အခန်း ၁၆၆
Vol. 17 Ch. 166
အပိုင်း (၁၆၆)
ကျန်းဟူသည် ရှောင်းလိနောက်မှ လိုက်ပါလာပြီး ဆီးနှင်းနှင့် ရွှံ့နွံများထဲတွင် ခြေလှမ်းများ ယိမ်းယိုင်စွာဖြင့် ထွက်လာခဲ့သည်။ သူ၏ သံချပ်ကာအင်္ကျီပေါ်တွင်လည်း သွေးကွက်များ ပေကျံနေပြီး စုန့်ချင်ကို ညည်းညူပြောလိုက်လေ၏။
“တကယ့်ကို အေးချမ်းတဲ့နေ့ရက်ဆိုတာ တစ်ရက်မှ မရှိဘူး။ ကျွန်တော်က အစ်ကို(၂)နဲ့အတူ အဲ့ဒီ လူရိုင်းအုပ်စုကို အခုလေးတင် သတ်ဖြတ်ပြီးခဲ့တာလေ။ စခန်းကို ပြန်ရောက်လို့ တစ်ရေးလေးတောင် မအိပ်ရသေးခင်မှာပဲ ဒီဘက်မှာ ပြဿနာဖြစ်နေပြီဆိုတဲ့ သတင်းကို ရလိုက်တာပဲ။ ဒီသူခိုးစစ်သားတွေ လှုပ်ရှားမှု မမြန်လို့သာ တော်သေးတယ်။ ဒါကြောင့် ကျွန်တော်တို့ အမီလိုက်နိုင်ခဲ့တာ...”
သူက စုန့်ချင်၏ မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းနေသည်ကို မြင်လိုက်ရသဖြင့် ဇဝေဇဝါ ဖြစ်သွားချိန်မှာပင် စုန့်ချင်က သူ့ကို မျက်ရိပ်ပြလိုက်သည်။
ကျန်းဟူက အစောပိုင်းတွင် အရှေ့မှ လျှောက်သွားသော ရှောင်းလိကြောင့် မြင်ကွင်း ကွယ်နေခဲ့ပြီး ယခုမှ ဘေးသို့ အနည်းငယ် ရှောင်ထွက်လိုက်ချိန်တွင် ရှောင်းလိနှင့် ဝိန်းယွီတို့သည် အဝေးမှနေ၍ တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ စိုက်ကြည့်နေကြသည့် ပုံစံကို မြင်တွေ့လိုက်ရ၏။
သူက ချက်ချင်း အသံတိတ်သွားပြီး ရှောင်းလိလက်ထဲရှိ လေးကြီးကို လှမ်းယူကာ ပြောလိုက်လေသည်။
“အဲ့ဒါ... အစ်ကို(၂)၊ ကျွန်တော် ကူသယ်ပေးပါ့မယ်”
သို့သော် ထိုလေးက တကယ်ကို လေးလံလွန်းနေသည်။ ကျန်းဟူက လှမ်းယူလိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်စလုံး ချက်ချင်းပင် အောက်သို့ ဆွဲချခံလိုက်ရသလို ဖြစ်သွားသဖြင့် အမြန် ခွန်အားသုံးလိုက်မှသာ တည်ငြိမ်စွာ ကိုင်ထားနိုင်တော့၏။ သူက သွားကြားမှနေ၍ စုန့်ချင်ကို တိုးတိုးလေး ပြောလိုက်သည်။
“ဒီလေးက ဘယ်လိုလုပ် ဒီလောက်တောင် လေးနေရတာလဲ...”
ရှောင်းလိက ခြေလှမ်းများကို ဖြည်းညင်းစွာ လှမ်းလျက် ဝိန်းယွီဆီသို့ လျှောက်သွားလိုက်၏။
ဝိန်းယွီက စစ်မြေပြင်မှ အခုလေးတင် ပြန်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ မပြယ်သေးသည့် သူ့ပုံစံကို ကြည့်လိုက်၏။ သူမ၏ အကြည့်များက သူ့အင်္ကျီရင်ဘတ်ပေါ်ရှိ သွေးကွက်များနှင့် ဆုံတွေ့သွားချိန်တွင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ အနားရောက်လာသောအခါ ပြောလိုက်လေသည်။
“တောင်ပေါ်မှာ ကျန်နေခဲ့တဲ့ အစောင့်တွေကို မြေအောက်ခန်းထဲမှာ ပုန်းနေခိုင်းထားတယ်။ တိုးကျန့်လျန်က ချန်စစ်တပ်ကို ဒုက္ခသည်တွေအဖြစ် ဟန်ဆောင်ပြီး မြောက်ပိုင်းမှာ ပုန်းအောင်းနေတာ။ ဖေစုန့်မှာ တခြားအကြံအစည် တစ်ခုခု ရှိနေလောက်တယ်။ ရှင်က ဒီစစ်တပ်ရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုကို ဝေ့ချီရှန်းဆီ သတင်းပို့လိုက်ပါ။ ဒါပေမယ့် ဒီလူကို အရင် မသတ်ပါနဲ့ဦး၊ ကျွန်မ မေးစရာ ကိစ္စရှိသေးတယ်...”
“ဒဏ်ရာရသွားသေးလား” ရှောင်းလိက အသံဩဩဖြင့် ဖြတ်မေးလိုက်သည်။
သူ၏ မျက်ခုံးနှင့် မျက်လုံးများကြားတွင် ယခင် အကြိတ်အနယ် တိုက်ပွဲမှ စင်လာသော သွေးစက်များ ပေကျံနေဆဲပင်။ သူ့အကြည့်များက သွေးများပေကျံနေသော သူမ၏ ခြုံလွှာပေါ်တွင် တစ်လက်မချင်းစီ အကဲခတ်ကြည့်ရှုနေ၏။ အချိန်ကြာမြင့်စွာ အနားမယူရသဖြင့် သူ့မျက်လုံးများတွင် သွေးကြောများ နီရဲနေပြီး သူ့မျက်နှာပေါ်ရှိ အေးစက်ခက်ထန်သော အမူအရာက ဤပင်ပန်းနွမ်းနယ်မှုများကြားတွင် ယခင်က ရိုင်းစိုင်းကြမ်းတမ်းမှုများ အနည်းငယ် ပျောက်ဆုံးနေခဲ့သည်။
ဝိန်းယွီက အနည်းငယ် မှင်သက်သွားပြီး ပြန်ဖြေရန် ပြင်လိုက်ချိန်တွင် သူမ၏ လက်တစ်ဖက်ကို သူက ဆုပ်ကိုင်လိုက်ပြီ ဖြစ်သည်။ သူက သူမ၏ ကိုယ်ပေါ်ရှိ သွေးကွက်တစ်ခုချင်းစီကို အသေအချာ စစ်ဆေးကြည့်ရှုနေဆဲဖြစ်ပြီး သူမ၏ ကိုယ်ပေါ်တွင် ဒဏ်ရာ တကယ် ရှိမရှိကို သိချင်နေသည့်ပုံပင်။
ဝိန်းယွီသည် မသိစိတ်က အလိုလို ရုန်းထွက်လိုက်သော်လည်း မရခဲ့ချေ။ စစ်သည်များစွာ ရှေ့တွင် အခြေအနေကို အရုပ်ဆိုးအောင် မလုပ်ချင်သဖြင့် သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်ပြီး ပြောလိုက်၏။ “ဒဏ်ရာမရပါဘူး၊ ကျွန်မသွေး မဟုတ်ဘူး”
“ဒါဆိုလည်း တော်သေးတာပေါ့” ရှောင်းလိ၏ မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားသယောင်။
ဝိန်းယွီက စောစောက စကားကို ဆက်ပြောချင်သေးသည်။ “သတင်းပို့ဖို့ သွားတဲ့ ကင်းထောက်တွေ အသတ်ခံရမှာကို စိုးရိမ်လို့ သူတို့ကို ခြောက်လှန့်ဖို့အတွက် မီးမျှော်စင်ကို ထွန်းညှိဖို့ အမိန့်ပေးခဲ့တယ်။ နယ်မြေထဲမှာ တခြား ဝေ့စစ်တပ်က မြင်သွားရင် ရှင်က ဒါကို အခွင့်ကောင်းယူပြီး ဖေစုန့်ရဲ့ အကြံအစည်ကို ဖော်ထုတ်လို့ရတယ်...”
“ဝိန်းယွီ” ရှောင်းလိက ရုတ်တရက် တိုးတိုးလေး ခေါ်လိုက်၏။
ဝိန်းယွီက စကားကို ရပ်တန့်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေကာ တစ်စုံတစ်ခုကို ဖိနှိပ်ထားသော သူ၏ အကြည့်များနှင့် ဆုံတွေ့သွားသည်။ တဒင်္ဂလေးတွင် ရှောင်းလိက သူမကို အရမ်း ဖက်ထားချင်နေသည်ဟု သူမ ခံစားလိုက်ရသော်လည်း သွေးများ ပေကျံနေသော သူ၏ သံချပ်ကာအင်္ကျီက အရမ်း ညစ်ပတ်နေမည်ကို စိုးရိမ်၍လား မသိ။ သူသည် ပြန်လည် ထိန်းချုပ်လိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်လျက် ပြောလိုက်လေသည်။ “ငါ အရမ်း ပင်ပန်းနေပြီ၊ ခဏလောက် အိပ်ချင်တယ်”
သူက အချိန်ကြာမြင့်စွာ မျက်စိမမှိတ်ခဲ့ရသည့်ပုံပင်။ မျက်နှာပေါ်ရှိ ခြောက်သွေ့နေသော သွေးကွက်များနှင့် ချွေးများ၊ ရွှံ့နွံများက ရောထွေးနေသည်။ ခိုင်မာပြတ်သားနေဆဲ၊ မာကျောနေဆဲ ဖြစ်သော်လည်း တစ်ကိုယ်လုံးက အက်ကွဲကာ လေမုန်တိုင်းများ တိုက်စားခံထားရသော ကျောက်ဆောင်ကြီး တစ်ခုနှင့် တူနေ၏။
နောက်ဆုံးတွင် ကျောက်စရစ်ခဲများအဖြစ် ပြိုကျပျက်စီးသွားရမည် ဆိုလျှင်တောင်မှ အားနည်းသော အမူအရာကို နည်းနည်းလေးပင် ထုတ်ဖော်ပြသရန် ဆန္ဒမရှိခဲ့ချေ။
သူက သူမကိုသာ စိုက်ကြည့်ရင်း မေးလိုက်သည်။ “အိပ်ရာက နိုးလာရင် မင်းကို မြင်ရဦးမှာလား”
ဝိန်းယွီက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။
သူ အကုန်လုံးကို သိနေတာပဲ။
သူမက မီးမျှော်စင်ကို ထွန်းညှိခဲ့ခြင်းသည် တိုးကျန့်လျန်ကို ခြောက်လှန့်ရန် သက်သက်သာမကဘဲ နယ်မြေအတွင်း သူမကို ရှာဖွေနေဆဲဖြစ်သော လျန်တပ်မှ လူများကို အချက်ပြရန်အတွက်ပါ ဖြစ်ကြောင်းကို သူ သိနေသည်။
တိုးကျန့်လျန်ကို ထိန်းထားနိုင်ရန် သူမက ဇာတ်လမ်းကို အစအဆုံး ဟန်ဆောင်ခဲ့သည်။ တစ်ဖက်လူကို လျန်တပ်ဆီ သတင်းပို့ရန် ဘာမှန်းမသိသော ရွှေဆံထိုးတစ်ခုကို ပေးလိုက်ခြင်းမှာ တိုးကျန့်လျန်က သူမသည် သူ့အပေါ် တကယ်ပဲ မျှော်လင့်ချက် ထားနေသည်ဟု ထင်မှတ်သွားစေရန်သာ။
မာကျားလျန် တိုက်ပွဲသည် သူတစ်ယောက်တည်း လုပ်ဆောင်ခဲ့ခြင်းလား၊ သို့မဟုတ် ကျန်းမိသားစုက သဘောတူခွင့်ပြုခဲ့ခြင်းလား ဆိုသည်ကို သူက သက်သေ မပြနိုင်သေးချေ။ သူ၏ တစ်ဖက်သတ် စကားကိုသာ အားကိုးပြီး ဝိန်းယွီက သူ့ကို လွယ်လွယ်နှင့် ယုံကြည်လိုက်ရန် မဖြစ်နိုင်ပေ။
သူမကိုယ်သူမ တိုးကျန့်လျန်၏ ထိန်းချုပ်မှုအောက် မရောက်စေရန် ကာကွယ်ပြီး မီးမျှော်စင်နှင့် နေရာအနှံ့အပြားရှိ စခန်းများ၏ ကြီးမားသော တပ်ရွှေ့ပြောင်းမှုများကို အခွင့်ကောင်းယူကာ လျန်တပ်မှ လူများက ဤတောင်ပေါ်သီလရှင်းကျောင်းကို သတိထားမိစေရန် လုပ်ဆောင်ခြင်းကသာ သူမ၏ ရည်ရွယ်ချက် ဖြစ်၏။
ထိုလက်ကောက်ဝတ်မှာ တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရသဖြင့် အနည်းငယ် နာကျင်နေပြီး ယခုအချိန်မှစ၍ အပေါ်တွင် အမှတ်အသားတစ်ခုခု ရိုက်နှိပ်ခံလိုက်ရသည့်အလား ဖြစ်နေသည်။
ဝိန်းယွီက သူ့ကို အချိန်အတော်ကြာသည်အထိ အဖြေမပေးနိုင်ခဲ့ချေ။
အဝေးမှနေ၍ သူတို့နှစ်ဦးကို ကြည့်နေသော ကျန်းဟူက ရှောင်းလိသည် ဝိန်းယွီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးက အစောကြီးကတည်းက ပြန်လည်သင့်မြတ်သွားပြီဟု ထင်မှတ်သွားသည်။ သူက ဝိန်းယွီကို ရှောင်းလိအပေါ် အနည်းငယ် သနားလာစေရန် ရည်ရွယ်ချက်ဖြင့် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။
“မရီး၊ ကျွန်တော့်ရဲ့ အစ်ကို(၂)က သုံးရက်နဲ့ သုံးညတိတိ မျက်စိမမှိတ်ခဲ့ရဘူး။ စခန်းကို ပြန်ရောက်တာနဲ့ မရီးဆီမှာ ပြဿနာဖြစ်နေတယ်ဆိုတာကို ကြားလိုက်ရလို့ မြင်းပေါ်ကတောင် မဆင်းဘဲ ဒီဘက်ကို ချက်ချင်း လှည့်လာခဲ့တာပဲ”
ဝိန်းယွီက ထို“မရီး” ဆိုသော စကားလုံးကြောင့် ရင်ဘတ်ထဲတွင် အရာတိမ်တိမ်လေး တစ်ခု အခြစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး နောက်ဆုံးတွင် ရှောင်းလိကို ကြည့်ကာ စကားစလိုက်၏။ “ရှင် ကိုယ်တိုင် လာစရာ မလိုပါဘူး”
ရှောင်းလိက သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် သူ့အကြည့်များက လေးလံလွန်းနေသဖြင့် ဝိန်းယွီက သူ့ကို တည့်တည့် မကြည့်ရဲအောင် ဖြစ်သွားရသည်။
သူ၏ သံချပ်ကာအင်္ကျီ ပခုံးနေရာတွင် စောစောက ဝါးရုံတောထဲ၌ ကပ်ပါလာသော ဝါးရွက်ခြောက် တစ်ရွက် ကပ်နေသည်။ ဝိန်းယွီက သူ၏ အကြည့်များကို ရှောင်လွှဲကာ လက်ကို မြှောက်ပြီး ဖယ်ရှားပေးရန် ပြင်လိုက်၏။ သို့သော် သူမ၏ လက်က သူ၏ ပခုံးကာကို မထိရသေးခင်မှာပင် သူမကို ဆုပ်ကိုင်ထားသော သူ၏ လက်က ရုတ်တရက် ခွန်အားသုံးလိုက်သဖြင့် ဝိန်းယွီက သူ့အဆွဲခံလိုက်ရကာ သွေးညှီနံ့များ ပြည့်နှက်နေသော သူ့ရင်ခွင်ထဲသို့ ပြုတ်ကျသွားတော့သည်။
သူမ၏ ကျောပြင်ပေါ်တွင် အားကောင်းသော လက်ဝါးကြီး တစ်ဖက်က ဖိချလိုက်ပြီး သူမ မြှောက်ထားသော ထိုလက်၏ လက်ကောက်ဝတ်က သူ၏ ပခုံးကာနေရာတွင် ဖိကပ်ခံလိုက်ရသည်။
ဤသည်မှာ တကယ့်ကို ခိုင်မာပြီး အလွန်အမင်း ခွန်အားသုံးထားသော ပွေ့ဖက်မှုတစ်ခုပင်။
ရှောင်းလိသည် လက်မောင်းနှစ်ဖက်ကို စုစည်းလိုက်ရာ ထိုလက်က သူမ၏ ခါးကို တင်းကြပ်စွာ ဖက်ထားလေသည်။ သံချပ်ကာအင်္ကျီပေါ်ရှိ သွေးကွက်များက နှင်းလိုဖြူဖွေးနေသော သူမ၏ ခြုံလွှာကို ပွတ်တိုက်မိကာ ဖရိုဖရဲ ဖြစ်သွားစေသည်။ သူမ၏ ခြုံလွှာကော်လာနှင့် တစ်ဝက်ခန့် ထုံးဖွဲ့ထားသော ဆံနွယ်နက်နက်များကြားတွင် မျက်နှာအပ်လျက် အစွမ်းကုန် အသက်ရှူနေ၏။ အသက်ရှူသံများက လေးလံလွန်းပြီး ပြင်းထန်လွန်းလှရာ ဒဏ်ရာရထားသော သားရဲတစ်ကောင်ကဲ့သို့ နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့နေသော အဓိပ္ပါယ်များ ပြည့်နှက်နေသည်။
ဘယ်လောက်ပဲ မကျေနပ်ဖြစ်နေပါစေ၊ သူမကို ဘာမှ မလုပ်နိုင်ခဲ့ချေ။
ဝိန်းယွီက အဖိခံထားရသဖြင့် မျက်နှာတစ်ခြမ်းက ရေခဲတမျှ အေးစက်နေသော သူ၏ ရင်အုပ်ကာပေါ်တွင် ကပ်နေသည်။ နားထဲတွင် ကြားနေရသည်မှာ လေတိုက်သံများမှလွဲ၍ သံချပ်ကာအင်္ကျီ တစ်ထပ်ခြားပြီး ထွက်ပေါ်လာသော သူ၏ ပြင်းထန်သည့် နှလုံးခုန်သံများသာ ကျန်ရှိတော့ပြီး တစ်စုံတစ်ယောက်က ဗုံကို ထုနှက်နေသည့်အလားပင်။
သူမ၏ ရင်ဘတ်ထဲတွင် အကြောင်းပြချက် မရှိဘဲ ခါးသီးသော ခံစားချက်တစ်ခု မြင့်တက်လာသည်။
ဤအရာက သူမနှင့် သူ့ကြားတွင် တစ်ခုတည်းသော စစ်မှန်သည့် ပွေ့ဖက်မှုတစ်ခု ဖြစ်ပုံရ၏။
နားနားတွင် ရှောင်းလိ၏ အလွန်အမင်း ဖိနှိပ်ထားပြီး နာကျင်လွန်းသဖြင့် ရက်စက်သောအသံ ထွက်ပေါ်လာလေသည်။ “မင်းက လူတိုင်းအပေါ် ဒီလိုပဲ ရက်စက်တတ်တာလား”
သူက သူမနှင့် အလွန်နီးကပ်နေပြီး စကားပြောနေစဉ် ထွက်ပေါ်လာသော အပူငွေ့များက သူမ၏ နားရွက်ပေါ်သို့ အကုန်ကျရောက်နေကာ ချစ်သူများကြား တိုးတိုးလေး ပြောနေသည့်အလား ရင်းနှီးကျွမ်းဝင်လွန်းနေသည်။
သူမ၏ ကျောပြင်ပေါ်တွင် ဖိထားသော ထိုလက်ကလည်း ခွန်အားအလွန်သုံးထားသဖြင့် ခြုံလွှာကို ဆွဲကိုင်ထားရာ အရေးအကြောင်းများပင် ထင်သွားသည်။ ထိုအဝတ်အစား အလွှာကို ထိုးဖောက်ကာ၊ သွေးသားနှင့် အရိုးများကို ထပ်မံ ထိုးဖောက်ပြီး သူမ၏ ရင်ဘတ်ထဲတွင် ခုန်လှုပ်နေသော နှလုံးသားကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် သူမတွင် စစ်မှန်သော နှလုံးသား တကယ် ရှိမရှိကို မေးခွန်းထုတ်ချင်နေသည့်ပုံပင်။
သို့သော် သူ ပြောလိုက်သည့် စကားမှာကား... “ငါ မင်းကို ထပ်ပြီး မချစ်တော့တော့ဘူး၊ ဝိန်းယွီ”
သူမ၏ ခါးကို တင်းကြပ်စွာ ဖက်ထားသော လက်ကမူ နည်းနည်းလေးမျှ လွှတ်ပေးမည့် အရိပ်အယောင် မရှိသည့်အပြင် ပိုလို့ပင် တင်းကြပ်လာသည်။
ဝိန်းယွီက ကျောပြင်မှ နာကျင်မှုကို သည်းခံလိုက်မှသာ ရင်ဘတ်ထဲက နာကျင်မှုများ အနည်းငယ် လျော့ပါးသွားသည်ဟု ခံစားလိုက်ရ၏။
ရှောင်းလိ၏ ပခုံးပေါ်တွင် တင်ထားသော သူမ၏ လက်တစ်ဖက်က ဖြည်းညင်းစွာ လက်သီးဆုပ်သွားပြီး ခံစားချက်များ အားလုံးကို အစွမ်းကုန် ထိန်းချုပ်ကာ အလွန်တိုးညှင်းပြီး အလွန် တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
“အင်း”
ရှောင်းလိ၏ အသက်ရှူသံများက ပိုပြင်းထန်လာသည်။ သူ့ဖက်က သူမကို ဖက်ထားခြင်း ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် တကယ်ပဲ ပြိုကျပျက်စီးသွားသော ကျောက်ဆောင်ကြီး တစ်ခု ဖြစ်သွားသည့်အလား ဝိန်းယွီက ထောက်ပံ့ပေးထားမှသာ ဘယ်အချိန်ကတည်းက ပြန်လည် ပြင်းထန်လာမှန်းမသိသော ဤလေနှင်းများကြားတွင် ရပ်တည်နိုင်တော့မယောင်။
သူက အလွန်ကြီးမားသော ခွန်အားကို သုံးလိုက်ပုံရပြီး သူမ၏ နားနားတွင် နာကျင်ကာ ရက်စက်စွာဖြင့် ဆက်လက် တိုးတိုးလေး ပြောလိုက်၏။ “ငါလည်း တခြား မိန်းမတစ်ယောက်နဲ့ လက်ထပ်ပြီး သူနဲ့ သားသမီးတွေ မွေးမယ်”
အသက်ရှူလိုက်တိုင်းတွင် ဝိန်းယွီ၏ ကိုယ်သင်းနံ့နှင့် သူမ၏ ဆံပင်အနံ့များသာ ပြည့်နှက်နေသည်။ ရင်ဘတ်ထဲတွင် အလွန် မွန်းကျပ်နေပြီး အလွန် ယောင်ယမ်းနေကာ အလွန် စူးရှစွာဖြင့် နာကျင်နေကြောင်း အော်ဟစ်လို့နေသည်။
ရှောင်းလိက သူကိုယ်သူ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရ၏။
ငါသာ ဒီလောကကြီးထဲမှာ သွေးတွေ၊ အသားစတွေအဖြစ် ပေါက်ကွဲထွက်သွားရင်ရော သူက နာကျင်ရမှာလား။ ငါ့ကို တစ်ချက်လောက် ပိုကြည့်ပေးမှာလား။
ဝိန်းယွီက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး ပြောထွက်လာသည်မှာ အလွန်တိုးညှင်းသော စကားတစ်ခွန်းသာ။
“ကောင်းပါပြီ”
ကောင်းပါပြီ။
ထိုစကားလုံးက ရှောင်းလိ၏ နောက်ဆုံး မျှော်လင့်ချက်လေးကို ရိုက်ချိုးပစ်လိုက်သည့်အလားပင်။ သူက နှလုံးနာကျင်လောက်အောင် နီရဲနေသော မျက်လုံးများကို လေးလံစွာ မှိတ်ချလိုက်ပြီး နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်ချိန်တွင်မူ ခံစားချက်များ အားလုံးကို ဖိနှိပ်လိုက်ဟန်တူသည်။
သူက ဝိန်းယွီကို တင်းကြပ်စွာ ဖက်ထားသော လက်မောင်းနှစ်ဖက်ကို ဖြေလျှော့ပေးလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ ပြောလိုက်လေသည်။ “မင်း သွားတော့”
ဝိန်းယွီက သူ့ကို ခဏတာ စိုက်ကြည့်နေပြီးနောက် ခြေလှမ်းများကို လှည့်ကာ စောစောက သူ၏ မြားဖြင့် မြေပြင်တွင် သံမှိုစွဲခံထားရသော တိုးကျန့်လျန်ဆီသို့ လျှောက်သွားလိုက်သည်။
ရှောင်းလိ၏ ထိုမြားက တိုးကျန့်လျန်၏ ညာဘက်ရင်အုံကို ချိန်ရွယ်ထားခြင်း ဖြစ်သည်။ ယခုအချိန်တွင် သွေးများက ဒဏ်ရာကို ပိတ်ဆို့သွားပုံရပြီး မြားပေါက်မှ စိမ့်ထွက်နေသော သွေးရောင်က ထိတ်လန့်စရာ သိပ်မကောင်းတော့ချေ။ သို့သော် သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ် ထွက်ကျနေရာ ထိုမြားကြောင့် တခြား ကိုယ်တွင်းအင်္ဂါများကိုပါ ထိခိုက်သွားသလား မသိနိုင်ပေ။
ဝိန်းယွီက သူ၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြောလိုက်၏။ “မင်း အသက်မရှင်နိုင်တော့ဘူးဆိုတာကို မင်း သိသင့်တယ်။ ဒါပေမယ့် မင်းရဲ့ ဇနီး၊ သားသမီး၊ မိဘတွေနဲ့ ဆွေမျိုးတွေ အားလုံးက နန်ချန်ရဲ့ အကျဉ်းထောင်ထဲမှာ တကယ် အဖမ်းခံထားရတုန်းပဲ။ မာကျားလျန် တိုက်ပွဲမှာ ကျန်းမိသားစုက တကယ်ပဲ ပါဝင်ပတ်သက်ခဲ့သလား ဆိုတာကို ငါ့ကို အမှန်အတိုင်း ပြောပြပါ။ တကယ်လို့ ရှိတယ်ဆိုရင်ရော ဘာသက်သေ ရှိလဲ။ ရန်သူနဲ့ ပူးပေါင်းပြီး နိုင်ငံကို သစ္စာဖောက်တာက ဆွေစဉ်မျိုးဆက် ကိုးဆက်ကို သတ်ဖြတ်ရမယ့် အပြစ်ကြီးပဲ။ တကယ်လို့ ဒါက မင်း တစ်ယောက်တည်း လုပ်ခဲ့တာ မဟုတ်ဘူးဆိုရင် မင်းရဲ့ တိုးမိသားစုက အနည်းဆုံးတော့ ကိုးဆက်လုံး သတ်ဖြတ်ခံရမှာ မဟုတ်ဘူး”
ယခုအချိန်တွင် တိုးကျန့်လျန်က အစောပိုင်းက ဝိန်းယွီ၏ အကြံအစည်တွင် ကျော့ကွင်းမိသွားခဲ့မှန်းကို မည်သို့ မသိဘဲ နေမည်နည်း။
သူ၏ မျက်လုံးများတွင် မကျေနပ်မှုများ ရှိနေပုံရသော်လည်း သူ၏ ကံကြမ္မာ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်းကို နားလည်သွားသည်။ သူက အရပ်မျက်နှာ တစ်ခုဆီသို့ တည်ငြိမ်စွာ စိုက်ကြည့်နေပြီး မျက်လုံးများမှ နောက်ကျိသော မျက်ရည်များ စီးကျလာကာ ပြောလိုက်လေသည်။
“ကျွန်တော်... ကျွန်တော်က လောဘတက်သွားလို့... အဲ့ဒီ သူခိုးဖေရဲ့ အကြံအစည်မှာ အမိခံလိုက်ရတာပါ”
သူက ယွီကျင်းဝမ်သည် မာကျားလျန် အမှုကိစ္စကို သူကိုယ်တိုင် စီစဉ်လာစေရန် မည်သို့ ထောင်ချောက်ဆင်ခဲ့ပုံ အစအဆုံးကို ခက်ခက်ခဲခဲ ရှင်းပြပြီးနောက် ဝိန်းယွီကို အာမခံချက် တစ်ခုခု တောင်းဆိုချင်နေသည့်အလား ကြည့်လိုက်သည်။ စကားပြောလိုက်တိုင်းတွင် အသက်ရှူသွင်းသံများသာ ပြည့်နှက်နေ၏။
“ဒီအကြံအစည်က... ကျွန်တော် တင်ပြခဲ့တာ အမှန်... အမှန်ပါပဲ။ ဒါပေမယ့်... ဒါပေမယ့် အမတ်ချုပ်ကျန်းက သဘော... သဘောတူခဲ့တာပါ။ အဲ့ဒီ ရွှေ... ရွှေသစ်ရွက် နှစ်ရွက်က... သဘော... သဘောတူတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သူက ကျွန်တော့်ကို အဲ့ဒီ... ရွှေသစ်ရွက်တွေ မပေးခဲ့ဘူးဆိုရင်... ကျွန်တော်... ကျွန်တော်လည်း ဒီလို... ဒီလို ခေါင်း... ခေါင်းပြတ်မယ့် ကိစ္စမျိုးကို မလုပ်ရဲပါဘူး”
ဝိန်းယွီက တည်ငြိမ်စွာ မေးလိုက်သည်။ “အဲ့ဒီစာလည်း မရှိဘူး၊ ကျန်းမိသားစုရဲ့ လူယုံလည်း မရှိဘူးဆိုတဲ့ သဘောလား”
တိုးကျန့်လျန်က ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်သည်။
ဝိန်းယွီက ထပ်မေးလိုက်၏။ “အဲ့ဒီ ရွှေသစ်ရွက် နှစ်ရွက်က အခု ဘယ်မှာလဲ”
တိုးကျန့်လျန်က တုန်တုန်ယင်ယင်ဖြင့် ရင်ခွင်ထဲမှ စမ်းသပ်ထုတ်ယူလိုက်သည်။
သူက အချိန်တစ်လျှောက်လုံး ကိုယ်ပေါ်တွင် ယူဆောင်ထားခဲ့ခြင်းပင်။
ဝိန်းယွီက လှမ်းယူလိုက်ပြီးနောက် လက်ကိုင်ပဝါ တစ်ထည်ဖြင့် ကောင်းစွာ ထုပ်ပိုးလိုက်ပြီး သူ့ကို ပြောလိုက်လေသည်။ “မင်းရဲ့ အပြစ်အတွက်ဆိုရင် ငါက မင်းအတွက် နည်းနည်းလေးတောင် လျှော့ပေးမှာ မဟုတ်ဘူး။ မင်းရဲ့ အပြစ် မဟုတ်ဘူးဆိုရင်လည်း ငါက မင်းအပေါ် နည်းနည်းလေးတောင် ပိုပြီး အပြစ်တင်မှာ မဟုတ်ဘူး။ မင်းက မာကျားလျန်မှာ ဝေ့စစ်တပ်ကို သတ်ဖြတ်ဖို့ အဆိပ်ပြင်းတဲ့ အကြံအစည်ကို တစ်ယောက်တည်း စီစဉ်ခဲ့တယ်။ မြေအောက်မှာ မတရားသေဆုံးသွားတဲ့ စစ်သည် နှစ်သောင်းက တရားမျှတမှုအတွက် စောင့်ဆိုင်းနေကြတယ်။ တိုးကျန့်လျန်... ဒါတွေ အားလုံးက မင်းဘာသာမင်း အပြစ်ရှာခဲ့တာပဲ။ ဒါပေမယ့် မင်းက အကြံပေးပြီးတဲ့နောက် ကျန်းမိသားစုရဲ့ အမိန့်ကို နာခံပြီး လုပ်ဆောင်ခဲ့တာဆိုတော့ ဆွေစဉ်မျိုးဆက် ကိုးဆက်လုံး သတ်ဖြတ်ခံရလောက်တဲ့အထိတော့ မဖြစ်ပါဘူး။ ငါက မင်းရဲ့ မျိုးဆက်ငါးဆက် အပြင်ဘက်က ဆွေမျိုးတွေကို ကာကွယ်ပေးပါ့မယ်”
ဤစကားများကို ပြောပြီးနောက် ဝိန်းယွီက မတ်တတ်ရပ်လိုက်ပြီး ကုန်းစွန်းစန်းနျန်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒီရက်ပိုင်းတွေမှာ သူရဲကောင်းမလေးရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ရပါတယ်”
ကုန်းစွန်းစန်းနျန်က သူမ၏ အဆင့်အတန်းကို သိလိုက်ရကတည်းက အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် မဆန်းပါဘူးဟု တွေးလိုက်မိသည်။ သို့သော် ထိုအချိန်က အခြေအနေသည် အရေးပေါ်နေသဖြင့် အချိန်အကြာကြီး မအံ့ဩရဲခဲ့ချေ။ ဝိန်းယွီက တိုးကျန့်လျန်ကို မည်သို့ မျက်စိလည်လမ်းမှားဖြစ်အောင် လှည့်စားခဲ့ပုံကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရပြီးနောက်တွင်မူ ဝိန်းယွီအပေါ် ပိုလို့ပင် အကြွင်းမဲ့ လေးစားသွားခဲ့တော့သည်။
ယခုအချိန်တွင် ဝိန်းယွီက ကျေးဇူးတင်စကား ပြောလာသဖြင့် သူမက မခံယူဝံ့ပါဘူးဟု အမြန် ပြန်ပြောလိုက်၏။
ဝိန်းယွီက ပြောလိုက်လေသည်။ “သူရဲကောင်းမလေးရဲ့ အရင်အလုပ်က ပြီးသွားလောက်ပြီ။ ကျွန်မက သူရဲကောင်းမလေးကို ကျွန်မနဲ့အတူ လိုက်ပါစောင့်ရှောက်ပေးဖို့ တောင်းဆိုချင်တယ်။ ဒီအလုပ်ကို သူရဲကောင်းမလေး လက်ခံနိုင်မလား”
ကုန်းစွန်းစန်းနျန်က ရှောင်းလိကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ပွင့်လင်းစွာ ပြောလိုက်၏။ “လက်ခံတာပေါ့”
ဝိန်းယွီက ပြောလိုက်သည်။ “အခကြေးငွေကိုတော့ ကျွန်မရဲ့ လူတွေနဲ့ ပြန်ဆုံပြီးမှ သူရဲကောင်းမလေးကို ပေးပါ့မယ်”
ပြောပြီးသည်နှင့် သူမက ရှောင်းလိ၏ အရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး သူမ၏ တောင်းဆိုချက်ကို တည်ငြိမ်စွာ တင်ပြလိုက်၏။ “ကျွန်မက အုပ်ချုပ်ရေးမှူးရှောင်းကို စစ်သည်တစ်ယောက်မှ မကုန်ဆုံးစေဘဲ တိုးကျန့်လျန်ဆိုတဲ့ ဒီသူခိုးကို ဖမ်းဆီးနိုင်အောင် ကူညီပေးခဲ့တယ်။ အုပ်ချုပ်ရေးမှူးရှောင်းက ဝေ့ချီရှန်းဆီမှာလည်း ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ထပ်ရနိုင်တယ်။ ဒီအကြောင်းပြချက်နဲ့ ကျွန်မက အုပ်ချုပ်ရေးမှူးဆီကနေ မြန်ဆန်တဲ့ မြင်းနှစ်ကောင်ကို တောင်းတာ၊ စည်းမကျော်ပါဘူးနော်”
ရှောင်းလိက သူမကို စူးစိုက်ကြည့်နေပြီး မျက်လုံးများက အနည်းငယ် နီရဲနေသည်။ နောက်ဆုံးတွင်တော့ ကျန်းဟူကို အမိန့်ပေးလိုက်သည်။
“ကျန်းဟူ၊ သူ့ကို မြင်းနှစ်ကောင် ပေးလိုက်”
ကျန်းဟူက ကိစ္စများ ဤကဲ့သို့ ဦးတည်ချက်ပြောင်းသွားမည်ကို လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အလောတကြီး ပြောလိုက်၏။ “မဟုတ်ဘူးလေ... အစ်ကို(၂)...”
ရှောင်းလိကမူ ဒေါသထွက်လွန်းသဖြင့် မီးတောက်များကို မထိန်းချုပ်နိုင်တော့သည့်အလား အော်ဟစ်လိုက်လေသည်။ “သူ့ကို ပေးလိုက်စမ်း”
ဝိန်းယွီ၏ ခြုံလွှာနှင့် အင်္ကျီများပေါ်တွင် စောစောက သူနှင့် ဖက်လိုက်စဉ်က ပေကျံသွားသော သွေးကွက်များ အပြည့်ရှိနေဆဲဖြစ်ပြီး တည်ငြိမ်ကာ အနည်းငယ် ပြတ်သားနေသော အကြည့်များဖြင့် ရှောင်းလိနှင့် မျက်လုံးချင်း ဆုံနေသည်။
ကျန်းဟူက စစ်မြင်းနှစ်ကောင်ကို အမြန် ဆွဲခေါ်လာခဲ့သည်။
ဝိန်းယွီသည် မြင်းပေါ်သို့ တက်လိုက်ပြီးနောက် မည်သူ့ကိုမှ ထပ်မကြည့်တော့ဘဲ နှင်းပွင့်ကြီးများကို ဖြတ်သန်းကာ မြင်းကျာပွတ်ကို ရိုက်လျက် တိုက်ရိုက် ထွက်ခွာသွားတော့၏။
ကုန်းစွန်းစန်းနျန်ကလည်း မြင်းကို နှင်ကာ အမြန် လိုက်သွားခဲ့သည်။
ရှောင်းလိက နောက်ဆုံးတွင် တောင့်မခံနိုင်တော့သည့်အလား ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်လေသည်။
သူသည် သုံးရက်ဆက်တိုက် မျက်စိမမှိတ်ခဲ့ရချေ။ ထိုလူရိုင်းစစ်တပ်ကို လိုက်လံတိုက်ခိုက်စဉ်ကလည်း ဒဏ်ရာဟောင်းကို ပြန်ပေါ်လာစေခဲ့ပြီး ယခုအချိန်အထိ တောင့်ခံထားရခြင်းက အစွန်းရောက်နေပြီ ဖြစ်သည်။
ကျန်းဟူ၊ စုန့်ချင်နှင့် အခြားသူများက လန့်ဖျပ်သွားကြပြီး “အစ်ကို(၂)”၊ “အုပ်ချုပ်ရေးမှူး” ဟု အော်ခေါ်ကာ အရှေ့သို့ အလျင်အမြန် ဝိုင်းရံသွားကြ၏။
ရှောင်းလိက အဆုတ်ထဲသို့ ဝင်ရောက်လာသော ရေခဲတမျှ အေးစက်သည့် လေထုကို ရှူရှိုက်လိုက်ပြီး သူ ဘာမှမဖြစ်ပါဘူးဟု ပြောချင်နေသော်လည်း အရှေ့တွင် မြင်းခွာသံများ အလျင်စလို ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ဝိန်းယွီက မြင်းပေါ်မှ ဆင်းလာပြီး သူ့အရှေ့တွင် ရပ်တန့်သွားသည်။
ရှောင်းလိက သူ၏ လက်ခုံဖြင့် နှုတ်ခမ်းဘေးရှိ သွေးကွက်များကို သုတ်ဖယ်လိုက်ပြီး ဤအခိုက်အတန့်တွင် သူ၏ သနားစရာကောင်းသော အခြေအနေကို သူမအား မမြင်စေချင်သဖြင့် အေးစက်မာကျောစွာ မေးလိုက်လေသည်။
“မင်း သွားတော့မယ်ဆို”
ဝိန်းယွီက ပြောလိုက်၏။ “မိုးချုပ်တော့မယ်။ ချင်းယွင်အစောင့်တပ်ဆီကို ကျွန်မ သတင်းပို့ပါရစေဦး”
သူမက သူ့ကို စိုက်ကြည့်လိုက်ပြီး “ရှင် တရေးနိုးလာပြီးမှပဲ ကျွန်မ သွားတော့မယ်”
...