← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အပိုင်း (၁၅၇.၁)

ဝိန်းယွီသည် သူ့ကို ထပ်မံ ရှင်းပြချင်သေးသော်လည်း သူက မြင်းကို အရှိန်ပြင်းပြင်း ဒုန်းစိုင်းနှင်သွားသည့်အတွက် ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် လေပြင်းတိုက်ခတ်သံများသာ ဖုံးလွှမ်းနေ၏။ အသံကုန်ခြစ်ပြီး စကားမပြောပါက သူ လုံးဝ ကြားနိုင်မည် မဟုတ်ပေ။

သို့သော် ဝိန်းယွီသည် ဝမ်းဗိုက်မှ ဆောင့်မိထားသော ဒဏ်ရာကြောင့် ယခုအချိန်တွင် အသံကျယ်ကျယ် အော်ဟစ်ရန် အားအင် လုံးဝ မရှိတော့ချေ။ အနောက်ဘက်မှ ကျောင်းပိုင် ဦးဆောင်သည့် ချင်းယွင်တပ်ဖွဲ့ လိုက်ပါလာသော စူးရှသည့် ခရာမှုတ်သံများကို ကြားလိုက်ရသဖြင့် သူမသည် ခါးပေါ်တွင် ဆုပ်ကိုင်ထားသော ရှောင်းလိ၏လက်ကို အားအနည်းငယ်သုံး၍ ညှစ်လိုက်ရုံသာ တတ်နိုင်တော့သည်။ သူ မျက်လွှာချကာ ကြည့်လာချိန်တွင် သူမက အစွမ်းကုန် အားယူပြီး ပြောလိုက်၏။

"ကျွန်မ ဘာမှမဖြစ်ဘူး။ ကျွန်မကို ကျောင်းပိုင်တို့နဲ့အတူ သွားခွင့်ပြုပါ”

သို့သော် ရှောင်းလိကတော့ မတုန်မလှုပ်ပင်။ သူ၏ မေးရိုးကြွက်သားများသည် အလွန် တင်းမာနေပြီး ခေါင်းမော့လိုက်ပြီးနောက် ဇက်ကြိုးကို ကြမ်းတမ်းစွာ ဆွဲကာ မာန်သွင်းပြီး အော်လိုက်သည်။ ထို့နောက် အနောက်မှ လိုက်လာသူများနှင့် အကွာအဝေးကို ပို ကွာဟသွားစေရန် လုပ်ဆောင်လိုက်၏။

ဝိန်းယွီသည် တစ်ခုခုလွဲနေသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။ သူက ငါ့ကို လာကူညီတာ မဟုတ်ဘဲ ငါ့ကို လာလုတာပဲ။

သူ ငါ့ကို အဲ့ဒီသစ်သားပန်းပုရုပ်တွေ ပေးခဲ့တာက အရာအားလုံးကို တွေးတောနားလည်သွားပြီး လက်လွှတ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။

ခေတ္တမျှ ကြောင်အသွားပြီးနောက် ဝိန်းယွီသည် သူက ခေါင်းငုံ့လာပြီး သူမပြောသည်ကို နားထောင်စေရန်အတွက် သူ့လက်မောင်းကို ထပ်ညှစ်လိုက်၏။ သို့သော် ရှောင်းလိသည် ဘာမှ ထပ်မတုံ့ပြန်တော့ချေ။

ဝိန်းယွီသည် ဒေါသထွက်လာပြီး လက်ချောင်းထိပ်များမှ အားကို ပိုထည့်လိုက်တော့သည်။ နောက်ဆုံးတွင် သူမ၏ လက်သည်းများသည် တစ်ဖက်လူ၏ အသားထဲသို့ စိုက်ဝင်လုနီးပါး ဖြစ်သွားသော်လည်း သူသည် ခေါင်းငုံ့မလာခဲ့သလို ရပ်တန့်မည့် အရိပ်အယောင်လည်း မရှိခဲ့ပေ။

အဝတ်အစားအောက်ရှိ ကြွက်သားများ တင်းမာသွားပြီးနောက် သံတုံးတစ်တုံးကဲ့သို့ ပိုလို့ပင် မာကျောသွားခဲ့သည်။ သူမ ညှစ်လိုက်သော အားသည် သူ့အတွက် နာကျင်မှု တစ်စုံတစ်ရာမဖြစ်စေသည်ကို ဝိန်းယွီကိုယ်တိုင် ခံစားသိရှိနိုင်လေသည်။

သူ၏ မြင်းစီးကျွမ်းကျင်မှုသည် အလွန် ပြောင်မြောက်လှသည်။ အနောက်ဘက်တွင်လည်း ကျောင်းပိုင်တို့ကို အဟန့်အတားဖြစ်စေရန် လူအချို့က အဆက်မပြတ် နှောင့်ယှက်နေကြသဖြင့် နောက်မှလိုက်လာသော ကျောင်းပိုင်တို့အဖွဲ့ကို အောင်မြင်စွာ ချန်ရစ်နိုင်ခဲ့သည်။

ဝိန်းယွီသည် ဤမျှကာလပတ်လုံး ကြံစည်ခဲ့ရခြင်းမှာ ယနေ့အတွက်ပင် ဖြစ်သည်။ သို့သော် သူ၏ ထိုသစ်သားပန်းပုရုပ် သေတ္တာလေးကြောင့်သာ သူမသည် သတိလက်လွတ် ဖြစ်သွားခဲ့ရ၏။

သို့သော် သူ၏ လက်ရှိလုပ်ရပ်သည် သူမ၏ ခန္ဓာကိုယ်အနှံ့ရှိ ဆူးများကို နောက်တစ်ကြိမ် ထောင်ထလာစေခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူမ၏ မျက်နှာသည် ဖြူရော်နေဆဲဖြစ်သော်လည်း ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ မြင်းကို ထိန်းချုပ်ထားသော သူ၏ ဇက်ကြိုးကို လုယူရန် ကြိုးစားလိုက်သည်။

ရှောင်းလိသည် ၎င်းကို သတိပြုမိသွားပြီးနောက် လက်တစ်ဖက်တည်းဖြင့် သူမ၏ လက်နှစ်ဖက်စလုံးကို ရစ်ပတ်ကာ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ဤအနေအထားကြောင့် ဝိန်းယွီ၏ ကျောပြင်သည် သူ၏ ရင်ဘတ်နှင့် တင်းကျပ်စွာ ကပ်နေပြီး ခေါင်းသည် သူ၏ ပခုံးနှင့် လည်ပင်းကြားသို့ ရောက်ရှိနေလုနီးပါး ဖြစ်နေ၏။ သူက အနည်းငယ် ခေါင်းငုံ့ကာ စကားပြောလိုက်ချိန်တွင် ထွက်ပေါ်လာသော အပူငွေ့များသည် သူမ၏ နားရွက်ပေါ်သို့ အပြည့်အဝ ကျရောက်သွားသော်လည်း အသံကမူ အေးစက်ခက်ထန်နေသည်။

"ငြိမ်ငြိမ်နေ”

သူမ ဘာပြောချင်သည်ကို သိနေသည့်အလား သူ၏ မေးရိုးများ တင်းမာသွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။ "မင်းရဲ့လူတွေကို ငါ အခွင့်အရေး ပေးခဲ့ပြီးပြီ”

"သူတို့က မင်းကို ခေါ်မသွားနိုင်ခဲ့တာပဲ”

ဝိန်းယွီ၏ မျက်နှာအမူအရာသည် အေးစက်သွားပြီး သူမ၏ ပခုံးနှင့် လက်မောင်းတွင် ရစ်ပတ်ထားသော သူ၏လက်ကို ဖယ်ရှားရန် ကြိုးစားလိုက်သေးသည်။ သို့သော် သူက အားကို လျှော့ချကာ သူမ၏ လည်ပင်းဘေးကို လက်စောင်းဖြင့် ခုတ်ချလိုက်သဖြင့် နောက်ဆုံးတွင် သတိလစ်မေ့မြောသွားတော့သည်။

အရှေ့ဘက်တွင် လမ်းခွဲသုံးခု ရှိနေပြီး ကျောင်းပိုင်တို့အဖွဲ့သည် အနောက်ဘက် တောင်ကွေ့တွင် ကျန်ရှိနေကာ အမီမလိုက်နိုင်သေးပေ။ သစ်တောထူထပ်သော နေရာမှ မြင်းစီးသူအချို့ ထွက်ပေါ်လာပြီး ရှောင်းလိကို ခေါ်လိုက်ကြသည်။

"အုပ်ချုပ်ရေးမှူး”

ရှောင်းလိသည် ဝိန်းယွီ၏ ကိုယ်ပေါ်ရှိ ဝတ်ရုံကို ချွတ်ကာ သူတို့ထံ ပစ်ပေးလိုက်ပြီး သူ၏ ကိုယ်ပိုင် ခြုံလွှာဖြင့် သူမကို လုံခြုံစွာ ရစ်ပတ်ဖုံးအုပ်ပေးလိုက်သည်။ ထို့နောက် သူက ညွှန်ကြားလိုက်၏။

"လူတွေကို အာရုံလွှဲပြီး ခေါ်သွားလိုက်”

လူအချို့သည် သုံးလမ်းဆုံသို့ မြင်းများကို ဒုန်းစိုင်းစီးသွားကြပြီး လမ်းကြောင်းတိုင်းတွင် မြင်းခွာရာများကို ချန်ထားခဲ့ကြသည်။

ရှောင်းလိသည် ဝိန်းယွီကို ခေါ်ဆောင်ကာ တောအုပ်ထဲသို့ ပြန်လည် ပုန်းလျှိုးဝင်ရောက်သွားသည်။ ထိုတောအုပ်ထဲတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေပြီး ဖြတ်သန်းသွားပါက အခြားလမ်းတစ်လမ်းသို့ ရောက်ရှိသွားလိမ့်မည်။ ထိုနေရာတွင် ချုံခိုစောင့်ဆိုင်းနေသော လူများသည် အခြားမြင်းလှည်းတစ်စီးကို ကြိုတင် ပြင်ဆင်ထားကြသည်။

ရှောင်းလိသည် ဝိန်းယွီကို မြင်းလှည်းထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်ပြီးနောက် ကျောင်းပိုင်တို့အဖွဲ့ကို ဟန့်တားရန် တာဝန်ယူထားသော စုန့်ချင်သည်လည်း လူများကို ခေါ်ဆောင်ကာ ပြန်လည် ရောက်ရှိလာသည်။ သူက ပြောလိုက်၏။

"လောင်ဟူ ဦးဆောင်လာတဲ့ စစ်ကူတွေက လီ၃၀ဇရပ်ကို ရောက်ဖို့ နီးနေလောက်ပြီ”

ယွမ်ဖန်းတို့သည် လမ်းတစ်ဝက်တွင် တိုက်ခိုက်ခံရသဖြင့် စစ်စခန်းသို့ အကူအညီတောင်းရန် လူလွှတ်မည်မှာ သေချာသည်။ ဤသည်မှာ ကျန်းဟွိုင်က ကျန်းဟူကို ကြိုတင် ချန်ထားခဲ့ရသည့် အကြောင်းရင်းပင်။

ရှောင်းလိသည် မျက်နှာကို ဖုံးအုပ်ထားသော အနက်ရောင်ပဝါကို ဖယ်ရှားလိုက်ပြီး မြင်းလှည်းထဲမှ သူ၏ ကိုယ်ပိုင် သံချပ်ကာဝတ်စုံကို ထုတ်ယူလိုက်သည်။ မြင်းလှည်းပေါ်မှ မဆင်းမီ ဝိန်းယွီကို တစ်ချက် ပြန်ကြည့်လိုက်ရာ သူမသည် မေ့မြောနေသော်လည်း မရေမတွက်နိုင်သည့် ဝမ်းနည်းပူဆွေးမှု ရှိနေသည့်အလား မျက်မှောင်ကို အနည်းငယ် ကြုတ်ထားဆဲ။

သူသည် နှုတ်ခမ်းထောင့်များကို တင်းကျပ်စွာ စေ့ထားလိုက်ပြီး မြင်းလှည်းခန်းဆီးကို ချကာ မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"ငါ အခုချက်ချင်း ကျန်းဟူနဲ့ သွားပူးပေါင်းမယ်။ အစ်ကိုကြီးက ဒီလူကို သီလရှင်ကျောင်းဆီ ခေါ်သွားပြီး နေရာချထားပေးပါ။ ပြီးရင် သူ့အတွက် သမားတော်တစ်ယောက် ချက်ချင်း သွားပင့်ပေးပါ”

စုန့်ချင်က သဘောတူလက်ခံလိုက်သည်။

ရှောင်းလိသည် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပြီးနောက် လီ၃၀ဇရပ်ရှိရာ အရပ်ဆီသို့ မြင်းကို ဒုန်းစိုင်းစီးသွားတော့သည်။

ဝိန်းယွီ ပြန်ပေးဆွဲခံရမှုနှင့် ပတ်သက်၍ ဝေ့ချီရှန်းက သူ့အပေါ် သံသယမဝင်စေရန်အတွက် သူကိုယ်တိုင် စစ်ကူများကို ဦးဆောင်ကာ ယွမ်ဖန်းနှင့် ဝေ့အန်းတို့ရှေ့သို့ သွားရောက်ပြသရမည်။

ယွမ်ဖန်းသည် ပျက်စီးနေသော မြင်းလှည်းတန်း တစ်ဝက်တွင် ထိုင်နေပြီး လက်မောင်းတစ်ဖက်ကို ဗလာကျင်းထားကာ ကိုယ်ရံတော်စစ်သည်က သွေးတိတ်ဆေးမှုန့်များ ဖြူးပေးနေသည်ကို ငြိမ်သက်စွာ ခံယူနေသည်။

မလှမ်းမကမ်းတွင် ဖေရှစ်ဝူ၏ အလောင်းသည် မျက်နှာတစ်ခုလုံး သွေးများပေကျံနေပြီး မျက်လုံးများ ပြူးကျယ်ကာ ဒေါသတကြီး စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူ့ကိုယ်ပေါ်ရှိ အင်္ကျီရင်ဘတ်ကို ဆွဲဟထားပြီး ရင်ဘတ်ပေါ်တွင် မီးရဲရဲတောက်နေသော သံပူဖြင့် ထိုးနှိပ်ထားသည့် သိမ်းငှက်တံဆိပ်တစ်ခု ပေါ်လွင်နေ၏။

ဝေ့အန်း၏ ခြေထောက်ကို ခုတ်ချခဲ့သော ဓားချက်သည် အလွန် ယုတ်မာကောက်ကျစ်လှပြီး ခြေသလုံးကြွက်သားကို ထိခိုက်သွားသဖြင့် ယခုအခါ မတ်တတ်မရပ်နိုင်တော့ချေ။

ဝေ့ဖိန်ကျင်းသည် တစ်စီးတည်းသော ကောင်းမွန်နေသည့် မြင်းလှည်းထဲတွင် ကွေးကွေးလေး ပုန်းနေပြီး မြင်းလှည်းပေါ်မှ လုံးဝ မဆင်းရဲတော့ပေ။ ပတ်ဝန်းကျင်တွင် လှံတံနှင့် ဒိုင်းလွှားများကို ကိုင်ဆောင်ထားသော အထူးလေ့ကျင့်ထားသည့် စစ်သည် ဆယ်ဂဏန်းကျော်က ဝိုင်းရံထားကြသည်။

အောက်ခြေရှိ စစ်သည်များသည် အနီးအနားရှိ တောရိုင်းမြေပြင်တွင် တွင်းများတူးကာ သေဆုံးသွားသော ဝေ့စစ်တပ်မှ စစ်သည်များနှင့် မှားယွင်းသတ်ဖြတ်ခံရသော ဒုက္ခသည်များကို ထိုနေရာတွင်ပင် မြှုပ်နှံပေးနေကြသည်။

ဝေ့အန်းသည် ယွမ်ဖန်း၏ ကိုယ်ပေါ်ရှိ ရက်စက်လှသည့် ခုတ်ချက်များမှ ရရှိထားသော ဒဏ်ရာများကို ကြည့်လိုက်ပြီးနောက် ပတ်တီးစည်းထားသော မိမိ၏ ခြေသလုံးကို ပြန်ကြည့်ကာ ခေါင်းခါမ်းလျက် ပြောလိုက်သည်။ "ဖေစုန့် လက်အောက်က ဒီခွေးတွေရဲ့ လူသတ်တဲ့ ပညာက တကယ်ကို ပြောင်မြောက်တာပဲ”

ဒုက္ခသည်များအဖြစ် ဟန်ဆောင်ကာ သေဆုံးသွားသော လူအများအပြားသည်လည်း အပေါ်အင်္ကျီများ ဆွဲချွတ်ခံထားရသည်။

ယွမ်ဖန်းနှင့် ဝေ့အန်းတို့သည်လည်း သူတို့၏ ကိုယ်ပေါ်ရှိ သိမ်းငှက်တံဆိပ်များကို အခြေခံ၍ သူတို့၏သရုပ်မှန်ကို ခွဲခြားသိရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

သိမ်းငှက်တံဆိပ် ခတ်နှိပ်ခံထားရသူမှာ ဖေရှစ်ဝူ တစ်ယောက်တည်းသာ ရှိပြီး ကျန်သူများ၏ ကိုယ်ပေါ်တွင် ခတ်နှိပ်ထားသည်မှာ အမဲလိုက်ခွေးတံဆိပ်များသာ ဖြစ်သည်။

ယွမ်ဖန်းသည် သူ၏ လက်မောင်းကို အနည်းငယ် လှုပ်ရှားလိုက်ပြီး သက္ကလတ်အင်္ကျီကို ဝတ်ဆင်ကာ ပြောလိုက်၏။

"စစ်သေနာပတိအောဝ် ရာထူးကကျသွားပြီးတဲ့နောက် အောဝ်မိသားစုက တရားစီရင်ရေးဌာနရဲ့ အခွင့်အရေးကို အသုံးချပြီး ထောင်ထဲက သေဒဏ်ကျခံရမယ့် အကျဉ်းသားတွေကို အသေခံစစ်သည်တွေအဖြစ် လေ့ကျင့်ပေးခဲ့တာ။ အဲ့ဒီအသေခံစစ်သည်တွေ ဘယ်ရောက်သွားတယ်လို့ မင်းထင်လဲ”

ထိုနှစ်များက စစ်သေနာပတိအောဝ်သည် တရားစီရင်ရေးဌာနနှင့် စစ်ရေးဌာနတို့ကို ချုပ်ကိုင်ထားပြီး နန်းတွင်း၌ တစ်ဦးတည်း အာဏာရှင်ဆန်ဆန် လွှမ်းမိုးထားနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

တရားစီရင်ရေးဌာန၏ သေဒဏ်ပေးခံရမည့် အကျဉ်းထောင်ထဲမှ ထူးချွန်သော အရည်အချင်းရှိသည့် သေဒဏ်ကျ အကျဉ်းသားများ၊ ပင်လယ်ဓားပြကြီးများဖြစ်စေ၊ လူအများအပြားကို သတ်ဖြတ်ခဲ့သော ဓားပြများဖြစ်စေ၊ ထိုသူများအားလုံးကို အောဝ်မိသားစုက တိတ်တဆိတ် အစားထိုး ထုတ်ယူခဲ့ပြီး အောဝ်မိသားစုအတွက် အသက်စွန့်မည့် အသေခံစစ်သည်များအဖြစ် လေ့ကျင့်ပေးခဲ့သည်။

ဖေစုန့်သည် အောဝ်အဖွဲ့မှ မခွဲထွက်မီက စစ်သေနာပတိအောဝ်၏ လက်အောက်တွင် နှစ်ပေါင်းများစွာ အောက်ကျို့နေထိုင်ခဲ့ပြီး တရားစီရင်ရေးဌာနတွင်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

ထို့ကြောင့် အဖြေကတော့ ပြောစရာပင် မလိုတော့အောင် ရှင်းလင်းနေပေသည်။

ဝေ့အန်းသည် ခေါင်းကို တစ်ချက်ခါမ်းလိုက်ပြီး "ဒါကြောင့်ကိုး" ဟု ပြောလိုက်ကာ ထပ်ပြောလိုက်၏။ "အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ လူယုတ်မာတွေ ဖြစ်နေမှတော့ အရင်တုန်းက အောဝ်ချင်းကို သစ္စာဖောက်နိုင်ခဲ့သလို နောက်တစ်နေ့ကျရင်လည်း ဒီဓားက သူ့လည်ပင်းပေါ်ကို ပြန်ကျလာမှာကို ဖေစုန့်က မကြောက်ဘူးလား”

ယွမ်ဖန်း၏ မျက်နှာအမူအရာသည် အနည်းငယ် နက်နဲသိမ်မွေ့သွားပုံရပြီး မလှမ်းမကမ်းတွင် သူ့လက်ဖြင့် သေဆုံးသွားခဲ့သော ဖေရှစ်ဝူကို ကြည့်ကာ ပြောလိုက်သည်။

"အရင်တုန်းက အောဝ်မိသားစုက အဲ့ဒီအသေခံစစ်သည်တွေကို အဆိပ်သုံးပြီး ထိန်းချုပ်ထားတယ်လို့ ကြားဖူးတယ်။ ဖေစုန့်က အောဝ်ချင်း ကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တဲ့သူဆိုတော့ အောဝ်မိသားစုရဲ့ ခွေးမွေးတဲ့ နည်းလမ်းတွေကို သူက အပြည့်အဝ သင်ယူထားမှာ သေချာတယ်”

ဝေ့အန်းသည် နှုတ်ဆိတ်နေသည်။ ဝေ့ချီရှန်းသည် မြောက်ပိုင်းနယ်စပ်မှ ထွက်ခွာလေ့မရှိသော်လည်း လွန်ခဲ့သောနှစ်အနည်းငယ်က နန်းတွင်းနှင့် ပြင်ပတွင် ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားနေခဲ့ချိန်တွင် စစ်သေနာပတိအောဝ် လက်အောက်၌ အကြမ်းတမ်းဆုံး မွေးမြူထားသော ဖေစုန့် အမည်ရသည့် ခွေးတစ်ကောင် ရှိသည်ဆိုသော စကားကို သူလည်း ကြားဖူးခဲ့ပေသည်။

အရှေ့ဘက်တွင် မြင်းစီးသူရဲကောင်းတစ်စုက မြင်းများကို စီးနှင်လာသဖြင့် သူတို့နှစ်ဦးသည် ဤစကားဝိုင်းကို ယာယီ ရပ်နားလိုက်ကြသည်။

ထိုလူတစ်စု သူတို့ရှေ့သို့ ရောက်ရှိလာချိန်တွင် ဦးဆောင်လာသူမှာ ရှောင်းလိဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ယွမ်ဖန်းသည် မြင်းလှည်းတန်းမှ မတ်တတ်ရပ်လိုက်သည်။

"ရှက်စရာကောင်းလိုက်တာ၊ ကျေးဇူးရှင်က ဒဏ်ရာနဲ့တောင် ကိုယ်တိုင် လာရောက်ကူညီပေးရတယ်လို့”

ရှောင်းလိသည် အနက်ရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ပခုံးတွင် ခြုံလွှာကို ချည်နှောင်ထားသည်။ မြင်းပေါ်မှ ဆင်းပြီးနောက် သူတို့နှစ်ဦးထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။ ယွမ်ဖန်း၏ ကိုယ်ပေါ်တွင် အတွင်းခံအင်္ကျီကို ဆုတ်ဖြဲကာ ပြုလုပ်ထားသော ပတ်တီးများ နေရာအနှံ့ ပတ်ထားသည်ကို မြင်လိုက်ရသဖြင့် သူ့ကို ပြန်ထိုင်ရန် အလျင်စလို အချက်ပြလိုက်ပြီး မျက်နှာအမူအရာသည် အထူးပင် အေးစက်ခက်ထန်နေ၏။ "ကျွန်တော် လာတာ နောက်ကျသွားတယ်”

ထို့နောက် သူက မေးလိုက်သည်။ "အခြေအနေ ဘယ်လိုရှိလဲ”

လီ၃၀ဇရပ်မှ စစ်စခန်းသို့ သတင်းပို့ရန် ပြန်သွားပြီး စစ်စခန်းမှ ကူညီရန် လူများ ထပ်မံစေလွှတ်ကာ မနားတမ်း အပြေးအလွှား လာမည်ဆိုလျှင်ပင် နာရီဝက်ခန့် အချိန်ယူရမည် ဖြစ်သောကြောင့် ရှောင်းလိ ရောက်လာသည်မှာ နောက်ကျသည်ဟု မဆိုနိုင်ပေ။

ယွမ်ဖန်းက အလျင်စလို ပြောလိုက်၏။ "ဒါက ကျွန်တော်တို့ တာဝန်ပျက်ကွက်တာပါ။ အဲ့ဒီသူခိုးတွေက ဒုက္ခသည်တွေကို သွေးထိုးလှုံ့ဆော်ပြီး အတူတူ လာကြမယ်လို့ မထင်ထားခဲ့ဘူး။ ဒုက္ခသည်တွေကို အကာအကွယ်ယူပြီး ကျန်းယွီရဲ့ ကိုယ်လုပ်တော်နဲ့ သခင်လေးကို သေကြောင်းကြံဖို့ ကြိုးစားခဲ့ကြတယ်”

ရှောင်းလိက ချက်ချင်း ပြောလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက်စလုံး ဒဏ်ရာရထားကြတာဆိုတော့ ဒီမှာ အရင် အနားယူကြပါ။ ကျွန်တော် လူတွေကို ခေါ်ပြီး သွားကြည့်လိုက်မယ်”

ယွမ်ဖန်းသည် လက်နှစ်ဖက်ကို ယှက်ကာ ရှောင်းလိကို အလျင်စလို ကျေးဇူးတင်စကား ပြောလိုက်သည်။

ရှောင်းလိက လူအုပ်စုကို ခေါ်ဆောင်ကာ အဝေးသို့ ထွက်သွားပြီးနောက် ဘေးတွင် လဲလျောင်းနေသော ဝေ့အန်းက မေးလိုက်၏။

"မင်း ဘယ်လိုထင်လဲ” ယွမ်ဖန်းနှင့် သူသည် မိတ်ဆွေဟောင်းများ ဖြစ်ကြသဖြင့် ဝေ့အန်း မည်သည့်အရာကို မေးမြန်းနေကြောင်းကို သဘာဝကျစွာပင် နားလည်လေသည်။ သူက ပြန်ဖြေလိုက်သည်။

"ကျေးဇူးရှင်က ဒီမမျှော်လင့်ထားတဲ့ ကိစ္စအပေါ်မှာ ဘာမှ သိထားပုံမရဘူး”

ဝေ့အန်းသည် ရင်ထဲတွင် မသက်မသာ ဖြစ်စွာဖြင့် ပြောလိုက်၏။ "ငါတောင်မှ ဒီလို အဆိပ်ပြင်းတဲ့ အကြံအစည်မျိုး ရှိမယ်လို့ မထင်ထားခဲ့ဘူး”

သူတို့၏ ဤခရီးစဉ်တွင် ဝေ့ဖိန်ကျင်းနှင့် ကျန်းယွီ၏ ကိုယ်လုပ်တော်ကို စောင့်ရှောက်ရန်အတွက် စစ်သည်သုံးထောင် ခေါ်ဆောင်လာခဲ့သည်။ ထို့ပြင် နယ်နိမိတ်အတွင်း၌လည်း ကြီးမားသော ဖေတပ်ဖွဲ့များ မရှိတော့သဖြင့် မည်သို့ပင်ဖြစ်စေ လူအင်အားမှာ လုံလောက်မှု ရှိပေသည်။

စစ်စခန်းမှ ထွက်ခွာလာချိန်တွင် သူက ဤခရီးစဉ်သည် အလွန်ဆုံး လမ်းတစ်ဝက်တွင် ရုတ်တရက် တိုက်ခိုက်ခံရုံသာ ရှိမည်ဟု တွေးထင်ထားခဲ့သည်။

ဤမျှလောက်များပြားသော ဒုက္ခသည်များ ထွက်ပေါ်လာမည်ဟု မည်သူက ထင်ထားပါမည်နည်း။ ထို့ပြင် သိမ်းငှက်အမဲလိုက်ခွေးများက ဒုက္ခသည်များကို အကာအကွယ်ယူကာ ထိုမြင်းလှည်းများဆီသို့ ခွဲခြားခြင်းမရှိဘဲ မြားများပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဝေ့ဖိန်ကျင်းကိုပင် ထိခိုက်လုနီးပါး ဖြစ်ခဲ့ရသည်။

သူသည် သက်ပြင်းတစ်ချက်ချလိုက်ကာ "အခုတော့ အဲ့ဒီလူတွေက ကျန်းယွီရဲ့ ကိုယ်လုပ်တော်ကို လုယူဖို့ လာတာလား၊ သခင်လေးကို သတ်ဖို့ လာတာလား၊ ဒါမှမဟုတ် နှစ်ခုလုံးအတွက်ပဲလား ဆိုတာကိုတောင် မသိရတော့ဘူး”

ကျောင်းပိုင် ခေါ်ဆောင်လာသော လျန်တပ်စခန်းမှ လူများနှင့် ဖေစုန့် လက်အောက်ရှိ ထိုသိမ်းငှက်အမဲလိုက်ခွေးများအားလုံးသည် ဒုက္ခသည်များအဖြစ် ဟန်ဆောင်ထားကြသည်။

သူတို့သည် သိမ်းငှက်အမဲလိုက်ခွေး တံဆိပ်ကို အားကိုး၍ ဖေစုန့်၏ လူများကို ခွဲခြားသိရှိနိုင်ခဲ့သော်လည်း ရှုပ်ထွေးမှုများကြားတွင် သေဆုံးသွားသော ဒုက္ခသည်များလည်း အနည်းအကျဉ်း မဟုတ်ချေ။ မည်သူတွေက ဒုက္ခသည်များဖြစ်ပြီး မည်သူတွေက လျန်တပ်စခန်းမှ လူများဖြစ်ကြောင်းကို အမှန်တကယ်ပင် ခွဲခြားရန် မဖြစ်နိုင်ပေ။

ယွမ်ဖန်းက ပြောလိုက်သည်။ "အဲ့ဒီ မိန်းကလေးသာ အခုတစ်ခေါက် ပြန်ပေးဆွဲခံလိုက်ရရင် နယ်စားကြီးဘက်က သူ့ရဲ့ အဆင့်အတန်းကို အတည်ပြုဖို့ လူမလွှတ်နိုင်တော့လို့ သံသယတွေကို လုံးဝ မဖယ်ရှားနိုင်တာကို အသာထားဦး။ လျန်နဲ့ ချန် တပ်စခန်းနှစ်ခုလုံးက သံတမန်တွေကလည်း ဒီလူကို တောင်းဆိုနေကြတုန်းပဲဆိုတော့ မင်းနဲ့ ငါ နှစ်ယောက်စလုံး ဒီတစ်ခေါက် တာဝန်ကျေဖို့ ခက်သွားပြီ”

သူတို့နှစ်ဦးစလုံး ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။

ကျောင်းပိုင်သည် လူများကို ခေါ်ဆောင်ကာ မိုင်ဆယ်ဂဏန်းကျော်အထိ အပြေးအလွှား လိုက်လံရှာဖွေခဲ့သော်လည်း အကျိုးမရှိခဲ့သဖြင့် ထုန်ချွဲကို ရှာဖွေရန် နောက်ကြောင်း ပြန်လှည့်လာခဲ့သည်။

ထုန်ချွဲသည် အစောပိုင်းက ထိုသိမ်းငှက်အမဲလိုက်ခွေးနှင့်အတူ မြင်းလှည်းပေါ်မှ ပြုတ်ကျသွားပြီးနောက် ကျန်ရှိနေသော ခွန်အားလေးဖြင့် သိမ်းငှက်လက်သည်းချိတ်၏ သံမဏိကြိုးကို အသုံးပြုကာ တစ်ဖက်လူကို သေသည်အထိ လည်ပင်းညှစ်သတ်နိုင်ခဲ့သည်။

သို့သော် သူမသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး အားအင်ကုန်ခမ်းသွားသဖြင့် အချိန်အတန်ကြာသည်အထိ ပြန်မထလာနိုင်ခဲ့ချေ။

ကျောင်းပိုင် ရောက်ရှိလာပြီးနောက် ဒဏ်ရာရရှိထားသော ချင်းယွင်တပ်ဖွဲ့ဝင်များကို ကုသပေးရန် လူအချို့ကို ထိုနေရာတွင် ချန်ထားခဲ့ပြီး သူမကိုယ်တိုင်ကမူ လူများကို ခေါ်ဆောင်ကာ ရှောင်းလိနောက်သို့ လိုက်သွားခဲ့သည်။

သူမ ပြန်ရောက်လာချိန်တွင် ထုန်ချွဲသည် လူများနေရာချထားပေးသည့်အတိုင်း လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်နေပြီး ပခုံးပေါ်တွင် ဆေးများ ဖြူးထားကာ အဝတ်စဖြင့် ရိုးရှင်းစွာ ပတ်တီးစည်းထားလေသည်။

...

အပိုင်း (၁၅၇.၂)

"မီသွားလား" ထုန်ချွဲက ကျောင်းပိုင်ကို မြင်သည်နှင့် မေးလိုက်၏။

ကျောင်းပိုင်က ခေါင်းခါလိုက်သည်။ သူမ၏ လှပသောမျက်နှာလေးမှာ အနည်းငယ် အေးစက်နေပြီး လက်ထဲတွင် ဝိန်းယွီ ခြုံခဲ့သော အဖြူရောင် ကတ္တီပါဝတ်ရုံကို ကိုင်ထားကာ သူမ၏လေသံကလည်း လေးလံလို့နေသည်။ "လူလိမ်ခံလိုက်ရတယ်"

သူမသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး မေးလိုက်သည်။ "နင့်ဒဏ်ရာ ဘယ်လိုနေလဲ"

ထုန်ချွဲက သူမ၏ မြားဒဏ်ရာကျက်ကာစတွင် ထပ်မံရရှိခဲ့သော ပခုံးပေါ်မှ ဒဏ်ရာသစ်ကို ကြည့်ကာ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး "ရပါသေးတယ်၊ မသေသေးပါဘူး"

ကျောင်းပိုင်သည် ခါးရှိ ကြေးရေဘူးကို ဖြုတ်ကာ သူမထံ ပစ်ပေးလိုက်ပြီး "ဒါ ဆေးအရက်ပဲ၊ နှစ်ငုံလောက်သောက်လိုက် နာကျင်တာသက်သာသွားမယ်"

ထုန်ချွဲသည် ဘူးဆို့ကို ဖွင့်ကာ အားမနာတမ်း နှစ်ငုံ တဝကြီး သောက်လိုက်သည်။

ကျောင်းပိုင်သည် သူမဘေးရှိ သေတ္တာရှည်တစ်ခုကို သတိထားမိသွားပြီး မေးလိုက်သည်။ "ဒါက ဘာလဲ"

ထုန်ချွဲက သေတ္တာကိုဖွင့်ပြကာ "မင်းသမီးရဲ့ မြင်းလှည်းပေါ်ကနေ တွေ့တာ။ အရင်က နန်ချန်ကိုသွားတဲ့ လမ်းတုန်းက မင်းသမီးက ဒီလိုမျိုး သစ်သားပန်းပုရုပ်တွေကို အိတ်တစ်ခုနဲ့ ထည့်ထားတာ မြင်ဖူးတယ်။ မင်းသမီးရဲ့ ပစ္စည်းပဲ ဖြစ်ရမယ်ဆိုပြီး သိမ်းထားလိုက်တာ"

"အိတ်" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဝိန်းယွီသည် ဖိန်ကျိုးတွင်ရှိစဉ်ကလည်း အမွှေးအိတ်တစ်ခုကို ရှာဖွေခဲ့ဖူးသည်ကို ကျောင်းပိုင် ရုတ်တရက် သတိရသွားသည်။

ဝိန်းယွီက နန်ချန်သို့ သွားစဉ် တပါတည်း ယူဆောင်သွားခဲ့သော ပစ္စည်းဆိုလျှင် အလွန်အရေးကြီးသော ပစ္စည်းတစ်ခု ဖြစ်မည်မှာ သေချာသည်။

ကျောင်းပိုင်သည် ထိုသစ်သားပန်းပုရုပ် သေတ္တာကို ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းကာ ရှုပ်ထွေးသွားလေသည်။

သေတ္တာထဲတွင် နောက်ထပ် ပိုးသားသေတ္တာငယ်လေးတစ်ခု ရှိနေသည်ကို သတိပြုမိသွားပြီး ထုတ်ယူလိုက်သည်။

ထုန်ချွဲသည် အထဲမှ ပစ္စည်းများကို ကြည့်ပြီးသားဖြစ်ကြောင်း ထင်ရှားပြီး သတိပေးရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့သည်။ ကျောင်းပိုင်သည် သေတ္တာငယ်လေးကို ဖွင့်လိုက်ပြီး အထဲရှိ ကျောက်စိမ်းဖြူသော့ခလောက်လေးနှင့် ဝိန်းယွီ လုံးထွေးထားသဖြင့် ပုံစံပျက်နေသော စာရွက်ကိုပါ မြင်လိုက်ရသည်။

သို့သော် ဖြန့်ကြည့်လိုက်သောအခါ ထိုစာရွက်ပေါ်တွင် "မင်းရဲ့သားအတွက်ပေးတဲ့၊ တစ်နှစ်ပြည့်မွေးနေ့လက်ဆောင်" ဟူသော စာလုံးခြောက်လုံးကို ရှင်းလင်းစွာ မြင်နိုင်သေးသည်။ မည်သူရေးသားထားသည်ကို မသိရခြင်းသာ။

ကျောင်းပိုင်၏ မျက်နှာသည် ရုတ်တရက် ပိုမို အေးစက်သွားပြီး လက်ရေးပိုင်ရှင် မည်သူဖြစ်ကြောင်းကို ခန့်မှန်းမိသွားသည်မှာ ထင်ရှားသည်။

သူမက အေးစက်စွာဖြင့် ပြောလိုက်၏။ "မင်းသမီးကို သူ ပြန်ပေးဆွဲသွားတာပဲ!"

_____

ရှောင်းလိသည် စစ်စခန်းမှ မြင်းစီးသူရဲကောင်းများကို ခေါ်ဆောင်ကာ ဝေ့စစ်တပ်မှ လူများနှင့်အတူ တစ်ပတ်ပတ်ပြေးပြီး လမ်းခွဲအသီးသီးမှ ထွက်ခွာသွားသော မြင်းလှည်းများကို တစ်စီးချင်း လိုက်လံရှာဖွေခဲ့သော်လည်း သဘာဝကျစွာပင် ဘာမှ "မရခဲ့ပေ"။

ယွမ်ဖန်းနှင့် ဝေ့အန်းတို့သည်လည်း ဤအဖြစ်အပျက်ကို လက်ခံရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပုံရသည်။

ရှောင်းလိက သူတို့ကို စစ်စခန်းသို့ ပြန်လည်အနားယူရန်နှင့် မနက်ဖြန်မှ ခရီးဆက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ဝေ့ချီရှန်းကို အခြေအနေမှန် အမြန်ဆုံး ရှင်းပြရန် လိုအပ်နေပြီး ဝေ့ဖိန်ကျင်း၏ မင်္ဂလာပွဲ နီးကပ်နေသည်ကို အကြောင်းပြကာ ယွမ်ဖန်းက ယဉ်ကျေးစွာ ငြင်းပယ်လိုက်လေသည်။

ဝေ့အန်းမှာမူ ခြေသလုံးကြွက်သား ဒဏ်ရာရထားသဖြင့် လမ်းကောင်းကောင်း မလျှောက်နိုင်သောကြောင့် စစ်တပ်ထဲတွင် အရင် အနားယူနေနိုင်သည်။

ထို့ကြောင့် ထိုညတွင် ဝေ့အန်း တစ်ယောက်သာ ရှောင်းလိနှင့်အတူ စစ်တပ်ထဲသို့ ပြန်လည်လိုက်ပါလာခဲ့သည်။

ကြီးမားသော ပြောင်းလဲမှု ဖြစ်ပွားခဲ့သဖြင့် ရှောင်းလိသည်လည်း ဝေ့ချီရှန်းထံသို့ အခြေအနေကို ရှင်းပြရန် စာတစ်စောင် ရေးသားရလိမ့်မည်။

ဝေ့ချီရှန်း၏ မျက်လုံးများဖြစ်သော ဝေ့အန်းကို စစ်တပ်ထဲတွင် ချန်ထားခဲ့ခြင်းသည် ဝေ့ချီရှန်း၏ သံသယကို တစ်စိတ်တစ်ပိုင်း လျှော့ချပေးနိုင်သော်လည်း ရှောင်းလိအနေဖြင့် စစ်တပ်အတွင်း လှုပ်ရှားမှုများကို ပိုသတိထားရန် လိုအပ်လာသည်။

စစ်စခန်းရှိ ကိစ္စအဝဝကို ဖြေရှင်းပြီးသောအခါ ညသန်းခေါင်ကျော်နေပြီ ဖြစ်သည်။

ဗဟိုစစ်တဲမှ ဖယောင်းတိုင်မီး ငြိမ်းသွားပြီးနောက် စခန်းအတွင်း၌ ကင်းလှည့်နေသော စစ်သည်များမှလွဲ၍ သက်ရှိ အရိပ်အယောင်ကို မတွေ့ရတော့ပေ။

ကင်းလှည့်စစ်သည်တစ်စုသည် စခန်းအပြင်ဘက် ပတ်ဝန်းကျင်ကို ထုံးစံအတိုင်း စစ်ဆေးရန် ထွက်ခွာသွားပြီးနောက် ထိုအထဲမှ မြင်းစီးသူတစ်ဦးသည် အဖွဲ့ထဲမှ ခွဲထွက်ကာ အဆုံးအစမရှိသော ညအမှောင်ထဲသို့ ဒုန်းစိုင်းပြေးထွက်သွားလေသည်။

____

စွန့်ပစ်ထားသော သီလရှင်ကျောင်းအတွင်းတွင် မီးရောင်လင်းလက်နေသော်လည်း တံခါး၊ ပြတင်းပေါက်များနှင့် ရက်မများပေါ်တွင် ပင့်ကူအိမ်များ မရှိပေ။ ဤနေရာသည် စွန့်ပစ်ခံထားရသည်မှာ သိပ်မကြာသေးသည့် သက်သေပင်။

"ဒီနေရာက အရင်တုန်းက လုခရိုင်ဝန်က သူ့ရဲ့ အိမ်စေမိန်းကလေးတွေကို မွေးမြူထားတဲ့နေရာပဲ။ နောက်ပိုင်း စစ်ပွဲတွေဖြစ်တော့ ဒီနေရာက စွန့်ပစ်ခံလိုက်ရပြီး အထဲက ဆံပင်ရိတ်ထားတဲ့ မိန်းကလေးတွေလည်း အကုန် ထွက်ပြေးသွားကြတယ်။ နေရာကလည်း လျှို့ဝှက်တဲ့နေရာမှာ ရှိနေလို့ ငါတို့ တောပုန်းအဖွဲ့က နေရာယူထားလိုက်တာ”

တံခါးပေါက်ကို မှီပြီး စကားပြောနေသော အမျိုးသမီးသည် အသက်သုံးဆယ်ကျော်အရွယ်ရှိပြီး မျက်လုံးထောင့်များတွင် အရေးအကြောင်းများ ရှိနေသည်။ အရပ်မှာ ရှစ်ပေခန့်ရှိပြီး သာမန်အမျိုးသားများထက်ပင် အရပ်ပိုမြင့်ကာ ကျောပေါ်တွင် ဓားမကြီးနှစ်လက် လွယ်ထားသည်။ တစ်လက်က သွယ်လျပြီး အခြားတစ်လက်က ကျယ်ပြန့်ကာ ကြည့်ရသည်မှာ အလေးချိန် မပေါ့ပါးကြောင်း သိသာသည်။

စုန့်ချင်က ရှောင်းလိကို ပြောလိုက်သည်။ "ဒါက ငါ အရင်က မင်းကို ပြောပြဖူးတဲ့ ကုန်းစွန်းစန်းနျန်ပဲ။ အဲ့ဒီမိန်းကလေးကို သူက ဒီမှာ ကာကွယ်ပေးထားမှာမို့ မင်း စိတ်ချလက်ချ နေလို့ရပါတယ်”

ရှောင်းလိက စကားမပြောရသေးမီ ကုန်းစွန်းစန်းနျန်က ဝင်ပြောလိုက်သည်။ "ငါက သက်တော်စောင့်လုပ်တာပါ။ ဒီတစ်ခေါက် သက်တော်စောင့်တာဝန်က လူတစ်ယောက်ကို ဒီနေရာမှာ ကာကွယ်ပေးရတာဆိုတော့ တန်ပါတယ်။ ပိုက်ဆံလုံလုံလောက်လောက် ပေးရင် အကုန်ရပါတယ်”

သူမက ရှောင်းလိကို အထက်အောက် တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် နောက်ပြောင်လိုက်သည်။ "ဒီမောင်လေးရဲ့ ရုပ်ရည်က တော်တော်ချောတာပဲ၊ ခန္ဓာကိုယ်ကလည်း တောင့်တင်းတယ်။ တကယ်လို့ အခကြေးငွေ မလောက်ဘူးဆိုရင်တောင် အစ်မကြီးက ချွင်းချက်အနေနဲ့ အကြွေးမှတ်ပေးထားလို့ ရပါတယ်”

စုန့်ချင်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "စန်းနျန်၊ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့"

လေနှင့် နှင်းများကြားတွင် ညအချိန် ခရီးနှင်လာရသောကြောင့် ရှောင်းလိ၏ မျက်ခုံးများကြားတွင် နှင်းခဲများ မပျောက်သေးပေ။ သူက ရွှေစများ အပြည့်ထည့်ထားသော အိတ်ကို စုန့်ချင်ထံ ပစ်ပေးလိုက်ပြီး "အဲ့ဒီသူရဲကောင်းမလေးကို ပေးလိုက်" ဟုသာ ပြောပြီးနောက် ဝိန်းယွီကို ရှာရန် အနောက်ဘက်ရှိ ခြံဝင်းထဲသို့ တိုက်ရိုက် ထွက်သွားလေသည်။

ကုန်းစွန်းစန်းနျန်သည် စုန့်ချင်၏ လက်ထဲမှ အိတ်ကို လုယူပြီးနောက် ဖွင့်ကြည့်လိုက်သောအခါ ဝမ်းသာသွားပြီး သူ့ကို ပြောလိုက်သည်။ "မဆိုးပါဘူး လောင်စုန့်ရယ်။ သဘောကောင်းသားပဲ၊ ငါ့အတွက် ဖောက်သည်ကြီးတစ်ယောက် ရှာပေးခဲ့တာပဲ”

စုန့်ချင်က ဘာမှမတတ်နိုင်တော့သလို သက်ပြင်းချလိုက်ပြီး "မင်းရဲ့ အဲ့ဒီအကျင့်လေးကို နည်းနည်းလောက် ထိန်းပါဦး"

ကုန်းစွန်းစန်းနျန်သည် မီးပုံဘေးတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး "အခန်းထဲမှာ လဲနေတဲ့ ကောင်မလေးက နတ်သမီးလေးတစ်ပါးလို လှတယ်။ သူလာလာချင်း တစ်ဖက်လူရဲ့ ဒဏ်ရာအခြေအနေကိုပဲ မေးနေတာ။ အဲ့ဒီကောင်လေးရဲ့ စိတ်အကုန်လုံးက အဲ့ဒီကောင်မလေးဆီမှာ ရောက်နေမှန်း ငါက မသိဘူးလို့ နင်က ထင်နေတာလား”

သူမက နှုတ်ခမ်းမဲ့လိုက်ပြီး "ငါက အသားမစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ ဒီစစ်ပွဲကြီးဖြစ်လို့ ဇာတ်သဘင်အဖွဲ့တွေလည်း ဆက်ပြီး မဖွင့်နိုင်တော့ဘူး။ ဆောင်ကြာမြိုင်တွေလည်း အကုန်ပိတ်ကုန်ပြီ။ ငါမွေးထားတဲ့ ကောင်လေးချောချောလေးတွေလည်း အကုန် ပြေးကုန်ပြီ။ လမ်းမှာ တွေ့ရတဲ့ ယောကျာ်းတွေကလည်း ညစ်ပတ်ရင်ညစ်ပတ်၊ မညစ်ပတ်ရင် နံဟောင်နေတာပဲ။ အခုမှ ကောင်လေးချောချောလေးတစ်ယောက် တွေ့လို့ ပါးစပ်အရသာခံပြီး ပြောတာလေးတောင် မရဘူးလား”

စုန့်ချင်က သူမကို စိုက်ကြည့်နေသည်ကို သတိထားမိသွားသဖြင့် သူမက မြန်မြန် ထပ်ပြောလိုက်၏။ "ငါနဲ့ မုတန်းကလည်း သူငယ်ချင်းကောင်းတွေပါ။ မုတန်းအပေါ် ထားတဲ့ နင့်စိတ်လေးကို ငါ သိပါတယ်။ စိတ်ချပါ၊ စိတ်ချပါ။ ငါက နင့်လိုမျိုး တုတ်နဲ့ရှစ်ချက်ရိုက်မှ အသံထွက်လာမယ့် ထုံထိုင်းတဲ့ယောကျာ်းမျိုးကို သဘောမကျပါဘူး!"

စုန့်ချင် စကားမပြောရသေးခင်မှာပင် သူမက တစ်ခုခုကို သတိရသွားပုံရပြီး အနောက်ဘက်ရှိ အခန်းဆီသို့ လည်ပင်းကို ဆန့်ကာ အော်လိုက်လေသည်။ "အဲ့ဒီကောင်မလေးရဲ့ ခါးနဲ့ ဝမ်းဗိုက်မှာ ပွန်းပဲ့ဒဏ်ရာတွေ ရှိတယ်။ စားပွဲပေါ်မှာ ဆေးဆီရှိတယ်၊ ကောင်လေး သူလေးကို လိမ်းပေးလိုက်!"

ဝိန်းယွီ၏ ခါးနှင့် ဝမ်းဗိုက်သည် ဆောင့်မိသဖြင့် ပွန်းပဲ့ဒဏ်ရာများ ကျန်ခဲ့သည်ကို စုန့်ချင် ကြားလိုက်ရသောအခါ အစောပိုင်းက သမားတော် စမ်းသပ်ခဲ့သော သွေးခုန်နှုန်းကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "သူက ခါးနဲ့ ဝမ်းဗိုက်ကို ဆောင့်မိတာလား၊ ကိုယ်ဝန်ရှိတဲ့ သွေးခုန်နှုန်းက ရှိနေတုန်းပဲလား”

ကုန်းစွန်းစန်းနျန်သည်လည်း ဤအချက်ကို ရုတ်တရက် သတိပြုမိသွားပုံရပြီး ပါးစပ်ထဲသို့ ကန်စွန်းဥကင် ထည့်နေသော လှုပ်ရှားမှု ရပ်တန့်သွားကာ တွေဝေစွာဖြင့် ပြောလိုက်သည်။ "ဒါမှမဟုတ် အဲ့ဒီသမားတော်က ဆေးပညာ မကျွမ်းကျင်တာလား”

မည်သို့ပင်ဆိုစေကာမူ အစပိုင်းတွင် ထိုမိန်းကလေး ကိုယ်ဝန်ပျက်ကျသွားသည်ဟု သူတို့အားလုံး ထင်မှတ်ခဲ့ကြသည်။ ကုန်းစွန်းစန်းနျန်က သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို စစ်ဆေးကြည့်မှသာ ခြေသလုံးကို ချွန်ထက်သောအရာဖြင့် ခြစ်မိထားပြီး ထွက်လာသော သွေးများက စကတ်ပေါ်သို့ ပေကျံသွားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

စုန့်ချင်က ခဏစဉ်းစားပြီးနောက် "အရူးလောင်ကျိုကလည်း မြောက်ပိုင်းနယ်စပ်မှာ ရှိနေတယ်လို့ မင်းပြောတယ်မလား”

ကုန်းစွန်းစန်းနျန်က ရယ်သွမ်းသွေးကာ ပြောလိုက်သည်။ "ဟုတ်တာပေါ့၊ နင် မြောက်ပိုင်းဝေ့မှာ ကြီးပွားနေပြီဆိုတာ အားလုံးက သိကြလို့ လမ်းပေါ်က သူငယ်ချင်းတွေက နင့်ဆီကို လာပြီး ခိုလှုံချင်နေကြတာလေ”

စုန့်ချင်သည် အစောပိုင်းနှစ်များက တောင်နဲ့မြောက် လှည့်လည်သွားလာခဲ့သဖြင့် တောပုန်းအဖွဲ့များကြားတွင် အဆက်အသွယ် အများအပြား ရရှိခဲ့သည်။

သူက ကုန်းစွန်းစန်းနျန်ကို တစ်ချက်ကြည့်ကာ "မင်း ကြီးပွားချင်ရင် မင်းရဲ့ အဲ့ဒီပါးစပ်ကို ပိတ်ထား"

ကုန်းစွန်းစန်းနျန်က ပါးစပ်ကို ပိတ်ပြီး မျက်လုံးကို တစ်ပတ်လှည့်ကာ ရုတ်တရက် ပျော်ရွှင်စွာဖြင့် မေးလိုက်သည်။ "အဲ့ဒီကောင်လေးချောချောလေးက ဝေ့ချီရှန်းရဲ့ တစ်ဦးတည်းသောသား ဝေ့ဖိန်ကျင်းလား”

စုန့်ချင်က သူမကို ကြည့်ပြီး ဘာမှ မပြောဘဲ "အရူးလောင်ကျိုဆီ စာပို့လိုက်၊ သူ့ကို တစ်ခေါက်လောက် လာခဲ့ခိုင်းလိုက်" ဟုသာ ပြောလိုက်သည်။

ကုန်းစွန်းစန်းနျန် ကိုယ်တိုင်လည်း တိကျသောအဖြေကို မရရှိခဲ့သော်လည်း အနည်းငယ် ထိန်းသိမ်းသွားပုံရပြီး "ကောင်းပြီ၊ အရူးလောင်ကျိုက လူသာ ရူးနေတာ၊ သူ့ရဲ့ ဆေးပညာကတော့ တစ်ခါမှ မမှားဖူးဘူး"

အခန်းထဲတွင် ရှောင်းလိသည် ခုတင်ဘေးရှိ ခွေးခြေခုံတစ်ခုပေါ်တွင် ထိုင်နေပြီး စားပွဲမြင့်ပေါ်မှ မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးရောင်ဖြင့် မေ့မြောနေဆဲဖြစ်သော ဝိန်းယွီကို တိတ်ဆိတ်စွာ အကဲခတ်နေသည်။

ဖယောင်းတိုင်မီးရောင်က နွေးထွေးသော အဝါရောင်ဖြစ်နေသောကြောင့် သူမ၏ မျက်နှာမှာ မွန်းလွဲပိုင်းကထက် များစွာ ကောင်းမွန်နေပုံရသည်။ ရှည်လျားသော မျက်တောင်လေးများက မျက်လုံးအောက်တွင် အုပ်မိုးနေပြီး ဖယောင်းတိုင်မီးကြောင့် ထွက်ပေါ်လာသော အရိပ်များကပင် တစ်ချောင်းချင်းစီ ရှင်းလင်းစွာ မြင်နေရသည်။

သမားတော်က သွေးခုန်နှုန်းကို စမ်းသပ်ပြီးပြီဖြစ်ကြောင်း၊ သူမ၏ ဝမ်းဗိုက်ထဲရှိ ကလေးမှာ ဘာမှမဖြစ်ကြောင်း၊ စကတ်ပေါ်ရှိ သွေးများသည် ခြေသလုံးကို ချွန်ထက်သောအရာဖြင့် ခြစ်မိခြင်းကြောင့်သာ ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် ပွတ်တိုက်မိသော ဒဏ်ရာများနှင့် ဆောင့်မိသော ဒဏ်ရာအချို့မှလွဲ၍ ကြီးကြီးမားမား အန္တရာယ် မရှိကြောင်း စုန့်ချင်က ပြောခဲ့သည်။

ရှောင်းလိ၏ တစ်နေ့တာလုံး ပူပန်နေခဲ့ရသော စိတ်သည် ဤစကားများကို ကြားရသောအခါမှသာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့တော့သည်။

သူမ နိုးလာလျှင် ဤသတင်းကောင်းကို ပြောပြနိုင်မည်ဟု သူ တွေးလိုက်၏။

သူမ ချန်ထားခဲ့သော ထိုငါးကြင်းသစ်သားပန်းပုရုပ်လေးကို သူက လက်ထဲတွင် ဆုပ်ကိုင်ထားပြီး အပေါ်ရှိ ချည်ကြိုးလေးကို အသားမာများနှင့် အမာရွတ်များရှိနေသော သူ၏ လက်ချောင်းရှည်ကြီးများကြားတွင် အကြိမ်မည်မျှ ရစ်ပတ်ထားမှန်းမသိအောင် ရစ်ပတ်ထားကာ သူ၏ ရှုပ်ထွေးနေသော စိတ်အခြေအနေနှင့်ပင် တူနေတော့သည်။

သူမကို မေးစရာ ကိစ္စများစွာ ရှိနေသေးသည်။

သစ်သားပန်းပုရုပ်အကြောင်း။ သူမက ငြင်းဆိုခဲ့ပြီး တန်ဖိုးမရှိအောင် နင်းခြေခံခဲ့ရသော ထိုချစ်ခြင်းအကြောင်း။

လွှင့်ပစ်လိုက်ပြီ မဟုတ်ဘူးလား။ ဘယ်တုန်းကမှ ပြန်မရှာခဲ့ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။

ဘာလို့များ ဒီသစ်သားပန်းပုရုပ်ကို မြောက်ပိုင်းနယ်စပ်ဆီ ယူလာရပြန်တာလဲ။ ပြီးတော့ တခြားသူတွေရဲ့ ပါးစပ်ကနေဆင့်ပြီး မလိုချင်တော့ဘူးလို့ ပြောခိုင်းရတာလဲ။

ရှောင်းလိသည် လက်ထဲရှိ သစ်သားပန်းပုရုပ်ကို ပိုတင်းကျပ်နေအောင် ဆုပ်ကိုင်လိုက်သဖြင့် တင်းကျပ်နေသော အနီရောင်ကြိုးက သူ့လက်ချောင်းထိပ်များကို နာကျင်စေသည်အထိ ရစ်ပတ်သွားလေသည်။ သို့သော် သူက ဝိန်းယွီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေဆဲပင်။ ထိုမျက်လုံးတစ်စုံသည် ပုံမှန်အချိန်များတွင် ရှိနေတတ်သော ကြမ်းကြုတ်မှုများ ကင်းစင်နေပြီး ဖယောင်းတိုင်မီးရောင်ထဲတွင် မထင်မရှားသော အနီရောင်ဖျော့ဖျော့ အလွှာလေးတစ်ခု စွန်းထင်းလို့နေသည်။

သို့သော် အကြောင်းရင်းကို မသိရဘဲ တဖြည်းဖြည်းနှင့် တဖန် ကြမ်းကြုတ်လာပြန်သည်။

သူက ပြောလိုက်သည်။ "ဝိန်းယွီ၊ ဒါ လုံးဝမတရားဘူးလို့ ငါ ထင်တယ်”

မင်းက ငါ့ကို ဘယ်အချိန်တုန်းက သဘောကျခဲ့ပြီးတော့ ဘယ်အချိန်ကစပြီး ဒီအချစ်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီး ငါ ဘာလို့ ဘာမှမသိခဲ့ရတာလဲ။

သူ့ကို အဖြေပြန်ပေးမည့်သူ မရှိပေ။

ဝိန်းယွီသည် ငြိမ်သက်စွာ မေ့မြောနေဆဲဖြစ်ပြီး စားပွဲမြင့်ပေါ်ရှိ ဖယောင်းတိုင်မီးလေးသာ တစ်ချက် လှုပ်ခတ်သွားခဲ့သည်။

ရှောင်းလိသည် စိတ်ခံစားချက်များ တည်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ခေါင်းငုံ့ထားလိုက်၏။

သို့သော် သီလရှင်ကျောင်း အရှေ့ဘက်မှနေ၍ ထိုတောပုန်းအမျိုးသမီး၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ "အဲ့ဒီကောင်မလေးရဲ့ ခါးနဲ့ ဝမ်းဗိုက်မှာ ပွန်းပဲ့ဒဏ်ရာတွေ ရှိတယ်။ စားပွဲပေါ်မှာ ဆေးဆီရှိတယ်၊ ကောင်လေး သူလေးကို လိမ်းပေးလိုက်!"

ခုတင်ပေါ်တွင် မေ့မြောနေသော လူ၏ ရှည်လျားသော မျက်တောင်လေးများသည် ဤအချိန်တွင် သတိမထားမိနိုင်လောက်အောင် တသိမ့်သိမ့် တုန်ခါသွားလေတော့သည်။

...

All Chapters