← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အပိုင်း (၁၆၅)

ဝိန်းယွီက ပြောလိုက်၏။ “ဒါဆို ရှင် အမှန်အတိုင်း ပြောပြစမ်း၊ မာကျားလျန်တိုက်ပွဲမှာ တကယ်တမ်း ဘယ်လိုဖြစ်ခဲ့တာလဲ”

တိုးကျန့်လျန်သည် ဝိန်းယွီနှင့် မျက်လုံးချင်းဆုံခြင်းကို ရှောင်လွှဲလိုက်ပြီး ပြောလိုက်သည်။ “ဒီကိစ္စက ပြောရရင် ဇာတ်လမ်းရှည်တယ်၊ မင်းသမီးက ကျွန်တော့်ကို အမှုပြန်ပေါ်အောင် ကူညီပေးမယ်ဆိုမှတော့ ကျွန်တော်ကလည်း ဒီတစ်ခေါက် မင်းသမီးကို ကယ်တင်နိုင်ခဲ့ရင် မင်းသမီးကို လျန်စစ်တပ်ဆီ သေချာပေါက် ပြန်ပို့ပေးမှာပါ။ ဝေ့စစ်တပ်က လူတွေ မရောက်လာခင်မှာ ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားကြတာ ပိုကောင်းမယ်၊ တကယ်လို့ အောင်အောင်မြင်မြင် လွတ်မြောက်သွားနိုင်ရင် ပိုကောင်းတာပေါ့၊ လမ်းကျမှ ကျွန်တော် မင်းသမီးကို ဒီကိစ္စအကြောင်း အသေးစိတ် ရှင်းပြပါ့မယ်”

ဝိန်းယွီသည် အေးစက်စူးရှစွာ ပြုံးလိုက်၏။ “ရှင်က ဝေ့ချီရှန်းကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ သူက ကျွန်မကို စောင့်ကြည့်ဖို့ ဒီလောက်စစ်အင်အားလေးပဲ လွှတ်ထားမယ်လို့ တကယ်ထင်နေတာလား။ တောင်အောက်ဆင်းတာက ရှင့်လက်အောက်က လူတွေကို အလဟဿ အသက်သွားပေးခိုင်းတာနဲ့ အတူတူပဲ”

ဤသို့ ပြတ်သားသော စကားများကို ပြောပြီးနောက် သူမသည် တိုးကျန့်လျန်ကို စောင်းငဲ့ကြည့်လိုက်သည်။ “ရှင်က ခိုင်လုံတဲ့ သက်သေအထောက်အထားကို ထုတ်မပြနိုင်ဘဲနဲ့ မာကျားလျန်တိုက်ပွဲက ရှင့်ရဲ့ လက်ချက်မဟုတ်ဘူးဆိုတာကို ကျွန်မက ဘယ်လိုယုံကြည်ပေးရမှာလဲ”

တိုးကျန့်လျန်က အလောတကြီး ပြောလိုက်၏။ “ကျွန်တော် ဒီခရီးကို လာတာက စစ်ရေးတာဝန်နဲ့မလို့၊ မယ်မယ် ယုံကြည်နိုင်လောက်မယ့် သက်သေအထောက်အထားက လောလောဆယ် ကျွန်တော့်ဆီမှာ မရှိသေးဘူး......”

ဝိန်းယွီ၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။ “ရှင်က ကျွန်မကို အရူးလုပ်နေတာလား”

တိုးကျန့်လျန်က မဝံ့ရဲကြောင်း အကြိမ်ကြိမ် ပြောလိုက်သည်။ သူသည် ဝိန်းယွီကို နှစ်ကြိမ်ခန့် ထပ်ကြည့်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ဖုံးကွယ်ထားသော ဒေါသမှလွဲ၍ အခြားမည်သည့် စိတ်ခံစားမှုမှ မရှိကြောင်း၊ သူ့ကို လှည့်စားပြီး လိမ်လည်နေခြင်း မဟုတ်ကြောင်း သေချာသွားသောအခါ တောင်းပန်စကား ပြောလိုက်၏။ “ကျွန်တော် မင်းသမီးကို မာကျားလျန်တိုက်ပွဲရဲ့ အစအဆုံးကို ပြောပြပြီးသွားရင် မင်းသမီးကိုယ်တိုင် ဆုံးဖြတ်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်နဲ့ လက်အောက်က စစ်သည်တွေ အများကြီးရဲ့ အသက်အိုးအိမ်စည်းစိမ်က မင်းသမီးရဲ့ အာမခံချက်အပေါ်မှာ မူတည်နေလို့ ကျွန်တော်က မင်းသမီးရဲ့ နည်းလမ်းကို အရင်သိချင်လို့ပါ”

ဝိန်းယွီသည် အေးစက်စွာ လှောင်ပြောင်လိုက်သည်။ “ရှင်က ကျွန်မကို မယုံကြည်ဘူးပေါ့”

တိုးကျန့်လျန်က အလျင်အမြန် ထပ်တောင်းပန်လိုက်ပြီးမှ ပြောလိုက်၏။ “ကျွန်တော်က လက်အောက်က စစ်သည်တွေအတွက် ဘေးကင်းလုံခြုံမှုကို တောင်းဆိုချင်ရုံပါပဲ၊ မင်းသမီး နားလည်ပေးပါ”

ဝိန်းယွီသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။ “ထားလိုက်ပါတော့၊ ရှင်က လက်အောက်က စစ်သည်တွေအတွက် ဒီလောက်တောင် တွေးပေးနေမှတော့ ကျွန်မက အတင်းအကြပ် မပြောဘဲနေရင် ကျွန်မရဲ့ အမှားဖြစ်သွားလိမ့်မယ်”

တိုးကျန့်လျန်က မဝံ့ရဲကြောင်း အကြိမ်ကြိမ် ပြောလေသည်။

ဝိန်းယွီက မေးလိုက်၏။ “ဝေ့စစ်တပ်ထဲမှာ ရှင့်ကို သိတဲ့လူ ရှိလား”

တိုးကျန့်လျန်သည် ဝိန်းယွီ၏ ဤမေးခွန်းကို မေးရသည့် ရည်ရွယ်ချက်ကို တွေးတောရင်း ပြန်ဖြေလိုက်သည်။ “ကျွန်တော် ကျင်းကျိုးကို တိုက်ခိုက်တုန်းက ဝေ့စစ်တပ်က ယွမ်ဖန်းနဲ့ အတူတူ အလုပ်တွဲလုပ်ဖူးပါတယ်”

ယွမ်ဖန်း၏ လက်အောက်ခံ စစ်သူကြီးများကို သူက မာကျားလျန်တွင် အကုန်လုံး တွင်းတူးပြီး သတ်ပစ်ခဲ့ပြီးဖြစ်ကာ ကံကောင်း၍ သူနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားသော ကိုယ်ရံတော် ၁၀၀ကျော်ခန့်သာ ကျန်ရှိတော့သည်။

သို့သော် ဤစကားကိုတော့ သူက ဝိန်းယွီကို ပြောပြရန် သတ္တိမရှိခဲ့ပေ။

ဝိန်းယွီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားလိုက်ပုံရကာ ပြောလိုက်၏။ “ရှင် အခုသွားပြီး ရှင့်လက်အောက်က ကိုယ်ရံတော်နဲ့ အဝတ်အစားလဲဝတ်လိုက်၊ ပြီးရင် စစ်တပ်တန်းထဲမှာ ပုန်းနေလိုက်”

တိုးကျန့်လျန်မှာ အနည်းငယ် နားမလည်ဖြစ်နေမိပြီး ဝိန်းယွီက မျက်လုံးကိုပင့်ကာ သူ့ကို ကြည့်လာခဲ့သည်။ “ဝေ့စစ်တပ် ရောက်လာရင် ရှင်တို့က ကျွန်မကို လာကယ်တဲ့ ချန်စစ်တပ်က စစ်သည်တွေအဖြစ် ဟန်ဆောင်လိုက်၊ ကျွန်မက ကိုယ့်အသက်ကို ခြိမ်းခြောက်ပြီး သူတို့ ရှင်တို့ကို လွှတ်ပေးအောင် ဖိအားပေးလိုက်မယ်”

တိုးကျန့်လျန်သည် အလွန်အမင်း ဝမ်းသာသွားပြီး အလျင်အမြန် ပြောလိုက်၏။ “မင်းသမီးရဲ့ ဒီအကြံအစည်က တကယ်ကို ကောင်းလှပါတယ်! မင်းသမီးရဲ့ ဉာဏ်ပညာကြီးမားတယ်ဆိုတာကို အစောကတည်းက ကြားဖူးပါတယ်၊ ကျွန်တော် ဒီနေ့တော့ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီပဲ!”

သူက ပြောရင်းနှင့်ပင် သီလရှင်ကျောင်းဆောင်အပြင်ဘက်သို့ ခြေလှမ်းပြင်လိုက်သည်။ “အချိန်ဆွဲနေလို့ မဖြစ်ဘူး၊ ဒါဆို ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားကြတာပေါ့!”

ဝိန်းယွီသည် မူလနေရာတွင်သာ ရပ်နေပြီး ခြေလှမ်းရွှေ့မည့် အရိပ်အယောင် လုံးဝမရှိပေ။

တိုးကျန့်လျန်သည် သူမကို လှည့်ကြည့်လိုက်ပြီးမှ ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာကို ပြုလုပ်ကာ နောင်တရစွာဖြင့် ပြောလိုက်သည်။ “ကျွန်တော့်ကို ကြည့်ပါဦး၊ ဒါက တကယ်ကို ဝမ်းသာလွန်းသွားတာ မင်းသမီးကို တင်ပြရမယ့် ကိစ္စကိုတောင် မေ့တော့မလို့”

ဝိန်းယွီသည် အသံမထွက်ပေ။ ကုန်းစွန်းစန်းနျန်က ထိုလက်ရန်းပါသော သစ်သားကုလားထိုင်ကို သယ်လာပေးလိုက်သည်။ ဝိန်းယွီသည် ပြန်လည်ထိုင်ချလိုက်ပြီး တည်ငြိမ်အေးချမ်းစွာဖြင့် လက်ဖက်ရည်ကို သောက်ရင်း သူ၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေလိုက်၏။

တိုးကျန့်လျန်ကမူ မတရားမှုပေါင်းများစွာကို ခံစားခဲ့ရသည့်အလား နာကျင်ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ “မာကျားလျန်တိုက်ပွဲမှာ ကျွန်တော်က တကယ်ကို မတရားစွပ်စွဲခံရတာပါ! အစကတော့ ဝေ့စစ်တပ်ရဲ့ ရိက္ခာတွေ ကုန်ခမ်းသွားလို့ပါ၊ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက တောင်ပိုင်းနဲ့ မြောက်ပိုင်း နယ်စပ်နှစ်ခုလုံးရဲ့ အရေးကြီးတဲ့ လမ်းကြောင်းမှန်သမျှကို ဖေစုန့်က ထိန်းချုပ်ထားတော့ မြောက်ပိုင်းဘက်ကနေ ရိက္ခာတွေ သယ်လာလို့မရဘူးလေ၊ အဲ့ဒါနဲ့ ဝေ့စစ်တပ်က လျန်စစ်တပ်ဆီကနေ ရိက္ခာချေးချင်ခဲ့တာပါ”

သူသည် လက်ဖဝါးနှင့် လက်ခုံကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ “မင်းသမီးလည်း သိတဲ့အတိုင်း၊ လျန်စစ်တပ်က လောလောဆယ် ရပ်တည်ဖို့ သုံးနေတဲ့ ရိက္ခာတွေဆိုတာ နန်ချန်က မင်္ဂလာလက်ဖွဲ့အနေနဲ့ ကြိုတင်ပို့ပေးထားတာတွေလေ၊ မင်းသမီးကလည်း ဒီရိက္ခာတွေကို လျန်စစ်တပ်မှာ ခဏလောက် သိမ်းထားရုံပဲ၊ နောက်ပိုင်း ဂိတ်တံခါးကနေ ဝင်လာမယ့် ချန်စစ်တပ်အတွက် သုံးဖို့ဆိုပြီး ကတိပေးထားခဲ့တာပဲဟာ။ စစ်သူကြီးဖန့်က ကျွန်တော်နဲ့ တိုင်ပင်တဲ့အခါ ကျွန်တော်က ဒီရိက္ခာချေးမယ့် ကိစ္စကို တစ်ယောက်တည်း သဘောတူဖို့ မရဲပါဘူး၊ ဒီကိစ္စကို လုပ်သင့်မလုပ်သင့် ဝန်ကြီးကျန်းကို မေးဖို့ ချန်နိုင်ငံဆီ စာပို့ရမလားလို့ တွေဝေနေတုန်းမှာပဲ၊ စစ်တပ်ထဲက ကင်းထောက်တွေက ဖေစုန့်စစ်တပ်ရဲ့ ရိက္ခာပို့တဲ့အဖွဲ့ကို ထပ်တွေ့သွားတာပဲ”

ဖေစုန့်စစ်တပ်၏ အကြံပေး ယွီဝမ်ကျင်းသည် သူ့ထံသို့ လာရောက်ခိုလှုံကာ ဝေ့စစ်တပ်ကို လုပ်ကြံရန် အကြံအစည်ပေးခဲ့ကြောင်းနှင့် ထိုရိက္ခာပို့အဖွဲ့၏ သတင်းကို သူကိုယ်တိုင် တမင်တကာ သတင်းဖြန့်ခဲ့ကြောင်း စသည့် အသေးစိတ် အချက်အလက်များစွာကို သူက ဖုံးကွယ်ထားခဲ့ပြီး သားကောင်ဖြစ်ရသူတစ်ဦး၏ လေသံဖြင့် ပြောလိုက်လေသည်။

“အဲ့ဒီအချိန်တုန်းက ကျင်းကျိုးက ဖေစုန့်ရဲ့ စစ်တပ်က အင်အားချည့်နဲ့နေပြီလေ၊ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်လိုက်ရုံနဲ့၊ သူတို့ကို လုံးဝ အသေပိတ်လှောင်ထားလို့ရသလို၊ ဝေ့စစ်တပ်ရဲ့ အရေးပေါ် ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်မှာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့က စစ်သူကြီးဖန့်ရဲ့ အဆုံးအဖြတ်နဲ့၊ အပေါ်ယံကြည့်ရင်တော့ ရိက္ခာလုသလိုလိုနဲ့၊ တကယ်တမ်းကျတော့ ဒါကို အခွင့်ကောင်းယူပြီး ကျင်းကျိုးက ဖေစုန့်စစ်တပ်ကို ခြုံခိုတိုက်ခိုက်ပြီး တစ်ချက်တည်းနဲ့ ခြေမှုန်းပစ်ဖို့ အကြံအစည်ကို ဆုံးဖြတ်ခဲ့ကြတာပါ”

“စစ်သူကြီးဖန့်က လျန်စစ်တပ်ကို ဦးဆောင်ပြီး ကျင်းကျိုးကို အယောင်ပြတိုက်ဖို့ တာဝန်ယူတယ်၊ ယွမ်ဖန်းက ဝေ့စစ်တပ်ကို ဦးဆောင်ပြီး ရိက္ခာလုတယ်၊ ဒီလိုလုပ်လိုက်ရင် ကျင်းကျိုးက ဖေစုန့်စစ်တပ်အနေနဲ့ ကျွန်တော်တို့က တကယ်ပဲ ရိက္ခာလုဖို့ လာတာဆိုတာကို ယုံကြည်သွားပြီး လိုက်လံတိုက်ခိုက်ဖို့ ထွက်လာလိမ့်မယ်။ ကျွန်တော်ကတော့ ချန်စစ်တပ်ကို ဦးဆောင်ပြီး မာကျားလျန်က လျှိုမြောင်မှာ ခြုံခိုစောင့်နေပြီး ဖေစုန့်စစ်တပ်က လိုက်လာတာနဲ့၊ သူတို့ရဲ့ နောက်ဆုတ်မယ့်လမ်းကို ဖြတ်တောက်ဖို့ပါပဲ”

မာကျားလျန်တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းက အသေးစိတ် အချက်အလက်များစွာကို ဝိန်းယွီက လျန်စစ်တပ်ဘက်မှ ပို့လာသော စစ်ရေးသတင်းများမှတစ်ဆင့် စောစောကတည်းက သိရှိထားပြီးဖြစ်သည်။ သူမသည် လက်ချောင်းထိပ်များဖြင့် လက်ဖက်ရည်ပန်းကန်လုံးကို ညင်သာစွာ ခေါက်လိုက်ပြီး စိတ်မရှည်စွာဖြင့် မျက်လုံးကိုပင့်ကာ ပြောလိုက်၏။ “စစ်သူကြီးက စစ်ရေးသတင်းတွေထဲကနေ ကျွန်မ သိပြီးသားဖြစ်နေတဲ့ အရာတွေကိုပဲ ဘာလို့ အကုန်ပြောနေရတာလဲ”

တိုးကျန့်လျန်၏ မျက်နှာသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားစဉ်မှာပင် သူမက ပြောလိုက်သည်ကို ကြားလိုက်ရသည်။ “စစ်သူကြီးက အရေးကြီးတဲ့ အချက်ကို ဆုပ်ကိုင်ပြီး မပြောတတ်မှတော့ ကျွန်မပဲ မေးပါတော့မယ်”

တိုးကျန့်လျန်၏ စိတ်ထဲတွင် ချက်ချင်းပင် မသေချာမရေရာ ဖြစ်သွားတော့သည်။ သူ့ကို ကိုယ်တိုင် ဖန်တီးပြီး ပြောခိုင်းလျှင် သူက မည်သို့ပင်ဖြစ်စေ အဖြစ်အပျက်ကို တစ်ကြိမ်လောက် စီစဉ်ပြီး လိမ်ညာမှုများကို ဖုံးကွယ်နိုင်သေးသည်။ ဝိန်းယွီကို မေးခိုင်းလိုက်ပါက သူမ၏ ထက်မြက်မှုဖြင့် ဆိုလျှင် မတော်တဆ သူမ၏ ထောင်ချောက်ထဲသို့ စကားအမှား ပါသွားနိုင်ပေသည်။

သူသည် ငြင်းဆန်ရန် တစ်စုံတစ်ရာ ပြောချင်ခဲ့သော်လည်း ဝိန်းယွီကမူ လက်ထဲရှိ လက်ဖက်ရည်ပန်းကန်လုံးကို ကုန်းစွန်းစန်းနျန်ထံသို့ လွှဲပြောင်းပေးလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့်ပင် ပထမဆုံး မေးခွန်းကို မေးလိုက်လေသည်။ “စစ်သူကြီးက ချန်စစ်တပ်ကို ခေါ်ပြီး တောင်ပေါ်မှာ ခြုံခိုနေခဲ့ပေမယ့် ကူညီတိုက်ခိုက်ပေးဖို့ စစ်တပ်မစေလွှတ်ခဲ့ဘူးလို့ ယွမ်ဖန်းကိုယ်တိုင်က ဘာဖြစ်လို့ စွပ်စွဲခဲ့ရတာလဲ”

တိုးကျန့်လျန်က ချက်ချင်းပင် ငိုတော့မလို ဝမ်းနည်းပူဆွေးနေသည့် မျက်နှာအမူအရာကို ပြသကာ ပြောလိုက်သည်။ “ဒါက တိုက်ပွဲမတိုင်ခင် ကျွန်တော်က ဒီကိစ္စကို ဝန်ကြီးကျန်းဆီ စာပို့ပြီး အကြောင်းကြားခဲ့မိလို့ပါပဲ၊ ဝန်ကြီးကျန်းက စာပြန်ပို့ပြီး ကျွန်တော့်ကို မာကျားလျန်မှာ ခြုံခိုတဲ့အခါ စစ်တပ်ကို နောက်ကျမှ ထွက်ခိုင်းဖို့၊ ဝေ့စစ်တပ်နဲ့ ဖေစုန့်စစ်တပ်တို့ အချင်းချင်း တိုက်ခိုက်လို့ အထိနာသွားတဲ့အချိန်ကျမှ ဝင်ပါဖို့၊ ဒါဆိုရင် ဝေ့စစ်တပ်ကို အင်အားနည်းသွားအောင် လုပ်နိုင်မယ်ဆိုပြီး......”

“ရယ်စရာကောင်းလိုက်တာ!” ဝိန်းယွီ၏ အသံသည် ကြည်လင်ပြီး နက်ရှိုင်းနေကာ လက်ဝါးကိုမြှောက်၍ သစ်သားကုလားထိုင်၏ လက်ရန်းပေါ်သို့ ရိုက်ချလိုက်သည်။ “ရန်သူကြီးကို မချေမှုန်းရသေးဘဲနဲ့၊ ဒီလို အချင်းချင်း တိုက်ခိုက်တဲ့ လုပ်ရပ်ကို လုပ်ရဲတယ်ပေါ့၊ သူတို့ ကျန်းမိသားစုက တော်တော်ကို ရဲတင်းလွန်းနေပြီပဲ!”

တိုးကျန့်လျန်သည် ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ တောင်းပန်တိုးလျှိုးစွာဖြင့် ပြောလိုက်၏။ “ကျွန်တော်...... တကယ်ကို အမိန့်အတိုင်း လုပ်ခဲ့ရတာပါ၊ ဝေ့စစ်တပ်ရဲ့ အင်အားတွေ အရမ်းကျဆင်းသွားရင်လည်း နောက်ကျရင် ရှော့ပျန်းနယ်စားက အပြစ်တင်မှာကို ကြောက်လို့၊ အဲ့ဒါကြောင့် ဖေစုန့်စစ်တပ်က လျှိုမြောင်ထဲကို ဝင်လာပြီး ၁၅မိနစ်လောက် အကြာမှာပဲ၊ ချန်စစ်တပ်က စစ်သည်တွေကို ဦးဆောင်ပြီး ဝင်တိုက်ခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော်တို့ သုံးဖက်စလုံးက ဖေစုန့်စစ်တပ်ရဲ့ အင်အားကို ခန့်မှန်းတာ မှားယွင်းသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ အစက ဖေစုန့်စစ်တပ် နှစ်သောင်းလောက်ပဲ လိုက်လာမယ်လို့ ထင်ထားခဲ့တာ ဒါပေမယ့် လျှိုမြောင်ထဲကို ဝင်လာတဲ့ ဖေစုန့်စစ်တပ်က အပြည့်အဝ ငါးသောင်းတောင် ရှိနေတာ......”

သူသည် အလွန်အမင်း ဝမ်းနည်းပူဆွေးကာ ရှက်ရွံ့နေသည့်အလား ခေါင်းကို ငုံ့ထားလိုက်သည်။ “ယွမ်ဖန်းက ဖေစုန့်စစ်တပ်ရဲ့ အသေဝိုင်းရံတာကို ခံထားရပြီ၊ မိုးကလည်း မှောင်နေတော့ ကျွန်တော်က လက်အောက်က စစ်သည် ၂သောင်းကို ခေါ်ပြီး အတော်ကြာတဲ့အထိ ဝင်တိုက်ခဲ့ပေမယ့် သူ့ကို ရှာမတွေ့နိုင်ခဲ့ဘူး၊ လက်အောက်က စစ်သည်တွေ ထပ်ပြီး အသေအပျောက် များမှာကို ရှောင်ရှားဖို့အတွက် ကျွန်တော်က စစ်တပ်ကို အရင် ပြန်ဆုတ်ဖို့ပဲ လုပ်နိုင်ခဲ့တယ်......”

ဝိန်းယွီသည် သစ်သားကုလားထိုင်၏ လက်ရန်းပေါ်တွင် တင်ထားသော ဘယ်ဘက်လက်မောင်းကို အနည်းငယ် မြှောက်လိုက်၏။ တိုးကျန့်လျန်က ထိုအရာကို မြင်သောအခါ ဆက်ပြောမည့် စကားများကို မနေနိုင်ဘဲ ရပ်တန့်လိုက်ရသည်။

ဝိန်းယွီက မေးလိုက်၏။ “စစ်သူကြီးဆီမှာ ကျန်းအဖွဲ့က ပို့လိုက်တဲ့ စာက လက်ထဲမှာ ရှိနေမှတော့ ကိစ္စဖြစ်ပြီးသွားတဲ့အခါ ဘာဖြစ်လို့ ကိုယ့်ရဲ့ ဇနီး၊ ကလေးနဲ့ မိဘတွေကိုတောင် လျစ်လျူရှုပြီး သူတို့ ကျန်းမိသားစုကို ဖော်မထုတ်ခဲ့ရတာလဲ”

တိုးကျန့်လျန်၏ မျက်နှာပေါ်ရှိ အမူအရာသည် အနည်းငယ် တန့်သွားပြီး အလျင်အမြန်ပင် ဝမ်းနည်းစွာဖြင့် ပြန်ပြောလိုက်သည်။ “မင်းသမီး မသိတာတွေ ရှိပါသေးတယ်၊ ဒီစာကို ဝန်ကြီးကျန်းရဲ့ ဘေးကလူက ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးခဲ့တာပါ၊ ကျွန်တော် ဖတ်ပြီးသွားတာနဲ့၊ တစ်ဖက်လူရဲ့ ရှေ့မှာတင် စာကို မီးရှို့ပစ်ရပါတယ်၊ မဟုတ်ရင် ကျွန်တော်က ဝန်ကြီးကျန်းအပေါ် သစ္စာမရှိဘူးလို့ သတ်မှတ်ခံရမှာမလို့ပါ......”

ဝိန်းယွီသည် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။ “ဆိုလိုတာက စစ်သူကြီးရဲ့ လက်ထဲမှာ ဝန်ကြီးကျန်းကို စွပ်စွဲနိုင်မယ့် ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိဘူးပေါ့”

တိုးကျန့်လျန်သည် ဝိန်းယွီက သူ့ကို မယုံကြည်မည်ကို အလွန်ကြောက်ရွံ့နေပုံရကာ အလျင်အမြန် ပြောလိုက်၏။ “ရှိပါတယ်! ရှိပါတယ်! အဲ့ဒီစာနဲ့အတူ တွဲပြီး ပို့လိုက်တာက ရွှေသစ်ရွက် နှစ်ရွက်လည်း ပါသေးတယ်၊ အဲ့ဒီအပေါ်မှာ ကျန်းမိသားစုရဲ့ တံဆိပ်ကို ရိုက်နှိပ်ထားပါတယ်”

ဝိန်းယွီသည် နဖူးစွန်းကို ဖိနှိပ်လိုက်ပြီး မျက်နှာအမူအရာက အေးစက်သွားသည်။ “ကြည့်ရတာ စစ်သူကြီးတိုးက ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲဆိုတာနဲ့ ပတ်သက်ပြီး စောစောကတည်းက ပြီးပြည့်စုံတဲ့ အစီအစဉ် ရှိနေခဲ့လို့ပဲ ကျွန်မကို ဒီလိုမျိုး ကစားနေတာပေါ့”

တိုးကျန့်လျန်သည် ဤစကားကို ကြားလိုက်ရသည်နှင့် မျက်နှာပေါ်တွင် အလွန် ထိတ်လန့်သွားပြီး အနည်းငယ် ဒေါသထွက်ကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်လေသည်။ “ကျွန်တော် ပြောခဲ့တာတွေက တကယ်ကို တစ်ခွန်းမကျန် အမှန်တွေချည်းပါပဲ၊ ဝန်ကြီးကျန်းရဲ့ ခေါင်းညိတ်ခွင့်ပြုချက် မရှိဘဲနဲ့၊ ကျွန်တော်က ဒီလိုဆုံးဖြတ်ချက်မျိုးကို ကိုယ့်သဘောနဲ့ကိုယ် ဘယ်လိုလုပ် ချရဲမှာလဲ”

သူသည် လက်သီးဖြင့် ဒူးကို ထုလိုက်ပြီး မျက်ရည်ကျလုမတတ်ပင်။ “ကျွန်တော်က ဖေစုန့်စစ်တပ်ထဲကို အတင်းအကြပ် ဝင်ရောက်ခဲ့ရတာကိုပဲ နာကြည်းမိပါတယ်၊ အခု အရာအားလုံးက ဝန်ကြီးကျန်း ခိုင်းစေတာပါလို့ အခိုင်အမာ ပြောရင်တောင်မှ ကျွန်တော် ပြောတာကို ယုံကြည်မယ့်လူ မရှိတော့ဘူးလေ......”

ဝိန်းယွီသည် သူ့ကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်နေပြီး ဆက်မေးလိုက်၏။ “မာကျားလျန်တိုက်ပွဲကြောင့်မလို့ ဝန်ကြီးကျန်းက ရှင့်ကို စွန့်ပစ်မယ့်လူအဖြစ် သတ်မှတ်မယ်ဆိုတာကို သေချာနေလို့ ရှင်က ဖေစုန့်စစ်တပ်ဆီကို သစ္စာဖောက်ပြီး ဝင်သွားတာပေါ့၊ ပြီးတော့ စစ်သူကြီးဖန့်က ငါတို့ လျန်စစ်တပ်ကို ဦးဆောင်ပြီး တပ်ဆုတ်တဲ့အချိန်မှာတောင် သူ့ကို အဆိပ်လူးမြားနဲ့ ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်ပေါ့”

တိုးကျန့်လျန်သည် အလွန်အမင်း ဝမ်းနည်းပူဆွေးနေသည့်အလား အဆက်မပြတ် အသက်ရှူနေပြီး ချက်ချင်း စကားပြန်မပြောခဲ့ပေ။ ခဏလောက် အနားယူပြီးမှသာ အလွန်နာကျင်နေသည့်အလား ပြောလိုက်လေသည်။ “ဖေစုန့်ဆိုတဲ့ အဲ့ဒီလူယုတ်မာက သူ့လက်အောက်က အကြံပေးတစ်ယောက်ကို ကျွန်တော့်ဆီ လာပြီး သစ္စာဖောက်ဟန်ဆောင်ခိုင်းခဲ့ဖူးတယ်၊ ကျွန်တော်က အဲ့ဒီလူရဲ့ အရည်အချင်းကို အထင်မကြီးလို့၊ သူ့ကို နှင်ထုတ်ပစ်လိုက်တယ်၊ ဒါပေမယ့် မာကျားလျန်တိုက်ပွဲအပြီးမှာ အဲ့ဒီလူယုတ်မာက စာပို့လာပြီး ကျွန်တော့်ကို စစ်သူကြီးဖန့်ကို သတ်ပြီး သူ့ဖေစုန့်စစ်တပ်ဆီ ဝင်ဖို့ ဖိအားပေးလာတယ်၊ မဟုတ်ရင် ကျွန်တော်က သူ့ဖေစုန့်စစ်တပ်နဲ့ စောစောကတည်းက ပူးပေါင်းကြံစည်ထားပြီး သူတို့နဲ့ တမင်သက်သက် လက်တွဲပြီး ဝေ့စစ်တပ်ကို တွင်းတူးသတ်ခဲ့တာပါဆိုပြီး အပြင်ကို သတင်းဖြန့်မယ်တဲ့!”

တိုးကျန့်လျန်သည် ဤတစ်ကြိမ်တွင်မူ မျက်လုံးများ နီရဲကာ တကယ်ကို ငိုကြွေးလိုက်တော့သည်။ “ရှေ့မှာ ဝန်ကြီးကျန်းက ကျွန်တော့်အပေါ် အပြစ်ပုံချတယ်၊ အနောက်မှာ ဖေစုန့်လူယုတ်မာက ကျွန်တော့်ကို ဒီလိုမျိုး ဒုက္ခပေးတယ်၊ ကျွန်တော်...... ဒီတစ်ခါတော့ တကယ်ကို ဖြေရှင်းလို့မရတော့ဘူး၊ နောက်ဆုံးတော့ အမှားပေါ် အမှားထပ်ဆင့်ရုံပဲ တတ်နိုင်ခဲ့တာပါ!”

ဤအချိန်မှာပင် သီလရှင်ကျောင်းဆောင်အပြင်ဘက်မှ တိုးကျန့်လျန်၏ ကိုယ်ရံတော်တစ်ဦးက အလျင်အမြန် ပြေးလာခဲ့သည်။ “စစ်သူကြီး၊ တောင်အောက်မှာ ဝေ့စစ်တပ် ရောက်နေပါပြီ——”

ထိုကိုယ်ရံတော်သည် အဆောင်အတွင်းသို့ ခြေလှမ်းမဝင်ရသေးမီ ဟင်းလင်းပွင့်နေသော အဆောင်တံခါးအပြင်ဘက်မှနေ၍ တိုးကျန့်လျန်က မျက်ရည်များကျကာ ဒူးထောက်နေပြီး ဝိန်းယွီကမူ ဘေးရှိ သစ်သားကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်နေသည်ကို မြင်လိုက်ရသောအခါ ရုတ်တရက် အံ့အားသင့်သွားပြီး အသံတိတ်သွားကာ အထဲသို့ ဆက်မလျှောက်လာရဲတော့ဘဲ ဆက်ပြောရမည်လား၊ မပြောရဘူးလား ဆိုတာကိုပင် မသိတော့ပုံရသည်။

တိုးကျန့်လျန်သည် မိမိ၏ ဤကဲ့သို့သော အခြေအနေကို ကိုယ်ရံတော်က မြင်သွားသောကြောင့် မျက်နှာတွင် အနည်းငယ် ရှက်ရွံ့သွားပြီး ထချင်သော်လည်း ဝိန်းယွီက စကားမပြောသေးပေ။

သူသည် ဝိန်းယွီ၏ မျက်နှာအမူအရာကို အကဲခတ်ရန်သာ အာရုံစိုက်နေခဲ့သဖြင့် ဝိန်းယွီ၏ အနောက်တွင် ရပ်နေသော ကုန်းစွန်းစန်းနျန်က မသိမသာ သက်ပြင်းချလိုက်သည်ကိုပင် သတိမထားမိခဲ့ချေ။

ဝိန်းယွီသည် သီလရှင်ကျောင်းဆောင်အပြင်ဘက်တွင် ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေသော တိုးကျန့်လျန်၏ ကိုယ်ရံတော်ကို မျက်စောင်းဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ “ဒီလိုဆိုရင်လည်း ကျွန်မက စစ်သူကြီးကို လောလောဆယ် တစ်ကြိမ်လောက် အရင်ယုံကြည်ပေးလိုက်မယ်၊ ဒီနေ့ စစ်သူကြီးကို အရင် လွတ်မြောက်အောင် ကူညီပေးမယ်၊ နောက်တစ်နေ့ ကျွန်မ နန်ချန်ကို ပြန်ရောက်တဲ့အခါ စစ်သူကြီးနဲ့အတူ အစီအစဉ်ဆွဲပြီး သူတို့ ကျန်းမိသားစုကို ကွပ်မျက်ခံရအောင် လုပ်မယ်၊ စစ်သူကြီးအပေါ်က မတရားစွပ်စွဲခံရမှုတွေကို ရှင်းလင်းပေးမယ်၊ စစ်သူကြီး ထပါတော့”

ထိုအခါမှသာ တိုးကျန့်လျန်သည် အလျင်အမြန် ထရပ်လိုက်သော်လည်း တောင်အောက်တွင် တကယ်ပင် ဝေ့စစ်တပ်က ဝိုင်းရံထားပြီးဖြစ်ကာ ဤနေရာမှ ဘေးကင်းစွာ ထွက်ခွာနိုင်ရန်အတွက် ဝိန်းယွီကို အားကိုးရဦးမည်ဖြစ်သောကြောင့် သူသည် အပေါ်ယံ ယဉ်ကျေးမှုကို အပြည့်အဝ လုပ်ဆောင်ရလိမ့်ဦးမည်။ သူသည် ခါးညွှတ်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။ “မင်းသမီးက ကျွန်တော့်အတွက်တော့ ဒုတိယအကြိမ် အသက်ပြန်ရှင်ခွင့်ပေးတဲ့ ကျေးဇူးရှင်နဲ့ မခြားပါဘူး၊ နောင်ကျရင် ကျွန်တော်က မင်းသမီး ခိုင်းစေတဲ့အတိုင်း လုပ်ဆောင်ပါ့မယ်!”

ဝိန်းယွီ၏ မျက်နှာအမူအရာသည် လေးနက်သွားပြီး သူ့ကို ကြည့်ရင်း တစ်ခုခုကို အကုန်အစင် လောင်းကြေးထပ်နေသည့်အလား ပြောလိုက်၏။ “ကျွန်မ ဒီနေရာကနေ ထွက်သွားနိုင်မလား၊ မသွားနိုင်ဘူးလားဆိုတာ စစ်သူကြီးကိုပဲ အားကိုးရဦးမှာပါ”

သူမသည် ဆံပင်ကြားမှ ရွှေဆံထိုးတစ်ချောင်းကို ဆွဲထုတ်ကာ တိုးကျန့်လျန်ထံသို့ ကမ်းပေးလိုက်သည်။ “စစ်သူကြီး ဒီခရီးကနေ ထွက်သွားပြီးတဲ့နောက်၊ ဒီဆံထိုးကို ယူပြီး လျန်စစ်တပ်ဆီ သွားပါ၊ ချန်ဝေ ဒါမှမဟုတ် လီရွှင်ကို ရှာပါ၊ သူတို့က စစ်သူကြီးကို သေချာပေါက် ယုံကြည်ပါလိမ့်မယ်၊ သူတို့ကို ကျွန်မ ပိတ်မိနေတဲ့ နေရာကို ပြောပြလိုက်ပါ၊ သူတို့ကို သေချာ စီစဉ်ပြီးမှ လာကယ်ဖို့ ပြောလိုက်ပါ”

တိုးကျန့်လျန်သည် ရွှေဆံထိုးကို လက်နှစ်ဖက်ဖြင့် လှမ်းယူပြီးနောက် အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်ပြီး အပ်နှင်းထားသော တာဝန်ကို လုံးဝ ပျက်ကွက်မည်မဟုတ်ကြောင်း ထပ်ပြောလိုက်လေသည်။

သီလရှင်ကျောင်းဆောင်ထဲမှ ထွက်လာပြီးနောက်မှသာ သူက ထိုကိုယ်ရံတော်ကို မေးလိုက်၏။ “တောင်အောက်က အခြေအနေ ဘယ်လိုရှိလဲ”

ကိုယ်ရံတော်က စကားထစ်ကာ ပြန်ဖြေလိုက်သည်။ “ဝေ့...... ဝေ့စစ်တပ် အများကြီးက အရပ်လေးမျက်နှာကနေ တောင်တစ်ခုလုံးကို ဝိုင်းထားပါတယ်”

တိုးကျန့်လျန်သည် ကြားရုံနှင့်ပင် ခေါင်းက ထုံကျင်သွားသလို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် သူက လောင်းကြေးထပ်တာ မှန်ကန်သွားပြီး ဝိန်းယွီထံမှ သေဒဏ်ကင်းလွတ်ခွင့် ရွှေပြားတစ်ခုကို လှည့်စားယူနိုင်ခဲ့ခြင်းအတွက် ကြိတ်ဝမ်းသာနေလေသည်။

သူသည် ဝိန်းယွီကို လှမ်းကြည့်လိုက်သောအခါ ဝိန်းယွီက သူ့ကို တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။ “ကျွန်မ စစ်သူကြီးကို တောင်အောက်ဆင်းဖို့ ကူညီပေးမယ်”

—

နှင်းကျနေသောနေ့တွင် လမ်းလျှောက်ရန် မလွယ်ကူပေ။ ဝိန်းယွီ၏ ကိုယ်ပေါ်ရှိ စကတ်အနားစများကလည်း ရှုပ်ထွေးလှသဖြင့် တိုးကျန့်လျန်က လက်အောက်ခံ စစ်သည်များကို ဝါးစိမ်းများ ခုတ်ကာ ရိုးရှင်းသော ထမ်းစင်တစ်ခု ပြုလုပ်စေပြီး စစ်သည်လေးယောက်က ထမ်းကာ တောင်လမ်းအတိုင်း ဆင်းလာခဲ့ကြသည်။

ကုန်းစွန်းစန်းနျန်သည် ဝိန်းယွီ၏ အစေခံမလေးအဖြစ် ထမ်းစင်ဘေးတွင် တစ်လျှောက်လုံး လိုက်ပါလာခဲ့ပြီး ထူးထူးခြားခြား အမူအရာမပြသမိစေရန် သူမ၏ တစ်သက်တာလုံးရှိ ခွန်အားအားလုံးကို အသုံးပြုကာ မျက်နှာအမူအရာကို ထိန်းချုပ်ထားရလေသည်။

တောင်ခါးပန်းသို့ ရောက်ရှိချိန်တွင် တောင်ပေါ်သို့ အလျင်အမြန် တက်လာသော ဝေ့စစ်တပ်နှင့် ဆုံတွေ့လေတော့သည်။

တောင်လမ်းနှင့် ဝါးတောကြားတွင် မျက်စိတစ်ဆုံး လှမ်းကြည့်လိုက်ပါက သံချပ်ကာဝတ် စစ်သည်များဖြင့် မည်းနက်ပြည့်နှက်နေပြီး လက်ထဲတွင် လေးနှင့် ဒူးလေးများကို ကိုင်ဆောင်ထားကြသည်။ ထိုမြားတံများပေါ်တွင် တောက်ပ အေးစက်သည့် အလင်းရောင်သည် ညအမှောင်ထဲရှိ လင်းနို့ဂူထဲမှ မရေမတွက်နိုင်သော မျက်လုံးများအလား ဖြစ်နေသဖြင့် မြင်ရသူအဖို့ ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းလှသည်။

တောင်အောက်သို့ ဆင်းသည့် လမ်းတစ်လျှောက်လုံးကို အသေအချာ ပိတ်ဆို့ထားလေသည်။

ရှေ့ဆုံးရှိ ထမ်းစင်ပေါ်တွင် ဝိန်းယွီ ထိုင်နေသည်ကို မြင်လိုက်ရသောကြောင့်သာ မြားမပစ်ခြင်း ဖြစ်တန်ရာသည်။

ဝိန်းယွီသည် မျက်နှာချင်းဆိုင်တွင် လမ်းပိတ်ထားသော ဝေ့စစ်တပ်ကို တည်ငြိမ်သောအကြည့်ဖြင့် ကြည့်နေပြီး လက်မောင်းကို အနည်းငယ် မြှောက်လိုက်သောအခါ ထမ်းစင်ကို ထမ်းထားသော ချန်စစ်တပ်မှ စစ်သည်အချို့သည် ထမ်းစင်ကို မြေပြင်ပေါ်သို့ ဂရုတစိုက် ချထားလိုက်ကြသည်။

တိုးကျန့်လျန်သည် သာမန်ဒုက္ခသည်အဖြစ် ဟန်ဆောင်ကာ အနောက်မှ လိုက်ပါလာပြီး သူ၏ ကိုယ်ရံတော်တစ်ဦးက ထမ်းစင်၏ အခြားတစ်ဖက်တွင် ရပ်ကာ တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် ဟန်ဆောင်ထားသည်။

ကုန်းစွန်းစန်းနျန်သည် သူတို့ကို မသိမသာ ခိုးကြည့်လိုက်ပြီး မိမိ၏ အစေခံမလေးအဖြစ်ကို တာဝန်ကျေပွန်စွာ ဟန်ဆောင်ကာ ရှေ့သို့တိုး၍ ဝိန်းယွီ ထလာနိုင်ရန်အတွက် သူမ၏လက်မောင်းကို ကမ်းပေးလိုက်လေသည်။ သူမ၏ အကြည့်ကမူ မျက်နှာချင်းဆိုင်ရှိ ဝေ့စစ်တပ်ထဲတွင် ဟိုဟိုဒီဒီ ရှာဖွေနေပြီး စုန့်ချင်နှင့် ရှောင်းလိကို ရှာဖွေနေလေသည်။

လူအုပ်ကြားထဲတွင် စုန့်ချင်ကို ခက်ခက်ခဲခဲ မြင်တွေ့လိုက်ရသောအခါ တိုးကျန့်လျန် ရှိနေသည့် နေရာဘက်သို့ အစွမ်းကုန် မျက်စိမှိတ်ပြကာ အချက်ပြတော့သည်။

ဝိန်းယွီကမူ လက်ထဲတွင် အမြဲတမ်း ဆုပ်ကိုင်ထားသော ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ သူမသည် ဝတ်ရုံကိုသာ ခြုံထားပြီး ခေါင်းစွပ်ကို မဆောင်းထားသဖြင့် ဓားမြှောင်သွားကို သူမ၏ လည်ပင်းသို့ ထောက်ထားလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ လူများကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်စေရန် လုံလောက်လေသည်။

သူမသည် ဝါးတောထဲရှိ တစ်နေရာသို့ အဝေးမှ လှမ်းကြည့်လိုက်ပြီး ကြည်လင်နက်ရှိုင်းစွာ စကားပြောလိုက်၏။ “ဒီနေ့ နင်တို့ ဝေ့မိသားစုရဲ့ လက်ကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို ကျွန်မ သိပါတယ်၊ ကျွန်မကို လာကယ်တဲ့ စစ်သည်တွေကို ပြန်လွှတ်ပေးလိုက်ပါ၊ မဟုတ်ရင် ကျွန်မ ဒီနေ့ ဒီနေရာမှာတင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မယ်၊ နင်တို့ရဲ့ ရှော့ပျန်းနယ်စားက နောက်တစ်နေ့ကျရင် တစ်လောကလုံးက လူတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကြည့်ကြသေးတာပေါ့!”

စုန့်ချင်၏ အကြည့်သည် ဝါးတော၏ တစ်နေရာသို့ အနည်းငယ် စောင်းငဲ့ကြည့်လိုက်ပုံရပြီး နောက်ဆုံးတွင် လက်ကိုမြှောက်ကာ လက်အောက်ခံ စစ်သည်များကို ဒူးလေးများ သိမ်းဆည်းရန် အချက်ပြလိုက်ပြီး တောင်လမ်းကို ဖယ်ပေးကာ နှစ်ဖက်ရှိ ဝါးတောများဆီသို့ ဆုတ်ခွာသွားခိုင်းလိုက်သည်။

ဝိန်းယွီသည် ဓားမြှောင်ဖြင့် သူမ၏ လည်ပင်းကို ဆက်ထောက်ထားရင်း အနောက်ဘက်ရှိ ချန်စစ်တပ်များကို စကားတစ်ခွန်း ပြောလိုက်သည်။ “သွားမယ်”

အကြည့်ကမူ တိုးကျန့်လျန်ကို ကြည့်နေခြင်း ဖြစ်သည်။

တိုးကျန့်လျန်သည် ဝိန်းယွီက သူ့ကို ကတိတည်ရန် သတိပေးနေခြင်းဖြစ်ကြောင်း သိရှိသွားသည်။ မျက်နှာချင်းဆိုင်ရှိ ဦးဆောင်နေသော ဝေ့စစ်တပ်၏ စစ်သူကြီးကို သူကိုယ်တိုင် အလွန်စိမ်းနေသည်ကို မြင်သောအခါ တစ်ဖက်လူကလည်း သူ့ကို သိလိမ့်မည်မဟုတ်ဟု တွေးမိကာ အများကြီး စိတ်အေးသွားတော့သည်။

ဝိန်းယွီ၏ ဘေးမှ ဖြတ်သွားချိန်တွင် သူက အသံကို နှိမ့်ကာ ပြောလိုက်၏။ “မင်းသမီး အတူတူ လိုက်ပါပြီး ကျွန်တော်တို့ကို တောင်အောက်အထိ လိုက်ပို့ပေးဖို့ အကူအညီတောင်းပါတယ်”

ဝိန်းယွီသည် တည်ငြိမ်စွာဖြင့် မျက်လွှာကို တစ်ဝက်ချထားလိုက်ပြီး ဓားမြှောင်ဖြင့် လည်ပင်းကို ထောက်ထားလျက် သူတို့နှင့်အတူ တောင်အောက်သို့ ဆင်းလာခဲ့သည်။

တိုးကျန့်လျန်သည် သူမ၏ အနောက်တွင် ခြေလှမ်းအနည်းငယ် ချန်၍ လိုက်ပါလာပြီး မျက်လုံးနှစ်လုံးက စုန့်ချင်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသည့်အပြင် ဝါးတောကြားတွင်လည်း အဆက်မပြတ် ဟိုဟိုဒီဒီ ကြည့်ရှုနေကာ နားကိုလည်း အစွမ်းကုန် အသုံးပြု၍ တောအုပ်ထဲတွင် လေးကြိုးတင်းသည့် အသံများ ရှိမရှိကို အမြဲတမ်း သတိထားနေခဲ့သည်။

ဤအကွာအဝေးသည် လူများက သူ့အပေါ် သံသယဖြစ်မည်မဟုတ်သလို အပြောင်းအလဲ တစ်ခုခုရှိပါကလည်း သူက ဝိန်းယွီကို ချက်ချင်း ဖမ်းဆီးခြိမ်းခြောက်ထားနိုင်ပေသည်။

မြင်းစီးနေသော စုန့်ချင်၏ ဘေးမှ ဖြတ်သွားချိန်တွင် တိုးကျန့်လျန်သည် တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်တိုင်း ထောင်မတ်သွားလုနီးပါးအထိ ပိုလို့ပင် သတိထားနေခဲ့သည်။

ခက်ခက်ခဲခဲ ကျော်ဖြတ်သွားပြီးနောက် တိုးကျန့်လျန်မှာ သက်ပြင်းချရန် အချိန်ပင်မရလိုက်ဘဲ ဝါးတောထဲမှ လေးကြိုးလွှတ်လိုက်သည့် သိမ်မွေ့သော တုန်ခါသံနှင့် ချွန်ထက်သော မြား၏ လေကိုခွဲထွက်လာသည့် အသံတို့က သူ့ကို ချက်ချင်းပင် လက်ချောင်းနှစ်ချောင်းကို ကုတ်ခြစ်မည့်ပုံစံ ပြုလုပ်ကာ ဝိန်းယွီထံသို့ ခုန်ဝင်ပြီး သူမ၏ လည်ပင်းကို ညှစ်ရန် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

သို့သော် အချိန်မမီတော့ပေ။

အေးစက်သော လေတိုက်သံကို သယ်ဆောင်လာသည့် ထိုယန်လင်မြားသည် နေ့ခင်းဘက် ဥက္ကာပျံတစ်ခုကဲ့သို့ သူ့ထံသို့ ပြင်းထန်စွာ စိုက်ဝင်လာခဲ့သည်။

ပြင်းထန်သော အင်အားကြောင့် သူသည် ခန္ဓာကိုယ်ကို လုံးဝ မထိန်းထားနိုင်တော့ချေ။ တစ်ကိုယ်လုံးသည် ချွန်ထက်သော ဥက္ကာခဲဖြင့် အတိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် သာမန်မြားများထက် အများကြီး ပိုရှည်သော ထိုယန်လင်မြားသည် သူ၏ ရင်ဘတ်အပြင်ဘက်တွင် မြားအမြီးသာ ကျန်ရှိတော့သည်။

မြားခေါင်းသည် သူ၏ ကျောပြင်ကို ဖောက်ထွက်သွားပြီး တောင်လမ်း၏ သံမဏိကဲ့သို့ မာကျောနေသော အေးခဲနေသည့် မြေကြီးကိုပါ ထိုးဖောက်သွားကာ သူ့တစ်ကိုယ်လုံးကို ငါးအမြီးကို သံမှိုရိုက်ထားသကဲ့သို့ သံမှိုစွဲထားလိုက်လေသည်။

ဤအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း၌သာ ဖြစ်ပျက်သွားခဲ့ပြီး တိုးကျန့်လျန်၏ ကိုယ်ရံတော်များက သတိဝင်လာပြီးနောက် နှစ်စုခွဲကာ တစ်စုက သူ့ကို လာကယ်ပြီး တစ်စုက ဝိန်းယွီကို သွားဖမ်းရန် လုပ်ကြသော်လည်း ဝိန်းယွီ၏ ဘေးတွင် လိုက်ပါလာသော သာမန်လူများထက် အရပ်ရှည်ပြီး ကိုယ်လုံးတောင့်တင်းသည့် အစေခံမလေးသည် သူ့ကိုယ်ရံတော်တစ်ဦး၏ ဓားကို တိုက်ရိုက် လုယူလိုက်ပြီး လူကို ခုတ်ပိုင်းရာတွင် သခွားသီးခုတ်၊ ဟင်းသီးဟင်းရွက် လှီးသကဲ့သို့ပင် လျင်မြန်သွက်လက်နေလေသည်။

နှစ်ဖက်ရှိ ဝါးတောများကြားမှ ဝေ့စစ်တပ်ကလည်း ဝိုင်းရံပိတ်ဆို့သည့် ပုံစံဖြင့် ဝိုင်းလာခဲ့ကြသည်။

စုန့်ချင်သည် တိုးကျန့်လျန်၏ ကိုယ်ရံတော်များက သူ့ကို ကယ်တင်မသွားခင် အချိန်မီပင် မြင်းစီးကာ ရောက်လာပြီး ဓားဖြင့် သူ့လည်ပင်းကို ကန့်လန့်ဖြတ် ထောက်ထားလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “သူခိုးခေါင်းဆောင်က ထောင်ချောက်ထဲကို သက်ဆင်းသွားပြီ၊ မင်းတို့တွေ သေလုမျောပါး ရုန်းကန်တာမျိုး ထပ်မလုပ်ကြနဲ့တော့!”

တိုးကျန့်လျန်၏ ကိုယ်ရံတော်များသည် သူ အဖမ်းခံရသည်ကို မြင်သောအခါ ထပ်မလှုပ်ရှားရဲတော့ချေ။ လက်အောက်ခံ စစ်သည်များမှာမူ ခေါင်းဆောင်မရှိဖြစ်သွားကာ စုန့်ချင်၏ အော်ဟစ်သံအောက်တွင် ထိတ်လန့်တုန်လှုပ်စွာဖြင့် လက်နက်များကို ချထားလိုက်ကြသည်။

တိုးကျန့်လျန်သည် ရင်ကိုထိုးဖောက်သွားသော နာကျင်မှုထဲမှ သတိမဝင်လာသေးဘဲ ပါးစပ်ထောင့်မှ သွေးများ ယိုကျနေကာ စောစောက ဝါးတောထဲမှ မြားပျံသန်းလာသည့် အရပ်မျက်နှာဆီသို့ စူးစိုက်ကြည့်နေခဲ့သည်။

သို့သော် ဝါးတောထဲရှိ အနက်ရောင် သံချပ်ကာဝတ် စစ်သည်များသည် လမ်းတစ်ခုကို ဖယ်ပေးလိုက်ကြပြီး မတ်မတ်ရပ်ကာ ထူးထူးခြားခြား အရပ်မြင့်မြင့် လူရိပ်တစ်ခုက အလင်းရောင်နှင့် ဆန့်ကျင်ဘက်မှ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။ စစ်ဖိနပ်ပေါ်တွင် သွေးကွက်များ အကွက်လိုက် ပေကျံနေပြီး သံချပ်ကာအင်္ကျီပေါ်တွင်လည်း အရောင်ရင့်နေသော သွေးကွက်ကြီးများ ပေကျံနေကာ သွေးကြောများ ထောင်ထနေသော လက်ထဲတွင်မူ သံမဏိဖြင့် ပြုလုပ်ထားသော လေးကြီးတစ်လက်ကို ကိုင်ဆောင်ထားလေသည်။

တိုးကျန့်လျန်သည် အကြည့်ကို အထက်သို့ ထပ်ရွှေ့လိုက်ပြီး ထိုလူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ဤကောင်းကင်အနှံ့ ပြည့်နှက်နေသော ရေခဲနှင့် နှင်းများ၏ အေးစိမ့်မှုသည်လည်း ထိုမြားနှင့်အတူ အဆုတ်ထဲသို့ ဝင်ရောက်လာသလို ခံစားလိုက်ရ၏။ သူသည် အံ့အားသင့်ကာ ဒေါသထွက်သွားပြီး လက်တစ်ဖက်ကို အားယူမြှောက်၍ တစ်ဖက်လူကို ညွှန်ပြကာ ပြောလိုက်သည်။ “မင်းပဲ......”

ဖေစုန့်က ဝါယောင်းခံတပ်ကို တိုက်ခိုက်ချိန်တွင် သူ့ကို ရောနှောနေသော စစ်တပ်များကို ရှင်းလင်းရန် စေလွှတ်ခဲ့ရာ သူက ဤလူနှင့် တိုက်ခိုက်ဖူးခဲ့သည်။

သို့သော် တစ်ဖက်လူသည် သူရှိရာဘက်သို့ မျက်လုံးတစ်ဝက်မျှပင် လှမ်းမကြည့်ခဲ့ဘဲ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပါဝင်နေသည့် ဝံပုလွေကဲ့သို့သော မျက်လုံးများက အစမှအဆုံးတိုင်အောင် တစ်နေရာတည်းကိုသာ တင်းကြပ်စွာ စိုက်ကြည့်နေခဲ့သည်။

တိုးကျန့်လျန်သည် သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်သောအခါ စောစောက ပရမ်းပတာဖြစ်မှုထဲတွင် နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံပေါ်၌ သွေးစက်အနည်းငယ် စင်သွားခဲ့သည့် ဝိန်းယွီကို မြင်လိုက်ရ၏။

ထိုတာ့လျန်မင်းသမီးသည် နံပါတ်တစ် အလှမယ်ဆိုသည့် အမည်နာမနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ သူ၏ သေဆုံးသွားသော ကိုယ်ရံတော်အချို့၏ သွေးအိုင်များကြားတွင် မတ်တတ်ရပ်နေပြီး လေက သူမ၏ အဝတ်အစားနှင့် ဆံပင်များကို လွင့်ဝဲနေစေကာ၊ ဤသွေးရောင်များကြားတွင်ပင် ပွင့်လန်းလာသော ရေခဲပန်းတစ်ပွင့်နှင့် တူနေလေသည်။

သို့သော် ထိုလူနှင့် သိကျွမ်းနေသည်မှာ သိသာထင်ရှားလှပြီး တစ်ဖက်လူကိုလည်း စိုက်ကြည့်နေခဲ့သည်။

...

All Chapters