အခန်း ၁၆၂
Vol. 17 Ch. 162
အပိုင်း (၁၆၂)
သူက အေးစက်စွာ မေးလိုက်သည်။ "မင်းတို့ မင်းသမီးက ဘာဖြစ်လို့ ကျန်းယွီနဲ့ ကလေးယူဖို့ သဘောတူရမှာလဲ"
ကျောင်းပိုင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ချန်နိုင်ငံက မယ်တော်ကြီးနဲ့ ကျန်းအဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတာ။ မင်းသမီးက သူတို့ ချန်နိုင်ငံရဲ့ ဘုရင်ခံမင်းသမီးကြီး အမြန်ဖြစ်လာပြီး အခြေအနေတစ်ခုလုံးကို ပြန်လည် ထိန်းချုပ်ဖို့အတွက်ဆိုရင် ကျန်းအဖွဲ့က သေချာပေါက် အကျိုးအမြတ် တောင်းဆိုမှာပဲ"
သူမ၏ ဤစကားများက တစ်ဝက်မှန်ပြီး တစ်ဝက်မှာ လိမ်ညာထားသော်လည်း အကြောင်းပြချက်ကတော့ လုံလောက်နေသည်။
ချန်နိုင်ငံက ဝိန်းယွီကို မင်းသမီးကြီးအဖြစ် တင်မြှောက်ထားပြီး သူတို့၏ ချန်ဝမ်က တာ့လျန်၏ ကြင်ရာတော်မင်းသားဖြစ်ကြောင်း အသိအမှတ်ပြုထားရာ နောင်တစ်ချိန် နိုင်ငံနှစ်ခုလုံးကို ဆက်ခံမည့်သူက ဝိန်းယွီ၏ ကလေးသာ ဖြစ်ရမည်။
ကျန်းမိသားစုက စည်းစိမ်ချမ်းသာကို ဆက်လက်ထိန်းသိမ်းထားချင်ပါက သာမန်နည်းလမ်းဖြင့် ချန်ဝမ်၏ ဘေးနားသို့ သမီးများကို ပို့ဆောင်ပြီး ကျန်းမိသားစုဝင် အမျိုးသမီးက ချန်ဝမ်၏ သားသမီးကို မွေးဖွားပေးရန်က အသုံးမဝင်တော့ပေ။ ဝိန်းယွီကို ကျန်းမိသားစု၏ သွေးသားကို တိုက်ရိုက် မွေးဖွားခိုင်းလိုက်ခြင်းကသာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ပေလိမ့်မည်။
သို့သော် သည်အစီအစဉ်က အပြင်သို့ သတင်းပျံ့သွားပါက လောကကြီးကို အလွန် တုန်လှုပ်သွားစေနိုင်သည်။
ဤကိစ္စကို ရှောင်းလိ သိသွားပြီးနောက် ဝေ့စစ်တပ်က ဝိန်းယွီကို ပြစ်တင်ဝေဖန်မည့် အချက်တစ်ခု ဖြစ်လာမည်ကို ကျောင်းပိုင် လုံးဝ မကြောက်ရွံ့ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူမက ပါးစပ်မှ ပြောလိုက်ရုံသက်သက်သာ ဖြစ်ပြီး သေချာသော သက်သေအထောက်အထားလည်း မရှိပေ။
သူမကို အံ့ဩသွားစေသည်မှာ ရှောင်းလိက နားထောင်ပြီးနောက် အလွန်အေးစက်သော မျက်နှာအမူအရာဖြင့် မေးလိုက်ခြင်းဖြစ်သည်။ "ချန်ဝမ်ကရော"
ကျောင်းပိုင်သည် အစပိုင်းတွင် ရှောင်းလိ၏ စကားထဲက အဓိပ္ပာယ်ကို သေချာ နားမလည်ခဲ့သော်လည်း သေချာ စဉ်းစားကြည့်ပြီးမှ သူက ကျန်းမိသားစုက ဤကဲ့သို့ ရိုင်းစိုင်းသော တောင်းဆိုမှုကို ရဲတင်းစွာ လုပ်ဆောင်လာသည်ကို ချန်ဝမ်က ဘာကြောင့် မတားဆီးခဲ့တာလဲဟု မေးနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။
ကျောင်းပိုင်က ပြန်ဖြေလိုက်သည်။ "ချန်ဝမ်က ရောဂါဝေဒနာ ခံစားနေရလို့ တိုင်းပြည်ရေးရာတွေကို လျစ်လျူရှုထားတာ ကြာပါပြီ။ အခု ချန်နိုင်ငံက မယ်တော်ကြီးကျန်းက နောက်ကွယ်ကနေ အုပ်ချုပ်နေတာပါ"
သူမက ဤသို့ သွယ်ဝိုက်ပြီး ပြောလိုက်ခြင်းမှာ လက်ရှိ ချန်ဝမ်က ချန်နိုင်ငံတွင် အာဏာမရှိတော့ဘဲ မယ်တော်ကြီးနှင့် ကျန်းမိသားစု၏ ဖယ်ရှားခြင်းကို ခံထားရပြီဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
ချန်ဝမ်က ဖုံးကွယ်ထားသော ရောဂါရှိနေပြီး ယောကျ်ားစွမ်းရည် မရှိကြောင်းကို သူမကိုယ်တိုင် သူ့ကို ပြောပြလိုက်ပါက ဝိန်းယွီ၏ မျက်နှာကို ထိခိုက်စေမည့် ကိစ္စဖြစ်ရာ ကျောင်းပိုင်က သေချာပေါက် လုပ်မည်မဟုတ်ပေ။
ဝိန်းယွီက တခြားတစ်ယောက်နှင့် ကလေးရလိမ့်မည်ဟု သူ့ကို သိစေခြင်းက ကျောင်းပိုင်၏ အမြင်တွင် ကြီးမားသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ လျန်ချန်ကျူး၏ အစ်မအရင်းဖြစ်သော ရှန်းချန် မင်းသမီးကြီးသည် ထိုစဉ်က အထောက်တော် ယောကျ်ားပျိုများကို မရေမတွက်နိုင်အောင် မွေးမြူထားခဲ့ပြီး နန်းတွင်းရှိ စစ်သူကြီး တော်တော်များများကလည်း သူမ၏ လက်အောက်ခံများ ဖြစ်ခဲ့ကြောင်း သတင်းထွက်ခဲ့ဖူးသည်။
ချန်လျန်ဝမ်ကသာ အောင်မြင်စွာ နန်းတက်နိုင်ခဲ့ပါက ဝိန်းယွီက ချန်လျန်ဝမ်၏ တစ်ဦးတည်းသော သမီးအနေဖြင့် အထောက်တော် ယောကျ်ားပျိုများ မွေးမြူချင်လျှင်လည်း အခက်အခဲမရှိ လုပ်နိုင်ပေလိမ့်မည်။
ရှောင်းလိကသာ လိုက်လျောခဲ့လျှင် ကျောင်းပိုင်က သူ့အပေါ်ထားရှိသော ရန်လိုမှုလည်း ဤမျှ ပြင်းထန်လိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ အရင်တုန်းက ရှောင်းလိကို မတရားစွပ်စွဲခဲ့ပြီး သေလုမတတ် ဖြစ်စေခဲ့သည့်အတွက် သူမ၏ စိတ်ထဲတွင်လည်း အပြစ်မကင်းမှုများ ရှိနေခဲ့သည်။
သို့သော် သူက ယခု ဝေ့စစ်တပ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်ရာ သူတို့ လျန်စစ်စခန်းနှင့် ရှောင်လွဲမရဘဲ ရန်သူများ ဖြစ်လာလိမ့်မည်။ ဤတစ်ကြိမ်တွင်လည်း ဝိန်းယွီကို ဖမ်းဆီးထားပြီး မည်သည့်အကြံအစည် ရှိနေမှန်း မသိရဘဲ ဝိန်းယွီအပေါ် အန္တရာယ်ပြုမည်ကို ကြောက်ရွံ့နေသဖြင့် သူမ၏နှလုံးသားထဲက အပြစ်မကင်းစိတ် အနည်းငယ်က ဒေါသများကြောင့် ပျောက်ကွယ်သွားခဲ့ရသည်။
သူက ဖိန်ကျိုးမှာ ရှိစဉ်ကတည်းက ဝိန်းယွီကို ကြည့်သည့် အကြည့်က အောက်လက်ငယ်သား တစ်ယောက်က အထက်လူကြီးကို ကြည့်သင့်သည့် အကြည့်မျိုး လုံးဝ မဟုတ်ခဲ့ပေ။
သူက သည်းခံနေပြီး ထိန်းချုပ်နေခဲ့ခြင်းသာ။
သူ ဝိန်းယွီကို ကြည့်သည့် အကြည့်ထဲတွင် အန္တရာယ်များသော အငွေ့အသက် ပါဝင်နေသည်ကို ကျောင်းပိုင် အာရုံခံမိနေသည်။
သူက သူတို့ တာ့လျန်၏ တောက်ပနေသော ပုလဲရတနာလို မင်းသမီးကို လက်သည်းအောက်တွင် ဖိထားပြီး အရိုးရော အသားပါမကျန် အပိုင်းပိုင်း ဝါးစားကာ မျိုချပစ်ချင်နေတာ သေချာသည်။
အဲဒါက စည်းကျော်တာပဲ!
ယခုအချိန်အထိ သူ၏ မျက်လုံးထဲရှိ အန္တရာယ် အဓိပ္ပာယ်က ယခင်ကထက် ပိုလို့ပင် ပြင်းထန်လာခဲ့ရာ ကျောင်းပိုင်က သူ ဝိန်းယွီအပေါ် တစ်ခုခု လုပ်ပစ်မှဦကို ပိုကြောက်ရွံ့လာခဲ့သည်။
သို့သော် ဘာကြောင့်မှန်းမသိဘဲ တစ်ဖက်လူက သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အရင်က သိပ်မသိသာသော ဒေါသများက ဤအခိုက်အတန့်တွင် ယမ်းခိုးများအလား သူ၏ တစ်ကိုယ်လုံးမှ ယိုဖိတ်ကျလာခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်မှ ကွေးတက်သွားသော အပြုံးက အလွန်အေးစက်နေပြီး လှောင်ပြောင်မှုနှင့် နီးစပ်နေသော်လည်း ပိုများနေသည်က ရှင်းပြ၍မရသော ဒေါသများဖြစ်သည်။ "မင်းတို့ လျန်စစ်စခန်းက မင်းတို့ မင်းသမီးအတွက် ယောက်ျားကောင်းတစ်ယောက်ကို ရအောင် ကူညီပေးလိုက်တာပဲ"
ထိုစကားကို ပြောပြီးနောက် သူက သူ၏ လည်ပင်းပေါ်တွင် တင်ထားသော ကျောင်းပိုင်၏ ဓားရှည်ကို လုံးဝ လျစ်လျူရှုကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ကျောင်းပိုင်သည် ပါးကို အပြင်းအထန် ရိုက်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး နှလုံးသားထဲတွင် တစ်ဝက်က ဒေါသဖြစ်နေကာ တစ်ဝက်က ဝိန်းယွီ ယခုလို အခြေအနေမျိုးအထိ တစ်လှမ်းချင်း ရောက်လာခဲ့ရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသဖြင့် မိမိကိုယ်ကို အပြစ်တင်မှုနှင့် သနားကြင်နာမှုများ ဖြစ်နေသည်။ သို့သော် သူမ၏ အကြည့်က အလျင်အမြန်ပင် ပြန်လည် ခိုင်မာလာခဲ့ပြီး ဓားသွားကို အားကုန်ဖိချလိုက်ကာ အေးစက်စွာ အော်ပြောလိုက်သည်။ "မင်းသမီး လိုချင်တဲ့ အရာအားလုံးကို ကိုယ်တိုင် ပြန်လုယူလိမ့်မယ်။ သူ့ရှေ့မှာ ကာကွယ်ပေးမယ့် ယောက်ျားစုတ်ဆိုတာ မလိုအပ်ဘူး။ နန်ချန်က မင်းသမီးရဲ့ရွေးချယ်ခံရတာကလည်း သူတို့ရဲ့စစ်တပ်ကြောင့်ပဲ။ ချန်ဝမ်ကြောင့် မဟုတ်ဘူး!"
ဤတစ်ကြိမ် သူမ ဖိချလိုက်သော ဓားသွားက ယခင်ကထက် ပိုနက်ရှိုင်းသွားပြီး ရှောင်းလိ၏ လည်ပင်းဘေးတွင် သိသာသော သွေးစက်များ ထွက်ပေါ်လာကာ အောက်သို့ စီးကျသွားပြီး အင်္ကျီကော်လာထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ကျောင်းပိုင်က သူ့ကျောပြင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "ရှင် အမြဲတမ်း မင်းသမီးနဲ့ ရန်သူအဖြစ် ရပ်တည်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းသမီးကို ဖမ်းဆီးထားတဲ့ လုပ်ရပ်တစ်ခုတည်းနဲ့တင် ရှင်က ကျန်းယွီကို ဘယ်တော့မှ မီမှာ မဟုတ်ဘူး! ဖေစုန့်က ရှင့်အပေါ် မိခင်ကို သတ်ခဲ့တဲ့ ရန်ငြိုးရှိနေလို့ ရှင်က သူနဲ့အတူ မကမ္ဘာမကြေ ဖြစ်နေတာ။ သူက မင်းသမီးအပေါ်မှာ မိသားစုတစ်ခုလုံးကို သတ်ခဲ့တဲ့ ရန်ငြိုးရှိနေတာ။ မင်းသမီးက ရှင့်ဆီမှာ အဖမ်းခံနေရချိန် ဘယ်လို ခံစားချက်မျိုး ရှိနေမလဲဆိုတာ ရှင် တွေးကြည့်ဖူးလား"
ဤစကားအနည်းငယ်ကို ပြောပြီးနောက် သူမက ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ နှင်းများကို နင်းပြီး ခေါင်းငုံ့ကာ ပြန်လှည့်သွားခဲ့သည်။
ရှောင်းလိ၏ ထက်မြက်သော မျက်နှာသွင်ပြင်က သစ်ပင်အရိပ်အောက်ရှိ အမှောင်ထဲတွင် ပုန်းကွယ်နေသဖြင့် မျက်နှာအမူအရာကို မမြင်ရသော်လည်း သူ၏ တစ်ကိုယ်လုံးရှိ အငွေ့အသက်များက အေးစက်လေးလံနေသည်။ "သူက တာ့လျန် မင်းသမီး ဖြစ်နေလို့၊ သူ့ကိုယ်ထဲမှာ ဝိန်းမိသားစုရဲ့ သွေးတွေ စီးဆင်းနေလို့ မင်းတို့က သူ့ကို အရာအားလုံးအတွက် တာဝန်ယူသင့်တယ်၊ အခက်ခဲဆုံး လမ်းကို လျှောက်သင့်တယ်လို့ သဘာဝကျကျ တွေးနေကြတာလား။ ဘယ်လိုပဲဖြစ်ဖြစ် သူက ထက်မြက်တယ်၊ သူက ကြံ့ခိုင်တယ်၊ ဘယ်တော့မှ ပင်ပန်းတယ်လို့ ညည်းညူလေ့မရှိဘူး၊ ပြီးတော့ မစွမ်းဆောင်နိုင်တာ ဘာမှမရှိဘူး။ အကြိမ်တိုင်း အစီအစဉ်ဆွဲပြီး မင်းတို့ လျန်စစ်စခန်းကို သေရာကနေ ရှင်သန်အောင် လုပ်ပေးနိုင်တယ်လေ"
ကျောင်းပိုင်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဒေါသတကြီးဖြင့် တစ်ခုခုကို ပြန်လည်ချေပရန် ပြင်လိုက်သော်လည်း သူက ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။ "ဒါပေမယ့် ငါ သူ့ကို သိခဲ့တဲ့အချိန်တုန်းက သူက တာ့လျန် မင်းသမီး အဆင့်အတန်း မဟုတ်သေးဘူး။ သူကလည်း အရာအားလုံးကို တတ်ကျွမ်းနေတာ မဟုတ်ဘူး၊ သူကလည်း အသက်ရှင်နေတဲ့ လူသားတစ်ယောက်ပဲ။ သူက မင်းတို့ရဲ့ မင်းသမီးကောင်း တစ်ယောက်ဖြစ်ဖို့အတွက် အဲဒီလိုပုံစံမျိုး ဖြစ်လာခဲ့ရတာ။ မင်းတို့က သူ့ရဲ့ အပြစ်အနာအဆာကင်းတဲ့ အစီအစဉ်တွေအောက်မှာ အကာအကွယ် ခံနေရရုံနဲ့ သူက မွေးရာပါ သံမဏိခန္ဓာကိုယ် ရှိနေပြီး ဘယ်သူ့ရဲ့ အကာအကွယ်မှ မလိုအပ်ဘူးလို့ ဘာလို့ ထင်နေရတာလဲ"
ကျောင်းပိုင်သည် သူ၏ ဤစကားများကြောင့် ဆွံ့အသွားခဲ့ပြီး ရှောင်းလိကမူ နှင်းများကို နင်းကာ ဝေးကွာသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင် ကျောင်းပိုင်က ဒေါသတကြီးဖြင့် သစ်ပင်ကို လက်သီးဖြင့် အပြင်းအထန် ထိုးချလိုက်ရာ သစ်ပင်ပေါ်မှ နှင်းများက တဖွဲဖွဲ ကျဆင်းလာပြီး သူမက အနည်းငယ် ရှက်ရွံ့စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
____
ရှောင်းလိသည် စခန်းသို့ ပြန်ရောက်လာသော်လည်း အိပ်ဖို့ မဖြစ်နိုင်တော့ချေ။ ညစောင့်နေသော ကင်းသမားကို စခန်းသို့ ပြန်နားခိုင်းလိုက်ပြီး သူကိုယ်တိုင် အစားထိုး ညစောင့်ပေးလိုက်သည်။
မီးပုံဘေးတွင် ထိုင်ပြီးနောက် မီးရောင်ကို ကြည့်ရင်း အမြဲတမ်း အတွေးလွန်နေခဲ့သည်။
တကယ်တော့ အစကတည်းက ဝိန်းယွီကို ဖမ်းမိချိန်မှာ သူ့ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ ငါ သေချာ မစဉ်းစားရသေးဘူး။
သူက ငါနဲ့အတူ သေရေးရှင်ရေး အကြိမ်ကြိမ် ဖြတ်သန်းခဲ့ပြီးနောက်မှာတောင် ငါ့ကို သံသယဝင်နေသေးပြီး နောက်ဆုံးမှာ ရက်စက်စွာ ငါ့ကို သတ်ပစ်ချင်ခဲ့တာကို မုန်းခဲ့လား။
မုန်းတာပေါ့။
ဒါပေမယ့် သူ့ကို အဝေးကနေ မှတ်မိသွားပြီး မြားပစ်ပြီး ဖေရှစ်ဝူ လက်ထဲကနေ ကယ်တင်လိုက်တဲ့ အချိန်မှာ ငါ့ခေါင်းထဲ ပထမဆုံး ပေါ်လာတဲ့ အတွေးက ဝေ့အန်းမသိအောင် သူ့သရုပ်မှန်ကို ဘယ်လို ဖုံးကွယ်ပေးရမလဲ ဆိုတာပဲ။
ဝေ့အန်းက သူ့ကို မှတ်မိမမှတ်မိ ငါ မသိသလို သူ့မှာ ဖြေရှင်းဖို့ နည်းလမ်း ရှိမရှိကိုလည်း ငါ မသိဘူး။
ဒါပေမယ့် ငါသာ သူ့ရှေ့မှာ ပေါ်လာခဲ့ရင် သူ့ရဲ့ ဟန်ဆောင်မှုတွေ အားလုံးက ငါ့ကို လှည့်စားလို့ မရဘူးဆိုတာကို သူ သေချာပေါက် နားလည်သွားလိမ့်မယ်။
။ဒါကြောင့် ငါက ဝေ့အန်းကို ကိုယ်တိုင် စစ်ဆေးခိုင်းလိုက်တာက သံသယကင်းရှင်းစေပြီး နောက်ပိုင်းမှာ သူ့ရဲ့ အဆင့်အတန်းကို ဖုံးကွယ်ဖို့ ပိုကောင်းအောင် ကူညီပေးနိုင်ဖို့ပဲ။ ပြီးတော့ သူ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကြည့်ချင်ပြီး အခြေအနေကို ကြည့်ပြီး သူ့ကို ကူညီပေးဖို့ပဲ။
သူ့ကို မုန်းလည်း မုန်းတယ်၊ သူ့ကို ဘယ်လို ဖြေရှင်းရမလဲဆိုတာလည်း မစဉ်းစားရသေးချိန်မှာ ငါက အစကတည်းက သူ့ကို မတွေ့ချင်ခဲ့တာ။
ထင်တဲ့အတိုင်းပဲ။ သူက ကိုယ်ဝန်ရှိနေတာတောင် အသက်ကို ပဓာနမထားဘဲ ကျန်းယွီရဲ့ ခေါင်းကို သွားလုလို့ ဒေါသထွက်ပြီး သူ့ကို တွေ့ပြီးတဲ့နောက်မှာ စိတ်တွေ ရှုပ်ထွေးသွားတာက ငါကိုယ်တိုင်ပဲ။
သူက ကိုယ်ဝန်ရှိနေတာတောင် ဘာလို့ အဲဒီလောက် အသက်ကို ပဓာနမထားတာလဲဆိုတာကို ငါက မေးခွန်းထုတ်ချင်ခဲ့တာ။ ဒါပေမယ့် သူက ငါ့ကို ဝမ်းသာပြီး ဝမ်းနည်းနေတဲ့ အမူအရာနဲ့ ကြည့်နေတာကို မြင်တဲ့အခါ ပါးစပ်ဖျားကို ရောက်လာတဲ့ စကားတွေက အဲဒီတုန်းက မြားတစ်စင်းအကြောင်းကို ပြစ်တင်ဝေဖန်တဲ့ စကားတွေ အဖြစ် ပြောင်းလဲသွားခဲ့တယ်။
သူက မင်္ဂလာယာဉ်တန်းကြီးနဲ့ နန်ချန်ကို လက်ထပ်သွားတဲ့အချိန်တုန်းက ငါက အဲဒီ အဆိပ်မြားကြောင့် တောရိုင်းထဲမှာ အရိုးပေါ်တဲ့အထိ သေဆုံးသွားခဲ့တာကို သိတဲ့အခါ သူ့ရဲ့ နှလုံးသားထဲမှာ နည်းနည်းလေးများ အပြစ်မကင်းတဲ့ စိတ်ရှိခဲ့ဖူးလားဆိုတာကို ငါ မေးချင်ခဲ့တယ်။
နောက်ဆုံးမှာ ငါကျန်ရှိနေတဲ့ ဂုဏ်သိက္ခာက ငါ့ကို အဲဒီစကားကို မေးထွက်ဖို့ ခွင့်မပြုခဲ့ဘူး။
ငါ့ရဲ့ စိတ်ကို သူက အဲဒီလောက် ရွံရှာခဲ့ပြီး ဒုက္ခတစ်ခုအဖြစ် သတ်မှတ်ခဲ့တာ။ ငါ သေသွားတာကို သိရင် သူက အလားအလာရှိတဲ့ သူလျှိုတစ်ယောက်ကို ဖယ်ရှားလိုက်နိုင်ပြီး ပြဿနာတစ်ခုကို ဖြေရှင်းလိုက်နိုင်တယ်လို့ပဲ အကြမ်းဖျင်း ထင်မိမှာပေါ့။
အဲဒီ မြားတစ်စင်းရဲ့ ရန်ငြိုးကို ငါ အကြိမ်ကြိမ် ထုတ်ပြောခဲ့တာက ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်တွေ ဖြတ်ပစ်ဖို့နဲ့ သူ့အပေါ် ဘာစိတ်ကူးယဉ်မှုမှ ထပ်မထားဖို့ သတိပေးချင်လို့ပဲ။ ပြီးတော့ သူ့ဆီကနေ သေချာတဲ့ အဖြေတစ်ခုကို ရချင်လို့ပဲ။ ဒါမှသာ ငါက သူ့ကို ပိုပြီး ခိုင်မာစွာနဲ့ ပိုပြီး သဘာဝကျကျ မုန်းတီးလို့ ရမှာလေ။
ဒီတာ့လျန်ရဲ့ မြင့်မြတ်တဲ့ အမျိုးသမီးကို ချစ်မြတ်နိုးရတာက ရွှံ့နွံထဲ နစ်မွန်းနေရသလိုပဲ။ သူ့ရဲ့ အချစ်ကင်းမဲ့မှုနဲ့ ရက်စက်မှုကို ငါ မြင်တွေ့ခဲ့ရပြီးပြီမို့ အပြင်ကို ထွက်လာသင့်ပြီ။
ဒါပေမယ့် သူက အဲဒီလောက် ဝမ်းနည်းနေပြီး အဲဒီလောက် အပြစ်မကင်းဖြစ်နေတာ။
အရင်တုန်းက ကိုယ်တိုင်ပြောခဲ့တဲ့ ရွံရှာမှုက အစစ်လား၊ ဒါမှမဟုတ် ဒီအခိုက်အတန့်က အပြစ်မကင်းမှုက အစစ်လား ဆိုတာကို ငါ မခွဲခြားနိုင်အောင်ပဲ။
သူက အရမ်း ထက်မြက်ပြီး လူတွေရဲ့ စိတ်ကို အရမ်း နားလည်လွန်းလို့ ငါက တကယ်ကို မခွဲခြားနိုင်ခဲ့ဘူး။
ဒါပေမယ့် သူက တကယ်ပဲ ငါ့ကို သတ်ဖို့ အမိန့်ပေးခဲ့ဖူးရင်တောင် သူ့ကို ငါ မထိခိုက်ရက်ခဲ့ဘူး။
ရှောင်းလိသည် သူ့ကိုယ်သူ ဖျားနာနေသည်ဟု ခံစားလိုက်ရသည်။ ထိုလျန်မင်းသမီးအနီးသို့ ချဉ်းကပ်သွားချိန်တိုင်း သူ၏အသိတရားနှင့် စည်းမျဉ်းစည်းကမ်းများအားလုံးကို ဆုံးရှုံးသွားစေနိုင်သည့် ရောဂါဆိုးတစ်ခုက သူ့ကို ဖိစီးနှိပ်စက်နေလေသည်။
အောက်ခြေတွင် နက်ရှိုင်းလှသော တွင်းနက်ကြီးတစ်ခု ရှိနေသည်ကို သူ ကောင်းကောင်း သိထားသော်လည်း သူမ မတ်တတ်ရပ်နေသရွေ့ သူသည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ခုန်ချသွားလိမ့်မည်။
နာကျင်မှုနှင့် ထုံကျင်မှုတို့သည် အဆုံးမရှိ လည်ပတ်နေပြီး သူ့ကိုယ်သူ အခွံလွတ်တစ်ခုလို ဟာလာဟင်းလင်း ဖြစ်သွားသည်အထိ သူ့ကို ဖိစီးနှိပ်စက်နေတော့၏။
သူမကို ထပ်မတွေ့ရန် အသိတရားက ဆွဲငင်တားဆီးနေသော်လည်း သူ၏ခန္ဓာကိုယ်သည် တောင်ကုန်းပေါ်တွင် တစ်ညလုံး ထိုင်နေတတ်ပြီး သူမကို ဖမ်းဆီးချုပ်နှောင်ထားသည့် စစ်တပ်တဲကို မအိပ်မနေဘဲ ငေးကြည့်နေမိတတ်သည်။
သူ၏ရောဂါသည် ပိုဆိုးလာပုံရလေသည်။
သူမက သူ့ကို အမှန်တကယ် သတ်ရန် ရည်ရွယ်ခဲ့ခြင်း ရှိမရှိဆိုသည်ကို သူ ဆက်ပြီး ဂရုမစိုက်တော့ချေ။
မည်သို့ပင်ဆိုစေ သူမသည် သူ့လက်ထဲတွင် ရှိနေသည် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် သူမက သူ့အပေါ် အကြွေးတင်နေသည်ဖြစ်ရာ သူတစ်ယောက်တည်းသာ သိသည့် နေရာတစ်ခုတွင် သူမကို ဖုံးကွယ်ထားချင်မိ၏။
ထိုသို့ဆိုလျှင် သူမက သူ့ကို ရွံရှာသည်ဖြစ်စေ၊ မုန်းတီးသည်ဖြစ်စေ သူ့ထံမှ မည်သည့်အခါမျှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။
သို့သော် အသိစိတ် ရှင်းလင်းနေသည့် အချိန်များတွင်တော့ သူ၏မာနက ထိုသို့ ယုတ်မာရိုင်းစိုင်းစွာ မပြုမူရန် တားမြစ်နေဆဲပင်။
သူ့အမေသည် သူ့ကို ဖြောင့်မတ်မှန်ကန်သော လူကောင်းတစ်ယောက် ဖြစ်လာစေရန် ဆယ်စုနှစ်တစ်ခုကျော်တိုင်တိုင် သွန်သင်ဆုံးမခဲ့သဖြင့် သူ့ကိုယ်သူ ထိုမျှလောက် အဆင့်အတန်းနိမ့်ကျသွားအောင် ခွင့်မပြုနိုင်ခဲ့ချေ။
ထို့ကြောင့် နောက်ဆုံးတွင် သူသည် ဝိန်းယွီကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။
သူမသာ သူ မမြင်နိုင်တော့သည့် အဝေးတစ်နေရာသို့ ထွက်သွားခဲ့လျှင် သူ၏ရောဂါသည် သေချာပေါက် ပျောက်ကင်းသွားလိမ့်မည်။
သို့သော် ထိုအချိန်တွင် သူမသည် သူ့နှာခေါင်းအောက်မှာတင် ဒဏ်ရာရသွားခဲ့၏။
သူမကို လွှတ်ပေးလိုက်ခြင်းက သူမကို ဖမ်းဆီးချုပ်နှောင်ထားသည်ထက် ပိုပြီး ဘေးကင်းလုံခြုံမှု မရှိစေဘူးဆိုလျှင် သူက ဘာဖြစ်လို့ ဆက်ပြီး မထိန်းသိမ်းထားရမည်နည်း။
သူမတွင် ကိုယ်ဝန်ပင် ရှိနေသေးသည်။ အကယ်၍ ကလေးပျက်ကျသွားပါက သူမသည် အလွန်အမင်း ဝမ်းနည်းပူဆွေးရလိမ့်မည်။
နောက်ဆုံးတွင်တော့ ထိုကလေးဆိုသည်မှာလည်း လိမ်ညာမှုတစ်ခုသာ ဖြစ်ကြောင်း သူ သိလိုက်ရ၏။
သူမသည် တစ်ချိန်က သူ ထုလုပ်ပေးခဲ့ဖူးသော သစ်သားပန်းပုလေးကို ယူဆောင်လာပြီး သူ့ကို သဘောကျကြောင်း ပြောခဲ့သည်။
ရှောင်းလိသည် ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရသည်။ သူမ၏ လွတ်မြောက်မှုအတွက်ဆိုလျှင် သူမက အရာအားလုံးကို တကယ်ပင် ပြောရဲလေသည်။
သူက ငါ့ကို သဘောကျတယ်လို့ ဘယ်လိုလုပ် ပြောထွက်ရတာလဲ။
သူမက သူ့ကို အခြားကိစ္စများတွင် လှည့်စားနိုင်သော်လည်း ဤကိစ္စတွင်တော့ မရနိုင်ချေ။
သူ့တွင် အလိမ်ခံရစရာ ဘာမှ မကျန်တော့ချေ။ ပြည်တည်သွေးထွက်နေပြီး ဘယ်တော့မှ မကျက်နိုင်တော့သည့် သူ၏ ကျိုးပဲ့ကြေမွနေသော နှလုံးသားသည် နောက်ထပ် နင်းချေခံရမှုကို မခံနိုင်တော့ပေ။
ဝေ့ချီရှန်းက သူမကို မဖမ်းမိခဲ့သလို၊ ဖေစုန့်၏ လူများကလည်း သူမ ဘယ်ရောက်နေမှန်း မသေချာချေ။ လျန်စစ်တပ်က မြောက်ပိုင်းနယ်စပ်တွင် သူမရှိနေသည်ကို ငြင်းဆိုထားပြီး တောင်ပိုင်းနယ်စပ်၏ စစ်ရေးအခြေအနေမှာလည်း အနည်းဆုံး နွေဦးပေါက်သည်အထိ တည်ငြိမ်နေနိုင်လေသည်။
သူ သူမကို လွှတ်ပေးလိမ့်မည်။ သို့သော် အခုတော့ မဟုတ်သေးချေ။
သူမကို တောင်ပေါ်ဘုန်းကြီးကျောင်းတွင် ထားရှိခြင်းက သူမ၏ ဒဏ်ရာများ သက်သာလာစေရန် ဖြစ်ပြီး၊နောက်ထပ် ဘယ်လို လှည့်စားမှုမျိုးတွေ သူမ ထပ်လုပ်ဦးမလဲဆိုတာကို စောင့်ကြည့်ရန်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အကယ်၍ ယနေ့ညတွင် သူမ၏ကိုယ်ရံတော်သာ သူ့ထံ ရောက်မလာခဲ့လျှင် သူမ အသည်းအသန် လက်ထပ်ချင်နေခဲ့သော ချန်ဝမ်ဆိုသည့် အမျိုးသားမှာ ထိုမျှလောက် သူရဲဘောကြောင်သူ ဖြစ်ကြောင်း သူ သိခဲ့ရမည် မဟုတ်ပေ။
ပြီးတော့ သူက ကျန်းယွီနဲ့ အတူတူ ကလေးပျိုးထောင်ဖို့ သဘောတူခဲ့တယ် ဟုတ်လား။
ဒါကြောင့်ပဲ... ဒါကြောင့်ပဲ သူက ကျန်းယွီ၏ ခေါင်းကို ပြန်ရယူဖို့ အသက်စွန့်ခဲ့တာပေါ့။ ကျန်းယွီအကြောင်း ပြောလိုက်တိုင်း သူအဲလောက် စိတ်ဓာတ်ကျသွားတာလဲ မဆန်းတော့ပါဘူး။
ဒါတောင် သူက ငါ့ကို သဘောကျတယ်လို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။
ဒါမှမဟုတ် ဒီလိုလှည့်စားတာက သူ့ရဲ့ နည်းဗျူဟာတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်နေတာ ကြာပြီလား။
မီးမွှေးရန် ရည်ရွယ်ထားသော သစ်ကိုင်းတုတ်တုတ်တစ်ချောင်းသည် ရှောင်းလိ၏ လက်ထဲတွင် ထက်ပိုင်း ကျိုးသွားလေသည်။
ထိုသစ်ကိုင်းကို မီးတောက်ထဲသို့ ပစ်ထည့်လိုက်သောအခါ မရေမတွက်နိုင်သော မီးပွားများ လွင့်စင်ထွက်လာပြီး အေးစိမ့်လှသော လေပြေကြောင့် နေရာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။
မီးရောင်အောက်တွင် ရှောင်းလိ၏ မေးရိုးများ တင်းမာသွားပြီး သူ၏ မည်းနက်သော မျက်ဝန်းများထဲတွင် ကခုန်နေသော မီးတောက်များ ထင်ဟပ်နေကာ အတွင်းနက်ရှိုင်းသော နေရာ၌ ချော်ရည်ပူများ ဆူပွက်နေသည့်နှယ်။
သူသည် ဒေါသထွက်နေဆဲပင်။
ဝိန်းယွီ၏ လှည့်စားမှုအတွက် ဒေါသထွက်မိသလို၊ သူမ၏ အကြံအစည်များစွာ ရှိနေသည့်တိုင် ထိုကဲ့သို့သော အမျိုးသားကို လက်ထပ်ခဲ့သည့်အတွက်လည်း ဒေါသထွက်မိသည်။ ထို့အပြင် လျန်စစ်တပ်ရှိ လူတိုင်းက ဤအရာအားလုံးကို ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ယူဆထားကြသည့်အတွက်လည်း ဒေါသထွက်မိလေသည်။
သူမသည် အသုံးမကျသော ခင်ပွန်းတစ်ယောက်ကို လက်ထပ်ခဲ့ရပြီး အာဏာရရှိရန်အတွက် မိခင်ဘက်မှ ဆွေမျိုးများနှင့် အပေးအယူလုပ်ကာ အမွေဆက်ခံသူတစ်ဦးကို ပူးတွဲပျိုးထောင်ရန် လိုအပ်နေခဲ့သည်။
သူ့ရဲ့ ကိုယ်ရံတော်တွေနဲ့ အမတ်တွေက ဘာဖြစ်လို့ ဒီအရာအားလုံးကို သူ "တိုက်ယူ" သင့်တဲ့ အရာတစ်ခုလို့ ထင်နေကြရတာလဲ။
ဒီလိုဖြစ်ရတာက သူက သူတို့ကို သူ့နောက်မှာကွယ်ထားပေးပြီး အမြဲတမ်း ကာကွယ်ပေးထားခဲ့လို့ မဟုတ်ဘူးလား။
...