← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အပိုင်း (၁၅၉)

ယခင်အကြိမ်က ဒေါသများ ပါဝင်နေသော အနမ်းနှင့် မတူဘဲ ဤတစ်ကြိမ် အနမ်းတွင်တော့ ရှင်းလင်းစွာပင် ရူးသွပ်ကြမ်းတမ်းသော အရသာတချို့ ပါဝင်နေလေသည်။

သူသည် လမ်းပျောက်နေသော သားရဲတစ်ကောင်နှင့် တူနေပြီး ရက်စက်ကြမ်းကြုတ်ကာ မဆင်မခြင် နိုင်လှသော်လည်း နောက်ဆုံးတွင်တော့ ထွက်ပေါက် မရနိုင်ခဲ့ချေ။

ထိုမျက်နှာဖုံးပဝါ အကာအကွယ် မရှိတော့သလို အောက်ဘက်ရှိ လူကလည်း ယခင်တစ်ကြိမ်ကလို ရုန်းကန်ခြင်း မရှိတော့ချေ။ သူ၏ ကျူးကျော်မှုက လုံးဝကို ပြည့်စုံသွားခဲ့သည်။ တစ်ဖက်လူ၏ နှုတ်ခမ်းနှင့် သွားများမှတစ်ဆင့် လူတစ်ကိုယ်လုံးကို အပိုင်းပိုင်း ဆုတ်ဖြဲကာ ဝမ်းဗိုက်ထဲသို့ မျိုချပစ်ရန်သာ လိုတော့သည်။

ရှောင်းလိ၏ အသက်ရှူသံများက လေးလံပြင်းပြနေပြီး ဤခဏတာ လောဘတကြီး တောင်းဆိုမှုအတွင်း သူ၏ ခန္ဓာကိုယ်ထဲတွင် ဆူနာမီလှိုင်းလုံးကြီး တစ်ခု ထနေသည့်အလား ငြိမ်းချမ်းဟန်ဆောင်နေသော အနက်ရောင် ပင်လယ်ရေများကို နောက်ဆုံးတွင်တော့ လှန်လှောပစ်လိုက်ပြီး ရေခဲတောင်အောက်ခြေရှိ အဆုံးအစမဲ့ ရေခဲမြစ်များနှင့် ဆက်စပ်နေသော ဆန္ဒများကို ထုတ်ဖော်ပြသလိုက်လေသည်။

သို့သော် သူ၏ လက်ဝါးကြီးက ဝိန်းယွီ၏ ကျောပြင်တစ်လျှောက် လျှောဆင်းသွားချိန်တွင်တော့ အိပ်မက်မှ လန့်နိုးလာသည့်အလား ရုတ်တရက် ရပ်တန့်သွားခဲ့၏။

ထို့နောက် ဝိန်းယွီနှင့် အကွာအဝေးတစ်ခုဆီသို့ ချက်ချင်း ဆွဲခွာလိုက်လေသည်။

သူက အမောတကော အသက်ရှူနေပြီး မျက်လုံးများကလည်း နီရဲနေသော်လည်း မျက်နှာအမူအရာကတော့ အေးစက်နေဆဲပင်။ သူက လက်ချောင်းများကို မြှောက်ကာ ဝိန်းယွီ မျက်နှာပေါ်ရှိ စိုစွတ်နေသော အရာများကို သုတ်ဖယ်ပေးလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် ပြောလိုက်လေသည်။

ငါ့ကို ထပ်လာမဆွနဲ့” ထို့နောက် ထရပ်လိုက်ပြီး တံခါးအပြင်ဖက်သို့ အရှိန်ဖြင့် ထွက်သွားလေတော့သည်။

ဝိန်းယွီသည် သူ့ကျောပြင်ကို ကြည့်နေပြီး သူမ၏ မျက်နှာပေါ်တွင် မည်သည့် အားနည်းမှု အရိပ်အယောင်ကိုမျှ ထပ်မံ ထုတ်ဖော်ပြသရန် ဆန္ဒမရှိတော့ချေ။ ရှည်လျားသော မျက်တောင်များကို စင်းချထားလိုက်ချိန်မှသာ စိုစွတ်သော အရိပ်အယောင်များ ကပ်ငြိသွားခဲ့သည်။

သူမ အစွမ်းကုန် ကြိုးစားခဲ့ပြီးဖြစ်သည်။

အကယ်၍ သူက သူမနှင့် ကျေအေးရန် ဆန္ဒမရှိသေးဘူးဆိုလျှင်လည်း သူမတွင် တခြား နည်းလမ်း မရှိတော့ချေ။

ရှောင်းလိသည် အခန်းထဲမှ ခေါင်းငုံ့ကာ ထွက်လာခဲ့ပြီး ခြံဝင်းထဲမှ အလျင်စလို ထွက်ခွာသွားခဲ့သည်။ ရေလှောင်ကန်ကြီး အများအပြား ထားရှိသော လမ်းကြားတစ်ခုကို ဖြတ်သန်းသွားချိန်တွင်မှ သူက ကန်အစွန်းကို လက်နှစ်ဖက်ဖြင့် ထောက်ကာ သူ၏ ခေါင်းတစ်လုံးလုံးကို ရေအေးထဲသို့ ရုတ်တရက် နှစ်ချပစ်လိုက်လေသည်။

ကောင်းကင်ထက်တွင် နှင်းပွင့်ငယ်များ တဖွဲဖွဲ ကျဆင်းနေဆဲ။ အေးခဲလွန်းလှသည့် ဆောင်းရာသီလယ်တွင် ကန်ထဲရှိ ရေများက အရိုးထိအောင် အေးစိမ့်နေ၏။

သို့သော် ထိုရေထဲတွင် လုံးဝ စိမ်လိုက်ပြီးနောက်မှသာ ရှောင်းလိသည် သူ၏ တစ်ကိုယ်လုံးတွင် ဆူပွက်နေသော အပူရှိန်များ လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။

ပါးလွှာသော အရေပြားအောက်တွင် ချော်ရည်များကဲ့သို့ စီးဆင်းနေသော သွေးကြောများထဲမှ သွေးများကလည်း တဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့သည်။

သူသည် ရေထဲတွင် ဆယ်စက္ကန့်ကျော်လောက် နှစ်ထားပြီးနောက်မှ ကန်အစွန်းကို ထောက်ကာ မတ်တတ်ရပ်လိုက်သည်။ အေးစက်သော ရေစီးကြောင်းများက နဖူးရှေ့ရှိ စိုရွှဲနေသော ဆံပင်စများနှင့် မေးရိုးတစ်လျှောက် စီးကျနေသည်ကို လျစ်လျူရှုထားလျက် အမောတကော အသက်ရှူနေပြီး သူ၏ မျက်လုံးများကတော့ ယခင်ကအတိုင်း ရက်စက်ကြမ်းကြုတ်နေဆဲပင်။

သူ ငါ့ကို ဒီလိုမျိုး မမြူဆွယ်သင့်ဘူး။

ငါက သူ့ကို ပွတ်ချေပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်ရုံပဲ။ အရိုးရော အသွေးပါမကျန် တစ်ကိုက်တည်း အစိမ်းလိုက် မျိုချပစ်ချင်တာ။

ညသန်းခေါင်ကျော်ချိန်တွင် ဝိန်းယွီသည် ရှောင်းလိကို ထပ်မတွေ့ရတော့ချေ။ သာမန်လူများထက် အရပ်ပိုရှည်သော အမျိုးသမီးကသာ သူမကို ဆန်ပြုတ်တစ်ပန်းကန် လာပို့ပေးခဲ့ပြီး သူမ စားသောက်ပြီး၍ ပန်းကန်များ လာသိမ်းချိန်တွင် သူမ၏ ကျောပြင်၌ ပြင်းထန်စွာ ထိခိုက်မိထားသော နေရာအချို့ကို ဆေးလူးပေးခဲ့သည်။

ဝိန်းယွီသည် ထိုအမျိုးသမီးအကြောင်း သိပ်မသိပေ။ တစ်ဖက်လူ၏ ဝတ်စားဆင်ယင်မှုနှင့် အမူအရာများကို ကြည့်ခြင်းအားဖြင့် သိုင်းလောကသား တစ်ဦးဖြစ်ကြောင်းသာ သိနိုင်ပြီး တစ်ဖက်လူက သူမကို စန်းနျန်ဟု ခေါ်ခိုင်းကာ သူမ၏ စရိုက်ကလည်း အလွန် ပွင့်လင်းလွတ်လပ်လေသည်။

အခန်းထဲတွင် ပြန်လည် တိတ်ဆိတ်သွားချိန်၌ ဝိန်းယွီသည် စိတ်အနှောင့်အယှက်များစွာဖြင့် ပြည့်နှက်နေလျက် အပြင်ဘက်မှ လေပြင်းနှင့် နှင်းမုန်တိုင်းသံများကို နားထောင်ရင်း နောက်ဆုံးတွင်တော့ ဝေဝေဝါးဝါး အိပ်ပျော်သွားခဲ့တော့သည်။

နောက်တစ်ကြိမ် ပြန်နိုးလာချိန်တွင် နောက်တစ်နေ့ နံနက်စောစောသို့ ရောက်ရှိနေပြီဖြစ်ကာ စန်းနျန်ဟုခေါ်သော အမျိုးသမီးက ဘယ်နေရာကနေ ရှာလာမှန်းမသိသော ညစ်ပတ်ပေရေနေသည့် အဘိုးအိုတစ်ဦးကို ခေါ်လာပြီး သူမကို သွေးခုန်နှုန်း စမ်းသပ်ခိုင်းလေသည်။

တစ်ဖက်လူ၏ မျက်လုံးတစ်ဖက်က မျက်စိတိမ်စွဲနေသည့်အလား ပုံမှန်မဟုတ်သော မီးခိုးပြာရောင် သန်းနေပြီး တုတ်ကောက်ကို ကိုင်ထားသော လက်ကလည်း အဆက်မပြတ် တုန်ယင်နေသော်လည်း ဝိန်းယွီ၏ သွေးခုန်နှုန်းပေါ်သို့ လက်ချောင်းသုံးချောင်း တင်လိုက်ချိန်တွင်တော့ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်သွားခဲ့သည်။

သူက သေချာစွာ ခဏတာ စစ်ဆေးပြီးနောက် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်လေသည်။

“ဒါက ကိုယ်ဝန်ရှိတဲ့ သွေးခုန်နှုန်း မဟုတ်ဘူး။ ဆေးဝါးကြောင့် သွေးခုန်နှုန်းတွေ ရှုပ်ထွေးနေတာ ဖြစ်လိမ့်မယ်”

ထိုသို့ပြောပြီးနောက် သူက မြင်နိုင်သော မျက်လုံးတစ်ဖက်ဖြင့် ဝိန်းယွီကို ကြည့်ကာ ပြောလိုက်လေသည်။

“ဒီဆေးကို ဖော်စပ်တဲ့လူက တော်တော် အရည်အချင်းရှိတာပဲ။ တကယ်လို့ ဆေးအာနိသင်က စတင်ပျောက်ကွယ်မနေဘူးဆိုရင် ငါလည်း သေချာပေါက် သိနိုင်မှာ မဟုတ်ဘူး”

ကုန်းစွန်းစန်းနျန်က အလွန် အံ့ဩသွားပြီး မေးလိုက်လေသည်။

“ဒီလောကကြီးမှာ ဒီလိုဆေးမျိုးတောင် ရှိသေးတာလား”

ထိုအဘိုးအိုက ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ “သွေးခုန်နှုန်းရပ်သွားအောင် ဟန်ဆောင်သေတဲ့ ဆေးကိုတောင် ဖော်စပ်နိုင်သေးတာပဲ၊ ကိုယ်ဝန်ရှိတယ်လို့ ထင်ရအောင် သွေးခုန်နှုန်းကို ရှုပ်ထွေးသွားအောင် လုပ်ဖို့က ဘာခက်ခဲမှာလဲ”

စုန့်ချင်က အပြင်ဘက်သို့ ဖိတ်ခေါ်သည့် လက်ဟန်အမူအရာ ပြုလုပ်လိုက်ပြီး ပြောလိုက်လေသည်။

“ဒီမိန်းကလေးအတွက် ခန္ဓာကိုယ်ကို ပြန်လည်ကျန်းမာလာစေမယ့် ဆေးတစ်စုံလောက် ဖော်စပ်ပေးဖို့ အဘိုးကို ဒုက္ခပေးပါရစေ”

အဘိုးအိုက တုတ်ကောက်ကို အားပြုကာ မတ်တတ်ရပ်လိုက်ပြီး ထိုလက်နှစ်ဖက်က ထပ်မံ၍ တုန်ယင်လာပြန်သော်လည်း မျက်နှာအမူအရာကတော့ တော်တော်လေးကို ကျေနပ်နေပုံပေါ်ကာ ပြောလိုက်လေသည်။

“လွယ်ပါတယ်”

လူအားလုံး အခန်းထဲမှ ထွက်သွားကြပြီးနောက် ဝိန်းယွီသည် အိပ်ရာခန်းဆီး၏ အမိုးကို တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေခဲ့သည်။

သူမသည် ယနေ့ ရှောင်းလိကို ထပ်မံ မတွေ့ရတော့သော်လည်း သမားတော်က သူမ၏ ကိုယ်ဝန်သွေးခုန်နှုန်းက အတုဖြစ်ကြောင်း စမ်းသပ်သိရှိသွားပြီဖြစ်သဖြင့် သူလည်း သေချာပေါက် သိရှိသွားပေလိမ့်မည်။

ယခု ခိုင်လုံသော သက်သေအထောက်အထား ရှိသွားပြီဖြစ်ကာ သူမကို ဆက်လက်ထားရှိရန် ယခင်က သူ အသုံးပြုခဲ့သော ဆင်ခြေများကလည်း ထပ်မလိုတော့ချေ။

သို့သော် ဝိန်းယွီက ရှောင်းလိကို တွေ့ခွင့်မတောင်းခဲ့ချေ။

အကယ်၍ သူက သူမကို ထွက်သွားခွင့် မပေးသေးဘူးဆိုလျှင် သူမက သူ့ကို ထပ်တွေ့နေလည်း သူတို့နှစ်ဦးကြားတွင် စကားများရန်သာ ရှိပေလိမ့်မည်။

လက်ရှိ သူမ လုပ်ရမည့်အရာမှာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို အရင်ဆုံး သက်သာအောင် ကုသရန်ဖြစ်ကြောင်း ဝိန်းယွီ နားလည်ထားသည်။

ယခု စစ်စခန်းထဲတွင် မရှိတော့သဖြင့် ကျောင်းပိုင်နှင့် ထုန်ချွဲတို့က သူမကို အကျယ်ချုပ် ချထားသော ဤနေရာကို ရှာတွေ့သည်နှင့်တစ်ပြိုင်နက် သူမကို ခေါ်ထုတ်သွားရန် သူတို့တွင် နည်းလမ်း ရှိပေလိမ့်မည်။

သူမ တကယ်တမ်း အင်အားစုဆောင်းပြီး သေချာစွာ စီစဉ်ရမည့်အရာမှာ နန်ချန်ကို မည်သို့ ဆက်လက် ချွေးသိပ်ရမည်နှင့် နောက်ကွယ်မှ ပြဿနာရှာနေသော ထိုသစ္စာဖောက်ကို ဖော်ထုတ်ရန်ပင်။

မနက်ခင်းက သောက်ခဲ့သော ဆေးရည်ထဲတွင် စိတ်ငြိမ်စေသော ဆေးဝါးများ ပါဝင်နေသောကြောင့် ဖြစ်မည်။ ဝိန်းယွီသည် အလျင်အမြန်ပင် နောက်တစ်ဖန် အိပ်မောကျသွားခဲ့လေသည်။

သီလှရှင်ကျောင်း၏ အရှေ့ဘက် ခြံဝင်းထဲတွင် ရှောင်းလိသည် စုန့်ချင်၏ စကားကို နားထောင်ပြီးနောက် အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားခဲ့ပြီးမှ မေးလိုက်လေသည်။ “တကယ်ပဲ ကိုယ်ဝန် မရှိဘူးလား”

စုန့်ချင်က ပြန်ဖြေလိုက်သည်။ “အရူးအိုကြီးရဲ့ ဆေးပညာက သိုင်းလောကမှာ တော်တော်လေး နာမည်ကြီးတယ်။ ကြားရသလောက်တော့ သူ့ဘိုးဘေးတွေက တော်ဝင်သမားတော်တွေ ဖြစ်ခဲ့ဖူးပြီး အဆင့်မြင့် အရာရှိတွေရဲ့ ကုသရခက်တဲ့ ရောဂါတွေကိုလည်း ကုသပေးခဲ့ဖူးတယ်တဲ့။ သူ စမ်းသပ်တဲ့ သွေးခုန်နှုန်းကတော့ တိကျပါတယ်”

ထိုစကားကို ကြားပြီးနောက် ရှောင်းလိသည် တဖန် တိတ်ဆိတ်သွားပြန်ပြီး အချိန်အတော်ကြာမှ ပြောလိုက်လေသည်။ “သူ့ကို ဒီမှာ ဒဏ်ရာအရင် သက်သာအောင် ကုသခိုင်းလိုက်ပါ”

စုန့်ချင်က ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် ရှောင်းလိကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။ “အုပ်ချုပ်ရေးမှူးက စစ်စခန်းနဲ့ အကြာကြီး ဝေးကွာနေလို့ မဖြစ်ဘူး။ ဒီနေ့ ပြန်သင့်ပြီ”

ရှောင်းလိသည် ဘာတွေကို တွေးတောနေမှန်းမသိဘဲ မျက်မှောင်ကို အနည်းငယ် ကြုတ်ထားရင်း ကျောက်ဆောင်တုဘေးရှိ ရေကန်ထဲသို့ ကျရောက်နေသော သူ၏ ဘေးတိုက်အရိပ်ကလည်း တိတ်ဆိတ်ငြိမ်သက်နေပုံပေါ်ကာ ပြောလိုက်လေသည်။

“အင်း... ပြန်မယ်”

စုန့်ချင်သည် သူ့ကို စကားမပြောနိုင်ဘဲ ခဏလောက် ကြည့်နေပြီးနောက် အကြည့်များက သူ့အနောက်ဘက်ရှိ ဝိန်းယွီကို အကျယ်ချုပ် ချထားသော ဘုရားကျောင်းဟောင်းဆီသို့ ရွေ့လျားသွားခဲ့သည်။

______

ဖေစုန့်သည် ကျန်းယီချူး၏ နှုတ်ခမ်းဘေးမှ ယိုကျလာသော ဆေးရည်များကို ပဝါဖြင့် ဂရုတစိုက် သုတ်ပေးလိုက်ပြီး မျက်နှာအမူအရာက နူးညံ့စွာဖြင့် ပြောလိုက်လေသည်။

“အစ်မက ဒီနေ့လည်း လိမ္မာမနေပြန်ဘူး။ ဆေးကို သေချာ မသောက်ရင် ခန္ဓာကိုယ်က ဘယ်လိုလုပ် မြန်မြန် ပြန်ကောင်းလာမှာလဲ”

ကုတင်ပေါ်တွင် ကျန်းယီချူးသည် ခေါင်းကို တစ်ဖက်သို့ လှည့်ထားပြီး မကြားဟန်ဆောင်နေခဲ့သည်။

သူမသည် ယခင်ကထက် ပိုပိန်ချုံးသွားခဲ့ပြီး မျက်နှာက ဖြူဖျော့နေကာ မည်းနက်သော ဆံပင်များက ဖရိုဖရဲ ကျဆင်းနေပြီး အကြည့်များက တစ်နေရာတည်းကိုသာ စိုက်ကြည့်နေလျက် သူမ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြုပ်နေသည့်အလား ပတ်ဝန်းကျင်ရှိ အခြားအသံများကို လုံးဝ မကြားနိုင်တော့ချေ။

ဖေစုန့်၏ မျက်နှာအမူအရာက နူးညံ့နေဆဲဖြစ်သော်လည်း ကျန်းယီချူး၏ မေးရိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အလွန် ကြမ်းတမ်းစွာဖြင့် သူမကို သူ့ဘက်သို့ လှည့်ခိုင်းလိုက်သည်။

သူက ဆေးဇွန်းကို ပြန်ခပ်ကာ ကျန်းယီချူး၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်ပြီး နှုတ်ခမ်းထောင့်တွင် နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားလျက် အလွန် ရင်းနှီးသော ချစ်သူကို ဆက်ဆံသည့်အလား ပြောလိုက်လေသည်။

“လိမ္မာတယ်နော်၊ စိတ်မဆိုးပါနဲ့တော့”

သို့သော် ကျန်းယီချူးက နောက်တစ်ကြိမ် ခေါင်းကို လှည့်လိုက်ပြီး ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်တွင် ဘေးနားရှိ အစေခံမလေး ကိုင်ထားသော ဆေးပန်းကန်ကို တိုက်မိသွားတော့သည်။

ဖေစုန့်၏ လက်ထဲရှိ ဇွန်းကလည်း သူမ၏ ပါးပြင်ကို ပွတ်တိုက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် စိုစွတ်နေသော ဆေးရည် အစွန်းအထင်းများကို ချန်ရစ်ခဲ့ကာ ကျန်ရှိသော ဆေးရည်များက ပိုးစောင်ပေါ်သို့ စင်ကျသွားပြီး အဝါရောင် အကွက်များအဖြစ် ကျန်ရစ်ခဲ့သည်။

“အမတ်ချုပ် သနားတော်မူပါ။ ကျွန်တော်မျိုးမ တမင်လုပ်တာ မဟုတ်ပါဘူး”

ဆေးပန်းကန် ကိုင်ထားသော အစေခံမလေးသည် ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်သွားခဲ့ပြီး ပြာယာခတ်ကာ မြေပြင်ပေါ်ရှိ ကြွေကွဲစများကို ကောက်ယူရန် ကြိုးစားရင်း လက်များ ပြတ်ရှသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသနားခံနေတော့သည်။

ဖေစုန့်က ကျန်းယီချူး၏ မေးစေ့ပေါ်ရှိ ဆေးရည်များကို ပဝါဖြင့် စိတ်ရှည်လက်ရှည် သုတ်ပေးလိုက်ပြီးနောက်မှ ထိုအစေခံမလေးကို ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

“မင်း အသက်ရှင်ချင်သေးလား”

ထိုအစေခံမလေး၏ ခန္ဓာကိုယ်က ဇကာတစ်ခုလို တုန်ယင်နေပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေလျက် ထိတ်လန့်တကြားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဖေစုန့်သည် အစောကတည်းက ပြင်ဆင်ထားသော ဒုတိယ ဆေးပန်းကန်ကို သူမထံ ကမ်းပေးလိုက်ပြီး လေသံက နူးညံ့နေဆဲဖြစ်ကာ မြင့်မြတ်သော လူကြီးလူကောင်းတစ်ယောက်အလား ပြောလိုက်လေသည်။

“ငါက အသုံးမကျတဲ့လူတွေကို ဘယ်တော့မှ မမွေးထားဘူးဆိုတာ မင်း သိပါတယ်။ ကျန်းမေရန်ကို ဆေးသောက်ခိုင်းလိုက်၊ မင်းက နည်းနည်း အသုံးဝင်သေးတယ်ဆိုတာကို ငါ ထောက်ထားပြီး မင်းအသက်ကို ချမ်းသာပေးမယ်”

ထိုအစေခံမလေးသည် ဆေးပန်းကန်ကို ပြန်လည် ကိုင်ဆောင်လိုက်ပြီး လက်များက အဆက်မပြတ် တုန်ယင်နေကာ မြေပြင်ပေါ်တွင် ဖိတ်စင်နေသော ဆေးရည်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျန်းယီချူး၏ အရှေ့သို့ ဒူးထောက်သွားကာ မျက်ရည်များ အဆက်မပြတ် စီးကျနေလျက် တောင်းပန်လိုက်လေသည်။

“ကျန်းမေရန်... ဆေးသောက်ပေးပါ”

ကျန်းယီချူးသည် ကုတင်အတွင်းဘက်သို့ မျက်နှာမူထားဆဲဖြစ်ပြီး စကားမပြောသလို ခံစားချက်တစ်စုံတစ်ရာ မရှိဘဲ တစ်ကိုယ်လုံးက ကြိုးဆွဲရုပ်တစ်ရုပ်အလား ဖြစ်နေလေသည်။

ဖေစုန့်သည် ကျန်းယီချူး၏ ဤသို့သော အပြုအမူကို မြင်သောအခါ မျက်လုံးများတွင် အမုန်းရိပ်များ ရှိနေသော်လည်း ထိုအစေခံမလေးကို ပြုံးကာ ပြောလိုက်လေသည်။

“ကြည့်ရတာ ကျန်းမေရန်က မင်းရဲ့ အသက်ကို ချမ်းသာပေးချင်ပုံ မရဘူး”

အစေခံမလေးသည် ကြောက်လန့်လွန်းသဖြင့် မျက်နှာများ ဖြူရော်သွားပြီး လက်များကလည်း ဆေးပန်းကန်ကိုပင် မကိုင်နိုင်တော့လောက်အောင် တုန်ယင်နေတော့သည်။ သူမသည် ခေါင်းငုံ့ကာ ရှိုက်ငင်ငိုကြွေးရင်း ပြောလိုက်လေသည်။ “ကျန်းမေရန်... ကျွန်တော်မျိုးမကို ကယ်တင်ပေးပါ။ ကျွန်တော်မျိုးမရဲ့ အိမ်မှာ အသက်အရွယ် ကြီးရင့်နေတဲ့ မိဘနှစ်ပါးနဲ့ မောင်နှမနှစ်ယောက် ရှိပါသေးတယ်”

ကျန်းယီချူးသည် နောက်ဆုံးတွင် ဘေးတိုက် ကြည့်လာသော်လည်း ထိုမျက်ဝန်းများက သေလူတစ်ယောက်လို မှိုင်းညို့နေပြီး ထုံထိုင်းမှုများဖြင့် ပြည့်နှက်နေကာ သူမက ပင်ပန်းနေသည့်အလား၊ လှောင်ပြောင်နေသည့်အလား မေးလိုက်လေသည်။

“ဒီလို လှည့်ကွက်တွေကို ရှင် ကစားလို့ မဝသေးဘူးလား ဖေစုန့်”

ဖေစုန့်သည် သူမ၏ နဖူးစွန်းကို ရင်းနှီးစွာ နမ်းရှိုက်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။ “အစ်မ လိမ္မာပြီး ဆေးသောက်ဖို့အတွက်ဆိုရင် ဘယ်လောက်ဟောင်းနေတဲ့ လှည့်ကွက်ဖြစ်ဖြစ် အလုပ်ဖြစ်တာပဲ မဟုတ်ဘူးလား”

ထိုသို့ပြောပြီးနောက် သူက ထိုအစေခံမလေးကို လှမ်းကြည့်လိုက်၏။ အစေခံမလေးက ယခင် ကျကွဲသွားသော ကြွေပန်းကန်စများကြောင့် ဒဏ်ရာရမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် ဒူးထောက်ပြီး အနားသို့ကပ်လာကာ ထိုအညိုရောင် ဆေးရည်ပန်းကန်ကို ကျန်းယီချူး၏ အရှေ့သို့ မြှောက်ပေးလိုက်သည်။

ကျန်းယီချူးသည် နောက်ဆုံးတွင် ထိုဆေးရည်ပန်းကန်ကို လက်ခံယူလိုက်ပြီး ခေါင်းမော့ကာ သောက်ချလိုက်သော်လည်း ဆေးရည်က အရမ်းခါးလွန်း၍လား၊ သူမ၏ ခန္ဓာကိုယ်က အရမ်း အားနည်းနေ၍လား မသိဘဲ သူမ သောက်ပြီးနောက်တွင် အဆက်မပြတ် အန်ချင်လာခဲ့ပြီး နောက်ဆုံးတွင် ထိုဆေးရည်များကို အကုန်အန်ထုတ်ပစ်လိုက်ရုံသာမက သည်းခြေရည်များပင် ထွက်လာလုနီးပါး ဖြစ်သွားခဲ့သည်။

ဖေစုန့်သည် အကြီးအကျယ် ဒေါသထွက်သွားပြီး သမားတော် သွားပင့်ရန် လူများကို ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်ကာ ညစ်ပတ်နေသည်ကို လုံးဝ ဂရုမစိုက်ဘဲ ပိုးစောင်ခံလျက် လူကို တစ်ဝက်ဖက်ထားကာ ကျန်းယီချူးက သူ့ကို မှီပြီး တံတွေးခွက်ထဲသို့ အန်ချနိုင်ရန် တွဲထားပေးလိုက်သည်။

သူသည် ကျန်းယီချူး၏ နှုတ်ခမ်းထောင့်များကို ပဝါဖြင့် သုတ်ပေးရင်း တစ်ဖက်မှလည်း တိုးညှင်းသော အသံဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။

“ကျွန်တော် မကောင်းတာပါ။ ကျွန်တော် အစ်မကို ဆေးသောက်ဖို့ အတင်းမတိုက်တွန်းသင့်ဘူး...”

အစေခံမလေးများသည် ကုတင်ပေါ်ရှိ စောင်နှင့် အခင်းများကို အသစ်များဖြင့် အလျင်အမြန် လဲလှယ်ပေးလိုက်ကြပြီး မြေပြင်ပေါ်ရှိ ညစ်ပတ်နေသည်များကိုလည်း သုတ်သင်ရှင်းလင်းလိုက်ကြသည်။

ကျန်းယီချူး၏ အစာအိမ်က ထပ်ပြီး အန်မထွက်နိုင်တော့သည်အထိ ရုန်းကန်နေရပြီး တစ်ကိုယ်လုံးကလည်း အားအင်များ ကုန်ခမ်းသွားသည့်အလား ဖေစုန့်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေရင်း ခပ်ဖွဖွ ပြုံးလိုက်ကာ ပြောလိုက်လေသည်။

“ကျွန်မ သေသွားရင် ရှင်က လူတွေနဲ့ ဟန်ဆောင်ပွဲ လုပ်ရတဲ့ ပျော်စရာတစ်ခု လျော့သွားမယ်မလား”

ဖေစုန့်၏ နဖူးထောင့်တွင် သွေးကြောတစ်ချောင်း ထောင်တက်လာခဲ့၏။ ဤသည်မှာ သူ ဒေါသထွက်တော့မည့် ရှေ့ပြေးလက္ခဏာပင်။

သို့သော် ကျန်းယီချူးက အရမ်းကို အားနည်းနေပြီဖြစ်ကာ သူ၏ မည်သည့် ဒေါသမီးကိုမှ ထပ်မံ ခံနိုင်ရည် မရှိတော့ချေ။

သူသည် နောက်ဆုံးတွင်တော့ ကျန်းယီချူး၏ ပါးပြင်ကို ရင်းနှီးစွာ ပွတ်သပ်ပေးလိုက်ပြီး နူးညံ့စွာဖြင့် ပြောလိုက်လေသည်။

“အစ်မက ဘာလို့ ကျွန်တော့်ကို ဒေါသထွက်အောင် နည်းလမ်းမျိုးစုံနဲ့ အမြဲ လုပ်ချင်နေရတာလဲ။ ကျွန်တော်က အစ်မကို မထိခိုက်ရက်ဘူးဆိုတာ အစ်မ သိနေလျက်နဲ့၊ အဲဒါဆိုရင် ဝိန်းဟန်ရဲ့ သမီးကိုပဲ နှိပ်စက်ပြီး ဒေါသဖြေရတော့မှာပေါ့”

ကျန်းယီချူး၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်လာချိန်တွင် အပြင်ဘက်မှ လူတစ်ယောက်က အလျင်စလို သတင်းပို့လာလေသည်။

“ကျူကျွင်း... ကျိန့်မေရန်ဆီက လူတစ်ယောက် ရောက်လာပြီး ဗိုက်နာနေတယ်လို့ ပြောပါတယ်။ ကျိန့်မေရန်က ကလေး တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်ပြီး အရမ်းကို ငိုနေပါတယ်...”

ဖေစုန့်၏ မျက်နှာအမူအရာက ရုတ်တရက် အေးစက်သွားပြီး လုံးဝ ဂရုမစိုက်သည့်အလား ပြောလိုက်လေသည်။ “ဗိုက်နာရင် သမားတော် သွားပင့်လေ”

သတင်းပို့သောလူက ဖေစုန့် ဒေါသထွက်သွားသည်ကို ကြားသောအခါ အသံက တုန်ယင်သွားပြီး ပြောလိုက်လေသည်။ “ကျိန့်မေရန်က ကျူကျွင်းကို တွေ့ချင်တယ်လို့ ပူဆာနေပါတယ်...”

ဖေစုန့်၏ မျက်နှာအမူအရာက လုံးဝကို စိတ်မရှည်တော့သည့်ပုံ ပေါက်လာသော်လည်း ကျန်းယီချူးကို ကြည့်လိုက်ချိန်တွင်မှ ထိုငြိမ်းချမ်းသော အမူအရာကို ပြန်လည် ရရှိသွားခဲ့ပြီး ကျန်းယီချူး၏ ပါးပြင်ကို နောက်တစ်ကြိမ် ခိုးနမ်းရန် ကြိုးစားသော်လည်း ကျန်းယီချူးက ရှောင်ဖယ်သွားခဲ့သည်။

ဤငြင်းပယ်လိုက်သော လုပ်ရပ်က ဖေစုန့်၏ စိတ်အခြေအနေကို ပြန်လည် ကောင်းမွန်လာစေခဲ့ပြီး သူက ကျန်းယီချူး၏ မေးရိုးကို မြဲမြံစွာ ကိုင်ထားလိုက်ကာ တိုးညှင်းစွာ မေးလိုက်လေသည်။ “အစ်မက သဝန်တိုနေတာလား”

ကျန်းယီချူးက စကားတစ်ခွန်းမှ မဆိုဘဲ အေးစက်စွာသာ ပြုံးပြလိုက်သည်။

ဤသည်ကသာ မည်သည့် စကားလုံးမျှ မလိုအပ်သော အစစ်အမှန် စော်ကားမှုပင်။

ဖေစုန့်က ကျန်းယီချူး၏ မေးစေ့ပေါ်တွင် ကိုင်ထားသော အားကို တိုးလိုက်ရာ သူမကို လုံးဝ လှုပ်ရှား၍ မရအောင် ဖိအားပေးလိုက်ပြီး သူမ၏ ပါးပြင်ပေါ်သို့ အတင်းအကျပ် အနမ်းတစ်ပွင့် ပေးလိုက်ပြီးနောက်မှ လူကို လွှတ်ပေးလိုက်သည်။

“ကျွန်တော် လိုချင်တာကို မရနိုင်တာ မရှိဘူးဆိုတာ အစ်မ ကောင်းကောင်း သိနေရဲ့သားနဲ့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာပြီး ကျွန်တော်နဲ့ အမြဲ ဆန့်ကျင်နေရတာလဲ”

ကျန်းယီချူးသည် ကုတင်အစွန်းတွင် မှောက်ခုံထိုင်နေပြီး ဖရိုဖရဲ ဆံပင်များက ကျဆင်းလာကာ သူမ၏ မျက်နှာပေါ်ရှိ အမူအရာကို ဖုံးကွယ်ထားလေသည်။

ဖေစုန့်သည် ထရပ်ကာ အပြင်သို့ ထွက်သွားခဲ့သော်လည်း ထိုမြားမှန်ပြီးနောက်ပိုင်း သူမ၏ ခန္ဓာကိုယ်က အမြဲတမ်း ပြန်မကောင်းလာသလို ကိုယ်ဝန်လည်း ရှိနေသေးသည်ကို သနားသွားသောကြောင့် အပြင်သို့ ရောက်တော့မည့်အချိန်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြောလိုက်လေသည်။

“အစ်မက ဒီနေ့ ထမင်းကို ကောင်းကောင်းစားပြီး ဆေးကိုလည်း သေချာ သောက်မယ်ဆိုရင် မနက်ဖြန်ကျရင် အဲဒီ တာ့လျန် အကြွင်းအကျန်ကို တစ်နာရီလောက် တွေ့ခွင့်ပေးမယ်”

ကျန်းယီချူး၏ ခြံဝင်းထဲမှ ထွက်လာပြီးနောက် ဖေစုန့်က ကျိန့်မိသားစု၏ ခြံဝင်းထဲသို့ သွားရန် ပြင်လိုက်ချိန်တွင် နောက်ထပ် သိမ်းငှက်အမဲလိုက်ခွေး တစ်ယောက်က အလျင်စလို ပြေးလာပြီး သတင်းပို့လေသည်။

“ကျူကျွင်း... ကုန်းစွန်းလူကြီးမင်း ပြန်ရောက်လာပါပြီ။ အခု ဧည့်ခန်းမဆောင်မှာ ရောက်နေပြီး သခင်ကြီးကို တွေ့ချင်တယ်လို့ ပြောပါတယ်”

ဖေစုန့်က မျက်မှောင်ကြုတ်သွားပြီး “လူကြီးမင်းက တောင်ပိုင်းနယ်စပ် စစ်ပွဲကို ကွပ်ကဲနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီအချိန်ကြီး ဖုန်းယန်ကို ရောက်လာရတာလဲ”

သိမ်းငှက်အမဲလိုက်ခွေးက သေချာ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ “ကျန်းမေရန်က သူ့ကိုယ်သူ ငါးစာအဖြစ် သုံးပြီး ယွီဆရာကြီးနဲ့ တခြား တာ့လျန် အမတ်ဟောင်းတွေကို ဖုန်းယန်ကနေ ထွက်ပြေးအောင် ကူညီပေးခဲ့တဲ့ ကိစ္စကြောင့် ဖြစ်နိုင်ပါတယ်”

ဖေစုန့်သည် စိတ်ထဲတွင် သဘောပေါက်သွားပြီး လမ်းပြပေးနေသော ကျိန့်ခြံဝင်းမှ အစေခံကို ပြောလိုက်လေသည်။ “ငါ အလုပ်များနေလို့ နည်းနည်း နောက်ကျမှ မင်းရဲ့ သခင်မဆီ လာကြည့်ပေးမယ်”

ထိုအစေခံသည်လည်း ဘာမှ ထပ်မပြောရဲတော့ဘဲ ခါးကိုင်းကာ ဆုတ်ခွာသွားတော့သည်။

ဖေစုန့်က ဧည့်ခန်းမဆောင်ဆီသို့ လမ်းကြောင်းပြောင်းသွားခဲ့ပြီး တံခါးဝသို့ ဝင်ဝင်ချင်းမှာပင် ကုန်းစွန်းချိုက ပြတင်းပေါက်ကို ကျောခိုင်း၍ လက်နောက်ပစ်လျက် ရပ်နေပြီး ခန္ဓာကိုယ်က အနည်းငယ် ကိုင်းညွှတ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူက ပြောလိုက်လေသည်။ “လူကြီးမင်းက ဖုန်းယန်ကို ပြန်လာမယ်ဆိုရင် ဘာလို့ ကြိုပြီး လူလွှတ်အကြောင်းမကြားရတာလဲ။ ကျွန်တော် လူလွှတ်ပြီး ကြိုခိုင်းလို့ရတာပေါ့”

ကုန်းစွန်းချိုက လှည့်လာပြီးနောက် တုတ်ကောက်ကို ကြမ်းပြင်ကို ဆောင့်ချလိုက်ကာ “ဒီအမတ်အိုကြီးက တောင်ပိုင်းနယ်စပ် စစ်ပွဲနဲ့ ယွီဝမ်ကျင်း၊ ဟန်ချီတို့လို လူငယ်လေးတွေကို ထားခဲ့ပြီး ပြန်လာရတာက ကျူကျွင်းအတွက် မိသားစုကိစ္စ တစ်ခုကို ဖြေရှင်းပေးဖို့ပါပဲ”

သူက နာကျင်စွာဖြင့် ဆက်ပြောလိုက်လေသည်။ “အဲဒီ စုန်းမက ကျူကျွင်းရဲ့ ကြီးမားတဲ့ အစီအစဉ်တွေကို အကြိမ်ကြိမ် ဖျက်ဆီးနေတာ။ ဒီအမတ်အိုကြီးက ဒီနေ့ ဒီနေရာမှာ အသေခံပြီး အကြံပေးရမယ်ဆိုရင်တောင် ကျူကျွင်းက အဲဒီစုန်းမကို သတ်ပစ်ဖို့ တောင်းဆိုပါတယ်”

...

All Chapters