်လောင်နှင့် ယဉ်ယဉ်ကျေးကျေး ညှိနှိုင်းနေရခြင်းမှာ သူ့နောက်ကွယ်ရှိ အဆင့်ကိုး သက်ရှိကို လေးစားသောကြောင့်သာ။ သို့သော် ထိုအချက်က ကျန်းမုန့်လောင်ဘက်က သူနှင့် တန်းတူရပ်တည်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
"မင်း ရူးနေတာလားလို့ ငါ ပြောလိုက်တာ"
ကျန်းမုန့်လောင်ကလည်း ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်သည်။
"မင်းက တုံးလှချည်လား။ တစ်ခါကြားရုံနဲ့ မလုံလောက်လို့ နောက်တစ်ခါ ထပ်ကြားချင်နေတာလား။ ဇူဒါမျိုးနွယ်စုရဲ့ပစ္စည်းတွေ တန်ဖိုးဘယ်လောက်ရှိလဲဆိုတာ ငါ မင်းကို တကယ်ပြောပြဖို့ လိုသေးလား။ ငါ့ဆီကနေ အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုကို အလွယ်ေလးထုတ်ရောင်းလိုက်ရင်တောင် စကြာဝဠာဒင်္ဂါးတစ်သောင်းထက်မက တန်ဖိုးရှိတယ်ကွ"
"မင်းတို့ရဲ့ စုပေါင်းပိုင်ဆိုင်မှုအဖြစ် ပြန်ပေးရမယ် ဟုတ်လား။ ဇူဒါမျိုးနွယ်စုရဲ့ ပစ္စည်းတွေက မင်းတို့နဲ့ ဘာဆိုင်လို့လဲ။ မင်း သဘောကျတိုင်း မင်းအပိုင်ဖြစ်မသွားဘူးလေ။ မင်းအမေကို ငါ သဘောကျရင်ရော ငါပိုင်တယ်လို့ ပြောလို့ရမလား"
ကျန်းမုန့်လောင်၏ ထက်ရှပြတ်သားသော စကားလုံးများ ဆက်တိုက်ထွက်ပေါ်လာချိန်တွင် အိုတစ်စ်ခမျာ မှင်တက်သွားသည်။ ကျန်စကြဝဠာအင်ပါယာများ၏ ဘုရင်များနှင့် ရတနာရှာေဖွသူများလည်း အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြသည်။
ပြီးခဲ့သည့်တစ်ေခါက်က သူ့နောက်ကွယ်ရှိ အဆင့်ကိုး သက်ရှိကို အားကိုးပြီး ရှီေလာ့စကြဝဠာအင်ပါယာ၏ ဘုရင်ကို ပြင်းထန်သော သင်ခန်းစာတစ်ခု ပေးခဲ့ခြင်းမှာ အကြောင်းမဟုတ်ပေ။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့ဘက်က လူအင်အားများသော်လည်း အားလုံးက အဆင့်ငါး သက်ရှိများသာ ဖြစ်ပြီး အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ အရှင်သခင်ပင် အဆင့်ခြောက်သက်ရှိသာ ရှိသေးသည်။ နိုအာ့စ်က သူတို့အုပ်စုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်းရှိပါလျက်နှင့် သူက ဤမျှ ရဲရဲတင်းတင်း ပြောဆိုရဲသေးသလား။
နိုအာ့စ်က အမှန်တကယ် ထိုသို့လုပ်ချင်နေသော်လည်း အဆင့်ရှစ်သက်ရှိတစ်ေယာက်အနေနှင့် ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်လျှင် သူ့ဂုဏ်သိက္ခာကို ကျဆင်းစေမည့်အပြင် ဇူဒါမျိုးနွယ်စု၏ ပိုင်ဆိုင်မှုများကို လုယူချင်၍သာ ဤသို့လုပ်ခြင်းဖြစ်သည်ဟု ကောလာဟလများပင် ထွက်ပေါ်လာနိုင်ပေသည်။
သူလည်း ဒေါသကို မျိုသိပ်၍ ဆက်ပြောလိုက်သည်။
"ကျန်းမုန့်လောင်... မင်းသိတဲ့အတိုင်းပဲ ဒီရတနာရှာဖွေရေးနယ်မြေဆိုတာ မျိုးနွယ်စုတစ်ခုချင်းစီရဲ့ ကံကြမ္မာစွမ်းအားတွေကို ခွဲဝေပေးတဲ့နေရာဖြစ်တဲ့အတွက် စကြဝဠာတစ်ခုလုံးအတွက် အရမ်းအရေးကြီးတယ်"
"ဒီလောကကြီးမှာရှိတဲ့ ကိစ္စတော်တော်များများကို စကားနှစ်ခွန်းတည်းနဲ့ ဖြေရှင်းလို့ရတယ်ဆိုတာ မင်းသိလား"
"ဘာစကားတွေလဲ"
နိုအာ့စ်ခမျာ အနည်းငယ် ကြောင်အသွားသည်။
"တစ်ခုက 'မင်းနဲ့ ဘာဆိုင်လို့လဲ'တဲ့။ နောက်တစ်ခုက 'ငါနဲ့ ဘာဆိုင်လို့လဲ'ဆိုတာပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"စကြဝဠာကံကြမ္မာစွမ်းအားခွဲဝေမှုက ငါနဲ့ ဘာဆိုင်လို့ ဂရုစိုက်နေရမှာလဲ။ ရတနာရှာဖွေရေးနယ်မြေ မရှိရင်ပဲ မျိုးနွယ်စုတွေက မတိုးတက်နိုင်တော့သလိုလိုနဲ့"
"မင်းက စကြဝဠာမျိုးနွယ်စုတွေရဲ့ တိုးတက်မှုကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား"
"ဝိုး... မွန်မြတ်လိုက်တဲ့ အကြောင်းပြချက်ကြီးပါလား။ ငါ့ကို ကိုယ်ကျင့်တရားတွေနဲ့ လာဖိအားပေးနေတာလား။ ငါ့မှာ ကိုယ်ကျင့်တရားဆိုတာတောင် မရှိဘူး။ ဒီနေရာမှာ ဘယ်သူ့ညီမကို လာခိုးပြေးချင်လို့လဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်းက ရတနာရှာဖွေရေးနယ်မြေ မရှိရင် ကံကြမ္မာစွမ်းအားတွေ ထပ်မယူနိုင်တော့မှာကို ကြောက်နေတာမလား။ အဲဒီလိုဖြစ်သွားရင် မျိုးနွယ်စုတွေအားလုံးက အရှိန်အဟုန်အတူတူနဲ့ တိုးတက်လာကြပြီး တခြားမျိုးနွယ်စုတွေနဲ့ မင်းတို့ကြားက တိုးတက်မှုကွာဟချက်ကို ချဲ့ထားလို့ မရတော့ဘူးလေ။ ငါပြောတာ မှားလို့လား"
နိုအာ၏ မျက်နှာပေါ်တွင် မသက်မသာဖြစ်သွားေလဟန် အရိပ်အယောင်များ ပေါ်လာသည်။ ဇူဒါမျိုးနွယ်စု၏ မရေမတွက်နိုင်သော ရတနာများအပြင် ဤသည်မှာ အကြီးမားဆုံးသော အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်၏။
ရတနာရှာဖွေရေးနယ်မြေအတွင်း အခြားမျိုးနွယ်စုများ၏ ကံကြမ္မာစွမ်းအင်များကို လုယူခြင်းဖြင့် သူတို့၏အင်အားကို တောင့်တင်းခိုင်မာစေသည်။ ထိုအရာက ထိပ်တန်းမျိုးနွယ်စုများ ကြီးပွားတိုးတက်နေရခြင်း၏ အကြောင်းအရင်းပင်။ ဤသည်မှာ ရတနာရှာဖွေပွဲတိုင်းမှ ရရှိလာသော ကံကြမ္မာစွမ်းအား စုဆောင်းမှုကြောင့်သာ ဖြစ်ပေသည်။
အင်ပါယာမဟာမိတ်ကောင်စီ၏ ဥက္ကဋ္ဌတစ်ေယာက်အနေနှင့် သူသည် အင်အားကြီးမျိုးနွယ်စုများ၏ ရှုထောင့်ကတစ်ဆင့် စဉ်းစားရမည်မှာ သဘာဝပင်။
"အဆင့်မြင့်မျိုးနွယ်စုလို့တောင် ကြွေးကြော်နေသေးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး။ မင်းတို့ရဲ့ အကျိုးတူကြီးပွားတိုးတက်ရေးဆိုတာ ငါတို့ဂြိုဟ်လောက်တောင် ကောင်းကောင်းမလုပ်နိုင်သေးဘူး"
ကျန်းမုန့်လောင်က လက်နောက်ပစ်ကာ မောက်မာပြီး ယုံကြည်မှုအပြည့်ရှိသော ဟန်ပန်ဖြင့် ပြောလိုက်သည်။
"ကြွယ်ဝချမ်းသာမှုနဲ့ ဦးဆောင်တယ်ဆိုတာ ဘာလဲ။ နောက်ကျကျန်နေတဲ့လူတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးတယ်ဆိုတာဘာလဲ မင်းသိလား။ အလုံးစုံ သာယာဝပြောမှသာ အစစ်အမှန်သာယာဝပြောခြင်းတဲ့။ ငါ့အိပ်မက်က စကြဝဠာငြိမ်းချမ်းရေးနဲ့ အားလုံးအတူတကွ ကြီးပွားတိုးတက်ရေးပဲကွ"
"အပြောကောင်းလိုက်တာ"
ပတ်ဝန်းကျင်ရှိ အဆင့်ငါးမျိုးနွယ်စုေပါင်းများစွာက ကျန်းမုန့်လောင်၏ ဉာဏ်ရည်ပြည့်ဝသော စကားလုံးများကြောင့် လက်ခုပ်တီး၍ အားပေးချင်စိတ်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။
မျိုးနွယ်စုတစ်ခု၏ ကံကြမ္မာစွမ်းအား တိုးတက်လာေစရန်အတွက် အခြားမျိုးနွယ်စုတစ်ခုကို လုယက်ရမည်သာ ဖြစ်ပြီး ဤသာမန်အဆင့်ငါးအခြေခံမျိုးနွယ်စုများမှာ အင်အားကြီးမျိုးနွယ်စုများထံတွင် လုယက်ခံရသည့် ပစ်မှတ်များ ဖြစ်ကြသည်။
အဆင့်နိမ့်မျိုးနွယ်စုတစ်ခုမှ အဆင့်ငါးမျိုးနွယ်စုတစ်ခုဖြစ်လာရန် တစ်ဆင့်ပြီးတစ်ဆင့် ရုန်းကန်ခဲ့ရပြီးနောက် ဤသို့ေသာ ကံကြမ္မာစွမ်းအားများကို လုယက်ခံရခြင်းမှာ သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အလွန်နှေးကွေးသွားစေသည်။ တစ်ခါတစ်ရံတွင် သဘာဝဘေးအန္တရာယ်များ သို့မဟုတ် လူလုပ်ဘေးအန္တရာယ်များကို ဖြစ်ပေါ်စေေလရာ သူတို့ကို သမိုင်းရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားစေသည်အထိ ဖြစ်စေသည်။
ရတနာရှာဖွေရေးနယ်မြေအတွင်းတွင် သူတို့ ဇွဲနပဲကြီးစွာဖြင့် အားထုတ်ကြိုးပမ်းနေကြရခြင်းမှာ ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်သာ။
ယခု စကြဝဠာကံကြမ္မာစွမ်းအားများအားလုံး ပံုမှန်ပြန်ဖြစ်သွားပြီဆိုသည်မှာ သူတို့အနေနှင့် အခြားမျိုးနွယ်စုများကဲ့သို့ တိုးတက်ရန် အခွင့်အရေးတန်းတူရသွားပြီဟု ဆိုလိုခြင်းဖြစ်ရာ သတင်းကောင်းတစ်ခုပင် ဖြစ်သည်။ ထိုသို့သော မျိုးနွယ်စုများကသာ လူအများစုဖြစ်နေသည်မှာ သေချာလေသည်။
"ကြည့်စမ်း... လူတိုင်းက ငါ့ကို သဘောတူနေကြတယ်"
ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
"ငါက ဇူဒါမျိုးနွယ်စုရဲ့စည်းစိမ်တွေကို ကိုယ့်စွမ်းဆောင်ရည်နဲ့ကိုယ် အမွေဆက်ခံခဲ့တာ။ ဘယ်သူ့ဆီကမှလည်း မခိုးမဝှက်ထားဘူး။ မလုယက်ခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှဆွေးနွေးစရာ မရှိဘူး"
နိုအာ့စ်က စကြဝဠာအင်ပါယာများရှိ ဘုရင်များကို ရက်စက်ကြမ်းကြုတ်မှုနှင့် ခြိမ်းခြောက်မှုများ ပြည့်နှက်နေသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူတို့က ကျန်းမုန့်လောင်ကို ထောက်ခံရဲကြသေးသလား။
"ကောင်းပြီ ငါ အိမ်ပြန်ပြီး ထမင်းစားချင်ပြီ။ ဘာမှမရှိတော့ဘူးဆိုရင် ငါ သွားတော့မယ်။ မင်းလည်း တခြားတစ်နေရာရာမှာ သွားအအေးခံလိုက်ပါလား"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က ထွက်သွားရန် ဟန်ပြင်လိုက်သည်။
"မိုက်လိုက်တာ.. ငါတို့ မပြောရဲတဲ့စကားကို သူက ပြောချသွားတယ်"
"ဒါက ရီထျန်းဂိုဏ်းရဲ့ ပုံစံမျိုးလား။ ကျားကိုတောင် မကြောက်တဲ့ နွားပေါက်လေးတစ်ကောင်လိုပဲ တကယ်အကြောက်အလန့်ကင်းချက်"
"သူတို့ရဲ့ အဆင့်ကိုးသက်ရှိက ဒီမှာရှိနေတာတောင် မဟုတ်ဘူး။ သူ ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်အထိ ရဲရင့်နေရတာလဲ။ သူတို့ဆီမှာ တခြားလျှို့ဝှက်လက်နက်များ ရှိနေသေးတာလား"
ရိုးရိုးသားသားပြောရလျှင် သာမန်အဆင့်ငါးမျိုးနွယ်စုများရှိ လူများမှာ ကျန်းမုန့်လောင်၏ စကားများကို အပြည့်အဝထောက်ခံကြသည်။ ရတနာရှာဖွေပွဲတိုင်းတွင် သူတို့သည် များလှစွာသော စရိတ်များကို ပေးဆပ်ခဲ့ရသော်လည်း ဘာအကျိုးအမြတ်မှ မရရှိခဲ့ပေ။ သို့သော်လည်း မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုအတွက် သူတို့ ပါဝင်ခဲ့ကြရသည်။ ဤစကားလုံးများကို သူတို့ ပြောချင်နေခဲ့သည်မှာ ကြာလေပြီ။
"လူငယ်လေး.. ငါက မင်းနောက်ကွယ်က အဆင့်ကိုး သက်ရှိကို လေးစားလို့ ယဉ်ယဉ်ကျေးကျေး ပြောနေတာ။ ကျေးဇူးကန်းတဲ့အလုပ် မလုပ်နဲ့။ ငါက မင်းကို ကြောက်နေတာ မဟုတ်ဘူးနော်"
နိုအာ့စ်က သူနှင့် ကျန်းမုန့်လောင်နှစ်ယောက်သာ ကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။
"ဪ... ဟုတ်လား။ ဒါဆိုလည်း အခု မင်း သူ့ကို ငဲ့ညှာနေစရာ မလိုတော့ဘူးလေ"
ကျန်းမုန့်လောင်က သူ့မျက်နှာကိုပုတ်ကာ ပြောလိုက်သည်။
"ငါက အဲဒီလောက်အထိ ကျေးဇူးကန်းတတ်တာ။ အခု ငါ့ကို သတ်ချင်နေပြီလား"
"ကောင်းပြီ။ ရှေးဟောင်းအမွေအနှစ်တွေအကြောင်း ဆက်မပြောကြတော့ဘူး"
နိုအာ့စ်က ပြောလိုက်သည်။
"အခု မင်း တခြားမျိုးနွယ်စုတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ခဲ့တဲ့အကြောင်း ပြောကြရအောင်"
ရတနာရှာဖွေရေးနယ်မြေထဲတွင် မင်းပစ္စည်းငါလုပြီး ငါ့ပစ္စည်းမင်းလုတတ်သည့် ကိစ္စများမှာ အများအပြား ရှိတတ်၏။ ဤသည်မှာ အသံတိတ်စည်းမျဉ်းတစ်ခုပင်။
သို့သော် ပုံမှန်အားဖြင့် အင်အားကြီးမျိုးနွယ်စုများက အားနည်းသော မျိုးနွယ်စုများကို လုယက်လေ့ရှိပြီး ရတနာရှာဖွေပွဲ ပြီးဆုံးသွားသည့်တိုင်အောင် ထိုအားနည်းသူများမှာ သိပ်မညည်းတွားဝံ့ဘဲ သူတို့၏ ဆုံးရှုံးမှုများကိုသာ ကြိတ်မှိတ်သည်းခံလိုက်ရလေ့ရှိသည်။
"မျိုးနွယ်စုေတာ်ေတာ်များများက ရတနာရှာေဖွသူတွေက ရတနာရှာဖွေရေးနယ်မြေက သူတို့ရလာတဲ့ အကျိုးအမြတ်တွေအားလုံးကို မင်း လုယက်ခဲ့တယ်လို့ သူတို့ဘုရင်တွေကတစ်ဆင့် တိုင်ကြားခဲ့ကြတယ်။ အဲဒီကိစ္စအတွက် ငါ အငြင်းပွားမနေပါဘူး။ ဒါပေမဲ့ မင်းက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကိုပါ ယူသွားတာဆိုတော့ သိပ်လွန်မသွားဘူးလား"
"ငါက ကိုယ့်စွမ်းဆောင်ရည်နဲ့ကိုယ် ယူခဲ့တာလေ။ ပြန်ပေးရမယ် ဟုတ်လား"
ကျန်းမုန့်လောင် အံ့ဩသွားဟန်ပြလိုက်သည်။
"ဒါက အမှန်ပဲထင်တယ်။ ဒါဆိုရင် ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ။ ဒီကိစ္စကို ငါ စုံစမ်းစစ်ဆေးဖို့လိုတယ်"
"ဝိုး... ကောင်းလိုက်တဲ့အကြောင်းပြချက်။ ဒါပေမဲ့ ဆောရီးပါကွာ။ မင်းနဲ့လိုက်ဖို့ အစီအစဉ် မရှိဘူး"
"ဒါက မင်းသဘောအတိုင်း ဖြစ်လာမှာ မဟုတ်ဘူး"
ဤတစ်ကြိမ်တွင် နိုအာ့စ်သည် ကျန်းမုန့်လောင်ရှေ့တွင် ဟန်ဆောင်ေနသမျှ အရာအားလုံးကို အပြီးတိုင် ဖယ်ရှားလိုက်ပြီး ကြီးမားကျယ်ပြန့်လှသော စွမ်းအားများက ဧရာမလက်ဝါးကြီးတစ်ဖက်အဖြစ် စုစည်းသွားကာ ကျန်းမုန့်လောင်ကို လှမ်းဆွဲလိုက်သည်။
"အရှင်နိုအာ့စ်... မုန့်လောင်က လူငယ်ဆိုတော့ စိတ်လိုက်မာန်ပါ လုပ်တတ်လို့ပါ။ ကျေးဇူးပြုပြီး သူနဲ့ အဆင့်ချင်းမယှဉ်ပါနဲ့"
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အိုတစ်စ်က သူ့ကိုကူညီရန် ချက်ချင်း ထွက်လာခဲ့သည်။
"ငါ့ကိုတားရအောင် မင်းက ဘာကောင်မို့လို့လဲ"
နိုအာက သူ့ကို တစ်ချက်ပင် လှည့်မကြည့်ပေ။
ဧရာမလက်ဝါးကြီးက ကျန်းမုန့်လောင်နှင့် ဆယ်မီတာအကွာသို့ ရောက်လာချိန်တွင် ဧရာမအမည်းရောင် ပုံရိပ်ကြီးတစ်ခုက လမ်းခုလတ်မှ ဝင်ရောက်ပိတ်ဆို့လိုက်သည်။ ထိုအရာကား အဆင့်မြင့်အရိပ်စစ်သည်တော်တစ်ေယာက်ပင်။
"အဆင့်ရှစ်သက်ရှိအဆင့်မှာရှိတဲ့ ရုပ်သေးရုပ်တစ်ရုပ်လား"
နိုအာ့စ်က လှောင်ပြောင်လိုက်သည်။
"ဇူဒါမျိုးနွယ်စုက ပစ္စည်းကောင်းတော်တော်များများ ချန်ထားခဲ့ပုံရပေမဲ့ ဒီလိုပစ္စည်းတစ်ခုတည်းကတော့ မင်းကို ကာကွယ်ပေးဖို့ မလုံလောက်ဘူးကွ"
အဆင့်ရှစ်သက်ရှိများ၏ အထွတ်အထိပ်ရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ေယာက်အနေနှင့် အရိပ်စစ်သည်တော် တစ်ေယာက်တည်းနှင့် သူ့ကို မတားဆီးနိုင်ပေ။
"တစ်ခုတည်းနဲ့ ငါ့ကို မကာကွယ်နိုင်ဘူးဆိုရင် တစ်သောင်းဆိုရင်ရော ဘယ်လိုလဲ"
*********************