အခန်း ၁၇၇
Vol. 18 Ch. 177
အပိုင်း (၁၇၇.၁)
ဝေ့ဖိန်ကျင်း ဘိုးဘွားခန်းမတွင် ဒူးထောက်အပြစ်ပေးခံရသည့် သတင်းက ထိုနေ့ ညနေခင်းတွင်ပင် သခင်မဝေ့၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။
ဝေ့ချီရှန်းသည် သူ့စာကြည့်ခန်းသို့ ပြန်ရောက်ပြီး မကြာမီမှာပင် သခင်မဝေ့သည် သူမ၏ နောက်လိုက်များနှင့်အတူ ရောက်ရှိလာခဲ့ပြီး ဆူညံပွက်လောရိုက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
အိမ်တော် သမားတော်က ဝေ့ချီရှန်း၏ သွေးခုန်နှုန်းကို စမ်းသပ်ပေးပြီးကာစ ဖြစ်သည်။ ဝေ့ချီရှန်း၏ ဘေးတွင် ရပ်နေသော လျောင်ကျန်းသည် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရ၏။ တံခါးဆီသို့ သွားရောက်စုံစမ်းပြီးနောက် သူက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြန်လာခဲ့ပြီး ဝေ့ချီရှန်းကို သတင်းပို့လိုက်သည်။ "သခင်မ ရောက်နေပါတယ်"
ဝေ့ချီရှန်းသည် သူ့ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် အုပ်ကာ နောက်ထပ် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်၏။ သူက ပုဝါကို ချလိုက်ချိန်တွင် သွေးကွက်များကို ဖုံးကွယ်ရန် ၎င်းကို လက်ဖဝါးထဲတွင် ခေါက်ထားလိုက်သည်။ "နောက်ကျနေပြီ” သူက ပြောလိုက်သည်။ “မင်းလည်း စောစော ပြန်သင့်တယ်"
အနီးတွင် ရပ်နေသော ဝေ့ရှန်းက ဝေ့ချီရှန်းကို သူ စောင့်ရှောက်လိုက်မည်ဟု အချက်ပြသည့်အနေဖြင့် လျောင်ကျန်းကို ခေါင်းညိတ်ပြလိုက်သည်။
ထိုနေ့တွင် နယ်စားအိမ်တော်၏ အရှုပ်တော်ပုံများကို အများကြီး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီဖြစ်ကြောင်း လျောင်ကျန်းလည်း ကောင်းကောင်း သိထား၏။ သခင်မဝေ့သည် ပြဿနာရှာနေသဖြင့် အခြေအနေက ပိုလို့ပင် အကျည်းတန်လာနိုင်ဖွယ် ရှိသည်။ သူက ဝေ့ချီရှန်း၏ ယုံကြည်ရသော လက်ထောက်တစ်ဦး ဖြစ်သော်လည်း အမှန်တကယ်တော့ အပြင်လူ အရာရှိတစ်ဦးသာ ဖြစ်လိုက်သည်။ သူသည် ချက်ချင်းပင် လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ဝေ့ချီရှန်းကို ပြောလိုက်၏။ "ဒါဆိုရင် ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး။ တောင်ပိုင်း စစ်ဆင်ရေးအတွက် စစ်သူကြီးတွေရဲ့ စာရင်းကို မနက်ဖြန်ကျရင် ကျွန်တော် ယူလာခဲ့ပါ့မယ်"
ကုတင်ပေါ်တွင် မှီလျက်နေသော ဝေ့ချီရှန်းသည် သူ၏ ဖျားနာနေသော ဖြူရော်ရော် မျက်နှာကို အာဏာစက်ဖြင့် ဖုံးကွယ်ထားကာ ခေါင်းညိတ်ပြလိုက်သည်။
လျောင်ကျန်းက ထွက်ခွာရန် တံခါးကို ဖွင့်လိုက်ချိန်တွင် လှေကားခြေရင်း၌ စောင့်ကြပ်နေသော အစောင့်များနှင့် တွန်းတိုက်ကာ အတင်းဝင်ရောက်ရန် ကြိုးစားနေသည့် သခင်မဝေ့နှင့် သူမ၏ အစေခံများကို တွေ့လိုက်ရ၏။
အထဲမှ လူတစ်ယောက် ထွက်လာသည်ကို— ထို့အပြင် စစ်သူကြီးတစ်ဦး ဖြစ်နေသည်ကို— မြင်လိုက်ရသောအခါ သခင်မဝေ့သည် အမြင်တင့်တယ်စေရန် သူမ၏ အဝတ်အစားနှင့် ဆံပင်ကို ပြင်ဆင်လိုက်သည်။ အစေခံမလေးများနှင့် အထိန်းတော်များ ဝန်းရံထားလျက် သူမသည် လှေကားခြေရင်းတွင် တင်းမာသော မျက်နှာဖြင့် တောင့်တင်းစွာ ရပ်နေလိုက်သည်။
လျောင်ကျန်းက စကားအများကြီး မပြောတာက အကောင်းဆုံးဟု တွေးလိုက်၏။ သူက လက်နှစ်ဖက်ကို ယှက်ကာ သူမကို "သခင်မ" ဟု နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
မကြာမီမှာပင် ဝေ့ရှန်းက စာကြည့်ခန်းတံခါးဝတွင် ပေါ်လာခဲ့ပြီး အနည်းငယ် အရိုအသေပေးကာ သခင်မဝေ့ကို ပြောလိုက်သည်။ "သခင်မ၊ ကျေးဇူးပြုပြီး အထဲဝင်ပါ"
သခင်မဝေ့နှင့် သူမ၏ အဖွဲ့ကို တားဆီးထားခဲ့သော အစောင့်များက နောက်ဆုံးတွင် လမ်းဖယ်ပေးလိုက်ကြ၏။
သခင်မဝေ့သည် သူမ၏ နောက်လိုက်များနှင့်အတူ အထဲသို့ ဝင်ရောက်သွားချိန်တွင် အစောင့်များက သူမကိုသာ ဝင်ခွင့်ပြုခဲ့ပြီး အနောက်မှ လိုက်ပါလာသော အစေခံမလေးများနှင့် အစေခံများကို လှံရှည်များ ယှက်ကာ တားဆီးလိုက်ကြသည်။
သခင်မဝေ့သည် ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း ဝေ့ရှန်းက ခေါင်းကို ရိုသေစွာ ငုံ့လျက် ပြောလိုက်၏။ "သခင်မ၊ စာကြည့်ခန်းက ကန့်သတ်နယ်မြေဆိုတာ သခင်မ သိပါတယ်။ နယ်စားကြီးက ခွင့်ပြုချက်မရှိတဲ့သူတွေကို အထဲဝင်ခွင့် ဘယ်တုန်းကမှ မပေးခဲ့ပါဘူး"
ကျောက်လှေကားထစ် ဆယ်ဂဏန်းခန့် အလွန်တွင်ရှိသည့် ညဖက်တွင် ဝပ်တွားနေသော သားရဲကြီးတစ်ကောင်ကဲ့သို့ ကြီးမားခမ်းနားလှသော ခံတပ်သဖွယ် အဆောက်အအုံကြီးကို ငေးကြည့်ရင်း သခင်မဝေ့၏ မျက်လုံးများက အနည်းငယ် နီရဲသွားခဲ့သည်။
သူမသည် အင်အားကြီးမားသော အရှင်သခင်အဖြစ် လောကကြီးက လေးစားရသည့် ဤအမျိုးသားနှင့် လက်ထပ်ခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်ပြီ ဖြစ်သော်လည်း ဤသည်က သူ၏ စာကြည့်ခန်းထဲသို့ သူမ ခြေချဖူးသည့် ဒုတိယမြောက် အကြိမ်သာ ဖြစ်လေသည်။
သူမ အသက် ဆယ့်ခြောက်နှစ်အရွယ်တွင် သူ့ကို လက်ထပ်ပြီး ဝေ့မိသားစု၏ ဇနီးတစ်ဦး ဖြစ်လာချိန်မှစ၍ သူမက သူ့ကို အမြဲတမ်း မော့ကြည့်ခဲ့ရသည်။
မျက်လုံးများထဲမှ နာကျင်မှုကို ဖိနှိပ်ထားရင်း သခင်မဝေ့သည် သူမ၏ ခြုံလွှာကို တင်းနေအောင် ဆွဲစိလိုက်ပြီး တင်းမာသော မျက်နှာဖြင့် လှေကားထစ်များကို တစ်ဆင့်ချင်း တက်သွားခဲ့၏။
စာကြည့်ခန်းက ကြမ်းပြင်အောက် အပူပေးစနစ်ကြောင့် နွေးထွေးနေသည်။ ၎င်း၏ သခင်က နှစ်ပေါင်းများစွာ ဆေးဝါးများ သောက်သုံးနေခဲ့ရသဖြင့် ဆေးဖက်ဝင်အပင်များ၏ ခါးသက်သက် အနံ့က အပူရှိန်ကြောင့် လေထဲတွင် ပျံ့နှံ့နေ၏။
မကြာသေးမီ နှစ်များအတွင်း ဝေ့ချီရှန်းသည် စာကြည့်ခန်းထဲတွင် အမြဲတမ်း တစ်ယောက်တည်း အိပ်လေ့ရှိသည်။ ပွဲတော်ရက်များတွင်သာ သူမ၏ ခြံဝင်းထဲသို့ လာရောက်ပြီး ကလေးများနှင့်အတူ ထမင်းစားလေ့ရှိ၏။
သခင်မဝေ့သည် စားပွဲအနောက်တွင် စာရွက်စာတမ်းများကို ကိုင်တွယ်နေပြီး အပြင်ဝတ်ရုံကို ခြုံထားသော အမျိုးသားကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ် အချိုးအစားက ယခင်ကနှင့် ပြောင်းလဲသွားပုံ မရချေ။ ယခုအခါ သူသည် မုတ်ဆိတ်မွေးများ ထားရှိပြီး ဖျားနာမှုကြောင့် ပိန်ချုံးနေကာ ပါးရိုးများ အနည်းငယ် ထင်းနေသော်လည်း သူ၏ မျက်နှာပေါ်ရှိ တင်းမာပြီး အလျော့မပေးတတ်သော အာဏာစက်က သူ၏ လူငယ်ဘဝကအတိုင်း ကျန်ရှိနေဆဲပင်။
သူမ သူ့ကို လက်ထပ်ချိန်က သူသည် အသက် သုံးဆယ်ကျော်နေပြီ ဖြစ်ပြီး သူ၏ သားအကြီးဆုံးက အသက် ဆယ့်နှစ်နှစ် ရှိနေပြီ ဖြစ်သည်။
သခင်မဝေ့သည် သူမ၏ နားထင်ဘေးမှ ဆံပင်စလေးကို မသိစိတ်ကနေ သပ်တင်လိုက်၏။ မှန်ကြည့်တိုင်း သူမ၏ နားထင်များတွင် ငွေရောင် ဆံပင်မျှင်များကို မကြာခဏ တွေ့ရတတ်သည်။ သူမက ဒီနေ့ တစ်ပင်ကို နှုတ်လိုက်လျှင် နောက်ရက်အနည်းငယ်အကြာတွင် နောက်တစ်ပင် ပေါ်လာသည်ကိုသာ တွေ့ရတတ်သည်။ သူမသည် အသက်အရွယ် ရလာပြီဖြစ်ကြောင်း သိထားပြီး သူမ၏ မှေးမှိန်လာသော ရုပ်အဆင်းက သူ၏ ပထမဇနီးနှင့် မတူတော့သဖြင့် သူက သူမ၏ ခြံဝင်းတံခါးကို ဖြစ်ကျော်ကာ မလာသလောက် ဖြစ်သွားလေသလားဟု တွေးကာ မကြာခဏ စိုးရိမ်ပူပန်မိသည်။
သူမ၏ ငယ်ဘဝတွင် မိသားစု နောက်ခံက နိမ့်ကျသော်လည်း သူမ၏ ထင်ရှားလှသော အလှတရားကြောင့် အိမ်တံခါးကို လာခေါက်သည့် အောင်သွယ်တော်များက ဘယ်တုန်းကမှ မပြတ်လပ်ခဲ့ချေ။
သို့သော် နောက်ပိုင်းတွင် သူမ၏ ရုပ်အဆင်းက ကံဆိုးမှုများကို ဆောင်ကြဉ်းလာခဲ့သည်။ သက်ကြီးရွယ်အိုဖြစ်ပြီး ဂုဏ်သိက္ခာမရှိသော ဆားမင်းကြီး(ဆားရောင်းဝယ်ရေးကို ကြီးကြပ်ရတဲ့အရာရှိ)က သူမကို သဘောကျသွားပြီး မယားငယ်အဖြစ် သိမ်းပိုက်ရန် ကြိုးစားခဲ့၏။ ဘေးအန္တရာယ်ကို ရှောင်ရှားရန် သူမ၏ မိသားစုက သူမကို မိခင်ဘက်မှ အဘိုးအဘွားများ၏ အိမ်သို့ အလျင်စလို ပို့ဆောင်ခဲ့သည်။
ထိုခရီးစဉ်အတွင်းမှာပင် သူမသည် သူနှင့် တွေ့ဆုံခဲ့လေသည်။ ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်တက်လမ်းကို ကျောက်တုံးများက ပိတ်ဆို့သွားခဲ့ပြီး ရုတ်တရက် ရေကြီးမှုက သူတို့၏ ဆုတ်ခွာရာလမ်းကို ဖြတ်တောက်သွားခဲ့သည်။
အသက်နှင့် သေခြင်း၏ အစွန်းတစ်ဖက်တွင် မြစ်ကြောင်းများကို စစ်ဆေးနေသော မြင်းစီးကင်းလှည့်တပ်ဖွဲ့က သူမတို့အဖွဲ့ကို မမျှော်လင့်ဘဲ တွေ့သွားခဲ့ပြီး သူမကို ကယ်တင်ခဲ့၏။
သူမသည် မြင်းပေါ်တွင် ဝါးခမောက်ဆောင်းထားသော သူ့ကို မှတ်မိနေဆဲဖြစ်ပြီး သူမ၏ အစေခံများ၏ အော်ဟစ်သံများကြောင့် သူမဘက်သို့ လှည့်ကြည့်လာချိန်တွင် သူ၏ မျက်လုံးများထဲမှ အကြည့်က— အလွန် နာကျင်နေပြီး၊ လုံးဝ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
စစ်သည်များက ကြိုးများကို လှမ်းပစ်ပေးခဲ့ကြသည်။ ခွန်အားကြီးသော အစေခံမလေး တစ်ယောက်က သူမကို ကျောပိုးကာ ရေထဲ ဖြတ်လျှောက်ခဲ့သော်လည်း ရေအောက်ရှိ ကျောက်တုံးများနှင့် ခလုတ်တိုက်မိပြီး နှစ်ယောက်စလုံး ရေစီးကြောင်းထဲ မျောပါသွားခဲ့ရ၏။
သေချာပေါက် သေရတော့မည်ဟု ထင်မှတ်လိုက်ချိန်မှာပင် တစ်စုံတစ်ယောက်က ရေကို ဖြတ်ကာ သူမဆီသို့ လျှောက်လာခဲ့သည်။ အားကောင်းသော လက်မောင်းတစ်ဖက်က သူမကို ဖမ်းဆုပ်ကာ သူ့ကျောပေါ်သို့ တင်လိုက်ပြီး ပြင်းထန်နေသော ရေစီးကြောင်းကို ဖြတ်ကျော် သယ်ဆောင်သွားခဲ့သည်။
သူမနှင့်ရွယ်တူ အမျိုးသားများကြားတွင် ထိုမျှ တင်းမာပြီး ပြတ်သားသော မျက်နှာမျိုးကို သူမ ဘယ်တုန်းကမှ မမြင်ဖူးခဲ့သလို ထိုမျှ ကျယ်ပြန့်သော ပခုံးများကိုလည်း မှီခိုဖူးခြင်း မရှိခဲ့ချေ။ တောင်ပေါ်ရေကြီးမှုတွင် အသက်ဆုံးရှုံးလုနီးပါး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေရင်း သူမက သူ၏ ကျောပြင်ကို မှီကာ တစ်လျှောက်လုံး တိတ်တဆိတ် ငိုကြွေးလာခဲ့၏။
သူမကို သယ်ဆောင်လာသော အမျိုးသားက စကားတစ်ခွန်းမှ မပြောခဲ့ဘဲ လူသူကင်းမဲ့သော တောင်တန်းကြီးတစ်ခုကဲ့သို့ တိတ်ဆိတ်နေလေသည်။
သူတို့၏ မြင်းလှည်းများ၊ မြင်းများနှင့် ခရီးဆောင်အိတ် အများစုမှာ ရေကြီးမှုတွင် မျောပါသွားခဲ့လေပြီ။ သူမနှင့် ကျန်ရှိနေသော အစေခံ အနည်းငယ်ကို မြင်းစီးတပ်ဖွဲ့က အနီးနားရှိ စာပို့စခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
သူ့နာမည်ကိုပင် မသိလိုက်ရဘဲ သူက ထွက်ခွာသွားခဲ့၏။
ထိုဖြစ်ရပ်က သူမ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီဖြစ်သော ဆားမင်းကြီး၏ မယားငယ်အဖြစ် သူမ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးသွားမှာကို ကြောက်ရွံ့ကာ သူမသည် စခန်းတွင် အထိန်းတော်နှင့်အတူ တစ်ညလုံး ငိုကြွေးနေခဲ့သည်။
သူမ၏ အဘိုးအဘွားများ၏ အိမ်သို့ ရောက်ရှိပြီး မကြာမီမှာပင် စေ့စပ်ကြောင်းလမ်းစာ တစ်စောင် ရောက်ရှိလာခဲ့၏။ သူမ၏ အဘိုးဖြစ်သူက အံ့အားသင့်စွာဖြင့် စာကို အဖန်ဖန် အထပ်ထပ် ဖတ်ရှုပြီးနောက် အောင်သွယ်တော်အား ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။ "နှစ်ပေါင်းများစွာ သီးသန့် နေထိုင်ခဲ့တဲ့ နယ်စားဝေ့က တကယ်ပဲ နောက်အိမ်ထောင်ပြုဖို့ ရှာဖွေနေတာလား"
ဝေ့အိမ်တော်၏ ဂုဏ်သတင်းက ဒုတိယအိမ်ထောင်ဆိုလျှင်တောင်မှ သူတို့၏ ရိုးရှင်းသော မိသားစု မျှော်မှန်းနိုင်သည့် အရာထက် ကျော်လွန်နေခဲ့သည်။
သူက သူမကို လက်ထပ်ချင်ကြောင်း အတည်ပြုပြီးနောက် သူမ အိမ်မပြန်ခင် ညတွင် သူမ၏ အဘွားဖြစ်သူက သူမ၏ လက်ကို ကိုင်ကာ အချိန်အကြာကြီး စကားပြောခဲ့၏။ နယ်စားဝေ့က မယားငယ် အနည်းငယ်သာ ရှိပြီး မွန်မြတ်သော စရိုက်ရှိသည့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သူမက ပြောပြခဲ့သည်။ လက်ထပ်ပြီးနောက် အိမ်တော်တွင် ဖိအားပေးမည့် ယောက္ခမများ မရှိဘဲ ရိုးရှင်းနေမည်ဖြစ်ရာ တကယ့်ကို ကောင်းချီးတစ်ခုပင်။ သို့သော် သူမသည် သူ၏ သားအကြီးဆုံးကို ကောင်းမွန်စွာ ဆက်ဆံရမည်ကိုတော့ မှတ်သားထားရမည်။
သူသည် အရင်က လက်ထပ်ဖူးကြောင်း သိလိုက်ရခြင်းက သူမ၏ နှလုံးသားထဲတွင် ခါးသီးသော ခံစားချက်ကို ချန်ရစ်ခဲ့သော်လည်း သူ၏ ပထမဇနီးက လွန်ခဲ့သော ဆယ်စုနှစ်ခန့်ကတည်းက ကွယ်လွန်သွားခဲ့ပြီဟု မိမိကိုယ်ကိုယ် ဖြေသိမ့်ကာ သူမလည်း တဖြည်းဖြည်း လက်ခံလာခဲ့သည်။
သူ၏ ထူးချွန်ပြောင်မြောက်သော သားအကြီးဆုံးနှင့် ပထမဆုံး တွေ့ဆုံချိန်တွင် ထိုကောင်လေးက အံ့အားသင့်စွာဖြင့် "အမေ" ဟု ခေါ်ခဲ့သည်။
အစပထမတွင် သူမသည် အလွန် ဝမ်းသာသွားခဲ့သော်လည်း အိမ်တော်ရှိ အစေခံအချို့၏ အံ့အားသင့်ပြီး ရှောင်လွှဲနေသော အကြည့်များအောက်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း တဖြည်းဖြည်း ခံစားမိလာခဲ့သည်။
သူသည် လတိုင်း၏ လတစ်ဝက်ကျော်ကို သူ့စာကြည့်ခန်းထဲတွင် နေထိုင်ရင်း ကုန်ဆုံးလေ့ရှိသည်။ သူ၏ ကြီးမားလှသော တရားဝင် တာဝန်များနှင့် စာကြည့်ခန်းက နယ်စားအိမ်တော်၏ ကန့်သတ်နယ်မြေ ဖြစ်ကြောင်းကို— သူ၏ ရင်းနှီးသော လက်ထောက်များသာ ဝင်ရောက်ခွင့်ရှိကြောင်းကို— သိထားသဖြင့် သူမသည် ဘယ်တုန်းကမှ ရဲတင်းသော တောင်းဆိုမှုများကို မလုပ်ရဲခဲ့ချေ။
သို့သော် သူမ ကိုယ်ဝန်ရလာသည်အထိ သူမ၏ နှလုံးသားထဲတွင် သံသယများက စွဲထင်နေခဲ့၏။
ပန်းခြံထဲတွင် လမ်းလျှောက်နေစဉ် သူက သူမကို မည်မျှ နက်ရှိုင်းစွာ မြတ်နိုးကြောင်းနှင့် သူ့စာကြည့်ခန်းထဲတွင် သူမ၏ ပုံတူပန်းချီကိုပင် ချိတ်ဆွဲထားကြောင်း အစေခံများ အတင်းပြောနေကြသည်ကို သူမ ကြားလိုက်ရသည်။ သူမ၏ ရင်ထဲတွင် ချိုမြိန်သော ခံစားချက်တစ်ခု စတင် ပေါ်ပေါက်လာချိန်မှာပင် အသက်ကြီးကြီး အစေခံတစ်ဦးက သူတို့ကို တိတ်တိတ်နေရန် သတိပေးလိုက်သည်ကို ကြားလိုက်ရသည်။ "အဲဒီအကြောင်း မပြောကြနဲ့။ စာကြည့်ခန်းထဲက ပန်းချီကားက လွန်ခဲ့တဲ့ ဆယ်နှစ်က ကွယ်လွန်သွားတဲ့ သူ့ရဲ့ ပထမဇနီးရဲ့ ပုံပဲ"
ထိုနေ့က သူမ ရူးသွပ်သွားခဲ့ရသော နေ့ပင်။
သူ ရုံးတော်တွင် မရှိချိန်နှင့် သူမတွင် ကိုယ်ဝန်ရှိနေသဖြင့် အစောင့်များက သူမကို ထိတွေ့ရန် ဝန်လေးနေသည်ကို အခွင့်ကောင်းယူကာ သူမသည် သူ့စာကြည့်ခန်းထဲသို့ အတင်းဝင်ရောက်ခဲ့ပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားကို တွေ့လိုက်ရ၏။
ပထမတစ်ချက် ကြည့်လိုက်ချိန်တွင် သူမက သူမကိုယ်တိုင်ဟု ထင်မှတ်ခဲ့သော်လည်း ပန်းချီကား၏ တောက်ပပြီး လွတ်လပ်သော အမူအရာကို သူမတစ်ယောက် ဘယ်တော့မှ အတုခိုးနိုင်မည် မဟုတ်ကြောင်း မကြာမီတွင် အေးစက်စွာ သဘောပေါက်သွားခဲ့သည်။
အောက်ခြေထောင့်တွင် ရေးထိုးထားသော ရက်စွဲက အစောပိုင်း အချိန်ကာလတစ်ခုမှ ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် ၎င်းက ဒေါသလား သို့မဟုတ် နာကျင်မှုလား— သို့မဟုတ် မနာလိုမှုလား သူမ မခွဲခြားနိုင်တော့ချေ။
သူက အဲ့ဒီပန်းချီကားကနေတစ်ဆင့် ကွယ်လွန်သွားတဲ့ သူ့ရဲ့ ဇနီးကို လွမ်းဆွတ်တမ်းတရင်း စာကြည့်ခန်းထဲမှာ အချိန်ကုန်ဆုံးနေခဲ့တာလား။ သူမက သူ့ရဲ့ ကွယ်လွန်သွားတဲ့ ဇနီးနဲ့ တူနေလို့ အစားထိုးဖို့အတွက် သူမကို လက်ထပ်ခဲ့တာလား။ ဒါမှမဟုတ် ရေကြီးမှုကနေ သူမကို ကယ်တင်ပြီး ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့လို့ တာဝန်ယူရမယ်လို့ ခံစားရလို့လား။
သူမက အဖြေကို မတွေးရဲခဲ့သလို မတွေးချင်ခဲ့ချေ။ စိတ်လိုက်မာန်ပါ လုပ်ရပ်တစ်ခုအဖြစ် သူမသည် ဖယောင်းတိုင်စင်ကို ဆွဲယူကာ ပန်းချီကားကို မီးရှို့ပစ်လိုက်၏။
သူ အပြေးအလွှား ပြန်ရောက်လာပြီး စာကြည့်ခန်းက မီးတောက်များထဲတွင် လွှမ်းခြုံနေသည်ကို မြင်သောအခါ သူသည် သူ၏ အရေးကြီးသော စာရွက်စာတမ်းများနှင့် သူမ၏ နှလုံးကွဲမတတ် ရှိုက်ငိုသံများကို လျစ်လျူရှုကာ မီးကျွမ်းနေသော ပန်းချီကား၏ အကြွင်းအကျန်များကို အသည်းအသန် ကယ်တင်ရန် ကြိုးစားနေခဲ့သည်။
၎င်းက သူတို့ လက်ထပ်ပြီးကတည်းက သူမအပေါ် သူ ပထမဆုံးအကြိမ် ဒေါသထွက်ခဲ့ခြင်း ဖြစ်တော့သည်။
လူရိုင်းများ၏ ဓားများက သူ၏ ပခုံးများကို အမာရွတ်များ ထင်ကျန်စေခဲ့ချိန်တွင်တောင် မျက်ရည်တစ်စက် မကျခဲ့သော အမျိုးသားက ယခုအခါ မျက်လုံးများ နီရဲလျက် မီးလောင်သွားသော ပန်းချီကား၏ ပြာများကို ထိတွေ့ကာ ရပ်နေခဲ့၏။ သူမက မျက်ရည်များဖြင့် ဖြေရှင်းချက်တောင်းသောအခါ သူက သူမကို ထွက်သွားရန် အေးစက်စွာ ပြောလာခဲ့သည်။
ထိတ်လန့်မှုကြောင့် သူမ၏ ကိုယ်ဝန်မှ သွေးဆင်းသွားခဲ့ပြီး သူမကို စာကြည့်ခန်းထဲမှ ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရ၏။
သူမက ခေါင်းမာနေဆဲပင်— ထိုနေ့မှစ၍ အနှစ်နှစ်ဆယ်ကျော်တိုင်အောင် သူ၏ စာကြည့်ခန်းထဲသို့ သူမ ကိုယ်တိုင် ဘယ်တော့မှ ထပ်မဝင်ခဲ့တော့ချေ။
ဒီညက ဒုတိယအကြိမ် ဖြစ်သည်။
သခင်မဝေ့သည် သူမ၏ ရည်ရွယ်ချက်အတွက် စိတ်ကို တင်းထားကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး တင်းမာစွာ ပြောလိုက်၏။ "ရှင်က အားကျင်းကို အဲ့ဒီဇာတ်မင်းသမီးနဲ့ လက်ထပ်ဖို့ အတင်းလုပ်ခဲ့တယ်၊ ကျွန်မလည်း သဘောတူခဲ့တယ်။ အခု သူက အဲမိန်းကလေးကို မလေးမစား လုပ်ခဲ့ရုံလေးနဲ့ ဘိုးဘွားခန်းမမှာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးနေတာလား။ မနက်ဖြန်မနက် ကျွန်မက သူ့လက်ဖက်ရည်ကို လက်ခံလိုက်ရင်ရော ရှင်က ကျွန်မကို အဆင့်အတန်း ဂရုမစိုက်ဘူးလို့ စွပ်စွဲပြီး ဘိုးဘွားတွေကို တောင်းပန်ဖို့ ဒူးထောက်ခိုင်းဦးမှာလား"
ဝေ့ချီရှန်းသည် သူ့လက်ထဲက စာရွက်စာတမ်းများကို စားပွဲပေါ်သို့ ဆောင့်ချလိုက်၏။ သူ၏ လက်သီးဆုပ်ထဲသို့ အကြိမ်အနည်းငယ် ချောင်းဆိုးပြီးနောက် သူက အေးစက်စွာ ပြန်လည်ချေပလိုက်၏။ "မင်း သူ့ကို ဆက်ပြီး အလိုလိုက်နေမယ်ဆိုရင် အဲ့ဒီ မိုက်မဲတဲ့သားက ပိုပြီး အသုံးမကျဖြစ်လာဖို့ပဲ ရှိလိမ့်မယ်"
သူက သူတို့၏ သားကို ဝေဖန်သည်ကို ကြားရသောအခါ သခင်မဝေ့၏ မျက်လုံးများက ဒေါသကြောင့် နီရဲသွားခဲ့သည်။
"ရှင်က အဲ့ဒီလောက် ဆရာကောင်းတစ်ယောက်ဆိုရင် သူ့ကို သေချာ သင်ပေးလေ။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ရှင် တစ်ခါလောက်များ ကြိုးစားဖူးလို့လား။ သူ ရှင့်အနားကို လာတိုင်း ရိုက်နှက်တာနဲ့ ဆူပူတာကလွဲပြီး ဘာမှ မရှိဘူး။ ရှင့်ရဲ့ သားအကြီးဆုံးကိုရော အဲ့ဒီလိုမျိုး ပြုစုပျိုးထောင်ခဲ့တာလား။ ကျွန်မရဲ့ အားကျင်းက နေရာတိုင်းမှာ အပြစ်အနာအဆာတွေ ရှိတယ်လို့ ရှင် အမြဲ ပြောနေပေမယ့် သူ့ဆီမှာ ထူးချွန်တာတွေကလွဲပြီး ဘာမှ မတွေ့ရဘူး။ သူက စာကြိုးစားတယ်၊ သိုင်းပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်တယ်၊ ပြီးတော့ ရိုသေကိုင်းရှိုင်းတတ်တယ်။ ရှင်နဲ့ ရှင့်ရဲ့ လက်အောက်ငယ်သားတွေက သူ့ကို အထင်သေးကြတယ်— သူက ရှင့်ရဲ့ ကွယ်လွန်သွားတဲ့ ဇနီးရဲ့ ဝမ်းဗိုက်ကနေ မွေးဖွားလာတာ မဟုတ်လို့ဆိုပြီး ဘာလို့ ဝန်မခံရဲတာလဲ"
ထိုသို့ ပေါက်ကွဲပြီးနောက် သခင်မဝေ့သည် ကိုယ်ကို တစ်ဖက်သို့လှည့်လိုက်ပြီး လက်ကိုင်ပုဝါဖြင့် သူမ၏ မျက်ရည်များကို အဆက်မပြတ် သုတ်နေလိုက်၏။
…
အပိုင်း(၁၇၇.၂)
ဝေ့ချီရှန်း၏ မျက်နှာအမူအရာက သူ၏ ဒေါသကို ဖိနှိပ်ထားရင်း အေးစက်သွားခဲ့သည်။ "မင်းက သူ့ကို အားချွမ်းနဲ့ နှိုင်းယှဉ်ရဲသေးတယ်ပေါ့။ အားချွမ်းက ဆယ့်လေးနှစ်မှာ စစ်စခန်းကို ဝင်ခဲ့တယ်၊ ဆယ့်ခြောက်နှစ်မှာ လူရိုင်းတပ်တွေကို စစ်သည်အင်အား နည်းနည်းနဲ့ အကြီးအကျယ် အောင်ပွဲခံနိုင်ခဲ့တယ်။ မင်း အလိုလိုက်ထားတဲ့ အဲ့ဒီအသုံးမကျတဲ့ကောင်ကတော့ စစ်တပ်ဘဝရဲ့ အခက်အခဲတွေကိုတောင် ခံနိုင်ရည် မရှိဘူး။ စစ်သည်တွေက ရှေ့တန်းမှာ တိုက်ပွဲဝင်နေချိန်မှာ သူက ခြံမြေတွေ ဝယ်ပြီး သက်သောင့်သက်သာ နေနေတယ်။ သူ့ကို စစ်တပ်က ဘယ်လိုလုပ် လေးစားနိုင်မှာလဲ။ အားချွမ်း အသက် ဆယ့်သုံးနှစ်တုန်းက ရေးခဲ့တဲ့ စာစီစာကုံးတွေက အခု သူ ထုတ်နေတဲ့ အမှိုက်တွေထက် ပိုပြီး အမြင်ကျယ်သေးတယ်။ သူက ဉာဏ်နည်းရင်တောင် သစ္စာရှိမှုနဲ့ ရိုးသားဖြောင့်မတ်မှုက သူ့ကို စစ်သည်တွေရဲ့ လေးစားမှုကို ရစေလိမ့်မယ်။ ဒါပေမယ့် မင်းက သူ့ကို ခေါင်းမာပြီး မာနကြီးတဲ့ လူမိုက်တစ်ယောက် ဖြစ်အောင် အလိုလိုက်ထားတာပဲ"
သူက သခင်မဝေ့ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ "သူ့ကို သေချာ မသင်ပေးဘူးလို့ မင်းက ငါ့ကို အပြစ်တင်နေတာလား။ အခု ငါ တာဝန်ယူနေပြီဆိုတော့ မင်းရဲ့ ညည်းတွားငိုယိုနေတာတွေကို ရပ်လိုက်တော့"
သခင်မဝေ့သည် သူ့ထံမှ ဤမျှ ပြင်းပြင်းထန်ထန် ပြစ်တင်မောင်းမဲမှုကို ဘယ်တုန်းကမှ မခံခဲ့ရဖူးချေ။ နီရဲနေသော မျက်လုံးများနှင့် ထိန်းမရသော မျက်ရည်များဖြင့် သူမက အော်ငိုလေတော့သည်။ "အဲ့ဒါက ကလေးတစ်ယောက်ကို သင်ပေးတဲ့ပုံစံလား။ သူ ဘယ်လောက်တောင် မတရားခံရတယ်လို့ ခံစားနေရလဲ ရှင် သိလား။ ဇာတ်မင်းသမီးတစ်ယောက်ကို လက်ထပ်ရတာက တစ်ကဏ္ဍ၊ ဒါပေမယ့် သူ့ရဲ့ မင်္ဂလာဆောင်နေ့မှာ မြို့ပြင်က အဲ့ဒီ စုတ်ပြတ်နေတဲ့ တပ်တွေရဲ့ အရှက်ခွဲတာကို ခံရတာ— သူတို့က သူ့ကို သခင်လေးလို့ လုံးဝ မသတ်မှတ်ကြဘူးလေ။ သူ့ရဲ့ ဂုဏ်သိက္ခာကို ရှင် တစ်ခါလောက်များ စဉ်းစားပေးဖူးလို့လား"
သူမက သူမ၏ သားအတွက် မကျေနပ်မှု၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပုံရ၏။ စကားပြောပြီးနောက် သူမက မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ဝေ့ချီရှန်းသည် အေးစက်စွာ ပြန်လည်ချေပလိုက်သည်။ "ဂုဏ်သိက္ခာဆိုတာ ကိုယ်တိုင် ရှာယူရတဲ့ အရာပဲ။ သူက ပိုးဖဲခေါင်းအုံး တစ်လုံးသက်သက်ဆိုရင် သူ့ကို ဘယ်သူက လေးစားမှာလဲ။ သူက မာနကြီးပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကို စစ်သူကြီးတစ်ယောက်ကို မြင်းနဲ့ နင်းသတ်ဖို့ အမိန့်မပေးခဲ့ဘူးဆိုရင် ဒါတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး"
ထိုအတိတ်က ဖြစ်ရပ်ကို ပြောလိုက်ချိန်တွင် သခင်မဝေ့၏ ဒေါသက တစ်ဖန် ပြန်လည် ထကြွလာခဲ့၏။ သူမက ငိုကြွေးရင်း ပြောလိုက်သည်။ "ရှင်က မင်မင်ရဲ့ အသက်ကို ဂရုမစိုက်ရင် နေပါ၊ ဒါပေမယ့် သူ့အစ်ကိုက သူ့အတွက် တရားမျှတမှုကို မရှာပေးနိုင်ဘူးလား..."
ဝေ့ချီရှန်းသည် ဝေ့ကျာမင်၏ သတိလက်လွတ် မြင်းစီးခဲ့သည့် ဖြစ်ရပ်ကို သူမက ထပ်ပြောလာသည်ကို ကြားသောအခါ စိတ်တိုလာပြီး အော်ဟစ်လိုက်၏။ "နိုင်ငံတော်မှာ ဥပဒေတွေ ရှိတယ်၊ စစ်တပ်မှာလည်း စစ်ဘက်ဆိုင်ရာ စည်းမျဉ်းတွေ ရှိတယ်"
"ကျွန်မက ကျွန်မတို့ရဲ့ သမီးအကြောင်း ပြောနေတာ၊ ရှင်က စစ်ဘက်ဆိုင်ရာ စည်းမျဉ်းတွေအကြောင်း ပြောနေတယ်။ အဲ့ဒီနေ့က မင်မင်သာ တကယ် ထိခိုက်သွားခဲ့ရင် ရှင်က ရှင့်ရဲ့ အချစ်တော် စစ်သူကြီးတွေကို အပြစ်ပေးဖို့ ဝန်လေးနေဦးမှာလား" သခင်မဝေ့သည် ပိုလို့ပင် ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
၎င်းက ကြက်နှင့် ဘဲ စကားပြောနေသကဲ့သို့ပင်။
အစောပိုင်း နှစ်များတွင် ဝေ့ချီရှန်းသည် သူ၏ဇနီးဖြစ်သူက သူ့ထက် ဆယ်စုနှစ်တစ်ခုကျော် ငယ်ရွယ်သည်ဟု ခံစားရပြီး သူတို့ အတူနေချိန် နည်းပါးသောကြောင့် သူမနှင့် တော်ရုံ အငြင်းပွားလေ့မရှိချေ။ အနှစ်နှစ်ဆယ်ကျော် ကြာပြီးနောက် သူမ၏ စရိုက်က သူမ သူ့ကို ပထမဆုံး လက်ထပ်ခဲ့ချိန်ကအတိုင်း ပြောင်းလဲခြင်း မရှိကြောင်းကို ယနေ့မှသာ သူ သဘောပေါက်သွားခဲ့သည်။
သူသည် သူမကို အကျိုးအကြောင်း ရှင်းပြရန် ကြိုးစားခြင်းကို လက်လျှော့လိုက်သည်။ နားထင်များကို ဖိရင်း သူက အေးစက်စွာ ပြောလိုက်၏။ "ငါ အရင်ကလည်း ပြောဖူးတယ်၊ သူက အေးအေးဆေးဆေး နေတဲ့ သူဌေးတစ်ယောက်ပဲ ဖြစ်ချင်တယ်ဆိုရင် မြောက်ပိုင်းဝေ့ရဲ့ အခြေခံအုတ်မြစ်ကို သူ့ဆီ အပ်နှံတာထက်စာရင် ငါ့ရဲ့ တပ်တွေထဲက သစ္စာရှိတဲ့ စစ်သူကြီး အနည်းငယ်ကို ရွေးချယ်ပြီး သားအဖြစ် မွေးစားလိုက်တာက အများကြီး ပိုပြီး ယုံကြည်စိတ်ချရလိမ့်မယ်"
သခင်မဝေ့သည် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ "ရှင်က ရှင့်ရဲ့ ကွယ်လွန်သွားတဲ့ ဇနီးအတွက် ကျင့်ပြည်ကို ပြန်လည် တည်ထောင်ချင်ရုံ သက်သက်ပဲ။ ရှင်က ကျင်းအာကို ယခင်ကျင့်မင်းသမီးအဖြစ် ဟန်ဆောင်နေတဲ့ အဲ့ဒီဇာတ်မင်းသမီးနဲ့ အတင်း လက်ထပ်ခိုင်းခဲ့တယ်၊ အခုကျတော့ ရှင့်ရဲ့ အမွေအနှစ်တွေကို အဲ့ဒီ စစ်သူကြီးတွေဆီ လွှဲပြောင်းပေးမယ့်အကြောင်း ပြောနေတာလား။ ဝေ့ချီရှန်း၊ ရှင့်မှာ လိပ်ပြာသန့်တဲ့ စိတ်ဆိုတာ မရှိဘူး။ ရှင့်ရဲ့ နှလုံးသားကို ရှာကြည့်စမ်း— ရှင့်ရဲ့ သားအကြီးဆုံးသာ သက်ရှိထင်ရှား ရှိနေသေးရင် သူ့ကို အဲ့ဒီလောက် အဆင့်အတန်းနိမ့်တဲ့ ဇနီးကြီးတစ်ယောက်နဲ့ လက်ထပ်ခွင့် ပေးမှာလား"
"သူက ယခင်ကျင့်မင်းသမီး အတုတစ်ယောက် ဖြစ်နေမှတော့ သန့်ရှင်းပြီး လေးစားစရာကောင်းတဲ့ နောက်ခံရှိတဲ့ မိန်းကလေး တစ်ယောက်ကို ဘာလို့ မရွေးချယ်ရတာလဲ။ ကျွန်မရဲ့ တူမလေးက အဲ့ဒီဇာတ်မင်းသမီးထက် ပိုပြီး အမြင်တင့်တယ်တယ် မဟုတ်ဘူးလား"
ဝေ့ချီရှန်း၏ အသံက မျှော်လင့်မထားလောက်အောင် တင်းမာနေ၏။ "ဘာတွေ အမြင်တင့်တယ်နေတာလဲ။ အမူအကျင့်တွေလား။ စကားပြောကောင်းတာလား။ ဒါမှမဟုတ် ကိုယ်နေဟန်ထားလား။ အထက်တန်းလွှာက အမျိုးသမီးငယ် ဘယ်နှစ်ယောက်က စစ်တပ်ကြီး သုံးခုရှေ့မှာ တည်တည်ငြိမ်ငြိမ် နေနိုင်မှာလဲ"
သူ၏ သည်းခံနိုင်စွမ်း အကန့်အသတ်သို့ ရောက်သွားသောကြောင့် ဖြစ်နိုင်သည်။ ဝေ့ချီရှန်း၏ မျက်နှာအမူအရာက အေးစက်သွားခဲ့၏။ "သူ ဘာပဲသင်သင် တခြား သင့်တော်တဲ့ ကိုယ်စားလှယ်တွေထက် ပိုမြန်မြန်နဲ့ ပိုကောင်းကောင်း တတ်မြောက်နိုင်လို့ သူ့ကို ရွေးချယ်ခဲ့တာပဲ။ မင်းက သူ့ကို ဇာတ်မင်းသမီး ဖြစ်လို့ အထင်သေးနေတာ၊ ဒါပေမယ့် စင်မြင့်ထက်မှာ သူ သွေးပေးခဲ့တဲ့ သတ္တိနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကပဲ သူ့ကို တကယ့် မင်းသမီးတစ်ပါးလို ပြုမူနေထိုင်နိုင်စေတာပဲ"
သခင်မဝေ့သည် သူမ၏ သားအတွက် နာကျင်နေဆဲ။ "သူက မင်းသမီးအဖြစ် ဟန်ဆောင်နေတဲ့ ရုပ်သေးရုပ် တစ်ရုပ်သက်သက်ပဲ— သူက လူမြင်ကွင်းမှာ ပေါ်လာဖို့ လိုသေးလို့လား"
ဝေ့ချီရှန်းသည် အေးစက်စွာ ပြောလိုက်သည်။ "တာ့လျန်ရဲ့ မင်းသမီးက ပြိုလဲနေတဲ့ တိုင်းပြည်တစ်ခုကို သူတစ်ယောက်တည်း ပံ့ပိုးပေးနိုင်ခဲ့တယ်ဆိုရင် ငါတို့ရဲ့ ကြီးမြတ်တဲ့ ကျင့်မင်းသမီးက လောကကြီးရှေ့မှာ သတ္တိကြောင်တဲ့ပုံ ပေါက်နေသင့်လို့လား"
ယနေ့ အလွန်အမင်း ဒေါသထွက်နေသဖြင့် သူက နောက်တစ်ကြိမ် ချောင်းဆိုးလိုက်ပြီး သူ၏ လည်ချောင်းထဲတွင် သွေးအရသာကို ခံစားလိုက်ရ၏။ ထပ်ပြီး အငြင်းမပွားလိုတော့သဖြင့် သူက အပြင်ဘက်သို့ အော်ခေါ်လိုက်သည်။ "ဝေ့ရှန်း၊ သခင်မကို ပြန်ပို့လိုက်"
သခင်မဝေ့သည် ဝေ့ချီရှန်းနှင့် ဆက်လက် အငြင်းပွားလိုသော်လည်း ဝေ့ရှန်း ဝင်လာသည်ကို မြင်သောအခါ လက်အောက်ငယ်သားတစ်ဦးရှေ့တွင် ဖရိုဖရဲ မဖြစ်ချင်သဖြင့် သူမ၏ မျက်လုံးများကိုသာ သုတ်လိုက်သည်။ ဝေ့ရှန်းက သူမကို ပြန်ကြွရန် လက်ဟန်ပြပြီးနောက် သခင်မဝေ့သည် သူမ၏ လက်ကိုင်ပုဝါကို ဆွဲယူကာ တင်းမာသော မျက်နှာနှင့် ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားခဲ့၏။
ဝေ့ရှန်းက လှေကားခြေရင်းအထိ သူမနှင့်အတူ လိုက်ပါသွားခဲ့သည်။ သခင်မဝေ့သည် သူမ၏ အစေခံမလေးကို တွဲကူခိုင်းပြီးနောက်မှသာ သူမသည် နောက်ထပ် အစောင့်အရှောက် မလိုအပ်ကြောင်း ရှင်းလင်းစွာ ပြောဆိုလျက် ဝေ့ရှန်းကို ပြန်ရန် အေးစက်စွာ အမိန့်ပေးလိုက်လေသည်။
စာကြည့်ခန်းနှင့် ဝေးကွာသွားသည်နှင့်တစ်ပြိုင်နက် သခင်မဝေ့သည် ငိုကြွေးရင်း လက်ရန်းတစ်လျှောက် ခလုတ်တိုက်မိလုနီးပါး ဖြစ်သွားခဲ့၏။
သူမ၏ အစေခံမလေးက သူမကို နှစ်သိမ့်ရန် ကြိုးစားသောအခါ သူမသည် လက်ကိုင်ပုဝါကို ဆုပ်ကိုင်ထားသော လက်ဖြင့် သူမ၏ ရင်ဘတ်ကို ထုကာ အော်ငိုလေတော့သည်။ "အဲ့ဒီတုန်းက ကျွန်မက ဆားမင်းကြီးရဲ့ မယားငယ်ပဲ ဖြစ်သွားခဲ့သင့်တာ၊ ဒါမှမဟုတ် ရေကြီးမှုထဲမှာ မျောပါသွားခဲ့သင့်တာ။ ဒီမိသားစုထဲကို ကျွန်မ ဘယ်တော့မှ လက်ထပ်မဝင်ခဲ့သင့်ဘူး။ သူက ကျွန်မကို ဘာလို့များ သတ်မှတ်ထားတာလဲ... သူ့ရဲ့ ကွယ်လွန်သွားတဲ့ ဇနီးကို လွမ်းဆွတ်ဖို့ အရာဝတ္ထု တစ်ခုထက်မှ မပိုပဲ"
ဤအစေခံမလေးမှာ သခင်မဝေ့၏ အထိန်းတော် ဖြစ်ပြီး သူမက အရေးတကြီး တုံ့ပြန်လိုက်၏။ "သခင်မ၊ အဲ့ဒီလို ဒေါသထွက်စရာ စကားတွေ မပြောရဘူးလေ"
သခင်မဝေ့သည် ငိုကြွေးလိုက်ပြီး "သူ ကျွန်မရဲ့ ကျင်းအာကို ဘယ်လို ဆက်ဆံလဲ ကြည့်ပါဦး။ အေးအေးချမ်းချမ်း နေမယ့်အစား သူက ဘာလို့ ကျင့်မင်းဆက်ကို ပြန်လည်တည်ထောင်ရမှာလဲ။ တာ့လျန်ကို သူ လက်နက်ချပြီးနောက် သူ့ရဲ့ ပထမဇနီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာကို သူ အပြစ်ရှိတယ်လို့ ခံစားနေရလို့ မဟုတ်ဘူးလား"
အထိန်းတော်သည် သူမ၏ သခင်မတစ်ယောက် အရာအားလုံး ပိုင်ဆိုင်ထားသော်လည်း သူမ၏ ကောင်းချီးများကို တန်ဖိုးထားရန် ပျက်ကွက်နေသည်ဟု ခံစားလိုက်ရသည်။ သူမက အကြံပေးလိုက်၏။ "သခင်မ၊ ဘာဖြစ်လို့ သေသွားတဲ့သူတွေနဲ့ အမြဲတမ်း ယှဉ်ပြိုင်နေရတာလဲ"
"ပထမဇနီး ဒါမှမဟုတ် သူ့ရဲ့သားက ဘယ်လိုပဲ ဖြစ်နေပါစေ၊ အခု သူတို့အားလုံးက မြေကြီးအောက်မှာ ရောက်နေကြပြီပဲ။ နယ်စားကြီးက ကျင့်ကို ပြန်လည်တည်ထောင်ပြီး သခင်လေးက သူ့ရဲ့ တစ်ဦးတည်းသော သားဖြစ်နေချိန်မှာ တိုင်းပြည်ကို စည်းလုံးပြီးနောက် အရာအားလုံးကို ဘယ်သူက အမွေဆက်ခံဦးမှာလဲ။ ရှေ့မှာ ရှိနေတာကို သခင်မက ဘာလို့ မမြင်နိုင်ရတာလဲ"
သခင်မဝေ့သည် ဝမ်းနည်းဒေါသဖြင့် ငိုကြွေးလိုက်သည်။ "ကျွန်မရဲ့ ကျင်းအာက သိပ်ကို မွန်မြတ်တာ။ သူ့ကို သာမန် ဖျော်ဖြေရေးသမား တစ်ယောက်နဲ့ ဘယ်လိုလုပ် လက်ထပ်ခိုင်းရက်တာလဲ"
အထိန်းတော်က သူမ၏ သခင်မသည် ဤဆယ်စုနှစ်များအတွင်း အလွန် သက်သောင့်သက်သာ နေထိုင်ခဲ့ရသည်ဟု တကယ် ယုံကြည်ထား၏။ ဝေ့ချီရှန်းသည် မယားငယ်များ မထားရှိသဖြင့် ဝေ့အိမ်တော်တွင် နေထိုင်ခဲ့ရသော နှစ်ဆယ်ကျော် ကာလအတွင်း သခင်မဝေ့၏ စရိုက်က သူမ အပျိုပေါက်အရွယ်ကထက် ပိုလို့ပင် ခေါင်းမာလာခဲ့သည်။
သူမက အကျိုးအကြောင်း ပြောပြလိုက်သည်။ "သခင်မ၊ ယောက်ျားတွေက အိမ်ထောင် တစ်ဆက်တည်းနဲ့ ကန့်သတ်ထားတာ မဟုတ်ဘူးလေ။ အဲ့ဒီ 'မင်းသမီး'က သခင်လေးရဲ့ ကလေးကို မွေးဖွားပြီးနောက် ကလေးမွေးဖွားစဉ်မှာ သူ ကွယ်လွန်သွားခဲ့ရင် ကလေးက ယခင်ကျင့်တော်ဝင် သွေးကြောကို သယ်ဆောင်ထားဆဲ ဖြစ်လို့ နယ်စားကြီးရဲ့ ပြန်လည်တည်ထောင်မှုကို ပိုပြီး တရားဝင်ဖြစ်စေလိမ့်မယ်။ ဒါ့အပြင် သခင်လေး ထီးနန်းတက်တဲ့အခါ သူက ဒီထက်များတဲ့ ကိုယ်လုပ်တော်တွေ လိုအပ်လိမ့်မယ်။ အမွေခံတွေ ရပြီးနောက် သူ နောက်အိမ်ထောင်ပြုရင်တောင် သခင်မက မှူးမတ်သမီး ဘယ်သူ့ကိုမဆို ရွေးချယ်ခွင့် ရဦးမှာ မဟုတ်ဘူးလား။ ပထမဇနီးရဲ့ ဂုဏ်ပုဒ်အတွက်ဆိုရင် သူက ယခင်ကျင့်မင်းသမီးအဖြစ် လူသိများလိမ့်မယ် - အဲ့ဒါကို ဘယ်သူက မလေးမစား လုပ်ရဲမှာလဲ။ သခင်မက လက်ရှိအခြေအနေကိုပဲ စွဲလမ်းမနေဘဲ ရေရှည်ကို စဉ်းစားရမယ်"
ဤအကြံပေးချက်အပြီးတွင် တဖြည်းဖြည်း ငိုရှိုက်သံများ ရပ်တန့်သွားသော်လည်း ပြန်လည်တွဲခေါ်ခံရစဉ် သခင်မဝေ့သည် ဝမ်းနည်းစွာဖြင့် ဆို့နင့်လျက် ပြောလိုက်သေးသည်။ "သူက ကျွန်မကို အေးစက်စက် ဆက်ဆံတယ်လေ..."
အထိန်းတော်က ဆက်ပြီး နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့သည်။ "ကျွန်မရဲ့ သခင်မလေးရယ်၊ ချစ်ခင်ကြင်နာမှုကို ရှာဖွေတာက ဘာအသုံးကျလို့လဲ။ စံပြခင်ပွန်းတွေကို လက်ထပ်ခဲ့ကြတဲ့ သခင်မရဲ့ ငယ်သူငယ်ချင်းတွေ - သူတို့ရဲ့ ခင်ပွန်းတွေ မယားငယ်တွေ ယူပြီးနောက် သူတို့ရဲ့ အိမ်ထောင်တွေက ဖရိုဖရဲ ဖြစ်မသွားဘူးလား။ ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားက သေသွားတဲ့သူဆီမှာ ရှိနေတာက အသက်ရှင်နေတဲ့သူဆီမှာ ရှိနေတာထက် အများကြီး ပိုကောင်းပါတယ်။ နယ်စားကြီးရဲ့ ခံစားချက်တွေက ဘယ်လိုပဲဖြစ်နေပါစေ၊ ဒီအိမ်တော်ထဲက အရာအားလုံးက နောက်ဆုံးမှာ သခင်မ၊ သခင်လေးနဲ့ ခရိုင်မင်းသမီးတို့ ပိုင်ဆိုင်သွားမှာ မဟုတ်ဘူးလား"
မှောင်အတိကျနေသော အေးစက်သည့် ညဉ့်ယံတွင် လမ်းတစ်လျှောက်ရှိ ဇရပ်များနှင့် ကျောက်မီးအိမ်များသည် တွန့်လိမ်နေသော နဂါးတစ်ကောင်ကဲ့သို့ အမှောင်ထုကို အစက်အပြောက်များဖြင့် ဖန်တီးထားပြီး ပါးလွှာသော နှင်းများ ဖုံးလွှမ်းနေသည့် ကျောက်စရစ်ခင်းလမ်းကို လင်းထိန်စေကာ သခင်မဝေ့၏ ငိုကြွေးသံနှင့် အထိန်းတော်၏ ဆုံးမစကားများက အဝေးသို့ မှေးမှိန်ပျောက်ကွယ်သွားခဲ့၏။
ဝေ့အိမ်တော် စာကြည့်ခန်းအတွင်းတွင် ဝေ့ရှန်း ဝင်လာသည်နှင့်တစ်ပြိုင်နက် ဝေ့ချီရှန်းသည် အခုလေးတင် သွေးထွက်အောင် ချောင်းဆိုးထားပြီး စားပွဲကို မှီနေသည်ကို တွေ့လိုက်ရသည်။
ဝေ့ရှန်း၏ မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားပြီး သူသည် ထွက်ခွာရန် လှည့်လိုက်၏။ "အိမ်တော် သမားတော်ကို ကျွန်တော် သွားခေါ်လိုက်ပါ့မယ်"
ဝေ့ချီရှန်းသည် သူ့ကို တားရန် အော်ခေါ်လိုက်သည်။ "ငါ့ရဲ့ သွေးခုန်နှုန်းကို နောက်တစ်ကြိမ် ထပ်စမ်းလည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ တောင်ပိုင်း စစ်ဆင်ရေးက နီးကပ်နေပြီဆိုတော့ သတင်းတွေ ပေါက်ကြားပြီး လက်အောက်ငယ်သားတွေကြားမှာ မလိုအပ်ဘဲ အထိတ်တလန့် မဖြစ်ပါစေနဲ့"
အသက်နှစ်ရှိုက်စာခန့် ခေတ္တရပ်ပြီးနောက် သူက ဆက်ပြောလိုက်၏။ "ဒီစားပွဲကို နည်းနည်း ရှင်းလိုက်ပြီး မြောက်ပိုင်းနယ်စပ်နဲ့ ပြည်မကြီးရဲ့ မြေပုံတွေကို ငါ့ဆီ ယူလာခဲ့"
ဝေ့ရှန်း၏ မျက်လုံးများ နီရဲသွားခဲ့သည်။ "နယ်စားကြီး၊ ဒီနေ့တော့ အနားယူသင့်ပါတယ်"
ဝေ့ချီရှန်းသည် အကြည့်ကို ပင့်လိုက်ပြီး "ငါ့ရဲ့ လူငယ်ဘဝတုန်းက သုံးရက် သုံးည အိပ်မပျော်ဘဲနဲ့တောင် ခံနိုင်ရည် ရှိခဲ့တယ်။ အခု ဖယောင်းတိုင်အလင်းရောင်အောက်မှာ မြေပုံတွေ ဖတ်ဖို့ စွမ်းအင် မရှိတော့ဘူးလို့ မင်းက ထင်နေတာလား"
မိမိ၏ နယ်စားကြီး၏ ခေါင်းမာသော သဘာဝကို နားလည်ထားသဖြင့် ဝေ့ရှန်းသည် လိုက်နာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ မြေပုံများကို သွားယူလိုက်တော့သည်။
အနီးရှိ ဖယောင်းတိုင်စင်၏ အလင်းရောင်အောက်တွင် ဝေ့ချီရှန်းသည် မြေပုံပေါ်ရှိ လမ်းကြောင်း အများအပြားကို လက်ညှိုးထိုးပြလိုက်၏။ "လျန်စစ်စခန်းက ရှေ့တန်းတစ်ခုလုံးကနေ မြောက်ဘက်ကို ချီတက်လာမှာ မဟုတ်ဘူး။ ဇီယန်တောင်ကြားလမ်းကို သိမ်းပိုက်ပြီးနောက် သူတို့က မြောက်-တောင် အဓိက လမ်းမကြီးတွေကို မြန်မြန် ပြန်ဆက်သွယ်ကြလိမ့်မယ်။ မြောက်ပိုင်း လမ်းကြောင်းတစ်လျှောက်လုံး စစ်တပ်တွေကို အပြည့်အဝ မချထားနိုင်တဲ့အတွက် သူတို့က မြေပြင်အနေအထားကို အသုံးပြုပြီး ချီတောင်တန်းကနေ မြောက်ဘက်ကို ချီတက်ကြလိမ့်မယ်။ ဒါက ဖေစစ်တပ်နဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့တာကို ရှောင်ရှားနိုင်စေပြီး ထုန်ကျိုးကနေ မော့ကျိုးအထိ မြို့တွေကို အငိုက်ဖမ်း တိုက်ခိုက်နိုင်စေလိမ့်မယ်။ ချန်လျန်ဝမ်ရဲ့ အဖွဲ့အတွက်ကတော့ သူတို့ရဲ့ ဘိုးဘွားပိုင် ခရိုင်ဖြစ်တဲ့ ဖုန်းယန်က လော့ယန်ထက် ပိုပြီး အရေးကြီးတယ်။ ဟန့်ယန်က အရင်တုန်းက စစ်တပ်တွေကို ရှန်းကျိုးဆီ မြောက်ဘက်ကို ချီတက်ဖို့ အမိန့်ပေးခဲ့တာက အာရုံလွှဲတာ သက်သက်ပဲ ဖြစ်လိမ့်မယ်"
ဝေ့ရှန်းက မြေပုံကို ခဏတာ လေ့လာလိုက်ပြီး "ဒါပေမယ့် ဖုန်းယန်က ပြည်မကြီးရဲ့ အလယ်ဗဟိုမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတာလေ။ ဟန့်ယန်မင်းသမီးက အဲ့ဒါကို တိုက်ခိုက်ရင်တောင် သူက အဲ့ဒါကို ထိန်းထားနိုင်မှာ မဟုတ်ဘူး"
ဝေ့ချီရှန်းသည် ပြောလိုက်၏။ "သူက တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့ပဲ ရည်ရွယ်ထားတာဆိုရင်ရော"
ဝေ့ရှန်းသည် တဒင်္ဂ မှင်သက်သွားပြီးနောက် ချန်လျန်ဝမ်၏ ချွေးမက ဖေစုန့်၏ ဖမ်းဆီးခြင်းကို ခံထားရပုံပေါ်ကြောင်း သတိရသွားခဲ့သည်။
သူက အမှတ်တမဲ့ ခေါင်းခါပြလိုက်ပြီး "သူ့ရဲ့အမေသာ သက်ရှိထင်ရှား ရှိနေသေးရင် လျန်စစ်စခန်းက ဖုန်းယန်ကို တိုက်ခိုက်ဖို့ သေချာတယ်။ ဒါပေမယ့် ဖေစုန့် ဖမ်းသွားတဲ့ ယောက်မ တစ်ယောက်တည်းအတွက် စစ်တပ်တွေကို စုစည်းဖို့ဆိုတာ - ဟန့်ယန်မင်းသမီးက ဆန္ဒရှိရင်တောင် သူ့ရဲ့ လျန်အမတ်တွေက အလွယ်တကူ သဘောတူကြမှာ မဟုတ်ဘူး"
ဝေ့ချီရှန်းသည် ပြောလိုက်၏။ "မင်း မေ့နေတယ်၊ ဒီယောက်မက ယွီဇီယန်လိုမျိုး ကျန်ရစ်တဲ့ လျန်အမတ်တွေကို ကယ်တင်ဖို့ သူ့ကို ကူညီပေးခဲ့တာလေ"
ဝေ့ရှန်းက မေးလိုက်သည်။ "နယ်စားကြီးမှာ စစ်ရေးဗျူဟာ တစ်ခုခု စဉ်းစားထားတာ ရှိလို့လား"
ဝေ့ချီရှန်းသည် ခဏတာ ချောင်းဆိုးလိုက်၏။ "'ကျန်းယွီရဲ့ မယားငယ်' က လမ်းတစ်ဝက်မှာ ကြားဖြတ် တိုက်ခိုက်ခံလိုက်ရတယ်။ လျန်သံတမန်တွေက ဒီတစ်ကြိမ်မှာ ကျန်းယွီရဲ့ အလောင်းကိုပဲ ယူသွားခဲ့တယ်။ ဒီစေ့စပ်ဆွေးနွေးမှုတွေမှာ ငါတို့ မရလိုက်တာတွေကို ဒီတောင်ပိုင်း စစ်ဆင်ရေးကနေတစ်ဆင့် ပြန်ယူရလိမ့်မယ်"
သူက ဝေ့ရှန်းကို နောက်တစ်ကြိမ် မော့ကြည့်လိုက်ချိန်တွင် သူ၏ မျက်နှာအမူအရာက ထူးခြားစွာ လေးနက်နေခဲ့သည်။ "ဒီစစ်ဆင်ရေးမှာ ငါ တစ်ခုခု ဖြစ်သွားခဲ့ရင် အဲ့ဒီ ရှောင်းမိသားစုရဲ့ လူငယ်လေးကို အသက်ရှင်လျက် ချန်ထားလို့ မဖြစ်ဘူး"
ဝေ့ရှန်းသည် ဤစကားက နောက်ဆုံး မှာကြားချက်များနှင့် တူနေသည်ဟု ခံစားလိုက်ရပြီး ချက်ချင်း ဒူးထောက်ကာ "နယ်စားကြီး" ဟု အော်ဟစ်လိုက်၏။
ဝေ့ချီရှန်းသည် သူ၏ အိုမင်းရင့်ရော်မှုကို နောက်ဆုံးတွင် အသိအမှတ်ပြုလိုက်သည့်အလား သူ၏ လက်ဖဝါးထဲမှ စေးကပ်သော စိုစွတ်မှုကို ခံစားရင်း သူ၏ နှုတ်ခမ်းများကို ထိကိုင်ထားခဲ့သော လက်ကို ဆုပ်ထားလိုက်လေသည်။ "မြောက်ပိုင်းနယ်စပ် တစ်ခုလုံးမှာ သူ့ကို နှိမ်နင်းနိုင်တဲ့သူ တစ်ယောက်မှ မကျန်တော့ဘူး"
...