← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

အပိုင်း (၁၅၁.၁)

ထိုညက ဒေါသနှင့် မနာလိုမှုတို့ကြောင့် ပြောဆိုခဲ့သော စကားများကို ယနေ့တွင် သူမက သူ့ထံသို့ အတိအကျ ပြန်လည်ပေးအပ်လိုက်သည်။

ထိုအခါမှသာ ရှောင်းလိသည် အူကြိုးတစ်ရာ ရစ်ခွေလိမ်ကောက်သွားသကဲ့သို့ ခံစားရခြင်းမှာ မည်သို့သော အရသာမျိုးဖြစ်ကြောင်းကို သိရှိသွားတော့၏။

သူ့မျက်လုံးများထဲက ရမ္မက်ရောင်ဝါသည် ပင်လယ်ပြင်တွင် မုန်တိုင်းဆင်ပြီးနောက် ရေအောက်၌ ပုန်းကွယ်နေသော ရေခဲတောင်ကြီး၏ ထောင့်စွန်းတစ်နေရာကို နောက်ဆုံးတွင် ဖော်ပြလိုက်သကဲ့သို့ပင်။ သို့သော်လည်း ထိုစကားလုံးသုံးလုံးက အဆုံးအစမရှိသော အရှက်ရမှုများကို ဖျက်ဆီးထုတ်ဖော်လိုက်ပြန်ရာ ယနေ့ သူ၏ တွယ်ကပ်နေပုံက လုံးဝကို ရယ်စရာဖြစ်သလိုပင်။

ရှောင်းလိ၏ မျက်နှာအမူအရာသည် မည်းမှောင်နေတော့သည်။ ဝိန်းယွီ၏ ဒေါသထွက်နေသော အကြည့်များကို ရင်ဆိုင်ရင်း သူသည် သွေးများ စိမ့်ထွက်နေဆဲဖြစ်သော နှုတ်ခမ်းပါးကို တင်းတင်းစေ့ထားလိုက်၏။ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သော်လည်း စစ်တဲအပြင်ဘက်မှ ကိုယ်ရံတော်စစ်သည်၏ ခေါ်ဆိုသံ ထွက်ပေါ်လာလေသည်။

"အုပ်ချုပ်ရေးမှူး၊ စစ်ဗျူဟာမှူးဘက်က အရေးတကြီး ခေါ်နေပါတယ်”

သူသည် အပြင်ဘက်သို့ အေးစက်လေးလံသော အသံဖြင့် ပြောလိုက်လေသည်။ "သိပြီ”

ထို့နောက် သူသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဝိန်းယွီကို စောစောက စကားများကို ဆက်လက်ပြောဆိုချင်နေသေးသယောင်ပင်။

သို့သော် ခဏတာ ရပ်တန့်သွားပြီးနောက် နောက်ဆုံးတွင် စကားမပြောတော့ဘဲ လှည့်ကာ စစ်တဲအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။

သူ စစ်တဲခန်းဆီးကိုလှန်၍ ထွက်သွားတော့မှ ဝိန်းယွီ၏ ကာကွယ်နေသော ကိုယ်ဟန်အမူအရာက လျော့ကျသွားခဲ့၏။

နှုတ်ခမ်းပေါ်တွင် စူးရှသော နာကျင်မှုက ရှိနေဆဲဖြစ်ရာ သူမသည် လက်ဖြင့် နှစ်ချက်ခန့် ထပ်မံ ပွတ်သုတ်လိုက်သည်။

အစေခံမိန်းမနှစ်ယောက် စစ်တဲအတွင်းသို့ ကမန်းကတန်း ဝင်လာချိန်တွင် သူမသည် မျက်နှာဖုံးအသစ်တစ်ခုကို ရှာဖွေကာ ပြန်လည်တပ်ဆင်ထားပြီးဖြစ်သော်လည်း အနည်းငယ် ရှုပ်ပွနေသော ဆံထုံးကိုမူ သေသပ်အောင် မပြင်ဆင်ရသေးချေ။

သူတို့နှစ်ယောက်သည် သူမ၏ ဤပုံစံကို မြင်သောအခါ သူမတော့ သေချာပေါက် အနိုင်ကျင့်ခံလိုက်ရသည်ဟု ခန့်မှန်းမိကြသည်။ သူမ စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် အများကြီး မမေးရဲကြဘဲ သတိကြီးစွာဖြင့် သူမ၏ အာရုံလွှဲရန် အခြားအကြောင်းအရာအချို့ကိုသာ ပြောပြရန် ကြိုးစားကြ၏။

သို့သော် ဝိန်းယွီက ပြောလိုက်လေသည်။ "ကျွန်မ ဘာမှမဖြစ်ပါဘူး၊ အဒေါ်တို့နှစ်ယောက် သွားလုပ်စရာရှိတာ သွားလုပ်ကြပါ”

သူမ၏ အသံသည် အလွန်အမင်း တည်ငြိမ်နေပြီး သူမ၏ မျက်နှာအမူအရာတွင်လည်း အနိုင်ကျင့်ခံရပြီးနောက် သာမန် အမျိုးသမီးတစ်ဦး၌ ရှိတတ်သော ဝမ်းနည်းဒေါသထွက်မှုနှင့် နာကြည်းမှုမျိုး လုံးဝ မရှိချေ။ စကားပြောပြီးနောက် သူမသည် ထိုခရီးသွားမှတ်တမ်းစာအုပ်ကို ပြန်ဖတ်နေလိုက်သည်။ သူမ၏ ဟန်ပန်မှာ အေးချမ်းနေပြီး အစောပိုင်းက တကယ်ပင် ဘာကိစ္စမှ မဖြစ်ခဲ့သလိုပင်။

ထိုခဏတွင် အစေခံမိန်းမနှစ်ယောက်သည် ဇဝေဇဝါဖြင့် အကြည့်ချင်း ဖလှယ်လိုက်၏။

ဝိန်းယွီ၏ အကြည့်များသည် စာမျက်နှာပေါ်တွင် ကျရောက်နေသော်လည်း အချိန်အတော်ကြာသည်အထိ စာတစ်လုံးမှ ခေါင်းထဲ မဝင်ခဲ့ချေ။

ရှောင်းလိသည် သူမအား အပြစ်တင်မည်ကို နည်းနည်းလေးမှ မအံ့ဩခဲ့ပေ။

အကြောင်းမှာ ထိုယွီကျင်းပိုးထည်ဖြင့် ချုပ်လုပ်ထားသော အဝတ်အစားကို သူမလက်ထဲသို့ ပေးလာကတည်းက ထိုပိတ်စ၏ ဇာစ်မြစ်သည် ရိုးရှင်းမည်မဟုတ်မှန်း သူမ သိထားခဲ့သောကြောင့်ပင်။။

ပိုးထည်အားလုံးထဲတွင် ယွီကျင်းပိုးထည်သည် အဖိုးတန်ဆုံးဖြစ်ပြီး ယွီကျင်းပိုးထည်များထဲတွင်မှ ကျွမ်းဟွာပိုးထည်သည် ထိပ်ဆုံးမှ ဖြစ်သည်။

ယခင်က နန်းတော်တွင်းသို့သာ ဆက်သရသော ပစ္စည်းဖြစ်သောကြောင့် သူမ၏ မယ်တော်တွင် ထိုပိုးထည် နှစ်လိပ်သာ ရှိခဲ့ပြီး ယင်းတို့မှာလည်း လွန်ခဲ့သောနှစ်များစွာက မယ်တော်ကြီး ချီးမြှင့်ထားခဲ့ခြင်း ဖြစ်၏။

သို့သော် ရှောင်းလိက သူမအတွက် ဆောင်းတွင်းအဝတ်အစား ချုပ်လုပ်ရန် အသုံးပြုခဲ့သည်မှာ အဖိုးတန်သည့်အထဲမှ အဖိုးတန်ဆုံးဖြစ်သော ကျွမ်းဟွာပိုးထည်ဖြစ်နေသည်။

ယနေ့တွင် အစေခံမိန်းမနှစ်ယောက်သည် မတော်တဆ ထိုယွီကျင်းပိုးထည် ခြုံလွှာကို ယူလာပေးခဲ့သည်။ ထို့နောက် ဝေ့ချီရှန်း၏ သမီးတော်သည် ဤစစ်စခန်းသို့ လာရောက်သည်နှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့၏။ သူမ၏ ကိုယ်ပေါ်ရှိ ခြုံလွှာပိတ်စကို မြင်သောအခါ တစ်ဖက်လူက မျက်နှာပျက်သွားပြီး ဤခြုံလွှာကို ဘယ်ကရသလဲဟု ထပ်တလဲလဲ မေးမြန်းခဲ့သည်။ ထိုအချိန်မှစ၍ ဤနေရာမှ ထွက်ခွာရန် အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း ဝိန်းယွီ သိလိုက်သည်။

——ထိုကျွမ်းဟွာပိုးထည်သည် ဝေ့ချီရှန်းက ဆုချီးမြှင့်ထားခြင်းပင်။

ဝေ့ချီရှန်းသည် ရှောင်းလိကို သမက်တော်အဖြစ် ခေါ်ယူရန် ရည်ရွယ်ထားသည်။ ထိုခရိုင်မင်းသမီးကို ကြည့်ရသည်မှာလည်း မျက်လုံးထဲတွင် သဲတစ်ပွင့်မျှပင် အဝင်မခံနိုင်သူ ဖြစ်ပြီး သူမက ရှောင်းလိနှင့် တစ်စုံတစ်ရာ ပတ်သက်နေသည့်နှယ် စကားများကို တမင်တကာ ပြောလိုက်၏။ တစ်ဖက်လူ၏ မောက်မာသော စိတ်သဘာဝအရ ဝေ့ချီရှန်းက သူမအတွက် စီစဉ်ပေးမည့်သူမှာ ဤသို့သော လူတစ်ယောက်ဖြစ်ကြောင်း သိရှိသွားပါက ဝေ့ချီရှန်း၏ ရှေ့မှောက်သို့ သေချာပေါက် သွားရောက် တိုင်တောလိမ့်မည်။

ဝေ့ချီရှန်းသည် ရှောင်းလိက မိန်းမလှများ၏ မြူဆွယ်မှုကို ခံရမည်ကို မယုံကြည်လျှင်တောင်မှ မတော်တဆမှုများ မဖြစ်စေရန် ကာကွယ်သည့်အနေဖြင့် လူလွှတ်ကာ သူမကို ဤစစ်တပ်ထဲမှ ခေါ်ထုတ်သွားရန် သေချာပေါက် အမိန့်ပေးလိမ့်မည်။

ဤသံပုံးကဲ့သို့ လုံခြုံသော စစ်စခန်းမှ တစ်ကြိမ် ထွက်ခွာသွားသည်နှင့် သူမ၏ လူများက သူမကို ကယ်တင်ရန် နည်းလမ်းပေါင်းစုံ ရှိလာလိမ့်မည်။

ဤသည်မှာ ဝေ့ကျာမင်၏ အဆင့်အတန်းကို အတည်ပြုပြီးနောက် ဝိန်းယွီ၏ မျက်စိတစ်မှိတ်အတွင်း စီစဉ်လိုက်သော အကြံအစည်ပင်။

ထိုညက စကားပြောဆိုမှုများ အဆင်မပြေဖြစ်ကာ လူစုကွဲသွားပြီးကတည်းက ရှောင်းလိ ဘာလုပ်ချင်နေမှန်း သူမ တလျှောက် ခန့်မှန်းမရခဲ့ချေ။

သူနှင့် ရှောင်းဟွေ့နျန်တို့ နှစ်ဦးစလုံးသည် သူမအပေါ် ကျေးဇူးရှိခဲ့ဖူးသည်။ သူ့ကို သူလျှိုအဖြစ် စွပ်စွဲကာ အဆိပ်ခတ်သတ်ရန် ကြိုးစားခဲ့သည့်အတွက် သူမ၏ ရင်ထဲတွင် ပိုလို့ပင် ရှက်ရွံ့မလုံမလဲ ဖြစ်နေရ၏။ အကယ်၍ ရွေးချယ်စရာ လမ်းရှိခဲ့ပါက သူမသည် ရှောင်းလိနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အခြေအနေမျိုးသို့ သဘာဝကျကျပင် မရောက်ရှိချင်ခဲ့ချေ။

သို့သော် သူသည် သူမ အဆိုပြုထားသော အပြစ်ကို ပြန်ပေးဆပ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး နည်းလမ်းအားလုံးကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ သူမကို အလွန်အမင်း မုန်းတီးနေသယောင် ရှိသော်လည်း ဝေ့ချီရှန်းထံသို့လည်း မအပ်နှင်းခဲ့ဘဲ သူမကို "အကျယ်ချုပ်" ချထားရန်သာ တစ်ဇွတ်ထိုး လုပ်ဆောင်နေခဲ့သည်။

ဤသည်မှာ အမုန်းတရားကြောင့်ပင် ဖြစ်စေ၊ ပါးစပ်ကတစ်မျိုး စိတ်ကတစ်မျိုး ဖြစ်နေခြင်းကြောင့်ပင် ဖြစ်စေ မီးကို စက္ကူနှင့် ထုပ်၍မရနိုင်သော နေ့သို့ ရောက်ရှိလာပါက သူတို့နှစ်ဦးကို ကြိုဆိုနေမည့်အရာမှာ မည်သည့် ရလဒ်ကောင်းမှ ဖြစ်လိမ့်မည် မဟုတ်ပေ။

သူမသည် ဝေ့ကျာမင်ဟူသော ဤစစ်တုရင်ရုပ်ကို ရွှေ့ကာ ဝေ့ချီရှန်းကို အသုံးပြုပြီး ရှောင်းလိက သူမကို အတင်းအကျပ် လွှဲပြောင်းပေးလာစေရန် ပြုလုပ်ခဲ့သည်။ ရှောင်းလိသည် သူမအပေါ်တွင် မုန်းတီးနေသည်ဖြစ်စေ၊ အငြိုးထားနေသည်ဖြစ်စေ နောက်ဆုံးတွင် သူက သူမကို တိတ်တဆိတ် ဖွက်ထားကြောင်းကို ဝေ့ချီရှန်း သိရှိသွားခြင်းထက်တော့ ပိုကောင်းပေသည်။

အဘယ်ကြောင့်ဆိုသော် လက်နက်ကိုင်လျက် မျက်နှာချင်းဆိုင် ရင်ဆိုင်ရမည့်နေ့ တကယ် ရောက်လာခဲ့ပါက သူမက ရှောင်းလိအတွက် နောက်ဆုတ်ရန် လမ်းတစ်လမ်း ချန်ထားပေးလိမ့်မည်။ သို့သော် သူ၏ သစ္စာမဖောက်ဖူးသော အတိတ်ကို သိရှိထားသော ဝေ့ချီရှန်းကမူ ထိုသို့ ပြုလုပ်မည် မသေချာချေ။

ထို့အပြင် ဤကိစ္စသည် လျန်နှင့် ချန် စစ်စခန်းနှစ်ခုမှ သံတမန်များက သူမကို လာရောက်မတောင်းဆိုမီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဝေ့ချီရှန်းသည် သူမကို မြင်တွေ့ဖူးသော ထိုဝေ့စစ်သူကြီးကို သူမအား ပို့ဆောင်ရာတွင် ကိုယ်တိုင် ကြီးကြပ်ရန် သေချာပေါက် ခိုင်းစေလိမ့်မည်ဖြစ်ပြီး ရှောင်းလိအနေဖြင့် သူမကို အစားထိုးတစ်ဦးနှင့် လဲလှယ်ရန် တိတ်တဆိတ် စီစဉ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

အကယ်၍ သူမသည် မလှုပ်မရှားဘဲ အမြဲတမ်း သည်းခံနေမည်ဆိုပါက လျန်နှင့် ချန် စစ်စခန်းနှစ်ခုမှ သံတမန်များ လူလာတောင်းသည့် အချိန်ရောက်သောအခါ ရှောင်းလိက အစားထိုးတစ်ဦးကို ပေးလိုက်လိမ့်မည်။ စစ်စခန်းနှစ်ခုမှ သံတမန်များက အသိအမှတ် မပြုလျှင်တောင်မှ ဝေ့ချီရှန်းသည် မြောက်ဝေ့၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားကာ ပြန်လည်ပေးပို့ခံရသူမှာ သူမကိုယ်တိုင် ဖြစ်ကြောင်းကို ရှောင်းလိအတွက် ကူညီ "အတည်ပြု" ပေးလိမ့်မည်။

ထိုအချိန်ရောက်လျှင် ရှောင်းလိက ဝေ့ချီရှန်းအား သူသည် "ကျန်းယွီ၏ ကိုယ်လုပ်တော်" တစ်ဦးကို မျက်စိကျနေကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုချင် ပြောဆိုလိမ့်မည်။ သို့တည်းမဟုတ် ဝေ့ချီရှန်းကို လှည့်ပတ်ပြောဆိုတာ ဖြစ်ချင်ဖြစ်မည်။ ဝေ့ချီရှန်းသည် သူ့လက်အောက်ရှိ ဤထက်မြက်သော စစ်သူကြီးအတွက် အပြစ်မယူဘဲ နေနိုင်ရုံသာ ရှိတော့မည်ဖြစ်ပြီး သူမသည် ရှောင်းလိ၏ ဖမ်းဆီးချုပ်နှောင်မှုကို တကယ်ပင် ခံရလိမ့်မည်။

သို့သော် ရှောင်းလိသည် ဒေါသထွက်နေချိန်တွင် ထိုကဲ့သို့သော အပြုအမူမျိုး လုပ်ဆောင်လာလိမ့်မည်ကို ဝိန်းယွီ တကယ်ပင် မမျှော်လင့်ထားခဲ့ချေ။

နှုတ်ခမ်းပေါ်တွင် ပူလောင်ပြီး ထုံကျဉ်သော နာကျင်မှုက ရှိနေဆဲဖြစ်ကာ တကယ့်ကို တောခွေးတစ်ကောင်၏ ကိုက်ခဲခြင်းကို ခံလိုက်ရသကဲ့သို့ပင်။

ဝိန်းယွီ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပိုများလာသည်။ သူမသည် စာအုပ်ကို နှစ်ကြိမ်ခန့် စိုက်ကြည့်လိုက်သော်လည်း စာတစ်လုံးမှ ခေါင်းထဲ မဝင်တော့သဖြင့် လက်ကိုမြှောက်ကာ စာမျက်နှာကို ပိတ်လိုက်တော့သည်။

_____

ရှောင်းလိသည် ရှည်လျားသော စားပွဲပေါ်တွင် မြေပုံကို ဖြန့်ချလိုက်သည်။ ကျန်းဟွိုင်က သတင်းပို့လိုက်သည်။ "ကင်းထောက်တွေက ဖန်ခိုဂိတ်အပြင်ဘက်မှာ ဖေစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းသိရှိခဲ့ပါတယ်။ သူတို့က ဒီရက်ပိုင်းအတွင်း မြောက်ပိုင်းပြည်သူတွေဆီက လုယက်ထားတဲ့ ရိက္ခာတွေကို တောင်ပိုင်းဆီကို အမြောက်အမြား သယ်ဆောင်သွားနေပုံပါပဲ”

ရှောင်းလိက မေးလိုက်သည်။ "ဖေစစ်တပ်က မြောက်ပိုင်းမှာရှိတဲ့ စစ်အင်အားတွေ အကုန်လုံးကို ရုပ်သိမ်းသွားပြီလား”

ကျန်းဟွိုင်က ပြန်ဖြေသည်။ " ရက်အတော်ကြာတဲ့အထိ နယ်မြေထဲမှာ ဖေစစ်တပ် ထွက်ပေါ်လာတာကို မတွေ့ရတော့ပါဘူး”

ကျန်းဟူသည် ဘေးနားတွင် လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်ထားရင်း ဝင်ပြောလိုက်လေသည်။ "ဒါဆို အတော်ပဲ မဟုတ်ဘူးလား။ ဖေခွေးတွေကို မတိုက်နိုင်တော့ဘူးဆိုပေမယ့် ငါတို့တွေ လူရိုင်းတွေကို အာရုံစိုက်ပြီး တိုက်ခိုက်လို့ ရပြီလေ။ ဟိုဘက်ဒီဘက် ပြေးလွှားနေရတဲ့ အလုပ်က သက်သာသွားတာပေါ့”

ရှောင်းလိသည် ခဏတာ စဉ်းစားလိုက်သော်လည်း ပြောလိုက်သည်။ "သူလျှိုတွေကို ဖေစစ်တပ်ဘက်က လှုပ်ရှားမှုတွေကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားပါ။ ပြည်နယ်အသီးသီးရဲ့ နယ်စပ်တွေကို လှည့်လည်စစ်ဆေးတာတွေကိုလည်း မလျှော့ချပါနဲ့”

ကျန်းဟွိုင်သည် ဟုတ်ကဲ့ဟု ပြန်ဖြေပြီးနောက် ရှောင်းလိ၏ အောက်နှုတ်ခမ်းပေါ်ရှိ ထင်ရှားနေသော ဒဏ်ရာကို တစ်ချက်ကြည့်ကာ အနည်းငယ် ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးလိုက်လေသည်။ "အုပ်ချုပ်ရေးမှူး၊ ဘာစားရင်းနဲ့များ ကိုက်မိသွားတာလဲ”

ရှောင်းလိသည် လက်ဖက်ရည်ပန်းကန်လုံးကို ယခုလေးတင် မ,လိုက်ပြီး "အင်း" ဟု အသံပြုလိုက်ကာ လက်ဖက်ရည်ကိုသာ အာရုံစိုက် သောက်နေလိုက်သည်။

သို့သော် ကျန်းဟွိုင်က မေးလိုက်လေသည်။ "ဘယ်လိုတွေတောင် အလောတကြီး စားနေလို့ အောက်နှုတ်ခမ်း အပြင်ဘက်ကိုပါ ကိုက်မိသွားရတာလဲ”

ရှောင်းလိသည် ရုတ်တရက် သီးသွားကာ ချောင်းဆိုးလာသဖြင့် လက်ဖက်ရည်ပန်းကန်လုံးကို ချထားလိုက်ပြီး နှုတ်ခမ်းနားတွင် လက်ဖြင့်ကာကာ အချိန်အတော်ကြာ ချောင်းဆိုးသွားတော့သည်။

ဘေးနားရှိ ကျန်းဟူက ရိုးသားသည့်ဟန်ပန်ဖြင့် သူ့ကျောကို ပွတ်သပ်ပေးလိုက်ကာ "ဟာ၊ အစ်ကို(၂) လက်ဖက်ရည်သောက်တာတောင် ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ။ ဖြည်းဖြည်းသောက်၊ ဖြည်းဖြည်းသောက်”

စုန့်ချင်သည် ဘေးနားတွင် လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်လျက် လက်ဖက်ရည်ကို တိတ်တဆိတ် သောက်လိုက်သည်။

ချောင်းဆိုးခြင်းက နောက်ဆုံးတွင် သက်သာသွားသောအခါ ရှောင်းလိသည် မျက်လုံးကို မော့ကာ ကျန်းဟွိုင်ကို ကြည့်လိုက်သည်။ တစ်ဖက်လူက အပြစ်ကင်းစင်ဟန်ဖြင့် ပြုံးပြလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ဒီနေ့ နယ်စားကြီးဝေ့ရဲ့ သမီးတော်က စစ်တပ်ထဲကိုလာပြီး ပြဿနာရှာသွားတယ်ဆို”

ယနေ့ ရှောင်းလိ ထွက်သွားပြီးနောက် ကျန်းဟူနှင့် စုန့်ချင်တို့ နှစ်ဦးသည် သိုင်းလေ့ကျင့်ရေးကွင်းဘက်ကိုသာ ဆက်လက်စောင့်ကြည့်နေခဲ့ကြသဖြင့် ဗဟိုစစ်တဲဘက်တွင် မည်သို့ဖြစ်ပျက်ခဲ့ကြောင်းကို ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရချေ။ သို့သော် ဝေ့ကျာမင်က စစ်တပ်၏ အရေးကြီးသောနေရာသို့ မြင်းစီးကာ ကျူးကျော်ဝင်ရောက်လာခြင်း၊ စစ်သည်များကို ရိုက်နှက်ခြင်းနှင့် နောက်ဆုံးတွင် ထိုစစ်သည်များကို သူမ၏ မြင်းအတွက် အသက်ပေးစေမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော သတင်းသည် စစ်တပ်အတွင်း၌ စောစောကပင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

ကျန်းဟူက ချက်ချင်းပင် ကျိန်ဆဲလိုက်တော့သည်။ "သူကတော့ တကယ့်ကို အလိုလိုက်ခံထားရတဲ့ ဘိုးဘွားမလေးပါပဲ။ မြင်းစီးပြီး အတွင်းစစ်စခန်းကို စောင့်နေတဲ့ စစ်သည်တွေကို ရိုက်နှက်ရုံနဲ့ မလုံလောက်ဘဲ သူတို့ရဲ့ ခေါင်းကိုပါ လိုချင်နေသေးတယ်။ နယ်စားကြီးဝေ့ကတောင် အစ်ကို(၂)အတွက် အောင်သွယ်ပေးချင်နေသေးတာ။ အစ်ကို(၂)သာ တကယ် သူ့ကို လက်ထပ်လိုက်ရင် ကျွန်တော်တို့ စစ်တပ်က ညီအစ်ကိုတွေ သူသတ်တာကို ခံရဖို့တောင် လောက်မှာမဟုတ်ဘူး”

သူ၏ စကားသံဆုံးသည်နှင့် စစ်တဲအပြင်ဘက်မှ စစ်သည်တစ်ဦးက အပြေးအလွှား လာရောက် သတင်းပို့လေသည်။

"အုပ်ချုပ်ရေးမှူး။ တပ်မှူးလင်ရဲ့ ခြေထောက်ကို စစ်ဆေးရေးမှူးဘေးက လက်တောက်တပ်မှူးက မြင်းနဲ့ တမင်နင်းပြီး ချိုးပစ်လိုက်ပါတယ်”

စစ်တဲအတွင်းရှိ လူအနည်းငယ်မှာ အားလုံး အံ့ဩသွားကြသည်။

တပ်မှူးလင်ဆိုသည်မှာ ယနေ့နံနက်က ဝေ့ကျာမင်ကို တားဆီးခဲ့သော ထိုတပ်မှူးငယ်ပင်။

ရှောင်းလိ၊ စုန့်ချင်၊ ကျန်းဟွိုင်နှင့် အခြားသူများ ရောက်ရှိလာချိန်တွင် သူသည် မိမိ၏ ခြေထောက်ကို ဖက်ကာ နှင်းများ အရည်ပျော်ပြီးနောက် ရွှံ့ဗွက်ထနေသော မြေပြင်ပေါ်၌ ရူးသွပ်နေသူကဲ့သို့ လူးလှိမ့်အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။

ဝေ့ဖိန်ကျင်းကမူ ဝေ့အိမ်တော်မှ ကိုယ်ရံတော်စစ်သည် တစ်စုကို ခေါ်ဆောင်ကာ မောက်မာသော မျက်နှာအမူအရာဖြင့် မြင်းပေါ်တွင် ထိုင်နေ၏။

ထိုတပ်မှူးငယ်သည် မြေပြင်ပေါ်တွင် ပွတ်တိုက်မိသဖြင့် မျက်နှာတစ်ပြင်လုံး ရွှံ့များ ပေကျံနေပြီး မျက်လုံးနှစ်ဖက်စလုံး နီရဲနေခဲ့သည်။ ရှောင်းလိကို မြင်သောအခါ သူ၏ လည်ချောင်းထဲမှ နာကျင်စွာဖြင့် အသံတစ်ချက် ထွက်ပေါ်လာသည်။

"အုပ်ချုပ်ရေးမှူး..."

ရှောင်းလိ၏ မျက်နှာသည် ရေခဲနှယ် အေးစက်တည်တင်းသွားပြီး ချက်ချင်းပင် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။

"လူနာသယ်စင်ကို အမြန်ယူပြီး သူ့ကို သမားတော်ဆီ သယ်သွားကြ”

လူတစ်ယောက်က လူနာသယ်စင် သွားရှာရန် ချက်ချင်း ပြေးထွက်သွားတော့သည်။

ဝေ့ဖိန်ကျင်းသည် မြင်းပေါ်တွင် မြင့်မားစွာ ထိုင်လျက် တောင်းပန်သည့် အရိပ်အယောင် အနည်းငယ်မျှ မပြဘဲ ပြုံးကာ ရှောင်းလိအား ပြောလိုက်လေသည်။

"ကျွန်တော့်လူက သတင်းပို့ဖို့အတွက် အလောတကြီး မြင်းစီးသွားတာပါ။ ဒီတပ်မှူးက လမ်းတစ်ဝက်ကနေ ရုတ်တရက် ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။ သူက ဇက်ကြိုးကို မဆွဲနိုင်လိုက်တော့ မြင်းက ဒီတပ်မှူးကို နင်းမိပြီး ဒဏ်ရာရသွားတယ်။ ဒီငွေအနည်းငယ်ကို ဒီတပ်မှူးအတွက် ဆေးကုသစရိတ်အဖြစ် ယူလိုက်ပါ။ အုပ်ချုပ်ရေးမှူးက အပြစ်မယူဖို့ မျှော်လင့်ပါတယ်”

သူသည် ပြောဆိုရင်း ခြုံလွှာအောက်မှ ဖောင်းကားနေသော ငွေအိတ်တစ်အိတ်ကို ထုတ်ယူလိုက်ပြီး လက်ချောင်းလေးများကို ဖြည်ချလိုက်ရာ ငွေအိတ်သည် ရွှံ့ဗွက်များ ပြည့်နှက်နေသော မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ဤသည်မှာ သူ့ညီမအတွက် နံနက်က မြင်းကို ပစ်ခတ်ခံခဲ့ရသော ကလဲ့စားကို လာရောက်ချေခြင်း ဖြစ်ကြောင်း ထင်ရှားနေ၏။

ကျန်းဟူသည် အံကြိတ်ကာ အလွန်အမင်း မုန်းတီးနေပြီး ချက်ချင်းပင် ရှေ့သို့ တိုးသွားရန် ပြင်လိုက်သော်လည်း စုန့်ချင်က သူ့ပခုံးကို ဖိထားလိုက်၏။

နေရာတွင် ရှိနေကြသော တရားမျှတမှုတပ်ဖွဲ့ စစ်သည်များ အားလုံးသည်လည်း ဒေါသထွက်နေသော မျက်နှာအမူအရာများ ရှိနေကြပြီး သူတို့၏ မျက်လုံးထဲက သတ်ဖြတ်ချင်သော အငွေ့အသက်သည် ဤအခိုက်အတန့်ရှိ နှင်းမုန်တိုင်း၏ အေးစက်မှုကိုပင် ဖုံးလွှမ်းသွားလေသည်။

သို့သော် ဝေ့ဖိန်ကျင်းသည် သူတို့က သူ့ကို တစ်ခုခု လုပ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားသည်မှာ သိသာလှသည်။ သူသည် သူတို့ကို သူ၏ ခြေအောက်ရှိ ပုရွက်ဆိတ်များအဖြစ်သာ သတ်မှတ်ထားသယောင် သူတို့၏ ရန်လိုမှုများကို ရင်ဆိုင်ရင်း သရော်လှောင်ပြောင်သည့်ဟန်ဖြင့် နှုတ်ခမ်းစွန်းကို ကွေးထားလေသည်။

...

အပိုင်း (၁၅၁.၂)

သူသည် ထိုစကားကို ပြောပြီးနောက် မြင်းကိုလှည့်ကာ ထွက်သွားရန် ပြင်လိုက်သော်လည်း ရှောင်းလိက မေးလိုက်သည်ကို ကြားလိုက်ရ၏။ "မြင်းကို အတင်းစီးလာတဲ့သူက ဘယ်သူလဲ"

ဝေ့ဖိန်ကျင်းသည် ခေါင်းလှည့်လာခဲ့သည်။ အငြိုးဟောင်းနှင့် ရန်ငြိုးသစ်တို့ ပေါင်းစပ်သွားကာ ဤသည်မှာ သူကိုယ်တိုင် ရှောင်းလိ၏ မျက်နှာကို သည်လို ပြတ်ပြတ်သားသား အရှက်ခွဲနိုင်ခဲ့သော ပထမဆုံးအကြိမ်ဖြစ်သည်ဟု ခံစားလိုက်ရပြီး ရင်ထဲတွင် အလွန် ပျော်ရွှင်ကျေနပ်သွား၏။ သူသည် အလွန် ရန်စလိုသော အကြည့်ဖြင့် ရှောင်းလိကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ နောက်ဘက် ဘေးနားရှိ မြင်းစီးထားသော နှုတ်ခမ်းမွေးပါးပါးနှင့် တပ်မှူးကို ရှေ့ထွက်လာရန် မျက်လုံးဖြင့် အချက်ပြလိုက်၏။

ထိုနှုတ်ခမ်းမွေးပါးပါးနှင့် တပ်မှူးကို ရှောင်းလိ မှတ်မိနေ၏။ တစ်ဖက်လူသည် ဝေ့ဖိန်ကျင်း၏ ဘေးတွင် အမြဲတစေ လိုက်ပါနေသူ ဖြစ်ပုံရသည်။

သူသည် ဝေ့ဖိန်ကျင်းက အာမခံပေးထားသည်ဟု တွေးထင်ထားပုံရကာ ရှောင်းလိကို နည်းနည်းလေးမှ မကြောက်ရွံ့ချေ။ မြင်းကိုစီးကာ ရှေ့သို့ ထွက်လာပြီးနောက် ဟန်လုပ်ကာ ရှောင်းလိအား လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်လေသည်။ "တောင်းပန်ပါတယ် အုပ်ချုပ်ရေးမှူးရှောင်း၊ နှင်းကျနေလို့ လမ်းချော်နေတာပါ။ ပြီးတော့ ဒီတပ်မှူးကလည်း စစ်တဲလမ်းကြားထဲကနေ ရုတ်တရက် ထွက်လာတာဆိုတော့ ကျွန်တော်က မြင်းဇက်ကြိုးကို အချိန်မီ မဆွဲနိုင်လိုက်ဘူး"

လူနာသယ်စင်မှာ မရောက်လာသေးချေ။ ထိုတပ်မှူးလေးသည် နာကျင်လွန်းသဖြင့် နောက်စေ့ဖြင့် မြေကြီးကို ဆောင့်နေပြီး ညည်းတွားသံများမှာလည်း အက်ကွဲနေကာ စကားဆက်ပြောရန်ပင် အားအင် မရှိသလောက် ဖြစ်နေသည်။ ဤစကားကို ကြားလိုက်ရသောအခါ သူ၏ မျက်လုံးတစ်စုံမှ အလွန်အမင်း နာကျင်မှုနှင့် မုန်းတီးမှုများ ပေါက်ကွဲထွက်လာကာ ထိုတပ်မှူး၏ အသားကိုပင် အစိမ်းလိုက် ဝါးစားချင်နေသည့်နှယ် ရှိနေ၏။ အမှန်တကယ် ဖြစ်ပျက်ခဲ့မှုမှာ ထိုတပ်မှူး ပြောသကဲ့သို့ မဟုတ်ကြောင်း သိသာထင်ရှားနေသည်။

ရှောင်းလိက ထိုတပ်မှူးအား တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ဒီကိုလာခဲ့"

ထိုတပ်မှူးသည် ရှောင်းလိ၏ ပုံမှန်မဟုတ်သော ဤလေသံကို ကြားလိုက်ရသောအခါ ရင်ထဲတွင် အကြောင်းပြချက်မရှိဘဲ အနည်းငယ် ကြောက်ရွံ့သွားပြီး ဝေ့ဖိန်ကျင်းကို လှမ်းကြည့်လိုက်၏။

ဤအပြုအမူက ဝေ့ဖိန်ကျင်းကို ဒေါသထွက်သွားစေသည်။ မိမိ၏လူက စစ်သူကြီးများ အားလုံး၏ ရှေ့မှောက်တွင် ရှောင်းလိကို ကြောက်ရွံ့နေသကဲ့သို့ ဖြစ်နေခြင်းက သူအဖို့တော့ အရှက်ခွဲခံရခြင်းနှင့် မခြားပေ။ သူက စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။ "အုပ်ချုပ်ရေးမှူးရှောင်းက မင်းကို သွားခိုင်းနေတာပဲ၊ မင်း သွားလိုက်ပေါ့"

တပ်မှူးသည် တုံ့ဆိုင်းနေဆဲဖြစ်သော်လည်း သူက စဉ်းစားလိုက်၏။ အဆိုးဆုံး ဖြစ်လာရင်တောင် ရှောင်းလိဆီကနေ ကျာပွတ်နဲ့ တစ်ချက်ရိုက်ခံရုံပဲ ရှိမှာပါ။ သူက ဝေ့ဖိန်ကျင်းရဲ့ မျက်နှာရှေ့မှာ ငါ့ကို သတ်ရဲမှာမို့လို့လား။

ထိုသို့ တွေးတောလိုက်မိသောအခါ ရင်ထဲရှိ သတ္တိများ ပြန်လည်ပြည့်ဝလာပြီး မြင်းကိုစီးကာ ရှောင်းလိထံသို့ လျှောက်သွားလိုက်သည်။ ရှောင်းလိနှင့် ခြေသုံးလှမ်းခန့် အကွာသို့ရောက်သောအခါ ရပ်တန့်လိုက်ပြီး မြင်းပေါ်မှ ဆင်းမည့် အရိပ်အယောင်လည်း မပြဘဲ ရိုသေဟန်ဆောင်ကာ ပြောလိုက်လေသည်။ "အုပ်ချုပ်ရေးမှူးရှောင်းက ကျွန်တော့်ကို ခေါ်တာ ဘာကိစ္စ... အား—"

စကားတစ်ခွန်းပင် မဆုံးသေးခင် သူသည် ရုတ်တရက် အကျယ်ကြီး အော်ဟစ်လိုက်တော့သည်။ သူ၏ ခြေထောက်ပေါ်မှ သွေးများသည် ရေပန်းကဲ့သို့ ချက်ချင်း ပန်းထွက်လာပြီး စစ်မြင်းက လန့်ဖျပ်ကာ ရှေ့ခြေနှစ်ဖက်ကို မြှောက်၍ ဟီသံပြုလိုက်သောအခါ ကိုယ်နေဟန်ချက်ပျက်သွားကာ မြင်းပေါ်မှ ခေါင်းစိုက်ကျသွားလေသည်။

မြေပြင်ပေါ်တွင် လူးလှိမ့်နေသော သူ့အော်ဟစ်သံများသည် မြင်းနင်းခံရသဖြင့် ခြေထောက်ကျိုးသွားသော ထိုတပ်မှူးလေးထက် အများကြီး ပို၍ ကြောက်မက်ဖွယ် ကောင်းလှ၏။ "ကျွန်တော့် ခြေထောက်... ကျွန်တော့် ခြေထောက်... သခင်လေး... ကျွန်တော့် ခြေထောက်..."

သူသည် ရွှံ့ဗွက်ထဲသို့ ပြုတ်ကျသွားသော မိမိ၏ ပြတ်ထွက်သွားသည့် ခြေထောက်ကို သနားစဖွယ် အကြည့်ဖြင့် ကြည့်လိုက်၏။ သို့သော် မြင်းသည် လန့်ဖျပ်ကာ ရမ်းကားစွာ နင်းချေနေသဖြင့် စုန့်ချင်က အချိန်မီ ရှေ့သို့တိုးကာ မြင်းကို ထိန်းချုပ်လိုက်သော်လည်း ထိုပြတ်ထွက်သွားသော ခြေထောက်မှာ ရွှံ့နွံများထဲတွင် မြင်းခွာ၏ အကြိမ်ကြိမ် နင်းချေခြင်းကို ခံလိုက်ရပြီးပြီ ဖြစ်သည်။ ထိုမြင်ကွင်းမှာ တကယ့်ကို အနည်းငယ် သွေးထွက်သံယို ဆန်လွန်းလှသည်။

ထိုတပ်မှူးကိုယ်တိုင်ပင် ထိုမြင်ကွင်းကို ကြည့်ရင်း အစာအိမ်ထဲမှ အချဉ်ရည်များ ပြန်တက်လာသလို ခံစားလိုက်ရသည်။ မလှမ်းမကမ်းရှိ ဝေ့ဖိန်ကျင်းမှာလည်း မျက်နှာတစ်ခုလုံး ဖြူဆုတ်နေပြီဖြစ်ကာ အော့အန်ချင်သလိုပင် ဖြစ်နေတော့၏။

"မင်း... မင်းက ဘယ်လိုလုပ် ရဲရတာလဲ..." သူသည် ရှောင်းလိကို လက်ညိုးထိုးကာ အပြစ်တင်ရန် ပြင်လိုက်သော်လည်း တစ်ဖက်လူ၏ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော မျက်လုံးတစ်စုံနှင့် အကြည့်ချင်း ဆုံလိုက်ရသောအခါ ဝေ့ဖိန်ကျင်းသည် ယမမင်း၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ချက်ချင်းပင် ခေါင်းမှနေ၍ ခြေဖျားအထိ အေးစက်သွားကာ တစ်ကိုယ်လုံး ပျော့ခွေသွားပြီး ခေါင်းများလည်း မူးဝေလာတော့သည်။

သူသည် မသိစိတ်ကအလိုလို တံတွေးတစ်ချက်ကို မြိုချလိုက်မိပြီး နောက်ဆက်တွဲ စကားများကို ဆက်မပြောနိုင်တော့ချေ။

ထိုအရာသည် သေဆုံးခြင်းအပေါ် မွေးရာပါ ကြောက်ရွံ့မှုမှ မြစ်ဖျားခံလာခြင်းပင်။

—စောစောက ရှောင်းလိ မည်သို့ လှုပ်ရှားလိုက်သည်ကို သေချာမြင်လိုက်ရသူ မရှိသလောက်ပင်။ ထိုတပ်မှူးသည် ခြေထောက်တစ်ဖက် ပြတ်တောက်သွားကာ အော်ဟစ်ညည်းတွားရင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီ၏။

လက်တွေ့ကျကျ တွေးကြည့်မည်ဆိုလျှင် ဓားချက်က ပြင်းထန်လွန်းလှသဖြင့် ထိုတပ်မှူး၏ ခြေထောက်ကို ဖြတ်တောက်ပြီးနောက် ကျန်ရှိနေသော အရှိန်ဖြင့် မည်သို့ပင်ဖြစ်စေ ထိုမြင်း၏ ဗိုက်ကိုပါ ကွဲထွက်သွားစေလိမ့်မည်။ သို့သော် သူက အတိအကျ ရပ်တန့်နိုင်ခဲ့ပြီး ထိုဘက်ခြမ်းရှိ မြင်းကုန်းနှီးကို တပ်ဆင်ထားသော သားရေကြိုးပေါ်တွင်ပင် ဓားရာတစ်ချက်မျှ မကျန်ရစ်ခဲ့ချေ။

ရှောင်းလိသည် လက်ထဲရှိ ဓားရှည်ကို ပြန်သိမ်းလိုက်သည်။ ရဲရဲနီနေသော သွေးကွက်များသည် နှင်းကဲ့သို့ တောက်ပနေသော ဓားသွားတစ်လျှောက် ဓားသွားထိပ်ဖျားအထိ ကွေ့ကောက်စီးဆင်းသွားပြီး ရွှံ့မြေထဲသို့ တစ်စက်ချင်း ကျဆင်းသွားကာ မှိန်ဖျော့ဖျော့ ပါးနီရောင်များအဖြစ် ပျံ့နှံ့သွားလေသည်။

သူက ဓားကို ဆွဲယူလိုက်သည့် ကိုယ်ရံတော်စစ်သည်ထံသို့ ဓားကို ပြန်လည်ပေးအပ်လိုက်ချိန်တွင် တစ်ဖက်လူ၏ မျက်နှာအမူအရာမှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲ။

ရှောင်းလိက သူ့ကို ဘေးတိုက် တစ်ချက်ကြည့်လိုက်သောအခါမှသာ သူသည် အိပ်မက်မှ လန့်နိုးလာသည့်နှယ် တောင့်တင်းနေသော လက်ကို ဆန့်ထုတ်ကာ လှမ်းယူလိုက်သည်။

"အုပ်ချုပ်ရေးမှူး!" အဝေးမှနေ၍ ဝေ့အန်းသည် မြင်းကို နှင်ကာ ရောက်ရှိလာ၏။ သူ့မျက်နှာပေါ်ရှိ အမူအရာသည် အလွန်အမင်း ကြောက်လန့်နေသဖြင့် ဝိညာဉ်လွင့်ထွက်တော့မည့်အတိုင်း ဖြစ်နေကာ သတင်းကို ယခုလေးတင် ကြားပြီး အပြေးအလွှား ရောက်လာခြင်း ဖြစ်ကြောင်း သိသာလှသည်။

သူသည် မူလက ထိုသူနှစ်ဦးကို လာရောက် ဖြန်ဖြေပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မြေပြင်ပေါ်တွင် လဲကျနေသော ထိုထုန်ကျိုးတပ်မှူးလေးနှင့် ခြေထောက်တစ်ဖက် အရှင်လတ်လတ် ဖြတ်တောက်ခံထားရသော ဝေ့စစ်တပ်မှ တပ်မှူးကို မြင်လိုက်ရသောအခါ ဝေ့အန်းသည် သူ နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်ပုံရ၏။ သူတစ်ကိုယ်လုံး မှင်သက်သွားကာ တစ်ခဏမျှ ဘာထပ်ပြောရမည်ကိုပင် မသိတော့ချေ။

ရှောင်းလိသည် ဝေ့အန်းကို ဂရုမစိုက်ခဲ့ချေ။ ဓားကို ပြန်ပေးပြီးနောက် သူသည် မျက်လုံးကို မော့ကာ ဝေ့ဖိန်ကျင်းကို ကြည့်လိုက်သည်။ သူ၏ ငယ်ရွယ်ပြီး ချောမောကာ အေးစက်ကြမ်းတမ်းသော မျက်နှာပေါ်တွင် အသက်အရွယ်ထက် အများကြီး သာလွန်သော ဩဇာအာဏာနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေ၏။ "ရှော့ပျန်းနယ်စားဆီမှာ ကျွန်တော် ရာထူးကနေ နှုတ်ထွက်ခွင့် တောင်းမယ်။ နောက်ပိုင်း ဒီလူက ကျွန်တော့်ရဲ့ ထုန်ကျိုးစစ်စခန်းထဲကို ထပ်ပြီး ကျူးကျော်ဝင်ရောက်လာရင် စစ်စခန်းကို ဝင်တိုက်တယ်လို့ သတ်မှတ်ပြီး အရေးယူမယ်"

အောက်ဘက်တွင် ဒေါသမီးများ အောင်းနေခဲ့သည်မှာ ကြာပြီဖြစ်သော စစ်သည်များသည် ချက်ချင်းပင် ရင်ထဲမှ အလွန် ကျေနပ်ဝမ်းသာဖွယ်ကောင်းသော ဟစ်ကြွေးသံများကို ပေါက်ကွဲထုတ်ဖော်လိုက်ကြသည်။

ဝေ့ဖိန်ကျင်းနှင့် အောက်မှ လူတစ်စုသည် ပင်လယ်ဒီရေလှိုင်းလုံးကြီးများကဲ့သို့သော ထိုဟစ်ကြွေးသံများကြောင့် လန့်ဖျပ်သွားကြပြီး အားလုံးက မြင်းများကို အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။

သို့သော် ဤစစ်စခန်း တစ်ခုလုံးသည် တရားမျှတမှုစစ်တပ်၏ တပ်စွဲထားရာ နေရာဖြစ်ပြီး သူတို့ ဆုတ်ခွာမည်ဆိုလျှင်ပင် ဆုတ်ခွာစရာ နေရာမရှိချေ။ တစ်ခဏအတွင်း အားလုံး၏ မျက်နှာအမူအရာများမှာ အနည်းငယ် ကြောက်လန့်နေကြတော့သည်။

ဝေ့အန်းသည်လည်း အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်သွားပြီး ရှောင်းလိကို အလျင်အမြန် အော်ဟစ်ပြောဆိုလိုက်လေသည်။ "အုပ်ချုပ်ရေးမှူး မလုပ်ပါနဲ့။ အုပ်ချုပ်ရေးမှူး မလုပ်ပါနဲ့ဗျာ"

သို့သော် ရှောင်းလိသည် သူ့စကားများကို ထပ်မံ နားထောင်လိုခြင်း မရှိတော့ချေ။ လှည့်ကာ အနောက်သို့ ပြန်လျှောက်သွားရင်း ပြောလိုက်လေသည်။ "ဧည့်သည်တွေကို ပြန်ပို့လိုက်"

အောက်ရှိ လက်နက်ကိုင် စစ်သည်များသည် ချက်ချင်းပင် လှံများကို ကြက်ခြေခတ်ကာ ဝေ့အန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။

ဝေ့အန်းသည် ရှောင်းလိက သူ၏ ကိုယ်ရံတော် တစ်စုကို ခေါ်ဆောင်ကာ အဝေးသို့ ထွက်သွားသည်ကို ရပ်ကြည့်ရုံသာ တပ်နိုင်တော့သည်။ ဒဏ်ရာရထားသော ထိုတရားမျှတမှုတပ်ဖွဲ့က တပ်မှူးလေးကိုလည်း အောက်ရှိ စစ်သည်များက လူနာသယ်စင်ဖြင့် သယ်ဆောင်ကာ သူတို့နောက်သို့ လိုက်သွားကြသည်။

သူသည် စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ လှည့်လိုက်ပြီး ပြတ်ထွက်သွားသော ခြေထောက်ကို ဖက်ကာ နာကျင်စွာ ညည်းတွားနေဆဲဖြစ်သော တပ်မှူးနှင့် မိမိ ပြဿနာရှာမိပြီဖြစ်ကြောင်း ယခုမှ သိရှိသွားပုံရသော ဝေ့ဖိန်ကျင်းတို့ကို ကြည့်လိုက်၏။ တကယ့်ကို ဒေါသထွက်လွန်းသဖြင့် စကားပင် ထွက်မလာလုနီးပါး ဖြစ်သွားကာ ပြောလိုက်လေသည်။ "သခင်လေး။ ခင်ဗျား ဘယ်လို ကိစ္စတွေကို လုပ်လိုက်တာလဲဗျာ"

ဝေ့ဖိန်ကျင်း၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့နေမှုများ ရှိနေပြီး ခဏလောက် ခေါင်းငုံ့ထားလိုက်သော်လည်း ချက်ချင်းပင် အော်ဟစ်ပြောဆိုလိုက်လေသည်။ "မင်မင်က သူ့စစ်တပ်ထဲမှာ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံခဲ့ရတယ်။ ပြီးတော့ ချစ်ရတဲ့ မြင်းကိုပါ မြားနဲ့ ပစ်သတ်ခံခဲ့ရတာ။ ငါ့ဆီ ရောက်လာတော့ ငိုထားလွန်းလို့ မျက်လုံးတွေတောင် ဖောင်းအစ်နေပြီ။ ငါက မင်မင်အတွက် တရားမျှတမှုကို တောင်းဆိုပေးတာ ဘာဖြစ်လို့လဲ"

စောစောက ရှောင်းလိ၏ အပြုအမူကို ပြန်လည် တွေးတောမိသောအခါ သူ့ရင်ထဲတွင် ပိုလို့ပင် ဒေါသထွက်လာ၏။ သူသည် ရှောင်းလိ ထွက်သွားသော ဦးတည်ရာသို့ အားကုန် လက်ညိုးထိုးကာ အကျယ်ကြီး အော်ဟစ်လိုက်လေသည်။ "ရှောင်း မျိုးရိုးနဲ့ အဲဒီကောင်က ဒီလိုစကားမျိုးကိုတောင် ပြောရဲတယ်ဆိုတော့ သေချာပေါက် ဝံပုလွေလို ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေ ရှိနေတာပဲ။ အစကတည်းက ပုန်ကန်ချင်တဲ့ စိတ်ကူးရှိနေတာ။ ငါ အဖေ့ဆီကို စာတစ်စောင် ရေးပို့ပြီး အဲဒီကောင်ကို သတ်ဖို့အတွက် ဦးလေးယွမ် ဒါမှမဟုတ် ဦးလေးလျောင်ကို စစ်တပ်ခေါ်လာခိုင်းမယ်"

လူမကွဲသေးသော ထိုတရားမျှတမှုတပ်ဖွဲ့မှ စစ်သည်များသည် ရှောင်းလိ၏ အမိန့်မရရှိဘဲ သူတို့ကို မတိုက်ခိုက်ရဲကြသော်လည်း ဝေ့ဖိန်ကျင်း၏ ဤစကားကို ကြားလိုက်ရသောအခါ မျက်နှာပေါ်တွင် ရန်လိုမှုများက သိသိသာသာ ပိုကြီးမားလာကြသည်။ အချို့ဆိုလျှင် သူတို့လူစုကို တိုက်ရိုက် ကြည့်ကာ ပြင်းပြင်းထန်ထန် တံတွေးထွေးချလိုက်ကြ၏။

ဝေ့ဖိန်ကျင်းသည် တစ်စုံတစ်ရာကို အတည်ပြုချက် ရရှိသွားသကဲ့သို့ သူတို့ကို လက်ညိုးထိုးကာ ဝေ့အန်းအား အော်ပြောလိုက်လေသည်။ "ခင်ဗျား ကြည့်လိုက်စမ်း။ ခင်ဗျား ကြည့်လိုက်စမ်း"

ဝေ့အန်း၏ နဖူးပေါ်ရှိ သွေးကြောများမှာ ပေါက်ထွက်တော့မတတ် ထောင်ထနေပြီ ဖြစ်သည်။ သူက ဝေ့ဖိန်ကျင်းကို အော်ဟစ်လိုက်လေသည်။ "တော်လောက်ပြီ"

ဤတရားမျှတမှုတပ်များသည် ဝေ့စစ်တပ်အတွင်းသို့ အပြည့်အဝ ပူးပေါင်းဝင်ရောက်လာခြင်း မရှိသေးချေ။ စစ်ပွဲကြီး အကြိမ်အနည်းငယ် ဆင်နွှဲပြီးနောက် အားလုံးက ရှောင်းလိကိုသာ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်။ ယနေ့တွင် ဝေ့ဖိန်ကျင်းတို့ မောင်နှမက တရားမျှတမှုစစ်သည်များကို အရင်ဆုံး အနိုင်ကျင့်စော်ကားခဲ့သည်။ ရှောင်းလိက သူ၏လူများကို ကာကွယ်ပေးကာ စိတ်ပျက်လက်ပျက်ဖြင့် ရက်စက်သော စကားများကို ပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း သူက တစ်ဖက်လူကို အစကတည်းက ပုန်ကန်လိုသော စိတ်ကူးရှိနေသည် ဟူသော ခေါင်းစဉ်ကို အတင်းအကျပ် တပ်ပေးလိုက်ပြန်သည်။

ဤအရာကို ဘယ်သူကြားကြား စိတ်မပျက်ဘဲ နေနိုင်ပါမည်တဲ့လား။

သို့သော် သူသည် ဝေ့ဖိန်ကျင်းကို ထပ်မံ ဖျောင်းဖျလိုသော စိတ်ကူး မရှိတော့ချေ။ အရှက်ရစွာဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ကံကြမ္မာကို လက်ခံလိုက်သည့်အလား ပြောလိုက်လေသည်။ "...နယ်စားကြီးကို ဒီကိစ္စအကြောင်း စာရေးပြီး အကြောင်းကြားလိုက်ပါတော့ဗျာ"

သမားတော်ထောင်သည် သတင်းရရှိပြီးနောက် အပြေးအလွှား ရောက်ရှိလာချိန်တွင် ထိုတပ်မှူးလေးကို ဗဟိုစစ်တဲသို့ ယခုလေးတင် သယ်ဆောင်လာခဲ့ပြီး ဖြစ်သည်။

သမားတော်ထောင်က သူ့ခြေသလုံးအရိုးကို စမ်းသပ်ကာ ဒဏ်ရာများကို စစ်ဆေးပေးနေသည်။ တပ်မှူးလေးသည် သစ်သားတုတ်ကို ကိုက်ထားသော်လည်း နာကျင်လွန်းသဖြင့် မျက်နှာအမူအရာမှာ ရှုံ့မဲ့နေပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးများက ရေများကဲ့သို့ စီးကျနေ၏။ နာကျင်မှုကြောင့် တံတောင်ဆစ်ဖြင့် မြေကြီးကို ထုနှက်နေရာ ဘေးနားရှိ စစ်သည်အတော်များများက သူ၏ လက်နှင့် ခြေထောက်များကို ဝိုင်းဝန်းဖိချုပ်ထားကြသော်လည်း မနည်း ထိန်းထားရသည်။

"နည်းနည်း သည်းခံပါဦး။ နည်းနည်း သည်းခံပါဦး..." သမားတော်ထောင်က သူ့ကို နှစ်သိမ့်ပေးနေခဲ့သည်။ သူ့တစ်ကိုယ်လုံးရှိ ဒဏ်ရာများကို စစ်ဆေးပြီးသွားသောအခါ သမားတော်ထောင်၏ မျက်နှာအမူအရာမှာ မသက်မသာ ဖြစ်နေ၏။ ရှောင်းလိကို ကြည့်ကာ ခေါင်းတစ်ချက် ခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။ "အရိုးတွေ အကုန်လုံး အနင်းခံရလို့ ကျိုးကြေသွားပြီ၊ ဒီခြေထောက်ကတော့ မရတော့ဘူး။ အဆိုးရွားဆုံးက ရင်ဘတ်နဲ့ ဝမ်းဗိုက်နားက အနင်းခံထားရတဲ့ ဒဏ်ရာပဲ။ သွေးခုန်နှုန်းကို ကြည့်ရသလောက် အတွင်းကလီစာတွေ ပျက်စီးပြီး သွေးထွက်နေပြီ"

ရှောင်းလိ၏ မျက်နှာမှာ အေးစက်ခက်ထန်နေသည်။ စစ်တဲအတွင်းရှိ အခြားသော စစ်သူကြီးများသည် ဤသို့သော ရလဒ်ကို ကြားလိုက်ရသောအခါ မျက်နှာပေါ်တွင် ဒေါသထွက်မှုများအပြင် အထူးသဖြင့် မခံစားနိုင်လောက်အောင် ဝမ်းနည်းနာကြည်းသွားကြ၏။

ဤအခြေအနေမှာ အများအားဖြင့် ကယ်တင်၍ မရနိုင်တော့ချေ။

ထိုတပ်မှူးလေးသည် ပါးစပ်ထဲတွင် ကိုက်ထားသော သစ်သားတုတ်ကို လွှတ်လိုက်ပြီး စစ်တဲ၏ မျက်နှာကြက်ကို ငေးစိုက်ကြည့်နေသည်။ ငိုထားလွန်းသဖြင့် ရဲရဲနီနေသော မျက်လုံးတစ်စုံ၏ မျက်ဝန်းထောင့်များမှနေ၍ ပူနွေးသော မျက်ရည်များ ထပ်မံ စီးကျလာပြန်၏။ မကျေနပ်မှုများစွာ ရှိနေပုံရသော်လည်း သူသည် ရှောင်းလိကိုသာ ကြည့်လိုက်ပြီး ရှိုက်သံဖြင့် ပြောလိုက်လေသည်။ "တောင်းပန်ပါတယ်... အုပ်ချုပ်ရေးမှူး၊ ကျွန်တော်က လူကြီးမင်းအတွက် ပြဿနာတွေ ရှာပေးမိပြီ..."

ရှောင်းလိသည် လျှောက်သွားကာ ကိုယ်ကို တစ်ဝက်ခန့် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လူနာသယ်စင်၏ ဘေးတစ်ဖက်တွင် တွဲလောင်းကျနေသော သူ၏ ရွှံ့အညစ်အကြေးများ ပေကျံနေသည့် လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ သူ့ကို ပြောလိုက်လေသည်။ "မင်း ဘာမှ မမှားပါဘူး"

ရှောင်းလိ၏ ဤစကားကို ကြားလိုက်ရသောအခါ တပ်မှူးလေးသည် ပါးစပ်ကို ဟကာ ငိုချင်လာပုံရသော်လည်း နာကျင်လွန်းလှသဖြင့် တိုးညှင်းသော ရှိုက်သံများကိုသာ ထုတ်ဖော်နိုင်တော့သည်။

ရှောင်းလိက သူ့ကို မေးလိုက်လေသည်။ "မင်း နာမည်က လင်အန်း မဟုတ်လား။ မင်းကို ငါ မှတ်မိတယ်။ ငါ့ရဲ့ အနောက်ဘက်စစ်စခန်းက တပ်မှူးပဲ။ ငါ့မှာလည်း ညီလေးတစ်ယောက် ရှိတယ်၊ သူ့နာမည်ကလည်း ရှောင်အန်း လို့ ခေါ်တယ်။ မင်း အိမ်မှာ ဘယ်သူတွေ ရှိသေးလဲ"

တပ်မှူးလေး၏ မျက်လုံးထဲတွင် မျက်ရည်များ စီးကျလာပြီး တစွန်းတစဖြင့် ပြန်ဖြေလိုက်၏။ "ကျွန်တော့်အမေရယ်၊ ပြီးတော့ အသက် တစ်ဆယ့်နှစ်နှစ်အရွယ် ညီလေးတစ်ယောက်နဲ့၊ ငါးနှစ်အရွယ် ညီမလေးတစ်ယောက် ရှိပါတယ်..."

ရှောင်းလိသည် သူ၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး ပြောလိုက်လေသည်။ "နောက်ဆိုရင် သူတို့တွေကလည်း ငါ့ရဲ့အမေ၊ ငါ့ရဲ့ ညီလေးနဲ့ ညီမလေးတွေပဲ။ ငါ မင်းကိုယ်စား သူတို့ကို စောင့်ရှောက်ပေးပါ့မယ်။ မင်း ဒဏ်ရာတွေကို သေချာ ဂရုစိုက်ပြီး ကုသလိုက်ပါ"

တပ်မှူးလေး၏ မျက်ရည်များမှာ ပိုလို့ပင် စီးကျလာပြီး လေကို ခပ်ဖွဖွ ရှူသွင်းကာ ကောင်းပါပြီဟု ပြန်ဖြေလိုက်သည်။

အောက်ဖက်ရှိ စစ်သည်များက သူ့ကို လူနာစောင့်ရှောက်ရေးတဲသို့ သယ်ဆောင်သွားချိန်တွင် ရှောင်းလိသည် သမားတော်ထောင် မထွက်ခွာခင်တွင် ပြောလိုက်လေသည်။ "တကယ်လို့ သူ မခံနိုင်တော့ဘူးဆိုရင် လူကြီးမင်းက သူ့ကို မေ့ဆေး နည်းနည်း ပိုသုံးပေးလိုက်ပါ။ သူ မသွားခင်မှာ သိပ်မနာကျင်ရအောင်လို့ပါ"

သမားတော်ထောင်က သဘောပေါက်သွားပြီး တိတ်ဆိတ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

သမားတော်ထောင် ထွက်သွားပြီးနောက် ကျန်းဟွိုင်က မေးလိုက်လေသည်။ "အုပ်ချုပ်ရေးမှူးက ဒီအတိုင်းပဲ ဝေ့စစ်တပ်ကနေ ခွဲထွက်ဖို့ တကယ် ဆုံးဖြတ်ထားတာလား"

ရှောင်းလိက စကားမပြောရသေးခင်မှာပင် ကျန်းဟူသည် ဒေါသကြောင့် မျက်လုံးတစ်စုံ နီရဲလာပြီး စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။ "အဲဒါမှမဟုတ်ရင် ဒီလို အသုံးမကျတဲ့ အနိုင်ကျင့်မှုတွေကို ဆက်ပြီး သည်းခံနေရဦးမှာလား။ တပ်မှူးလင်ကို ကြည့်လိုက်လေ။ သူတို့ ဝေ့မိသားစုရဲ့ သခင်လေးက ငါတို့ကို လူလို့ရော သတ်မှတ်ရဲ့လား"

ကျန်းဟွိုင်က ပြောလိုက်လေသည်။ "ဒီနေ့ ကိစ္စအတွက် စစ်သူကြီးတို့ အားလုံးက အရမ်း ဒေါသထွက်နေကြမယ် ဆိုတာကို ကျွန်တော် သိပါတယ်။ အောက်က စစ်သည်တွေရဲ့ ရင်ထဲမှာလည်း ဒေါသတွေ ရှိနေကြမှာပါ။ ဒါပေမဲ့ ဒီလိုအချိန်မျိုး ရောက်လေလေ စိတ်လိုက်မာပါ မလုပ်မိဖို့ ပိုအရေးကြီးလေလေပါပဲ။ ပိုပြီး ရေရှည်ကျမယ့် အကျိုးစီးပွားကို ကြည့်ဖို့ လိုအပ်တယ်"

ကျန်းဟူသည် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။ "ဒီလိုအချိန်တောင် ရောက်နေပြီကို ဘာအကျိုးစီးပွားကို ကြည့်နေရဦးမှာလဲ"

ကျန်းဟွိုင်သည် သူက ဤကဲ့သို့သော စရိုက်မျိုးရှိကြောင်း သိထားပြီး သူ ဒေါသထွက်နေချိန်ဖြစ်ကြောင်းကိုလည်း နားလည်သဖြင့် သူနှင့် အငြင်းပွားမနေတော့ချေ။ ရှောင်းလိကိုသာ ကြည့်ကာ ပြောလိုက်လေသည်။ "ဒီနေ့ အမှားက သူတို့ ဝေ့မိသားစုက မောင်နှမ နှစ်ယောက်ဆီမှာ ရှိတာပါ။ ဒီအပြုအမူက ကျွန်တော်တို့ ထုန်ကျိုးစစ်တပ်ကို စိတ်ပျက်စေရုံတင် မကဘူး၊ တခြား တရားမျှတမှုတပ်ဖွဲ့ အတော်များများကိုလည်း စိတ်ပျက်သွားစေတယ်။ ဒီနေ့ ဝေ့မိသားစုက ကျွန်တော်တို့ကို ဒီလို ဆက်ဆံနိုင်တယ်ဆိုရင်၊ နောက်တစ်နေ့ကျရင် တခြား တရားမျှတမှုတပ်တွေကိုလည်း ဒီလိုမျိုး ဆက်ဆံနိုင်တာပဲ"

"ဒီလုပ်ရပ်က သွယ်ဝိုက်တဲ့နည်းနဲ့ တရားမျှတမှုတပ်တွေ အားလုံးကို ကျွန်တော်တို့နဲ့အတူ တစ်သားတည်း ဖြစ်သွားအောင် ကူညီပေးလိုက်တာပဲ။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးက ပုံမှန်အချိန်တွေမှာ အောက်က စစ်သည်တွေကို အထူးတလည် ဂရုစိုက် ချစ်ခင်တတ်ပြီး ဝေ့စစ်တပ်ရဲ့ ပင်မတပ်ဖွဲ့တွေဆီကနေ ဘာအနိုင်ကျင့်မှုကိုမှ မခံခဲ့ရဖူးဘူးလေ။ တပ်မှူးလင်ရဲ့ ကြမ္မာဆိုးလောက်နဲ့တင် အဲဒီ တရားမျှတမှုတပ်ဖွဲ့တွေက မြောက်ပိုင်းဝေ့နဲ့ ရန်သူဖြစ်ရမယ့် အန္တရာယ်ကို စွန့်စားပြီး ကျွန်တော်တို့ဆီကို အပြည့်အဝ ပူးပေါင်းလာအောင် လုပ်ဖို့ မလုံလောက်သေးဘူး။ ရှော့ပျန်းနယ်စားက အုပ်ချုပ်ရေးမှူးကို အထင်ကြီးတာက အမှန်ပဲ ဆိုပေမယ့် အုပ်ချုပ်ရေးမှူးရဲ့ အင်အားတွေ ကြီးမားလာမှာကိုလည်း ကြောက်ရွံ့နေတယ်။ ဒါကြောင့်မို့လို့ ဝေ့အန်းဆိုတဲ့ သံမှိုတစ်ချောင်းကို ကျွန်တော်တို့ စစ်တပ်ထဲမှာ အမြဲတမ်း စိုက်ထားပြီး အုပ်ချုပ်ရေးမှူးရဲ့ လှုပ်ရှားမှု အားလုံးကို ထိန်းချုပ်ထားတာပေါ့။ အခုအချိန်က ကျွန်တော်တို့ နယ်စားကြီးဝေ့နဲ့ အပေးအယူ လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ"

ကျန်းဟွိုင်သည် ရှောင်းလိက အသံမထွက်သေးသည်ကို မြင်သောအခါ ဆက်ပြီး ဖျောင်းဖျလိုက်လေသည်။ "ဝေ့စစ်တပ်ကနေ ခွဲထွက်ဖို့က အချိန်မရောက်သေးပါဘူး။ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေက လွန်ခဲ့တဲ့ လအနည်းငယ်က လျန်စစ်တပ်ရဲ့ အခြေအနေနဲ့ အတိအကျ တူညီနေတယ်။ အဲဒီ လျန်စစ်တပ်က ဟန့်ယန်မင်းသမီးကလည်း တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ မာကျားလျန်နဲ့ ဝါယောင်းခံတပ်ဆိုတဲ့ စိတ်ဓာတ်ရေးရာ ထိုးနှက်တဲ့ စစ်ပွဲကြီး နှစ်ပွဲအပြီးမှာ ဖေစုန့် ဖြန့်ဖြူးခဲ့တဲ့ တိုင်းပြည်ကို ခိုးယူတယ်ဆိုတဲ့ နာမည်ဆိုးကို ခံစားနေရပေမဲ့လည်း သူက တည်ငြိမ်စွာနဲ့ ချန်နန်းတွင်းကို အပြစ်တင် မေးခွန်းထုတ်ပြီး အပေးအယူ လုပ်နိုင်ခဲ့တယ်။ နောက်ဆုံးတော့ သူမက ချန်တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာကို ရယူနိုင်ခဲ့ပြီး ချန်စစ်တပ်ကို ခေါ်ဆောင်ကာ လျန်မြေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာပဲ။ ကျွန်တော်တို့ကရော ဘာဖြစ်လို့ ဝေ့မိသားစု မောင်နှမရဲ့ ဒီအမှားကို ဆုပ်ကိုင်ပြီး ဝေ့စစ်တပ်ကို အလျှော့ပေးလာအောင် မလုပ်နိုင်ရမှာလဲ"

သူသည် စစ်တဲအတွင်းရှိ လူများကို ဝေ့ကြည့်လိုက်သည်။ "မြောက်ပိုင်းနယ်စပ်က အလွန် အရေးကြီးတဲ့ နယ်စပ်ကာကွယ်ရေး စစ်ပွဲကြီး နှစ်ပွဲကို အုပ်ချုပ်ရေးမှူးက ညီအစ်ကိုတွေကို ခေါ်ဆောင်ပြီး ဓားသွားပေါ်က သွေးကို လျက်ကာ သေလုမျောပါး တိုက်ခိုက်ခဲ့ရတာ။ တခြား တရားမျှတမှုစစ်သည် တစ်သောင်းခွဲကလည်း အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လေ့ကျင့်ပေးခဲ့တာပဲ။ လူကြီးမင်းတို့ အားလုံးက ကျွန်တော်တို့ ဒီလို အသက်စွန့်ပြီး ကြိုးစားခဲ့ရတာတွေကို ဝေ့စစ်တပ်အတွက် အလကား အကျိုးအမြတ် ဖြစ်သွားအောင် ဒီအတိုင်း လက်လွှတ်လိုက်ချင်လို့လား။ ကျွန်တော်တို့ အခုပဲ ထွက်သွားမယ်ဆိုရင် မြောက်ပိုင်းဝေ့က ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်ဖို့ သဘောမတူဘူးဆိုရင် တပ်နှစ်ခုက စစ်ခင်းရတော့မှာပဲ။ အဲဒီအခါကျရင် ကျွန်တော်တို့ စစ်တပ်ထဲမှာ သေဆုံးရမယ့်သူတွေက တပ်မှူးလင်လို စစ်သည်ကောင်း တစ်ယောက်တည်းတင် မကတော့ဘူး"

စစ်တဲအတွင်းရှိ စစ်သူကြီးများ အားလုံးသည် မကျေနပ်မှုနှင့် ဒေါသထွက်နေသော မျက်နှာအမူအရာများကို ပြသနေကြပြီး ကျန်းဟူသည်လည်း အလိုမကျစွာဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်ထားလိုက်သည်။

ထိုအခါမှသာ ကျန်းဟွိုင်သည် ရှောင်းလိကို လက်ယှက် အရိုအသေပေးကာ ပြောလိုက်လေသည်။ "ရှော့ပျန်းနယ်စားဘက်က ဒီကိစ္စကို သိသွားပြီးတဲ့နောက် ဘယ်လို သဘောထားမျိုး ပြသလာမလဲဆိုတာကို ကြည့်ပြီးမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ အုပ်ချုပ်ရေးမှူးကို ကျွန်တော်ဟွိုင် တောင်းဆိုပါတယ်"

...

All Chapters