အခန်း ၁၇၉
Vol. 18 Ch. 179
အပိုင်း (၁၇၉)
ဝိန်းယွီက အတိအလင်း ဖွင့်ဟမပြောဘဲ မျက်ဝန်းထဲတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ခိုအောင်းနေလျက် ပြောလိုက်သည်။ "မလိုပါဘူး”
ကျောင်းပိုင်သည် ဝိန်းယွီ၏ အကြည့်အောက်တွင် အနည်းငယ် နေရခက်သွားသော်လည်း သူမ၏ စကားကို ကြားသောအခါ မနေနိုင်ဘဲ မေးလိုက်၏။ "ဘာဖြစ်လို့လဲ”
ဝိန်းယွီက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ စားပွဲပေါ်က ရေနွေးကြမ်းမှ ထွက်ပေါ်နေသော အခိုးအငွေ့များက ဖြည်းညှင်းစွာ မြင့်တက်လာပြီး သူမ၏ မျက်နှာတစ်ဝက်ကို ဖုံးကွယ်သွားကာ သူမက ပြောလိုက်သည်။ "သူတစ်ယောက်တည်းအတွက်ဆိုရင် မြောက်ပိုင်းကနေ ထွက်ခွာလာတဲ့နေ့ကတည်းက ကျွန်မ သူ့ကို တစ်ခါတည်း ခေါ်လာလို့ရတယ်။ ဒါပေမယ့် သူ့လက်အောက်မှာ စစ်သူကြီးတွေ အများကြီး ရှိသေးတယ်။ သူ့ကို ခိုးထုတ်လာခဲ့ရင် ဝေ့ချီရှန်းဆီမှာ ကျန်ခဲ့မယ့် သူ့လူတွေကို ဘယ်လိုအခြေအနေမျိုး ရောက်သွားစေမလဲ။ ကျွန်မကိုယ်တိုင် ဝေ့ချီရှန်းဆီကနေ သူ့ကို တောင်းဆိုလိမ့်မယ်”
ဟိုတုန်းက သူ့ကို ထွက်သွားရန် ဖိအားပေးခဲ့သူမှာ သူမသာ ဖြစ်လေသည်။ အခုလည်း သူမကပဲ သူ့ကို ဒီလိုမျိုး သွားပြန်ခေါ်သင့်ပေ၏။
သူသည် ဖြောင့်မတ်မှန်ကန်ကြောင်းကို လောကလူသားအားလုံး သိအောင် သူမက ပြုလုပ်ပေးရလိမ့်မည်။
ကျောင်းပိုင်သည် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။ "ကျွန်မ နားလည်ပါပြီ”
_____
ကျန်းယီချူးသည် စင်္ကြံလမ်း၏ တိုင်ကို မှီထားလျက် ပခုံးပေါ်တွင် စိမ်းပြာရောင် ခြုံလွှာကို ခြုံထားပြီး စင်္ကြံအပြင်ဘက်ရှိ ပျိုနီပန်းခြံကို ငေးမောနေမိသည်။
ဒီပန်းခြံက သူမ ကိုယ်ဝန်ရင့်လာပြီး အန်ကာ ဘာမှစားမဝင်ဖြစ်နေချိန်တွင် ဖေစုန့်က သူမအနားသို့ အမြဲလာရောက် လှည့်လည်နေတတ်သဖြင့် သူမက တမင်သက်သက် အခက်တွေ့စေရန် ပျိုနီပန်းများကို ကြည့်ချင်သည်ဟု ပြောလိုက်ရာမှ သူက အရူးတစ်ယောက်လို ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်၏။
ဆောင်းရာသီ၏ အအေးဒဏ်က ပြင်းထန်ပြီး သူမ၏ ခန္ဓာကိုယ်ကလည်း အားနည်းနေကာ သမားတော်က လေအေးမခံသင့်ကြောင်း ပြောထားသဖြင့် သူမသည် အခန်းထဲတွင်သာ နေ့စဉ် ပိတ်လှောင်နေရပြီး တစ်ကိုယ်လုံးက တစ်နေ့တစ်ခြား ပိုလို့ပင် ပိန်ချုံးလာခဲ့သည်။
အစပိုင်းတွင် ဖေစုန့်က သူမကို ထိုသို့ မြင်တွေ့ရသောအခါ လူများကို စင်္ကြံလမ်းကို ပိတ်ဆို့ခိုင်းလိုက်ပြီး လေးဖက်လေးတန်လုံးတွင် လေကာ ကန့်လန့်ကာများ ချိတ်ဆွဲစေခဲ့သည်။ ထို့နောက် မြေအောက်အပူပေးစနစ်၏ လမ်းကြောင်းကို စင်္ကြံလမ်းအောက်အထိ တိုက်ရိုက် တူးဖော်စေကာ တစ်နေ့လျှင် ဆယ့်နှစ်နာရီလုံးလုံး မီးသွေးမီးများ မငြိမ်းစေဘဲ စင်္ကြံလမ်းတစ်ခုလုံးကို အတွင်းခန်းကဲ့သို့ နွေးထွေးသွားစေရန် ဖန်တီးပေးခဲ့ပြီး သူမ အချိန်မရွေး လမ်းလျှောက်ထွက်ပြီး အပန်းဖြေနိုင်ရန် စီစဉ်ပေးခဲ့၏။
သူမက ခြံအပြည့် ပျိုနီပန်းများကို ကြည့်ချင်သည်ဟု တောင်းဆိုပြီးနောက် သူက တောင်ဘက်စင်္ကြံအပြင်ရှိ ခြံဝင်းတစ်ဝက်ကိုပါ ပိတ်ဆို့ပစ်လိုက်ပြန်သည်။ မျက်နှာစာသုံးဖက်တွင် နံရံများတည်ဆောက်ကာ အပေါ်ဘက်တွင် စင်္ကြံခေါင်မိုးနှင့် ကပ်လျက် ဖန်ကြွေပြားများ မိုးပေးခဲ့ပြီး ခြံဝင်းအတွင်း မြေအောက်တွင်လည်း အပူပေးလမ်းကြောင်းများ ထပ်မံတူးဖော်စေခဲ့သည်။
လဝက်ပင် မပြည့်သေးသည့် အချိန်အတွင်း ယာယီပန်းမန်အိမ်လေးကဲ့သို့ ဆောက်လုပ်ထားသော ဤခြံဝင်းထဲတွင် ပြောင်းရွှေ့စိုက်ပျိုးထားသော ပျိုနီပန်းမျိုးစုံကို ပန်းခြံမှူးများက နည်းလမ်းပေါင်းစုံ အသုံးပြုကာ ဖူးပွင့်လာစေရန် လှုံ့ဆော်ပေးနိုင်ခဲ့ကြ၏။
ဤလုပ်ရပ်က ဖေစုန့်၏ လက်အောက်ခံ အမတ်များနှင့် စစ်သူကြီးများစွာ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ကျန်းယီချူးသည် သဘာဝကျကျ သိရှိထားသည်။ တစ်ကြိမ်တွင် ဖေစုန့် သူမအနား၌ ရှိနေစဉ် သူ အလေးစားဆုံးဖြစ်သော ကုန်းစွန်းဟုခေါ်သည့် အဘိုးကြီး ရောက်ရှိလာကာ သူမကို ကြည့်သည့် အကြည့်များက အလွန်ပင် ရန်လိုနေခဲ့ပြီး ဖေစုန့်အား သူမကို ကွပ်မျက်ပေးရန် ဒူးထောက်တောင်းဆိုဖို့သာ လိုတော့သည်။
ဖေစုန့်ကလည်း ထိုအဘိုးကြီးကို သူမနှင့် အများကြီး ထိတွေ့ခွင့် မပေးချင်သည့်ဟန်ဖြင့် ထိုအဘိုးကြီးနှင့်အတူ အခြားနေရာသို့ ချက်ချင်း ထွက်ခွာသွားကာ ကိစ္စရပ်များကို ဆွေးနွေးခဲ့၏။
ကျန်းယီချူးကတော့ ဤကိစ္စကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
တချို့အချိန်များတွင် တကယ် ရူးသွပ်နေသူမှာ ဖေစုန့်လား၊ သူမကိုယ်တိုင်လားဆိုတာကိုပင် သူမ ခွဲခြားမသိနိုင်တော့ချေ။
သူမသည် ပင်ပန်းနွမ်းနယ်မှုများနှင့် ထုံထိုင်းမှုများသာ တစ်နေ့ထက်တစ်နေ့ ပိုလာခဲ့ပြီး တစ်စုံတစ်ယောက်က သူမကို အဆုံးသတ်ပေးမည့်အချိန်ကိုသာ စောင့်မျှော်နေခဲ့သည်။
သူမသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်၍ မရနိုင်ပေ။ သူမတွင် အားယင်း ရှိနေသေးသည် မဟုတ်ပါလား။
သို့သော် အတွင်းအပြင်ပါ ပုပ်ဟက်နေပြီဖြစ်သည့် ဤခန္ဓာကိုယ်ကြီးဖြင့် အသက်ရှင်နေရခြင်းက သူမကို တကယ်ပင် အလွန် ပင်ပန်းစေခဲ့၏။
ကျန်းယီချူးသည် အမြဲတမ်း မှိုင်တွေနေခဲ့ပြီး စင်္ကြံတိုင်ကို မှီလျက် အိပ်ပျော်လုနီးပါး ဖြစ်နေချိန်တွင် စင်္ကြံ၏ အခြားတစ်ဖက်မှ ငြင်းခုံသံများ ထွက်ပေါ်လာခဲ့သည်။
သူမသည် ငိုက်မျဉ်းနေသော မျက်လုံးများကို ဖွင့်လိုက်ပြီး ဘေးတွင် ခစားနေသော အစေခံမလေးကို မေးလိုက်သည်။ "ဘာဖြစ်တာလဲ”
သူမအနားတွင် ခစားရသော သူများကို တစ်သုတ်ပြီးတစ်သုတ် လဲလှယ်ခံခဲ့ရပြီး ယခု အသစ်ရောက်လာသော အဖွဲ့၏ နာမည်များကိုပင် သူမ မမှတ်မိနိုင်သေးချေ။
ထိုအစေခံမလေးက တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်၏။ "ကျိန့်မေရန်သည်လည်း ဒီဘက်စင်္ကြံမှာ ပန်းလာကြည့်ချင်နေလို့ပါ”
ဤစင်္ကြံလမ်းက ပင်မခြံဝင်းအတွင်း တည်ရှိပြီး ခြံဝင်းကလည်း အိမ်တော်တစ်ခုလုံးတွင် အကြီးဆုံးဖြစ်သည်။
လက်ရှိ စစ်ရေးအခြေအနေများက သိပ်အကောင်းမြင်စရာ မရှိလှဘဲ ကျိန့်မေရန်၏ ဖခင်ကို ဖေစုန့်က နေရာပေး အသုံးပြုနေချိန်ဖြစ်ရာ ကျိန့်မေရန်၏ အဆင့်အတန်းကလည်း ရေတက်လာလျှင် လှေမြင့်လာသကဲ့သို့ လိုက်ပါမြင့်တက်နေခဲ့၏။
သူမသည် ဖေစုန့်၏ များပြားလှသော ကိုယ်လုပ်တော်များထဲတွင် ကျန်းယီချူးကဲ့သို့ ကိုယ်ဝန်ရှိနေသော တစ်ဦးတည်းသောသူ ဖြစ်သည်။
ယခင်ရက်များက ကျန်းယီချူး အပြင်မထွက်ဖြစ်ချိန်များတွင် ကျိန့်မေရန်သည် ဤဆောင်းရာသီ ပျိုနီပန်းများကို လာရောက်ခံစားလေ့ရှိသော်လည်း ယနေ့တွင် အမှတ်မထင်ဘဲ သူတို့နှစ်ဦး ဆုံတွေ့သွားကြလေသည်။
ကျန်းယီချူးကို ပြုစုစောင့်ရှောက်ရန် တာဝန်ကျသော အစေခံများသည် အရာရာတွင် ကျန်းယီချူးကို ဦးစားပေးရန် ဖေစုန့်ထံမှ အမိန့်ရရှိထားသော်လည်း ကျိန့်မေရန်၏ ဩဇာအာဏာက ယခုအချိန်တွင် အားကောင်းနေသဖြင့် သူတို့သည်လည်း ကျိန့်မေရန်ကို လုံးဝ မပြစ်မှားရဲကြချေ။
ကျန်းယီချူးသည် စင်္ကြံအဆုံးမှ ငြင်းခုံသံများ ခဏကြာ ဆက်လက်ထွက်ပေါ်နေသည်ကို နားထောင်ရင်း ရုတ်တရက် ပင်ပန်းပျင်းရိစွာဖြင့် ပြောလိုက်၏။ "အားလုံးက ကျူကျွင်းဘေးနားက ကိုယ်လုပ်တော်တွေချည်းပဲကို၊ ဘယ်လိုလုပ် ခွဲခြားဆက်ဆံလို့ ရမှာလဲ။ ကျိန့်မေရန်ကို လာခွင့်ပေးလိုက်ပါ။ ဒီခြံကြီးက ဒီလောက်ကျယ်တာ၊ နောက်ထပ် တစ်ယောက်ပိုလာလို့လည်း လမ်းမလျှောက်နိုင်တာမှ မဟုတ်တာ”
ထိုအစေခံမလေးက မိမိသဘောဖြင့် မဆုံးဖြတ်ရဲသဖြင့် ကျန်းယီချူးကို အရိုအသေပေးပြီးနောက် ဘေးရှိ အခြားအစေခံမလေးများကို သူမအား ဆက်လက်စောင့်ကြပ်စေကာ သူမကိုယ်တိုင်ကတော့ စင်္ကြံတစ်ဖက်သို့ သွားရောက်ပြီး ကျိန့်မေရန်ကို တားဆီးနေသော တာဝန်ခံ အစေခံကြီးထံ သတင်းသွားပို့လိုက်၏။
အပြာရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အစေခံကြီးက အစေခံမလေး၏ တီးတိုးစကားကို ကြားပြီးနောက် အနောက်ဘက်တွင် လက်ရန်းကို မှီလျက် ပန်းခြံထဲမှ ပျိုနီပန်းများကို ခံစားနေဟန်ရှိသလို အိပ်ပျော်နေဟန်လည်း တူသော ကျန်းယီချူးဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်နှာအမူအရာက တည်ငြိမ်မှု မရှိဘဲ လေးနက်သွား၏။
ကျိန့်မေရန်သည် တစ်ကိုယ်လုံးတွင် သလဲသီးရောင် ပိုးထည်ကို ဝတ်ဆင်ထားပြီး ကိုယ်ပေါ်ရှိ ခြုံလွှာကလည်း မီးတောက်များကဲ့သို့ နီရဲသော ကတ္တီပါစဖြင့် ချုပ်လုပ်ထားသည်။ သူမရှေ့ရှိ မျက်နှာထား တင်းမာနေသော အစေခံကြီးက လမ်းဖယ်ပေးမည့် အရိပ်အယောင် လုံးဝ မပြသည်ကို မြင်သောအခါ မနေနိုင်ဘဲ ဒေါသထွက်လာကာ မောက်မာစွာဖြင့် ပြောလိုက်သည်။ "ကျူကျွင်းက ငါတို့လို ကိုယ်ဝန်ဆောင်တွေ လမ်းလျှောက်ဖို့ အဆင်ပြေအောင် ပိတ်ပေးထားတဲ့ စင်္ကြံလမ်း၊ ဆောက်ပေးထားတဲ့ ပန်းခြံကို အခု သူ ကျန်းမျိုးရိုးကပဲ သွားလို့ရပြီး သခင်မဖြစ်တဲ့ ငါက သွားလို့မရဘူးလား။ နင်တို့လို ယုတ်မာတဲ့ အစေခံတွေက ဒီစကားကို ကျူကျွင်း၊ ကုန်းစွန်း လူကြီးမင်းနဲ့ ငါ့အဖေတို့ ရှေ့မှာ ပြောရဲသလား”
သူမ၏ ဖခင်က ယခုအချိန်တွင် နေရာပေးခံနေရသဖြင့် သူမသည် သည်စကားများကို ပြောဆိုရာတွင် ယုံကြည်မှု အပြည့်ရှိနေသည်။
ထိုတာဝန်ခံ အစေခံကြီးက အကျိုးအပြစ်များကို ချိန်ဆပြီးနောက် နောက်ဆုံးတွင် လမ်းဖယ်ပေးကာ အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်၏။ "ကျိန့်မေရန် ဒေါသကို ထိန်းပါဦး”
ကျိန့်မေရန်သည် သူမ ပါးနပ်စွာ ဖယ်ပေးသည်ကို မြင်မှသာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမနောက်ရှိ အစေခံကြီးတစ်စုကို ခေါ်ဆောင်ကာ မောက်မာကြွားဝါစွာဖြင့် စင်္ကြံလမ်းထဲသို့ ဝင်ရောက်သွားလေသည်။
ဤစင်္ကြံလမ်း၏ အလယ်ပိုင်းတွင် အပေါက်တစ်ခု သီးသန့် ဖောက်ထားပြီး ပန်းခြံထဲသို့ တိုက်ရိုက်ဆင်းကာ ပန်းများကို ခံစားနိုင်ရန် ကျောက်လှေကားထစ်များ ခင်းကျင်းထားသည်။
ကျန်းယီချူးသည် ထိုကျောက်လှေကားအနီးရှိ လက်ရန်းပေါ်တွင် ထိုင်နေပြီး ပင်ပန်းနွမ်းနယ်နေသဖြင့် လက်ရန်းကို အမြဲတမ်း မှီလျက် မျက်လုံးများ မှိတ်ကာ မှေးနေခဲ့၏။
ကျိန့်မေရန်သည် လျှောက်သွားပြီးနောက် ဤမြင်ကွင်းကို မြင်သောအခါ ကျန်းယီချူးသည် သူမကို တမင်သက်သက် လျစ်လျူရှုကာ အရှက်ခွဲနေသည်ဟု နားလည်လိုက်ကာ သူမ၏ အကြည့်များက ကျန်းယီချူး၏ ဝမ်းဗိုက်ပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် အကြည့်များ အနည်းငယ် နက်ရှိုင်းသွားကာ လှောင်ပြောင်စွာ ပြောလိုက်သည်။ "ကျန်းမေရန်က တော်တော် စိတ်ကူးယဉ်ဆန်တာပဲ”
ကျန်းယီချူးသည် ပင်ပန်းနေသော မျက်လုံးများကို ဖွင့်လိုက်ပြီး ခြေလှမ်းအနည်းငယ်အကွာတွင် သလဲပန်းပွင့်လေးတစ်ပွင့်လို လှပတောက်ပစွာ ရပ်နေသော ကျိန့်မေရန်ကို တိတ်ဆိတ်စွာ အချိန်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ပြောလိုက်၏။ "ကျိန့်မေရန်ရဲ့ စိတ်အားကလည်း တော်တော်မြင့်နေတဲ့ပုံပဲ”
ကျိန့်မေရန်၏ အပြစ်ရှာလိုသော အကြည့်များက ကျန်းယီချူး၏ ဖြူရော်နေသော မျက်နှာပေါ်သို့ ဖြတ်ပြေးသွားပြီး အလွန် နားမလည်နိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "ကျူကျွင်းက နင့်ဆီကို လာတိုင်း နင်က ဒီလို ရုပ်မျိုးနဲ့ပဲ နေတာလား”
ကျန်းယီချူးသည် ယနေ့ မျှော်လင့်မထားလောက်အောင် ဒေါသကို ထိန်းချုပ်နိုင်နေပြီး ဤမျှစော်ကားခံရသည်ကိုပင် ပြန်လည် မချေပဘဲ ပြောလိုက်၏။ "သာမန်ရုပ်ဆင်းသဏ္ဌာန်က ကျိန့်မေရန်ရဲ့ မွေးရာပါ အလှအပကိုတော့ တကယ် ယှဉ်လို့မရပါဘူးလေ”
ကျိန့်မေရန်သည် သူမကို ကြည့်သည့် အကြည့်များမှာ ပိုလို့ပင် ထူးဆန်းသွားသော်လည်း တစ်ချက် ပြန်လည်တွေးတောလိုက်သောအခါ ကျန်းယီချူးသည် နောက်ဆုံးတွင် အခြေအနေကို ရှင်းလင်းစွာ သဘောပေါက်သွားပြီဟု ထင်မှတ်သွားဟန်တူသည်။ သူမသည် အရင် လျန်မင်းဆက်၏ ရှီဇီဖေး တစ်ဦးဖြစ်ရာ အဆင့်အတန်းအရပင် ဝေဖန်စရာ အလုံအလောက် ဖြစ်နေပြီး မိမိနှင့် ဘာများ လာယှဉ်နိုင်စွမ်း ရှိဦးမည်နည်း။
သူမက ရယ်မောသံပြုလိုက်ပြီး ပြောလိုက်သည်။ "ကျန်းမေရန် အခု ဒါတွေကို နားလည်သွားတာကလည်း အချိန်မနှောင်းသေးဘူး မဟုတ်လား”
သူမသည် ကျန်းယီချူးဆီသို့ လက်မောင်းတစ်ဝက်ခန့် မြှောက်ပြလိုက်ပြီး မျက်နှာပေါ်တွင် မောက်မာကြွားဝါသော အမူအရာ ရှိနေဆဲပင်။ "ငါ့ကို ပန်းခြံထဲ လမ်းလျှောက်ဖို့ တွဲခေါ်သွားပေးစမ်း”
ဤသည်မှာ ကျန်းယီချူးကို အစေခံတစ်ယောက်လို သဘောထားကာ အရှက်ခွဲလိုက်ခြင်းပင်။
နှစ်ဖက်စလုံးရှိ အစေခံကြီးများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ကျန်းယီချူးကို စောင့်ကြည့်ရန် တာဝန်ရှိသော အစေခံကြီးက ပြောလိုက်၏။ "ကျွန်မတို့ မေရန်က ခန္ဓာကိုယ် အားနည်းနေလို့ သခင်မကို ကျွန်မပဲ တွဲပေးပါ့မယ်”
ကျိန့်မေရန်၏ အနားတွင် လိုက်ပါလာသော အစေခံကြီးများကလည်း မသင့်တော်ကြောင်း အလောတကြီး ဝင်ပြောကြလေသည်။
ကျိန့်မေရန်သည် သူတို့ကို ဘာမှမဟုတ်သလို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ စိုးရိမ်မှုကို နားလည်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "ဘာကို ကြောက်နေတာလဲ။ ကျန်းမေရန်က သခင်မဖြစ်တဲ့ ငါ့ကို လုပ်ကြံနိုင်ဦးမှာ မို့လို့လား”
ကျန်းယီချူးကို ပြုစုစောင့်ရှောက်သော အစေခံကြီးက အသံထွက်ရန် ပြင်လိုက်သော်လည်း ကျန်းယီချူးသည် ဝင်ပြောလိုက်နှင့်သည်။ "ကျွန်မနဲ့ ညီမလေးကျိန့်ကြားမှာ နားလည်မှုလွဲတာတွေ အများကြီး ရှိခဲ့တယ်။ အခု ညီမလေးကျိန့်က ရန်သူကနေ မိတ်ဆွေအဖြစ် ပြောင်းလဲချင်နေမှတော့ ကျွ်မက ဘယ်လိုလုပ် ငြင်းပယ်သင့်မှာလဲ”
အစေခံကြီးက မျက်နှာအနည်းငယ် တင်းမာသွားလျက် ပြောလိုက်၏။ "ကျန်းမေရန်......"
ကျန်းယီချူးသည် သူမကို အေးတိအေးစက် တစ်ချက် ကြည့်လိုက်သည်။ "ရှင်က ကျွန်မနဲ့ ညီမလေးကျိန့်ကို ဆက်ပြီး ကင်းကွာနေစေချင်တာလား”
အစေခံကြီးက မျက်မှောင်ကြုတ်လိုက်သော်လည်း ကျိန့်မေရန်ရှိနေသဖြင့် ဦးညွှတ်ကာ ပြောလိုက်ရလေသည်။ “ကျွန်တော်မျိုးမ မလုပ်ဝံ့ပါဘူး”
ကျိန့်မေရန်သည် ကျန်းယီချူး၏ နားလည်သဘောပေါက်မှုကို အလွန် ကျေနပ်သွားဟန်ဖြင့် လှောင်ပြောင် ပြောဆိုလိုက်၏။ "စောစောကတည်းက ဒီလိုလုပ်ရင် ပြီးနေတာကို”
ကျန်းယီချူးသည် မတ်တတ်ရပ်လိုက်ပြီး ကျိန့်မေရန်က သူမဆီသို့ ဆန့်တန်းထားသော လက်မောင်းကို တွဲကိုင်လိုက်ကာ ပြောလိုက်သည်။ "အရင်က အပြစ်တွေကို ခွင့်လွှတ်ပေးတဲ့အတွက် ညီမလေးကျိန့်ကို ကျေးဇူးတင်ပါတယ်”
သူတို့နှစ်ဦးက ကျောက်လှေကားဆီသို့ လျှောက်သွားကြလေသည်။
တာဝန်ခံ အစေခံကြီးက အစေခံမလေး အနည်းငယ်ကို မျက်ရိပ်ပြလိုက်ပြီး တစ်ခုခု မှားယွင်းမှု မရှိစေရန် ကာကွယ်သည့်အနေဖြင့် လူတိုင်းက သူတို့နှစ်ဦး၏ အနောက်မှ အလွန်နီးကပ်စွာ လိုက်ပါသွားကြသည်။
သို့သော် သူတို့နှစ်ဦးက ကျောက်လှေကားနားသို့ ရောက်လာကာ ရပ်တန့်လိုက်ချိန်တွင် အောက်သို့ ဆင်းရန် လုံးဝ မလောကြချေ။
ကျန်းယီချူးသည် ပြောလိုက်၏။ "ပန်းပေါင်းစုံမှာ ပျိုနီက ထိပ်ဆုံးပဲ၊ ပျိုနီပန်းတွေထဲမှာတော့ ယောင်ဟွမ်က ဘုရင်ပဲ။ ညီမလေးကျိန့်က ဒီခြံထဲက ဘယ်လို ပျိုနီပန်းမျိုးကို အနှစ်သက်ဆုံးလဲဆိုတာ မသိဘူးနော်”
ကျိန့်မေရန်သည် မောက်မာစွာဖြင့် ပြောလိုက်သည်။ "ယောင်ဟွမ်က သိပ်ရိုးရှင်းလွန်းတယ်။ သခင်မဖြစ်တဲ့ ငါက ဝေ့ဇီကို ပိုပြီး နှစ်သက်တယ်”
ထို့နောက် သူမ၏ အကြည့်က ကျန်းယီချူးဆီသို့ လှည့်သွား၏။ "ကျန်းမေရန်ကလည်း အသက်ကြီးတာကို အခွင့်ကောင်းယူပြီး ပါးစပ်ကနေ ညီမလေးလို့ ခေါ်မနေပါနဲ့။ အသက်ကြီးပြီး အလှအပတွေ ပျက်စီးသွားတာကလည်း ကောင်းတဲ့ကိစ္စမှ မဟုတ်တာ။ ဟုတ်တယ်မလား
ဤလှောင်ပြောင်သည့် စကားများကို ပြောပြီးမှသာ သူမက ဆက်ပြောလိုက်သည်။ "သခင်မဖြစ်တဲ့ ငါ့ကို ဝေ့ဇီပန်း တစ်ပွင့် သွားခူးဖို့ တွဲခေါ်သွားပေးစမ်းပါ”
ကျန်းယီချူး၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မရှိချေ။ နာကျင်မှုကြောင့် ထုံထိုင်းပြီး ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သော မျက်လုံးတစ်စုံထဲတွင် ကျိန့်မေရန်ကို တွဲလျက် လှေကားထစ်များမှ ဆင်းလာချိန်၌ တစ်စုံတစ်ခုကို ရုန်းကန်နေရသည့် ခံစားချက်မျိုး တစ်ခဏတာ ဖြတ်ပြေးသွားဟန်ရှိသော်လည်း ထိုနာကျင်မှုနှင့် ထုံထိုင်းမှုအောက်တွင် ချက်ချင်းပင် ပြန်လည် မြုပ်နှံသွားခဲ့သည်။
သူမက မိမိကိုယ်တိုင်နှင့် ကျိန့်မေရန် နှစ်ယောက်တည်းသာ ကြားနိုင်မည့် အသံဖြင့် "တောင်းပန်ပါတယ်" ဟု အလွန်တိုးညှင်းစွာ ပြောလိုက်သည်ကို ကြားလိုက်ရ၏။
တာဝန်ခံ အစေခံကြီးက သူတို့နှစ်ဦး၏ နောက်မှ သတိကြီးစွာဖြင့် အမြဲ လိုက်ပါလာခဲ့ပြီး သူတို့နှစ်ဦး ကျောက်လှေကားအနီးတွင် ရပ်၍ စကားပြောနေချိန်၌လည်း အာရုံကြောများက အလွန်အမင်း တင်းမာနေခဲ့ရာ သူတို့နှစ်ဦး နောက်ဆုံးတွင် လှေကားထစ်များမှ ဆင်းလာသည်ကို မြင်သောအခါ အလျင်စလို ထပ်မံ လိုက်ပါရန် ပြင်လိုက်သည်။
သို့သော် အပြောင်းအလဲက ထိုတစ်ခဏအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့၏။
သူတို့နှစ်ဦးသည် ခြေချော်သွားသည်လား၊ တစ်ခုခုနှင့် တိုက်မိပြီး လဲကျသွားသည်လား မသိရဘဲ ရုတ်တရက် လှေကားထစ်များပေါ်မှ ပြိုင်တူ လိမ့်ကျသွားကြလေတော့သည်။
"သခင်မ!"
"ကျန်းမေရန်!"
နှစ်ဖက်စလုံးက အစေခံများအားလုံးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ပန်းခြံတစ်ခုလုံးကလည်း တစ်ခဏအတွင်းမှာပင် ဆူညံပွက်လောရိုက်သွားတော့သည်။
ဝမ်းဗိုက်အောက်ပိုင်းမှ စူးရှသည့် နာကျင်မှုနှင့် မြေပြင်ပေါ်သို့ ဆောင့်ကျသွားသော ခန္ဓာကိုယ်အနှံ့ရှိ အရိုးအဆစ်များကလည်း နာကျင်နေခဲ့သည်။ ကျန်းယီချူး၏ နားထဲတွင် နားအူသံများသာ ပြည့်နှက်နေကာ မျက်စိရှေ့ရှိ အရာအားလုံးကလည်း ကောင်းကင်နှင့် မြေကြီး လည်ထွက်သွားသလို ဖြစ်နေသော်လည်း သူမသည် ဘေးတွင် လဲကျနေသော ကျိန့်မေရန်ဆီသို့ ခက်ခက်ခဲခဲ လှမ်းကြည့်လိုက်သေး၏။
တစ်ဖက်လူကလည်း နာကျင်နေသော အမူအရာဖြင့် ဝမ်းဗိုက်ကို ဖုံးအုပ်ထားသော်လည်း သူမကို ကြည့်လာသည့် အကြည့်များထဲတွင်တော့ အံ့ဩမှင်သက်မှု အနည်းငယ် ထင်ရှားစွာ ပါဝင်နေခဲ့သည်။
ကျန်းယီချူး၏ နောက်ဆုံး အသိစိတ်က ကျိန့်မေရန်နှင့် ဆုံတွေ့သွားသော ထိုအကြည့်ထဲတွင်သာ ရပ်တန့်သွားခဲ့တော့သည်။
အနက်ရှိုင်းဆုံး အမှောင်ထုထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျနေရင်း သူမသည် အလွန်ရှည်လျားလှသော အိပ်မက်တစ်ခုကို မက်နေခဲ့ဟန်တူသည်။
မင်းသားအိမ်တော်၏ ဒန်းစင်ပေါ်တွင် ဝိန်းဟန်သည် ယခင်ကကဲ့သို့ပင် သူမကို တွန်းပေးကာ ဒန်းစီးပေးနေခဲ့၏။
သူမသည် ရွှင်လန်းစွာ ရယ်မောနေပြီး တစ်ကိုယ်လုံးက ပေါ့ပါးလွင့်မျောနေကာ အလွန် မြင့်မားစွာ လွှဲစီးနေရသော်လည်း ပါးစပ်ကမူ အော်ဟစ်နေသေးသည်။ "ဟန်လန်၊ နည်းနည်းလောက် ထပ်ပြီး မြင့်မြင့်လေး တွန်းပေးပါဦး”
မူလနေရာတွင် သူမကို တွန်းပေးနေသော သူ၏ သန့်စင်ပြီး ကျက်သရေရှိသော မျက်နှာပေါ်တွင် လောကရှိ အရာအားလုံးကို ခွင့်လွှတ်နားလည်ပေးနိုင်စွမ်း ရှိသည့်ဟန်တူသော နွေးထွေးသည့် အပြုံးတစ်ခု ခိုအောင်းနေလျက် သူမ ပြောသည့်အတိုင်း ပိုအားစိုက်ကာ သူမကို ပိုဝေးဝေးရောက်အောင် တွန်းပို့ပေးလိုက်လေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် အဘွားကြီးတစ်ဦးက သူမ၏ ကျွင်းအာလေးကို ချီလာပြီး ပြုံးလျက် သူမကို ပြောလိုက်သည်။ "သခင်လေးက သခင်မကို မတွေ့ရတာ ရက်နည်းနည်း ရှိနေပြီဆိုတော့ တော်တော်လေးကို ငိုယိုဂျီကျနေတာပဲ”
ကျန်းယီချူးသည် ကလေးကို ဖက်ရန် လက်ဆန့်တန်းလိုက်သော်လည်း မသိစိတ်ထဲမှ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရပြန်သည်။
နားထဲတွင် ရုတ်တရက် ဝေဝါးနေသော်လည်း ရင်ကို ခွဲမတတ် နာကျင်စေသော ငိုသံလေးများ ထွက်ပေါ်လာခဲ့၏။ "မေမေ...... မေမေ......"
"အားယင်းက မေမေ့ကို လိုချင်တယ်......"
ကျန်းယီချူးသည် နောက်ဆုံးတွင်တော့ မှားယွင်းနေသော နေရာကို သတိထားမိသွားပြီး သူမ၏ ယောက်ျားဖြစ်သူကို ကြည့်လိုက်သည်။ "ဟန်လန်၊ အားယင်းရောဟင်။ အားယင်း ငိုနေတာကို ကျွန်မ ကြားလိုက်ရတယ်......"
ဝိန်းဟန်က သူမကို နူးညံ့သိမ်မွေ့ပြီး တိတ်ဆိတ်စွာဖြင့် ခဏတာ စိုက်ကြည့်နေပြီးနောက် သူမ၏ ပါးပြင်ဘေးရှိ ဆံပင်အစအနလေးများကို နားနောက်သို့ သပ်တင်ပေးရန် လက်ဆန့်တန်းလိုက်ကာ သူမကို နွေးထွေးစွာ ပြောလိုက်၏။ "ဟုတ်တယ်၊ အားယင်းက ဟိုဘက်မှာ ရှိနေသေးတယ်လေ။ ကျွင်းအာအတွက် မစိုးရိမ်ပါနဲ့၊ ကိုယ် သူ့ကို သေချာ ဂရုစိုက်ပေးပါ့မယ်။ ပြန်သွားလိုက်ပါတော့”
ပြန်သွားရမယ်။
ဘယ်ကို ပြန်သွားရမှာလဲ။
ကျန်းယီချူးသည် နားမလည်နိုင်ဖြစ်ကာ သူ့ကို တားပြီး တစ်ခုခု မေးချင်နေသေးသော်လည်း အသိစိတ်က ထပ်မံ ဝေဝါးသွားခဲ့ပြန်သည်။
ကျန်းယီချူးသည် မိမိဘာကို ဆန့်ကျင်ငြင်းဆန်နေမှန်း မသိသော်လည်း ထိုအခိုက်အတန့်တွင် ရုတ်တရက် အလွန်အမင်း ဝမ်းနည်းကြေကွဲသွားရသည်။ ဝိန်းဟန်က ကျွင်းအာလေးကို ချီကာ သန့်စင်သော အဖြူရောင် ဝတ်ရုံဖြင့် သူမကို ကျောခိုင်းလျက် သူတို့ ယခင်က နေထိုင်ခဲ့သော အိမ်ဆောင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်ကို သူမ မြင်တွေ့လိုက်ရ၏။
သူမသည် နောက်သို့ လိုက်သွားချင်သော်လည်း ခြေထောက်အောက်တွင် တစ်ခုခုနှင့် ချည်နှောင်ခံထားရသည့်နှယ် ဘယ်လို့မှ ရွေ့လို့မရနိုင်ခဲ့ဘဲ သူမ၏ ယောက်ျားနာမည်ကို အသည်းအသန်နှင့် သတိလွတ်လုမတတ် အော်ဟစ်ခေါ်ဝေါ်လိုက်တော့သည်။ "ဝိန်းဟန်။ ဝိန်းဟန်”
သူက အမြဲတမ်း ငါ့ကို စိတ်မဆိုးရဲပါဘူး။ ငါက နာမည်အပြည့်အစုံနဲ့တောင် ခေါ်နေပြီကို၊ ဘာလို့ သူက ငါ့ကို လှည့်ပြီး ထပ်မကြည့်ချင်ရတာလဲ။
မျက်လုံးများကလည်း ခြောက်သွေ့နာကျင်နေပြီး လည်ချောင်းကလည်း ပူလောင်စွာ နာကျင်နေခဲ့သည်။
ကုတင်ကန့်လန့်ကာများကြားတွင် ခါးသက်သော ဆေးနံ့များ စိမ့်ဝင်နေသည့် ကုတင်ပေါ်၌ ကျန်းယီချူးသည် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး နှုတ်ခမ်းများကြားမှ တစ်ခုခုကို ခက်ခက်ခဲခဲ ယောင်ယမ်းပြောဆိုနေကာ မျက်ထောင့်မှ လိမ့်ကျလာသော မျက်ရည်ကြည်များက ဆံစများဆီသို့ ဖြည်းညှင်းစွာ စီးကျသွားလေသည်။
အသက်လေးနှစ်ပင် မပြည့်သေးသော အားယင်းလေးက သူမ၏ ကုတင်ဘေးတွင် မှောက်လျက် အလွန်အမင်း ငိုကြွေးနေခဲ့ပြီး မျက်လုံးနှစ်လုံးမှာ သစ်ကြားသီးများကဲ့သို့ ဖောင်းအစ်လို့နေလေသည်။ သူမသည် ကျန်းယီချူး၏ လက်မောင်းတစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဘာလုပ်ရမှန်းမသိဘဲ လှုပ်ယမ်းနေပြီး အက်ကွဲသော အသံဖြင့် ငိုယိုအော်ဟစ်နေခဲ့၏။ "မေမေ......"
ကျန်းယီချူးသည် မေ့မြောနေဆဲဖြစ်သော်လည်း နောက်ဆုံးတွင် အချုပ်အနှောင် တစ်ခုခုမှ ရုန်းထွက်သွားနိုင်သည့်ဟန်ဖြင့် လည်ချောင်းအတွင်းမှ ထိုနာမည်ကို အက်ကွဲစွာ ခေါ်ဝေါ်လိုက်နိုင်တော့သည်။ "ဝိန်းဟန်......"
သူမ၏ ရှည်လျားသော မျက်တောင်များ တုန်ခါသွားပြီး ရက်ပေါင်းများစွာ တင်းကျပ်စွာ မှိတ်ထားခဲ့သော မျက်လုံးများက နောက်ဆုံးတွင်တော့ ဖြည်းညှင်းစွာဖြင့် အက်ကွဲကြောင်းလေးတစ်ခု ပွင့်လာခဲ့သည်။
အားယင်းလေးသည် ငိုနေသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ပြီး စိတ်ခံစားမှု လွန်ကဲကာ အသက်ရှူမဝဖြစ်နေသဖြင့် လည်ချောင်းအတွင်းမှ သားရဲငယ်လေးများက သွေးအန်မတတ် အော်ဟစ်နေသည့်ကဲ့သို့သော ငိုသံများ ဆက်တိုက်ထွက်ပေါ်နေပြီး ပိန်လှီသေးငယ်သော ခန္ဓာကိုယ်လေးကလည်း အဆက်မပြတ် တုန်ယင်လို့နေသည်။
"အားယင်း......"
ကျန်းယီချူးသည် သမီးဖြစ်သူ၏ ဤပုံစံကို မြင်သောအခါ ချက်ချင်းပင် မျက်လုံးများ နီရဲသွားကာ သမီးဖြစ်သူ၏ မျက်နှာကို ပွတ်သပ်ရန် လက်ဆန့်တန်းလိုက်သော်လည်း အားယင်း၏ အနောက်ဘက်ရှိ ခွေးခြေခုံပေါ်တွင် အချိန်အတော်ကြာ ထိုင်နေခဲ့သော ဖေစုန့်ကို သတိထားမိသွားလေသည်။
သူ့ပုံစံက သူမ ယခင်က မြင်ဖူးခဲ့သမျှ အချိန်တိုင်းထက် ပိုဖယိုဖရဲဖြစ်နေသည်။ မေးစေ့ပေါ်ရှိ မုတ်ဆိတ်မွေးကြမ်းများကို မရိတ်သည်မှာ မည်မျှကြာနေပြီမှန်း မသိရဘဲ တစ်ချက်ကြည့်လိုက်သည်နှင့် အပြာရောင်အရိပ်များ ပြန့်ကျဲနေသည်ကို မြင်တွေ့ရ၏။ ဆံပင်များကိုမူ အပြစ်အနာအဆာမရှိအောင် သပ်ရပ်စွာ ဖြီးသင်ထားသေးသော်လည်း မျက်လုံးများမှာမူ အချိန်ကြာမြင့်စွာ အိပ်ရေးပျက်ထားသဖြင့် နီရဲနေခဲ့သည်။
သူသည် ကျန်းယီချူး၏ အကြည့်ကို ရင်ဆိုင်လိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။ "အစ်မက ဒီကလေးစုတ်လေးကို တကယ်ပဲ ပစ်ထားခဲ့ပြီး ဝိန်းဟန်လို အသုံးမကျတဲ့ကောင်ကို သွားရှာတော့မလားလို့ ငါက ထင်နေခဲ့တာ”
ကုတင်အပြင်ဘက်သို့ တွဲကျနေသော ကျန်းယီချူး၏ လက်တစ်ဖက်က မသိစိတ်အရ အားယင်းလေးကို ကာကွယ်ပေးလိုက်သည်။ ရောဂါကြောင့် အရိုးပေါ် အရေတင်ဖြစ်နေအောင် ပိန်ချုံးနေပြီ ဖြစ်သော်လည်း ဖေစုန့်ကို ကြည့်သည့် အကြည့်ထဲတွင်တော့ သတိထားမှုများ အပြည့် ရှိနေဆဲပင်။
ဖေစုန့်က သူမကို ဤသို့ မြင်ရသောအခါ ပြုံးနေဆဲဖြစ်သော်လည်း မျက်လုံးထဲရှိ ရက်စက်မှုနှင့် နီရဲသော အရောင်တို့က ပိုပြင်းထန်လာခဲ့ပြီး သူက တိုးညှင်းစွာ ပြောလိုက်၏။ "အစ်မက ငါတို့ရဲ့ကလေးကို သတ်ပစ်လိုက်တယ်”
ကျန်းယီချူးသည် ဤအဖြေကို ကြားလိုက်ရသောအခါ တစ်ခဏတာ မှင်သက်သွားဟန်ရှိပြီး ချက်ချင်းပင် မျက်လုံးထဲတွင် သက်သာရာရသွားသည့် အရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ဤလုပ်ရပ်က သံသယဖြစ်စရာမလိုဘဲ ဖေစုန့်ကို ဒေါသပိုထွက်သွားစေခဲ့သော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးများက ဆန့်ကျင်ဘက်အနေဖြင့် ပိုကြီးထွားလာခဲ့၏။ သူသည် လက်ဆစ်ကျောဘက်ဖြင့် ကျန်းယီချူး၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "အစ်မက ငါ့အပေါ် ဒီလောက်တောင် ရက်စက်တဲ့ စိတ်ကူးမျိုး ရှိနေမှန်း အခုမှပဲ ငါ သိတော့တယ်။ ငါ့ကလေးကို သတ်ပစ်ချင်ရုံတင်မကဘူး၊ ဒီအခွင့်အရေးကို အသုံးချပြီး ကျိန့်မေရန်ကိုပါ ကိုယ်ဝန်ပျက်ကျစေပြီးတော့ ငါနဲ့ သူ့အဖေကိုပါ သွေးခွဲချင်နေတာ မဟုတ်ဘူးလား”
သူ၏ လက်ဆစ်များက သူမ၏ မေးရိုးနေရာသို့ ရောက်ရှိသွားပြီး အလိုက်သင့်ပင် သူမ၏ မေးစေ့ကို ဆုပ်ကိုင်လိုက်ကာ ရောဂါကြောင့် ဖြူရော်နေသော သူမ၏ မျက်နှာကို စိုက်ကြည့်လျက် လှောင်ပြောင်မှုနှင့် ရင်းနှီးမှုတို့ ရောယှက်ကာ မေးလိုက်၏။ "ဒါပေမယ့် အစ်မကိုယ်တိုင်က အကွက်ချခံရတဲ့သူ ဆိုတာကိုရော အစ်မ သိရဲ့လား”
ကျန်းယီချူး၏ သတိထားမှုနှင့် အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေသော အကြည့်ထဲတွင် သူက လှောင်ပြောင်ပြုံးရယ်လိုက်သည်။ "ကျိန့်မေရန်က တခြားသူနဲ့ ခိုးကြောင်ခိုးဝှက် ဖောက်ပြန်လို့ ကိုယ်ဝန်ရခဲ့တာ။ သူက ဒီကလေးကို မွေးခွင့်မပြုနိုင်ဘူးဆိုတာ သေချာပေါက် သိထားတာပေါ့။ အခု သူ့အဖေကို ငါက နေရာပေး အသုံးချနေချိန်ဆိုတော့ အဲ့ဒီကလေးကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံး အချိန်ပဲလေ”
"နင့်ကို အသေခံအဖြစ် ဆွဲသွင်းလိုက်တာက နင် နောင်ကျရင် ကလေးမွေးလာပြီး သူ့ကို ခြိမ်းခြောက်လာမယ့်အန္တရာယ်ကနေ ရှောင်ရှားနိုင်တဲ့အပြင် အပြစ်တွေ အကုန်လုံးကိုလည်း နင့်ဆီကို ပုံချလိုက်လို့ ရသွားတာပဲ။ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိသွားတာ မဟုတ်ဘူးလား”
ကျန်းယီချူး၏ သူငယ်အိမ်များ အနည်းငယ် ကျယ်လာပြီး နှုတ်ခမ်းများက မျက်နှာနှင့် တစ်ရောင်တည်း ဖြစ်လုနီးပါး ဖြူရော်သွားကာ စကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။
ဖေစုန့်သည် သူမ၏ မေးစေ့ကို ညှစ်ထားသော လက်ကို ဖြေလျှော့လိုက်ပြီး ကုတင်ဘေးတွင် မှောက်လျက်ရှိနေသော အားယင်း၏ ဂုတ်ပိုးကို ခပ်လျော့လျော့ ညှစ်ထားလိုက်၏။
သူသည် နှစ်ပေါင်းများစွာ သိုင်းပညာကို လေ့ကျင့်လာခဲ့ပြီး ခန္ဓာကိုယ်က ကြီးမားခိုင်ခံ့ခြင်း မရှိဘဲ စစ်သူကြီးများကြားတွင် ပိန်သွယ်သည်ဟုပင် ပြောလို့ရနိုင်သော်လည်း အသားမာများ ပြည့်နှက်နေသော ထိုလက်ဖြင့် ကလေးငယ်တစ်ဦး၏ ဂုတ်ပိုးကို ဆုပ်ကိုင်ထားချိန်တွင် ထိုလည်ပင်းလေးက အလွန်ပင် ကျိုးပျက်လွယ်လေသည်။
သူ့မျက်လုံးများထဲတွင် အလွန်အမင်း ရူးသွပ်မှုများကို ဖိနှိပ်ထားလျက် လုံးဝကို နားမလည်နိုင်သည့်ဟန်ဖြင့် ပြောလိုက်၏။ "အစ်မက ဒီကလေးစုတ်လေးကို အမြဲတမ်း သနားကြင်နာနေခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ငါတို့ရဲ့ ကလေးအပေါ်ကျတော့ ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ”
...