အခန်း ၁၅၄
Vol. 16 Ch. 154
အပိုင်း (၁၅၄.၁)
ဝေ့အန်းသည် ရှောင်းလိ၏ဘေးတွင် ရပ်နေ၏။ သူသည် ဝိန်းယွီ ဖမ်းဆီးခံရပြီးကတည်းက သူမကို မြင်ဖူးသည့် တစ်ဦးတည်းသော ဝေ့စစ်သူကြီး ဖြစ်သည်။
ယခင်က ဝိန်းယွီသည် အင်ပြင်ရောဂါ ခံစားနေရသဖြင့် သူမ၏ မျက်နှာအစစ်အမှန်ကို သူ မမြင်တွေ့ခဲ့ဖူးချေ။ သို့သော် ကြည်လင်သော လမင်းနှင့် အေးစက်သော ရေလှိုင်းများကဲ့သို့သော သူမ၏ မျက်ဝန်းတစ်စုံကို တစ်ကြိမ်တစ်ခါ မြင်ဖူးသူတိုင်းက လုံးဝ အမှတ်မှားနိုင်မည် မဟုတ်ပေ။
ဤတစ်ကြိမ်တွင် ဝေ့ချီရှန်းက သူ့ကို ယွမ်ဖန်းနှင့်အတူ လိုက်ပါလာရန် အမိန့်ပေးခဲ့ခြင်းတွင် ဤအမျိုးသမီးကို ရှောင်းလိက လူစားထိုးထားခြင်း ရှိမရှိ အတည်ပြုခိုင်းသည့် သဘောလည်း ပါဝင်နေလေသည်။
ယခု ဝိန်းယွီကို ပထမဆုံးအကြိမ် မြင်လိုက်ရချိန်တွင် ဝေ့အန်းသည် သူမ ဖြစ်ကြောင်း သေချာပေါက် သိလိုက်လေသည်။
သို့သော် မျက်နှာကို ဖုံးကွယ်ထားလျက်နှင့် လူကို မှတ်မိနေခြင်း၊ မိမိနှင့် တစ်ဖက်လူက အကြိမ်အနည်းငယ်သာ ဆုံတွေ့ဖူးခြင်း၊ ယခင်က တစ်ဖက်လူတွင် အင်ပြင်ရောဂါ ရှိနေခဲ့ခြင်းတို့ကြောင့် သူ့စကားကို အခြားသူများက ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။
ပြဿနာများ နည်းပါးစေရန်အတွက် ဝေ့အန်းသည် ဝိန်းယွီကို လှမ်းခေါ်ကာ ပြောလိုက်လေသည်။ “ကျန်းသခင်မလေး... မျက်နှာလေး ခဏလောက် ဖော်ပြပေးပါလား”
ဝိန်းယွီသည် ခြေလှမ်းများကို ရပ်တန့်လိုက်၏။ သူမ ဖိန်ကျိုးမှ ထွက်ခွာလာချိန်က လီယောင်နှင့် ယွီချီပါးတို့၏ နာရေးကာလတွင်း ဖြစ်နေဆဲဖြစ်သဖြင့် သူမ ယူဆောင်လာသော အဝတ်အစားများမှာလည်း အလွန်ပင် ရိုးရှင်းနေခဲ့သည်။
ယနေ့ သူမ၏ သေတ္တာထဲမှ သူမ ဝတ်ဆင်ထားသော သူမ၏ မူလအဝတ်အစားမှာလည်း ဖြူစင်ရိုးရှင်းလှပြီး ငွေရောင်ချည်မျှင်များဖြင့် ပန်းခက်ပန်းနွယ်ပုံစံ ပန်းထိုးထားကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် နာရေးဝတ်စုံနှင့်ပင် တူနေလေသည်။
သံချပ်ကာများဖြင့် တင်းကြပ်စွာ စောင့်ကြပ်နေသော အစောင့်စစ်သည်များကြားတွင် ထိုအဝတ်အစားသည် အလွန်ပင် ထင်ရှားလို့နေ၏။
သူမ၏ မျက်ဝန်းများသည် မြူခိုးများ ဖုံးလွှမ်းနေသော ရေကန်တစ်ခုကဲ့သို့ ကြည်လင်အေးစက်နေသည်။ ထိုမျက်ဝန်းများဖြင့် ထိုနေရာတွင် ရှိနေသူများအားလုံးကို အေးစက်သော ရေလှိုင်းငယ်များအလား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူမသည် လက်ကို ဖြည်းညင်းစွာ မြှောက်ကာ မျက်နှာပေါ်ရှိ ပဝါကို ဖယ်ရှားလိုက်သည်။
အေးစက်သော လေပြေများက တိုက်ခတ်နေဆဲဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် နှင်းပွင့်များ ကျဆင်းမှုသည် အလွန် နှေးကွေးသွားသယောင်။ သူမ၏ မျက်တောင်ရှည်များပေါ်တွင် နှင်းပွင့်များ တင်ကျန်နေပြီး မျက်တောင်တစ်ချက် ခတ်လိုက်တိုင်း အောက်ဘက်ရှိ မျက်ဝန်းများသည် ရေကန်ပြင်ပေါ်တွင် လှိုင်းဂယက်များ ထနေသကဲ့သို့ ဖြစ်နေတော့သည်။
ကောင်းကင်နှင့် မြေကြီးပင်လျှင် ထိုမြင်ကွင်းကြောင့် တစ်ခဏတာ ငြိမ်သက်သွားခဲ့ရသည်။
ထိုမျက်နှာလေးက လူများကို ပေးစွမ်းနိုင်သော တုန်လှုပ်ချောက်ချားမှုကို မည်သည့်စကားလုံးနှင့်မှ ဖော်ပြမရနိုင်ချေ။ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေတော့သည်။ သမိုင်းရာဇဝင်များတွင် ဧကရာဇ်မင်းများက ပြည်သူများကို ဒုက္ခရောက်စေကာ စစ်မက်ဖြစ်ပွားစေခဲ့သည့် မိန်းမလှဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် ဤကဲ့သို့သော ရုပ်ရည်မျိုးပင် ဖြစ်လိမ့်မည်။
ယွမ်ဖန်းနှင့် ဝေ့အန်းတို့သည် ပြိုင်တူပင် မှင်သက်စွာ ကြည့်နေမိကြ၏။ သတိပြန်ဝင်လာပြီးနောက် ရှောင်းလိက ဝေ့ချီရှန်း ချီးမြှင့်ထားသော ယွင်ကျင်းပိုးသားကို သူမအား အဝတ်အစား လုပ်ဝတ်ရန် ပေးခဲ့ခြင်းမှာ... ဤအမျိုးသမီး၏ ရုပ်ရည်က လူကို အလွန်အမင်း ညှို့ယူဖမ်းစားနိုင်လွန်းသော အကြောင်းရင်းလည်း ပါဝင်နေလိမ့်မည်ဟု တူညီစွာ တွေးမိလိုက်ကြသည်။
ထို့အပြင် တိုင်းပြည်ကိုပင် ပျက်ပြားစေနိုင်သော အလှပိုင်ရှင်အား ကျန်းယွီက စစ်တပ်ထဲတွင် ခေါ်ဆောင်လာခဲ့ခြင်းသည်လည်း နည်းနည်းလေးမှ အံ့ဩစရာ မဟုတ်တော့ချေ။
“ရပြီ မဟုတ်လား” ဝိန်းယွီက ကြည်လင်အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။
ဝေ့အန်းက အလျင်အမြန် ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်လေသည်။ “သခင်မလေး... မြင်းလှည်းပေါ် တက်ပါတော့”
ထိုအခါမှ ဝိန်းယွီ၏ ရေခဲကျောက်စိမ်းကဲ့သို့ ဖြူဖွေးသွယ်လျသော လက်ချောင်းငါးချောင်းက မျက်နှာဖုံးပဝါကို ပြန်လည် ဖုံးကွယ်လိုက်သည်။ မျက်လုံးကို ပင့်ကြည့်လိုက်ချိန်တွင် သူမ၏ အကြည့်က ရှောင်းလိအပေါ်သို့ မတော်တဆ ရောက်ရှိသွားသယောင် ရှိသော်လည်း သူက သူမကို တစ်ချိန်လုံး ကြည့်နေခဲ့ကြောင်း တွေ့လိုက်ရ၏။
သူ့မျက်နှာအမူအရာက တည်ငြိမ်အေးတိနေပြီး မျက်ဝန်းအရောင်ကသာ အလွန်နက်ရှိုင်းနေသဖြင့် လူများကို စေ့စေ့ပင် မကြည့်ရဲအောင် ဖြစ်စေသည်။
သူက ယနေ့ရလဒ်ကို စောစောကတည်းက ကြိုတင် တွက်ဆထားခဲ့ကြောင်း အလွန် သိသာသည်။
သူက သူမကို မုန်းတီးနေဆဲလား သို့မဟုတ် အရာအားလုံးကို ခွင့်လွှတ်လက်ခံလိုက်ပြီလား ဆိုတာကိုတော့ မသိနိုင်ချေ။
အခြားသူများ သံသယ ဝင်မှာစိုးရိမ်သဖြင့် ဝိန်းယွီက အကြာကြီး မကြည့်ရဲခဲ့ချေ။ ထိုတစ်ချက်ကြည့်လိုက်ခြင်းသည်လည်း မျက်ဝန်းထောင့်မှ ခပ်ဖွဖွလေး ကြည့်လိုက်ခြင်းသာ ဖြစ်ပြီး အကြည့်ကို ချက်ချင်း ပြန်ရုပ်သိမ်းကာ စကပ်စကို မ,လျက် မြင်းလှည်းပေါ်သို့ တက်သွားတော့သည်။
မြင်းလှည်းအပြင်ဘက်တွင် ယွမ်ဖန်းက ရှောင်းလိကို လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်လေသည်။ “ကျေးဇူးရှင်ကို အနှောင့်အယှက် ပေးမိပြီ။ ကျွန်တော်တို့ ခရီးဆက်လိုက်ပါဦးမယ်”
ရှောင်းလိ၏ မျက်လုံးထဲတွင် အေးစက်သော ရေကန်ပြင်၌ လှိုင်းဂယက် ထသွားသကဲ့သို့ ဝိန်းယွီ၏ နောက်ဆုံး အကြည့်လေးက ပေါ်လာဆဲ။ သူ၏ မည်းနက်သော မျက်လုံးများက မှိုင်းညို့နေပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် သူ့အသံက ယခင်ကကဲ့သို့ပင် တည်ငြိမ်အေးဆေးနေလျက် ပြောလိုက်လေသည်။ “ကျွန်တော့် ဒဏ်ရာတွေက လုံးဝ မပျောက်သေးတော့ အဝေးကြီး လိုက်မပို့တော့ဘူး။ လမ်းခရီးမှာ ဘေးကင်းချောမွေ့ပါစေ”
မြင်းပေါ်သို့ တက်သွားပြီဖြစ်သော ဝေ့အန်းကလည်း အဝေးမှနေ၍ ရှောင်းလိကို လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်ပြီးနောက် ထိုလူစုသည် မြင်းလှည်းနှင့်အတူ စစ်စခန်းအပြင်ဘက်သို့ ထွက်ခွာသွားကြတော့သည်။
ရှောင်းလိသည် သံပြားများဖြင့် အခိုင်အမာ ပြုလုပ်ထားသော ထိုမြင်းလှည်းက မြေပြင်ပေါ်ရှိ ရွှံ့နှင်းများကို ကြိတ်ခြေကာ အဝေးသို့ ထွက်ခွာသွားသည်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေမိသည်။
ကျန်းဟွိုင်၊ စုန့်ချင်၊ ကျန်းဟူနှင့် အခြားသူများသည် သူ့နောက်တွင် ရပ်နေကြ၏။ ကျန်းဟူသည် မှင်သက်နေဆဲဖြစ်ပြီး သတိပြန်မဝင်လာသေးဘဲ တတွတ်တွတ် ပြောလိုက်လေသည်။ “ဘုရားရေ... အစ်ကို(၂)ရဲ့ ရည်းစားက အရမ်းလှတာပဲ။ ကောင်းကင်ဘုံက နတ်သမီးလေး ကျလာသလိုပဲ...”
စုန့်ချင်သည် မျက်မှောင်ကြုတ်ထားပြီး စကားတစ်ခွန်းမှ မဆိုခဲ့ချေ။
ကျန်းဟွိုင်က တွေးတောနေဟန် ရှိသော်လည်း ဤကိစ္စနှင့် လုံးဝ မသက်ဆိုင်သော အခြားကိစ္စတစ်ခုကို ပြောလိုက်လေသည်။ “ရှော့ပျန်းနယ်စားရဲ့ စာက တကယ်ကို ရေးတတ်တာပဲ။ နောင်တစ်ချိန် သူ့သားက ဒီလိုပုံစံမျိုး ဖြစ်နေသေးရင် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့ ရာထူး ဆက်ခံခိုင်းမယ်လို့ ပြောထားတာက တကယ်တော့ ဆုတ်ခွာဟန်ပြပြီး ရှေ့တိုးလိုက်တာပဲ။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ အဆင့်အတန်း မကျော်လွန်ဖို့ သတိပေးလိုက်တာပဲ”
ကျန်းဟူက “ဟင်” ဟု အာမေဍိတ်သံ ပြုလိုက်ပြီး “ဒီလို အဓိပ္ပာယ်မျိုးတွေပါ ပါနေတာလား”
ကျန်းဟွိုင်က ပြောလိုက်သည်။ “သူက သူ့သားရဲ့ သခင်လေး နေရာကိုလည်း မဖယ်ရှားသလို၊ အုပ်ချုပ်ရေးမှူးကိုလည်း ဒီလို စကားအလွတ် ကတိတစ်ခု ပေးထားတာဆိုတော့ မင်းသာ သာမန် အမတ်တစ်ယောက်ဆိုရင် ဘယ်လို လုပ်မယ် ထင်လဲ”
ကျန်းဟူက စဉ်းစားကြည့်ပြီးနောက် ပြောလိုက်လေသည်။ “သေချာပေါက် မျက်ရည်ကျမတတ် ကျေးဇူးတင်ပြီး ကိုယ့်ဘက်က လုံးဝ နေရာလုမယ့် စိတ်မရှိဘူး၊ အစွမ်းကုန် သစ္စာရှိပါ့မယ်လို့ ပြသရမှာပေါ့”
ကျန်းဟွိုင်က ပြုံးလိုက်ပြီး “ဒါက ရှော့ပျန်းနယ်စားရဲ့ တကယ့် ရည်ရွယ်ချက် မဟုတ်ဘူးလား”
ကျန်းဟူသည် သဘောပေါက်သွားပြီးနောက် အလွန်အမင်း အံ့ဩသွားကာ မနေနိုင်ဘဲ တံတွေးထွေးလျက် ပြောလိုက်လေသည်။ “ဒီလောက်တောင် ကောက်ကျစ်တဲ့ အကြံအစည်တွေကို ဘယ်သူက လိုက်တွေးနိုင်မှာလဲ။ စစ်ဗျူဟာမှူးရဲ့ ခေါင်းက ကောင်းနေလို့သာပေါ့၊ မဟုတ်ရင် ငါက ရှော့ပျန်းနယ်စားကြီးက အစ်ကို(၂)ကို သားအရင်းတစ်ယောက်လို တကယ်ကို သဘောထားတယ်လို့ ထင်နေမိမှာ”
ကျန်းဟွိုင်သည် ခေါင်းခါကာ ရယ်မောလိုက်တော့သည်။
မြင်းလှည်းကို လုံးဝ မမြင်ရတော့ချိန်တွင် ရှောင်းလိသည် ဘေးသို့ လှည့်ကာ စုန့်ချင်ကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ “လူတွေ အကုန် စီစဉ်ပြီးပြီလား”
စုန့်ချင်က ပြောလိုက်သည်။ “လူရာဂဏန်းလောက် စစ်စခန်းထဲက ထွက်သွားတာက ပစ်မှတ် အရမ်းကြီးပြီး ရိပ်မိသွားနိုင်လို့ ညီအစ်ကိုတွေကို လီ၃၀ ဇရပ်ကို သွားတဲ့လမ်းမှာ ကြိုပြီး စောင့်ခိုင်းထားပါတယ်”
ရှောင်းလိက ခေါင်းညိတ်ပြလိုက်ပြီး “သွားပြီး ပူးပေါင်းလိုက်ရအောင်”
ထိုသို့ ပြောပြီးနောက် သူသည် လှည့်ကာ စစ်စခန်းဆီသို့ လျှောက်သွားတော့သည်။
ကျန်းဟူသည် စုန့်ချင်က ရှောင်းလိနှင့်အတူ လိုက်သွားသည်ကို မြင်သောအခါ နားမလည်နိုင်သော မျက်နှာဖြင့် ပြေးလိုက်သွားကာ ပြောလိုက်လေသည်။ “ဟေး... အစ်ကိုကြီး၊ အစ်ကို(၂) မင်းတို့တွေ ဘာသွားလုပ်မလို့လဲ”
ကျန်းဟွိုင်က သူ့ကို လှမ်းဆွဲထားလိုက်ပြီး ပြောလိုက်၏။ “ကျန်းဟူစစ်သူကြီးက စစ်စခန်းထဲမှာပဲ ကျန်ခဲ့လိုက်ပါ။ ဒီနေ့ အုပ်ချုပ်ရေးမှူးက ဒဏ်ရာသက်သာအောင် တဲထဲမှာပဲ အနားယူနေတယ်၊ စုန့်စစ်သူကြီးက နှင်းတွေ ဖုံးပြီး ပြိုကျသွားတဲ့ ရွာက အိမ်တွေကို သွားပြင်ပေးနေတယ်လေ။ တကယ်လို့ အရေးပေါ် ကိစ္စတစ်ခုခု ဖြစ်လာရင် စစ်သူကြီးက ဖြေရှင်းပေးရမှာ မဟုတ်ဘူးလား”
ကျန်းဟူသည် နားထောင်လေလေ ပိုပြီးနားရှုပ်လေလေ ဖြစ်သွားကာ ပြောလိုက်လေသည်။ “နေပါဦး။ စစ်ဗျူဟာမှူး ပြောနေတာတွေကို ငါ တစ်ခွန်းမှ နားမလည်တော့ဘူး”
ကျန်းဟွိုင်သည် အနည်းငယ် သက်ပြင်းချလိုက်ကာ နောက်ဆုံးတွင်တော့ သူ့ကို ပဟေဠိ ဝှက်နေခြင်းကို လက်လျှော့လိုက်ကာ အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောလိုက်လေသည်။ “ငါတို့ အုပ်ချုပ်ရေးမှူး အမြဲ တွေးနေတဲ့ အဲ့ဒီ အမျိုးသမီးက သာမန်လူလို့ မင်း ထင်နေတာလား”
ကျန်းဟွိုင်သည် စောစောက မြင်တွေ့ခဲ့ရသော အလှတရားကို ပြန်တွေးမိပြီး ပြတ်သားစွာ ပြောလိုက်လေသည်။ “သူက ဝေ့ချီရှန်း ယုံကြည်ရတဲ့ အဲ့ဒီ စစ်သူကြီး ၂ ယောက်ကို သူ့ရဲ့ ရုပ်ရည်ကို ပြရဲတယ်ဆိုကတည်းက သူက ဝေ့ကျိုးကို ရောက်မှာ မဟုတ်ဘူးလို့ သေချာပေါက် ဆုံးဖြတ်ထားပြီးသား ဖြစ်ရမယ်”
မြင်းလှည်းအတွင်းတွင် ဝိန်းယွီသည် ကြီးမားသော ခြုံလွှာကို အကာအကွယ် ယူကာ သူမ၏ ဖြူစင်သော ပိုးသားအဝတ်အစားကို ချွတ်လိုက်သည်။ သူမ အောက်တွင် ဝတ်ဆင်ထားသည်မှာ အစေခံအမျိုးသမီးထံမှ လဲလှယ်ယူလာသော သာမန် တောင်သူအမျိုးသမီး အဝတ်အစားတစ်စုံပင်။
ပထမဆုံး ဖမ်းဆီးခံရချိန်က သူမကို စောင့်ရှောက်လာသော လျန်စစ်တပ်မှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပြီး ထွက်ပြေးသွားသော အခြား လျန်စစ်တပ် အဖွဲ့များကလည်း အချိန်မီ ရောက်မလာနိုင်ခဲ့ချေ။ သူမသည် ဝေ့စစ်စခန်းအတွင်း၌ သူမကို မှတ်မိမည့် စစ်သူကြီးများ ရှိနေမည်ကို စိုးရိမ်သဖြင့် အရေးပေါ် အခြေအနေတွင် အင်ပြင်ရောဂါကို အသုံးချကာ မျက်နှာကို ဖုံးကွယ်ထားခဲ့ရသည်။
သို့သော် သူမ အကျယ်ချုပ် ချခံထားရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သဖြင့် လျန်စစ်တပ်ဘက်မှ သတင်းရရှိပြီး ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ကာ စစ်စခန်းကို စောင့်ကြည့်နေသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ သို့သော် ဤနေရာတွင် တပ်စွဲထားသော သောင်းနှင့်ချီသည့် စစ်တပ်ကြီးကြောင့်သာ မလှုပ်ရှားရဲခြင်းသာ။
ယခု ဝေ့စစ်တပ်က သူမကို ဝေ့ကျိုးသို့ ပြောင်းလဲ ခေါ်ဆောင်သွားပြီ ဖြစ်ရာ လျန်စစ်တပ်မှ လူများသည် သူမကို ကယ်တင်ရန် ဤအခွင့်အရေးကောင်းကို သေချာပေါက် လက်လွတ်ခံကြမည် မဟုတ်ချေ။
ယွင်ကျင်းခြုံလွှာကိစ္စ ရှိထားခဲ့ဖူးသဖြင့် ဝေ့စစ်တပ်မှ လူများသည် သူမကို မခေါ်ဆောင်သွားမီတွင် သူမ၏ သရုပ်မှန်ကို သေချာပေါက် အတည်ပြုလိမ့်မည်ဟု သူမ ကြိုတင် တွက်ဆထားခဲ့သည်။
သို့သော် အင်ပြင်ရောဂါဖြင့် မျက်နှာကို ဆက်လက် ဖုံးကွယ်ထားမည် ဆိုပါက သူမ ဖမ်းဆီးခံရပြီးကတည်းက ယခုအထိ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်ရာ အင်ပြင်များ လုံးဝ မပျောက်သေးခြင်းက အခြားသူများကို သံသယဝင်စေပြီး သူမက တစ်ခုခုကို တမင် ဖုံးကွယ်ထားသည်ဟု ထင်မြင်သွားစေလိမ့်မည်။
ထို ဝေ့စစ်သူကြီး ၂ယောက်က သတိထားမိသွားပြီး သူမကို သံသယ ဝင်သွားပါက လမ်းခရီးတွင် လုံခြုံရေးကို ပိုမို တင်းကြပ်ထားလိမ့်မည် ဖြစ်ရာ လျန်စစ်တပ်ဘက်မှ လူများ သူမကို ကယ်တင်ရန် ပိုခက်ခဲသွားလိမ့်မည်။
ထို့ကြောင့် ဝိန်းယွီသည် နောက်ဆုံးတွင် သူမ၏ မျက်နှာအစစ်အမှန်ကို ပြသရန် ရွေးချယ်လိုက်တော့သည်။
သူမသည် သေတ္တာကို ဖွင့်ကာ သူမ၏ အဝတ်အစားများကို ပြန်ထည့်ရန် ပြင်လိုက်ချိန်တွင် အတွင်းထဲ၌ သူမ တစ်ခါမှ မမြင်ဖူးသော သစ်သားသေတ္တာငယ်လေး တစ်လုံး ရှိနေသည်ကို တွေ့လိုက်ရ၏။
ဝိန်းယွီ၏ ရင်ထဲတွင် ထူးဆန်းသွားပြီး ထိုသေတ္တာလေးကို ထုတ်ကာ ဖွင့်ကြည့်လိုက်သည်။
အတွင်းထဲရှိ ပစ္စည်းများကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ဝန်းများက ရုတ်တရက် ရပ်တန့်သွားတော့သည်။
သစ်သားပန်းပုရုပ်လေးများ ထည့်ထားသော သေတ္တာတစ်လုံးပင်။
ကြောင်ကလေး၊ ခွေးကလေး၊ ယုန်ကလေး၊ ကျား... ထို ပန်းပုထွင်းထားသော အရာများနှင့် လက်ရာတို့မှာ အလွန်ပင် ရင်းနှီးကျွမ်းဝင်နေသည်။
ဝိန်းယွီသည် မြင်းလှည်းပေါ် မတက်မီက ရှောင်းလိနှင့် မျက်လုံးချင်း ဆုံသည်ဟုပင် မဆိုနိုင်သော အကြည့်လေးကို ပြန်တွေးမိလိုက်ချိန်တွင် သူမ၏ ရင်ဘတ်ထဲ၌ ခေါင်းလောင်းကြီး တစ်လုံးနှင့် ထုခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။ ထို့နောက် အဆုံးမရှိသော ကြေကွဲမှုများ ဖြစ်ပေါ်လာပြီး လက်ချောင်းထိပ်လေးများက ထိုသစ်သားပန်းပုလေးများကို ဖြည်းညင်းစွာ ပွတ်သပ်နေမိသည်။
ဒါက သူ ငါ့ကို ပေးတာလား။
ဘာဖြစ်လို့လဲ။
သူက ငါ့ကို မုန်းနေတာ မဟုတ်ဘူးလား။
...
အပိုင်း (၁၅၄.၂)
ထိုအခိုက်အတန့်တွင် ဝိန်းယွီ၏ စိတ်အစဉ်သည် ဗြောင်းဆန်နေ၏။ သေတ္တာ၏ ထောင့်တစ်နေရာတွင် ခေါက်ထားသော စာတစ်စောင်နှင့် အခြား ပိုးသားသေတ္တာငယ်လေး တစ်လုံး ရှိနေသည်ကို သတိပြုမိလိုက်သဖြင့် သူမက ထုတ်ယူလိုက်သည်။ ပိုးသားသေတ္တာထဲတွင် ကျောက်စိမ်းဖြူဖြင့် ထွင်းထုထားသော အသက်ရှည်သော့ခလောက်လေး တစ်ခု ပါရှိ၏။
စာပေါ်တွင် ရေးသားထားသော မင်ရည်က အလွန်နည်းပါးလှပြီး စာလုံးအနည်းငယ်သာ ပါရှိသည်။ "မင်းရဲ့သားအတွက် ပေးတဲ့ တစ်နှစ်ပြည့်လက်ဆောင်ပါ"
တိုတောင်းလှသော စာလုံးလေးများ ဖြစ်သော်ငြားလည်း ချည်မျှင်ဆူးလေးများကဲ့သို့ ရင်ဘတ်ထဲမှ ခုန်ပေါက်နေသော သွေးသားများထဲရှိ အနူးညံ့ဆုံးနေရာသို့ ရုတ်တရက် ထိုးစိုက်ဝင်သွားတော့၏။
နောက်ထပ် အသက်ရှူလိုက်တိုင်းမှာပင် တဆစ်ဆစ် နာကျင်မှုများကို သယ်ဆောင်လာတော့သည်။
ဝိန်းယွီက စာရွက်ကို အားကုန်သုံးကာ တင်းတင်းဆုပ်ချေလိုက်ပြီး မျက်ဝန်းများ နီရဲမလာမီ မျက်လုံးများကို မှိတ်ထားလိုက်ကာ အချိန်အတော်ကြာသည်အထိ ပြန်မဖွင့်ခဲ့ချေ။
သူမကလည်း သူ ထွင်းထုပေးထားသော ငါးကြင်းရုပ် သစ်သားပန်းပုလေးကို သူ့စစ်စခန်းထဲတွင် ချန်ထားရစ်ခဲ့၏။
ဝေ့ချီရှန်းက သူ့ကို သမက်အဖြစ် လက်ခံရန် ရည်ရွယ်ထားသဖြင့် သူမတို့နှစ်ဦးသည် နောက်ဆုံးတွင် ကိုယ့်စစ်စခန်းနှင့်ကိုယ် ဖြစ်သွားမည်ဖြစ်ကာ နောင်တစ်ချိန်တွင် လက်နက်စွဲကိုင်ပြီး ရင်ဆိုင်ရမည့် အရေးကို ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သူမ နားလည်ထားသည်။
သစ်သားပန်းပုကို သူ့ထံ ပြန်ပေးလိုက်ခြင်းမှာ သူတို့နှစ်ဦးကြားရှိ နောက်ဆုံး ကျန်ရစ်နေသော သံယောဇဉ်ကြိုးကို ပြတ်သားစွာ ဖြတ်တောက်ရန် သူမ၏ နောက်ဆုံး ဆုံးဖြတ်ချက်ပင်။
သူ ငါ့ကို ဒါတွေ ပေးတာကလည်း ဒီသဘောပဲ မဟုတ်လား။
စွန့်လွှတ်နိုင်မှသာ စိတ်သက်သာရာ ရနိုင်မှာလေ။
စိတ်သက်သာရာ ရသွားမှသာ တကယ်ကို ရိုးသားတဲ့ ဆုတောင်းမျိုး ပေးနိုင်မှာ မဟုတ်လား။
ဝိန်းယွီသည် ရယ်ချင်နေသော်လည်း ထိုအခိုက်အတန့်တွင် မျက်လုံးထဲမှ မျက်ရည်များက ကျဆင်းလာခဲ့တော့သည်။
ဒါက အကောင်းဆုံးပါပဲ။
ငါတို့လို အာဏာလုပွဲ ဗဟိုချက်မှာ ရှိနေတဲ့လူတွေက အစကတည်းက သံယောဇဉ်တွေ မရှိသင့်တာပါ။
နောက်ဆိုရင် ငါက တိုင်းပြည်ကို ပြန်လည်တည်ဆောက်မယ့် မင်းသမီးအဖြစ် ဆက်နေသွားရမယ်။
နောင်တစ်ချိန် ပြန်တွေ့တဲ့အခါ သူက မြောက်ပိုင်းဝေ့ရဲ့ သမက်တော် ဖြစ်နေလောက်ပြီ။
အတိတ်က ကိစ္စတွေကို ပြတ်ပြတ်သားသား ဖြတ်တောက်ပြီး အရာအားလုံးကို စွန့်လွှတ်လိုက်တာကမှ အမှန်ပဲ။
ဒါကလည်း ငါ အမြဲတမ်း မျှော်လင့်ခဲ့တဲ့ အရာပါပဲ။
ငါ သူ့ကို တကယ် ရိုးရိုးသားသား ဆုတောင်းပေးသွားမှာပါ။
ယခုအချိန်တွင် ဤမျှလောက် ဝမ်းနည်းနေရခြင်းမှာ အကြမ်းဖျင်းအားဖြင့်တော့ အစတုန်းက သူ့ကို ဖိန်ကျိုးကနေ နှင်ထုတ်ခဲ့သည့်အချိန်မှစ၍ ယခု ပြန်တွေ့သည့်အချိန်အထိ သူတို့နှစ်ဦး စကားတစ်ခွန်းမှ သေချာ မပြောဖြစ်ခဲ့ကြသောကြောင့်ပင် ဖြစ်လိမ့်မည်။
ငါ သူ့ကို သေသေချာချာ နှုတ်ဆက်သင့်တယ်။
နှင်းကျနေသော နေ့တစ်နေ့တွင် ကျွန်ကုန်သည်၏ ကျာပွတ်ကို တားဆီးကာ သူမကို အရိုက်မခံရအောင် ကာကွယ်ပေးခဲ့သည့်၊ တစ်ခုတည်းရှိသော ဘေးခန်းလေးကို သူမကို အိပ်ခိုင်းခဲ့သည့်၊ ထို့အပြင် ဓားပြားများအောက်မှနေ၍ သူမကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့သည့် လူငယ်လေးကို သူမ သေသေချာချာ နှုတ်ဆက်စကား ပြောသင့်ပေသည်။
ဤတစ်ကြိမ် မြောက်ပိုင်းနယ်စပ်မှ အောင်မြင်စွာ ထွက်ခွာသွားနိုင်ခဲ့လျှင် သူတို့ ပြန်တွေ့ဖို့ဆိုသည်မှာ ၃နှစ် ၅နှစ် ကြာနိုင်သလို၊ ၁၀နှစ် ၈နှစ်ခန့်လည်း ကြာနိုင်သည်။ သို့မဟုတ် ဤဘဝတွင် ပြန်တွေ့နိုင်ရန် အခွင့်အရေး လုံးဝ မရှိတော့သည်လည်း ဖြစ်နိုင်၏။
နောက်ဆုံးတွင် သူလည်း ဖခင်တစ်ယောက် ဖြစ်လာလိမ့်မည်ဖြစ်ပြီး သူမကလည်း တကယ့်ကို မိခင်တစ်ယောက် ဖြစ်လာလိမ့်မည်။
သူက သူမကို ဆက်ပြီး မုန်းတီးနေလောက်တော့မည် မဟုတ်သော်လည်း သားသမီးများကို သူမအကြောင်း ပြောပြသည့်အခါ သူ့ခေါင်းထဲ ပေါ်လာမည်မှာ သူမက သူ့အပေါ် အလွန်ကို ဆိုးယုတ်ခဲ့သည် ဆိုတာပဲ ဖြစ်နေလိမ့်မည်။
ဝိန်းယွီက လုံးချေလိုက်သဖြင့် စာရွက်လေးမှာ လုံးဝ ကြေမွသွားခဲ့သည်။
မျက်ရည်ပေါက်ကြီးများက သူမ၏ မျက်လုံးများထဲမှ ကျဆင်းလာပြီး မျက်နှာဖုံးပဝါပေါ်တွင် စိုစွတ်သော အစင်းကြောင်းများကို ဖြစ်ပေါ်စေခဲ့၏။
သူမက တိုးညင်းစွာ ပြောလိုက်လေသည်။ "တောင်းပန်ပါတယ်"
ထို့နောက် နောက်တစ်ခွန်း ထပ်ပြောလိုက်လေသည်။ "နှုတ်ဆက်ပါတယ်"
ရှောင်းလိသည် သာမန်အဝတ်အစားကို ဝတ်ဆင်ထားကာ မြင်းပေါ်သို့ တက်လိုက်ပြီးနောက် စုန့်ချင်နှင့် ယှဉ်တွဲလျက် စီးနင်းသွားခဲ့ပြီး အနောက်ဘက် အကွာအဝေးတစ်ခုတွင် ကိုယ်ရံတော်စစ်သည် အချို့က လိုက်ပါလာကြသည်။
စုန့်ချင်သည် အစကတည်းက စကားနည်းသူဖြစ်ပြီး ယနေ့တွင် ပိုလို့ပင် တိတ်ဆိတ်နေသည်ကို မြင်သောအခါ မေးလိုက်သည်။ "စဉ်းစားပြီးပြီလား၊ အခု သွားတာက လုံခြုံရေး ပေးဖို့လား၊ ဒါမှမဟုတ် လူကို ပြန်လုဖို့လား"
ရှောင်းလိက လဝက်ကျော်ခန့်ကတည်းက ပတ်ဝန်းကျင် ကျေးရွာများသို့ ရောက်ရှိလာသော ဒုက္ခသည်များကို တိတ်တဆိတ် စောင့်ကြည့်ရန် သူ့ကို လူလွှတ်ခိုင်းထားခဲ့၏။
သူတို့၏ စစ်စခန်း လှုပ်ရှားမှုများကို အမြဲတမ်း စောင့်ကြည့်နေသူများသည် လျန်စစ်တပ်ကလား သို့မဟုတ် ဖေစစ်တပ်ကလား၊ သို့မဟုတ်နှစ်ဖက်စလုံးကလား ဆိုသည်ကိုတော့ မသိရချေ။ သို့သော် ယနေ့တွင် အခွင့်ကောင်းယူကာ လူပြန်လုမည်ဆိုသည်မှာတော့ သေချာပေါက် ဖြစ်လာမည့် ကိစ္စပင်။
ထို ဝေ့စစ်တပ်က သူတို့၏ စခန်းချရာနေရာသို့ အလွန် လျင်မြန်စွာ အကူအညီ တောင်းခံလာမည်ကို ကာကွယ်ရန်အတွက် လျန်စစ်တပ်ကဖြစ်စေ၊ ဖေစစ်တပ်ကဖြစ်စေ လီ၃၀ဇရပ်ကို ကျော်လွန်ပြီးမှသာ လှုပ်ရှားရန် ရွေးချယ်ကြလိမ့်မည်။
ရှောင်းလိက သူ့ကို လူခေါ်ကာ ကြိုတင် သွားရောက် လေ့လာခိုင်းထားပြီး ဖြစ်သဖြင့် ပတ်ဝန်းကျင် မြေပြင်အနေအထားကို သူတို့ အားလုံး ရင်းနှီးနေကြသည်။ အကယ်၍ တိုက်ခိုက်ရတော့မည်ဆိုလျှင်လည်း သူတို့က အသာစီး အချို့ကို ရယူထားနိုင်ဆဲပင်။
အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး ရှောင်းလိ၏ နဖူးပေါ်မှ ဆံပင်စများသည် လေကြောင့် ဖရိုဖရဲ လွင့်ဝဲနေသည်။ သူ့မျက်ခုံးများကြားတွင် ဤလေပြင်းထက် ပိုလို့ပင် ဖိနှိပ်နိုင်သော အေးစက်ရက်စက်မှု တစ်ခုက ဖုံးလွှမ်းနေ၏။ "သူ ယုံကြည်ရတဲ့လူတွေရဲ့ အရည်အချင်းက ဘယ်လိုရှိမလဲ ဆိုတာကို ကြည့်ရတာပေါ့"
စကားက ဤနေရာအထိ ရောက်လာပြီ ဖြစ်သောကြောင့် စုန့်ချင်လည်း ရှင်းလင်းစွာ နားလည်သွားတော့သည်။ လျန်စစ်တပ်မှ လူများက လူကို အောင်မြင်စွာ ပြန်လုသွားနိုင်ခဲ့လျှင် သူတို့ကတော့ သဘာဝကျစွာဖြင့် ဘေးမှသာ ရပ်ကြည့်နေရလိမ့်မည်။ အကယ်၍ မလုနိုင်ခဲ့လျှင်တော့ သူတို့ လူသွားလုရမည့် အလှည့် ရောက်လာလိမ့်မည်။
သို့သော် လျန်စစ်တပ်က ဝိန်းယွီအပေါ် အလေးထားမှုကို ထည့်တွက်ကြည့်လျှင် နောက်ဆုံးဖြစ်နိုင်ခြေက အလွန်ကို နည်းပါးလှပေသည်။
စုန့်ချင်သည် ခဏတာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။ "မကျေနပ်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား"
ရှောင်းလိက ပါးလွှာသော နှင်းများ ဖုံးလွှမ်းနေသည့် အဝေးမှ တောင်တန်းများကို မော့ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။ သူ့တစ်ကိုယ်လုံးမှာ အထူး တည်ငြိမ်နေသယောင် ရှိသော်ငြားလည်း ဇက်ကြိုးကို ဆုပ်ကိုင်ထားသော လက်တစ်ဖက်၏ အားမှာမူ လက်ဆစ်အရိုးများ ဖြူဖွေးလာသည်အထိ ပြင်းထန်လွန်းနေသည်။
သူ၏ လေသံက တည်ငြိမ်လို့နေလေသည်။ "အစ်ကိုကြီးလည်း ပြောဖူးတာပဲ၊ မုတန်းရဲ့ စိတ်က အစ်ကိုကြီးဆီမှာ မရှိဘူး၊ သူ့အတွက် ပိုကောင်းတဲ့ နေရာ ရှိနေတယ်ဆိုရင် အစ်ကိုကြီးလည်း သူ့ကို ဆွဲထားလို့ မရဘူးလို့ ပြောခဲ့တယ် မဟုတ်လား"
သို့သော် သူ့မျက်စိရှေ့တွင် ပေါ်လာသည်မှာတော့ ထိုနေ့က ဝိန်းယွီက ဒေါသတကြီးဖြင့် နှုတ်ခမ်းကို အားကုန်သုံးကာ သုတ်ပစ်ပြီး "အဓိပ္ပာယ်မရှိတာ" ဟူသော စကားလုံးကို ပြောခဲ့သည့် ပုံစံပင်။
သူမက သူ့ကို မနှစ်သက်ချေ။ အစကတည်းက လုံးဝကို မနှစ်သက်ခဲ့ခြင်း ဖြစ်သည်။
သူက သူမကို သွားမတွေ့မိစေရန် အစွမ်းကုန် ထိန်းချုပ်ထားခဲ့သော်ငြားလည်း သူ့ကိုယ်သူ ရူးသွပ်သွားတော့မည်ဟု ခံစားနေရဆဲပင်။
ဤထိန်းချုပ်မှုကို ဘယ်လောက်ကြာအောင် ထိန်းထားနိုင်မည်လဲ ဆိုတာကိုတော့ သူ မသိချေ။ သို့သော် သူ့တွင်လည်း ကိုယ်ပိုင် မာန ရှိသေးသည်။
သူက သူမကို မဖျက်ဆီးချင်သလို သူ့ကိုယ်သူလည်း မနာလိုမှုနှင့် မကျေနပ်မှုများ၏ စေခိုင်းခြင်းကို ခံရကာ မိမိကိုယ်ကို ရွံရှာငြီးငွေ့လာမည့် ပုံစံမျိုးသို့ ပြောင်းလဲသွားသည်ကို ထပ်မကြည့်ချင်တော့ချေ။
သူမနဲ့ အဝေးဆုံးမှာ နေလိုက်မယ်ဆိုရင် အရာအားလုံးက နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်။
ငါ ညီအစ်ကိုတွေကို ခေါ်ပြီး အနာဂတ်အတွက် ကောင်းကောင်း ကြိုးစားမယ်။ ဖေစုန့်ကို သတ်ပြီး ငါ့အမေအတွက်လည်း ကလဲ့စားချေမယ်။
သူကလည်း သူ့ရဲ့ တော်ဝင်မျိုးဆက်ကို ခေါ်ပြီး နန်ချန်ကို ပြန်ကာ ဘုရင်ခံမင်းသမီးအဖြစ် ဆက်နေသွားလိမ့်မယ်။
ငါ အောင်မြင်မှုတွေ ရလာတဲ့အခါ မိန်းမယူပြီး သားသမီးတွေ မွေးမယ်ဆိုတာကတော့... အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ။
ထိုအခိုက်အတန့်တွင် ရင်ဘတ်ထဲမှ ထွက်ပေါ်လာသော ရက်စက်မှုက သူ၏ တစ်ကိုယ်လုံးကို နှစ်ပိုင်း ဆွဲဖြဲပစ်တော့မလို ဖြစ်နေပြီးနောက် သူ့ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီးက ရုန်းထွက်လာတော့မည့်အလားပင်။
ဝိန်းယွီ... ဝိန်းယွီ...
ဤနာမည်ကို တစ်ကြိမ် ရေရွတ်လိုက်တိုင်း နှလုံးသားက တစ်စထက်တစ်စ တင်းကြပ်လာသကဲ့သို့ ဖြစ်လာကာ တဖြည်းဖြည်းနှင့် သူ့ကို အသက်ရှူရန်ပင် ခက်ခဲလာစေတော့သည်။
ရှောင်းလိက လက်တစ်ဖက်ဖြင့် မြင်းကျောကို အသေအလဲ ထောက်ထားလိုက်သည်။ သူက သူ့ကိုယ်သူ အသက်ရှူမဝတော့သလို ခံစားနေရပြီး ရင်ဘတ်ထဲက ရက်စက်မှုများကြောင့် တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မည်ဟုလည်း ခံစားနေရ၏။
အတွင်းစိတ်ထဲမှ သားရဲကြီးက သူ့ကို ရက်စက်စွာ သွေးဆောင်နေသည်။ အဲ့ဒီကို ပြေးသွားပြီး သူ့ကို ပြန်လုခဲ့... ဖွက်ထားလိုက်...
ခေါင်းထဲတွင်လည်း တဝီဝီ မြည်ဟည်းလာပြီး ထိုအစွန်းရောက်လှသော မကျေနပ်မှု၊ ဒေါသနှင့် သူမကို ရယူလိုသော ဆန္ဒများကြောင့် အသိတရားများလည်း တဖြည်းဖြည်း ပြိုလဲလာတော့သည်။
စုန့်ချင်သည် မြင်းကို ရှေ့သို့ မောင်းနှင်ရင်း နှုတ်ခမ်းထောင့်တွင် အနည်းငယ် ခါးသီးသော အပြုံးတစ်ခု ပေါ်နေကာ ရှောင်းလိကို တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ့မျက်နှာအမူအရာက သိပ်မမှန်သည်ကို သတိထားမိလိုက်သည်။ တစ်ခုခုကို ပြင်းထန်စွာ ခံစားနေရသည့်နှယ် မြင်းပေါ်တွင် ကိုယ်တစ်ပိုင်းကို ထောက်ထားပြီး တစ်ကိုယ်လုံးရှိ ကျောရိုးကလည်း ကျောက်တုံးကြီး တစ်တုံးလို တင်းမာနေ၏။
စုန့်ချင်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မြင်းကို နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ကာ အလျင်အမြန် မေးလိုက်လေသည်။ "မင်း ဘာဖြစ်တာလဲ"
ရှောင်းလိက လေနှင့် နှင်းများကြားရှိ အေးစက်သော လေကို အားကုန်သုံးကာနှစ်ချက်ခန့် ရှူသွင်းလိုက်မှသာ အသိတရား အနည်းငယ် ပြန်လည် ရရှိလာတော့သည်။ သို့သော် မျက်လုံးတစ်စုံမှာမူ သွေးကြောများဖြင့် အနည်းငယ် နီရဲနေပြီ ဖြစ်ကာ သူက ပြောလိုက်လေသည်။ "နှင်းကျတော့ ဒဏ်ရာတွေက နည်းနည်း နာလာလို့... ဒီတစ်ခေါက်တော့ အစ်ကိုကြီးပဲ ကျွန်တော့်ကိုယ်စား သွားပေးပါ"
သူသာ သွားခဲ့လျှင် ရှုပ်ထွေးနေသော အခြေအနေများကြားတွင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ သူမကို တကယ် ပြန်လုလာမိမည်ကို စိုးရိမ်နေမိသည်။
ဤတစ်ကြိမ်တွင်သာ သူမက သူ့လက်ထဲသို့ ထပ်ရောက်လာခဲ့လျှင် သူမကို လုယူသွားသူမှာ သူဖြစ်ကြောင်း မည်သူကမျှ သိလိမ့်မည် မဟုတ်သလို သူ့ထံမှ သူမကို လာရောက်တောင်းဆိုရန် ဘယ်သူ့မှာမှ အကြောင်းပြချက် ရှိတော့မည် မဟုတ်ချေ။
စုန့်ချင်သည် သူ စကားအများကြီး ပြောနေစရာ မလိုဘဲ အရာအားလုံးကို နားလည်သွားပြီ ဖြစ်သောကြောင့် မြင်းကို မောင်းနှင်သွားကာ သူ့ပခုံးကို ပုတ်လျက် ပြောလိုက်လေသည်။ "ပြန်ပြီး ဒဏ်ရာကို သေသေချာချာ ကုသလိုက်ပါ။ အရာအားလုံးကို အစ်ကိုကြီးဆီသာ လွှဲထားလိုက်"
ရှောင်းလိက လမ်းဘေးတွင် မြင်းကို ရပ်ကာ ဆက်မလှုပ်ရှားတော့ချေ။ နောက်မှ လိုက်ပါလာသော ကိုယ်ရံတော်စစ်သည် အချို့က စုန့်ချင်နောက်သို့ လိုက်ကာ သူ့ကို ကျော်လွန်သွားချိန်တွင် အဝေးမှ မှုန်ဝါးနေသော နှင်းတောထဲ၌ လူနှစ်ဦးက မြင်းစီးလျက် လိုက်လာကြပြီး အဝေးမှနေ၍ သူ့ကို လှမ်းခေါ်လိုက်ကြသည်။ "အုပ်ချုပ်ရေးမှူး... ခဏလောက် နေပါဦး"
စုန့်ချင်နှင့် အခြားသူများက ထိုမြင်ကွင်းကို မြင်သောအခါ မြင်းကို ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
လာသူများမှာ ထောင်ခွေနှင့် ကျန်းဟွိုင်၏ ဘေးတွင် လိုက်ပါနေသော ကိုယ်ရံတော်စစ်သည် တစ်ဦးပင်။
ထိုနှစ်ဦးက လေနှင့် နှင်းများကို အံတုကာ တောက်လျှောက် အပြေးလိုက်လာခဲ့ကြသဖြင့် လည်ချောင်းထဲတွင်လည်း အလွန်အမင်း စူးရှနာကျင်နေပြီး မြင်းကို ရပ်တန့်လိုက်ပြီးနောက် တစ်ခဏတာ စကားပင် မပြောနိုင်တော့ချေ။
ရှောင်းလိ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ မပျောက်သေးဘဲ အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေလျက် မေးလိုက်သည်။ "စစ်တပ်ထဲမှာ ပြဿနာ တစ်ခုခု ဖြစ်လို့လား"
ထိုကိုယ်ရံတော်စစ်သည်က အလျင်အမြန် ခေါင်းခါပြလိုက်ပြီး အဆုတ်ထဲသို့ ဝင်ရောက်လာသော အအေးဒဏ်ကို သည်းခံကာ ပြောလိုက်လေသည်။ "ထောင်စစ်သူကြီးက ကျန်းသခင်မလေး နောက်ကို လိုက်မယ်ဆိုပြီး ပြဿနာ ရှာနေလို့ စစ်ဗျူဟာမှူးလည်း ဘာမှ လုပ်မရတဲ့အဆုံး သူ့ကို လူကြီးမင်းဆီ ခေါ်လာခိုင်းလိုက်တာပါ"
ရှောင်းလိက ထောင်ခွေကို ကြည့်လိုက်သည်။
ထောင်ခွေကလည်း အသက်ကို ပြင်းပြင်း ရှူသွင်းနေပြီး မျက်လုံးများလည်း နီရဲနေ၏။ လေတိုက်ခံရလို့လား ဒါမှမဟုတ် စိုးရိမ်ပူပန်လို့ နီရဲနေတာလားတော့ မသိချေ။
သူက လက်လှမ်းကာ ရှောင်းလိထံသို့ ပစ္စည်းတစ်ခုကို ကမ်းပေးလိုက်ပြီး အသံက အသက်ရှူမဝလို့လားတော့ မသိ၊ အနည်းငယ် ဆို့နင့်နေသယောင်ဖြင့် ပြောလိုက်သည်။ "အစ်မကြီးကလေ... လိမ်တယ်... သူက သစ်သားပန်းပုလေး အိမ်မှာ ကျန်ခဲ့တာလို့ ပြောတယ်... သူ တကယ် ယူလာခဲ့တာကို..."
ရှောင်းလိက ကြိုးကို တင်းတင်းဆုပ်ကိုင်ထားသဖြင့် ချွေးများ စိုရွှဲနေသော ထိုအိတ်လေးကို လှမ်းယူလိုက်ပြီး ဖွင့်ကာ အတွင်းထဲရှိ ပစ္စည်းများကို သေချာ ကြည့်လိုက်ပြီးနောက် မျက်လုံးထဲတွင် နီရဲမှုများ ပိုလို့ပင် ကြီးမားလာသည်မှအပ အချိန်အတော်ကြာသည်အထိ မျက်နှာပေါ်တွင် မည်သည့် ခံစားချက် အပြောင်းအလဲကိုမှ မမြင်ရချေ။
သူက မေးလိုက်သည်။ "ဒါကို ဘယ်ကနေ တွေ့တာလဲ"
ထောင်ခွေက နှုတ်ခမ်းကို မဲ့လိုက်ပြီး မျက်လုံးများ နီရဲကာ အလွန် ဝမ်းနည်းနေသော ပုံစံဖြင့် ပြောလိုက်သည်။ "မင်းတို့ အကုန်လုံး အားနျိုကို လိမ်ကြတယ်၊ အစ်မကြီးက ဒီနေ့ သွားတော့မှာကို... မင်းက အခုမှ အားနျိုကို သွားတွေ့ခွင့် ပေးတာ..."
ထိုကိုယ်ရံတော်စစ်သည်က အလျင်အမြန် ကူညီရှင်းပြလိုက်လေသည်။ "ထောင်စစ်သူကြီးက ကျန်းသခင်မလေး သွားပြီဆိုတာ ကြားတော့ သူ့ရဲ့တဲထဲကို သွားကြည့်ရာကနေ စားပွဲပေါ်မှာ တွေ့ခဲ့တာပါ။ ကျန်းသခင်မလေးကို ပြုစုပေးတဲ့ လယ်သမားအမျိုးသမီး ၂ ယောက်ကတော့ ကျန်းသခင်မလေးက မလိုတော့ဘူးဆိုပြီး အဲ့ဒီမှာ ထားခဲ့တာလို့ ပြောပါတယ်"
...