အခန်း ၉၉၀
Vol. 66 Ch. 990
အခန်း ၉၉၀ - အရှင် သူက ဖြတ်လမ်းနည်းသုံးနေတာ
"အဲဒါကြီးက ဘာကြီးလဲ"
မထွက်ခွာရသေးသူများမှာ ဧရာမအနက်ရောင်ရုပ်သေးရုပ်ကြီးကို စိုက်ကြည့်နေပြီး ထိုနေရာတွင်ရှိနေသူ ၉၉ရာခိုင်နှုန်းကျော်က သူ့ထံမှ ထွက်ပေါ်လာသော အနိုင်ယူမရနိုင်သည့် စွမ်းအားတစ်ရပ်ကို ခံစားလိုက်ကြရသည်။
"အဲဒီအရာကြီးကို အရင်က ငါ မြင်ဖူးတယ်"
ရီထျန်းဟိုတယ်တွင် တည်းခိုခဲ့ဖူးသော လူအုပ်ထဲမှ ရတနာရှာေဖွသူတစ်ဦးက ပြောလိုက်သည်။
"သူ အဲဒါကို အပျက်အစီးတစ်ခုထဲကနေ ရှာတွေ့ခဲ့တာ... အဲဒါက အရမ်းအစွမ်းထက်တဲ့ တိုက်ခိုက်ရေးလက်နက်တစ်ခုပဲ။ အဲဒီလက်နက်က အဆင့်ရှစ်သားရဲတစ်ကောင်ကို သတ်ပစ်လိုက်တာ ငါ့မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတယ်"
"အဆင့်ရှစ်..."
စကြဝဠာအင်ပါယာ၏ အရှင်သခင်အများစုမှာ အဆင့်ခြောက်သက်ရှိများသာ ဖြစ်ေလရာ ကျန်းမုန့်လောင်အနေနှင့် ထိုအရိပ်စစ်သည်တော်ကို အသုံးပြုရုံမျှဖြင့် သူတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်ပေသည်။
"အဲဒါကို ဘာနဲ့မောင်းနှင်တာလဲ"
တစ်စုံတစ်ယောက်က ချက်ချင်းမေးလိုက်သည်။ ဤမျှ အစွမ်းထက်သောအရာကို ဘာစရိတ်မှမကုန်ဘဲ အသုံးပြုနိုင်မည် မဟုတ်ပေ။ သို့မဟုတ်ပါက ယုံကြည်နိုင်စရာမရှိလောက်အောင် အလွန်ကောင်းမွန်နေေပလိမ့်မည်။
"အဲဒါက ကြယ်အမြုေတတွေနဲ့ အလုပ်လုပ်တာ"
"ဒါဆိုလည်း တော်သေးတာပေါ့"
ဘုရင်များမှာ စိတ်အေးသွားကြသည်။ ကြယ်အမြုေတများမှာ အလွန်တရာ ရှားပါးပြီး မယုံနိုင်လောက်အောင် တန်ဖိုးကြီးမားလှပေသည်။ စကြဝဠာအင်ပါယာတစ်ခုလုံး၏ တန်ကြေးမှာ ကြယ်အမြုေတတစ်ခုနှင့်ပင် ညီမျှချင်မှ ညီမျှမည်ဖြစ်ကြောင်း အများစုက နားလည်ထားကြသည်။
"ဒါပေမဲ့ သူ့ဆီမှာ အဲဒီပစ္စည်းတွေ သောင်းနဲ့ချီပြီး ရှိတယ်"
ထိုရတနာရှာေဖွသူက ကြောက်လန့်တကြား ဆက်ပြောေလသည်။
"ကျန်းမုန့်လောင် မြို့တစ်မြို့ကို တိုက်ခိုက်တုန်းက အဲဒီမြို့က အဆင့်ငါးစွမ်းအင်သလင်းကျောက် သန်းပေါင်းများစွာ ကုန်သွားတဲ့အထိ ဒီအရိပ်စစ်သည်တော်ကို အားကိုးပြီး တိုက်ခိုက်ခဲ့တာ။ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုက သူတို့ရဲ့အင်အားထက်တောင် ပိုကြောက်စရာကောင်းသေးတယ်"
"ဒီလိုပစ္စည်းမျိုး တစ်ခုတည်းပဲရှိတာ တော်သေးတယ်"
ဘုရင်တစ်ပါးက သက်ပြင်းချရင်း ပြောလိုက်သည်။
"သူ့ဆီမှာ ဒီလိုအရာတွေ တပ်မကြီးတစ်ခုစာလောက်သာ ရှိနေရင် စကြဝဠာမျိုးနွယ်စုတွေထဲက ဘယ်သူကများ သူ့ကို ရင်ဆိုင်နိုင်မှာလဲ"
"အရှင်... အရှင် ယုံချင်မှယုံလိမ့်မယ်"
ထိုရတနာရှာေဖွသူက တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော် မြင်ခဲ့ရသလောက်ဆိုရင်တော့ အဲဒါမျိုး ၁၁၁ခု ရှိတယ်။ သူ အဲဒီအရိပ်စစ်သည်တော်တွေကို ဘယ်နှခုတောင် ရထားလဲဆိုတာ ကျွန်တော်တောင် သေချာမသိပါဘူး"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရင်ပြင်ပေါ်တွင် စနစ်တကျ စီတန်းထားသော အရိပ်စစ်သည်တော်တပ်မကြီးတစ်ခု ပေါ်လာခဲ့သည်။ သူတို့၏ ပုံပန်းသဏ္ဌာန်များမှာ တစ်ပုံစံတည်းဖြစ်ပြီး အမည်းရောင်ကိုယ်ထည်များနှင့် မိုးထိမတတ် မြင့်မားသော အရပ်အမောင်းများက အလွန်ပြင်းထန်လှသော ဖိနှိပ်မှုအငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ကျန်းမုန့်လောင်က ကြယ်အမြုေတတစ်သောင်းကို သူတို့၏ စွမ်းအင်စနစ်များထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်ေလရာ သွေးရောင်လွှမ်းေနသော သူတို့၏မျက်လုံးများမှာ ချက်ချင်း လင်းလက်သွားကြသည်။
"အခုရော ဘယ်လိုလဲ"
ကျန်းမုန့်လောင်က နိုအာ့စ်ကို အေးစက်စက်အပြုံးဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဒါ... ဒါက..."
နိုအာ့စ်ခမျာ အနောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်သွားမိသည်။ ဤအရိပ်စစ်သည်တော် တစ်သောင်းထံမှ ထွက်ပေါ်လာသော စွမ်းအားမှာ လွှမ်းမိုးဖိနှိပ်နိုင်လွန်းလှသည်။
သူ့အနေနှင့် တစ်ကောင်ကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်မှုရှိသည်။ နှစ်ကောင် သို့မဟုတ် သုံးကောင်ဆိုလျှင်ပင် ဖြစ်နိုင်သေးသည်။ သို့သော် တစ်သောင်းတဲ့လား။ သူ အသက်ရှင်လျက် ထွက်လာနိုင်ဖို့ဝေးစွ။ သူ့အမေအရင်းပင် မှတ်မိနိုင်တော့မည် မဟုတ်ပေ။
"တစ်သောင်းတောင်လား"
ကျန်းမုန့်လောင်နှင့် ထိပ်တိုက်တွေ့ခဲ့ဖူးသော ယူကပ်စ်၏ မျက်လုံးများမှာ ရုတ်တရက် အဆပေါင်းများစွာ ပြူးကျယ်လာသည်။ မြို့ကို တိုက်ခိုက်စဉ်က ကျန်းမုန့်လောင်သည် အရိပ်စစ်သည်တော် အယောက်တစ်ရာကျော်သာ ဆင့်ခေါ်ခဲ့သည်ဖြစ်ရာ သူ့အင်အားကို သိမ်းဆည်းထားကြောင်း သိသာထင်ရှားလှပေသည်။
အကယ်၍သာ ထိုအချိန်က ကျန်းမုန့်လောင်သာ တပ်မကြီးတစ်ခုလုံးကို ဆင့်ခေါ်ခဲ့ပါက သူ့ကာကွယ်ရေးစနစ်သည် စကြဝဠာနေ့တစ်နေ့စာပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"အဲဒါကြီးက ဘာကြီးလဲ"
အရိပ်ထဲတွင် ပုန်းအောင်းနေသော အဆင့်ကိုး သက်ရှိရှစ်ဦးမှာ အသက်ရှူမှားသွားကြသည်။
အင်အားအကြီးဆုံး စကြဝဠာအင်ပါယာများပင် အဆင့်ရှစ်အထွတ်အထိပ် သက်ရှိတစ်သောင်းကို မရှာဖွေနိုင်ပေ။ မည်သည့် အဆင့်ကိုးသက်ရှိမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါက ဤတပ်မကြီးတစ်ခုတည်းကပင် စကြဝဠာတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ရန် လုံလောက်နေပြီဖြစ်၏။
"ဒါက သူတို့ ချန်ထားခဲ့တဲ့ အင်အားအကြီးဆုံး တိုက်ခိုက်ရေးတပ်ဖွဲ့များလား"
အဆင့်ကိုးသက်ရှိတစ်ေယာက်က ရေရွတ်လိုက်သည်။
"ဒီပစ္စည်းအကြောင်း မင်း သိထားလို့လား"
"အင်း... ငါ့လက်အောက်မှာရှိတဲ့ စကြဝဠာအင်ပါယာတစ်ခုမှာ လူတစ်ယောက်က အဲဒီရတနာတိုက်ထဲက သတင်းတချို့ကို ရခဲ့ဖူးတယ်။ အဲဒီအချိန်က ဇူဒါမျိုးနွယ်စုဟာ စကြဝဠာကြီးကို ပူးပေါင်းဖို့ အကြံအစည်ရှိနေပြီေလ။ အင်အားအကြီးဆုံးယာဉ်တန်းအပြင် ဒီအင်အားအကြီးဆုံးတပ်မကြီးနဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးလက်နက်တွေလည်း ရှိတယ်လို့ ဆိုကြတယ်။ ကြည့်ရတာ ဒါက အင်အားအကြီးဆုံး တပ်မကြီးလို့ ခေါ်တဲ့အရာပဲ ဖြစ်ရမယ်"
"အဆင့်ရှစ်အထွတ်အထိပ် သက်ရှိအဆင့်ရှိတဲ့ ရုပ်သေးရုပ်တစ်သောင်းတဲ့လား။ တစ်ချိန်က အင်အားအကြီးဆုံး မျိုးနွယ်စုလို့ သတ်မှတ်ခံရတာလည်း တကယ်ထိုက်တန်ပါပေတယ်"
"ဒီလိုအရာမျိုးက အဆင့်ငါးသက်ရှိတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားတာတော့ ရယ်ချင်စရာကောင်းလွန်းသလို သရော်ချင်စရာလည်း ကောင်းတယ်"
"ဟုတ်တယ်။ သူ ဒီပစ္စည်းတွေယူပြီး ထွက်သွားဖို့ ငါတို့ လုံးဝခွင့်ပြုလို့မဖြစ်ဘူး။ မဟုတ်ရင် သူကြောင့် စကြဝဠာမျိုးနွယ်စုတွေရဲ့ ဖွဲ့စည်းပုံေတွ အကြီးအကျယ် ထပ်ပြောင်းလဲသွားလိမ့်မယ်"
"အိုကာရီ ... မင်းရဲ့အမူအရာက ဘာဖြစ်နေတာလဲ။ ရုပ်သေးရုပ်တစ်သောင်းက တကယ်အစွမ်းထက်တယ်ဆိုပေမဲ့ သူတို့က ငါတို့ကို ခြိမ်းခြောက်နိုင်လောက်တဲ့အထိတော့ မဟုတ်သေးပါဘူး"
အဆင့်ကိုးသက်ရှိတစ်ေယာက်က ပြောလိုက်သည်။
"ငါက စိုးရိမ်လို့ပါ"
အိုကာရီဟုခေါ်သော ထိုလူက ပြောလိုက်သည်။
"အင်အားအကြီးဆုံးတပ်မကြီးနဲ့ ယာဉ်တန်းကြီးပေါ်လာပြီဆိုတော့ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးလက်နက်က ဘယ်လောက်တောင် စွမ်းအားကြီးနေမလဲ"
...
"မင်း ဘာပြောလိုက်တာလဲ။ ကျယ်ကျယ်လေး ထပ်ပြောစမ်းပါ"
ဤအရိပ်စစ်သည်တော် တစ်သောင်းနှင့်အတူ ကျန်းမုန့်လောင်သည် ယုံကြည်မှု ပိုပြည့်ဝလာခဲ့သည်။
"စုံစမ်းစစ်ဆေးဖို့ ငါ့ကိုဖမ်းချင်တယ်လို့ မင်း ခုနက ပြောလိုက်တယ်မလား။ လာလေ... ငါ့လက်ချောင်း တစ်ချောင်းကိုတောင် ထိနိုင်အောင် ကြိုးစားကြည့်လိုက်စမ်းပါ"
"ကျောင်းအုပ်ကြီးက တကယ့်လူယုတ်မာပဲ"
"ကြည့်စမ်း... ဟိုကောင် လှုပ်တောင် မလှုပ်ရဲတော့ဘူး။ ကြောက်ေသးပန်းသွားပြီ"
"ငါသာဆိုရင်လည်း လှုပ်ရဲမှာ မဟုတ်ဘူး။ ဒီအခြေအနေကို ဘယ်သူကများ ရင်ဆိုင်ရဲမှာလဲ"
"ဟေး... ငါတို့ဂိုဏ်းချုပ်ကို ဖမ်းမလို့ မဟုတ်ဘူးလား။ မြန်မြန်လုပ်စမ်းပါ... ငါကဖြင့် ရာဇပလ္လင်ကို လုချင်နေပြီ"
"ငါတော့ အရမ်းကြောက်နေပြီ။ ငါတို့ အဖမ်းခံရရင် တစ်ယောက်ယောက်က ငါတို့ကို အမှောင်ခန်းလေးထဲမှာ ပိတ်လှောင်ပြီး သူတို့လုပ်ချင်တာတွေ လုပ်ကြမှာလား"
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများက လှောင်ကြပြန်လေသည်။ နိုအာ့စ်၏ ပါးစပ်မှာ တွန့်လိမ်သွားပြီး ထိုကောင်စုတ်လေးများ၏ ပါးစပ်ကို တစ်စစီဆွဲဖြဲပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသော်လည်း မလုပ်ရဲပေ။
"ကျန်းမုန့်လောင်... ဒီရုပ်သေးရုပ်တစ်သောင်းက မင်းကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား"
နိုအာ့စ်က ပြောလိုက်သည်။
"ဒါက မင်း သိထားသင့်တဲ့ ကိစ္စတစ်ခုပဲ။ ဒါက အင်ပါယာမဟာမိတ်ကောင်စီရဲ့ အမြင့်ဆုံးခေါင်းဆောင်တွေက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ။ အင်အားကြီးတဲ့ အဆင့်ကိုးသက်ရှိရှစ်ေယာက်ကို ဆန့်ကျင်ဖို့ မင်းဘက်က တကယ်သေချာပြီလား"
"ဘယ်သူမဆို စကားကြီးစကားကျယ် ပြောတတ်တာချည်းပါပဲ"
ကျန်းမုန့်လောင်က ပခုံးတွန့်၍ ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒီမတိုင်ခင် ငါအရင်လုပ်ချင်တဲ့ ကိစ္စတစ်ခု ရှိသေးတယ်"
"သူ့ကို ဖမ်းစမ်း။ သတ်မပစ်နဲ့နော်"
ကျန်းမုန့်လောင်က နိုအာ့စ်ကို လက်ညှိုးထိုးပြလိုက်၏။ အရိပ်စစ်သည်တော်တစ်သောင်းမှာ ချက်ချင်းဆိုသလိုပင် စွမ်းအင်များ မြင့်တက်လာသည်။
"ဘာ... မင်း ဘာလုပ်ချင်တာလဲ။ ငါက အင်ပါယာ မဟာမိတ်ကောင်စီရဲ့ ဥက္ကဋ္ဌနော်။ လာရမ်းကားမနေနဲ့"
နိုအာ့စ်မှာ တစ်လှမ်းချင်း နောက်ဆုတ်သွားသော်လည်း အရိပ်စစ်သည်တော်တစ်သောင်းက သူ့ကို ဝိုင်းရံထားပြီးဖြစ်၏။
"အား"
"အိုး"
အရိပ်စစ်သည်တော်တစ်သောင်း၏ ဝိုင်းရံမှုကြောင့် နိုအာ့စ်ခမျာ အော်ဟစ်ရံုသာ တတ်နိုင်တော့သည်။
"အင်း... သူ့ဖင်ကို ကန်ပစ်လိုက်"
"သူ့ဥကို ကန်ပစ်။ သူ့ဥကို ကန်ပစ်"
"ဒီကောင်တော့ ... ငါတို့ကို ခြိမ်းခြောက်ပြီး မောက်မာနေတာ။ ဒါက မင်း ရသင့်ရထိုက်တဲ့ အကျိုးဆက်ပဲ"
...
"တော်ကြတော့"
ကျယ်လောင်လှသော အသံကြီးတစ်သံနှင့်အတူ အားကောင်းလှသော စွမ်းအားတစ်ရပ်က အရိပ်စစ်သည်တော်တစ်သောင်းကို ဘေးသို့ လွင့်စင်သွားစေသည်။ ဤစွမ်းအားကြောင့် အရိပ်စစ်သည်တော် ဒါဇင်ပေါင်းများစွာ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများပင် ပုံပျက်သွားသည်။
တုတ်ခိုင်သန်မာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ေယာက်က ရစရာမရှိအောင် အရိုက်ခံထားရသော နိုအာ့စ်ကို သယ်ဆောင်၍ သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။ သူက နိုအာ့စ်ကို ဘေးနားသို့ အသာပစ်ချလိုက်ပြီး လောဘစိတ်များ ရောယှက်နေသည့် အကြည့်ဖြင့် သူတို့ကို ကြည့်လိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ"
ကျန်းမုန့်လောင်သည် ဤလူထံမှ အန္တရာယ်ရှိသော အငွေ့အသက်များကို ခံစားလိုက်ရသည်။ ဤလူ၏ သက်ရှိအဆင့်မှာ အဆင့်ကိုးအလယ်အလတ် သက်ရှိအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကောထန်က သူ့ကို ပြောပြထားသည်။
"မင်းက ငါ့နာမည်ကို သိဖို့ မထိုက်တန်ဘူး"
"ကျောင်းအုပ်ကြီး... ဒီလူက နိုအာ့စ်စကြဝဠာအင်ပါယာရဲ့ ဘုရင် ရှီပိုမော့စ်ပါ"
"ခင်ဗျား ဘာလိုချင်တာလဲ။ ကျွန်တော့်ကို ညစာစားဖို့ ဖိတ်မလို့လား"
"မင်းလို ကလေးတစ်ယောက်ကို ဖြေရှင်းရတာက ငါ့အဆင့်နဲ့ မတန်ဘူးဆိုပေမဲ့ ဇူဒါမျိုးနွယ်စုရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို မင်းနဲ့အတူ ယူသွားခွင့်ပြုလို့မရဘူး"
ရှီပိုမော့စ်က ပြောလိုက်သည်။
"အဲဒီပစ္စည်းတွေကို မင်းဘာသာမင်း လွှဲပြောင်းပေးလိုက်။ ငါ ဘာသံမှ မကြားချင်ဘူး"
"ခင်ဗျားကိုယ်ခင်ဗျား ရုပ်ချောတယ်လို့ ထင်နေတာလား"
"အဓိပ္ပာယ်မရှိတာ"
ရှီပိုမော့စ်သည် ကျန်းမုန့်လောင် လျှောက်ပြောတတ်ကြောင်း သိထားသည်။ အဆင့်ကိုးသက်ရှိတစ်ေယာက်၏ ပြတ်သားမှုမှာ သာမန်လူများထက် များစွာ သာလွန်ပေသည်။ သို့မဟုတ်ပါက သူတို့အနေနှင့် နှစ်ပေါင်းများစွာ ကြာေအာင် အသက်ရှင်နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ ဆုံးဖြတ်ချက်မပြတ်သားသူများသည် အဆင့်တစ်ခုခုတွင် သေဆုံးသွားလေ့ရှိသောကြောင့်ပင်။
"ငါနဲ့ လိုက်ခဲ့"
ရှီပိုမော့စ်က ကျန်းမုန့်လောင်ကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သည်။
"ဪ... သူက ငါ့ကို တကယ်တိုက်ခိုက်တော့မလို့လား"
ကျန်းမုန့်လောင်လည်း သူ့ခန္ဓာကိုယ် လှုပ်မရတော့သည်ကို ခံစားလိုက်ရပြီး အဆင့်ကိုးသက်ရှိတစ်ယောက်ကို ခုခံရန် မတတ်နိုင်တော့ပေ။
ထိုအချိန်မှာပင် ရှီပိုမော့စ်၏ ဉာဏ်ရည်တုဆက်သွယ်ရေးကိရိယာမှ ချီယာ၏အသံ ထွက်ပေါ်လာသည်။
"အရှင်.. ကျွန်တော် ပြောဖို့ မေ့နေတဲ့ကိစ္စတစ်ခု ရှိတယ်။ တကယ်လို့ အရှင် ကျန်းမုန့်လောင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် သတိကြီးကြီးထားပါ။ သူ့မှာ ဖြတ်လမ်းနည်းတွေရှိတယ်"
**********************