အခန်း ၁၆၃
Vol. 17 Ch. 163
အပိုင်း (၁၆၃)
မိုးလင်းချိန်တွင်တော့ နှင်းများ ရပ်တန့်သွားခဲ့၏။
ကျန်းဟူသည် အိပ်မှုန်စုံမွှားဖြင့် စစ်တဲထဲမှ ထွက်လာခဲ့သည်။ ရှောင်းလိက မီးငြိမ်းလုနီးပါးဖြစ်နေသော မီးပုံရှေ့တွင် ထိုင်နေသည်ကို မြင်သောအခါ သူက မျက်လုံးများကို ပွတ်သပ်လိုက်ပြီးနောက် "အမယ်လေး" ဟု အော်ဟစ်လိုက်၏။
"အမယ်လေးဗျာ၊ အစ်ကို(၂) ဒီတစ်ညလုံးလည်း မျက်လုံးမမှိတ်ရသေးဘူး မဟုတ်လား"
ထိုသို့ အော်ဟစ်လိုက်သံကြောင့် စစ်တဲထဲမှ ယခုလေးတင် ထွက်လာသော ကျန်းဟွိုင်ကလည်း လှမ်းကြည့်လာခဲ့ပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
ရှောင်းလိ၏ မေးရိုးတွင် အပြာနုရောင် မုတ်ဆိတ်မွေးကြမ်းများ ထွက်ပေါ်နေပြီး သူ၏ အေးစက်တည်ငြိမ်သော မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင် အနည်းငယ်ရှိနေ၏။ သို့သော် သူ့မျက်လုံးအစုံကမူ ထူးကဲစွာ စူးရှနေပြီး သားကောင်ကို တစ်ညလုံး စောင့်နေခဲ့သည့် တောဝံပုလွေတစ်ကောင်နှင့် ပုံစံတူနေသည်။
သူက မြေပြင်ပေါ်တွင် သစ်ကိုင်းခြောက်ဖြင့် ရေးဆွဲထားသော မြေပုံအကြမ်းဖျင်းကို ခြေထောက်ဖြင့် ဖျက်ပစ်လိုက်သည်။ ထို့နောက် မတ်တတ်ရပ်ကာ လက်မောင်းအကာကို တပ်ဆင်ရင်း ပြောလိုက်၏။
" နာရီဝက်လောက်က ကင်းထောက်တွေ ပြန်ရောက်လာပြီး အဲ့ဒီ လူရိုင်းစစ်တပ်ရဲ့ လှုပ်ရှားမှုကို သတင်းပို့သွားတယ်။ နှင်းတွေနဲ့ မီးပုံကို ဖုံးဖိလိုက်တော့၊ တပ်ရင်း(၂)က လူတွေ ငါနဲ့အတူ လိုက်ပြီး နောက်ယောင်ခံ လိုက်ကြမယ်"
ကျန်းဟူက ကမန်းကတမ်း ရှေ့သို့တိုးသွားပြီး ပြောလိုက်လေသည်။
"မဖြစ်ဘူး၊ မဖြစ်ဘူး၊ အစ်ကို(၂) မျက်လုံးမမှိတ်ရတာ ၃ရက် ဆက်တိုက် ရှိနေပြီ။ အစ်ကို့အစား ကျွန်တော် သွားမယ်"
ရှောင်းလိက သူ့ပခုံးကို လှမ်းဆုပ်လိုက်ပြီး “တပ်ခွဲ၃ကို အနားယူခိုင်းဖို့ စခန်းကို ပြန်ခေါ်လာခဲ့။ လူရိုင်းတပ်ဖွဲ့လေးကို မောင်းထုတ်ပြီးသွားမှပဲ ငါတို့တွေ နောက်ပိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်မှာ”
ကျန်းဟူသည် စိတ်မချနိုင်သေးသည့်တိုင် ရှောင်းလိကိုလည်း နားမချနိုင်သဖြင့် သူ့မှာ ခေါင်းမာမာနှင့် ပြောရတော့သည်။ “ဒါဆိုရင်လည်း ငါ မင်းနဲ့ ဒီတာဝန်ကို အတူလိုက်ခဲ့မယ်။ ဗျူဟာမှူးကိုပဲ တပ်ခွဲ၃ကို အရင် ခေါ်ပြန်ခိုင်းလိုက်”
ကျန်းဟွိုင်ကလည်း ဝင်ပြောလိုက်၏။ "စစ်သူကြီးကျန်းဟူ ပြောတာ အဓိပ္ပါယ်ရှိတယ်။ လူရိုင်းတွေက ကောက်ကျစ်စဉ်းလဲတယ်။ သူက အုပ်ချုပ်ရေးမှူးနဲ့ အတူသွားရင် တစ်ခုခု ကြုံလာတဲ့အခါ အချင်းချင်း ဖေးမကူညီလို့ ရတာပေါ့"
ရှောင်းလိက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။
လက်အောက်ခံ စစ်သည်များက ဂျုံမုန့် ၂ပြားကို ကမန်းကတမ်း စားသောက်လိုက်ကြပြီး နှင်းများဖြင့် မီးပုံကို ငြိမ်းသတ်လိုက်ကြသည်။ ထို့နောက် စစ်တဲများကို လျင်မြန်စွာ သိမ်းဆည်းလိုက်ကြ၏။
ရှောင်းလိသည် သူ၏ စစ်မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ လက်အောက်ခံများကို ဦးဆောင်ကာ မြင်းခွာသံများ ဆူညံစွာဖြင့် ထွက်ခွာသွားခဲ့သည်။ မြင်းကုန်းနှီး တစ်ဖက်ရှိ ပန်းဖွားများက အေးစိမ့်သော လေပြင်းထဲတွင် ရှေ့နောက် ယိမ်းခါနေပြီး သူ့စိတ်ထဲတွင်တော့ တောင်ပေါ်ဘုန်းကြီးကျောင်း ပြတင်းပေါက်ရှေ့၌ လေနှင့်အတူ ယိမ်းနွဲ့နေသော ဝါးယင်းလိပ် ပန်းဖွားလေးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
____
ဝိန်းယွီသည် ပြတင်းပေါက်ရှေ့တွင် ထိုင်နေ၏။ သူမက စစ်တုရင်ရုပ်ကို ကိုင်ထားပြီး တည်ငြိမ်သော မျက်နှာအမူအရာဖြင့် စစ်တုရင်ခုံပေါ်သို့ ရွှေ့လိုက်သည်။
လေက သူမ၏ အင်္ကျီကော်လာစွန်းရှိ အဖြူရောင် အမွေးပွလည်ပင်းအကာကို လွင့်ဝဲသွားစေသည်။ ကျောက်စိမ်းနှင့် ထုဆစ်ထားသကဲ့သို့ လှပသော သူမ၏ မျက်နှာသွင်ပြင်သည် မီးခိုးရောင် ခေါင်မိုးစွန်းတွင် ချိတ်ဆွဲထားသော ရေခဲချွန်များနှင့် ဆင်တူနေပြီး အေးစက် ကြည်လင်သော အငွေ့အသက်များ ပိုတိုးလာသယောင်။
ကုန်းစွန်းစန်းနျန်က ခြံဝင်းအပြင်ဘက်ရှိ ကျောက်ဆောင်တုနားတွင် ရပ်နေရင်း ပြတင်းပေါက်ကို မှီကာ စစ်တုရင်ကစားနေသော မိန်းမလှလေး၏ ပုံရိပ်ကို ကြည့်နေခဲ့သည်။ သူမက "ရှူး" ဟု အသံပြုလိုက်ပြီး မလှမ်းမကမ်းရှိ ခြံတံခါးစောင့်အား ပြောလိုက်၏။
"သူ ဒီလိုမျိုး တစ်ယောက်ထဲ စစ်တုရင်ကစားနေတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ။ သူ နည်းနည်းလေးမှ မငြီးငွေ့ဘူးလား"
ထိုအစောင့်က စကားမပြောသလို ဘာမျက်နှာအမူအရာမှလည်း မရှိချေ။ လက်နက်ကို ကိုင်ဆောင်လျက် မျက်လုံးနှစ်လုံးက ခြံဝင်းအပြင်ဘက်သို့သာ ဆက်လက် ကြည့်ရှုနေသည်။
ကုန်းစွန်းစန်းနျန်က အလွန် ပျင်းရိငြီးငွေ့သွားပြီး နှုတ်ခမ်းကို တွန့်ကာ ပြောလိုက်သည်။
"မေ့နေတာ၊ နင်တို့အားလုံးက စုန့်ချင်ဆိုတဲ့ သစ်တုံးကြီး ချန်ထားခဲ့တဲ့ လူတွေပဲဟာ၊ တစ်ယောက်ချင်းစီကလည်း သစ်တုံးတွေချည်းပဲ"
ကောင်းကင်ကို မော့ကြည့်လိုက်ရင်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမက မနေနိုင်ဘဲ တီးတိုး ရေရွတ်လိုက်၏။
"အဲ့ဒီညက လူချောလေးကလည်း အတူတူပဲ။ နောက်ပိုင်း လာတဲ့ ၂ခါလုံး ညဘက်ကြီးချည်းပဲ။ တံခါးထဲတောင် မဝင်ဘူး၊ ခြံဝင်းထဲမှာ မိန်းမကို မျှော်နေတဲ့ ကျောက်ရုပ်ကြီးလို ခဏလောက် ရပ်နေပြီး လူကိုတောင် မတွေ့ဘဲ ပြန်သွားတာပဲ။ သူက အဝေးကြီးကနေ ဒီအထိ ရောက်အောင် လာတာ ဘာကို မျှော်လင့်ပြီး လာတာလဲဆိုတာ တကယ် နားမလည်နိုင်တော့ဘူး"
လခြမ်းပုံ တံခါးပေါက် လမ်းသွယ်လေး၏ အဆုံးတွင် စစ်သည်တစ်ဦးက ထမင်းချိုင့်တစ်လုံးကို ကိုင်ဆောင်ကာ လျှောက်လာခဲ့သည်။ ကုန်းစွန်းစန်းနျန်က တီးတိုးရေရွတ်နေသည်ကို ရပ်တန့်လိုက်ပြီး ရင်ဘတ်ပေါ်တွင် ယှက်ထားသော လက်နှစ်ဖက်ကို ချလိုက်ကာ လက်ကမ်းပေးရင်း ပြောလိုက်၏။
"ကျွန်မကို ပေးပါ"
တောင်ပေါ်ဘုန်းကြီးကျောင်းတွင် သူတို့၏ လုံခြုံရေးကို ကာကွယ်ပေးရန် စစ်တပ်ငယ်တစ်စုကို ချန်ထားခဲ့သည်။
စုန့်ချင်က တမင်တကာ တစ်ခုခု မှာကြားထားခဲ့ခြင်း ရှိမရှိ သူမ မသိသော်လည်း၊ မည်သို့ပင်ဖြစ်စေ ကုန်းစွန်းစန်းနျန်သည် ဤရက်ပိုင်းအတွင်း ဤလူများက လိုအပ်လာချိန်ကလွဲလျှင် ဆွံ့အသူများကဲ့သို့ စကားတစ်ခွန်းမှ မဟတတ်သည်ကို အသားကျနေပြီ ဖြစ်သည်။
သူမက ထမင်းချိုင့်ကို ကိုင်ဆောင်လျက် "ခွပ်...ခွပ်" အသံမြည်အောင် နှင်းများကို နင်းကာ ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။ အခန်းတံခါးထဲသို့ပင် မဝင်ရသေးဘဲ ပြတင်းပေါက်ရှေ့တွင် ထိုင်နေသော ဝိန်းယွီအား လှမ်းပြောလိုက်သည်။
"သခင်မလေး၊ နေ့လယ်စာ လာပို့တာပါ"
ဘုန်းကြီးကျောင်းထဲရှိ ဆန်နှင့် ဟင်းသီးဟင်းရွက်များကို စောစောကတည်းက ပြင်ဆင်ထားပြီးဖြစ်သဖြင့် သူတို့ဘာသာ ချက်ပြုတ်စားသောက်ရုံသာ လိုသည်။ ကုန်းစွန်းစန်းနျန်က မီးဖိုချောင်ဘက်ရှိ စားနပ်ရိက္ခာများကို သွားကြည့်ခဲ့ပြီး အနည်းဆုံး နောက်ထပ် လဝက်ခန့် စားသုံးရန် လုံလောက်သေးသည်။
ကုန်းစွန်းစန်းနျန် အခန်းထဲသို့ ဝင်လာပြီး အထဲရှိ စားပွဲပေါ်တွင် ထမင်းချိုင့်ကို ချကာ ဟင်းလျာများကို တစ်ခုပြီးတစ်ခု ထုတ်ယူပြင်ဆင်နေချိန်တွင် ဝိန်းယွီ၏ မျက်လုံးအစုံက စစ်တုရင်ခုံပေါ်မှ ဖယ်ခွာသွားခြင်း မရှိချေ။ သူမက အေးစက်တည်ငြိမ်စွာဖြင့် "အင်း" ဟုသာ အသံပြုလိုက်၏။
ကုန်းစွန်းစန်းနျန်က ပြတင်းပေါက်ဘေးတွင် ထိုင်နေသော သူမကို ထပ်ကြည့်လိုက်သောအခါ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မှုန်ဝါးဝါး အလင်းရောင် တစ်လွှာ ဖုံးလွှမ်းနေသကဲ့သို့ ရှိနေသော ဘေးတိုက်မျက်နှာသွင်ပြင်ကို မြင်လိုက်ရသည်။ ထိုအခါမှ လူငယ်သခင်လေးက ခြံဝင်းထဲတွင် ညတစ်ဝက်ခန့် ရပ်နေရုံသာ ဖြစ်လင့်ကစား အကြိမ်တိုင်း သူမကို လာရောက်ကြည့်ရှုချင်နေသည်မှာ အံ့ဩစရာ မဟုတ်ကြောင်း သူမ ခံစားလိုက်ရသည်။
နှင်းဖြင့်ထုဆစ်ကာ ကျောက်စိမ်းဖြင့် တည်ဆောက်ထားသကဲ့သို့ လှပသော ဤမိန်းမလှလေးကို မြင်ရသည်မှာ သူမကိုယ်တိုင်ပင် တွေဝေ မိန်းမောသွားရသည်။
ကုန်းစွန်းစန်းနျန် လျှောက်သွားချိန်တွင် ဝိန်းယွီ၏ အာရုံစိုက်မှု အားလုံးက စစ်တုရင်ခုံပေါ်တွင်သာ ရှိနေဆဲဖြစ်သည်။ တစ်စုံတစ်ခုကို စူးစိုက်တွေးတောနေပုံရပြီး သွယ်လျဖြူဖွေးသော လက်ချောင်းထိပ်များဖြင့် အဖြူရောင် ကျောက်စိမ်းနှင့်တူသော စစ်တုရင်ရုပ်တစ်ခုကို ကိုင်ထားကာ အချိန်အတော်ကြာသည်အထိ အောက်သို့ မချသေးချေ။ ထိုလက်ချောင်းထိပ်လေးများက စစ်တုရင်ရုပ်ထက်ပင် ပိုလို့ပင် ကြည်လင်တောက်ပနေသေးသည်။
ကုန်းစွန်းစန်းနျန်က ခဏသာ ကြည့်လိုက်သော်လည်း အဖြူနှင့် အနက်ရောင် စစ်တုရင်ရုပ်များ တိုက်ခိုက်နေသော စစ်တုရင်ခုံပေါ်မှ ဘာကိုမှ နားမလည်နိုင်ခဲ့ချေ။ ထို့ကြောင့် သူမက မနေနိုင်ဘဲ မေးလိုက်သည်။
"သခင်မလေး ဘာတွေ ကြည့်နေတာလဲ"
ဝိန်းယွီသည် နောက်ဆုံးတွင် အကွက်ရွှေ့ရန် နေရာကို ရှာတွေ့သွားပုံရသည်။ လက်ချောင်းနှစ်ချောင်းဖြင့် ကိုင်ထားသော ထိုအဖြူရောင် စစ်တုရင်ရုပ်ကို စစ်တုရင်ခုံ၏ မျဉ်းကြောင်းများပေါ်သို့ ချလိုက်သည်။ တစ်ဝက်ခန့် နှိမ့်ချထားသော သူမ၏ မည်းနက်သော မျက်တောင်များက ထူထဲနေပြီး အဖျားတွင် အနည်းငယ် ကော့တက်နေကာ အောက်ရှိ မျက်လုံးအစုံကမူ ကြည်လင်သော ရေကန်တစ်ခုကဲ့သို့ နက်နဲနေသည်။
"စစ်တုရင်ကစားတာကို ကြည့်တာ၊ စိတ်ကို ကြည့်တာပါပဲ"
ဒီကမ္ဘာလောကကြီးကို ကြည့်နေတာလေ ဟု သူမ စဉ်းစားမိသည်။
ကုန်းစွန်းစန်းနျန်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် မှင်သက်သွားသည်။ သူမသည် ဝိန်းယွီ၏ အဆင့်အတန်းကို မသိသော်လည်း ဤရက်ပိုင်းအတွင်း အကဲခတ်ကြည့်မှုအရ တစ်ဖက်လူ၏ ခမ်းနားသော ဂုဏ်ကျက်သရေကို ရိပ်မိခဲ့ပြီး သူမ၏ အဆင့်အတန်းက သေချာပေါက် ရိုးရှင်းမည် မဟုတ်ကြောင်း တွေးမိသည်။
သူမက ပြုံးလိုက်ပြီး ရည်ရွယ်ချက် မရှိဟန်ဖြင့် ပြောလိုက်၏။ "ကျွန်မ ထင်တာတော့ သခင်မလေးရဲ့ နောက်ခံက သာမန်မဟုတ်ဘူး ထင်တယ်။ အဲ့ဒီ စစ်သည်တွေက တောင်ပေါ်မှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားတာက သခင်မလေးကို လိုက်ရှာနေတဲ့ လူတွေကို ကာကွယ်ဖို့ မဟုတ်ဘူးလား"
ဝိန်းယွီက စစ်တုရင်ခုံပေါ်သို့ အနက်ရောင် စစ်တုရင်ရုပ် တစ်ခုကို ထပ်ချလိုက်ပြီး မသက်ဆိုင်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"သူရဲကောင်းမလေးက သက်တော်စောင့်တစ်ယောက်လို့ ကြားတယ်နော်"
ကုန်းစွန်းစန်းနျန်က ရယ်မောကာ ပြောလိုက်၏။
"ငွေရလွယ်တဲ့ အလုပ်တစ်ခုလို့ ပြောလို့ရတာပေါ့။ သခင်မလေးရဲ့ ဒီအလုပ်ကို လက်ခံပြီးသွားရင်တော့ ကျွန်မ တစ်ခဏလောက် အေးအေးဆေးဆေး နေလို့ရပြီ"
ဝိန်းယွီက ပြောလိုက်သည်။
"သူရဲကောင်းမလေးကလည်း တောင်အောက်ကို စောစော ဆင်းချင်နေတဲ့ပုံပဲ"
ကုန်းစွန်းစန်းနျန်က ပျင်းကြောဆန့်လိုက်ရင်း ပြောလိုက်၏။
"ငှက်တောင် ချေးမပါတဲ့ ဒီနေရာမှာ ဘယ်သူက အပိတ်ခံနေချင်မှာလဲ။ ကျွန်မက သခင်မလေးလို စိတ်နေစိတ်ထားမျိုးမှ မရှိတာ။ ဒီရက်ပိုင်း ဓားတွေ သံချေးတက်တာတင် မကဘူး၊ အရိုးတွေပါ လိုက်ပြီး သံချေးတက်တော့မယ်"
ဝိန်းယွီက ပြောလိုက်သည်။ "ဒါဆိုရင်လည်း သူရဲကောင်းမလေးက တောင်ကြားထဲမှာ အဖြူရောင် ငှက်ကလေးတွေကို တွေ့ရင် ကျွန်မအတွက် စာတစ်စောင်လောက် ချည်ပေးလို့ ရမလား။ ဒီကိစ္စကို တခြားဘယ်သူမှ သိမှာ မဟုတ်ပါဘူး။ ကျွန်မလည်း သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်"
ချင်းယွင်သက်တော်စောင့်များ အချင်းချင်း ဆက်သွယ်ရာတွင် အသုံးပြုသည်မှာ သာမန် စာပို့ခိုများ မဟုတ်ဘဲ အဖြူရောင် ငှက်များသာ ဖြစ်သည်။
ကုန်းစွန်းစန်းနျန်က ပြုံး၍ ငြင်းပယ်လိုက်သည်။
"အဲ့ဒါတော့ မဖြစ်ဘူး။ သခင်မလေးက နောက်ပိုင်း စီးပွားရေးလုပ်ငန်းကို ကူညီစောင့်ရှောက်ပေးမယ်ဆိုရင် စန်းနျန်က ဝမ်းသာအားရ လက်ခံပါတယ်။ ဒါပေမယ့် ဒီစီးပွားရေး အလုပ်က မပြီးသေးဘူးလေ။ စန်းနျန်က လောကရဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းတွေကို လိုက်နာရဦးမယ်။ မဟုတ်ရင် နောက်ပိုင်း ကျွန်မရဲ့ ဒီမျက်နှာက သိုင်းလောကမှာ ထားစရာ နေရာရှိတော့မှာ မဟုတ်ဘူး"
ဝိန်းယွီက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ကျွန်မ ရိုင်းစိုင်းသွားတာပါ"
ကုန်းစွန်းစန်းနျန်က သူမကို ခဏမျှ အကဲခတ်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
"သခင်မလေးက ဒီကနေ ထွက်သွားချင်တာ သိပ်မလွယ်ဘူးလား။ အဲ့ဒီ ချောမောတဲ့ သခင်လေးက သခင်မလေးကို သဘောကျနေတာ သိသာတယ်။ သခင်မလေးက သူ့ကို မျက်နှာသာ နည်းနည်းပေးလိုက်ပြီး သူနဲ့ ယာယီ ဇနီးမောင်နှံ ဖြစ်လိုက်ရင်၊ သူက သခင်မလေး ပြောသမျှ အကုန် နားထောင်မှာ မဟုတ်ဘူးလား"
ဝိန်းယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပုံရသည်။ သူမ၏ အေးစက်ကြည်လင်သော မျက်နှာထက်တွင် အေးစိမ့်သော လရောင် ဖြာကျနေသကဲ့သို့ ရှိနေပြီး သူမက ပြောလိုက်၏။ "ကျွန်မနဲ့ သူနဲ့က နားလည်မှုလွဲတာ နည်းနည်း ရှိတယ်။ အရင်တုန်းကတော့ သံယောဇဉ် နည်းနည်း ရှိခဲ့ကောင်း ရှိခဲ့နိုင်ပေမယ့် အခုတော့ သူက ကျွန်မအပေါ် မုန်းတီးမှုတွေက ပိုများနေမှာပါ။ ဘယ်လိုလုပ် သဘောကျတာ ဖြစ်နိုင်မှာလဲ"
ကုန်းစွန်းစန်းနျန်က လျှာသပ်လိုက်ရင်း ပြောလိုက်သည်။
"ဒါဆိုရင်တော့ လူတစ်ယောက်ကို မုန်းတီးပြီး ညသန်းခေါင်ယံရောက်မှ ခရီးနှင်ပြီး လာကြည့်တာမျိုးကို ကျွန်မ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ မျက်နှာတောင် မတွေ့ရဘဲ အခန်းအပြင်မှာ ညတစ်ဝက်လောက် ရပ်နေပြီး ပြန်သွားတာလေ"
ရွှေတုံးအိတ်လေးကို ထောက်ထား၍ ဖြစ်မည်။ ဤလူနှစ်ယောက်၏ ရုပ်ရည်ကလည်း အမှန်တကယ် လိုက်ဖက်ညီလှသဖြင့် ကုန်းစွန်းစန်းနျန်က မနေနိုင်ဘဲ ဆက်ပြောလိုက်၏။
"ကျွန်မက ယောက်ျားတွေနဲ့ ပတ်သက်ရင် အမြဲတမ်း ကောင်းတာ သိပ်ပြောလေ့ မရှိဘူး။ ဒါပေမယ့် အဲ့ဒီ သခင်လေးက ညအနည်းငယ်ခြားတိုင်း ဒီလိုမျိုး တစ်ခေါက် လာလာနေတာကို ကြည့်ရတာ သူ့ကိုယ်စား တော်တော်လေး ပင်ပန်းတယ်လို့ ခံစားရတယ်။ သူ့ပုံစံက သခင်မလေးကို လာတွေ့ဖို့ မျက်နှာပူနေတာထက်စာရင် သခင်မလေးကို မတွေ့ရဲတာလို့ ပြောတာက ပိုမှန်လိမ့်မယ်။ ဒီလောက် ချောမောတဲ့ သခင်လေး၊ ခန္ဓာကိုယ်ကလည်း တောင့်တင်းခိုင်မာတယ်၊ အချည်းနှီး သက်သက်တော့ ဟုတ်ပုံမရဘူး။ သူနဲ့ သံယောဇဉ် ဇာတ်လမ်းလေး ဖန်တီးလိုက်တာ အရှုံးမရှိပါဘူး။ သခင်မလေးက ဘာဖြစ်လို့ ဒီလောက် ခေါင်းမာနေရတာလဲ"
ဝိန်းယွီ၏ လက်ချောင်းထိပ်မှ ချတော့မည့် နောက်ထပ် စစ်တုရင်ရုပ်တစ်ခုသည် လက်ထဲတွင် အနည်းငယ် ရပ်တန့်သွားခဲ့သည်။ စစ်တုရင်ခုံပေါ်သို့ ချလိုက်ပြီးမှသာ သူမက ပြောလိုက်သည်။ "ကျွန်မ အိမ်ထောင်ကျပြီးပြီ။ သူ့မှာလည်း ကောင်းမွန်တဲ့ အနာဂတ် ရှိတယ်။ ရှုပ်ယှက်ခတ်နေဖို့ မလိုပါဘူး"
ကုန်းစွန်းစန်းနျန်က သူမအတွက် အနည်းငယ် နှမြောတသစွာဖြင့် မေးလိုက်၏။
"သခင်မလေးနဲ့ ခင်ပွန်းသည်က သံယောဇဉ် အရမ်းနက်ရှိုင်းတာလား"
ဝိန်းယွီက အဖြေမပေးခဲ့ချေ။
ကုန်းစွန်းစန်းနျန်သည် သူမ၏ တိတ်ဆိတ်မှုထဲမှနေ၍ အဖြေကို သိရှိသွားခဲ့သည်။ ချက်ချင်းပင် "အိုက်ယား" ဟု အသံပြုလိုက်ပြီး ပြောလိုက်သည်။
"အဲ့ဒါဆိုလည်း ပြီးတာပဲလေ။ အဲ့ဒီ သခင်လေးက ကြည့်ရတာ နည်းနည်း ကြမ်းတမ်းပေမယ့် သခင်မလေးကို တော်တော်လေး လေးစားပုံရတယ်။ သခင်မလေးက သူနဲ့ ကိစ္စဖြစ်သွားပြီး နောက်ပိုင်း သူက ခြိမ်းခြောက်လာမှာကို ကြောက်နေတာလား"
သူမက အနည်းငယ် မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောလိုက်၏။
"ယောက်ျားတွေက အပြင်မှာ မိန်းမကိစ္စတွေ ရှုပ်ယှက်ခတ်နေတာကို ကျွန်မတို့ မိန်းမတွေလည်း သဘာဝအတိုင်း လုပ်လို့ရတာပဲ။ သခင်မလေးကို ကြည့်ရတာလည်း အဲ့ဒီလောက် အစွဲအလမ်းကြီးတဲ့သူ မဟုတ်ပါဘူး"
ဝိန်းယွီက ပြောလိုက်သည်။ "သူက နောက်ဆုံးကျရင်တော့ အိမ်ထောင်ပြုရမှာပဲလေ"
ကုန်းစွန်းစန်းနျန်က သူမ စိတ်ထဲမှ အတားအဆီးကို မကျော်လွှားနိုင်ဘဲ တစ်ဖက်လူ နောင်တွင် လက်ထပ်မည့် မိန်းကလေးကို အားနာနေသည်ဟု ထင်မှတ်ကာ ပြောလိုက်သည်။
"သူ အိမ်ထောင်ပြုမယ့် အချိန်ကျမှ သူနဲ့ ဖြတ်လိုက်ပေါ့"
ပြောပြီးနောက် အခြားတစ်ဖက်ရှိ ပြတင်းပေါက်ဘောင်ပေါ်သို့ လက်ထောက်ကာ သက်တောင့်သက်သာ ဝင်ထိုင်လိုက်သည်။ အတွေ့အကြုံရှိသူတစ်ဦး၏ လေသံဖြင့် အကြံပေးလိုက်၏။
"ယောက်ျားဆိုတဲ့ အမျိုးကို ဘယ်လောက် သံယောဇဉ် ကြီးတယ်လို့ သွားမထင်နဲ့။ တကယ်လို့ အဲ့ဒီအချိန် ရောက်လာရင် သူက တခြား မိန်းကလေးတစ်ယောက်အတွက် သေမတတ် ဖြစ်နေလောက်ပြီဆိုတာ ဘယ်သူက သိမှာလဲ။ ဘယ်မှာ ဆက်ပြီး ရှုပ်ယှက်ခတ်နေတော့မှာလဲ။ ဒါကြောင့် ဒီယောက်ျားတွေဆိုတာ အမြဲတမ်း အသစ်လဲနေတာက ပိုကောင်းတယ်"
ထိုနေရာသို့ ရောက်သောအခါ သူမက ဝါးယင်းလိပ် ပြတင်းပေါက်ပေါ်ရှိ ပန်းဖွားလေးများကို ဟိုပွတ်ဒီပွတ် လုပ်လိုက်သည်။
"ဒီနှစ်တွေထဲမှာ ကျွန်မ သိခဲ့တဲ့ ယောက်ျားတွေထဲမှာ အဲ့ဒီ ချောမောတဲ့ သခင်လေးဘေးက သစ်တုံးကြီးလောက်ပဲ လူပီသတယ်။ ဒါပေမယ့် အဲ့ဒီလို ယောက်ျားမျိုးကလည်း စိတ်ရှုပ်ဖို့ ကောင်းတယ်။ မိန်းမကိစ္စတွေကို ရှင်းတဲ့အခါ အရမ်းကို နှေးကွေးလွန်းတယ်။ ယုံချန် ကျွေးဟုန်ဂေဟာက အဲ့ဒီ ပြည့်တန်ဆာ ခေါင်းဆောင်လေးကို သူ သဘောကျနေတာကို မျက်လုံးရှိတဲ့သူတိုင်း မြင်နိုင်တယ်။ ဒါပေမယ့် သူက သူ့(မ)ဘေးနားမှာ သူ့ကို ရွေးနှုတ်ချင်နေကြတဲ့ အရာရှိကြီးတွေနဲ့ သူဌေးသူကြွယ်တွေချည်း ရှိနေတာကို မြင်တော့ သူ့စိတ်ကို သူ ဝန်မခံရဲဘူး။ ပြီးတော့ ရွာသူလေး တစ်ယောက်အတွက်ဆိုပြီး တစ်ကိုယ်တည်း နေလာခဲ့တာပါလို့ အမြဲတမ်း ဆင်ခြေပေးတတ်သေးတယ်။ သူက ဒီလိုပြောနေမှတော့ အဲ့ဒီ ပြည့်တန်ဆာ ခေါင်းဆောင်လေးက သူ့ကို စိတ်ဝင်စားရင်တောင်မှ ခေါင်းငုံ့ပြီး သူ့ကို ဘယ်လိုလုပ် ဆက်စောင့်နိုင်မှာလဲ"
စစ်တုရင် ကစားကွက်၏ အတွေးအခေါ်များ ရှုပ်ထွေးသွားသဖြင့် ဝိန်းယွီက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ အနက်ရောင် စစ်တုရင်ရုပ်ကို စစ်တုရင် ခွက်ထဲသို့ ပြန်ထည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ကျွန်မပစ္စည်းက အမြဲတမ်း ကျွန်မဟာပဲ ဖြစ်နေရမယ်"
ကုန်းစွန်းစန်းနျန်မှာ ပြတင်းပေါက်အပြင်ဘက်ရှိ နှင်းပုံထဲသို့ ခေါင်းစိုက်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
ပြတင်းပေါက်ဘောင်ကို မနည်း ဖက်တွယ်ထားမှသာ ခန္ဓာကိုယ်ကို ငြိမ်သက်အောင် ထိန်းထားနိုင်ခဲ့သည်။ အင်္ကျီလက်ကို ပင့်တင်ကာ စစ်တုရင်ခုံကို စတင်သိမ်းဆည်းနေသော နတ်သမီးလေးတစ်ပါးနှင့်တူသည့် ထိုမိန်းမပျိုလေးကို ပြန်ကြည့်လိုက်သောအခါ သူမမှာ စကားတစ်ခွန်းမျှပင် ဆက်မပြောနိုင်တော့ချေ။
ဘာပြောရမလဲ ဟု သူမ စဉ်းစားမိသည်။
ဒီလို နူးညံ့ပြီး အေးစက်တည်ငြိမ်ပုံရတဲ့ သခင်မလေးက အစဉ်အလာ စည်းကမ်းတွေကို လိုက်နာနေလို့ အဲ့ဒီ သခင်လေးနဲ့ မရှုပ်ယှက်ခတ်ချင်တာလို့ ငါ ထင်နေခဲ့တာ။
တကယ်တော့ သူ့စိတ်သဘောထားက အရမ်းကို အာဏာရှင်ဆန်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။
တစ်ဖက်လူက အဲ့ဒီစကားကို အဲ့ဒီလောက် တည်တည်ငြိမ်ငြိမ်ကြီး ပြောနေတာတောင်၊ ငါကိုယ်တိုင်တောင် ကျောရိုးထဲကနေ အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားသလို ခံစားလိုက်ရတယ်။
အဲ့ဒါက ချစ်သူတွေကြားက သဝန်တိုပြီး သတိပေးတဲ့ စကားမျိုး မဟုတ်တော့ဘူး။ ကိုယ့်ပိုင်ဆိုင်မှုကို သတ်မှတ်လိုက်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့ အငွေ့အသက်မျိုး ပေါ်လွင်နေတာပဲ။
ကုန်းစွန်းစန်းနျန်က ချောင်းအကြိမ်ကြိမ် ဆိုးလိုက်ပြီးမှ ပြောလိုက်၏။
"အဲ့ဒါကလေ... အချိန်တစ်ခုလောက် ပျော်စရာ ရှာတယ်လို့ပဲ သဘောထားလိုက်လေ"
ဝိန်းယွီက နောက်ဆုံး စစ်တုရင်ရုပ်ကို စစ်တုရင် ခွက်ထဲသို့ သိမ်းဆည်းလိုက်ပြီးဖြစ်သည်။ သွယ်လျလျ လက်ချောင်းငါးချောင်းက ဝါးဖြင့် ရက်လုပ်ထားသော ခွက်အဖုံးကို ညင်သာစွာ ဖုံးအုပ်လိုက်ပြီး ကြည်လင်နေသော မျက်လုံးအစုံကို ပင့်ကြည့်လိုက်သည်။
"လူတိုင်းမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတာပဲ။ ကျွန်မရဲ့ ရည်မှန်းချက်က ဒီမှာ မဟုတ်ဘူး"
ကုန်းစွန်းစန်းနျန်က အနည်းငယ် အံ့ဩနေစဉ် ခြံဝင်းအပြင်ဘက်မှ အလျင်စလို ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အပြင်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သံချပ်ကာဝတ် အစောင့်တစ်ဦး အလျင်အမြန် လျှောက်လာသည်ကို မြင်လိုက်ရသည်။ လခြမ်းပုံ တံခါးပေါက်ထဲသို့ ဝင်လာသည်နှင့် လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်၏။
"တောင်ပေါ်မှာ ထူးခြားမှု ရှိနေတယ်။ သူရဲကောင်းမလေးက အဲ့ဒီ သခင်မကို မြေအောက်ခန်းထဲ ခေါ်သွားပြီး ခဏလောက် ပုန်းနေပေးပါ"
...