အခန်း ၁၈၀
Vol. 18 Ch. 180
အပိုင်း (၁၈၀.၁)
သူသည် အားယင်း၏ ဂုတ်ပိုးကို ညှစ်ထားသော အားကို ပိုထည့်လိုက်ပြီး ကလေးသည် ပင်ကိုကြောက်ရွံ့မှုကြောင့် တဖန် ငိုကြွေးလာခဲ့၏။
ကျန်းယီချူးသည် ထိုမျှလောက် အားနည်းနေသော်လည်း ထိုအခိုက်အတန့်တွင် မည်သည့်နေရာမှ အားအင်တွေ ထွက်ပေါ်လာမှန်းမသိဘဲ ကုတင်ပေါ်မှ ရုန်းကန်ထလိုက်ကာ သူ့လက်ထဲမှ အားယင်းကို လုယူပြီး သူမ၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ကာကွယ်ထားလိုက်လေသည်။
သူမ၏ ကျောပြင်က အရိုးပေါ်အရေတင်ဖြစ်လုမတတ် ပိန်ချုံးနေသော်လည်း ဖေစုန့်ကို ကြည့်လိုက်သော အကြည့်သည် ခြင်္သေ့ပေါက်လေးကို ကာကွယ်ပေးနေသည့် မိခင်ခြင်္သေ့မတစ်ကောင်နှင့် တူနေဆဲပင်။ ဖြူရော်နေသော မျက်နှာဖြင့် သူမက ပြောလိုက်လေသည်။ “ဘာရှိရှိ ကျွန်မကိုပဲ လုပ်၊ အားယင်းကို မထိနဲ့!”
ဖေစုန့်သည် သူ၏ ဟာလာဟင်းလင်းဖြစ်နေသော လက်ဖဝါးကို ကြည့်လိုက်ပြီး မျက်လုံးထဲမှ လှောင်ပြောင်လိုသည့် အရိပ်အယောင်က ပိုလို့ပင် ပြင်းထန်လာခဲ့၏။ သူသည် ဒေါသတကြီးဖြင့် ခပ်ဟဟ ရယ်မောကာ သူမကို မေးလိုက်လေသည်။ “ဟုတ်သားပဲ၊ ဒါဆို အစ်မက ဘာလို့ ငါ့ကိုပဲ မလုပ်ဘဲ ဒီလောကကြီးကိုတောင် တစ်ချက်လေးမှ မမြင်ရသေးတဲ့ ကလေးကို လုပ်ကြံရတာလဲ”
ကျန်းယီချူးသည် သမီးဖြစ်သူကို အားကုန်သုံးကာ ဖက်ထားလေသည်။ သမီးဖြစ်သူသည် သူမ အသက်ရှင်နေထိုင်ရန်အတွက် တစ်ခုတည်းသော မှီခိုရာဖြစ်နေသည့်အလားပင်။ သူမ၏ အကြည့်များသည် တိတ်ဆိတ်ကာ ထုံထိုင်းနေပြီး သူမက ပြောလိုက်၏။ “ရှင် ကျွန်မကို သတ်လိုက်လို့ ရပါတယ်”
ထိုစကားကို ပြောပြီးနောက် သူမက နောက်ဆုံးတွင် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိသွားသည့်အလားပင်။ သမီးဖြစ်သူကို ချော့မြှူရန် အားယင်း၏ ကျောပြင်ကို တစ်ချက်ချင်း ဖွဖွလေး ပုတ်ပေးနေဆဲဖြစ်သော်လည်း ဖေစုန့်ကို ပင်ပန်းနွမ်းနယ်စွာ ပြုံးပြကာ ပြောလိုက်လေသည်။ “ချင်ဟွမ့်၊ ရှင် ကျွန်မကို သတ်လိုက်လို့ ရပါတယ်”
ဖေစုန့်ကို ထိုသို့ တကယ် လုပ်စေချင်နေသည့်အလား သူမက အလွန်ကို အလေးအနက်ထား၍ ပြောဆိုနေခဲ့၏။
အားယင်းအတွက် သူမ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လို့ မရနိုင်ပေ။
သို့သော် သူမ တကယ်ပဲ အသက်ရှင်ရတာ အရမ်းကို ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။
ဖေစုန့်သည် ထိုစကားကို ကြားသောအခါ မျက်နှာပေါ်ရှိ ဒေါသအမူအရာက တစ်ခဏတာ ပိုလို့ပင် ပြင်းထန်သွားခဲ့၏။ သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ တစ်ကိုယ်လုံးက ရုတ်တရက် အလွန်မြန်ဆန်စွာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ချစ်သူတစ်ဦးကဲ့သို့ ရင်းနှီးကျွမ်းဝင်စွာဖြင့် ကျန်းယီချူး၏ ပါးပြင်ကို ပွတ်သပ်ကာ သူသည် နူးညံ့စွာ ပြုံးလျက် ပြောလိုက်လေသည်။ “အစ်မ ဘာတွေ ပြောနေတာလဲ”
သူသည် ဇာတ်ကောင်တစ်ခုထဲသို့ ဝင်ရောက်သရုပ်ဆောင်နေသည့်အလား အရင်က ဒေါသနှင့် လှောင်ပြောင်မှုများအားလုံးက အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ အလွန် နူးညံ့သိမ်မွေ့စွာဖြင့် သူက ပြောလိုက်၏။ “အစ်မ ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ပြီး အနားယူပါ”
သူမ၏ ပခုံးပေါ်တွင် မှောက်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေသော အားယင်းလေး၏ မျက်တောင်များတွင် ကပ်နေသည့် မျက်ရည်များကို သူက သုတ်ပေးလိုက်သေးသည်။ မိသားစု သုံးယောက်အလား ကျန်းယီချူးကို ဖက်ထားကာ သူမ၏ ဆံပင်ကို နမ်းလိုက်ပြီး သူမကိုယ်စား ဆုံးဖြတ်ချက်ချကာ ပြောလိုက်လေသည်။ “အစ်မ ခန္ဓာကိုယ် ပြန်ကောင်းလာတဲ့အထိ စောင့်ပြီးရင် ငါတို့ ကလေးတစ်ယောက် ထပ်ယူကြတာပေါ့”
ထိုအခိုက်အတန့်တွင် ကျန်းယီချူးက အလွန် သေချာသွားခဲ့သည်။ ရူးနေတာက ဖေစုန့်ပဲ၊ ငါ မဟုတ်ဘူး။
ကျန်းယီချူးက သူ့ကို အရူးတစ်ယောက်လို ကြည့်နေသည့် အကြည့်ကို ရင်ဆိုင်ရင်း ဖေစုန့်သည် ပြုံးရုံသာ ပြုံးကာ ပြောလိုက်လေသည်။ “ကျိန့်မေရန်တို့ သားအဖဘက်ကို စိုးရိမ်နေတာလား။ မကြောက်ပါနဲ့၊ ငါ သူတို့နဲ့ ဒီကိစ္စကို ရှင်းလင်းလိုက်ပါ့မယ်”
အပြင်ဘက်မှ သိမ်းငှက်အမဲလိုက်ခွေးတစ်ဦးက တံခါးခေါက်ကာ ပြောလာ၏။ “ကျူကျွင်း၊ ကုန်းစွန်းလူကြီးမင်း လာရှာပါတယ်”
ဖေစုန့်သည် ကျန်းယီချူး၏ ရင်ခွင်ထဲရှိ အားယင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ “အစ်မ လိမ္မာတယ်နော်၊ ဒီရက်ပိုင်းတော့ ဒီကလေးကို ဒီမှာပဲ အရင် နေခိုင်းလိုက်ပါ။ ငါ နောက်မှ အစ်မဆီ လာခဲ့ပါ့မယ်”
သူသည် ကျန်းယီချူး၏ ပါးပြင်ကို ထပ်မံ နမ်းချင်သေးဟန်ရှိသော်လည်း ကျန်းယီချူးက အလောတကြီး ရှောင်ဖယ်သွားခဲ့သဖြင့် ထိုအနမ်းက သူမ၏ နားထင်ကိုသာ ပွတ်တိုက်သွားခဲ့၏။ ဖေစုန့်သည်လည်း လုံးဝ ဂရုမစိုက်ပေ။ ကြက်သီးထလောက်အောင် နူးညံ့သည့် အပြုံးတစ်ခုကို ပြုံးပြပြီးနောက် သူသည် ထကာ ထွက်ခွာသွားလေသည်။
ဖေစုန့် ထွက်သွားပြီးနောက် လှုပ်ယမ်းနေသော တံခါးခန်းဆီးကို ကြည့်ရင်း ကျန်းယီချူး၏ ဖြူရော်နေသော မျက်နှာပေါ်တွင် ထိုအခိုက်အတန့်၌ လှောင်ပြောင်မှုနှင့် ယုံကြည်နိုင်စရာမရှိသည့် စိတ်ခံစားချက် အနည်းငယ်တို့ ထပ်မံ ပေါ်လွင်လာခဲ့သည်။
သူက ငါ့ရဲ့ ကျွင်းအာကို ပစ်ပေါက်သတ်ခဲ့တာလေ၊ ငါ့ဆီကနေ ကလေးတစ်ယောက် ထပ်တောင်းရဲသေးတာလား။
ဖေစုန့်သည် ခြံဝင်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကုန်းစွန်းချိုသည် အေးစက်သော လေပြင်းထဲတွင် မတ်မတ်ကြီး ရပ်နေသည်ကို မြင်လိုက်ရပြီး သူ၏ မျက်နှာက အလွန်ပင် ဆိုးရွားနေခဲ့၏။
သူ့ကို မြင်ပြီးနောက် ကုန်းစွန်းချိုသည် သူ တစ်ခုခု ပြောမည်ကိုပင် မစောင့်တော့ဘဲ အရိုအသေပေးကာ ပြောလိုက်လေသည်။ “ကျူကျွင်း၊ အဲ့ဒီ မိန်းမယုတ်က ကိုယ်ဝန်ရှိတာကို အခွင့်ကောင်းယူပြီး ပြည်သူတွေ ပင်ပန်းစေဖို့နဲ့ ငွေကြေးတွေ ဖြုန်းတီးပစ်ဖို့ ကျူကျွင်းကို အမျိုးမျိုး ဖြားယောင်းခဲ့တယ်။ သူ့ဗိုက်ထဲက ကျူကျွင်းရဲ့ သွေးသားကြောင့် ကျွန်တော်မျိုး အမတ်အိုကြီးက ကျူကျွင်းကို သူ့ရဲ့ ဖြားယောင်းမှုအောက် မရောက်ဖို့ပဲ အကြံပေး တားမြစ်ခဲ့ရတာပါ။ အခု သူက မြွေပွေးကင်းမြီးကောက်လို စိတ်ထားမျိုးနဲ့ ကျူကျွင်းရဲ့ တခြား သွေးသားတွေကိုပါ လုပ်ကြံလာပြီ။ ဒါကလည်း သူ့လျန်စခန်းကို ကူညီဖို့အတွက် ဒီလို အရေးကြီးတဲ့ အချိန်အခါမှာ ကျူကျွင်းနဲ့ လက်အောက်ခံ စစ်သူကြီးတွေကို သွေးခွဲဖို့ပါပဲ။ ကျူကျွင်း၊ ဒီလို အဆိပ်ပြင်းတဲ့ မိန်းမကို တကယ် ဆက်ထားလို့ မရတော့ပါဘူး! ဒီမိန်းမယုတ်ကို ချက်ချင်း ကွပ်မျက်လိုက်မှသာ ကျိန့်စစ်သူကြီး သားအဖကို ဖြေရှင်းချက် ပေးနိုင်မှာပါ”
သို့သော် ဖေစုန့်သည် အေးစက်စွာ လှောင်ရယ်သလိုမျိုးဖြင့် ပြောလိုက်၏။ “ဖြေရှင်းချက်? ဒီအမတ်ချုပ်ကပဲ သူတို့ ကျိန့်မိသားစုဆီကနေ ဖြေရှင်းချက်တစ်ခု သွားတောင်းသင့်တာ ဖြစ်နိုင်တယ် မဟုတ်ဘူးလား”
ကုန်းစွန်းချို၏ အံ့အားသင့်နေသော အကြည့်ထဲတွင် သူသည် အေးစက်စွာ ပြောလိုက်လေသည်။ “ကျိန့်မေရန်ရဲ့ ဗိုက်ထဲက တရားမဝင်တဲ့ ကလေးက တကယ်တော့ ဘယ်လို ရလာတာလဲဆိုတာကို သူကိုယ်တိုင် အရှင်းလင်းဆုံး သိသင့်တာပေါ့”
ကုန်းစွန်းချို၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားပြီး ချက်ချင်းပင် သူ၏ ခေါင်းထဲ၌ အတွေးတစ်ချက်သာ ရှိတော့သည်။ အဓိပ္ပါယ်မရှိတာပဲ။
ကျိန့်မေရန်သည် ကျန်းယီချူး ကိုယ်ဝန်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီး မကြာမီမှာပင် ကိုယ်ဝန်ရှိလာကြောင်း သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ကျိန့်မိသားစုက ကျန်းယီချူးသည် ဖေစုန့်၏ သားအကြီးဆုံးကို အရင်မွေးဖွားလာမည်လား ဆိုသည်ကို လောင်းကြေးမထပ်ရဲခဲ့ချေ။ ထို့ကြောင့် ကျိန့်မေရန်က ဤကဲ့သို့ စွန့်စားသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့ကာ မည်သို့ပင်ဖြစ်စေ ကိုယ်တိုင် အရင် ကိုယ်ဝန်ရှိအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ကျိန့်စစ်သူကြီး ထပ်မံ နေရာပေးခံရသည်ကို အခွင့်ကောင်းယူကာ သူမကိုယ်တိုင် ကိုယ်ဝန်ပျက်ကျစေရန် အကွက်ဆင်ခဲ့ပြီး ကျန်းယီချူး၏ ဗိုက်ထဲရှိ ဖေစုန့်၏ အစစ်အမှန် သွေးသားကိုပါ တစ်ပါတည်း ဖယ်ရှားပစ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်လေသည်။
ကုန်းစွန်းချိုသည် တုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။ “ကျူကျွင်းမှာ သက်သေရှိလို့လား”
ဖေစုန့်သည် အေးစက်စွာ လှောင်ရယ်လိုက်လေသည်။ “လူကြီးမင်းက ဒီအမတ်ချုပ်က ကျန်းမိသားစုဝင်အတွက် ဆင်ခြေပေးနေတယ်လို့ ထင်နေတာလား။ ဒါဆို ဒီအမတ်ချုပ်က ကျိန့်မိသားစုက သူရဲ့ မိခင်အိမ်ကနေ ခေါ်လာတဲ့ အဲ့ဒီသက်တော်စောင့်ကို ချက်ချင်း ဖမ်းခေါ်လာပြီး လူကြီးမင်း မြင်အောင် စစ်ဆေးပေးလို့ ရတယ်”
ကုန်းစွန်းချို၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် ဒေါသတို့ ရောယှက်နေလျက် အခြေအနေများ အားလုံး ပျက်စီးသွားပြီဖြစ်ကြောင်း သွယ်ဝိုက်သိရှိလိုက်ရသည့်အလား စိတ်ပျက်အားလျော့နေသော အမူအရာမျိုး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ကျိန့်မေရန်က ဤကဲ့သို့ ပြုမူရခြင်းမှာ သူမ၏ ကျိန့်မိသားစုအတွက် ထပ်မံ ယှဉ်ပြိုင်ပေးရန် ဖြစ်သလို ဖေစုန့်ထံမှ မတရားမှုကို ခံစားရခြင်းကြောင့်လည်း ဖြစ်သည်။
ကျိန့်မိသားစုက ကောင်းကင်ကို လှည့်စားပြီး ပင်လယ်ကို ဖြတ်ကျော်သည့် ဤကဲ့သို့သော လှည့်ကွက်မျိုးကို ရဲဝံ့စွာ လုပ်ဆောင်ခဲ့သည့်အပေါ် သူသည် ဒေါသထွက်မိသလို ဖေစုန့်သည်လည်း နောက်ဆုံးတွင် သူ၏ လက်အောက်ခံ စစ်သူကြီးများနှင့် အကျိုးအမြတ်အတွက် အချင်းချင်း တွက်ချက်ရသည့် အဆင့်အထိ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ ယင်းအတွက်လည်း သူသည် ဝမ်းနည်းနေမိ၏။
သူသည် ဖေစုန့်ကို မေးလိုက်လေသည်။ “ဒါဆို ကျူကျွင်းက ဘာလို့ အရင်ကတည်းက သူတို့ ကျိန့်မိသားစုကို အရေးမယူခဲ့တာလဲ”
ဖေစုန့်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ “သူတို့ ကျိန့်မိသားစုကို ဒီအမတ်ချုပ်ဆီကနေ လှည့်စားလွတ်မြောက်သွားပြီလို့ ထင်မှတ်ခိုင်းထားလိုက်ရင် ဒီလိုနည်းနဲ့ သူတို့က ဒီအမတ်ချုပ်အတွက် ပိုပြီး အသက်စွန့် အမှုထမ်းပေးနိုင်မှာက ပိုမကောင်းဘူးလား”
ကုန်းစွန်းချိုသည် အကြိမ်ကြိမ် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် စကားစပြောလာခဲ့သည်။ “ကျူကျွင်းက အရင်ကတည်းက ဒီလိုရည်ရွယ်ချက် ရှိခဲ့တယ်ဆိုရင်တော့ လက်ရှိ အခြေအနေက အရေးပေါ်ဖြစ်နေလို့ စစ်တပ်ထဲက စိတ်ဓာတ်တွေ ထပ်ပြီး မငြိမ်မသက် မဖြစ်စေဖို့ ကျူကျွင်းက... ဒီကိစ္စကို မသိချင်ယောင်ဆောင်ပြီး ကျိန့်စစ်သူကြီးကို အရင် တည်ငြိမ်အောင် ထိန်းထားလိုက်တာက ပိုကောင်းပါလိမ့်မယ်...”
မော့ကျိုးမှ ကျိန့်မိသားစုသည် မော့ကျိုးစစ်တပ် တစ်ခုလုံးကို ခေါ်ဆောင်ကာ ဖေစုန့်ထံ လာရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ရာ စစ်သေနာပတိအောဝ်ထံမှ ရရှိထားသော စစ်သည်များပြီးလျှင် ဖေစုန့်၏ လက်အောက်တွင် တိုက်ရည်ခိုက်ရည် အကောင်းဆုံးသော ပုံမှန်စစ်တပ်တစ်ခုဟု ဆိုနိုင်ပေသည်။
ဖေစုန့်က ပြန်မေးလိုက်လေသည်။ “ကျိန့်မိသားစုက ကောင်းကင်ကြီးလောက်ကို ရဲတင်းနေပြီး ဒီအမတ်ချုပ်ရဲ့ သွေးသားကိုပါ လုပ်ကြံခဲ့တာကို လူကြီးမင်းက အခုကျတော့ ဒီအမတ်ချုပ်ရဲ့ မမွေးဖွားလာသေးတဲ့ ကလေးအတွက် တရားမျှတမှုကို မတောင်းဆိုပေးတော့ဘူးလား”
ကုန်းစွန်းချိုသည် ရှုပ်ထွေးကာ နာကျင်နေသော မျက်နှာထားဖြင့် ပြောလိုက်၏။ “ကျူကျွင်းက အစကတည်းက အဲ့ဒီ မိန်းမယုတ်ကို ကိုယ်ဝန်ရှိခွင့် မပေးခဲ့သင့်တာပါ။ အခု ဒီအရာအားလုံးက ကောင်းကင်ဘုံရဲ့ အလိုတော်လည်း ဖြစ်နိုင်ပါတယ်။ ကျိန့်မိသားစု သားအဖက ကျူကျွင်းအပေါ် ရိုသေမှု မရှိပေမယ့် ကျူကျွင်းအနေနဲ့ အခြေအနေတွေ တည်ငြိမ်သွားတဲ့အချိန်အထိ စောင့်ပြီးမှ ပြန်ရှင်းလင်းလို့ ရပါတယ်။ ဘာလို့များ ဒီအချိန်မှာ ကိုယ့်အတွက် အခက်အခဲတွေ ပိုများလာအောင် လုပ်ရမှာလဲ”
သူသည် ခေတ္တရပ်သွားပြီးနောက် ခက်ခက်ခဲခဲ ဆက်ပြောလိုက်လေသည်။ “ကျူကျွင်းက နောင်ကျရင် အဲ့ဒီ မိန်းမယုတ်ရဲ့ ဖြားယောင်းမှုအောက်ကို ထပ်မရောက်တော့ဘဲ သခင်မတွေကို လျစ်လျူမရှုထားဖို့ပဲ မျှော်လင့်ပါတယ်”
ဖေစုန့်၏ မျက်နှာက ရုတ်တရက် အေးစက်သွားခဲ့သည်။ “ကျုပ်က ကျိန့်မိသားစုကို ဒီအဆင့်အထိ ရောက်လာအောင် လုပ်ခဲ့တယ်လို့ လူကြီးမင်းက အပြစ်တင်နေတာလား”
ကုန်းစွန်းချိုသည် ခါးညွှတ်ကာ လက်နှစ်ဖက်ကို ယှက်ပြီး ပြောလိုက်၏။ “ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ ဒါပေမယ့် လျန်စခန်းဘက်က တောင်ပိုင်းကို ထွက်ပြေးလာတဲ့ ပြည်သူတွေကို စနစ်တကျ နေရာချထားပေးရုံတင်မကဘဲ အပြင်ကိုပါ လက်နက်ချဖို့ အမိန့်တွေ ထုတ်ပြန်ထားပါတယ်။ အခုအချိန်မှာ သူရဲ့ လျန်စခန်းဆီ ပြောင်းလဲပူးပေါင်းလာမယ်ဆိုရင် အတိတ်က အပြစ်တွေ အကုန်လုံးကို အရေးမယူတော့ဘူးလို့ ကြေညာထားပါတယ်။ ပြည်သူတွေဆီကနေ စစ်သားစုဆောင်းလို့လည်း မရတော့သလို အောက်ခြေက စစ်သူကြီးတွေရဲ့ စိတ်တွေကလည်း မငြိမ်မသက် ဖြစ်နေကြပြီ။ ကျူကျွင်းက အစတုန်းက စစ်သူကြီး အများအပြားနဲ့ လက်ထပ်မဟာမိတ်ဖွဲ့ခဲ့တာက သူတို့ကို တည်ငြိမ်အောင် ထိန်းထားဖို့ မဟုတ်ဘူးလား။ အခုလို အခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး သခင်မတွေကို လျစ်လျူရှုထားလို့ ရမှာလဲ”
ဖေစုန့်သည် ရုတ်တရက် အလွန် အုံ့မှိုင်းနေသော လေသံဖြင့် ပြောလိုက်လေသည်။ “လူကြီးမင်းက ဟန့်ယန်ကို ကြောက်နေတာလား”
ကုန်းစွန်းချို၏ မျက်လုံးများတွင် လောကဓံ၏ ကြမ်းတမ်းမှုများ ပြည့်နှက်နေလျက် သူသည် ပြောလိုက်၏။ “သူ့အဖေနဲ့ အစ်ကိုဖြစ်သူတို့ စုဆောင်းခဲ့တဲ့ ဂုဏ်သတင်းကို အသုံးချပြီး လီယောင်နဲ့ ယွီဇီယန်ဆိုတဲ့ အဲ့ဒီ အဘိုးကြီးနှစ်ယောက်ရဲ့ အဆင့်ဆင့် တွန်းတင်မှုကြောင့် အဲ့ဒီ အဆင့်မြင့်နေရာကို ရောက်လာတဲ့ ဝိန်းမိသားစုရဲ့ အကြွင်းအကျန်ကို ကျွန်တော်မျိုးက ဘာကြောက်စရာ အကြောင်းရှိမှာလဲ။ ကျူကျွင်းက အဲ့ဒီ မိန်းမယုတ်ရဲ့ အသက်ကို ချမ်းသာပေးဖို့ အတင်းအကျပ် ဆုံးဖြတ်ထားပြီး နောင်တစ်ချိန်မှာ အဲ့ဒီ မိန်းမယုတ်က သူ့ရဲ့ လျန်စခန်းကို ခြိမ်းခြောက်ဖို့ အလေးချိန်တစ်ခုအနေနဲ့ အသုံးဝင်လာမယ်ဆိုရင် ကျွန်တော်မျိုးလည်း ဘာမှ ထပ်ပြောစရာ မရှိတော့ပါဘူး။ ဒါပေမယ့် သခင်မတွေဆီမှာ ကျူကျွင်းရဲ့ သွေးသားတွေ ရှိနေမှသာ ကျူကျွင်းနောက်ကို လိုက်နေတဲ့ စစ်သူကြီးတွေကလည်း လုံးဝ စိတ်ချသွားနိုင်ပြီး သူ့ရဲ့ လျန်စခန်းက ဖြားယောင်းတာကို မခံရမှာပါ”
သူသည် လေးနက်စွာ သက်ပြင်းချလိုက်လေသည်။ “ကျူကျွင်းက မာနကြီးတယ်ဆိုတာကို ကျွန်တော်မျိုး သိပါတယ်။ ဒါပေမယ့် လူရိုင်းတွေ တိုက်ခိုက်လာမယ့် အချိန်ကို စောင့်ပြီး မြောက်ပိုင်းဝေ့ကို အနောက်ကနေ ထပ်ပြီး အကိုက်ခံရအောင် လုပ်ဖို့ ကျူကျွင်း လျှို့ဝှက်စွာ မြောက်ပိုင်းနယ်စပ်ကို လွှတ်လိုက်တဲ့ အစီအစဉ်က တိုးကျန့်လျန်ဆိုတဲ့ကောင် ဖော်ထုတ်လိုက်လို့ ပျက်စီးသွားခဲ့ပါပြီ။ ဝေ့ချီရှန်းက ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ တောင်ပိုင်းဆီ စစ်ချီတိုက်ခိုက်ဖို့ စစ်တပ်ကို ပြင်ဆင်နေပါပြီ။ သူနဲ့ လျန်စခန်းက မြောက်နဲ့ တောင် ညှပ်ပြီး တိုက်ခိုက်လာမယ့် အခြေအနေအောက်မှာ ကျူကျွင်းက မကြောက်ရင်တောင်မှ အောက်ခြေက စစ်သားတွေကတော့ နောက်ဆုံးမှာ ထိတ်လန့်သွားကြမှာပါ...”
ရှေ့တန်းအလွန်က လူရိုင်းများသည် မြောက်ပိုင်းနယ်စပ်ကို အချိန်ကြာမြင့်စွာ တိုက်ခိုက်နေသော်လည်း အောင်မြင်မှု မရရှိခဲ့ချေ။ နွေဦးရာသီ ရောက်လာသည်နှင့် တစ်ပြိုင်နက် လူရိုင်းများသည် ရိက္ခာအတွက် ယန်ယွင်၁၆ပြည်နယ်ကို အစွမ်းကုန် တိုက်ခိုက်ဖို့ မလိုအပ်တော့ပေ။ ဝေ့ချီရှန်းသည် ပိုလျှံနေသော အင်အားများကို ထုတ်သုံးခွင့် ရသွားပြီးနောက် သူတို့၏ အခြေအနေက ပိုလို့ပင် ဆိုးရွားသွားဖို့သာ ရှိတော့သည်။
ထိုအချိန်ကျမှ လူရိုင်းများနှင့် ပူးပေါင်းပြီး ဝေ့ချီရှန်းကို ဆွဲထားခိုင်းဖို့ တွေးနေမည်ဆိုလျှင်တော့ သူတို့ တောင်းဆိုလာမည့်အရာက ယန်ယွင်၁၆ပြည်နယ်လောက်နဲ့တင် ပြီးသွားဖို့ မဖြစ်နိုင်တော့ပေ။
...
အပိုင်း (၁၈၀.၂)
စကားအဆုံးတွင်တော့ ကုန်းစွန်းချို၏မျက်လုံးထောင့်များက နီရဲလာတော့သည်။ "ဒီတိုက်ပွဲသာ ရှုံးနိမ့်သွားခဲ့ရင် ကျူကျွင်းရဲ့ အနာဂတ်က ပိုပြီး ခက်ခဲလာပါလိမ့်မယ်။ လက်အောက်ခံ စစ်သူကြီးတွေ တစ်ယောက်ပြီးတစ်ယောက် သစ္စာဖောက်သွားတာနဲ့အမျှ စစ်တပ်ရဲ့ စိတ်ဓာတ်တွေကလည်း ပိုပြီး ပြိုကွဲသွားပါလိမ့်မယ်။ ကျွန်တော်မျိုး အမတ်အိုကြီး အကြံပေးရတာတွေ အားလုံးက ကျူကျွင်းအတွက်ပါပဲ..."
ဖေစုန့်က အေးစက်စွာ ရယ်မောလိုက်လေသည်။ "လူကြီးမင်းက ဒီအမတ်ချုပ် ရှုံးမယ်လို့ သတ်မှတ်ထားတာလား”
ကုန်းစွန်းချို ပြန်မဖြေရသေးခင်မှာပင် သူက ခပ်ကြမ်းကြမ်း ပြောလိုက်၏။ "ဒါဆို ဒီအမတ်ချုပ်က ဒီတိုက်ပွဲကို ဘယ်လို နိုင်အောင် တိုက်ပြမလဲဆိုတာ လူကြီးမင်းကို ကြည့်ခိုင်းရသေးတာပေါ့”
သူသည် ဒေါသတကြီးဖြင့် အင်္ကျီလက်ကို ခါကာ ထွက်ခွာသွားခဲ့ပြီး ကုန်းစွန်းချိုသည် သူ့ကျောပြင်ကို ကြည့်ရင်း မျက်လုံးထဲမှ နီရဲမှုများက ရုတ်တရက် ပိုလို့ပင် ပြင်းထန်လာခဲ့သည်။
ဖေစုန့်ဘေးတွင် လိုက်ပါလာသော သိမ်းငှက်အမဲလိုက်ခွေးတစ်ဦးက ကုန်းစွန်းချိုကို လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးပြီးနောက် ထွက်ခွာသွားရန် ပြင်လိုက်စဉ် ကုန်းစွန်းချိုသည် သူ့ကို လှမ်းတားကာ ပြောလိုက်၏။ "ကျူကျွင်းရဲ့ နာမည်နဲ့ ကျိန့်မေရန်ဆီကို ဆုလာဘ်တချို့ သွားပို့ပေးလိုက်ပါ”
ထိုသိမ်းငှက်အမဲလိုက်ခွေးက အနည်းငယ် တုံ့ဆိုင်းသွားပြီး ကုန်းစွန်းချိုကို ပြောလိုက်လေသည်။ "မလိုအပ်တော့ဘူး ထင်ပါတယ်”
____
ကျိန့်မေရန်၏ နေအိမ်တွင် သူမကို ပြုစုစောင့်ရှောက်သော အစေခံအဘွားကြီးက တံခါးအပြင်ဘက်မှ ခန်းဆီးကို လှန်ကာ ဝင်ရောက်လာပြီး ဘေးရှိလူများကို ထွက်သွားစေပြီးနောက် ကုတင်ပေါ်တွင် မကျန်းမမာဖြင့် လှဲလျောင်းနေသော ကျိန့်မေရန်ကို ပြောလိုက်၏။ "သခင်မ၊ အဲ့ဒီ သက်တော်စောင့်ကို ရှင်းလင်းပြီးပါပြီ”
ကျိန့်မေရန်သည် ဤတစ်ကြိမ် ကိုယ်ဝန်ပျက်ကျပြီးနောက် အလွန်အမင်း အားနည်းနေကာ နှုတ်ခမ်းများပေါ်တွင် သွေးရောင်ပင် သိပ်မရှိတော့ချေ။ သူမ၏ မျက်လုံးများထဲတွင် တစ်ခဏတာ ဝမ်းနည်းမှုများ ပေါ်လွင်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ဖိနှိပ်လိုက်ပြီး မေးလိုက်လေသည်။ "ဘယ်သူမှ မမြင်ခဲ့ဘူးမလား”
အစေခံအဘွားကြီးက ပြန်ဖြေလိုက်၏။ "သခင်မ စိတ်ချပါ။ အဲ့ဒီ သက်တော်စောင့်က အစားအစာ အအေးတွေ စားမိပြီး ရုတ်တရက် ရောဂါဖောက်လာလို့ သေဆုံးသွားတာပါ”
ထိုအခါမှသာ ကျိန့်မေရန်သည် အနည်းငယ် စိတ်အေးသွားတော့သည်။ သူမ ဖေစုန့်ထံတွင် မည်သည့် အားနည်းချက်မှ ရှိတော့မည် မဟုတ်ပေ။
သူမသည် မိမိကိုယ်ကို ထိခိုက်နစ်နာစေမည့် အကျိုးဆက်ကိုပင် ဂရုမစိုက်ဘဲ ကျန်းယီချူးကိုပါ အတူတူ ဆွဲချကာ ကိုယ်ဝန်ပျက်ကျစေခဲ့ခြင်းမှာ ဖေစုန့်က သူမ မိခင်အိမ်မှ ခေါ်ဆောင်လာသော ထိုသက်တော်စောင့်ကို သတိထားမိနေပြီဟု သိလိုက်သောကြောင့်ပင်။
သံသယဝင်ခံနေရပြီဖြစ်သောကြောင့် ဤကလေးကို လုံးဝ မွေးဖွားခွင့် မပေးနိုင်တော့ချေ။ သို့မဟုတ်ပါက ခိုင်လုံသော သက်သေအထောက်အထား ဖြစ်လာပေလိမ့်မည်။
အစေခံအဘွားကြီးက ကျိန့်မေရန်၏ မျက်နှာသည် အသက်ရှင်နေသူတစ်ဦးနှင့် မတူလောက်အောင် ဖြူရော်နေသည်ကို မြင်သောအခါ အလွန် သနားသွားမိသည်။ အစေခံမလေးက ဆေးယူလာပေးပြီးနောက် ကျိန့်မေရန်ကို တစ်ဇွန်းချင်း ဂရုတစိုက် တိုက်ကျွေးရင်း ပြောလိုက်၏။ "စစ်သူကြီးဆီကနေ သခင်မရဲ့ စာကို လက်ခံရရှိပြီး သခင်မ ဘေးကင်းတယ်ဆိုတာကို သိသွားတဲ့အခါ သတင်းပြန်ပို့လာပါတယ်။ အမတ်ချုပ်က စစ်သူကြီးကို ရာထူးတစ်ခု ထပ်တိုးပေးလိုက်ပြီး ဆုလာဘ်တွေလည်း အများကြီး ပို့ပေးလိုက်ပါတယ်တဲ့။ သနားစရာကောင်းတဲ့ သခင်မကတော့ ဒီတစ်ခါ တော်တော်လေး ဒုက္ခရောက်သွားတာပါပဲ”
ကျိန့်မေရန်သည် မျိုချရခက်လှသော ဆေးရည်များကို မျိုချရင်း ထိုခါးသက်သော ဆေးများကြောင့် မျက်လုံးထဲမှ မျက်ရည်များ ကျဆင်းလာကာ ဝမ်းနည်းမှုနှင့် ရောယှက်နေသော ပြတ်သားမှုတို့ဖြင့် ပြောလိုက်လေသည်။ "ဒါတွေအားလုံးက ဖေစုန့်၊ သူ ငါတို့ ကျိန့်မိသားစုကို အကြွေးတင်နေတာတွေပဲ”
"ငါ့အဖေက မိသားစုတစ်စုလုံးရဲ့ အသက်ကို ရင်းပြီး သောင်းနဲ့ချီတဲ့ စစ်သားတွေကို ခေါ်ပြီးတော့ သူ့လက်အောက်ကို ဝင်ရောက်လာခဲ့တယ်။ ရှေ့တန်းမှာ အသက်စွန့်ပြီး တိုက်ပွဲဝင်နေရပေမယ့် သူကတော့ ယခင် လျန်မင်းဆက်က အပြစ်ရှိတဲ့ မိန်းမတစ်ယောက်ကိုပဲ အထူးမျက်နှာသာ ပေးနေတယ်။ ငါ့အဖေရဲ့ လက်အောက်ခံ လူတွေ အများကြီး သေဆုံးခဲ့ရတာက သူနဲ့ အဲ့ဒီ လျန်မင်းဆက်က အပြစ်ရှိတဲ့ မိန်းမရဲ့ တရားမဝင်တဲ့ ကလေးအတွက် လမ်းခင်းပေးဖို့များလား!"
အစေခံအဘွားကြီးက သနားကြင်နာစွာဖြင့် နှစ်သိမ့်ပေးလိုက်၏။ "အမတ်ချုပ်က အခု စစ်သူကြီးကို အားကိုးနေရတာပါ။ သခင်မ ခန္ဓာကိုယ် ပြန်ကောင်းလာတဲ့အခါ အမတ်ချုပ်ဆီကနေ ကလေးတစ်ယောက် ထပ်တောင်းလည်း အချိန်မနှောင်းသေးပါဘူး”
သူမသည် ကျိန့်မေရန်၏ အိမ်ကပါလာသော အစေခံအဘွားကြီးတစ်ဦးအနေဖြင့် ဖေစုန့်က တခြား သခင်မများထံသို့ သွားရောက်လေ့ သိပ်မရှိကြောင်း ကောင်းကောင်း သိထားသည်။ ကျိန့်မေရန်ထံသို့တော့ လာရောက်သည့်အကြိမ်က အတော်လေး များပြားသော်လည်း တစ်လလျှင် တစ်ကြိမ် နှစ်ကြိမ်သာ လာရောက်လေ့ရှိသည်။ ကျိန့်မေရန်သည် ထို ယခင်လျန်မင်းဆက်က အပြစ်ရှိသည့် မိန်းမ၏ ခြံဝင်းအတွင်းရှိ လှုပ်ရှားမှုများကို အမြဲတမ်း စောင့်ကြည့်စေခဲ့ပြီး တစ်ဖက်လူတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိရှိသွားပြီးနောက်မှသာ ဤကဲ့သို့ အောက်တန်းကျသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အစကတော့ ကောင်းကင်ကို လှည့်စားပြီး ပင်လယ်ကို ဖြတ်ကျော်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။ ကိုယ်ဝန်ရှိလာသည်နှင့် ထိုသက်တော်စောင့်ကို ကျိန့်မိသားစုထံသို့ ပြန်လွှတ်လိုက်မည်ဟု စဉ်းစားထားခဲ့သော်လည်း ဖေစုန့်၏ မျက်စိဒေါက်ထောက် ကြည့်ရှုခြင်းကို ခံရလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
ထို့ကြောင့် တစ်ခါလုပ်ပြီးမှတော့ နောက်မဆုတ်တော့ဘဲ ယခင် လျန်မင်းဆက်က အပြစ်ရှိသည့် မိန်းမ ကျန်းယီချူးကိုပါ အတူတူ ဆွဲချကာ ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ထိုသက်တော်စောင့်ကိုပါ ရှင်းလင်းလိုက်ခြင်းပင်။
ကျိန့်မေရန်သည် အစေခံအဘွားကြီး တိုက်ကျွေးသော ဆေးရည်တစ်ငုံကို နောက်တစ်ကြိမ် နာကျင်စွာ မျိုချလိုက်ပြီး ဖြူရော်နေသော မျက်နှာဖြင့် ပြတ်သားစွာ ပြောလိုက်လေသည်။ "သေချာတာပေါ့၊ ငါက ကိုယ်လုပ်တော်အဖြစ်နဲ့တောင် ကျေကျေနပ်နပ် လက်ထပ်လာခဲ့တာက နောင်တစ်နေ့ သူ ထီးနန်းဆက်ခံတဲ့အခါ မိဖုရားခေါင်ကြီး နေရာကို ရဖို့အတွက်ပဲ”
ဖေစုန့်၏ အတိတ်က ဖြောင့်မတ်မှန်ကန်မှု မရှိခဲ့ချေ။ မာနကြီးသော ဂုဏ်သရေရှိ မိသားစုကြီးတိုင်းက သူနှင့် ပူးပေါင်းရန် မလိုလားကြပေ။
မော့ကျိုးသည် မြောက်ပိုင်းနယ်စပ်တွင် အရေးပါသော နေရာတစ်ခု မဟုတ်ဘဲ သူမ၏ ဖခင်သည် ဝေ့ချီရှန်း လက်အောက်ရှိ အရေးကြီးသော စစ်သူကြီးများစာရင်းတွင်ပင် မပါဝင်ခဲ့ချေ။
သူမသည် ဝေ့ဖိန်ကျင်းကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခဲ့လျှင် ကျိန့်မိသားစုက သူမကို ပေးနိုင်မည့် အထောက်အပံ့က ဝေ့မိသားစုအတွက် လုံးဝ အရေးပါမည် မဟုတ်ပေ။
သခင်ကို ပြန်ကိုက်သော အောဝ်မိသားစု၏ ခွေးတစ်ကောင်ဖြစ်သည့် ဖေစုန့်သည် ပြည်သူများ၏ မကျေနပ်မှုများကို အသုံးချကာ ယာယီ အာဏာပြနေခြင်းဖြစ်သည်။ သူမ၏ ဖခင်က မော့ကျိုးတစ်နယ်လုံးကို ခေါ်ဆောင်ကာ ဖေစုန့်ထံ သစ္စာဖောက် ပူးပေါင်းခဲ့ခြင်းက မင်းမျိုးမင်းနွယ်များက ဖေစုန့်ကို အသိအမှတ်ပြုကြောင်း ကိုယ်စားပြုနေသဖြင့် ဤအလေးချိန်က အလုံအလောက် ကြီးမားသည်။
ကျိန့်မေရန်သည် အစေခံအဘွားကြီး တိုက်ကျွေးသော ဆေးကို ထပ်မံသောက်ရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် အလွန် နာကျင်စွာဖြင့် မိမိ၏ ဝမ်းဗိုက်ကို လက်ဖြင့် အုပ်လိုက်ကာ "ငါ့ ဗိုက်..."
အစေခံအဘွားကြီးက အလွန် ထိတ်လန့်သွားကာ မေးလိုက်၏။ "သခင်မ ဘာဖြစ်လို့လဲ”
ကျိန့်မေရန်သည် နာကျင်လွန်းသဖြင့် ကုတင်ပေါ်တွင် လူးလှိမ့်လုနီးပါး ဖြစ်နေသည်။ အစေခံအဘွားကြီးက အခြေအနေ မဟန်မှန်း သိသွားပြီး စောင်ကို လှန်ကြည့်လိုက်ရာ ကျိန့်မေရန်၏ အောက်ပိုင်းတွင် သွေးများ အများကြီး ထွက်နေသည်ကို မြင်လိုက်ရသည်။
အစေခံအဘွားကြီးက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။ "ဘာလို့ သွေးတွေ ထပ်ဆင်းလာတာလဲ”
သူမသည် အလျင်စလို အသံကုန်ဟစ်ကာ အပြင်သို့ အော်ခေါ်လိုက်၏။ "ဖျင်အာ၊ သမားတော်ကို မြန်မြန် သွားခေါ်ချေ!"
မူလက တင်းကျပ်စွာ ပိတ်ထားသော အခန်းတံခါးကို အပြင်ဘက်မှ တစ်စုံတစ်ယောက်က ခြေဖြင့် ကန်ဖွင့်လိုက်ပြီး လည်ပင်းအညှစ်ခံရ၍ သေဆုံးသွားသော အစေခံမလေးသည် သဲအိတ်တစ်လုံးကဲ့သို့ တံခါးအတွင်းသို့ လဲကျလာခဲ့သည်။
အေးစက်သော လေပြင်းက အခန်းတွင်းရှိ နွေးထွေးမှု အားလုံးကို ဖယ်ရှားပစ်လိုက်ပြီး ခြံဝင်းအပြင်ဘက်မှ ပြင်းထန်သော သွေးညှီနံ့များကို သယ်ဆောင်လာခဲ့သည်။
သိမ်းငှက်အမဲလိုက်ခွေးများက အထဲသို့ ခြေလှမ်း ဝင်ရောက်လာပြီး ပြောလိုက်၏။ "သမားတော် ခေါ်ဖို့ မလိုတော့ဘူး”
အစေခံအဘွားကြီးမှာ အလွန် ထိတ်လန့်သွားပြီး ထစ်အစွာဖြင့် ပြောလိုက်လေသည်။ "နင်... နင်တို့တွေ သခင်မကို မရိုမသေ လုပ်ရဲတယ်ပေါ့။ ငါတို့ စစ်သူကြီးက ရှေ့တန်းမှာ ရှိနေသေးတယ်..."
သိမ်းငှက်အမဲလိုက်ခွေးခေါင်းဆောင်က အနောက်သို့ ခေါင်းတစ်ချက် ငဲ့ပြလိုက်ရာ လက်အောက်ခံ သိမ်းငှက်အမဲလိုက်ခွေးများက အခန်းအတွင်း အမြင့်တွင် ချိတ်ဆွဲထားသော ပိတ်ပါးကန့်လန့်ကာများကို ဆွဲဖြတ်လိုက်ပြီး ထိုအစေခံအဘွားကြီး၏ လည်ပင်းကို ဘယ်ညာ ရစ်ပတ်လိုက်ကြသည်။
သိမ်းငှက်အမဲလိုက်ခွေးခေါင်းဆောင်က ဖြည်းညှင်းစွာ ပြောလိုက်၏။ "ကျိန့်စစ်သူကြီးက မေရန်ရဲ့ စာကို ရရှိပြီးသွားပါပြီ။ ကျူကျွင်းအတွက် ဒီတိုက်ပွဲကို စိတ်အေးချမ်းသာစွာနဲ့ တိုက်ခိုက်ပေးပါလိမ့်မယ်”
လက်အောက်ခံ သိမ်းငှက်အမဲလိုက်ခွေးနှစ်ဦးသည် အားစိုက်ကာ ညစ်လိုက်၏။ အစေခံအဘွားကြီးက သူမ၏ လည်ပင်းကို ရစ်ပတ်ထားသော ပိတ်ပါးကန့်လန့်ကာကို အတင်းအကျပ် ဆွဲဖြုတ်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
ကုတင်ပေါ်တွင် သွေးထွက်လွန်မှုကြောင့် အောက်ရှိ စောင်များကိုပါ နီရဲသွားစေခဲ့သော ကျိန့်မေရန်သည် ကြံရာမရ ငိုယိုအော်ဟစ်လိုက်လေသည်။ "စုန့်မားမား!"
အစေခံအဘွားကြီးက မျက်လုံးများ ပြူးထွက်လျက် ကျိန့်မေရန်ကို ကြည့်ကာ မကြာမီမှာပင် အသက်ရှူရပ်သွားပြီး တံခါးပေါက်မှ အစေခံမလေးကဲ့သို့ပင် မြေပြင်ပေါ်သို့ ပျော့ခွေ လဲကျသွားတော့သည်။
သိမ်းငှက်အမဲလိုက်ခွေးခေါင်းဆောင်က ပြောလိုက်၏။ "ကျိန့်မေရန်က ကိုယ်ဝန်ပျက်ကျပြီး သွေးထွက်လွန်လို့ ကုသလို့မရဘဲ သေဆုံးသွားတယ်။ အမတ်ချုပ်က အရမ်းဒေါသထွက်သွားပြီး သူ့ကို ကုသပေးတဲ့ အိမ်တော်သမားတော်နဲ့ ခြံဝင်းထဲမှာ အစေခံနေတဲ့ လူအားလုံးကို ကွပ်မျက်ဖို့ အမိန့်ပေးလိုက်တယ်”
ကျိန့်မေရန်သည် ကုတင်ပေါ်တွင် မှောက်လျက် တစ်ကိုယ်လုံးက စက္ကူကဲ့သို့ ဖြူရော်နေကာ အသက်ရှင်နေသည့် အရိပ်အယောင်ပင် မတွေ့ရတော့ချေ။ ကြီးမားလှသော နာကျင်မှုကြောင့် နဖူးပေါ်တွင် ချွေးအေးများ ပြည့်နှက်နေသော်လည်း သူမသည် ရူးသွပ်စွာဖြင့် ရယ်မောလိုက်လေသည်။
သူမသည် သူမ၏ ဖခင်ထံသို့ ထိုစာကို ပို့လိုက်ချိန်ကတည်းက ဖေစုန့်၏ အကွက်ထဲသို့ ဝင်သွားခဲ့ပြီဖြစ်ကြောင်း သူမကိုယ်တိုင် သိရှိသွားခဲ့သည်။
လက်ရှိ အခြေအနေများကြောင့် ဖေစုန့်က စုံစမ်းစစ်ဆေးမှု မရှိသေးသော ရလဒ်တစ်ခုအပေါ် အလျှော့ပေးလိမ့်မည်ဟု သူမက ထင်ထားခဲ့သော်လည်း ဖေစုန့်၏ ရက်စက်မှုကို သူမ လျှော့တွက်မိခဲ့၏။
သူမသည် ဝမ်းဗိုက်ကို ဖုံးအုပ်ထားကာ မျက်ရည်များ ကျဆင်းလျက် ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောရင်း နာကြည်းစွာ ကျိန်ဆဲလိုက်၏။ "ဖေစုန့်! ရှင် တော်တော်ရက်စက်တာပဲ!"
"ကျွန်မ ရှင့်ကို ကျိန်စာတိုက်တယ်... ရှင် လူတိုင်းရဲ့ စွန့်ပစ်မှုကို ခံရပြီး မကောင်းတဲ့ အသေဆိုးနဲ့ သေပါစေ!"
ဖေစုန့်က သတင်းအားလုံးကို ပိတ်ဆို့ထားခဲ့သဖြင့် ကျိန့်မေရန်၏ သေဆုံးမှုသည် ရေကန်ထဲသို့ ကျသွားသော သဲပွင့်ငယ်လေးတစ်ပွင့်ကဲ့သို့ မည်သည့် လှိုင်းဂယက်မျှ မထခဲ့ချေ။
ဝေ့စခန်းက တောင်ပိုင်းသို့ စစ်ချီတိုက်ခိုက်ချိန်တွင် လျန်နှင့် ချန် စခန်းနှစ်ခုက ရက်အနည်းငယ်အတွင်းမှာပင် ဖေစုန့် အုပ်ချုပ်နေသော ပြည်နယ်တစ်ခုနှင့် ခရိုင်အနည်းငယ်ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။
ကွမ်းမန်မှ တောင်ပိုင်းသို့ ရွှေ့ပြောင်းလာသော ဒုက္ခသည်များသည် ရာသီဥတုအလိုက် ရွှေ့ပြောင်းနေသော ငါးအုပ်ကြီးကဲ့သို့ တားဆီးမရနိုင်သော အခြေအနေ ဖြစ်လာခဲ့သည်။
ဖေစုန့်သည် တံခါးများကို ပိတ်ဆို့ကာ အမျိုးသမီးများနှင့် ကလေးများကို ဖမ်းဆီးထားပြီး အတင်းအကျပ် စစ်သားစုဆောင်းခြင်းဖြင့်သာ အခြေအနေကို ယာယီ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
သို့သော် သူ၏ လက်အောက်ခံ အကြံပေးများစွာက စာများရေးသားပြီး ယခင် တာ့လျန်မင်းဆက်က သစ္စာရှိသူများကို မတရားသတ်ဖြတ်ခဲ့ခြင်းနှင့် ပြည်သူများ၏ ဘဝကို ထိခိုက်စေခဲ့ခြင်းများကို အကြီးအကျယ် ရှုတ်ချခဲ့သော်လည်း လျန်စခန်းက ထိုအရာများအားလုံးမှာ ယခင်ဧကရာဇ်၏ အမှားများသာ ဖြစ်ကြောင်း၊ လျန်ဝမ် သားအဖက ထိုအရာများကို ပြောင်းလဲရန် လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို အသေးစိတ် ရှင်းပြခဲ့ပြီး ယခု သူတို့၏ ဟန့်ယန်မင်းသမီးကလည်း ယခင်ဧကရာဇ်၏ လုပ်ရပ်များအတွက် ကိုယ်စား အပြစ်ဝန်ခံစာ ရေးသားရန် ဆန္ဒရှိကြောင်း စကားတစ်ခွန်းတည်းဖြင့် ဖေစုန့်ဘက်မှ ရှုတ်ချမှုများ အားလုံးကို ပြန်လည် ချေပလိုက်သည်။ ထို့အပြင် ဖေစုန့်က အပြင်ဘက် ဆွေမျိုးများဖြစ်သော အောဝ်အဖွဲ့အတွက် ခွေးတစ်ကောင်အဖြစ် အမှုထမ်းခဲ့ခြင်းမှသည် ယခု ပြည်သူများကို ဒုက္ခပေးနေခြင်းအထိ ကျူးလွန်ခဲ့သော ပြစ်မှုများစွာကိုပါ စာရင်းပြုစု၍ ဖော်ပြခဲ့ရာ ‘တကယ်ကို ဝါးရွက်ပေါ်တွင် ရေးမှတ်ရန်ပင် မလုံလောက်ပါ’ ဆိုသည့် စကားနှင့် ကိုက်ညီနေလေသည်။
____
လေပြင်းနှင့် နှင်းမုန်တိုင်းများ ဆက်လက် တိုက်ခတ်နေဆဲဖြစ်သော ဝေ့ကျိုးတွင် ညနက်သန်းခေါင်အချိန်၌ တစ်စုံတစ်ယောက်က ဝေ့မိသားစု အိမ်တော်ကို ဝင်ရောက်တိုက်ခိုက်ကာ မြေအောက်အကျဉ်းထောင် တံခါးကို ဖောက်ထွင်းခဲ့သည်။
ထောင်ခွေက သူ၏ ခန္ဓာကိုယ် အရွယ်အစားကို အားသာချက်အဖြစ် အသုံးချကာ မြေအောက်အကျဉ်းထောင် အပြင်ဘက်ရှိ သံတံခါးကို တိုက်ရိုက် ဝင်တိုက်ကာ ဖြိုပစ်လိုက်သည်။ အဝေးရှိ ဝေ့အိမ်တော် စာကြည့်ခန်းတွင် မီးတောက်များက ကောင်းကင်သို့ ထိုးတက်နေပြီး မီးလောင်နေသော အသံများ၊ မီးငြိမ်းသတ်ရန် အော်ဟစ်နေသော အသံများနှင့် မြေအောက်အကျဉ်းထောင်အတွင်းမှ တီးခတ်လိုက်သော ကြေးစည်သံများက ရောနှောနေခဲ့သည်။
ကျန်းဟူက လူများကို ခေါ်ဆောင်ကာ မြေအောက်အကျဉ်းထောင်ကို စောင့်ကြပ်နေသော စစ်သားအားလုံးကို တိုက်ခိုက်ချေမှုန်းလိုက်ပြီး သော့များကို ယူကာ လက်မောင်းလုံးခန့်ရှိသော သံတိုင်များပေါ်ရှိ သော့ခလောက်များကို တစ်ခုပြီးတစ်ခု စမ်းသပ်ဖွင့်နေရင်း အတွင်းဘက်ရှိ ရှောင်းလိအား ပျော်ရွှင်စွာ ပြောလိုက်လေသည်။ "ဝေ့အဘိုးကြီးက သူရဲ့ ခွေးသားကို ခေါ်ပြီး ဖေစုန့်ဆိုတဲ့ လူယုတ်မာကို သွားတိုက်နေတယ်။ လူရိုင်းတွေကလည်း အခွင့်ကောင်းယူပြီး ယန်လဲ့တောင်ကို ဖြတ်ကျော်လာလို့ လျောင်ကျန်းက ဝံပုလွေမြင်းသည်တော်တွေကို ခေါ်ပြီး သွားတိုက်နေတယ်။ ဒါကြောင့် ညီအစ်ကိုတွေ ထောင်ဖောက်ဖို့ အခွင့်အရေး ရသွားတာပဲ! စစ်ဗျူဟာမှူးက ပြောတယ်။ အစ်ကို(၂) အခု ထွက်လာပြီး ဝေ့ချီရှန်းကို ဗြောင်ကျကျ ပုန်ကန်ရင်တောင် တစ်လောကလုံးက ဘယ်သူမှ အစ်ကို(၂)ကို အပြစ်ပြောမှာ မဟုတ်ဘူးတဲ့!"
နောက်ဆုံးတွင် သော့အမှန်ကို ရှာတွေ့သွားပြီး ထောင်တံခါးရှိ သော့ခလောက်က ဂျောက် ဟူသော အသံနှင့်အတူ ပွင့်ကျသွားခဲ့သည်။ ရှောင်းလိ၏ လက်ပေါ်ရှိ လေးလံလှသော သံမဏိ လက်ထိပ်များလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သားရဲကြီးတစ်ကောင်က အချုပ်နှောင် တစ်ခုခုမှ နောက်ဆုံးတွင် ရုန်းထွက်သွားနိုင်သည့်အလားပင်။
သို့သော် မြေအောက်အကျဉ်းထောင် အဝင်ဝတွင် ထိုအချိန်၌ပင် စစ်ကူလာသော ဝေ့စစ်သား တစ်စု ရောက်ရှိလာပြီး သူတို့အဖွဲ့ကို ကြည့်ကာ ကြောက်ရွံ့မှုကို အတင်းဖိနှိပ်လျက် အမိန့်ပေးလိုက်၏။ "ထောင်လာဖောက်တဲ့ လူတွေ ရှိတယ်။ အဲ့ဒီ သူခိုးတွေကို မြားတွေနဲ့ ပစ်သတ်ကြစမ်း!"
ရှောင်းလိ၏ အမူအရာက တည်ငြိမ်နေပြီး ကြမ်းတမ်းမှု အားလုံးကို ကျောက်တောင်ကြီးကဲ့သို့ ထိုတည်ငြိမ်မှုထဲတွင် ဖုံးကွယ်ထားကာ ဆယ်ရက်နီးပါး အကျဉ်းချခံထားရသူနှင့် လုံးဝ မတူချေ။ တံခါးဝတွင် ဒူးလေးများ ချိန်ရွယ်ထားသော ဝေ့စစ်သား တစ်စုကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီး သူသည် ပြောလိုက်လေသည်။ "ထိုးဖောက်ပြီး ထွက်ကြမယ်”
....