← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အပိုင်း (၁၈၉)

လျန်နှင့် ချန် တပ်စခန်းနှစ်ခုသည် ရှန်းကျိုးရှိ အဓိကစစ်မြေပြင်တွင် အောင်ပွဲရခဲ့ပြီး ဖေစုန့်၏ ကျန်ရစ်သော တပ်ဖွဲ့များသည် မြောက်ဘက်သို့ ဆက်လက်ဆုတ်ခွာရန်သာ တတ်နိုင်တော့၏။

ဝိန်းယွီသည် ကုရှီးယွင်က ဤတိုက်ပွဲတွင် ဒဏ်ရာရသွားကြောင်း ကြားသိရပြီး အပြန်ခရီးတွင် သူမကို သွားကြည့်ရန် ရှန်းကျိုးသို့ ဝင်ရောက်လာချိန်၌ ဝေ့ချီရှန်း ကွယ်လွန်သွားပြီဆိုသည့် သတင်းကို လက်ခံရရှိခဲ့သည်။

သူမသည် နွေးထွေးနေသည့် အခန်းထဲတွင် မြောက်ပိုင်းနယ်စပ်မှ ပေးပို့လာသော သတင်းလွှာကို လှန်လှောကြည့်ရှုနေသည်။ လီရွှင်နှင့် အခြား အကြံပေးအမတ် အနည်းငယ်က အောက်ဘက်တွင် ရပ်နေကာ ပြောလိုက်၏။ "ရှော့ပျန်းနယ်စား ကွယ်လွန်သွားပါပြီ။ မြောက်ပိုင်းဝေ့က ထောက်ခံပေးထားတဲ့ အရင်ကျင့်မင်းဆက်ရဲ့ မင်းသမီးက သူ့ကို အရင်ကျင့်ရဲ့ ဝေ့ကော်ကုန်း(ဝေ့နယ်စားကြီး)အဖြစ် ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ မသေခင်က သေတမ်းစာအတိုင်း သူ့ရဲ့ မွေးစားသားကို မြောက်ပိုင်းဝေ့ရဲ့ နယ်စားအသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်"

သူက ဝိန်းယွီ ဝမ်းနည်းသွားမည်ကို စိုးရိမ်သဖြင့် ရှောင်းလိ၏ နာမည်ကို တိုက်ရိုက်ပင် မထုတ်ဖော်ရဲခဲ့ချေ။ နောက်ဆုံးစကားတစ်ခွန်းကို ပြောလိုက်ချိန်တွင် အထက်တွင် ထိုင်နေသော ဝိန်းယွီထံသို့ သတိကြီးစွာဖြင့် မော့ကြည့်လိုက်သော်လည်း သူမက သတင်းလွှာကို တည်ငြိမ်စွာ လှန်လှောကြည့်နေပြီး ဤကိစ္စနှင့် ပတ်သက်၍ ကြီးကြီးမားမား တုန့်ပြန်မှုမရှိသည်ကိုသာ မြင်လိုက်ရသည်။

ဘေးက အကြံပေးအမတ်က ပြောလိုက်လေသည်။ "ကြားရတာတော့ ဝေ့ချီရှန်းက ဝံပုလွေတပ်ကို အစောကြီးကတည်းက ဒီလူဆီ လွှဲပြောင်းပေးခဲ့တာတဲ့။ မြောက်ပိုင်းဝေ့ရဲ့ ဂုဏ်ပုဒ်ပဲဖြစ်ဖြစ် စစ်ရေးအာဏာပဲဖြစ်ဖြစ် သူ့ရဲ့ သားအရင်းကို လုံးဝ မချန်ထားခဲ့တာက တကယ့်ကို ထူးဆန်းတာပဲ"

အခြား အကြံပေးအမတ်တစ်ဦးက ပြောလိုက်၏။ "ဒီလူက အရမ်း ရဲရင့်တယ်။ မြောက်ပိုင်းနယ်စပ်ကို သွားတဲ့ အချိန်က တိုတောင်းပေမယ့် ကြီးမားတဲ့ စစ်ရေးအောင်မြင်မှုတွေကို ရရှိထားပြီး မြောက်ပိုင်းနယ်စပ်မှာ နာမည်ကြီးနေပြီ။ ဝေ့ချီရှန်းက စစ်တပ်ကို ဦးဆောင်ပြီး တောင်ပိုင်းကို စစ်ချီလာခဲ့ပြီးနောက်ပိုင်းမှာ ယန်လဲ့တောင် တိုက်ခိုက်ခံရပြီး လျောင်ကျန်း သေဆုံးသွားတဲ့အချိန်မှာ အခြေအနေတွေကို ထိန်းချုပ်ပြီး ဝင်ရောက်လာတဲ့ လူရိုင်းတွေကို ပြန်လည်မောင်းထုတ်ပေးခဲ့တာက သူပဲ။ ဝေ့ချီရှန်းဆိုတဲ့ မြေခွေးအိုကြီးက တော်တော် ပါးနပ်တယ်။ သူ့ရဲ့ သားအရင်းကို မြောက်ပိုင်းဝေ့က ထုတ်ပြထားတဲ့ အရင်ကျင့်မင်းဆက်ရဲ့ မင်းသမီးနဲ့ လက်ထပ်ခိုင်းပြီး ဒီလောကကြီးကို အပိုင်စီးဖို့ အိပ်မက်မက်နေခဲ့တာ။ နောက်ဆုံးတော့လည်း မြောက်ပိုင်းဝေ့ရဲ့ နယ်မြေကို တခြားလူကို ပေးလိုက်ရတာပဲ..."

သူသည် ဤနေရာသို့ ရောက်သောအခါ ခေါင်းမခါဘဲ မနေနိုင်တော့ချေ။ "သူ့ရဲ့ မြောက်ပိုင်းနယ်စပ်က ပြိုလဲတော့မယ့် အခြေအနေကို မြင်နေရတော့ မင်းသမီးက ဒီလူကို ပြန်ရဖို့ မြို့နှစ်မြို့နဲ့ လဲလှယ်ဖို့ လိုလားခဲ့တယ်။ သူက ဒီလူ လျန်စစ်စခန်းကို ပြန်လာချင်ရင် လွှတ်ပေးမယ်လို့ ကျွန်တော်တို့ကို ကတိတွေ အထပ်ထပ်ပေးခဲ့ပြီးတော့ ချက်ချင်းဆိုသလိုပဲ ဒီလူကို မြောက်ပိုင်းဝေ့ရဲ့ နယ်စားအသစ်ရာထူးကို ပေးလိုက်တယ်တဲ့။ ပါးနပ်လိုက်တာ။ တကယ့်ကို ပါးနပ်လွန်းတယ်"

သူ ဤသို့ ပြောလိုက်ပြီးနောက် အစောပိုင်းက မေးခွန်းထုတ်ခဲ့သော အကြံပေးအမတ်သည် ရုတ်တရက် သဘောပေါက်သွားတော့သည်။ ဝေ့ချီရှန်းက ဤမျှ ကြီးမားသော အကျိုးအမြတ်ကို ပေးရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။ တကယ်တော့ သူတို့နှင့် ဤထူးချွန်သော စစ်သူကြီးကို လုယူရန် ဖြစ်နေသည်။

ထို့ကြောင့် ရှောင်းလိသည် လျန်စစ်စခန်းသို့ ပြန်မလာချင်သည့် အကြောင်းရင်းမှာ ရှင်းလင်းသွားခဲ့သည်။

ထို့အပြင် သူသည် ယခင်က သူတို့၏ လျန်စစ်စခန်းတွင် ရှိခဲ့ဖူးသော်လည်း ထွက်ခွာသွားသည်မှာ ကြာမြင့်နေပြီဖြစ်ရာ လက်ရှိတွင် အခြေခံအုတ်မြစ် မရှိတော့ချေ။ ပြန်လာပြီး မြင့်မားသော ရာထူးကို ရလျှင်ပင် သူ့လက်အောက်တွင် ကိုယ်ပိုင်လူ မရှိသဖြင့် သူ၏ အာဏာသည် မြောက်ပိုင်းဝေ့မှာလောက် ခိုင်မာမည် မဟုတ်ပေ။

ရှောင်းလိ၏ လျန်စစ်စခန်းရှိ အတိတ်ကို မသိသော အကြံပေးအမတ်တစ်ဦးက ပြစ်တင်ပြောဆိုလိုက်သည်။ "ကျွန်တော် ကြည့်ရသလောက်တော့ ဒီလူက အခွင့်အရေးသမား တစ်ယောက်ပါပဲ။ သူက ကျွန်တော်တို့ရဲ့ လျန်စစ်စခန်းကို သစ္စာဖောက်သွားတယ်။ မင်းသမီးက သူ အရင်က သရုပ်မှန်ကို မဖော်ထုတ်ခဲ့တဲ့ ကျေးဇူးကို ထောက်ထားပြီး သူ ဒုက္ခရောက်နေတာကို သိလို့ အတိတ်က ကိစ္စတွေကို ဂရုမစိုက်ဘဲ သူ့ကို ပြန်ခေါ်လာဖို့ ကြိုးစားခဲ့တာကို သူက အကျိုးအမြတ် ကြီးကြီးမားမားကြောင့် ဝေ့စခန်းမှာ ဆက်နေခဲ့တယ်..."

သူက မပြောသင့်သည့် စကားကို သွားပြောလိုက်ခြင်းပင်။

လီရွှင်သည် ချက်ချင်းပင် မျက်နှာပျက်သွားပြီး သူ့ကို ဖြတ်ပြောလိုက်၏။ "စစ်သူကြီးရှောင်း အစတုန်းက လျန်စစ်စခန်းကနေ ထွက်သွားတာ နားလည်မှုလွဲတာလေးတွေ ရှိနေလို့ပါ"

ပြောပြီးနောက် ဝိန်းယွီကို အလျင်အမြန် စကားလွှဲကာ မေးလိုက်သည်။ "မင်းသမီး၊ မြောက်ပိုင်းနယ်စပ်မှာ နာရေးလုပ်နေတယ်။ ကျွန်တော်တို့ လူလွှတ်ရမလား"

အစက ထိုနားလည်မှုလွဲမှားခြင်းသည် လီယောင် သေဆုံးမှုနှင့်အတူ ဖြေလို့မရသည့်ကြိုးထုံးတစ်ခု ဖြစ်လာခဲ့လေသည်။

ဤကိစ္စအတွက် ရှောင်းလိကိုလည်း အပြစ်တင်၍ မရသလို ဝိန်းယွီကိုလည်း အပြစ်မဆိုသာချေ။

အဆုံးမှာတော့ ကံကြမ္မာက လူကို လှည့်စားခြင်းသာ။

လီရွှင်သည် ဖိန်ကျိုးတွင် ရှိစဉ်ကတည်းက ဝိန်းယွီ၏ ယုံကြည်ရသော အမတ်ဖြစ်ခဲ့ပြီး ဤနားလည်မှုလွဲခြင်းက မည်သို့ ဖြစ်ပေါ်လာသည်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသဖြင့် ဝိန်းယွီ၏ စိတ်ထဲတွင် မည်မျှ ခံစားရခက်မည်ကို သဘာဝကျကျပင် နားလည်ထားသည်။

ယခု ရှောင်းလိသည် လျန်စစ်စခန်းသို့ ပြန်လာရန် မျှော်လင့်ချက် မရှိတော့သည်မှာ ထင်ရှားနေသည်တွင် ဝိန်းယွီ၏ ရှေ့တွင် ဤကိစ္စကို ထုတ်ဖော်ပြောဆိုရန် သူသည် ပိုလို့ပင် သတိထားနေခဲ့သည်။

သို့သော် ဝိန်းယွီသည် အစမှအဆုံးတိုင်အောင် အလွန်ပင် တည်ငြိမ်နေခဲ့ပြီး သူမက သတင်းလွှာကို ပိတ်ကာ ပြောလိုက်၏။ " ဝေ့မိသားစုက ကျွန်မတို့ လျန်မင်းဆက်ရဲ့ အမတ် မဟုတ်တော့ဘူး။ လော့ယန်ကို တစ်ကြိမ် ကူညီပေးခဲ့တာကြောင့် အရင်တုန်းက မာကျားလျန် တိုက်ပွဲက ကိစ္စကလည်း ရှင်းသွားပြီ။ လက်ရှိမှာ လော့ယန်ကို အတူတူ တိုက်ခိုက်ဖို့ မဟာမိတ်စာချုပ် ရှိနေသေးတာကို ထောက်ထားပြီး ဖန့်စစ်သူကြီးဆီက လူလွှတ်ပြီး နံ့သာတိုင် သွားထွန်းခိုင်းလိုက်ပါ"

လီရွှင်က လက်နှစ်ဖက်ကို ယှက်ကာ ခေါင်းညိတ်သဘောတူလိုက်သည်။

ဝိန်းယွီသည် အခြားကိစ္စရပ်များကို စနစ်တကျ ထပ်မံမေးမြန်းခဲ့ပြီး သူမ ဆုံးဖြတ်ရမည့် ကိစ္စရပ်များကို အကြံပေးအမတ်များ အားလုံးနှင့် တိုင်ပင်ဆွေးနွေးကာ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပြီးမှသာ လူအားလုံးကို ထွက်ခွာခွင့် ပြုလိုက်လေသည်။

သူမသည် အတွင်းခန်းသို့ ဝင်သွားလိုက်ပြီး ခြေထောက်ဒဏ်ရာရထားသဖြင့် ယာယီ လမ်းမလျှောက်နိုင်သော ကုရှီးယွင်နှင့် စကားသွားပြောနေသော်လည်း မကြာခဏဆိုသလို စိတ်လွင့်နေခဲ့လေသည်။

ကုရှီးယွင်က ရှန်းကျိုးကို တိုက်ခိုက်သည့်နေ့တွင် သူမနှင့် ဟန်ချီတို့၏ တိုက်ပွဲအကြောင်းကို သူမအား ပြောပြနေသည်။ "အဲ့ဒီ ဟန်မိသားစုရဲ့ ကောင်လေးက ဆဲဆိုစိန်ခေါ်ခံရလို့ ထွက်လာပြီး ငါနဲ့ လာတိုက်တာ။ ငွေလှံတစ်ချောင်း ကိုင်ထားပြီး တော်တော်လေးတော့ ခန့်ညားတယ်။ ဒါပေမယ့် ငါနဲ့ အချီအတော်များများ တိုက်ပြီးတဲ့နောက် မျက်နှာတွေ အကြိမ်ကြိမ် ပျက်သွားလောက်အောင် အရိုက်ခံရတယ်။ ငါသာ အားမပြတ်သွားဘူး၊ လက်ထဲက လှံကြီးကလည်း အရမ်းမလေးဘူးဆိုရင် ငါ သူနဲ့အတူ မြင်းပေါ်ကနေ ဘယ်လိုလုပ် ပြုတ်ကျစရာ အကြောင်းရှိမှာလဲ..."

သူမသည် ထိုအချိန်က တိုက်ပွဲအခြေအနေကို လက်ဟန်ခြေဟန်ဖြင့် ပြောပြနေပြီး ဤနေရာသို့ ရောက်သောအခါ အနည်းငယ် ဒေါသထွက်နေဆဲဖြစ်ကာ ဝိန်းယွီ အသံမထွက်သည်ကို သတိထားမိသွား၍ ဘေးသို့ လှည့်ကာ အနည်းငယ် ဇဝေဇဝါဖြင့် ခေါ်လိုက်၏။ "အားယွီ"

အပြင်လူ မရှိသည့်အချိန်တွင် သူမသည် အရင်က အိမ်တွင် ရှိနေစဉ်ကကဲ့သို့ ဝိန်းယွီ၏ ငယ်နာမည်ကိုသာ ခေါ်ဝေါ်လေ့ရှိသည်။

သတိပြန်ဝင်လာသော ဝိန်းယွီက "အင်း" ဟု အသံပြုလိုက်ပြီး ကုရှီးယွင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ "နင် ပြောလေ၊ ငါ နားထောင်နေတယ်"

ကုရှီးယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "နင် ဘာဖြစ်နေတာလဲ"

သူမ၏ ဤအမူအရာက တကယ်ကို တစ်ခုခု မှားယွင်းနေပုံရသည်။

ဝိန်းယွီက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ရုံသာ ခါယမ်းလိုက်ပြီး ပြောလိုက်၏။ "ဘာမှမဖြစ်ပါဘူး"

ကုရှီးယွင်က သူမကို ကြည့်ကာ နှုတ်ခမ်းကို အနည်းငယ် တင်းတင်းစေ့လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။ "အားယွီ၊ အခု နင်က နိုင်ငံနှစ်ခုကို အုပ်ချုပ်နေတဲ့ မင်းသမီးတစ်ပါး ဖြစ်နေပြီ။ နိုင်ငံရေးကိစ္စတော်တော်များများမှာ ငါက နင့်ကို ကူညီနိုင်မှာ မဟုတ်ဘူး၊ နင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း မျှဝေခံစားပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နင် လိုအပ်နေသရွေ့ ငါ အမြဲတမ်း ရှိနေမှာပါ"

သူငယ်ချင်းဖြစ်သူ၏ စူးရှသည့်အကြည့်အောက်တွင် ဝိန်းယွီသည် ခဏတာ ငြိမ်သက်သွားပြီး အလွန်ပင်ပန်းနေသည့်အလား လူရှေ့သူရှေ့တွင် အမြဲတမ်း နူးညံ့တည်ငြိမ်နေသော အမူအရာတွင် အက်ကွဲကြောင်းများ ပေါ်လာကာ မျက်လုံးအောက်တွင် ဝမ်းနည်းမှု အငွေ့အသက်များ ယိုဖိတ်လာပြီး ပြောလိုက်လေသည်။ "ငါက... ရုတ်တရက် နည်းနည်း ဝမ်းနည်းသွားလို့ပါ"

ကုရှီးယွင်က မှင်သက်သွားပြီး မေးလိုက်သည်။ "ဘာတွေ ဖြစ်ခဲ့လို့လဲ"

ဝိန်းယွီက နောက်တစ်ကြိမ် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး နှုတ်ခမ်းထောင့်ကို ခါးသီးစွာ အနည်းငယ် ကွေးညွတ်လိုက်ကာ ပြောလိုက်၏။ "ဒီရှုပ်ထွေးနေတဲ့ လောကကြီးရဲ့ ရေစီးကြောင်းအောက်မှာ ပြည်သူတွေမှာ ရွေးချယ်ခွင့် မရှိသလို ငါ့မှာလည်း မရှိဘူးလေ"

ကုရှီးယွင်က သက်ပြင်းချလိုက်ပြီး မျက်နှာအမူအရာလည်း အနည်းငယ် ညှိုးနွမ်းသွားကာ "နင့်ပခုံးအပေါ်က တာဝန်တွေက အရမ်းကြီးလေးလွန်းတယ်"

ဝိန်းယွီ၏ တည်ငြိမ်သော မျက်နှာအမူအရာတွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်နေသော်လည်း ဤခဏတာ အားနည်းမှုကို ထုတ်ဖော်ပြီးနောက်တွင် မျက်လုံးများက ပြန်လည် ခိုင်မာလာခဲ့သည်။ တစ်စုံတစ်ခုကို ထပ်ပြောရန် ပြင်လိုက်စဉ် အခန်းတံခါးအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ မေးမြန်းသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ "တပ်မှူး နိုးနေပြီလား။ ကျွန်မ ဟင်းရည်လေး နည်းနည်း ပြုတ်ပြီး ယူလာတယ်"

ဝိန်းယွီက ထိုအသံကို အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသဖြင့် မျက်နှာပေါ်ရှိ ခံစားချက်များကို အနည်းငယ် ဖုံးကွယ်လိုက်ပြီး ကုရှီးယွင်ထံသို့ ကြည့်လိုက်၏။

ကုရှီးယွင်က ပြောလိုက်သည်။ "ချန်သခင်မပါ။ ချန်လူကြီးမင်းက မြောက်ဘက်ကို ချီတက်မယ့် စစ်ရေးအခြေအနေ တစ်ခုလုံးကို စီစဉ်ရမှာဆိုတော့ နှစ်သစ်ကူးဖို့ ဖိန်ကျိုးကို မပြန်နိုင်ဘူးဆိုတာကို သူ သိသွားလို့ စစ်တပ်ထဲကို လာကြည့်ရင်း စစ်သည်တွေ စစ်တပ်ထဲမှာ နှစ်သစ်ကူးပွဲကို ကောင်းကောင်း ဖြတ်သန်းနိုင်အောင် မွေးရပ်မြေက ကောက်ညှင်းဖက်ထုပ်တွေကို တစ်ခါတည်း ယူလာပေးတာ။ ငါ ခြေထောက်ဒဏ်ရာ ရထားတယ်ဆိုတာ ကြားတော့ ဒီရက်ပိုင်းအတွင်း နည်းလမ်းမျိုးစုံနဲ့ ငါ့အတွက် အားဖြည့်ဟင်းရည်တွေ ပြုတ်ပေးနေတာ"

သူမသည် ဤနေရာသို့ ရောက်သောအခါ အနည်းငယ် ဝမ်းနည်းသည့်ဟန်ဖြင့် သူမ၏ ပါးနှစ်ဖက်ကို ပုတ်လိုက်၏။ "အမြဲတမ်း အိုးကြီးတစ်လုံး အပြည့်ပြုတ်လာတာ။ ကုန်အောင် မသောက်ရင်လည်း သူ့ရဲ့ စေတနာကို ဖြုန်းတီးပစ်သလို ခံစားရလို့။ နင် ကြည့်ပါဦး ငါ့မျက်နှာကို၊ သောက်ရလွန်းလို့ ဝိုင်းစက်နေပြီ"

ဝိန်းယွီသည် မနေနိုင်တော့ဘဲ ခပ်တိုးတိုး ရယ်မောလိုက်ပြီး အစောပိုင်းက ညှိုးငယ်မှုများ အတော်များများ ပြေပျောက်သွားခဲ့သည်။

သိပ်မကြာမီတွင် အပြင်ဘက်၌ စောင့်နေသော ထုန်ချွဲက တံခါးခေါက်ကာ သတင်းပို့လာပြီး ဝိန်းယွီ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ချန်သခင်မသည် ထမင်းချိုင့်ကို ကိုင်ကာ ဝင်ရောက်လာခဲ့သည်။ သူမနှင့်အတူ ပါလာသော အစေခံအိုကြီးက မိန်းကလေးငယ်တစ်ဦးကို ပွေ့ချီထားသည်။

ချန်သခင်မသည် ဝိန်းယွီထံသို့ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ရယ်မောကာ ပြောလိုက်၏။ "မင်းသမီးလည်း ဒီမှာ ရှိနေမှန်း မသိလို့ ကျွန်တော်မျိုးမ ဝင်လာပြီး အနှောင့်အယှက် ပေးမိသွားပြီ"

ဝိန်းယွီက ထုန်ချွဲကို ချန်သခင်မအတွက် နေရာချထားပေးရန် ညွှန်ကြားလိုက်ပြီးမှ ပြောလိုက်သည်။ "ကျွန်မလည်း အပြန်ခရီးမှာ စစ်သတင်းကို မြင်ပြီး ရှီးယွင် ဒဏ်ရာရသွားမှန်း သိလို့ တစ်ခါတည်း ဝင်လာတာပါ။ ရှီးယွင် ဒဏ်ရာရနေတဲ့ ဒီရက်ပိုင်းတွေမှာ သခင်မက ဟင်းရည်ပြုတ်ပြီး ပြုစုစောင့်ရှောက်ပေးနေတယ်လို့ ကြားပါတယ်။ သခင်မ ပင်ပန်းသွားပါပြီ"

ချန်သခင်မက အလျင်အမြန်ပင် မခံယူဝံ့ကြောင်း ပြောလိုက်ပြီး ထပ်ပြောလိုက်၏။ "ကျွန်တော်မျိုးမ အဆင်အခြင်မဲ့ လာခဲ့တာက စစ်တပ်ကို အနှောင့်အယှက် မဖြစ်စေရင် တော်ပါပြီ"

ဝိန်းယွီက ပြောလိုက်၏။ "သခင်မက အရမ်း နှိမ့်ချလွန်းနေပါပြီ။ သခင်မက နှစ်သစ်ကူး မတိုင်ခင် စစ်သည်တွေဆီကို ကောက်ညှင့်ထုပ်တွေ လာပို့ပေးပြီး စစ်တပ်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တာ၊ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို တက်ကြွစေခဲ့တာပဲ။ ကျွန်မ ပြန်ရောက်ရင် သခင်မကို သေချာပေါက် ဆုချီးမြှင့်ရမှာပါ"

သူတို့နှစ်ဦးသည် အပြန်အလှန် နှုတ်ဆက်စကားများ အနည်းငယ် ထပ်ပြောပြီးနောက် သူမသည် ချန်သခင်မ၏ ဘေးရှိ အစေခံအိုကြီး ပွေ့ချီထားသော မိန်းကလေးငယ်ကို သတိပြုမိသွားပြီး မေးလိုက်၏။ "ဒါက..."

ချန်သခင်မက ပြောလိုက်သည်။ "ကြားရတာတော့ တူလေးကျိုးရဲ့ ဘေးက ကိုယ်ရံတော်တစ်ယောက် ခေါ်လာတဲ့ ကလေးတဲ့။ တူလေးကျိုးက မွေးစားသမီးအဖြစ် မွေးစားလိုက်တယ်။ ဒါပေမယ့် သူ့ဘေးမှာက ပြုစုစောင့်ရှောက်ပေးမယ့် အစေခံမလေးတွေ အစေခံအိုကြီးတွေမှ မရှိတာ။ ခန္ဓာကိုယ်ကြီးထွားတဲ့ ကိုယ်ရံတော်တစ်အုပ်က ကလေးကို ဘယ်လိုလုပ် ထိန်းတတ်မှာလဲ။ အဲ့ဒါကြောင့် ကျွန်တော်မျိုးမက ကူပြီး ထိန်းပေးထားတာပါ။ မနေ့က တပ်မှူး ပျင်းနေတာကို မြင်တော့ ဒီနေ့ ကလေးကို ခေါ်လာပြီး သူ့ကို အဖော်လုပ်ပေးဖို့ ပြောခဲ့တာပါ"

ကုရှီးယွင်က ထိုမိန်းကလေးငယ်၏ ဇာစ်မြစ်ကို သိနေသည်မှာ ထင်ရှားပြီး ဝင်ပြောလိုက်သည်။ "ပြောရရင် ဒီကလေးက မင်းသမီးနဲ့လည်း ရေစက်ရှိတယ်လေ။ သခင်လေးကျိုးဘေးက ကိုယ်ရံတော်ချန် ပြောတာ ကြားရတာတော့ ဒီကလေးက အစတုန်းက မင်းသမီး ထုန်ချန်မှာ ကယ်တင်ခဲ့တဲ့ လော့ယန်က ဖုန်းမိသားစုရဲ့ အပြင်ကို လက်ထပ်သွားတဲ့ သမီး ကျန်ရစ်ခဲ့တဲ့ မိဘမဲ့ကလေးတဲ့"

သူမ ဤသို့ ပြောလိုက်သောအခါ ဝိန်းယွီသည် မှတ်မိသွားပြီး ကလေးကို ပွေ့ချီထားသော အစေခံအိုကြီးကို ရှေ့သို့ တက်လာရန် လက်ယပ်ခေါ်လိုက်ကာ လွန်ခဲ့သော နှစ်ဝက်ကျော်ကထက် အများကြီး ပိုကြီးလာသော မိန်းကလေးငယ်ကို ပွေ့ချီလိုက်ပြီး ချော့မြှူကာ ပြောလိုက်၏။ "အဲ့ဒီကလေး ဖြစ်နေတာကိုး။ သူ့ကို မွေးစားထားတဲ့ ဇနီးမောင်နှံကရော ဘယ်မှာလဲ"

ထိုနေ့က သူတို့ ထုန်ချန်မှ ထွက်ပြေးလာပြီးနောက် အလျင်စလို ဖြစ်နေသော်လည်း မိသားစုအခြေအနေ ကောင်းမွန်ပြီး ဒေသတွင်း၌ လူကောင်းဟု နာမည်ကြီးသော မိသားစုတစ်စုကို ရှာဖွေကာ မွေးစားခိုင်းခဲ့သည်။

ကုရှီးယွင်က ပြောလိုက်သည်။ "ကိုယ်ရံတော်ချန် ပြောတာကတော့ သူတို့ ဖိန်ကျိုးမှာ အခြေကျသွားပြီးတဲ့နောက် မင်းသမီးရဲ့ အမိန့်အတိုင်း ဒီကလေးကို မွေးစားထားတဲ့ မိသားစုကို သွားရှာခဲ့တယ်တဲ့။ ဘယ်သူထင်မှာလဲ အဲ့ဒီမိသားစုက ပိုင်ဆိုင်မှုများလို့ ထုန်ကျိုး နယ်နိမိတ်ထဲက တောင်ပေါ်ဓားပြတွေရဲ့ မျက်စိကျတာကို ခံလိုက်ရတယ်။ သူတို့ သွားရှာတဲ့အချိန်မှာ အဲ့ဒီမိသားစုက ကြက်ကလေး ခွေးကလေးကအစ အကုန်သတ်ဖြတ်ခံလိုက်ရပြီး အိမ်ရှင်အမျိုးသမီးက ကလေးကိုခေါ်ပြီး အမျိုးတွေအိမ်ကို ပြန်သွားလို့သာ အသက်ဘေးက လွတ်သွားတာ။ ဒါပေမယ့် မြို့ထဲက လူတော်တော်များများက အတင်းအဖျင်း ပြောကြတယ်။ ဒီကလေးက ကံဆိုးစေတဲ့ ကလေးမို့လို့ အဲ့ဒီမိသားစုက ဒီကလေးကို မွေးစားလိုက်လို့ အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာလို့ ပြောကြတယ်။ အဲ့ဒီအမျိုးသမီးရဲ့ အမျိုးတွေကလည်း သူ့ကို နောက်အိမ်ထောင်ပြုခိုင်းချင်တော့ ဆွေမျိုးမတော်စပ်တဲ့ ကလေးကို ခေါ်ထားတာကို သဘောမကျကြဘူး။ အဲ့ဒါနဲ့ ကိုယ်ရံတော်ချန်က ကလေးကို ပြန်ခေါ်လာတာပါ"

ဝိန်းယွီသည် မိမိ နန်ချန်သို့ လက်ထပ်ရန် မသွားမီက သခင်မဖုန်း၏ မိဘမဲ့ကလေးကို မွေးစားထားသော မိသားစုကို သွားရှာရန် ချန်အန်းတို့ကို စေခိုင်းခဲ့ဖူးသည်ကို မှတ်မိသည်။ စစ်ပွဲများ ဖြစ်ပွားလာပြီး အခြေအနေများ ရှုပ်ထွေးလာပါက လူများကို ဖိန်ကျိုးသို့ ခေါ်လာရန် သို့မဟုတ် သူတို့ကို ငွေကြေးအချို့ ပေးအပ်ကာ ဤကလေးကို ပိုမို ကောင်းမွန်စွာ ဆက်ဆံစေရန် စဉ်းစားခဲ့ခြင်းမှာ အဆုံးတွင် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်။

သို့သော် ချန်အန်းသည် နောက်ပိုင်းတွင် ကျိုးစွေ၏ ဘေးသို့ ပြန်လည်ရောက်ရှိသွားပြီး ချင်းယွင် အစောင့်တပ်ဖွဲ့တွင် မပါဝင်တော့ချေ။ ဖိန်ကျိုးမှ သူမလက်ထဲသို့ ပေးပို့လာသော သတင်းလွှာများမှာလည်း မြောက်ပိုင်းနှင့် တောင်ပိုင်း စစ်ရေးအခြေအနေနှင့် ပတ်သက်သော အရေးကြီးကိစ္စများသာ ဖြစ်နေသဖြင့် သခင်မဖုန်း၏ ကလေးကို အဆင့်ဆင့် ပြန်လည် ခေါ်ဆောင်လာခဲ့သည်ကို သူမ တကယ်ပင် မသိခဲ့ချေ။

သူမက လက်ညှိုးဖြင့် မိန်းကလေးငယ်၏ ဖောင်းမို့နေသော လက်လေးကို ညင်သာစွာ ထိလိုက်ပြီး သနားကြင်နာစွာဖြင့် ပြောလိုက်၏။ "တကယ့်ကို သနားစရာ ကလေးလေးပဲ..."

ထိုကလေးက သူစိမ်းများကိုပင် မကြောက်ဘဲ ဝိန်းယွီက သူမ၏ နူးညံ့ဖောင်းမို့နေသော လက်ဖဝါးကို ထိနေသည်ကို မြင်သောအခါ ဖောင်းမို့နေသော လက်ချောင်းလေးများကို ပိတ်ကာ ဝိန်းယွီ၏ ထိုလက်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး သူမကို ကြည့်ကာ "တခစ်ခစ်" ရယ်မောနေသည်။

ဝိန်းယွီသည် ကြည့်ရင်း စိတ်ထဲတွင် ပိုနူးညံ့သွားပြီး ဘေးက ချန်သခင်မကလည်း ရယ်မောကာ ပြောလိုက်၏။ "ဒီကလေးက မင်းသမီးက သူ့ရဲ့ ကျေးဇူးရှင်ဆိုတာကို သိနေသလိုပဲ။ မင်းသမီးကို မြင်တော့ အရမ်း ပျော်နေတာပဲ"

ကလေးက ချစ်စရာကောင်းသည်ကို မြင်ပြီး သူမ၏ ဇာစ်မြစ်ကို သိရှိသွားပြီးနောက် သူမအတွက် အခြားမိသားစုတစ်ခုကို ထပ်မံရှာဖွေပေးရန် ရည်ရွယ်ချက်ဖြင့် ချန်သခင်မက စဉ်းစားကာ ပြောလိုက်သည်။ "ကြားရတာတော့ သခင်မဖုန်းက လွန်ခဲ့တဲ့ နှစ်အတော်ကြာက ချင်းဟယ်ကို လက်ထပ်သွားတာတဲ့။ ယောက်ျားဘက်က ချင်းဟယ် ရွမ်မိသားစု ဖြစ်မယ်ထင်တယ်။ ရွမ်မိသားစုဘက်က ဒီကလေးကို တစ်ခါမှ လိုက်မရှာဘူးလား"

ဤကိစ္စကို ပြောရလျှင် ကုရှီးယွင်သည် အနည်းငယ် ဒေါသထွက်လာပြန်ပြီး ပြောလိုက်၏။ "မပြောပါနဲ့တော့။ ရွမ်မိသားစုကသာ ဒီကလေးကို အသိအမှတ်ပြုချင်ရင် သခင်လေးကျိုးက ဒီကလေးကို မွေးစားသမီးအဖြစ် ခေါ်ထားဖို့ လိုပါဦးမလား။ မာကျားလျန် တိုက်ပွဲအပြီးမှာ အဲ့ဒီ သူခိုးဖေစုန့်က ကျွန်မတို့ လျန်စစ်စခန်းနဲ့ မင်းသမီးကို အပုပ်ချတဲ့ စကားတွေ ဘယ်လောက်တောင် ပြောခဲ့လဲဆိုတာ မသိဘူး။ သခင်လေးကျိုးက ကျောင်းတော်အသီးသီးကို သွားပြီး ကျောင်းသားတွေနဲ့ ဆရာတွေကို စည်းရုံးပြောဆိုဖို့ သွားတဲ့အချိန်မှာ ချင်းဟယ်ကို ဖြတ်သွားတော့ ဒီကလေးကို ရွမ်မိသားစုဆီ ပြန်ပို့ပေးဖို့ တွေးခဲ့သေးတယ်။ ဒါပေမယ့် ရွမ်မိသားစုက တံခါးကို ပိတ်ထားပြီး လုံးဝ အတွေ့မခံဘူး။ သူတို့ရဲ့ သခင်လေးက ဖုန်းမိသားစုရဲ့ သမီးနဲ့ ကွာရှင်းထားတာ ကြာပြီ၊ အခု နောက်အိမ်ထောင်ပြုတော့မှာမို့လို့ သခင်လေးကျိုးကို ဒီကလေးကို ခေါ်ပြီး လာမနှောင့်ယှက်ပါနဲ့တော့လို့တောင် ပြောလိုက်သေးတယ်"

ချန်သခင်မက ကြားပြီးနောက် နှလုံးသားတစ်ခုလုံး နာကျင်သွားရပြီး ဝိန်းယွီ ပွေ့ချီထားသော ကလေးငယ်ကို ကြည့်လိုက်သောအခါ သနားကြင်နာမှုများ ပြည့်နှက်သွားကာ ပြောလိုက်သည်။ "ဒီလောကမှာ ဒီလောက်တောင် ရက်စက်တဲ့ မိသားစု ရှိသေးတာပဲ။ ကိုယ့်ရဲ့ သွေးသားကိုတောင် အသိအမှတ်မပြုဘူးလား"

ဝိန်းယွီသည် ရင်ခွင်ထဲရှိ သေးငယ်နူးညံ့သော ကလေးငယ်ကို ချော့မြှူနေပြီး စကားမပြောခဲ့ချေ။ အရင်က သခင်မဖုန်းသည် သမီးဖြစ်သူကို ခေါ်ကာ တောင်ပိုင်းသို့ ဘေးလွတ်ရာ ထွက်ပြေးလာခဲ့စဉ်ကတည်းက သူမ၏ ယောက်ျားဘက်မိသားစုသည် ဖေစုန့်၏ အာဏာစက်ကို ကြောက်ရွံ့နေမည်မှာ သေချာကြောင်း၊ ထို့ကြောင့် သခင်မဖုန်းသည် သမီးဖြစ်သူကို ခေါ်ကာ ကိုယ်တိုင် ထွက်သွားရခြင်း ဖြစ်နိုင်ကြောင်း သူမ ခန့်မှန်းမိခဲ့သည်။

ထို့ကြောင့် မြို့ထဲမှ ထွက်ခွာလာချိန်တွင် သခင်မဖုန်းသည် မသေဆုံးမီ ကလေးကို သူမထံသို့ အပ်နှံခဲ့ရာ သူမက ကလေးအတွက် ကောင်းမွန်သော မိသားစုတစ်စုကို ရှာဖွေပြီး မွေးစားခိုင်းမည်ဟုသာ ကတိပေးခဲ့ပြီး ယောက်ျားဘက်မိသားစုထံသို့ ပြန်ပို့ပေးမည်ဟု ကတိမပေးခဲ့ခြင်း ဖြစ်သည်။

ကုရှီးယွင်သည် ချန်သခင်မနှင့်အတူ ရွမ်မိသားစု၏ ရက်စက်ကြမ်းကြုတ်မှုများကို အတန်ကြာ ဆဲဆိုနေပြီး လည်ချောင်းခြောက်သွားမှသာ ရပ်တန့်လိုက်ကာ ချန်သခင်မ ဘေးရှိ အစေခံအိုကြီးကို လည်ချောင်းစိုစွတ်စေရန် လက်ဖက်ရည်တစ်ခွက် ငဲ့ပေးရန် တောင်းဆိုလိုက်၏။

ချန်သခင်မက ရယ်မောကာ ပြောလိုက်သည်။ "စကားပြောနေတာနဲ့ပဲ ဒီနေ့ ပြုတ်ထားတဲ့ ဝက်ခြေထောက် ဟင်းရည်ကို သောက်ဖို့တောင် မေ့သွားတယ်။ ကျွန်မ နှစ်နာရီတိတိ ပြုတ်ထားတာ။ ရှင် မြည်းကြည့်ပါဦး..."

သူမက ပြောရင်း အိုးအဖုံးကို ဖွင့်လိုက်ပြီး ကြွေပန်းကန်လုံးအဖြူလေးကို ယူကာ ကုရှီးယွင်အတွက် တစ်ပန်းကန် ခပ်ပေးရန် ပြင်လိုက်သည်။

ဝိန်းယွီသည် ကလေးကို ပွေ့ချီကာ ဘေးတွင် ထိုင်နေပြီး ထိုအနံ့ကို ရလိုက်သောအခါ ရုတ်တရက် အကြောင်းပြချက် မရှိဘဲ ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာကာ အန်လုနီးပါး ဖြစ်သွားသည်။

ဘေးရှိ အစေခံအိုကြီးက သူမ နေမကောင်းဖြစ်နေသည်ဟု ထင်မှတ်သွားပြီး သူမ လက်ထဲရှိ ကလေးကို အလျင်အမြန် လှမ်းယူလိုက်၏။

အသံကြားသောအခါ ကျောင်းပိုင်နှင့် ထုန်ချွဲတို့လည်း အနားသို့ အမြန်ရောက်လာကြပြီး ဘယ်ညာ တစ်ဖက်စီမှ သူမ၏ လက်မောင်းများကို ကိုင်ကာ ကျောကို ပုတ်ပေးပြီး အသက်ရှူမှန်စေရန် ကူညီပေးကြသည်။

ချန်သခင်မက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "မင်းသမီး ဘာမှမဖြစ်ပါဘူးနော်။ သမားတော် ခေါ်ပြီး ကြည့်ခိုင်းလိုက်ရမလား"

ကုရှီးယွင်က ဟင်းရည်ပန်းကန်လုံးကို ကိုင်ကာ ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။ "ကျွန်မ ကြည့်ရတာလည်း မင်းသမီးရဲ့ မျက်နှာအဆင်းက သိပ်မကောင်းဘူး။ သမားတော် ခေါ်ပြီး ခန္ဓာကိုယ်ကို သေချာ ပြုစုကုသခိုင်းသင့်တယ်"

ဝိန်းယွီသည် ပျို့အန်ချင်စိတ် ပြေပျောက်သွားပြီးနောက် ပြောလိုက်၏။ "မြင်းလှည်းပေါ်မှာ လေမိသွားပြီး အအေးမိသွားတာ ဖြစ်မယ်။ နောက်မှ သမားတော်ကို ဆေးတစ်ခွက် ဖော်စပ်ခိုင်းလိုက်ရင် အဆင်ပြေသွားမှာပါ"

ကုရှီးယွင်နှင့် ချန်သခင်မတို့က သူမကို ဤနေရာတွင် ဆက်နေခွင့်မပြုတော့ဘဲ ပြန်လည်အနားယူရန် တိုက်တွန်းလိုက်ကြသည်။

သူမ၏ ခြံဝင်းအတွင်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကျောင်းပိုင်က ချင်းယွင် အစောင့်တပ်ဖွဲ့မှ အမျိုးသမီးသမားတော်ကို ဝိန်းယွီအား သွေးစမ်းသပ်ပေးရန် အလျင်အမြန် ခေါ်ယူလိုက်သည်။

တစ်ဖက်လူသည် သွေးစမ်းသပ်ပြီးနောက် မျက်မှောင်များ ပိုကြုတ်လာပြီး မျက်နှာအမူအရာမှာ တစ်ဝက်က ဇဝေဇဝါဖြစ်နေပြီး တစ်ဝက်က ထိတ်လန့်တုန်လှုပ်နေပုံရသည်။

ကျောင်းပိုင်က ထိုအခြေအနေကို မြင်သောအခါ အလျင်အမြန် မေးလိုက်၏။ "မင်းသမီးရဲ့ ကျန်းမာရေးက ဘယ်လိုနေလဲ"

ဝိန်းယွီကမူ အမျိုးသမီးသမားတော်ကို တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။ ဖိန်ကျိုးသို့ စတင်ရောက်ရှိစဉ်က ခန္ဓာကိုယ် ကျန်းမာရေး သိပ်မကောင်းခဲ့သော်လည်း နေ့စဉ် အချိန်တစ်နာရီ ဖယ်ထုတ်ကာ ကျောင်းပိုင်နှင့်အတူ ခန္ဓာကိုယ် သန်စွမ်းစေသော သိုင်းပညာအချို့ကို လေ့ကျင့်ပြီးကတည်းက သူမသည် ခေါင်းကိုက်ဖျားနာခြင်းများပင် နည်းပါးသွားခဲ့သည်။

ဤမြောက်ပိုင်းသို့ ခရီးစဉ်အတွင်း သိမ်းငှက်အမဲလိုက်ခွေးများ၏ တိုက်ခိုက်မှုခံရကာ ရှောင်းလိ လက်ထဲသို့ ရောက်သွားသည့် အကြိမ်မှလွဲ၍ သူမသည် အအေးမိရောဂါ ထပ်မံ မဖြစ်ပွားခဲ့ဖူးချေ။

ဒီရက်ပိုင်းအတွင်း စိုးရိမ်ပူပန်မှုတွေ အရမ်းများသွားလို့ ပြန်ဖျားသွားတာများလား။

ထိုချင်းယွင် အစောင့် သမားတော်သည် တိုက်ရိုက် ပြန်မဖြေရဲဘဲ မိမိ၏ အဝတ်အစားပေါ်တွင် လက်မှ ချွေးများကို သုတ်လိုက်ကာ ပြောလိုက်သည်။ "ကျွန်တော်မျိုးမရဲ့ ဆေးပညာက မကျွမ်းကျင်လို့ မင်းသမီးက ကျွန်တော်မျိုးမကို နောက်တစ်ကြိမ် သွေးစမ်းသပ်ခွင့် ပြုဖို့ တောင်းဆိုပါတယ်"

ကျောင်းပိုင်နှင့် ထုန်ချွဲတို့သည် ထိုစကားကို ကြားသောအခါ ဝိန်းယွီ၏ ကျန်းမာရေးကို စိုးရိမ်သွားကြပြီး မျက်နှာအမူအရာများ အနည်းငယ် ပျက်ယွင်းသွားကြသည်။

ဝိန်းယွီကမူ မျက်နှာအမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး ထိုချင်းယွင် အစောင့်ထံသို့ ခေါင်းအနည်းငယ် ညိတ်ကာ ခွင့်ပြုလိုက်၏။

တစ်ဖက်လူသည် ဝိန်းယွီ၏ လက်ကောက်ဝတ်ပေါ်သို့ လက်သုံးချောင်းကို နောက်တစ်ကြိမ် တင်လိုက်သည်။

ဤတစ်ကြိမ် သွေးစမ်းသပ်မှုတွင် အခန်းတစ်ခုလုံး၏ လေထုမှာ ပိုမို လေးလံလာပြီး လူတိုင်းသည် အသက်ရှူသံကိုပင် အောင့်ထားကြလုနီးပါး ဖြစ်နေသည်။

သို့သော် ထိုချင်းယွင် အစောင့်၏ မျက်မှောင်များမှာ သိသိသာသာ ပိုမိုကြုတ်လာပြီး အခိုက်တန့်တွင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတော့၏။

ကျောင်းပိုင်က အော်မေးလိုက်၏။ "ဘယ်လိုလဲ"

ထိုချင်းယွင် အစောင့်သည် ကျောင်းပိုင်ကို ကြည့်လိုက်၊ ဝိန်းယွီကို ကြည့်လိုက်နှင့် တိုက်ရိုက်ပင် ခေါင်းငုံ့ကာ ဒူးထောက်ချလိုက်သည်။ "ကျွန်တော်မျိုးမရဲ့ ပညာက မကျွမ်းကျင်ပါဘူး"

ဝိန်းယွီက ကျောင်းပိုင် ဒေါသမထွက်ခင် ပြောလိုက်လေသည်။ "စမ်းသပ်လို့ ရလာတဲ့ သွေးခုန်နှုန်းက ဘယ်လိုနေလဲဆိုတာကို ညည်း ပြောပြလိုက်ပါ"

ထိုအခါမှသာ ချင်းယွင် အစောင့်သည် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ "မင်းသမီးရဲ့ သွေးခုန်နှုန်းက ချောမွေ့ပြီး လျင်မြန်တယ်။ ကျောက်စိမ်းလင်ပန်းပေါ်မှာ ပုလဲလုံးလေးတွေ လိမ့်နေသလိုမျိုး... ဒါက... ဒါက ကိုယ်ဝန်ရှိနေတဲ့ သွေးခုန်နှုန်းပါပဲ"

စကားအဆုံးတွင် အခန်းတစ်ခုလုံးသည် သေလုမတတ် တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားတော့သည်။

ကျောင်းပိုင်နှင့် ထုန်ချွဲတို့ နှစ်ဦးလုံးသည် အံ့အားသင့်သွားကြသည်။ ကျောင်းပိုင်သည် အံ့အားသင့်ပြီးနောက် အလျင်အမြန်ပင် ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး ထုန်ချွဲမှာမူ အချိန်အတော်ကြာသည်အထိ တွေဝေပြီး အံ့အားသင့်နေဆဲပင်။

အတည်ငြိမ်ဆုံး သူမှာ ဝိန်းယွီ ဖြစ်သည်။

သူမက ပြောလိုက်၏။ "သတင်းကို ဖုံးထားလိုက်။ နန်ချန်ကို မပြန်ခင် ဒီကိစ္စကို ဘယ်သူ့ကိုမှ အသိမပေးနဲ့"

ကျောင်းပိုင်က နာကျင်စွာဖြင့် ပြောလိုက်၏။ "ဒါဆို မင်းသမီး နန်ချန်ကို ပြန်ရောက်သွားပြီးရင်..."

ဝိန်းယွီက တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ ကိုယ်ဝန်နဲ့ နန်ချန်ကို ပြန်တာက ကောင်းတဲ့ ကိစ္စပါ"

ကျောင်းပိုင်သည် မယ်တော်ကြီးကျန်းက ဝိန်းယွီကို နန်ချန်၏ ဘုရင်ခံ မင်းသမီးကြီး ဖြစ်လာစေရန် ပေးထားသော စည်းကမ်းချက်ကို တွေးမိသွားပြီး အနည်းငယ် အနေရခက်စွာဖြင့် ခေါင်းငုံ့သွားကာ စကားထပ်မပြောတော့ချေ။

ကျန်းယွီ သေဆုံးသွားပြီဖြစ်ပြီး ကျန်းမယ်တော်ကြီးကလည်း ဝိန်းယွီနှင့် ကျန်းယွီတို့ကို ကလေးတစ်ယောက် အတူတူ မွေးဖွားခိုင်းခဲ့ဖူးသည်။

ထို့ကြောင့် ဝိန်းယွီက ကိုယ်ဝန်ဆောင်ခန္ဓာကိုယ်ဖြင့် နန်ချန်သို့ ပြန်သွားပြီး ကလေးက ကျန်းယွီ၏ ကလေးဟု ပြောလျှင် သက်သေပြစရာမရှိသော သေလူ၏ ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။

ထို့အပြင် ဝိန်းယွီသည် အစက ဝေ့စခန်းသို့ ရောက်ရှိသွားချိန်ကတည်းက ကျန်းယွီ၏ ကိုယ်ဝန်ဆောင် ကိုယ်လုပ်တော်အဖြစ် ဟန်ဆောင်ခဲ့ရာ ဤအရာက အတိုင်းအတာတစ်ခုအထိ မယ်တော်ကြီးနှင့် ကျန်းမိသားစုကို လှည့်စားနိုင်လိမ့်မည်။

သူတို့က သံသယရှိလျှင်တောင်မှ ကလေးက ကျန်းယွီ၏ ကလေး လုံးဝ မဟုတ်ဘူးဟု အတိအကျ မပြောနိုင်ချေ။

အခန်းတံခါးမှ ထွက်လာပြီးနောက် ကျောင်းပိုင်က ထိုချင်းယွင် အစောင့်သမားတော်မလေးကို ဝိန်းယွီအတွက် ကိုယ်ဝန်တည်ငြိမ်စေသော ဆေးရအောင် နည်းလမ်းရှာရန် မှာကြားလိုက်သည်။ တစ်ဖက်လူက သဘောတူပြီး ထွက်သွားပြီးနောက် မျက်နှာပေါ်တွင် ထိတ်လန့်နေဆဲဖြစ်ကာ သတိမဝင်သေးသော ထုန်ချွဲက တတွတ်တွတ်ဖြင့် တိုးတိုးလေး မေးလိုက်၏။ "မင်း... မင်းသမီးဗိုက်ထဲက ကလေးက... ဘယ်... ဘယ်သူ့ဟာလဲ"

ကျောင်းပိုင်၏ မျက်နှာသည် ချက်ချင်းဆိုသလို ကြောက်စရာကောင်းလောက်အောင် အေးစက်သွားတော့သည်။

...

All Chapters