← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အပိုင်း (၁၇၅.၁)

ဖုန်းယန် ကျဆုံးသွားခဲ့ပြီးနောက်ပိုင်း ယွီထိုက်ဖူသည် အခြားသော လျန်အမတ်ဟောင်းများစွာနှင့်အတူ ဟုန်အန်းဘုရားကျောင်းတွင် တစ်နှစ်နီးပါး အကျဉ်းချခံထားခဲ့ရ၏။

တာ့လျန်ပြည်ကြီး ပြိုလဲသွားခြင်းနှင့် ချန်လျန်ဝမ်နှင့် သူ၏သားဖြစ်သူတို့ သေဆုံးသွားခြင်းက သူ့ကို တစ်နှစ်တည်းအတွင်းမှာပင် ၁၀နှစ်လောက် ပိုအိုမင်းသွားစေခဲ့သည်။ မြောက်ပိုင်းရှိ လှိုင်းတွန့်သဏ္ဍာန် တောင်တန်းကြီးများဆီသို့ လှမ်းမျှော်ကြည့်နေသော ဝိန်းယွီ၏အကြည့်နောက်သို့ လိုက်ကြည့်ရင်း သူက ပြောလိုက်လေသည်။

"လွန်ခဲ့တဲ့ ၃၅နှစ်တုန်းက ချန်ကျူဧကရာဇ်က ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး မြောက်ပိုင်းနဲ့ တောင်ပိုင်းကို စည်းလုံးညီညွတ်စေခဲ့သလို ပြည်သူတွေရဲ့ နှလုံးသားကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်။ ဝေ့ချီရှန်းက မြောက်ပိုင်းနယ်စပ် တောင်ကြားအပြင်ဘက်က လူရိုင်းတွေရဲ့ ထိန်းချုပ်ခံခဲ့ရလို့ ပုန်ကန်မှုတွေကို နှိမ်နင်းဖို့ တောင်ပိုင်းကို စစ်တပ် မစေလွှတ်နိုင်ခဲ့ဘူး။ ချန်ကျူဧကရာဇ်က မြောက်ပိုင်းကို သွားပြီး သူ့ကို လက်နက်ချဖို့ တောင်းဆိုတဲ့အခါမှာတော့ နောက်ဆုံးမှာ သူက မလိုလားဘဲ အရှုံးပေးခဲ့ရတယ်။ အတိတ်က အဖြစ်အပျက်တွေက အခုလည်း ပြန်ဖြစ်နေတဲ့ပုံပဲ။ ဒါကြောင့် တောင်ကြားအပြင်ဘက်က လူရိုင်းတွေက မြောက်ပိုင်းနယ်စပ်ကို ခြိမ်းခြောက်နေဆဲ ဖြစ်ပေမယ့် ဝေ့ချီရှန်းက ဖေစုန့်ကို ပူးပေါင်းတိုက်ခိုက်ဖို့ တောင်ပိုင်းကို စစ်တပ်တွေစေလွှတ်ဖို့ စွန့်စားရလိမ့်မယ်ထင်တယ်။ မြောက်နဲ့တောင်ကနေ ဒီလို ညှပ်တိုက်တဲ့ ဗျူဟာကြောင့် အဲ့ဒီ သစ္စာဖောက်ဖေက သိပ်ကြာကြာ ထောင်လွှားနေနိုင်မှာ မဟုတ်ဘူး။ မင်းသမီး စိုးရိမ်ဖို့ မလိုပါဘူး"

မြို့ရိုးမျှော်စင်ထက်တွင် လေပြင်းများ တိုက်ခတ်နေသည်။ ခဏလေး ရပ်နေရုံဖြင့်ပင် သူတို့သည် တောင့်တင်းပြီး အေးစက်မှုကို ခံစားလိုက်ရသည်။

ဝိန်းယွီသည် သူမ၏ ခြုံလွှာကို စုကိုင်လိုက်ပြီး ယွီထိုက်ဖူနှင့်အတူ အတွင်းမြို့ရိုး၏ အုတ်ခင်းလမ်းတစ်လျှောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ပြောလိုက်လေသည်။

"ကျွန်မရဲ့ ဆရာ ကွယ်လွန်သွားကတည်းက လျန်စစ်စခန်းမှာ စိတ်ဓာတ်တွေက အတက်အကျ ဖြစ်နေခဲ့တယ်။ ကျွန်မလည်း ကျောထောက်နောက်ခံကို ဆုံးရှုံးလိုက်ရသလို ခံစားရပြီး ညဘက်တွေ သိပ်အိပ်မပျော်နိုင်ခဲ့ဘူး။ အခု ထိုက်ဖူနဲ့ တခြားအမတ်တွေ လျန်စစ်စခန်းကို ပြန်ရောက်လာပြီဆိုတော့ နောက်ဆုံးမှာ ကျွန်မ သက်ပြင်းချနိုင်သွားပါပြီ။ ဒါပေမယ့် ယောက်မနဲ့ အားယင်းလေးတို့က ဖေစုန့်ရဲ့ လက်ထဲမှာ ရှိနေသရွေ့တော့ ကျွန်မ စိတ်ကို အပြည့်အဝ စိတ်အေးနိုင်မှာမဟုတ်ဘူး"

သူမသည် သည်စကားများကို ပြောဆိုနေချိန်တွင် တခြားသူများရှေ့၌ သူမ၏ ခံစားချက်များကို ဖုံးကွယ်ထားရန် အသားကျနေသည့်အလား မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားမှုမှ ပေါ်လွင်နေခြင်း မရှိခဲ့ချေ။

ထောင်သောင်းချီသော လူများ၏ လေးစားအားကျခြင်းကို ခံရသည့် မင်းသမီးတစ်ပါးအနေဖြင့် ဤလောကတွင် သူမ၏ အားနည်းချက်များကို ထုတ်ဖော်ပြသရန် ဘယ်သူမှ မကျန်ရှိတော့သဖြင့် သူမသည် ကြံ့ကြံ့ခံ ရပ်တည်နိုင်ရန် တဖြည်းဖြည်း အသားကျလာခဲ့သည်။ သို့သော် ဝိန်းယွီကိုယ်တိုင်ပင် သူမ၏ စကားများက သူမတွင် ကျောထောက်နောက်ခံများ ပြန်လည်ရရှိသွားပြီဟု မသိစိတ်မှ ခံစားနေရသည်နှယ် လေသံဖြစ်သွားသည်ကိုတော့ သတိမထားမိခဲ့ချေ။

—ယွီထိုက်ဖူက ဝိန်းဟန်ကို စာသင်ပေးလေ့ရှိချိန်တွင် သူမက မကြာခဏ ခိုးနားထောင်လေ့ ရှိခဲ့၏။

ယွီထိုက်ဖူက ဤအရာကို အမြဲတမ်း မျက်ကွယ်ပြုထားပေးခဲ့သဖြင့် တစ်နည်းအားဖြင့် သူသည် ဝိန်းယွီအတွက် ဆရာ တစ်ဝက်ဟု ယူဆနိုင်ပေသည်။

ပြောသူက သတိမထားမိသော်လည်း နားထောင်သူ၏ ရင်ထဲတွင်တော့ နာကျင်မှုများဖြင့် ပြည့်နှက်လို့နေသည်။

ယွီထိုက်ဖူသည် ဝိန်းယွီ၏ အနောက် ၂ လှမ်းခန့်တွင် ကျန်ရစ်နေခဲ့ပြီး သူမ၏ ကျက်သရေရှိလှသော ကျောပြင်ကို ငေးကြည့်နေခဲ့သည်။ ဆီးနှင်းများ ကျဆင်းနေသော ကောင်းကင်ကြီး၏ ဖြူလွှလွှ နောက်ခံတွင် အုတ်ခင်းလမ်းပေါ်၌ လွင့်ဝဲနေသော သူမ၏ မိုးပြာရောင် ခြုံလွှာသည် ဤအေးစက်ပြီး ခြောက်ကပ်နေသော ရှုခင်းထဲမှ ရုတ်တရက် ထိုးထွက်လာသည့် တောင်ထွတ် တစ်ခုနှင့် တူနေ၏။

ကြည်လင်ပြတ်သားကာ ကျက်သရေရှိပြီး ခိုင်မာတက်ကြွကာ ခန့်ညားထည်ဝါလှသည်။

ဖခင်နှင့် အစ်ကိုများ၏ အကာအကွယ်ပေးမှုကို ခံခဲ့ရဖူးသော ချန်လျန်ဝမ် အိမ်တော်မှ အငယ်ဆုံးသမီးလေး၏ အရိပ်အယောင်ကို ယခု တစ်နှစ်တည်းအတွင်းမှာပင် ဝိန်းယွီထံ၌ သူ သိပ်မတွေ့ရတော့ချေ။

ယခုအခါ တာ့လျန်၏ အစောင့်အရှောက် မင်းသမီးတစ်ပါးအနေဖြင့် ပိန်ပါးသော်ငြား မနုနယ်တော့သော သူမ၏ ပခုံးများသည် တာ့လျန် ပြည်သူ ထောင်ပေါင်းများစွာကို ခိုလှုံခွင့် ပေးနေခဲ့ပြီ ဖြစ်သည်။

သူမက သူ၏ သင်ခန်းစာများကို စိတ်အားထက်သန်စွာ ခိုးနားထောင်လေ့ရှိသော်လည်း မျက်မှောက်ခေတ် မူဝါဒများနှင့် ပတ်သက်သော ဆွေးနွေးမှုများက အလွန် ပျင်းစရာကောင်းလွန်းသဖြင့် စားပွဲထောင့်တွင် ငိုက်မျဉ်းသွားတတ်သည့် မိန်းကလေးငယ် တစ်ဦးသာ ဖြစ်ခဲ့ဖူးကြောင်း သူ့မှလွဲ၍ တခြားမည်သူက သိနိုင်ပါမည်နည်း...

ဝိန်းယွီသည် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ယွီထိုက်ဖူ လိုက်မလာသည်ကို သတိထားမိသွားပြီး အနည်းငယ် ဇဝေဇဝါဖြင့် နောက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"ထိုက်ဖူ?"

ဆားပွင့်များကဲ့သို့ သေးငယ်သော ဆီးနှင်းနုနုလေးများသည် ယွီထိုက်ဖူ၏ နားထင်ပေါ်သို့ ကျဆင်းလာပြီး သူ့ဆံပင်က ပိုဖြူသလား၊ ဆီးနှင်းက ပိုဖြူသလားဆိုသည်ကို ခွဲမရလောက်အောင်ပင်။

သူသည် အတွေ့အကြုံများစွာ ဖြတ်သန်းခဲ့ရသော မျက်လုံးများဖြင့် ဝိန်းယွီကို ငေးကြည့်နေခဲ့ပြီး အတိုင်းအဆမသိသော ခံစားချက်များ ပြည့်နှက်နေပုံရ၏။ တဖွဲဖွဲ ကျဆင်းနေသော ဆီးနှင်းများကြားမှ နောက်ဆုံးတွင် သူက စကား တစ်ခွန်းသာ ပြောလိုက်လေသည်။ "မင်းသမီး တော်တော် ဒုက္ခများခဲ့ရပြီ"

ဝိန်းယွီသည် တဒင်္ဂ မှင်သက်သွား၏။

လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း အသွင်ကူးပြောင်းမှု တစ်ခုကို ဖြတ်သန်းနေရသလို ကြီးပြင်းလာစေရန် သူမကိုယ်သူမ အတင်းအကျပ် ဖိအားပေးခဲ့ရသည်။ ဝမ်းနည်းပူဆွေးမှုနှင့် အားနည်းချက်များက သူမ၏ ယခင်ဘဝကသာ ရှိခဲ့ဖူးသည့် အရာများနှယ် ထင်မှတ်ရ၏။ လွန်ခဲ့သည့် တစ်နှစ်အတွင်း သူမ ကြုံတွေ့ခဲ့ရသည့် အရာများနှင့် ရင့်ကျက်လာခြင်းများအပေါ် ယွီထိုက်ဖူတစ်ယောက် အလွန်အမင်း ရင်ကွဲနာကျည်း ဖြစ်နေသည်ကို မြင်သောအခါ ဝိန်းယွီသည် အခိုက်တန့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်သည်။ "မိသားစု အသတ်ခံရတာအတွက် ကလဲ့စားချေတာနဲ့ ပြိုလဲသွားတဲ့ ကျွန်မတို့ တိုင်းပြည်ရဲ့ ဘေးဒုက္ခတွေက ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်တွေပါ။ ထိုက်ဖူ၊ အမတ်ကျိုး၊ ချန်လူကြီးမင်း၊ လီလူကြီးမင်း၊ ဖန့်စစ်သူကြီးနဲ့ တခြား သစ္စာရှိ အမတ်တွေလိုမျိုး ဆရာသမားတွေရဲ့ အကူအညီကို ရရှိတာက ကျွန်မရဲ့ ကံကောင်းမှုပါပဲ—ဒါပေမယ့် ဒီအရာက ကျွန်မအတွက် အများကြီး အားနာစရာ ဖြစ်ရပါတယ်"

ယွီထိုက်ဖူက ခေါင်းခါလိုက်သည်။ "အဲ့ဒီတုန်းက ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့အတွက် သခင်လေးက သူ့ရဲ့ ကိုယ်ပိုင် လက်ချောင်းကို ဖြတ်ပစ်ခဲ့တာပါ။ ကျွန်တော်တို့တွေ ဖုန်းယန်ကနေ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့တာက သခင်မလေးက သူ့ကိုယ်သူ အပေးအယူလုပ်စရာ တစ်ခုအနေနဲ့ အသုံးပြုခဲ့လို့ပါပဲ။ သခင်လေးနဲ့ သခင်မလေးတို့ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို ပြန်ဆပ်ဖို့နဲ့ ချန်လျန်ဝမ်ရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျွန်တော် သင်ယူခဲ့သမျှ အရာအားလုံးကို အသုံးချပြီး မင်းသမီးကို အလုပ်အကျွေးပြုတာကလွဲလို့ ကျွန်တော် ဘာမှ မလုပ်နိုင်တော့ပါဘူး"

နန်ချန်သို့ နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားရန် မထွက်ခွာမီ ဝိန်းယွီသည် ချန်လျန်ဝမ်၊ သူ၏ ကြင်ယာတော်နှင့် သူမ၏ အစ်ကိုဖြစ်သူတို့ကို ကွယ်လွန်ပြီးနောက် ချီးမြှင့်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် ဖုန်းယန်မှ မကြာသေးမီကမှ လွတ်မြောက်လာခဲ့သော ယွီထိုက်ဖူကဲ့သို့သော နောက်လိုက်ဟောင်းများကတော့ သူတို့၏ ယခင် ဂုဏ်ပုဒ်များကိုသာ အကျင့်ပါနေဆဲဖြစ်ကာ ဆက်လက်အသုံးပြုနေခဲ့ကြ၏။

ဝိန်းယွီသည် သူမ၏ မိဘများ၊ အစ်ကိုနှင့် တူများ သေဆုံးသွားခြင်းကို သူမ၏ ကိုယ်ပိုင် မျက်လုံးများဖြင့် ဘယ်သောအခါမှ မမြင်တွေ့ခဲ့ရချေ။ သို့သော် ပျံ့နှံ့နေသော သတင်းများက သူတို့၏ ကြေကွဲဖွယ် အဆုံးသတ် မြင်ကွင်းများနှင့်အတူ သူမ၏ အိပ်မက်ဆိုးများကို အကြိမ်မရေတွက်နိုင်အောင် ခြောက်လှန့်နေခဲ့သည်။

ယခု သူမ၏ ခမည်းတော်က နောက်ဆုံးစကားများ ချန်ထားခဲ့ပုံရသည်ဟု ကြားလိုက်ရသောအခါ အချိန်ကြာမြင့်စွာ အိပ်မောကျနေခဲ့သော ဝမ်းနည်းပူဆွေးမှုက သူမ၏ ရင်ထဲတွင် လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရ၏။

ပြီးခဲ့သည့်နှစ်အတွင်း သူမသည် ခမည်းတော်၊ မယ်တော်တို့နှင့် ပတ်သက်သော အမှတ်တရများတွင် နစ်မြောနေရန် မိမိကိုယ်ကို လွှတ်ထားလေ့မရှိခဲ့ချေ။

ဆီးနှင်းပွင့်များနှင့် ရောနှောနေသော မိုးဖွဲဖွဲများကြားတွင် ဝိန်းယွီသည် အေးစက်ခါးသီးသော တိတ်ဆိတ်မှုထဲ၌ အသက် နှစ်ရှိုက်စာမျှ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် မေးလိုက်သည်။

"ကျွန်မ အဖေက... သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ ဘာတွေ ပြောခဲ့လဲ"

ထိုနေ့ကို ပြန်လည်အမှတ်ရသွားသဖြင့် ယွီထိုက်ဖူသည် ခါးသီးစွာ သက်ပြင်းချလိုက်၏။

"အခြေအနေက ပြန်လည်ကယ်တင်ဖို့ မဖြစ်နိုင်တော့တာကို မြင်တော့ ဝမ်ရယ်က တာ့လျန်ရဲ့ ကံကြမ္မာက အဆုံးသတ်သွားပြီလို့ ကျွန်တော့်ကို ပြောခဲ့တယ်။ ချန်ကျူဧကရာဇ်ရဲ့ နောက်ပိုင်းနှစ်တွေမှာ မိုက်မဲမှုတွေ၊ ကျူးလွန်ခဲ့တဲ့ အမှားများစွာနဲ့ ကွယ်လွန်သွားတဲ့ ဧကရာဇ်လက်ထက်က အားနည်းတဲ့ အုပ်ချုပ်မှုတွေကြောင့် မိခင်ဘက်က ဆွေမျိုးတွေကို အာဏာသိမ်းခွင့်ပြုလိုက်သလို ဖြစ်သွားပြီး နောက်ဆုံးမှာတော့ မင်းဆက် ပြိုလဲသွားစေခဲ့တာပဲ။ တာ့လျန်အတွက်ဆိုပြီး သစ္စာစောင့်သိမှုကို မဖက်တွယ်ထားဖို့ သူက ကျွန်တော့်ကို တိုက်တွန်းခဲ့တယ်။ ဒီမြေကို နောက်ဆုံးမှာ ဘယ်သူပဲ အုပ်ချုပ်ပါစေ၊ အရာရှိ တစ်ယောက်အနေနဲ့ ပြည်သူတွေကို ဆက်လက် အလုပ်အကျွေးပြုသင့်တယ်လို့ ပြောခဲ့တယ်။ ဖြစ်နိုင်ရင် မင်းသမီးကို ဘယ်လိုနည်းနဲ့မဆို ကူညီပေးပြီး မင်းသမီးရဲ့ ဘေးကင်းမှုကို သေချာအောင် လုပ်ပေးပါလို့..."

နွေးထွေးသော မျက်ရည် တစ်ပေါက်က ဝိန်းယွီ၏ လက်ပေါ်သို့ ကျဆင်းလာခဲ့ပြီး ၎င်း၏ အပူရှိန်ကို အေးစက်သော လေပြေက လျင်မြန်စွာ လုယူသွားကာ ထိုးဖောက်ဝင်ရောက်လာသော အေးစက်မှုကိုသာ ချန်ရစ်ထားခဲ့လေသည်။

အေးစက်ခြောက်ကပ်သော လေက သူမ၏ မျက်လုံးများကို စူးရှနာကျင်စေချိန်တွင် သူမသည် အချိန်မီ တစ်ဖက်သို့ လှည့်သွားခဲ့ပြီး အဝေးရှိ တောင်တန်းများဆီသို့ လှမ်းမျှော်ကြည့်နေခဲ့သည်။ အကြိမ်အနည်းငယ် အသက်ရှူပြီးနောက် သူမသည် ဖိနှိပ်ထားသော လေးလံမှုများဖြင့် ပြောလိုက်လေသည်။

"ဒါတွေကို ကျွန်မကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ထိုက်ဖူ"

သူမ၏ ကျောပြင်ကို ကြည့်နေရင်း ယွီထိုက်ဖူ၏ မျက်လုံးများသည် မြို့ရိုးပေါ်ရှိ လေကြောင့် အနည်းငယ် နီရဲသွားခဲ့၏။

"တာ့လျန် ပြိုလဲသွားတာနဲ့အတူ မင်းသမီးက နယ်မြေ တစ်ဝက်ကို တစ်ယောက်တည်း စည်းရုံးနိုင်ခဲ့တယ်။ မင်းသမီး ပြီးမြောက်ခဲ့သမျှ အရာအားလုံးက ဘယ်သူမဆို တွေးထင်ထားနိုင်တာထက်ကို အများကြီး သာလွန်နေပါတယ်။ တကယ်လို့ ဝမ်ရယ်နဲ့ သခင်လေးသာ တမလွန်မှာ ဒါကို သိခဲ့မယ်ဆိုရင် သူတို့က လေးနက်တဲ့ သက်သာရာရမှုကိုပဲ ခံစားရမှာပါ"

ခေတ္တရပ်တန့်သွားပြီးနောက် မိမိ၏ မိတ်ဆွေဟောင်းအကြောင်း အမှတ်တရများက သူ့မျက်လုံးများထဲရှိ ပင်ပန်းနွမ်းနယ်မှုများကို ပိုမိုနက်ရှိုင်းသွားစေခဲ့သည်။

"အစောပိုင်းနှစ်တွေတုန်းက လီလူကြီးမင်းနဲ့ ကျွန်တော်က ဧကရာဇ်ကို အတူတူ ကူညီပြီး နန်းတွင်းမှာ အမှုထမ်းခဲ့ကြတယ်။ နောက်ပိုင်း နိုင်ငံရေးအမြင် ကွဲလွဲခဲ့ကြပြီး ကျွန်တော်တို့တွေ တဖြည်းဖြည်း ဝေးကွာသွားခဲ့တယ်။ ဒါပေမယ့် မင်းသမီးလို တပည့် တစ်ယောက် ရှိနေတော့ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုက မင်းသမီးရဲ့ ရည်ရွယ်ချက်အတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့ရင်တောင် သူက ပြုံးပြီး သေဆုံးသွားခဲ့မှာ သေချာပါတယ်"

သူက ကြေကွဲဖွယ် အပြုံး တစ်ခုဖြင့် ထပ်ပြောလိုက်လေသည်။

"တကယ်လို့ ကျွန်တော်က မင်းသမီးကို ကြိုးကြိုးစားစား မကူညီနိုင်၊ ဒီနယ်မြေကို မကာကွယ်နိုင်ခဲ့ဘူးဆိုရင် တမလွန်မှာ တွေ့တဲ့အခါ သူက ကျွန်တော့်ကို လှောင်ပြောင်မှာကို စိုးရိမ်မိတယ်..."

သို့သော် ဝိန်းယွီသည် ညင်သာစွာ ခေါင်းခါပြလိုက်လေသည်။

"ကျွန်မရဲ့ ဆရာကို ကျွန်မအတွက် စီစဉ်ပေးဖို့ ပထမဆုံး တောင်းဆိုခဲ့တုန်းက သူက ကျွန်မ ဘာကို ရအောင်ယူချင်လဲလို့ မေးခဲ့တယ်။ ကျွန်မက ပြည်သူတွေအတွက်လို့ ဖြေခဲ့တယ်။ အဲ့ဒါက ဒီနေ့အထိ မှန်ကန်နေဆဲပါပဲ"

သူမသည် အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ကြည့်လိုက်သ၏။

"တကယ်လို့ ဒီပြည်ထောင်က ကြီးမြတ်တဲ့ အုပ်ချုပ်မှု စွမ်းရည်ရှိတဲ့ သဘောထားကြီးတဲ့ အုပ်ချုပ်သူ တစ်ယောက်ရဲ့ လက်ထဲကို ကျရောက်သွားမယ်ဆိုရင် ဖေစုန့်ကို ရှင်းလင်းပြီး ကျွန်မ မိသားစု ပျက်စီးရတာအတွက် ကလဲ့စားချေပြီးတာနဲ့ ကျွန်မက လက်နက်ချပြီး အာဏာကို စွန့်လွှတ်နိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကနေ ဒီနေ့အထိ ကြီးမားတဲ့ ရေစီးကြောင်းကြီးက သဲတွေကို ဆေးကြောပစ်လိုက်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အလံတွေကို လွှင့်ထူခဲ့ကြတဲ့ ပုန်ကန်တဲ့ အရာရှိတွေနဲ့ ဓားပြတွေကြားမှာ အကြီးဆုံး ကျန်ရစ်ခဲ့တဲ့ အင်အားစုတွေက ကျွန်မ လက်ထဲက လျန်-ချန် မဟာမိတ်တပ်ဖွဲ့၊ ဖေစုန့်ရဲ့ ထိန်းချုပ်မှုအောက်က သူပုန်စစ်တပ်နဲ့ ဝေ့ချီရှန်း ကွပ်ကဲနေတဲ့ ဝေ့စစ်တပ်တို့ကလွဲလို့ တခြား မရှိတော့ပါဘူး"

"ဖေစုန့်က မူဝါဒမရှိဘဲ သာမန် ပြည်သူတွေကို သက်မဲ့ ကောက်ရိုးခွေးတွေလိုပဲ သဘောထားတယ်။ ဒီနေ့ ပြည်ထောင်ထဲမှာ သူ့ကို မကျိန်ဆဲတဲ့သူဆိုတာ မရှိဘူး။ ဝေ့ချီရှန်းက ကိုယ်ကျင့်တရား ကောင်းမွန်တယ်လို့ အချိန်ကြာအကြီး နာမည်ကြီးခဲ့ပေမယ့် မကြာသေးခင်က မြောက်ပိုင်းနယ်စပ်ကို ကျွန်မ သွားလည်ခဲ့တုန်းက သူ့သားက သူ့ရဲ့ လက်အောက်ငယ်သားတွေကို ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လဲဆိုတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ စစ်ပွဲရဲ့ ပရမ်းပတာတွေကြားမှာ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို ရှာတွေ့ဖို့ ရုန်းကန်နေရတဲ့ ဒီပြိုကွဲနေတဲ့ မြေနဲ့ ပြည်သူတွေက နောက်ထပ် ရက်စက်ပြီး အရည်အချင်းမရှိတဲ့ အုပ်ချုပ်သူ တစ်ယောက်ကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ တကယ်လို့ သူတို့က ကျွန်မကို အနိုင်ယူသွားခဲ့ရင် ရှုံးနိမ့်သူ တစ်ယောက်အနေနဲ့ ကျွန်မမှာ ဘာမှ ပြောစရာ မရှိတော့ပါဘူး။ ဒါပေမယ့် သူတို့က ကျွန်မထက် ညံ့ဖျင်းနေမယ်ဆိုရင် ဒီပြည်ထောင်အတွက် ကျွန်မက ဘယ်လိုလုပ် မယှဉ်ပြိုင်ဘဲ နေနိုင်မှာလဲ"

သူမ၏ စကားလုံးများသည် ကြည်လင်ပြီး ဟိန်းထွက်နေကာ အသံထွက် တစ်ခုစီက ကျောက်စိမ်းပန်းကန်ပြားပေါ်သို့ ကျဆင်းလာသော ပုလဲလုံးလေးများနှယ် ထင်ရသော်လည်း လေးလံသော ဗုံသံများလို ပဲ့တင်ထပ်နေတော့သည်။

ထိုအခိုက်တွင် ယွီထိုက်ဖူသည် ဝိန်းယွီက လျန်ချန်ကျူ ဝိန်းရှီအန်းနှင့် အနည်းငယ် တူညီနေသည်ဟု ခံစားလိုက်ရ၏။ သို့သော်လည်း ချန်ကျူ၏ ရည်မှန်းချက်ကြီးမားမှုနှင့် အာဏာအပေါ် ခေါင်းမာစွာ ဖက်တွယ်ထားမှုက သူ၏ မေတ္တာကရုဏာကို အစောကြီးကတည်းက ငြိမ်းသတ်ပစ်လိုက်ပြီ ဖြစ်သည်။

သို့သော် ဝိန်းယွီတွင်တော့ သူမ၏ ကိုယ်ချင်းစာတရားက ရည်မှန်းချက်ကြီးမားမှုထက် အများကြီး ပိုလို့ပင် သာလွန်နေခဲ့သည်။

ယခင်က သူသည် ချန်လျန်ဝမ် အိမ်တော်နှင့် နက်ရှိုင်းသော ဆက်သွယ်မှုများ ရှိခြင်းကြောင့်နှင့် တာ့လျန် ပြိုလဲပြီးနောက်ပိုင်း သူမ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက ချီးကျူးစရာကောင်းလောက်အောင် လုံလောက်နေသဖြင့် သူမကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ဝိန်းယွီက သူမ၏ နှလုံးသားထဲမှ ရည်ရွယ်ချက်များကို ဖော်ပြသည်ကို ကြားပြီးနောက် ဝိန်းဟန်အား တပည့်အဖြစ် လက်ခံရန် အပြတ်အသတ် ငြင်းဆိုခဲ့သော လီယောင်က ဝိန်းယွီကို ဘာကြောင့် လက်ခံခဲ့သည်ကို သူ ဝိုးတဝါး နားလည်သွားခဲ့သည်။

ပြည်ထောင် ပြိုလဲသွားပြီး ချန်လျန်ဝမ် အိမ်တော်တွင် ဖက်တွယ်ရန် ရုန်းကန်နေရသော ဤတစ်ဦးတည်းသော သမီးလေးသာ ကျန်ရှိတော့သဖြင့် လျန်ကို ပြန်လည်တည်ထောင်ရန်နှင့် ဖေစုန့်ကို ရှင်းလင်းရန် သူမကို ကူညီခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ခြင်းကြောင့် မဟုတ်ပေ။

ယင်းအစား ဤတာ့လျန်၏ မင်းသမီးက ကြီးမားလှသော အလှည့်အပြောင်းများစွာကို သည်းခံဖြတ်သန်းပြီးနောက် ကြီးပြင်းလာခဲ့ကာ သူမသည် သူ၏ ရွေးချယ်မှုနှင့် ထိုက်တန်ကြောင်း လီယောင်ကို ခံစားသွားရစေသောကြောင့်ပင် ဖြစ်တော့သည်။

...

အပိုင်း (၁၇၅.၂)

ဆယ်စုနှစ်တစ်ခုကြာအောင် နိုင်ငံရေး အမြင်ကွဲလွဲမှုများကြောင့် ဖြစ်နိုင်သည်။ ဝိန်းယွီအပေါ် ယွီထိုက်ဖူ၏ အကြည့်သည် မင်းသမီးတစ်ပါးက သည်လို ကြီးကြီးမာမား အောင်မြင်ခဲ့သည်ကို ကျေနပ်အားရနေသည့် အကြည့်မျိုး မဟုတ်တော့ဘဲ တရားဝင် ဆက်ခံမည့် အိမ်ရှေ့စံတစ်ပါးနှင့် လိုက်ဖက်သော အကဲဖြတ်မှုမျိုး ပါဝင်နေခဲ့၏။

သူက မေးလိုက်လေသည်။ "ဒီအမတ်အိုကြီး ဖုန်းယန်မှာ ပိတ်မိနေတုန်းက မာကျားလျန် တိုက်ပွဲပြီးတဲ့နောက် သာမန်ပြည်သူတွေကြားမှာ မင်းသမီးနဲ့ လျန်စစ်စခန်းအပေါ် အသရေဖျက်တဲ့ စကားတွေ အများကြီး ကြားခဲ့ရတယ်။ အဲ့ဒါတွေကို ပထမဆုံး ကြားရတုန်းက မင်း ဒေါသမထွက်ဘူးလား"

ဝိန်းယွီက ပြန်ဖြေလိုက်၏။ "ကျွန်မ ဒေါသထွက်ခဲ့ပါတယ်။ ဒါပေမယ့် အပြစ်ကင်းတဲ့ စစ်သည်တွေ အများကြီးကို သေဆုံးစေခဲ့တဲ့ ကျွန်မတို့ လျန်စစ်စခန်းကို ထောင်ချောက်ဆင်ဖို့ ဒီလို ရက်စက်ယုတ်မာတဲ့ အကြံအစည်ကို ဖန်တီးခဲ့တဲ့ ဖေစုန့်ရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေကိုပဲ ဒေါသထွက်ခဲ့တာပါ။ အဲ့ဒါနဲ့ ယှဉ်လိုက်ရင် သူ သွေးထိုးလှုံ့ဆော်ခဲ့တဲ့ ပြည်သူတွေရဲ့ ကျိန်ဆဲမှုတွေက စကားထဲ ထည့်ပြောနေဖို့တောင် မလိုပါဘူး"

ယွီထိုက်ဖူက မေးလိုက်လေသည်။ "မင်းသမီးက အဲ့ဒီ သာမန်ပြည်သူတွေအပေါ် နည်းနည်းလေးမှ မကျေနပ်ချက် မရှိဘူးလား"

ဝိန်းယွီက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။ "အေးစက်တဲ့ ပြတင်းပေါက်တွေနားမှာ ကြိုးကြိုးစားစား စာသင်ခဲ့တဲ့ ပညာရှင် တော်တော်များများတောင် ဒီလို စကားတွေကြောင့် ယိမ်းယိုင်သွားနိုင်သေးတာပဲ။ စာသင်ကျောင်းထဲကို ခြေ တစ်လှမ်းတောင် မချဖူးဘဲ ဘဝတစ်လျှောက်လုံး အခြေခံ စားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေရတဲ့ သာမန်ပြည်သူတွေက အမှားနဲ့အမှန်ကို ခွဲခြားနိုင်ဖို့ ကျွန်မတို့က ဘယ်လိုလုပ် မျှော်လင့်နိုင်မှာလဲ။ သူတို့ရဲ့ ကျိန်ဆဲသံတွေ အရမ်းကျယ်လောင်လာတဲ့အခါ ကျွန်မအတွက်တော့ နာမည်ဂုဏ်သတင်း နည်းနည်း ကျဆင်းသွားတယ်လို့ပဲ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် တကယ်လို့ ကျွန်မက အဲ့ဒါကို အတည်ယူလိုက်မယ်ဆိုရင် သဲ တစ်ဆုပ် ပစ်လိုက်သလိုမျိုး ပေါ့ပါးတဲ့ ဆုံးဖြတ်ချက်ကတောင် သူတို့အပေါ် တောင်ကြီး တစ်လုံးလို ကျရောက်သွားနိုင်တယ်"

သူမ၏ အကြည့်သည် တည်ငြိမ်နေခဲ့၏။ "ကျွန်မ ရင်ဆိုင်ရမယ့်သူတွေက ဒီသာမန်ပြည်သူတွေ ဘယ်တော့မှ မဟုတ်ခဲ့ဘူး။ သူတို့ကို အသုံးချပြီး နောက်ကွယ်ကနေ မီးမွှေးနေတဲ့ ကြိုးကိုင်သူတွေကိုပါ"

ယွီထိုက်ဖူ၏ မျက်လုံးများထဲတွင် ရုတ်တရက် နွေးထွေးမှုများ ပြည့်နှက်လာသည်ကို ခံစားလိုက်ရသည်။ သူသည် ဝိန်းယွီကို ဦးညွှတ်လိုက်ပြီး ပြော၏။ "အတိတ်တုန်းက ဝမ်ရယ်က ဒီပြည်ထောင်ရဲ့ သာမန်ပြည်သူတွေကို ဒီအမတ်အိုကြီးဆီ အပ်နှံခဲ့တယ်။ ဒီနေ့တော့ ဒီအမတ်အိုကြီးကလည်း ဒီသန်းနဲ့ချီတဲ့ ပြည်သူတွေကို မင်းသမီးဆီ စိတ်အေးချမ်းသာစွာနဲ့ အပ်နှံနိုင်ပါပြီ"

ဝိန်းယွီက ဆံဖြူနေသော အဘိုးကြီးကို ပြန်လည်ကြည့်ရှုလိုက်ပြီး ပြောလိုက်လေသည်။ "ကျွန်မကလည်း အုပ်ချုပ်သူ တစ်ယောက် ဖြစ်ဖို့ မသင့်တော်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလောကမှာ ကျွန်မထက် သာလွန်တဲ့သူ မရှိသရွေ့တော့ ကျွန်မ အစွမ်းကုန် ကြိုးစားရပါလိမ့်မယ်။ ဒီစစ်ပွဲ ပြီးဆုံးသွားပြီး မြောက်ပိုင်းဝေ့ကို စေလွှတ်လိုက်တဲ့ သံတမန်တွေက ကျန်းယွီရဲ့ ရုပ်အလောင်းကို ပြန်သယ်လာတဲ့အခါ ကျွန်မက နန်ချန်ကို တစ်ခေါက် ပြန်သွားရဦးမယ်။ အဲ့ဒီအချိန်ကျရင် လျန်ပြည်တွင်းက ကိစ္စရပ် အမျိုးမျိုးကို ကျွန်မကိုယ်စား စီမံခန့်ခွဲပေးဖို့ ထိုက်ဖူကို ဒုက္ခပေးရလိမ့်မယ်"

ယွီထိုက်ဖူ၏ အသံက အနည်းငယ် တုန်ယင်သွားပြီး ပြန်ဖြေလိုက်လေသည်။ "မင်းသမီးဆီကနေ ဒီလောက် ကြီးမားတဲ့ တာဝန်ကို ပေးအပ်ခံရတဲ့အတွက် ဒီကျွန်တော်မျိုးက သေတဲ့အထိ အစွမ်းကုန် ပေးဆပ်သွားပါ့မယ်"

ဝိန်းယွီက သူ့ကို တွဲထူလိုက်ပြီး ပြောလိုက်သည်။ "ထိုက်ဖူကို အသက်ရှည်ရှည်နဲ့ ကျန်းမာစေချင်ပါတယ်။ ရှင့်လို အတွေ့အကြုံရှိတဲ့ အမတ် တစ်ယောက်က ကျွန်မရဲ့ ကျောထောက်နောက်ခံ ရှိနေတော့ ရှေ့ဆက်မယ့် လမ်းမှာ ခလုတ်တိုက်မိမှာကို ကျွန်မ မကြောက်တော့ဘူး"

ဤစကားကြောင့် ယွီထိုက်ဖူသည် တကယ်ကို မျက်ရည်ကျသည်အထိ လှုပ်ရှားသွားခဲ့၏။ နီရဲနေသော မျက်လုံးများဖြင့် သူသည် ဝိန်းယွီကို စူးစိုက်ကြည့်ကာ ကတိပြုလိုက်၏။ "မင်းသမီး၊ စိတ်အေးချမ်းသာစွာနဲ့ ရှေ့ဆက်သွားပါ။ ဒီကျွန်တော်မျိုးက... မင်းသမီးကို စောင့်ကြည့်ပေးနေပါ့မယ်"

မြို့ရိုးပေါ်ရှိ ညနေခင်းလေသည် ပြင်းထန်နေပြီး ဝိန်းယွီ၏ မျက်လုံးများပင် နီရဲလာသည်အထိ တိုက်ခတ်နေခဲ့သည်။

—

ဆည်းဆာအချိန် ရင့်လာသည်နှင့်အမျှ ဝေ့အိမ်တော် ဥယျာဉ်ရှိ စင်္ကြံများနှင့် ကျောက်သားလမ်းများတစ်လျှောက်ရှိ မီးအိမ်များက လင်းထိန်လာခဲ့ပြီး နေ့လယ်က ချိတ်ဆွဲထားသော ပိုးထည်အနီများအပေါ်သို့ ဖော်ပြ၍မရနိုင်လောက်အောင် ကြက်သီးထဖွယ် ပျက်စီးယိုယွင်းနေသော အလင်းရောင် တစ်ခုကို ဖြာကျနေလေ၏။

အမူးလွန်နေသော ဝေ့ဖိန်ကျင်းသည် အစေများ တွဲကူလျက် စားသောက်ပွဲမှနေ၍ ဒယိမ်းဒယိုင်နှင့် ပြန်လာခဲ့သည်။ သူ့အခန်းသို့ မရောက်ခင်မျာပင် သူသည် စင်္ကြံရှိ လက်ရန်းကို မှီကာ အပြင်းအထန် အန်ချလိုက်လေသည်။

အစေခံများက သူ့ကို တဖန်ကူညီရန် ကြိုးစားသည့်အခါတိုင်း သူက ကန်ကျောက် ရုန်းကန်နေပြီး သူတို့ကို ထွက်သွားရန် အော်ဟစ်ကာ ဆက်သောက်ချင်သေးကြောင်း ခေါင်းမာနေလေသည်။

ထိုအချိန်တွင် မီးဖိုချောင်မှ အမူးပြေဟင်းရည် ယူဆောင်လာခဲ့သည်။ အခြား ရွေးချယ်စရာ မရှိတော့သဖြင့် အစေခံများသည် သူ့ကို အတင်းအကျပ် တိုက်လိုက်ကြလေသည်။

အမူးပြေဟင်းရည် တစ်ပန်းကန်ကို သောက်ပြီးနောက် ဝေ့ဖိန်ကျင်းသည် အေးစက်သော လေပြေကြောင့် ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး အသိစိတ် အနည်းငယ် ပြန်ရလာခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် စားသောက်ပွဲများနှင့် ဧည့်သည်များကို မတွေ့ရသဖြင့် သူသည် စားသောက်ပွဲတွင် မရှိတော့ကြောင်း သဘောပေါက်သွား၏။ ထိုးကိုက်နေသော သူ၏ နားထင်များကို ဖိရင်း သူက မေးလိုက်လေသည်။ "ဒါ ဘယ်နေရာလဲ"

အစေခံ တစ်ယောက်က ပြန်ဖြေလိုက်လေသည်။ "မင်္ဂလာအခန်းက အရှေ့မှာပါ သခင်လေး။ မေ့သွားပြီလား။ သခင်လေး အခု လက်ထပ်ပြီးပြီလေ။ မင်းသမီးက အထဲမှာ စောင့်နေပါတယ်"

ထိုစကားများထဲမှ တစ်ခုခုက ဝေ့ဖိန်ကျင်း၏ ဒေါသကို ဆွပေးလိုက်သည်။ သူသည် ရုတ်တရက် ဒေါသတကြီး ဖြစ်သွားပြီး သူ့ကို တွဲထားသော အစေခံ နှစ်ယောက်ကို အကြမ်းပတမ်း ခါချလိုက်၏။ သစ်သားလက်ရန်းကို ဆုပ်ကိုင်ကာ သူသည် ယိမ်းယိုင်စွာ မတ်တတ်ရပ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် မလိုမုန်းထားမှုနှင့် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်လို့နေသည်။ "မင်းသမီး ဟုတ်လား။ သောက်ကျိုးနဲ မင်းသမီး"

အရှေ့တွင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရပုံပေါ်ကာ မင်္ဂလာအခန်းထဲမှ မိန်းမငယ် နှစ်ယောက် ထွက်လာပြီး ဝေ့ဖိန်ကျင်းကို လာရောက်တွဲကူကြသည်။ သူ၏ ပေါက်ကွဲမှုကြောင့် လန့်သွားကြသဖြင့် သူတို့သည် ရှေ့တိုးရခက် ဖြစ်နေကြကာ တစ်ယောက်ကို အချင်းချင်း မရေမရာ ကြည့်လိုက်သည်။

ဝေ့ဖိန်ကျင်း၏ အစေခံများသည်လည်း အလားတူပင် အနေခက်နေကြပြီး ရှင်းပြရုံသာ တတ်နိုင်တော့၏။ "သခင်လေးက... အရက် နည်းနည်း များသွားလို့ပါ..."

အစေခံမလေး နှစ်ယောက် တုံ့ဆိုင်းနေစဉ် မင်္ဂလာအခန်းထဲမှ ညင်သာသော အသံ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ "သခင်လေး မူးနေမှတော့ သွားပြီး တွဲခေါ်လိုက်ပါလား"

ထို့နောက် အစေခံမလေးများသည် အရှေ့သို့ ထပ်မံတက်လှမ်းရန် ပြင်ဆင်လိုက်ကြ၏။

သို့သော် အရက်ရှိန် တက်နေသော ဝေ့ဖိန်ကျင်းသည် အစေခံမလေးများအပေါ်၌ပင် ထိန်းချုပ်မှုမရှိချေ။ သူက ကန်ကျောက် တွန်းဖယ်လိုက်ပြီး မြေကြီးပေါ် လဲကျသွားအောင် လုပ်လိုက်ပြီးနောက် သူ၏ ရွံရှာမှုကို ဖုံးကွယ်ရန် နည်းနည်းမှ မကြိုးစားခဲ့ပေ။ "ထွက်သွားကြ။ ငါ့ကို လာမထိနဲ့"

ရင်ဘတ်ကို အကန်ခံလိုက်ရသော အစေခံမလေးသည် ထရပ်ရန် ရုန်းကန်နေရပြီး အခြား တစ်ယောက်မှာမူ သူမ၏ အဖော်ကို ကူညီပေးနေကာ ဝေ့ဖိန်ကျင်းထံသို့ ထပ်မချဉ်းကပ်ရဲတော့ချေ။

ဝေ့ဖိန်ကျင်း၏ ရင်ထဲတွင် ပွက်ပွက်ဆူနေသော ဒေါသက လောင်ကျွမ်းနေပြီး စားသောက်ပွဲတွင် တစ်ညလုံး သောက်ခဲ့သော်လည်း ဒေါငက လျော့မသွားခဲ့ချေ။ သူသည် လှည့်ထွက်လာခဲ့လိုက်လေသည်။

သို့သော် ထိုညင်သာပြီး နူးညံ့သော အသံက အနောက်ဘက်မှ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။ "ဒီညက ကျွန်မတို့ရဲ့ မင်္ဂလာဦးညလေ။ သခင်လေး ဘယ်ကို သွားမလို့လဲ"

ဝေ့ဖိန်ကျင်းသည် သူ့ဒေါသကို ဖိနှိပ်ကာ လှည့်ကြည့်လိုက်သည်တွင် မျက်နှာဖုံးစကို ဖယ်ရှားထားပြီးဖြစ်သော ဝမ်းဝမ်ကျိန်းကို မြင်လိုက်ရ၏။ ခမ်းနားထည်ဝါလှသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမသည် မင်္ဂလာအခန်း၏ ဝင်ပေါက်တွင် ရပ်ကာ သူ့ကို ကြည့်နေလေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ၏ အလုံးစုံသော အမူအရာနှင့် ဟန်ပန်သည် အထက်တန်းစား မိန်းမပျိုလေးများထက် နည်းနည်းမှ မနိမ့်ကျနေချေ။

သို့တိုင် ဝေ့ဖိန်ကျင်း၏ အကြည့်တွင် ရွံရှာမှုနှင့် နက်ရှိုင်းသော အရှက်ရမှုမှလွဲ၍ ဘာမှ မရှိခဲ့ပေ။

သူသည် အနားသို့ ချဉ်းကပ်သွားလိုက်ပြီး ဝမ်းဝမ်ကျိန်း၏ မေးစေ့ကို ညှစ်လိုက်ကာ အရက်နံ့ဟောင်နေသော သူ၏ အသက်ရှူငွေ့များက မိတ်ကပ်လိမ်းထားဆဲဖြစ်သော သူမ၏ မျက်နှာပေါ်သို့ ဝေ့လာခဲ့သည်။ အစေခံများရှေ့တွင် အရှက်ခွဲခြင်းများ ရောယှက်နေသော ဤရင်းနှီးသည့် အပြုအမူကို ရင်ဆိုင်ရသော်လည်း ဝမ်းဝမ်ကျိန်းသည် ညင်သာသော အလိုက်သင့်အပြုံး တစ်ခုကို ထိန်းသိမ်းထားကာ ဇနီးသည် တစ်ယောက်က သူမ၏ ခင်ပွန်းကို ကြည့်သည့်ပုံစံအတိုင်း သူမ၏ အကြည့်က နူးညံ့ပြီး မြတ်နိုးအမှုအပြည့်ပင်။

သူမ၏ အမြဲတမ်း သရုပ်ဆောင်နေသော အမူအရာကို မြင်ရသောအခါ ဝေ့ဖိန်ကျင်း၏ ရွံရှာစိတ်က ပိုနက်ရှိုင်းသွားခဲ့သည်။ သူသည် လက်ကို မြှောက်ကာ သူမ၏ ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး အားကို မထိန်းထားဘဲ သရော်ကာ ပြောလိုက်လေသည်။ "သရုပ်ဆောင်တွေက စင်ပေါ်မှာ ပြဇာတ်ကတာက တစ်ကိစ္စ၊ စင်အောက်မှာပါ ဟန်ဆောင်နေတာက—မင်းက ဘယ်သူ့ကို ရွံအောင် လုပ်ချင်နေတာလဲ"

ထိုသို့ ပြောလိုက်ပြီးနောက် ဝေ့ဖိန်ကျင်းသည် ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်ခွာသွားခဲ့သည်။

အေးစက်သော လေသည် ခေါင်မိုးစွန်းအောက်ရှိ မီးအိမ်များကို လှုပ်ခါနေလေ၏။ မှိန်ဖျဖျ အလင်းရောင်တွင် ဝမ်းဝမ်ကျိန်း၏ ပါးပြင်သည် အရိုက်ခံထားရသဖြင့် အနည်းငယ် နီရဲနေပုံရသော်လည်း သူမ၏ ညင်သာသော အမူအရာက ပြောင်းလဲမသွားခဲ့ချေ။ သူမ၏ အခန်းသို့ မပြန်ခင် ဝေ့ဖိန်ကျင်း၏ အစေခံများကိုပင် စာနာထောက်ထားစွာ ညွှန်ကြားလိုက်သေးသည်။ "အပြင်မှာ မှောင်နေပြီး နှင်းတွေလည်း ကျနေတယ်။ သခင်လေးကလည်း အရက် နည်းနည်း များသွားတယ်။ သူ့နောက်ကို အနီးကပ် လိုက်သွားကြပြီး မချော်လဲအောင် သေချာ ဂရုစိုက်ကြဦး"

ဝေ့ဖိန်ကျင်းက ဝမ်းဝမ်ကျိန်းကို သည်လို ပွင့်ပွင့်လင်းလင်း အရှက်ခွဲရဲသော်လည်း အမှန်တရားကို မသိသော အစေခံများကမူ စည်းကျော်ပြီး မလုပ်ရဲအောင် ဖြစ်နေခဲ့ကြသည်။ သူမ၏ စကားကို ကြားသောအခါ သူတို့သည် သူမကို ကမန်းကတမ်း ဦးညွှတ်လိုက်ပြီး ဝေ့ဖိန်ကျင်းနောက်သို့ အလျင်စလို လိုက်သွားကြတော့သည်။

အခန်းထဲသို့ ပြန်ရောက်သောအခါ ဝမ်းဝမ်ကျိန်းသည် ကြေးမုံရှေ့တွင် ထိုင်ကာ သူမ၏ မိတ်ကပ်နှင့် ဆံထုံးအလှဆင်ပစ္စည်းများကို စတင် ဖယ်ရှားလိုက်သည်။ သူမ၏ စိတ်သဘောထားကို မရင်းနှီးသေးဘဲ ထိုအဖြစ်အပျက်ကို မည်သို့ တုံ့ပြန်ရမည်မသိ ဖြစ်နေသည့် အစေခံမလေး နှစ်ယောက်သည်လည်း တိတ်ဆိတ်နေခဲ့ကြ၏။

သူမက တိတ်ဆိတ်မှုကို ပထမဆုံး ဖြိုခွင်းလိုက်ပြီး သူတို့၏ ဒဏ်ရာများအကြောင်းကို ညင်သာစွာ မေးမြန်းကာ တစ်ယောက်လျှင် ငွေတုံး နှစ်တုံးစီ ဆုချလိုက်သည်။ ဝမ်းသာသွားသော အစေခံမလေးများသည် သူမအတွက် အစားအစာ အနည်းငယ် သွားယူရန် အပြင်သို့ ထွက်သွားကြလေသည်။ ထိုအခါမှသာ ဝမ်းဝမ်ကျိန်းသည် သူမ၏ နီရဲနေသော ပါးပြင်ကို ကြေးမုံမှန်ဆီသို့ လှည့်ကာ သေသေချာချာ စစ်ဆေးကြည့်လိုက်တော့သည်။

—

ခြံဝင်းထဲမှ ထွက်ခွာပြီးနောက် ဝေ့ဖိန်ကျင်းသည် တကယ်ကို လှေကားထစ် တစ်ထစ် ချော်ကျသွားပြီး နှင်းထဲ လဲကျသွားခဲ့သည်။

အရက်ရှိန်က အာနိသင် ပြနေသဖြင့် သူ့တစ်ကိုယ်လုံး နွေးထွေးနေကာ အအေးဒဏ်ကို မခံစားရချေ။ သူသည် နှင်းထဲတွင် ပက်လက်လှန် လဲလျောင်းနေပြီး သူ့ကော်လာကို ဖြေလျော့ကာ ပိုပြီး သက်တောင့်သက်သာရှိနေရန် လေအေးကိုပင် ခံစားနေလိုက်သေးသည်။

သို့သော် သူသည် အေးစက်သော လေကို မည်မျှပင် ပြင်းပြင်းရှူသွင်းစေကာမူ သူ့ရင်ဘတ်ထဲက မီးတောက်သည် ဆက်လက် လောင်ကျွမ်းနေပြီး မျိုသိပ်ထားရသော စိတ်ပျက်မှုများက သူ့ကို မွန်းကျပ်စေလေသည်။

ထိုဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ပြင်းထန်သော မကျေနပ်မှုနှင့် နာကြည်းမှုများအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

—တကယ်လို့ သူ့အစ်ကိုသာ သက်ရှိထင်ရှား ရှိနေသေးရင် သူ့အဖေက သူ့ကို ဒီလောက် အောက်တန်းကျတဲ့ သရုပ်ဆောင် တစ်ယောက်နဲ့ လက်ထပ်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ် သူ့အဖေက သူ့အစ်ကိုအပေါ် ထားတဲ့ မေတ္တာက အရမ်းလွန်ကဲနေလို့ သူ့အစ်ကိုရဲ့ အတိတ်က ရဲစွမ်းသတ္တိနဲ့ ခပ်ဆင်ဆင်တူတဲ့ လျန်စစ်စခန်းက သူလျှို တစ်ယောက်ကိုတောင်မှ သူက အကြိမ်ကြိမ် အလိုလိုက်ထားခဲ့တာပဲ။

ယနေ့ ဧည့်သည်များအကြောင်း စဉ်းစားလိုက်မိချိန်တွင် —သူတို့က ပေါ်တင်ကြီးကို နှုတ်ဆိတ်နေကြပေမယ့် မြို့တံခါးကို ပိတ်ဆို့ခဲ့တဲ့ အမည်မသိ စစ်တပ်ရဲ့ အဖြစ်အပျက်အကြောင်းကို တိတ်တိတ်လေး တီးတိုးပြောဆိုနေခဲ့ကြတာ—ဝေ့ဖိန်ကျင်းသည် ပိုလို့ပင် အရှက်ရသွားသလို ခံစားလိုက်ရသည်။ သူသည် မြေပြင်ကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထုချလိုက်လေသည်။

ခဏအကြာတွင် မကျေနပ်သေးသည့်အလား သူသည် ခေါင်းမူးနေလျက်နှင့်ပင် ယိမ်းယိုင်စွာ မတ်တတ်ရပ်လိုက်ပြီး သတ်မှတ်ထားသော လမ်းကြောင်း တစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။

—

အကျဉ်းထောင်ကို စောင့်ကြပ်နေသော ဝေ့စစ်သည်သည် နံရံကို မှီကာ ငိုက်မြည်းခါစလေးတွင် အပြင်ဘက်ရှိ သံတိုင်များက နားကွဲမတတ် ပြင်းထန်သော အားနှင့်အတူ ရုတ်တရက် လှုပ်ခါသွားခဲ့၏။

လန့်နိုးသွားသော စစ်သည်သည် လာရောက်သူကို မှတ်မိသွားပြီး အလျင်စလို နှုတ်ဆက်လိုက်လေသည်။ "သခင်လေး"

ဝေ့ဖိန်ကျင်း၏ မျက်နှာသည် နီမြန်းနေပြီး မျက်လုံးများ သွေးရောင်လွှမ်းနေကာ အရက်နံ့ ဟောင်နေလျက် ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်လေသည်။ "ဖွင့်စမ်း။ အဲ့ဒီ လျန်စစ်စခန်းက သူလျှိုကို ငါ တွေ့ချင်တယ်"

...

All Chapters