← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အပိုင်း (၁၇၀.၁)

ရှောင်းလိသည် သူ၏ရင်ခွင်ထဲတွင် မျက်လုံးမှိတ်ကာ အနားယူနေသော ဝိန်းယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကို မနှိုးမိစေရန် အလွန်ဂရုတစိုက် ထလိုက်သည်။

လာရောက်သူမှာ ကျန်းဟွိုင် ဖြစ်၏။

သူသည် အနည်းငယ် အလျင်စလို ရောက်ရှိလာခဲ့ပြီး အသက်ရှူသံများ မမှန်ဖြစ်နေခဲ့သည်။ ရှောင်းလိကို မြင်လိုက်ရသောအခါ သူhအကြည့်က ရှောင်းလိ၏ လည်ပင်းဘေးရှိ ထင်ရှားသော ကိုက်ရာပေါ်သို့ အခိုက်တန့် ကျရောက်သွားပြီး အနည်းငယ် မျက်မှောင် ကြုတ်သွားပုံရလေသည်။ ကျင့်ဝတ်နှင့်အညီ ရိုသေစွာ အရိုအသေပေးပြီးနောက် သူက မေးလိုက်၏။ "အုပ်ချုပ်ရေးမှူးက ဟန့်ယန်မင်းသမီးနောက်ကို လိုက်ပြီး လျန်စစ်စခန်းကို ပြန်ဖို့ ရည်ရွယ်ထားတာလားဆိုတာ ကျွန်တော်မျိုး မေးလို့ရမလား"

ရှောင်းလိ၏ အတွေးများက အခြားတစ်နေရာတွင် ရစ်ဝဲနေပုံရပြီး ဤစကားကို ကြားသောအခါ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခု ပေါက်ကြားသွားသည့်အလား သူ၏ မည်းနက်သော မျက်လုံးများကို ပင့်ကြည့်လိုက်လေသည်။ "မင်း ဘာလို့ အဲ့ဒီလို ပြောတာလဲ"

ကျန်းဟွိုင်က ပြန်ဖြေလိုက်၏။ "အုပ်ချုပ်ရေးမှူးမှာ အဲ့ဒီလို ရည်ရွယ်ချက် မရှိဘူးဆိုရင်တော့ ကောင်းတာပေါ့..."

ရှောင်းလိက နေ့လယ်အိပ်ကုတင်ပေါ်တွင် အနားယူနေဆဲဖြစ်သော ဝိန်းယွီကို အလိုလို လှည့်ကြည့်လိုက်သည်။ သူမက နှစ်ခြိုက်စွာ အိပ်ပျော်သွားပုံရသည်ကို မြင်သောအခါ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူမကို နှိုးမိမည်ကို စိုးရိမ်သဖြင့် ကျန်းဟွိုင်ကို စကားမပြောတော့ရန် အချက်ပြလိုက်၏။ အသံကို နှိမ့်ကာ သူက ပြောလိုက်လေသည်။ "အနောက်ဘက် စင်္ကြံလမ်းမှာ သွားပြောကြရအောင်"

သူ တံခါးကို ပိတ်လိုက်ပြီး သူတို့နှစ်ယောက် ထွက်သွားပြီးနောက် စားပွဲငယ်လေးကို မှီကာ ခပ်ဖွဖွ အိပ်ပျော်နေသော ဝိန်းယွီသည် မျက်လုံးများကို ဖွင့်လိုက်၏။

လမင်းကဲ့သို့ ကြည်လင်သော သူမ၏ မျက်လုံးများသည် မည်းနက်ကာ တည်ငြိမ်နေပြီး ခံစားချက် တစ်စုံတစ်ရာမျှ ဖော်ပြနေခြင်း မရှိချေ။

ရှောင်းလိကို သူမနှင့်အတူ လိုက်ပါမည်လားဟု မေးရန် ရည်ရွယ်ခဲ့သော်လည်း ယခုတော့ မလိုအပ်တော့ဟု ထင်ရလေသည်။

မြောက်ပိုင်းနယ်စပ်တွင် သူ ကြိုးပမ်းတည်ဆောက်ထားသမျှကို စွန့်လွှတ်ရန် သူ့ကို အတင်းအကျပ် ဖိအားပေးခြင်းက သူ့အတွက် အမှန်တကယ်ပင် မတရားရာ ကျပေလိမ့်မည်။

ထို့အပြင် သူ၏ အရည်အချင်းကို အသိအမှတ်ပြုခဲ့သော ဝေ့ချီရှန်းပဲဖြစ်ဖြစ်၊ သူနှင့်အတူ ယှဉ်တွဲတိုက်ပွဲဝင်ခဲ့သော ညီအစ်ကိုတွေပဲဖြစ်ဖြစ်၊ သူတို့အတွက် ဖြေရှင်းချက်တစ်ခု ပေးရန် သူ့တွင် တာဝန်ရှိနေလေသည်။

ကိစ္စမရှိပါဘူးလေ။

သူမနှင့် သက်ဆိုင်သောအရာကို သူမ တစ်နေ့တွင် ပြန်လည် တောင်းခံမည်သာ။

သူတို့ ခြံဝင်းတံခါးမှ ထွက်လာသည်နှင့် ကျန်းဟွိုင်သည် ရှောင်းလိ၏ အနောက် ခြေတစ်ဝက်ခန့်တွင် နေကာ လမ်းလျှောက်ရင်း စကားပြောလိုက်၏။

"လက်ရှိ အခြေအနေက ရှုပ်ထွေးနေတယ်။ လူထုထောက်ခံမှု အများဆုံး ရရှိထားတဲ့ အင်အားစု နှစ်ခုကတော့ ယခင်လျန်နဲ့ ဝေ့ချီရှန်း ပြန်လည်တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ ယခင်ကျင့် တို့ပဲ။ ယခင်လျန်က အုပ်ချုပ်ရေးမှူးကို အဆိပ်လူးမြားနဲ့ ဒုက္ခပေးခဲ့ပြီးပြီ— သူတို့က အုပ်ချုပ်ရေးမှူးအပေါ် ဘာသစ္စာစောင့်သိမှုမှ မပြခဲ့ဘူး။ အခု ဝေ့ချီရှန်းက အုပ်ချုပ်ရေးမှူးကို သတိထားနေတယ် ဆိုပေမယ့်လည်း သူက အုပ်ချုပ်ရေးမှူးကို အများကြီး အားကိုးနေရတုန်းပါပဲ။ တကယ်လို့ အုပ်ချုပ်ရေးမှူးက ဝေ့ကနေ ထွက်ခွာပြီး ယခင်လျန်ဆီကို ပြန်သွားမယ်ဆိုရင် အုပ်ချုပ်ရေးမှူး လက်အောက်က ညီအစ်ကိုတွေက မြောက်ပိုင်းဝေ့မှာ ရရှိထားတဲ့ ယုံကြည်မှုမျိုး လျန်စစ်စခန်းမှာ ရဖို့ ခက်ခဲရုံတင်မကဘဲ အုပ်ချုပ်ရေးမှူးကိုယ်တိုင်လည်း အကျဉ်းချခံရဖို့ များတယ်"

သူက သက်ပြင်းချလိုက်၏။ "တကယ်လို့ အုပ်ချုပ်ရေးမှူးက ကိုယ်ပိုင် အင်အားစုကို တည်ထောင်ချင်တယ်ဆိုရင် ဝေ့ချီရှန်းနဲ့ သဘောတရားရေးရာ ကွဲလွဲမှုတွေကို အကြောင်းပြချက်အဖြစ် သုံးနိုင်ပါတယ်။ မြောက်ပိုင်းဝေ့အတွက် အုပ်ချုပ်ရေးမှူး လုပ်ပေးခဲ့တဲ့ ကျေးဇူးတွေကြောင့် ဝေ့ချီရှန်းက အနည်းဆုံးတော့ အုပ်ချုပ်ရေးမှူးအပေါ် လူသိရှင်ကြား အပြစ်တင်မှာ မဟုတ်ပါဘူး— မဟုတ်ရင် မြောက်ပိုင်းဝေ့အတွက် ဂုဏ်သိက္ခာ ကျဆင်းစေလိမ့်မယ်"

"ဒါပေမယ့် အုပ်ချုပ်ရေးမှူးသာ လျန်စစ်စခန်းကို ပြန်သွားမယ်ဆိုရင် ယိုးကျိုးစစ်ဆင်ရေး အောင်ပွဲခံ စားသောက်ပွဲမှာ ဒုတိယသခင်လေးဝေ့က အုပ်ချုပ်ရေးမှူးအပေါ် လုပ်ကြံစွပ်စွဲခဲ့တဲ့ စွပ်စွဲချက်တွေက မြောက်ပိုင်းဝေ့ရဲ့ အမြင်မှာ မှန်ကန်သွားလိမ့်မယ်"

ကျန်းဟွိုင်၏ မျက်နှာအမူအရာက ရှုပ်ထွေးနေပြီး သူက ဆက်ပြောလိုက်၏။ "အဲ့ဒီတုန်းက မာကျားလျန်တိုက်ပွဲမှာ ဖေစုန့်က လျန်စစ်စခန်းကို ထိခိုက်စေဖို့ ကောလာဟလတွေ ဖြန့်ခဲ့တုန်းက မြောက်ပိုင်းဝေ့ကလည်း မီးလောင်ရာ လေပင့် လုပ်ခဲ့တယ်။ တကယ်လို့ အုပ်ချုပ်ရေးမှူးက မြောက်ပိုင်းဝေ့အတွက် ဆက်ပြီး အမှုမထမ်းတော့ဘဲ လျန်စစ်စခန်းကို ပြန်သွားမယ်ဆိုရင် ဝေ့ချီရှန်းက... အတိတ်က သံယောဇဉ်တွေကို ဆက်ပြီး အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး"

အစပိုင်းတွင် ဝေ့ချီရှန်းသည် လျန်အမတ်တစ်ဦးဖြစ်ပြီး နှစ်ဖက်စလုံးက ဖေစုန့်ကို ဆန့်ကျင်ရန် တူညီသော ရည်မှန်းချက် ရှိသောကြောင့် လျန်နှင့် ဝေ့ စစ်စခန်းများက မဟာမိတ်ဖွဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မာကျားလျန်တိုက်ပွဲကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ ဝေ့ချီရှန်းသည် ကျင့်အမတ်အဖြစ် ပြန်လည်နေရာယူလာသဖြင့် လျန်နှင့် ဝေ့ စစ်စခန်းများအကြား ပဋိပက္ခမှာ ရှောင်လွှဲ၍မရနိုင်တော့ချေ။ ထို့ကြောင့် ရှောင်းလိကို လျန်စစ်သူကြီးတစ်ဦးပြန်ဖြစ်လာဖို့ သူတို့က ခွင့်ပြုမည် မဟုတ်ပေ။

ရှောင်းလိသည် လျန်စစ်စခန်းမှ စေလွှတ်လိုက်သော သူလျှိုတစ်ဦးဖြစ်ကြောင်း မြောက်ပိုင်းဝေ့က ကောလာဟလများ ဖြန့်ကာ သူ၏ ဂုဏ်သိက္ခာကို မှားယွင်းသော စွပ်စွဲချက်များဖြင့် ညှိုးနွမ်းစေပြီး ယင်းကို အသုံးပြု၍ လျန်စစ်စခန်းအား တိုက်ခိုက်မည်လား ဆိုသည်မှာ မသေချာသေးပေ။

ရှောင်းလိ၏ ဗျူဟာမှူးတစ်ဦးအနေဖြင့် ကျန်းဟွိုင်သည် ရှောင်းလိနှင့် သူတို့ထုန်ကျိုးစစ်တပ်၏ အကျိုးစီးပွားများကို သဘာဝကျစွာပင် ပထမဦးစားပေးခဲ့သည်။ သူက ရှောင်းလိ၏ အမူအရာကို လေ့လာပြီး နောက်ဆုံး တိုက်ခိုက်မှုကို ပြုလုပ်လိုက်၏။ "ဒီ့အပြင် တစ်ချိန်က အုပ်ချုပ်ရေးမှူးကို သံသယဝင်ပြီး သေဒဏ်ပေးခဲ့တဲ့ လျန်စစ်စခန်းဟာ— ဒီလို အဖြစ်အပျက်မျိုးတွေ ထပ်မဖြစ်လာဘူးလို့ အုပ်ချုပ်ရေးမှူးက ဘယ်လိုလုပ်ပြီး သေချာပေါက် ပြောနိုင်မှာလဲ"

လခြမ်းပုံတံခါးဝ၏ အဆုံးတွင် မက်မွန်ကိုင်းတစ်ကိုင်းသည် မနေ့ညက စုပုံနေသော ဆီးနှင်းများ၏ အလေးချိန်ကြောင့် ကျိုးကျနေခဲ့သည်။ ကျိုးပဲ့နေသော အစွန်းပိုင်းသည် နှင်းခဲပါးပါးတစ်လွှာဖြင့် ဖုံးလွှမ်းနေပြီဖြစ်ပြီး တစ်ဝက်တစ်ပျက် ပွင့်နေသော အနီရောင် ပန်းပွင့်များကသာ အေးစက်သော လေပြင်းထဲတွင် သူတို့၏ တောက်ပသော ဝတ်ဆံများကို ရဲရင့်စွာ ဖြန့်ကြက်ထားဆဲ ဖြစ်လေသည်။

ရှောင်းလိ၏ နက်ရှိုင်းပြီး အေးစက်သော မျက်လုံးများသည် လွင့်ဝဲနေသော ဆီးနှင်းပွင့်များ ပြည့်နှက်နေသည့် ဆောင်းလေပြင်းထဲတွင် နစ်မြုပ်နေပုံရ၏။ သူက "ငါ့ အတိုင်းအတာကို ငါ သိပါတယ်" ဟုသာ ပြောလိုက်လေသည်။

ကျန်းဟွိုင်က လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ်ပြီး ပြောလိုက်သည်။ "တကယ်လို့ အုပ်ချုပ်ရေးမှူးက ကြီးမြတ်တဲ့ ရည်မှန်းချက်တွေအတွက် လှုပ်ရှားမယ်ဆိုရင် သေချာပေါက် ကျဆုံးရမယ့် လမ်းဖြစ်နေရင်တောင် ဟွိုင်က လိုက်ပါမှာပါ။ ဒါပေမယ့် ကိုယ်ရေးကိုယ်တာ သံယောဇဉ်တွေအတွက် ဆိုရင်တော့ ပြန်စဉ်းစားဖို့ အုပ်ချုပ်ရေးမှူးကို ကျွန်တော် တောင်းဆိုပါတယ်။ အုပ်ချုပ်ရေးမှူးကြောင့် လျန်စစ်စခန်းက ဝေ့စစ်စခန်းဆီကနေ နောက်ထပ် ဝေဖန်စရာ အချက်တစ်ခု ရသွားမယ်ဆိုရင် ပိုကြီးမားတဲ့ ဗျူဟာအတွက် လျန်စစ်စခန်းက အုပ်ချုပ်ရေးမှူးရဲ့ ဝန်ဆောင်မှုကို ဆက်ပြီး တန်ဖိုးမထားတော့မှာ ကျွန်တော် စိုးရိမ်မိပါတယ်"

ရှောင်းလိ၏ မျက်နှာအမူအရာက အေးစက်ကာ မှိုင်းတွေနေဆဲပင်။ သူ ထပ်မတုံ့ပြန်ခဲ့ချေ။

ကျန်းဟွိုင်၏ စကားများက သူ၏ စိုးရိမ်ပူပန်မှုများထဲမှ တစ်ခုကို အမှန်တကယ်ပင် ထိမိသွားခဲ့သည်။

သူက ဝိန်းယွီအတွက် အသုံးမဝင်တော့ဘူးဆိုရင် သူမက သူ့ကို လိုချင်သေးပါ့မလား။

သူ ပြန်မသွားချင်ရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ သူတို့၏ ဆက်ဆံရေး အစနှင့် အဆုံးကို ဝိန်းယွီ တစ်ဦးတည်းကသာ အဆုံးအဖြတ်ပေးမှာကို မလိုလားသောကြောင့်ပင်။

တကယ်လို့ သူသည် သူမ၏ လက်အောက်ခံ စစ်သူကြီး ဖြစ်သွားလျှင် ယခင်ကလိုပင် ကန့်သတ်ခံထားရလိမ့်မည်— စစ်ရေးကိစ္စများကို အကြောင်းပြပြီးမှသာ တွေ့ဆုံခွင့် တောင်းခံနိုင်မည်ဖြစ်ကာ များသောအားဖြင့် သူမ၏ ဆင့်ခေါ်မှုကိုသာ စောင့်ဆိုင်းနေရပေလိမ့်မည်။

ဝိန်းယွီ၏ ရက်စက်မှုနှင့် တသီးတခြား နေတတ်မှုတို့ကြောင့် အချိန်အခါ သင့်တော်ပြီဟု သူမ ယူဆပါက သူတို့၏ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ရန် လုံးဝ ဖြစ်နိုင်ခြေရှိပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမက ချန်ဝမ်ကို လက်ထပ်ခဲ့ပြီး ကျန်းယွီနဲ့ကလေးယူဖို့တောင် သဘောတူခဲ့တယ် မဟုတ်လား။

နောက်တစ်လှမ်း ဆုတ်ပြီး တွေးကြည့်မည်ဆိုလျှင်ပင် သူက သူတို့၏ ဆက်ဆံရေးကို အသည်းအသန် တွယ်ကပ်နေလျှင်ပင် နယ်မြေ ငြိမ်းချမ်းသွားသောအခါ သူမနှင့် ချန်ဝမ်တို့က လင်မယားအဖြစ် ဆက်လက် တည်ရှိနေပေလိမ့်မည်။

အဲ့ဒါဆိုရင် သူက ဘာဖြစ်သွားမှာလဲ။

သူ အမြဲတမ်း လိုချင်ခဲ့တာက သီးသန့် ပိုင်ဆိုင်ခွင့်ပဲ။

တခြားဘယ်သူမှ သူမရဲ့ အဝတ်အစားစွန်းကိုတောင် ထိခွင့် မရှိစေရဘူး။

သို့သော် မွန်းလွဲပိုင်းက လျှို့ဝှက်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက ရုတ်တရက် ကိစ္စရပ်အချို့အပေါ် သံသယဝင်လာစေခဲ့၏။

တကယ်လို့ ဝိန်းယွီမှာ ဒဏ်ရာတွေ မရှိဘူးဆိုရင် သူ့ရဲ့ ခါးစည်းကြိုးပေါ်က သွေးတွေက ဘယ်က ရောက်လာတာလဲ။

သူနဲ့ ချန်ဝမ်တို့ လက်ထပ်ထားတာ အချိန်အတော်ကြာပြီ မဟုတ်ဘူးလား။

ထိုသွေးများက ဘာကို ကိုယ်စားပြုသည်ကို သူ ဂရုမစိုက်သော်လည်း ယင်းက ဝိန်းယွီနှင့် ချန်ဝမ်တို့၏ ဆက်ဆံရေးအပြင် ချန်နိုင်ငံရှိ သူမ၏ အခြေအနေများနှင့် ပတ်သက်၍ ဘာတွေ ဖော်ပြနေသည်ကိုတော့ သူ ဂရုစိုက်ခဲ့သည်။

သူမက အလွန်ဆိုးရွားသော အခြေအနေများတွင် ပိတ်မိနေပြီး ချန်နိုင်ငံတွင် အာဏာရရှိရန်အတွက် သူကောင်းမျိုးနွယ်စုများ၏ အကူအညီများကို အားကိုးနေရသည်ဟု သူ ယုံကြည်ခဲ့ချိန်က သူမကို ပြန်မလွှတ်တော့ရန် သူ ဆုံးဖြတ်ခဲ့သည်။

တကယ်လို့ သူမက အာဏာအတွက် ဖေစုန့်နဲ့ ယှဉ်ပြိုင်ဖို့ တခြားလူတွေဆီမှာ အရှုံးပေးခဲ့ရတယ်ဆိုရင် အခုအချိန်မှာ သူလည်း အဲ့ဒီလိုမျိုး ပေးစွမ်းနိုင်နေပြီပဲ။

သူမကို ဘာလို့ ချုပ်နှောင်မထားရမှာလဲ။ သူမရဲ့ နက်ရှိုင်းတဲ့ ရန်ငြိုးတွေကို သူမကိုယ်စား သူ လက်စားချေပေးမယ်။

အဲ့ဒီ ကျိန်ဆဲခံရတဲ့ လျန်ပြန်လည်တည်ထောင်ရေး အတွက်ဆိုရင်တော့ သူမ အများကြီး လုပ်ပေးခဲ့ပြီးပြီ။ ယခင် လျန်အမတ်တွေ တိုင်းပြည်ကို ပြန်လည်တည်ထောင်ဖို့ တခြားလူကို ရှာကြပါစေပေါ့။

တကယ်လို့ သူမ ကိုယ်တိုင်ကသာ အတင်းလုပ်ချင်နေတယ်ဆိုရင် သူက သူမအတွက် လုပ်ပေးမယ်။

သို့သော် ကျောင်းပိုင်အား စစ်ဆေးမေးမြန်းပြီးနောက် ထိုအိပ်မပျော်သော ညအတွင်း ကျောင်းပိုင် ပြောခဲ့သော စကားတစ်ခွန်းချင်းစီ၊ ကျန်းယွီ၏ သေဆုံးမှု၊ ကျန်းယွီအကြောင်း သူ ပြောပြသည့်အခါတိုင်း ဝိန်းယွီ၏ ဝမ်းနည်းပူဆွေးသော အမူအရာနှင့် ဆေးဝါးကြောင့် ဖြစ်ပေါ်လာသော ကိုယ်ဝန်ရှိသည့် သွေးခုန်နှုန်းတို့ကို ပြန်လည်သုံးသပ်ကြည့်လိုက်သောအခါ____

သူ့နှလုံးသားထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်နေလင့်ကစား ဝိန်းယွီ၏ ဉာဏ်ရည်နှင့် ဆုံးဖြတ်ချက်တို့အရ ဤအစီအစဉ်များကို သူမ သဘောတူခဲ့ခြင်းသည် သာမန် အရှုံးပေးမှုတစ်ခု ဖြစ်ရန် မဖြစ်နိုင်ကြောင်း သူ ရှင်းလင်းစွာ နားလည်ခဲ့၏။

သူမမှာ ကိုယ်ပိုင် အကြံအစည်တွေ ရှိနေတာ ဖြစ်နိုင်ခြေများသည်။

ထို့အပြင် ကျောင်းပိုင် ပြောခဲ့သော အချက်တစ်ချက်ကတော့ မှန်ကန်ပေသည်။ သူမကို သဘောကျသော ထူးချွန်သည့် အရည်အချင်းရှိသူ အရေအတွက်သည် မြစ်ထဲရှိ ငါးများကဲ့သို့ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသည်။

သူမအပေါ် ကျန်းယွီ၏ အကြည့်က ရိုးသားမှု မရှိကြောင်း သူ အစောကြီးကတည်းက သတိထားမိခဲ့သည်။ စူးစမ်းလေ့လာပြီး အနိုင်ယူလိုသော သူ့အကြည့်များက ရှောင်းလိ၏ ရင်ထဲတွင် ပိုင်ဆိုင်လိုစိတ်နှင့် ရန်လိုမှုတို့ကို အကြီးအကျယ် လောင်ကျွမ်းစေခဲ့ပြီး သူ၏ ပိုင်ဆိုင်မှုကို တစ်စုံတစ်ယောက်က လိုချင်တပ်မက်နေသည့်အလားပင်။

ကျန်းယွီသည် သူ့လက်ချက်ဖြင့် ကျရှုံးသွားလိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်ခဲ့သော အချိန်တစ်ခု ရှိခဲ့သည်။

ဖိန်ကျိုးရှိ သဲပုံမြေပုံ စစ်ကစားပွဲတွင် ကျန်းယွီက သူ့ကို ရှုံးနိမ့်ခဲ့သကဲ့သို့ပင်။ ဘယ်သူက တကယ် အသန်မာဆုံးလဲဆိုတာကို ဝိန်းယွီ နားလည်အောင် သူ လုပ်ပြမည်။

သို့သော် ကျန်းယွီက သေဆုံးသွားခဲ့ပြီ။

ထို့အပြင် သူက သူမအတွက် သေဆုံးသွားခဲ့ခြင်း ဖြစ်နေသည်။

နန်ချန်ရှိ ထိုနေ့ရက်များနှင့် ညများအတွင်း ကျန်းယွီသည် ဝိန်းယွီကို ကာကွယ်ပေးရင်း သူကိုယ်တိုင် တစ်ချိန်က လုပ်ခဲ့သကဲ့သို့ လက်အောက်ငယ်သား တစ်ဦးအဖြစ် ဟန်ဆောင်ကာ သူမနှင့် နီးကပ်လာခဲ့သလားဆိုတာကို သူ မသိခဲ့ချေ။

ကျန်းယွီအပေါ် ဝိန်းယွီ မည်သည့် ခံစားချက်မျိုး ထားရှိခဲ့သည်ကိုလည်း သူ မသိခဲ့ပေ။

ဖြစ်နိုင်တာက သူ့အပေါ် ထားရှိတဲ့ ခံစားချက်မျိုးနဲ့ အတူတူပဲ ဖြစ်နေနိုင်သည်။

သူမသည် အေးစက်ပြီး ခံစားချက်မဲ့ပုံရကာ ပိုမိုကြီးမားသော အခြေအနေကို ထိခိုက်စေမည့် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ချမှတ်ရန် ဆန္ဒမရှိခဲ့ချေ။ သို့သော် အလွန်အကျွံ စည်းမကျော်လွန်သရွေ့ သူမက အမြဲတမ်း စိတ်ထားနူးညံ့တတ်သည်။

ဒါက ဝိန်းယွီ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အားနည်းချက်တစ်ခုပင်။

သူမရဲ့ ဘေးမှာ ဝဲလည်နေပြီး အဲ့ဒီစည်းတွေကို ဂရုတစိုက် ကျော်ဖြတ်နေတဲ့သူတွေ— ကျန်းယွီ တစ်ယောက် သေသွားခဲ့ပေမယ့် လီယွီပဲဖြစ်ဖြစ်၊ ကျိုးယွီပဲဖြစ်ဖြစ် ရှိနေနိုင်သေးတယ်။

သူမရဲ့ သနားညှာတာမှုကို စောင့်ဆိုင်းရင်း သူမက မေတ္တာတွေ ပေးသနားလာမယ့် အချိန်ကို စောင့်နေတဲ့ သူတွေထဲက တစ်ယောက် သူ မဖြစ်ချင်ဘူး။

ဤအတွေးများက သူ့ကို နေ့ရောညပါ နှိပ်စက်နေခဲ့သည်။ လူရိုင်းတပ်များကို လိုက်လံတိုက်ခိုက်စဉ်တွင်သာ သူ၏ ပေါက်ကွဲထွက်မတတ် ဒေါသများက သတ်ဖြတ်ခြင်းမှတစ်ဆင့် ထွက်ပေါက်တစ်ခု ရှာတွေ့သွားပုံရပြီး သူ့စိတ်ထဲတွင် ခဏတာ အနားရမှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့၏။

ထိုအချိန်အတွင်း သူက ဝိန်းယွီနှင့် တွေ့ဆုံဖို့ရန် ဆက်တိုက် ရှောင်ကြဉ်နေခဲ့သည်။ သူမကို အလွန်အမင်း ဖိအားပေးမိမှာကို စိုးရိမ်ခဲ့ပြီး သူမက သူ့ကို လုံးဝ ရွံရှာသွားမည်ကို ကြောက်ရွံ့ခဲ့သော်လည်း သူမကို လွှတ်ပေးရန်လည်း ဆန္ဒမရှိခဲ့ချေ။

သူမက အမြဲတမ်း သူ့ကို စာရင်းရှင်းပြီး လမ်းခွဲချင်နေခဲ့သည်။

— သူတို့ တကယ်ပဲ ပြတ်တောက်သွားပြီဆိုရင် သူ့မှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။

သူမဆီကနေ တစ်ခုခု ပြန်တောင်းဖို့အတွက် မုန်းတီးမှုဆိုတဲ့ ဟန်ဆောင်မှုလေးတောင် ရှိတော့မှာ မဟုတ်ဘူး။

ဝိန်းယွီနှင့်အတူ ထိုမျှအထိ အစွန်းရောက်သွားခဲ့သော ပြီးခဲ့သည့်ညက ထိန်းချုပ်မှု ကင်းမဲ့သွားခြင်းသည်လည်း သူမအပေါ် ဖုံးကွယ်ထားသော သဝန်တိုမှုနှင့် မကျေနပ်မှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ဝိန်းယွီက ထွက်သွားမည်ကို သူ သိခဲ့ပြီး သူမထံမှ စစ်မှန်သော ရိုးသားမှုကို ဘယ်တော့မှ ရရှိနိုင်မည်မဟုတ်ကြောင်း သူ သိခဲ့၏။

သူမ သူ့အပေါ် အသုံးပြုခဲ့သော နည်းလမ်းများကို အတိတ်က အခြားသူများအပေါ်တွင်လည်း အသုံးပြုခဲ့ဖူးမှာကို သူ ကြောက်ရွံ့ခဲ့သည်။

ထိုအခိုက်အတန့်တွင် သဝန်တိုမှုက သူ့အသိတရားကို လောင်ကျွမ်းသွားစေခဲ့ပြီး သူ၏ ဖိနှိပ်ထားသော ပိုင်ဆိုင်လိုစိတ်များက ပေါက်ကွဲထွက်လာကာ သူမကို ချေမွတ်ပစ်ချင်၊ လုံးလုံးလျားလျား မျိုချပစ်ချင်လာစေခဲ့၏။

ဒါပေမယ့် တကယ်လို့... သူက ဝိန်းယွီနဲ့ ဒီလောက်အထိ ရောက်ဖူးတဲ့ တစ်ဦးတည်းသော လူ ဖြစ်နေရင်ရော။

သူမက သူ့အပေါ် လိုက်လျောသလိုမျိုး တခြားသူတွေအပေါ် အဲ့ဒီလောက် လိုက်လျောချင်မှ လိုက်လျောမှာပေါ့။

မွန်းလွဲပိုင်း ရေပူစမ်းကန်တွင် တူကြီးတစ်လက်ကဲ့သို့ သူ့ကို ရိုက်ခတ်သွားခဲ့သော ဤနားလည်သဘောပေါက်မှုက သူ၏ စိတ်ထဲရှိ အသိတရား တံခါးကို ရိုက်ချိုးပစ်လိုက်လေသည်။

သူမက လုံးဝကို သူ့အပိုင်ပဲ။

ယင်းကို တွေးလိုက်ရုံနှင့်ပင် သူ့ကို သဲနွံထဲသို့ မိမိဆန္ဒအလျောက် နစ်ဝင်သွားစေပြီး အသက်ရှူကျပ်သွားစေရန် လုံလောက်နေခဲ့၏။

သူ ဝိန်းယွီကို အကြိမ်များစွာ မေးချင်ခဲ့သည်။

သို့သော် အဆုံးတွင်တော့ ထိုမေးခွန်းကို သူ ဘယ်တော့မှ ထုတ်မမေးခဲ့ချေ။

သူ့အပေါ် ဝိန်းယွီ၏ ခံစားချက်များကို သေချာမသိခဲ့ဘဲ ဓားချက်တစ်ထောင်ဖြင့် ခုတ်ထစ်ခံရသလို ခံစားရစေမည့် မည်သည့် အဖြေကိုမှ သူမထံမှ မကြားချင်ခဲ့ပေ။

သူ ကိုယ်တိုင် အရာအားလုံးကို သိနေတာကပဲ လုံလောက်နေပါပြီ။

သို့တိုင် ဤ "အထူး" အဆင့်အတန်းကြောင့် သူ တုံ့ဆိုင်းနေခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူက ဝေ့စစ်စခန်းကနေ ခွဲထွက်ဖို့ ဆုံးဖြတ်ပြီးသွားပြီပဲ။ သူက ကိုယ်ပိုင် အာဏာကို လိုချင်တယ်၊ သူ့အမေအတွက် လက်စားချေချင်တယ်၊ ပြီးတော့ ဝိန်းယွီကို ပိုင်ဆိုင်ချင်တယ်။

အခု ဝိန်းယွီက သူ့အပိုင် ဖြစ်နေပြီ။

သူက ဖေစုန့်ကို လက်စားချေဖို့ ကြိုးစားနေရင်း သူမကို စောင့်ရှောက်နိုင်တယ်။

သူမရဲ့ အမည်ခံ ခင်ပွန်းဖြစ်တဲ့ ချန်ဝမ်နဲ့ ပတ်သက်ပြီးတော့ သူ့ကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခု နောက်မှ ရှာလို့ရပါတယ်လေ။

...

အပိုင်း (၁၇၀.၂)

သည်ရည်မှန်းချက်၏ ဖြားယောင်းသွေးဆောင်မှုက အလွန် ကြီးမားလွန်းလှသည်— ဝိန်းယွိသည် အထက်လူကြီးဟူသော သူမ၏ အဆင့်အတန်းကို အသုံးပြု၍ သူ့ကို ဖိနှိပ်ပြီး ဆက်ဆံရေးကို သူမ သဘောအတိုင်း အဆုံးသတ်လိုက်ခြင်း မရှိသရွေ့ပေါ့။

ပြန်သွားမယ်... သူမရဲ့ ဘေးကို ပြန်သွားမယ်။

သူမကို စောင့်ရှောက်ပြီး လမ်းဘေးက ကြောင်လေခွေးလွင့် အားလုံးကို မောင်းထုတ်ပစ်ဖို့— သူ ဘာကြောင့် မလုပ်နိုင်ရမှာလဲ။

ရှောင်းလိသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ကျန်းဟွိုင်က သူ့ကို အရိုအသေပေးကာ မထဘဲ အသည်းအသန် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည့်အလား "အခုကစပြီး..." ဟု ပြောနေသည်ကို ကြည့်နေခဲ့၏။

"အုပ်ချုပ်ရေးမှူး!" လခြမ်းပုံတံခါးဝမှ တစ်စုံတစ်ယောက်က ပျာယာခတ်စွာ ပြေးဝင်လာပြီး သတင်းပို့လိုက်လေသည်။ "ဟို... ဟိုသခင်မလေးက ထွက်သွားပါပြီ!"

ရှောင်းလိ၏ မျက်နှာအမူအရာက ချက်ချင်းပင် မည်းမှောင်သွားတော့၏။

သံချပ်ကာစစ်သည်သည် သူ၏ အေးစက်ကာ သတ်ဖြတ်လိုသော အငွေ့အသက်များကြောင့် ထိတ်လန့်သွားပြီး စကားများ ထစ်အကုန်တော့သည်။ "လူကြီးမင်း... လူကြီးမင်းက မနေ့က သူ့ကို ထွက်သွားဖို့ ခွင့်ပြုချက် ပေးထားတာလေ။ ကျွန်တော်တို့... ကျွန်တော်တို့က သူ့ကို မတားရဲဘူး"

သို့သော် ကျန်းဟွိုင်ကမူ စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းချလိုက်ပြီး ရှောင်းလိကို ပြောလိုက်၏။ "မင်းသမီးက အုပ်ချုပ်ရေးမှူးထက် ပိုပြီး ရှင်းလင်းတဲ့ ခေါင်းရှိတယ်။ အရေးကြီးတဲ့ အချိန်တွေမှာ တွေဝေနေတာက ဘေးဒုက္ခတွေကိုပဲ ယူဆောင်လာပါလိမ့်မယ်"

ရှောင်းလိ၏ တင်းမာသော မျက်နှာက နှင်းခဲများကဲ့သို့ အေးစက်နေခဲ့သည်။

သူက စကားတစ်ခွန်းမှ မပြောဘဲ လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် ပြန်သွားခဲ့၏။

တရားထိုင်ခန်းက ရှင်းလင်းနေသည်။

တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ရှောင်းလိသည် ကုတင်ဘောင်အပြင်ဘက်တွင် တွဲလောင်းကျနေသော တစ်ဝက်တစ်ပျက် စုတ်ပြဲနေသည့် ကုတင်ခန်းဆီးနှင့် သူ ထွက်မလာခင်က ဝိန်းယွီ အနားယူနေခဲ့သော နေ့လယ်အိပ်ကုတင်ကို ကြည့်လိုက်၏။ သူ့ကိုယ်သူ လှောင်ပြောင်သည့် အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်များတွင် ပေါ်လာခဲ့သည်။

သူတို့၏ ဆက်ဆံရေးက ပြောင်းလဲသွားပြီဟု သူ ထင်ခဲ့မိသည်။

ဒါပေမယ့် သူမရဲ့ မျက်စိထဲမှာတော့ ပြောင်းလဲမသွားခဲ့ဘူးပဲ။

သူမက သူနဲ့အတူ လုပ်ခဲ့သမျှ အရာအားလုံးက သူ တောင်းဆိုခဲ့တဲ့ မေတ္တာတွေကို "ပြန်ပေးဆပ်ဖို့" သက်သက်ပဲလား။

ဒါကြောင့်မို့လို့... ဒါကြောင့်မို့လို့ သူမက နိုးလာပြီးနောက်မှာ သူတို့ကြားက မျဉ်းကြောင်းတစ်ခုကို ရှင်းရှင်းလင်းလင်း တားချင်နေသလို အေးစက်ပြီး အလှမ်းကွာဝေးနေခဲ့တာပေါ့။

သူမ ပေးသနားခဲ့တဲ့ မစို့မပို့ အချိုသာဆုံး အရာလေးတစ်ခုအတွက် သူက အရာအားလုံးကို စွန့်လွှတ်ပြီး သူမနောက်ကို လိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူမကတော့ သူ့အတွက် သူမရဲ့ ဆုံးဖြတ်ချက် တစ်ခုကိုမှ ပြောင်းလဲဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူးပဲ။

သူ၏ လည်ပင်းနှင့် ပခုံးပေါ်ရှိ ကိုက်ရာများက မှိန်ဖျော့ဖျော့ နာကျင်မှုတစ်ခုဖြင့် တဆစ်ဆစ် ခုန်နေဆဲပင်။ ဒေါသနှင့် မကျေနပ်မှုများက သူ့ရင်ဘတ်ထဲတွင် လှိုင်းထနေပြီး သူ၏ လည်ချောင်းထဲရှိ သွေးညှီနံ့တစ်ခုကို ဖြစ်ပေါ်လာစေကာ အတင်းအကျပ် မျိုချလိုက်ရ၏။

လွင့်ဝဲနေသော ကုတင်ခန်းဆီးကို စိုက်ကြည့်နေရင်း သူ၏ မျက်လုံးများက ကြက်သွေးရောင် သန်းလာခဲ့သည်။ တံခါးဘောင်ကို ထောက်ထားသော သူ၏ လက်က တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များပင် ဖြူဆုတ်လာခဲ့သည်။

သူတို့ အတူတူ လုပ်ခဲ့သမျှ အရာအားလုံးအပြီးမှာတောင်မှ သူမက သူ လျန်စစ်စခန်းကို ပြန်ဖို့ ဆန္ဒရှိမရှိကိုတောင် ဘာလို့ မမေးခဲ့ရတာလဲ။

အစကနေ အဆုံးထိ သူတို့ရဲ့ ပတ်သက်မှုအပြီးမှာ နောက်ထပ် ဘာမှ ရှိလာမှာမဟုတ်ဘူးလို့ သူမက တွေးထားလို့လား။

စစ်စခန်းကို ပြန်ရောက်တုန်းက သူက ဒေါသတကြီးနဲ့ သူ့ကို အလိုလိုက်ဖို့ ပြောခဲ့တုန်းကလည်း သူမက ဒီအတိုင်းပဲ ပြုမူခဲ့တာပဲ။

သူမရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူတို့ရဲ့ အကြွေးတွေကို ရှင်းပြီး လမ်းခွဲဖို့ပဲလား။

ဘာလို့လဲ၊ ဝိန်းယွီ?!

ဒီတစ်ကြိမ် သူမနဲ့အတူ ပြန်သွားပြီးတဲ့နောက်မှာ သူတို့ရဲ့ ဆက်ဆံရေး အစနဲ့ အဆုံးကို သူမ တစ်ယောက်တည်းက ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ သူက မိုက်မဲစွာနဲ့ မျှော်လင့်ခဲ့မိတာပဲ။

အခုတော့ အရာအားလုံးက ဟာသတစ်ခုလို ဖြစ်နေပြီပဲ!

အခန်း၏ အေးစက်သော တိတ်ဆိတ်မှုထဲတွင် ရှောင်းလိသည် သူ၏ မျက်လုံးများကို လေးလံစွာ မှိတ်ချလိုက်လေသည်။

ကျန်းဟူက သတင်းကြားပြီးနောက် ရောက်ရှိလာခဲ့၏။ ရှောင်းလိကို ထိုသို့သော အခြေအနေဖြင့် မြင်တွေ့ရသောအခါ သူသည် သနားစိတ်ဝင်သွားပြီး ပြောလိုက်လေသည်။ "အစ်ကို(၂)၊ အစ်ကို တကယ်ပဲ ရင်ကွဲနာကျနေတယ်ဆိုရင် မရီး နောက်ကို လိုက်ပြီး သူ့ကို ပြန်ခေါ်လာပါလား..."

"ငါ မလုပ်ဘူး” ရှောင်းလိ၏ အသံက ရေခဲတမျှ အေးစက်နေခဲ့သည်။

မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ မျိုမချနိုင်ခဲ့သော နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ်ကို သုတ်ဖယ်လိုက်၏။ သူ၏ မည်းနက်သော မျက်လုံးများက ရက်စက်ကာ မှိုင်းတွေနေခဲ့သည်။

"သူ ထွက်သွားပြီဆိုရင်လည်း ထွက်သွားပါစေတော့”

သူ သင်ခန်းစာ ယူဖို့ လိုတယ်။

သူမရဲ့ စိတ်ထားနူးညံ့မှု ဒါမှမဟုတ် သနားညှာတာမှုအပေါ် သူ မှီခိုလို့ မရဘူးဆိုတာကို သူ အစောကြီးကတည်းက သဘောပေါက်ခဲ့သင့်တာ မဟုတ်လား။

သူမကို သူ ပိုင်ဆိုင်ချင်တယ်ဆိုရင် သူက အသန်မာဆုံး အုပ်ချုပ်သူ ဖြစ်လာရမယ်၊ အဲ့ဒီအခါကျမှ သူမကို သူ အရှုံးပေးအောင် လုပ်နိုင်လိမ့်မယ်။

_____

ဝိန်းယွီသည် ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုများကို သည်းခံရင်း ကုန်းစွန်းစန်းနျန်နှင့်အတူ အလျင်စလို မြင်းစီးလာခဲ့၏။ နောက်ဆုံးတွင်တော့ သူတို့သည် ကျောင်းပိုင်နှင့် အခြားသူများကို တောင်တစ်ဝက်ခန့်တွင် တွေ့ဆုံခဲ့လေသည်။

ကုန်းစွန်းစန်းနျန်သည် တောင်ထိပ်ရှိ ထူထပ်သော သစ်ရွက်များကြားမှ ခပ်ရေးရေး မြင်နေရသော ရှေးဟောင်းဘုရားကျောင်းကို အကြိမ်များစွာ နောက်လှည့်ကြည့်ကာ ဇဝေဇဝါ ဖြစ်နေခဲ့သည်။

သူမ တစ်ယောက်တည်း စဉ်းစားနေမိသည်။ သခင်မလေးက သူရဲ့ အစောင့်အရှောက်တွေ တောင်ပေါ်တက်လာမယ့် အချိန်ကို မစောင့်ဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာက တစ်ပိုင်းပေါ့၊ ဒါပေမယ့် သူ့ကို ကိုယ့်မျက်လုံးလို တန်ဖိုးထားတဲ့ အဲ့ဒီ ချောမောတဲ့ အမျိုးသားက ဒီလောက်အချိန်ကြာတဲ့အထိ ဘာလို့ လိုက်မလာရတာလဲ။

မကြာသေးခင်ကမှ သူတို့နှစ်ယောက်က လုံးဝ အဆင်ပြေနေပုံ ရခဲ့တာပဲဟာ။

သူမ၏ အတွေးများကို သတိမထားမိသည့် ဝိန်းယွီသည် ကျောင်းပိုင်နှင့် ထုန်ချွဲတို့ နှစ်ယောက်လုံး သူမအတွက် အလွန် စိုးရိမ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ အဝေးမှနေ၍ သူမကို မြင်သောအခါ သူတို့သည် မြင်းများကို အရှေ့သို့ နှင်လာကြပြီး သူမနှင့် တွေ့ဆုံရန် အလျင်စလို လာရောက်ရင်း "မင်းသမီး" ဟု အော်ခေါ်လိုက်ကြလေသည်။

သူတို့ကို ခဏတာ အားပေးနှစ်သိမ့်ပြီးနောက် ဝိန်းယွိသည် သူမ၏ မြင်းကို လှည့်ကာ ကုန်းစွန်းစန်းနျန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ဒီရက်ပိုင်းအတွင်း ရှင့်ကို အများကြီး ဒုက္ခပေးမိပါတယ်။ ဒါက ရှင့်ကို ကတိပေးထားတဲ့ ဆုကြေးငွေပါ"

ကျောင်းပိုင်သည် သူမ၏ မြင်းကို အရှေ့သို့ နှင်လာပြီး ကုန်းစွန်းစန်းနျန်ကို ဖောင်းနေသော ငွေအိတ်တစ်အိတ် ကမ်းပေးလိုက်လေသည်။

သိုင်းသမား တစ်ယောက်အနေဖြင့် ကုန်းစွန်းစန်းနျန်သည် အဖြူနှင့် အမည်း ရောစပ်နေသော လက်ပြတ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်လေးက သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ သူမက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ရာ ကျောင်းပိုင်သည်လည်း ခေါင်းအနည်းငယ် ညိတ်ကာ ပြန်လည် တုံ့ပြန်လိုက်၏။

ကုန်းစွန်းစန်းနျန်သည် ငွေအိတ်ကို ယူကာ သူမ၏ လက်ထဲတွင် အလေးချိန်ကို ချိန်ဆကြည့်လိုက်ပြီး ဝိန်းယွီအတွက် အမြဲတမ်း အသုံးပြုလေ့ရှိသော အမည်ကိုသာ ဆက်လက် အသုံးပြုကာ ပြောလိုက်လေသည်။ "သခင်မလေး၊ ရှင်က အရမ်း သဘောထားကြီးတာပဲ။ ဒါပေမယ့် ရှင့်ရဲ့ ဒီအလုပ်အတွက် ကျွန်မ ဘာမှ သိပ်မလုပ်ခဲ့ရပါဘူး။ ရှင့်ဆီက ဒီလောက်များပြားတဲ့ ငွေပမာဏကို လက်ခံရတာ ကျွန်မ တကယ်ကို ရှက်မိပါတယ်" သူမက ရယ်မောလိုက်ပြီး ရွှေတုံးများ ပါဝင်သော အိတ်ကို ကျောင်းပိုင်ထံ ပြန်ပစ်ပေးလိုက်၏။ "ဒီအခကြေးငွေကို ကျွန်မ လက်မခံပါဘူး။ သခင်မလေးနဲ့ မိတ်ဆွေဖွဲ့လိုက်တယ်လို့ပဲ သဘောထားလိုက်ပါတော့"

ဝိန်းယွိသည် ပြောလိုက်လေသည်။ "ဒါက ကျွန်မရဲ့ ဂုဏ်ယူစရာပါ။ တကယ်လို့ ရှင်က သိုင်းလောကကို ငြီးငွေ့လာပြီး ကျွန်မရဲ့ အိမ်တော်မှာ ဧည့်သည်တစ်ယောက် ဖြစ်လာချင်တယ်ဆိုရင် ရှင့်အတွက် နေရာတစ်ခု ကျွန်မ ဖယ်ထားပေးပါ့မယ်"

ကုန်းစွန်းစန်းနျန်သည် ရယ်မောလိုက်၏။ "သခင်မလေးရဲ့ အထင်ကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မက ရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့သူ တစ်ယောက်ပါ၊ တောတောင်တွေရဲ့ လွတ်လပ်မှုကို အသားကျနေပါပြီ။ လောကကြီး ငြိမ်းချမ်းသွားမယ့် နေ့ကိုပဲ ကျွန်မ စောင့်မျှော်နေပါတယ်၊ အဲ့ဒီအခါကျရင် အိမ်တစ်လုံးဝယ်၊ ချောမောတဲ့ သရုပ်ဆောင် လူငယ်လေးတွေ အဖွဲ့တစ်ဖွဲ့ကို မွေးမြူပြီး ပူပင်သောကကင်းတဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့ပေါ့"

ဝိန်းယွိသည် ဤစကားကြောင့် အံ့အားသင့်သွားပုံ မပေါ်ဘဲ ပြောလိုက်လေသည်။ "ရှင်က လွတ်လပ်တဲ့ ဝိညာဉ်တစ်ခုပါပဲ"

ကုန်းစွန်းစန်းနျန်သည် အဓိပ္ပါယ်ပါပါ စောင်းပါးရိပ်ချည် ပြောလိုက်၏။ "ကြီးမြတ်တဲ့ အကြောင်းအရာတွေအတွက် ကြံစည်နေတဲ့ သခင်မလေးလို လူမျိုးတွေကတော့ ဒီလို လွတ်လပ်မှုကို မတတ်နိုင်ပါဘူး။ ဒါပေမယ့် လောကကြီး နောက်ဆုံးမှာ တည်ငြိမ်သွားတဲ့အခါ ရှင်က ပိုပြီး လွတ်လွတ်လပ်လပ် နေထိုင်နိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"

ထိုသို့ပြောပြီးနောက် သူမသည် မြင်းကို ရိုက်ကာ ထွက်သွားတော့သည်။ သူမသည် နောက်သို့ လှည့်မကြည့်ဘဲ ဝိန်းယွီကို နောက်ကျောမှနေ၍ လက်ဝှေ့ယမ်းပြကာ "ကျွန်မ သွားပြီ!" ဟု ပြောလိုက်လေသည်။

ဝိန်းယွိသည် ကုန်းစွန်းစန်းနျန်၏ ဆုတ်ခွာသွားသော နောက်ကျောကို ကြည့်နေခဲ့ပြီးနောက် စိမ်းလန်းသော သစ်တောများကြားမှ မြင်ရသည့် ဆီးနှင်းများ ဖုံးလွှမ်းနေသော တောင်ထွတ်များဆီသို့ သူမ၏ အကြည့်ကို ပင့်တင်လိုက်၏။ သူမ၏ မျက်နှာကို အဖြူရောင် ပဝါဖြင့် ဖုံးကွယ်ထားသဖြင့် မျက်နှာအမူအရာကို ဖုံးကွယ်ထားနိုင်လေသည်။ မျက်လုံးများကို အောက်သို့ ပြန်ချလိုက်ချိန်တွင်တော့ ခံစားချက်များ အားလုံးက အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

ကျောင်းပိုင်သည် ဝိန်းယွီ၏ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေမှုကို သတိပြုမိပြီး သူမ၏ မကြာမီက အဖမ်းခံရခြင်းကြောင့် ဖြစ်သည်ဟု မှတ်ယူလိုက်၏။ သူမသည် ရှောင်းလိအပေါ် အနည်းငယ် မကျေနပ်မှုများ ရှိနေပြီ ဖြစ်သော်လည်း ၎င်းကို မပြသဘဲ "မင်းသမီး၊ အပြင်မှာ လေပြင်းတယ်။ မြင်းလှည်းထဲ ဝင်ကြရအောင်" ဟုသာ ပြောလိုက်လေသည်။

ဝိန်းယွိသည် မြင်းပေါ်မှ ဆင်းရန် သူမ၏ လက်ကို ယူလိုက်ချိန်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုနှင့် ခရီးရှည်ကြီး စီးနင်းခဲ့ရခြင်းကြောင့် ခုန်ပေါက်နေမှုတို့က မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် သူမကို ယိုင်လဲသွားတော့မလို ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကျောင်းပိုင်က သူမကို အချိန်မီ ဖမ်းထိန်းထားနိုင်ခဲ့၏။

ဝိန်းယွိသည် လည်စည်းပဝါကို ပတ်ထားပြီး မျက်နှာကို အဖြူရောင် ပဝါဖြင့် ဖုံးကွယ်ထားသော်လည်း ကျောင်းပိုင်သည် သူမကို တွဲကူလိုက်ချိန်တွင် သူမ၏ လက်ခုံနှင့် လက်ချောင်းများကြားတွင် ဖုံးလွှမ်းနေသော အနီရောင် အမှတ်အသားများနှင့် ကိုက်ရာငယ်လေးများကို မြင်တွေ့လိုက်ရပြီး ဘာတွေ ဖြစ်ခဲ့သည်ကို သဘောပေါက်သွားခဲ့လေသည်။

အခိုက်တန့်အတွင်း ကျောင်းပိုင်၏ ဒေါသက ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားခဲ့သော်လည်း ပတ်ဝန်းကျင်တွင် လူများစွာ ရှိနေသဖြင့် ကိုယ့်ဟာကို ထိန်းချုပ်လိုက်၏။

ဝိန်းယွီကို မြင်းလှည်းထဲသို့ တွဲကူပေးပြီး ထုန်ချွဲကို ပတ်ဝန်းကျင်အား စောင့်ကြည့်ရန် ညွှန်ကြားပြီးနောက် ကျောင်းပိုင် ကိုယ်တိုင်လည်း မြင်းလှည်းထဲသို့ ဝင်လာခဲ့သည်။ သူမ၏ မျက်နှာက အေးစက်နေပြီး ပြောလိုက်လေသည်။ "သူက မင်းသမီးကို အနိုင်ကျင့်ရဲတယ်ပေါ့။ သူ့ကို သတ်ပစ်မယ်!"

ဝိန်းယွိသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး မြင်းလှည်းထိုင်ခုံ၏ ခေါင်းအုံးပျော့လေးကို မှီကာ မျက်လုံးများကို မှိတ်ထားရင်း နွမ်းနယ်စွာ အနားယူနေခဲ့၏။ ဤစကားများကို ကြားသောအခါ သူမက မျက်လုံးများကို ဖွင့်လိုက်ပြီး ကျောင်းပိုင်ကို နူးညံ့စွာ တည်ငြိမ်မှုဖြင့် ကြည့်လိုက်လေသည်။ "သူ့ကို ကျွန်မ ရွေးချယ်ခဲ့တာပါ"

ကျောင်းပိုင်သည် တဒင်္ဂ မှင်သက်သွားခဲ့၏။ ဝိန်းယွိသည် တစ်စုံတစ်ယောက်အပေါ် သူမ၏ ခံစားချက်များကို သည်လို ရှင်းလင်းစွာ ဖော်ပြသည်ကို သူမ ပထမဆုံးအကြိမ် ကြားဖူးလိုက်ခြင်းပင်။

ဝိန်းယွိသည် အတင်းအကျပ် ပြုလုပ်ခံခဲ့ရခြင်း မဟုတ်ကြောင်း သိရှိလိုက်ရသဖြင့် သူမ၏ ဒေါသက အနည်းငယ် လျော့ကျသွားခဲ့သော်လည်း သူမက ဆက်ပြီး ဒေါသထွက်နေဆဲပင်။ "မင်းသမီးက မြင့်မြတ်ပြီး တန်ဖိုးရှိတဲ့သူပါ။ သူက မင်းသမီးကို ဘယ်လိုလုပ်ပြီး ဒဏ်ရာရအောင် လုပ်နိုင်ရတာလဲ။ ပြီးတော့ မင်းသမီးကို တောင်အောက်ကို မြင်းစီးပြီး ဆင်းခိုင်းသေးတယ်"

သူမက ဝိန်းယွီ၏ လက်များကို နွေးထွေးစေရန် အနွေးအိုး တစ်လုံးကို ကမ်းပေးရင်း သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်ပြီး သူမ၏ ဒေါသကို ပိုမို ကြီးထွားလာစေသော နောက်ထပ် မေးခွန်းတစ်ခုကို မေးလိုက်၏။ "သူရော ဘယ်လိုနေလဲ။ ဝေ့ချီရှန်းကို အမှုထမ်းဖို့ ဝေ့စစ်စခန်းမှာ နေခဲ့တာလား"

ဝိန်းယွိသည် ချက်ချင်း ပြန်မဖြေခဲ့ချေ။

ကျောင်းပိုင်သည် သူမ၏ ဒေါသများ ထပ်မံ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူမ၏ ဒေါသများ မြင့်တက်လာသည်နှင့်အမျှ ဝိန်းယွီအတွက်လည်း ရင်နာလာရ၏။ "အဲ့ဒီနေ့က သူ့ကို ကျွန်မရဲ့ ဓားနဲ့ ခုတ်ချပစ်ခဲ့သင့်တာ! အဲ့ဒီ အပြောချိုတဲ့ကောင်!"

ဝိန်းယွိသည် သူမ၏ စကားများထဲမှ တစ်စုံတစ်ရာကို ဖမ်းမိသွားပြီး ရှောင်းလိ၏ လည်ပင်းပေါ်ရှိ အမှတ်အသားကို ပြန်လည်အမှတ်ရကာ မေးလိုက်လေသည်။ "မင်း သူ့ကို တွေ့ခဲ့တာလား"

ကျောင်းပိုင်သည် အမှန်အတိုင်း ပြန်ဖြေလိုက်၏။ "မင်းသမီးကို ရှာမတွေ့တော့ မင်းသမီး ရှိတဲ့နေရာကို မေးဖို့ သူ့ကို သွားဖိအားပေးခဲ့တာပါ"

"သူ့ လည်ပင်းက ခြစ်ရာက— မင်း လုပ်ခဲ့တာလား"

ရှောင်းလိအပေါ် ဝိန်းယွီ၏ အကာအကွယ်ပေးလိုသော လေသံကို ကြားရသောအခါ ကျောင်းပိုင်သည် ပိုလို့ပင် ဒေါသထွက်လာပြီး သူက သူမ၏ မင်းသမီးကို ပြုစားရန် သူ၏ ချောမောသော မျက်နှာကို အသုံးပြုခဲ့သည်ဟု ယုံကြည်သွားတော့၏။ သူမက တောင့်တင်းစွာ ပြောလိုက်လေသည်။ "မင်းသမီးရဲ့ ဘေးကင်းမှုအတွက် ကျွန်မ စိုးရိမ်ခဲ့လို့ပါ။ ဒီအတွက် မင်းသမီးက ကျွန်မကို အပြစ်တင်မယ်ဆိုရင်လည်း အပြစ်ဒဏ်ကို ကျွန်မ ခံယူပါ့မယ်"

ထိုသို့ပြောပြီးနောက် သူမက ဒူးတစ်ဖက် ထောက်လိုက်လေသည်။

ဝိန်းယွိသည် ညင်သာစွာ သက်ပြင်းချလိုက်ပုံရပြီး ကျောင်းပိုင်၏ ဆံပင်များကို ပွတ်သပ်ရန် လက်လှမ်းလိုက်၏။

ဤအမူအရာက စောစောက ဦးညွှတ်ထားသော ကျောင်းပိုင်ကို ခဏတာ ရပ်တန့်သွားစေခဲ့သည်။ သူမက ခေါင်းကို မော့လိုက်ပြီး ဝိန်းယွိသည် သူမကို နူးညံ့ပြီး တည်ငြိမ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ထိုအချိန်ခဏလေးတွင် သူမသည် ကွယ်လွန်သူ ရှီဇီဖေး၏ အရိပ်အယောင်တစ်ခုကိုပင် သယ်ဆောင်ထားသယောင်။ မှိန်ဖျော့ဖျော့ ခါးသီးမှုတစ်ခုက ကျောင်းပိုင်၏ မျက်လုံးများထဲတွင် မြင့်တက်လာခဲ့၏။ သူမသည် သူမ၏ မျက်နှာအမူအရာကို တင်းမာစေရန် အားထုတ်လိုက်ပြီး ခေါင်းကို အလျင်အမြန် ပြန်ငုံ့လိုက်လေသည်။

သူမနှင့် ချန့်ယဲ့တို့သည် အသေခံစစ်သည်များ ဖြစ်သော်လည်း ရှီဇီဖေးက သူတို့ကို သူမ၏ ကိုယ်ပိုင် ကလေးများကဲ့သို့ အမြဲတမ်း ဆက်ဆံခဲ့သည်။

ဝိန်းယွိသည် ဒေါသမထွက်ခဲ့သလို သူမကို အပြစ်တင်မည့် အရိပ်အယောင်လည်း မပြခဲ့ချေ။ သူမက ပြောလိုက်လေသည်။ "ဒီရက်ပိုင်းအတွင်း မင်းတို့အားလုံး တကယ်ကို စိုးရိမ်ပူပန်နေခဲ့ကြတယ်ဆိုတာ ကျွန်မ သိပါတယ်။ အဲ့ဒီနေ့က ဖြစ်ခဲ့တာတွေက ရှောင်လွှဲလို့မရတဲ့ အခြေအနေတွေကြောင့်ပါ။ ဒါပေမယ့် အခုကစပြီး သူ့အပေါ် အရမ်း ရန်လိုမနေပါနဲ့တော့။ သူက ကျွန်မ ရွေးချယ်ခဲ့တဲ့သူပါ။ မင်းက သူ့ကို မယုံကြည်ဘူးဆိုရင်၊ အားကျောင်း... မင်းက ကျွန်မကိုရော မယုံကြည်ဘူးလား"

ကျောင်းပိုင်သည် အံကြိတ်လိုက်ပြီး ပြောလိုက်၏။ "ဒါပေမယ့် အခု သူက..."

ဝိန်းယွိသည် ပြန်ဖြေလိုက်လေသည်။ "သူ့ကို ဝေ့စစ်စခန်းဆီ ပို့လိုက်တာက ကျွန်မတို့ရဲ့ အမှားပါ။ သူက ဝါယောင်းခံတပ် တိုက်ပွဲတုန်းက ကျွန်မတို့ကို ကူညီပေးခဲ့သလို အခုလည်း သူက ကျွန်မတို့ကို ကူညီနေပြန်တယ်။ သူ့မှာ ရင်ဆိုင်ရမယ့် ကိုယ်ပိုင် လက်အောက်ငယ်သားတွေနဲ့ ရဲဘော်ရဲဘက်တွေ ရှိတယ်။ အားကျောင်း၊ ကျွန်မတို့က သူ့ဆီကနေ ဒီထက်ပိုပြီး တောင်းဆိုလို့ မရတော့ဘူး"

ကျောင်းပိုင်သည် လက်သီးများကို ဆုပ်ထားလိုက်ပြီး ဝိန်းယွီအတွက် ရင်နာနေဆဲပင်။ "ဒါပေမယ့် မင်းသမီးကရော..."

ဝိန်းယွိသည် တည်ငြိမ်စွာ ပြောလိုက်လေသည်။ "စနစ်တကျ ပြန်လည်တည်ဆောက်ရေးက ပထမဦးစားပေးပဲ။ သူနဲ့ ကျွန်မကြားက ကိစ္စရပ်တွေကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့"

ထိုသို့ပြောပြီးနောက် ကျောင်းပိုင် ထပ်မပြောနိုင်ခင်မှာပင် ဝိန်းယွိသည် နိုင်ငံရေး ကိစ္စရပ်များဆီသို့ ကူးပြောင်းသွားခဲ့၏။ "တောင်ပိုင်းနယ်စပ်မှာ ဖေစုန့်ကို အပြည့်အဝ တန်ပြန်တိုက်ခိုက်ဖို့ ချန်ဝေကို အမိန့်ပေးထားတဲ့ သတင်းစကားက လျန်စစ်စခန်းဆီ ရောက်သွားပြီလား"

မနေ့က ကုန်းစွန်းစန်းနျန်ကို သူမ ပို့ခိုင်းခဲ့သော စာထဲတွင် ချက်ချင်း အာရုံစိုက်ရန် လိုအပ်သည်ဟု သူမ စဉ်းစားမိသမျှ အရေးပေါ် ကိစ္စရပ်များ အားလုံးအကြောင်း အကျယ်တဝင့် ရေးသားခဲ့သည်— ထိုကိစ္စမှာ ၎င်းတို့ထဲမှ တစ်ခုပင်။

ကုန်းစွန်းစန်းနျန်သည် စာကို ခိုးဖတ်မှာကို သူမ မကြောက်ခဲ့ချေ။ သူမနှင့် ချင်းယွင်အစောင့်တပ်ကြားရှိ ဆက်သွယ်မှုများတွင် လျှို့ဝှက်အမှတ်အသားများနှင့် အမည်ဝှက်များစွာ ပါဝင်နေ၏။ သူတို့၏ လျှို့ဝှက်အမှတ်အသားများကို မသိသူများအတွက် သာမန်ပုံပေါက်နေသော စာကြောင်းတစ်ကြောင်းသည် လုံးဝကို နားမလည်နိုင်သော အရာတစ်ခု ဖြစ်နေပေလိမ့်မည်။

တောင်ပေါ် သီလရှင်ကျောင်းတွင် တိုးကျန့်လျန်နှင့် တွေ့ဆုံခြင်းက အန္တရာယ်များသော်လည်း အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ရန် အခွင့်အရေး တစ်ခုကို သူမအား မြင်တွေ့စေခဲ့သည်။

တိုးကျန့်လျန်သည် မြောက်ပိုင်းနယ်စပ်သို့ လျှို့ဝှက်စွာ ဝင်ရောက်ရန် ဖေစုန့်ဘက်မှ လျှို့ဝှက်အမိန့်များ ရရှိခဲ့၏။ ဖေစုန့်တွင် ဝေ့စစ်စခန်းကို ပစ်မှတ်ထားသော အကြံအစည် တစ်ခုခု ရှိနေသေးသည်မှာ သေချာလေသည်။

သို့သော် တိုးကျန့်လျန်အပေါ် ဖေစုန့်၏ ယုံကြည်မှု အဆင့်အတန်းအရ ဤတာဝန်ကို ထမ်းဆောင်ရန် တိုးကျန့်လျန်၏ ကွပ်ကဲမှုအောက်ရှိ ချန်စစ်တပ်အပေါ်တွင်သာ သူ သေချာပေါက် မှီခိုနေမည် မဟုတ်ချေ။

သူ့တွင် မြောက်ပိုင်းနယ်စပ်၌ ပုန်းအောင်းနေသော အခြားတပ်များလည်း ရှိနေမည်မှာ သေချာသည်။

ဆိုလိုသည်မှာ လျန်နှင့် ချန်စစ်စခန်းများကို တိုက်ခိုက်ရန် တောင်ပိုင်းနယ်စပ်တွင် အပြည့်အဝ ဖြန့်ကျက်ထားသည်ဟု ဖေစုန့် အခိုင်အမာ ပြောဆိုထားသော အင်အားစုများသည် လှည့်စားမှုတစ်ခု ဖြစ်နိုင်ခြေရှိပေသည်။ ဤသည်က သူတို့အတွက် အပြည့်အဝ တန်ပြန်တိုက်ခိုက်မှု တစ်ခုကို စတင်ရန် အကောင်းဆုံး အခွင့်အရေးပင်။

ဝိန်းယွိသည် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင် အနည်းငယ်မျှပင် မပြသည်ကို မြင်သောအခါ ကျောင်းပိုင်သည် နောက်ဆုံးတွင် အပြည့်အဝ စိတ်သက်သာရာ ရသွားပြီး ပြောလိုက်လေသည်။ "သတင်းစကား ပို့ဆောင်ဖို့ အမွေးဖြူစာကလေး တစ်သုတ်ကို စေလွှတ်လိုက်ပါပြီ"

ချန်လျန်ဝမ်အိမ်တော်က သတင်းစကား ပို့ဆောင်ရန် တစ်ချိန်က မွေးမြူခဲ့သော အမွေးဖြူစာကလေးများသည် စာပို့ခိုများလောက် သိသာထင်ရှားမနေချေ။ ၎င်းတို့ကို ကြားဖြတ်ဖမ်းယူရန် ခက်ခဲပြီး ၎င်းတို့၏ အမြန်နှုန်းက ခိုများထက် သာလွန်ကာ တစ်ရက်တည်းဖြင့် လီရှစ်ရာခရီးကို အလွယ်တကူ ဖြတ်ကျော်နိုင်လေသည်။

ဝိန်းယွိသည် တစ်စုံတစ်ရာကို ခဏတာ စဉ်းစားနေပုံရပြီး သူမ၏ မည်းနက်သော မျက်တောင်များက အနည်းငယ် အောက်သို့ ကျဆင်းသွားခဲ့သည်။ "ကျန်းယွီရဲ့ အလောင်းကို ပြန်ယူလာတဲ့ လျန်စစ်စခန်းက သံတမန်တွေဆီကို နောက်ထပ် သတင်းစကားတစ်ခု ပို့လိုက်ပါ။ သူတို့ အပြန်ခရီးမှာ ကျန်းယွီ မသေသေးဘူး၊ အလောင်းက အတုပဲ ဆိုပြီး ကောလာဟလတွေ ဖြန့်ခိုင်းလိုက်ပါ"

ကျောင်းပိုင်သည် အလျင်အမြန် နားလည်သွားခဲ့၏။ "မင်းသမီးက နန်ချန်မှာရှိတဲ့ သူလျှိုတွေကို ဖော်ထုတ်ချင်တာလား"

ဝိန်းယွိက ပြောလိုက်လေသည်။ "ဒီတစ်ကြိမ်တော့ တတ်နိုင်သလောက် အရှင်ဖမ်းပါ။ ဒီနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို သိဖို့ သူတို့ကို စစ်ဆေးမေးမြန်းရမယ်"

ကျောင်းပိုင်သည် အသိအမှတ်ပြုလိုက်၏။ "ကျွန်မ နားလည်ပါပြီ"

နန်ချန်တပ်ဖွဲ့များကြားတွင် သူလျှိုများ ရှိနေခဲ့သည်။ ကျန်းယွီ အသက်ရှင်နေသေးကြောင်း သတင်းပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် သူတို့သည် သူတို့၏ သခင်ထံ သတင်းပို့ရန်အတွက် ပြန်လည်သယ်ဆောင်လာသော အလောင်းကို သေချာပေါက် စစ်ဆေးအတည်ပြုရန် ကြိုးစားကြပေလိမ့်မည်။

ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားခြင်းဖြင့် သူတို့သည် ထိုသူလျှိုများကို အလွယ်တကူ ထောင်ချောက်ဆင် ဖမ်းဆီးနိုင်လိမ့်မည်။

ဝိန်းယွိသည် တကယ်ကို ပင်ပန်းနွမ်းနယ်နေသည်ကို ကျောင်းပိုင်လည်း မြင်နေရသဖြင့် သူမကို ထပ်မနှောင့်ယှက်ရဲတော့ချေ။ အမိန့်များကို လက်ခံရရှိပြီးနောက် သူမက ဝိန်းယွီ အနားယူနိုင်ရန် မြင်းလှည်းထဲမှ ထွက်လာခဲ့လိုက်သည်။

မြင်းလှည်းခန်းဆီး နေရာတကျ ပြန်ဖြစ်သွားပြီးနောက် ဝိန်းယွီသည် ခေါင်းအုံးပျော့လေးကို မှီကာ မျက်လုံးများကို မမှိတ်ခင်တွင် သူမ၏ ခါးသို့ ပြန်လည်ရောက်ရှိလာသော အိတ်လေကို အခိုက်တန့်အတွင်း ငေးကြောင်စွာ ကြည့်နေခဲ့၏။

ရှောင်းလိကို ဘယ်လို နှုတ်ဆက်ရမလဲဆိုတာ ရုတ်တရက် မသိတော့သဖြင့် သူမက စိတ်ပြောင်းသွားပြီး ကုန်းစွန်းစန်းနျန်နှင့်အတူ မြင်းပေါ်တွင် စောစောစီးစီး ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူ၏ လက်အောက်ငယ်သားနှင့် စကားပြောဆိုမှုကို ခိုးနားထောင်ပြီးနောက် သူမကို လွှတ်ပေးမည်ဟူသော သူ့ကတိက မသေချာတော့ချေ။

အခြေအနေက ဘယ်သူ့ကိုမှ စောင့်ဆိုင်းနေမည် မဟုတ်ပေ— သူမလည်း ဆက်ပြီး ပိတ်မိခံနေရန် မဖြစ်နိုင်တော့ပေ။

သူတို့သည် ပွင့်ပွင့်လင်းလင်းနှင့် သေသေချာချာ နောက်ထပ် စကားပြောဆိုရန် လိုအပ်လျှင်တောင်မှ ၎င်းသည် သူမ သူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ပြီးနောက်တွင် ဖြစ်ရပေလိမ့်မည်။

တစ်ခုရှိတာက သူ နောင်တရစရာ အကြောင်း ရှိလာမှာ မဟုတ်ဘူး။

သူမကို ဆက်ပြီး သဘောကျနေဖို့ သူ အတင်းလုပ်ခဲ့တုန်းက သူမက သူ့ကို နောက်ဆုတ်ဖို့ အခွင့်အရေး ပေးခဲ့ပြီးသားပါ။

ဒါက သူကိုယ်တိုင်ရဲ့ အတင်းအကျပ် တောင်းဆိုမှုပဲ။

သူမရဲ့ အပြစ် မဟုတ်ဘူး။

...

All Chapters