← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အပိုင်း (၁၉၀.၁)

ဝေ့ကျိုး။

ကျန်းဟွိုင်သည် စာရင်းစာအုပ် အထပ်လိုက်ကို ပိုက်ကာ ဗဟိုစစ်တဲဆီသို့ သွားနေချိန်တွင် စစ်သည်အချို့က တစ်စုံတစ်ခုကို လမ်းတစ်လျှောက်လုံး သယ်လာသည်ကို တွေ့လိုက်ရသည်။

ရှေ့ဆုံးမှ တပ်မှူးငယ်က အော်ဟစ်လိုက်လေသည်။ "နှင်းကျလို့ လမ်းချော်တယ်၊ အကုန်လုံး သတိထားကြ။ ဒီသန္တာကျောက်စိမ်းတုံးကို ပြုတ်မကျစေနဲ့"

ကျန်းဟွိုင်သည် ထိုသွေးရောင် သန္တာကျောက်စိမ်းတုံးကို မှတ်မိနေ၏။ လွန်ခဲ့သောရက်အနည်းငယ်က ရှောင်းလိ မြောက်ပိုင်းဝေ့၏ နယ်စားအဖြစ် ခန့်အပ်ခံရကြောင်း သတင်းထွက်သွားပြီးနောက် ကုန်သည်များက ဂုဏ်ပြုလက်ဆောင်များ အလုအယက် လာရောက်ပို့သခဲ့ကြသည်။ ထိုသွေးရောင် သန္တာကျောက်စိမ်းတုံးသည် လူတစ်ဝက်ခန့် အရပ်အမောင်းရှိသောကြောင့် လက်ဆောင်ပစ္စည်းများထဲတွင် အလွန် သိသာထင်ရှားနေခဲ့ကာ သူ့မှတ်ဉာဏ်ထဲ၌ အတော်လေး စွဲထင်နေခဲ့သည်။

ကျန်းဟွိုင်က ထိုတပ်မှူးငယ်ကို လှမ်းခေါ်တားလိုက်သည်။ "ကျူကျွင်းက လက်ဆောင်တွေ အကုန်လုံးကို ပေါင်နှံပြီး စစ်စရိတ်အတွက် ငွေကြေးအဖြစ် ပြောင်းလဲဖို့ အမိန့်ပေးထားတာ မဟုတ်ဘူးလား။ ဒီသန္တာကျောက်စိမ်းတုံးကို ဘယ်နေရာကို ပို့မလို့လဲ"

ထိုတပ်မှူးငယ်က ကျန်းဟွိုင်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လက်နှစ်ဖက်ကို ယှက်ကာ အလျင်အမြန် အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။

"စစ်ဗျူဟာမှူးကို ဂါရဝပြုပါတယ်။ စစ်သူကြီးစုန့် စကားပါးလိုက်တာက ကျူကျွင်းက ကျောက်စိမ်းတွေကို ဂိုဒေါင်ထဲမှာ ယာယီသိမ်းထားဖို့နဲ့ ရွှေငွေပစ္စည်းတွေကို အရင်ဆုံး ပေါင်နှံပြီး ငွေကြေးပြောင်းဖို့ အမိန့်ပေးလိုက်လို့ပါတဲ့"

ကျန်းဟွိုင်သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

"ကျူကျွင်းရဲ့ စဉ်းစားတွေးခေါ်မှုက ပိုပြီး ပြည့်စုံတာပါပဲ။ စစ်ပွဲကာလမှာ ကျောက်စိမ်းတွေရဲ့ တန်ဖိုးက ကျဆင်းနိုင်လို့ အရင် သိမ်းထားလိုက်တာက ကောင်းတယ်"

သူက ထိုလူကို ညွှန်ကြားလိုက်သည်။ "မင်းတို့ သွားကြတော့"

ထိုအခါမှသာ တပ်မှူးငယ်သည် စစ်သည်အချို့ကို ဦးဆောင်ကာ ထိုသွေးရောင် သန္တာကျောက်စိမ်းတုံးကို မ,ပြီး ခပ်ဝေးဝေးသို့ ဆက်သယ်သွားကြတော့သည်။

ကျန်းဟွိုင်သည် ခြေလှမ်းများကို လှည့်ကာ ဗဟိုစစ်တဲဆီသို့ သွားလိုက်၏။ တံခါးဝရှိ သက်တော်စောင့်စစ်သည်များက လာသူမှာ သူဖြစ်နေသည်ကို မြင်သောအခါ မတားဆီးတော့ဘဲ တဲခန်းဆီးကို ကူညီမ,တင်ပေးလိုက်ကြသည်။

ကျန်းဟွိုင်က ခါးကိုကိုင်းကာ အထဲသို့ ဝင်ရောက်သွားပြီးနောက် အပြင်ဘက်မှ အေးစက်သော လေထုကြီးကို ခံစားခဲ့ရပြီးနောက် အထဲတွင်လည်း အပြင်နှင့် မတိမ်းမယိမ်း အေးစက်နေသည်ကို ချက်ချင်း ခံစားလိုက်ရလေသည်။

ကျယ်ဝန်းလှသော စစ်တဲကြီးထဲတွင် မီးဖိုတစ်ခုမျှပင် မရှိချေ။

လေမတိုက်သည်မှလွဲ၍ တဲအထဲနှင့် အပြင်သည် သိပ်ကွာခြားမှု မရှိဘဲ နှင်းဂူတစ်ခုနှင့်ပင် ဆင်တူနေ၏။

သူသည် စန္ဒကူးသစ်သားစားပွဲအနောက်တွင် ရိုးရှင်းသော အဝတ်အစားတစ်ထည်ကိုသာ ဝတ်ဆင်ကာ စစ်ရေးမှတ်တမ်းများကို ဖြေရှင်းနေသည့်လူကို ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံး အေးစက်နာကျင်လာသလိုပင် ခံစားလိုက်ရ၏။

စစ်သူကြီးတွေနဲ့ ငါတို့လို ပညာရှင်တွေက... အခြေခံအားဖြင့် မတူကြဘူးပဲ။

ထိုသို့သော အတွေးမျိုး ခေါင်းထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မနက်ပိုင်းက ဝက်ဝံတစ်ကောင်ကဲ့သို့ အဝတ်အစားများ ထူထပ်စွာ ဝတ်ဆင်ထားပြီး မြင်းကျောပေါ်သို့ တက်ချိန်၌ပင် အချမ်းဒဏ်ကြောင့် မရပ်မနား တုန်ယင်ကာ အော်ဟစ်နေခဲ့သော ကျန်းဟူကို ပြန်စဉ်းစားလိုက်မိ၏။

ဒါလည်း မဟုတ်သေးပါဘူး။

စစ်သူကြီးအချင်းချင်းလည်း... ကွာဟချက် ရှိကြတာပဲ။

ကျန်းဟွိုင်သည် ထိုသက်တော်စောင့်စစ်သည်က တဲခန်းဆီးကို မချခင် တိုးတိတ်သော အသံဖြင့် ပြစ်တင်မောင်းမဲလိုက်လေသည်။

"ဘယ်လိုဖြစ်လို့ ကျူကျွင်းရဲ့ စစ်တဲထဲမှာ မီးဖိုတစ်ခုတောင် မထားရတာလဲ။ မြန်မြန်သွားရှာချေ"

ထိုသက်တော်စောင့်စစ်သည်က စကားပြန်ပြောရန်ပင် အချိန်မရဘဲ တဲအတွင်းမှ ဩရှရှ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

"ငါက သူတို့ကို မီးဖို ပြင်ဆင်စရာမလိုဘူးလို့ ပြောထားတာပါ"

ရှောင်းလိက တဲတံခါးဝရှိ လူနှစ်ဦးကို မော့ကြည့်လိုက်ပြီး ထိုသက်တော်စောင့်စစ်သည်ကို ပြောလိုက်၏။ "မင်း သွားတော့"

သက်တော်စောင့်စစ်သည်သည် ခါးကိုင်းအရိုအသေပေးကာ တဲခန်းဆီးကို ပြန်ချပြီး နောက်ဆုတ်ထွက်ခွာသွားတော့သည်။

ထိုအခါမှသာ ရှောင်းလိက မေးလိုက်၏။ "စစ်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ စာရင်းကို ပြုစုပြီးပြီလား"

သို့သော် သူ၏ အကြည့်များက လက်ထဲရှိ အဆုံးမသတ်ရသေးသော စစ်ရေးမှတ်တမ်းပေါ်သို့ ပြန်လည်ကျရောက်သွားခဲ့ပြီး တည်ကြည်လေးနက်သော မျက်ခုံးများကြားတွင် မသိမသာသော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ဖုံးကွယ်နေလေသည်။

စားပွဲပေါ်တွင် ပြီးခဲ့သော ရက်အနည်းငယ်အတွင်းက စုပုံနေသော စစ်ရေးမှတ်တမ်းများ ပြည့်နှက်နေပြီး သူ့လက်ဘေးတွင်လည်း ဖြေရှင်းပြီးသား စာရွက်စာတမ်းများက အထပ်လိုက် ရှိနေ၏။

လျောင်ကျန်းနှင့် ဝေ့ချီရှန်းတို့ နှစ်ဦးစလုံးမှာ ရုတ်တရက် ကွယ်လွန်သွားကြသဖြင့် မြောက်ပိုင်းဝေ့၏ ဖရိုဖရဲ အခြေအနေကြီးက သည်အတိုင်း ကျန်ရစ်ခဲ့လေသည်။ သူ တာဝန်ယူပြီးနောက်ပိုင်း ယခင်က နယ်မြေအတွင်းသို့ ပြန့်ကျဲဝင်ရောက်လာခဲ့သော လူရိုင်းအုပ်စုငယ်များကို ရှင်းလင်းရန် စစ်တပ်စေလွှတ်သည့် ကိစ္စရပ်များကို မဆိုထားနှင့်၊ စစ်တပ်အတွင်း လွှဲပြောင်းလက်ခံရမည့် ကိစ္စအဝဝသည်ပင် အလွန်တရာ ရှုပ်ထွေးပွေလီလှသည်။

ကျဆုံးသွားသော စစ်သည်များအတွက် သီးခြား စာရင်းတစ်ခု ပြုစုမှတ်တမ်းတင်ရန် လိုအပ်ပြီး အမှားအယွင်းများ မရှိစေရန် ပြည်နယ်အသီးသီးရှိ စစ်သားစုဆောင်းရေး စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးရဦးမည်။

ထိုစစ်သည်များ၏ မိသားစုများထံသို့ ပေးအပ်ရမည့် ထောက်ပံ့ကြေးငွေများကို စစ်တပ်အတွင်း စားစရာပင် မရှိတော့သည့်တိုင်အောင် လုံးဝ အချိန်ဆွဲထားလို့ မရနိုင်ချေ။

ထို့အပြင် တပ်စခန်းအသီးသီးရှိ လက်နက်များနှင့် စစ်ဝတ်တန်ဆာများ ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုလည်း စာရင်းပြုစု မှတ်တမ်းတင်ရမည်ဖြစ်ကာ လက်နက်တိုက်မှ ထုတ်လုပ်ရမည့်အရာများကို ထုတ်လုပ်ပြီး အပ်ချုပ်သမားရှာကာ ချုပ်လုပ်ရမည့်အရာများကို ချုပ်လုပ်ရပေလိမ့်မည်။

ပုံမှန်အချိန်များတွင်ပင် ပြုစုစောင့်ရှောက်ရန် ငွေကြေးအမြောက်အမြား ကုန်ကျရသော ဝံပုလွေတပ်သည် တိုက်ပွဲနှစ်ကြိမ်တွင် အထိနာခဲ့ရပြီး ပြန်လည်တည်ဆောက်လိုပါက မြောက်ပိုင်းနယ်စပ်ရှိ မြင်းခြံကြီးများသို့ သွားရောက်ကာ မြင်းကောင်းများကို ရွေးချယ်ရဦးမည်။ ထို့အပြင် တပ်စခန်းအသီးသီးမှ တစ်ယောက်လျှင် ဆယ်ယောက်ကို ရင်ဆိုင်နိုင်စွမ်းရှိသော စစ်သည်များကိုပါ ရွေးချယ်ရပေဦးမည်...

ယခုအခါ ကိစ္စရပ်များအားလုံးက တစ်စုတစ်ဝေးတည်း စုပုံလာခဲ့ပြီး ဝေ့ချီရှန်းနှင့် လျောင်ကျန်းတို့၏ နာရေးကာလနှင့်လည်း တိုက်ဆိုင်နေသဖြင့် ရှောင်းလိသည် လူရိုင်းများကို တန်ပြန်တိုက်ခိုက်ခဲ့သည့် အချိန်ကာလဆီသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ရှုပ်ထွေးပွေလီလှသော်လည်း အရာအားလုံးကို သူကိုယ်တိုင် မျက်ခြည်မပြတ် ဖြေရှင်းနေရသဖြင့် ဆက်တိုက်ဆိုသလို ရက်အတော်ကြာ ကောင်းစွာ အိပ်မပျော်ခဲ့ရချေ။

ယန်လဲ့တောင် တိုက်ပွဲသည် ခက်ခဲကြမ်းတမ်းသော အောင်ပွဲတစ်ခု ဖြစ်ခဲ့သော်လည်း ဝေ့ချီရှန်း ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ခဲ့သော လော့ယန်တိုက်ပွဲကမူ အပြတ်အသတ် ရှုံးနိမ့်မှုကြီးဟု ခေါ်ဆိုနိုင်ပေသည်။

နောက်ဆက်တွဲအနေဖြင့် ဝေ့ချီရှန်း ဖျားနာကွယ်လွန်သွားခြင်းက မြောက်ပိုင်းဝေ့တစ်ခုလုံး၏ စစ်ရေးစိတ်ဓာတ်ကို လှုပ်ခတ်သွားစေပြီး စိတ်ခွန်အားများ ကျဆင်းသွားစေခဲ့သည်။

ကျဆုံးသွားသော စစ်သည်များ၏ မိသားစုများကို ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် စစ်တပ်၏ စိတ်ဓာတ်ကို တည်ငြိမ်စေခြင်းက မျက်စိရှေ့မှောက်တွင် အရေးတကြီး လိုအပ်နေသောကြောင့် ရှောင်းလိသည် ကျဆုံးစစ်သည်များ၏ စာရင်းပြုစုခြင်း ကိစ္စကို ကျန်းဟွိုင်ထံသို့ လွှဲအပ်ထားရတော့သည်။

ကျန်းဟွိုင်က ထိုစာရင်းစာအုပ်အထပ်ကို တင်ပြကာ ပြောလိုက်၏။ "ပြည်နယ်အသီးသီးက စစ်သားစုဆောင်းရေး စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးသွားပါပြီ။ စာရင်းရှင်းပြီးတာနဲ့ ထောက်ပံ့ကြေးငွေတွေကို ချထားပေးလို့ ရပါပြီ"

ရှောင်းလိက ခေါင်းပင်မမော့ဘဲ ပြောလိုက်သည်။ "ထားခဲ့လိုက်၊ နောက်မှ ငါ အကုန်လုံးကို တစ်ခါတည်း ကြည့်လိုက်မယ်"

ထိုနေ့က ဝိန်းယွီနှင့် တွေ့ဆုံပြီးနောက် တစ်စုံတစ်ရာကို အတိတ်တွင် ယတိပြတ် ချန်ရစ်ခဲ့သယောင်။ သွေးသားအသစ်များက မြောက်ပိုင်းဝေ့၏ နယ်စားဟူသော ဂုဏ်ပုဒ်အောက်တွင် ဖြည်းညင်းစွာ ရှင်သန်ကြီးထွားလာခဲ့သည်။ သူ၏ ခံစားချက်များကို အပြင်သို့ ထုတ်မပြတော့သလောက်ပင် ဖြစ်လာကာ လက်အောက်ငယ်သားများအနေဖြင့် သူ၏ စိတ်နေသဘောထားကို ခန့်မှန်းရ ပိုလို့ပင် ခက်ခဲလာစေခဲ့၏။

ကျန်းဟွိုင်က တွေဝေနေပြီးမှ အကြံပြုလိုက်သည်။ "လူရိုင်းတွေကို ဆုတ်ခွာသွားအောင် တိုက်ထုတ်နိုင်ခဲ့ပေမယ့် သူတို့က ယန်လဲ့တောင်အောက်က မြက်ခင်းတွေလိုပါပဲ၊ နှစ်တိုင်း နှင်းခဲတွေအောက်မှာ အိပ်စက်သွားပြီး နှစ်တိုင်း နွေဦးရောက်တာနဲ့ ပြန်လည် ရှင်သန်လာတတ်ကြလို့ ပေါ့ဆလို့ မရပါဘူး။ သစ္စာဖောက်ဖေစုန့်ကို နှိမ်နင်းရမယ့် စစ်ပွဲက မပြီးဆုံးသေးသလို မြောက်ပိုင်းနယ်စပ်ရဲ့ လက်ရှိအခြေအနေကလည်း မတည်ငြိမ်သေးဘူး။ အရာရာကို ပြန်လည်တည်ဆောက်ရမယ့် အချိန်ဖြစ်လို့ အားလုံးကို ကျူကျွင်းကပဲ ဦးဆောင်ရမှာမို့ ကျူကျွင်းရဲ့ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ကျွန်တော် လူတစ်ယောက်ကို မီးဖို သွားယူခိုင်းလိုက်ရမလား"

ရှောင်းလိက ပြောလိုက်၏။ "ခဏနေ ဝေ့အိမ်တော်က နာရေးကို သွားရမှာဆိုတော့ ဒုက္ခခံပြီး မလုပ်ပါနဲ့တော့"

ယနေ့သည် သူက မြောက်ပိုင်းဝေ့နယ်စားဟူသော အဆင့်အတန်းဖြင့် မြောက်ပိုင်းနယ်စပ်ရှိ အင်အားကြီး မိသားစုများကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ဝေ့ချီရှန်း၏ သားအရင်းကလည်း အရင်ကျင့်မင်းဆက်၏ သားမက်တော် အဆင့်အတန်းဖြင့် ရပ်တည်နေသေးရာ သူ၏ ဝေ့မိသားစုမှ အမတ်များသည်လည်း ကိုယ်စီ အကြံအစည်များ ရှိနေလိမ့်မည်ဟု ကျန်းဟွိုင်လည်း တွေးမိလိုက်သည်။ ယနေ့ နာရေးတွင် မည်သို့သော ပြဿနာများ ပေါ်ပေါက်လာမည်ကို အတိအကျ မပြောနိုင်သောကြောင့် သူက ပြောလိုက်သည်။

"ကျွန်တော် လာတုန်းက အင်အားကြီး မိသားစုတချို့ မြို့ထဲကို ဝင်လာပြီလို့ ကြားခဲ့တယ်။ ဒါဆိုရင် ကျူကျွင်းလည်း ထွက်ခွာဖို့ သင့်ပါပြီ"

ရှောင်းလိက အင်း ဟု အသံပြုလိုက်သော်လည်း အကြည့်များက လက်ထဲရှိ စာရွက်စာတမ်းပေါ်မှ ဖယ်ခွာမသွားသေးချေ။

ကျန်းဟွိုင်သည် သူ့ဘေးတွင် ဖြေရှင်းပြီးခါစ မှတ်တမ်းအထပ်မှာ အတော်လေး မြင့်မားနေပြီဖြစ်ကြောင်း မြင်သောအခါ အနည်းငယ် ဖယ်ရှားပေးရန် ပြင်လိုက်သော်လည်း စားပွဲထောင့်ရှိ ပန်းချီလိပ်တစ်ခုကို မတော်တဆ တိုက်မိပြီး ပြုတ်ကျသွားခဲ့သည်။

ထိုပန်းချီလိပ်မှာ ကြိုးနှင့် မချည်ထားသဖြင့် မြေပြင်ပေါ်သို့ ကျသွားပြီးနောက် အနည်းငယ် ပွင့်ဟသွားကာ သေသပ်လှပစွာ ရေးဆွဲထားသော ကျောက်ဆောင်အတုနှင့် ရွှေရောင်ကျောက်စိမ်း ပျိုနီပန်းခင်းကြီးကို မြင်တွေ့လိုက်ရပြီး ပန်းခင်းဘေးတွင် ရွှေချည်ထိုးထားသော ပိုးသားအဖြူရောင် စကတ်စကို ခပ်ရေးရေး တွေ့မြင်ရလေသည်။

ကျန်းဟွိုင်သည် မြင်လိုက်ရသော မြင်ကွင်းကြောင့် အနည်းငယ် မှင်သက်သွားပြီးနောက် ကောက်ယူရန် ဆောင့်ကြောင့်ထိုင်လိုက်သော်လည်း ရှည်လျားသွယ်လျသော လက်ချောင်းအရိုးများနှင့် အပေါ်ယံတွင် မကွာသေးသော အရောင်ရင့်ရင့် အနာဖေးများ ဖုံးလွှမ်းနေသည့် လက်တစ်ဖက်က သူ့ထက်အရင် ပန်းချီလိပ်ကို ကောက်ယူကာ ပြန်လိပ်သိမ်းလိုက်၏။

ကျန်းဟွိုင်သည် စောစောက သူ တစ်ချက်ကြည့်လိုက်စဉ် မြင်တွေ့ခဲ့ရသော ပန်းချီလိပ်အဆုံးရှိ တံဆိပ်တုံးနှင့် ရေးဆွဲခဲ့သည့် ခုနှစ်သက္ကရာဇ်ကို ပြန်လည် တွေးတောလိုက်ပြီး ထိုပန်းချီကားနှင့် ပတ်သက်ပြီး စိတ်ထဲတွင် အဖြေတစ်ခု ရရှိသွားကာ လက်နှစ်ဖက်ကို ယှက်လျက် ပြောလိုက်လေသည်။

"ကျွန်တော် သတိလက်လွတ် ဖြစ်သွားပါတယ်"

ရှောင်းလိသည် ပန်းချီလိပ်ပေါ်ရှိ ကြိုးကို နှစ်ပတ်လောက် ရစ်ပတ်လိုက်ပြီး ဘေးရှိ မြေပုံများထားသည့် ပန်းချီအိုးထဲသို့ ထည့်လိုက်သည်။ ထိုပန်းချီလိပ်နှင့် ပတ်သက်၍ များများစားစား မပြောလိုဟန်ဖြင့် သူက ပြောလိုက်၏။

"ဝေ့အိမ်တော်ကို သွားကြမယ်"

ပြောပြီးနောက် တဲနံရံတွင် ချိတ်ဆွဲထားသော ဝတ်ရုံကြီးကို ယူကာ တဲအပြင်ဘက်သို့ ဦးဆောင် ထွက်ခွာသွားတော့သည်။

ကျန်းဟွိုင်သည် ရှောင်းလိ ပန်းချီအိုးထဲသို့ ထည့်လိုက်သော ပန်းချီလိပ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကုတ်ကာ အတွေးနက်သွားသယောင်ဖြင့် ခြေလှမ်းများကို လှည့်ကာ နောက်မှ လိုက်ပါသွားခဲ့သည်။

ဝေ့အိမ်တော်သည် နေရာအနှံ့ အနီရောင်ပိုးထည်များ ချိတ်ဆွဲထားရာမှ အဖြူရောင်ပိုးထည်များ ချိတ်ဆွဲသည့် အခြေအနေသို့ ရောက်ရှိသွားခြင်းမှာ တစ်လကျော်ခန့်သာ ကြာမြင့်ခဲ့သဖြင့် လာရောက် ဂါရဝပြုကြသော ဧည့်သည်များမှာ သက်ပြင်းမချဘဲ မနေနိုင်ကြချေ။

ဝေ့သခင်မသည် သားသမီးနှစ်ဦးနှင့်အတူ ရုပ်ကလာပ်ရှေ့တွင် ဒူးထောက်ကာ မျက်ရည်များသာ တရစပ် ကျဆင်းနေပြီး နှလုံးသား သေဆုံးသွားသည်ထက်ပင် ပိုကြီးမားသော ဝမ်းနည်းပူဆွေးမှုမျိုးကို ပြသနေသဖြင့် ဧည့်သည်များကို လုံးဝ ဧည့်ခံနိုင်ခြင်း မရှိတော့ဘဲ ဝေ့ဖိန်ကျင်းနှင့် ဝေ့အန်းတို့အပေါ်တွင်သာ လုံးလုံးလျားလျား အားကိုးနေရလေသည်။

အထက်တန်းလွှာ သခင်မအချို့က နံ့သာတိုင် ထွန်းညှိပြီးနောက် သူမကို စိတ်ဖြေရန် တိုက်တွန်းသောအခါ သူမ၏ မျက်လုံးများမှာ နီရဲသွားပြီး ချက်ချင်းပင် မျက်ရည်များက ပုလဲလုံးများကဲ့သို့ ကျဆင်းလာကာ ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလိုက်၏။

"သူက ကျွန်မကို နောက်ဆုံးတစ်ကြိမ်တောင် မတွေ့လိုက်ရဘူး။ ဝေ့ချီရှန်းက သိပ်ကို ရက်စက်တာပဲ..."

ဝေ့ချီရှန်း၏ ခေါင်းတလားကို ဝမ်းနည်းဖွယ် အကြည့်များဖြင့် ကြည့်နေသော်လည်း သူမ၏ မျက်လုံးထဲတွင် အများဆုံး တွေ့ရသည်မှာ နာကြည်းမှုသာ။

ဝေ့ဖိန်ကျင်း၏ မျက်လုံးများမှာ အိပ်ရေးပျက်ထားသောကြောင့် နီရဲနေ၏။ ပြီးခဲ့သော ရက်များအတွင်း မိခင်ဖြစ်သူက လူတွေ့တိုင်း ဖခင်၏ ရက်စက်မှုကို ပြောပြကာ ငိုကြွေးနေသည်ကို အသားကျနေပြီဖြစ်ကာ ပင်ပန်းနွမ်းနယ်လွန်းသဖြင့် အနည်းငယ် ထုံထိုင်းနေသော အမူအရာဖြင့် ထိုအထက်တန်းလွှာ သခင်မကို ပြောလိုက်လေသည်။

"ဒေါ်ဒေါ်လင်း၊ အနားယူဖို့ ဧည့်ခန်းကို ပြင်ဆင်ထားပါပြီ။ ကျွန်တော် အစေခံတစ်ယောက်ကို ဒေါ်ဒေါ့်ကို လမ်းပြခိုင်းလိုက်ပါ့မယ်"

ပြောရင်းနှင့် အစေခံမလေးတစ်ဦးကို လမ်းပြရန် ခေါ်လိုက်သည်။

ထိုအထက်တန်းလွှာ သခင်မက ကောင်းပါပြီ ဟု အကြိမ်ကြိမ် ပြန်ဖြေလိုက်သည်။ ဝေ့သခင်မသည် ကလေးနှစ်ယောက် မိခင်ဖြစ်နေပြီဖြစ်သော်လည်း ပြဿနာကြုံလာချိန်တွင် အပျိုပေါက်အရွယ်ကဲ့သို့ ပြုမူနေဆဲဖြစ်သည်ကို မြင်သောအခါ သူမ၏ အကြည့်များမှာ ထူးဆန်းသွားသော်လည်း မျက်နှာပေါ်ရှိ အမူအရာကို မပျက်ယွင်းစေရန် ခဲယဉ်းစွာ ထိန်းသိမ်းထားပြီး ဝေ့သခင်မကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးပြီးနောက် အစေခံများ၏ လမ်းပြမှုဖြင့် အရင် အနားယူရန် ထွက်သွားခဲ့သည်။ ရင်းနှီးသော အခြား အထက်တန်းလွှာ သခင်မများနှင့် ဆုံတွေ့သောအခါ ရုပ်ကလာပ်ရှေ့တွင် ငိုကြွေးကာ ဝေ့ချီရှန်း၏ အပြစ်များကို ရေရွတ်နေဆဲဖြစ်သော ဝေ့သခင်မကို လှည့်ကြည့်ပြီး လူကွယ်ရာတွင် ခေါင်းခါလျက် တိုးတိုးလေး ပြောလိုက်ကြလေသည်။

"သာမန်မိသားစုက ဆင်းသက်လာတာဆိုတော့လည်း မထူးဆန်းပါဘူးလေ..."

အထက်တန်းလွှာ သခင်မတစ်ယောက်မှာ ရှိသင့်တဲ့ အမူအရာ နည်းနည်းလေးမှ မရှိဘူး။ ___ ကံကောင်းလို့သာပဲ။

ဝေ့ကျာမင်သည် မိခင်နှင့်အတူ တစ်နေရာတည်းတွင် ဒူးထောက်နေ၏။ သူမသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံပြီး ကြီးပြင်းလာသူဖြစ်သဖြင့် မိခင်ဖြစ်သူ၏ ဤကဲ့သို့ ငိုယိုနေပြီး တာဝန်မယူနိုင်သည့် ပုံစံကို မြင်သောအခါ ထိုအထက်တန်းလွှာ သခင်မများ၏ ထူးဆန်းသော အကြည့်များကို သဘာဝကျကျပင် ရိပ်မိနိုင်စွမ်း ရှိပြီး သူမကိုပါ အကဲဖြတ်သည့် အကြည့်များဖြင့် ကြည့်နေကြသည်ကိုပါ ခံစားသိရှိနိုင်လေသည်။

ဝေ့ကျာမင်သည် ဒေါသထွက်မိသလို အရှက်လည်း ရသွားခဲ့သည်။

ဝမ်းဝမ်ကျိန်းသည် ဝေ့ချီရှန်း ထုတ်ဖော်ပြသထားသော အရင်ကျင့်မင်းဆက်၏ မင်းသမီးတစ်ပါးအနေဖြင့် သူ့လို အမတ်တစ်ဦးအတွက် ဒူးထောက်ရမည့် အကြောင်းပြချက် မရှိချေ။ သူမသည် ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဘေးတွင် ရပ်နေပြီး ဝေ့ချီရှန်းအတွက် နံ့သာတိုင် လာရောက်ထွန်းညှိကြသော အရာရှိကြီးများနှင့် ဂုဏ်သရေရှိသူတိုင်းသည် သူမကို မြင်သောအခါ ဦးစွာ ခေါင်းညိတ်အရိုအသေပေးကာ "မင်းသမီး" ဟု ခေါ်ဆိုရလေသည်။

ဝမ်းဝမ်ကျိန်းက တစ်ယောက်ချင်းစီကို ခေါင်းညိတ်ပြလိုက်ပြီး ကျက်သရေရှိကာ သဘောထား ပြည့်ဝစွာဖြင့် တုံ့ပြန်လိုက်သည်။

ဝေ့ကျာမင်သည် အထက်တန်းလွှာ သခင်မ အများအပြားက တိုးတိတ်စွာ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရ၏။

"အဲ့ဒါက ပြည်သူတွေကြားထဲကနေ ပြန်ရှာတွေ့ခဲ့တဲ့ တာ့ကျင်း မင်းသမီးလား"

"သူ့ရဲ့ တစ်ကိုယ်လုံးက အရှိန်အဝါကို ကြည့်လိုက်ပါဦး၊ မမှားနိုင်ဘူး..."

ငါလို နယ်စားအိမ်တော်ရဲ့ ခရိုင်မင်းသမီးကိုတောင် ဒီလူတွေက အပြစ်ရှာတဲ့ အကြည့်တွေနဲ့ အကဲဖြတ်နေကြပြီးမှ အရင်တုန်းက ပြည်သူတွေကြားထဲက ဇာတ်သဘင်အဖွဲ့မှာ အသက်မွေးဝမ်းကျောင်းပြုခဲ့ရတဲ့၊ သူတို့အတွက် သီချင်းဆိုပေးဖို့တောင် အရည်အချင်း မပြည့်မီခဲ့တဲ့ ဇာတ်သမတစ်ယောက်ကိုကျတော့ တကယ့်ကို ရွှေကိုင်းကျောက်စိမ်းရွက်လေးလို ပြောနေကြတယ်ပေါ့လေ။

ဝေ့ကျာမင်သည် မျက်နှာဖုံးတစ်ခုကဲ့သို့ နူးညံ့သိမ်မွေ့နေသော ဝမ်းဝမ်ကျိန်း၏ မျက်နှာကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက်တွင် ရင်ထဲတွင် ကြီးမားလှသော ဒေါသတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။

ဘေးတွင် ဝေ့သခင်မက ပဝါဖြင့် မျက်လုံးများကို သုတ်ကာ အသည်းကွဲမတတ် ငိုကြွေးနေဆဲဖြစ်သည်။

"ဝေ့ချီရှန်း၊ ရှင်က ကိုယ်ချင်းစာတရား မရှိဘူး..."

ဝေ့ကျာမင်သည် သူမ၏ မိခင်အပေါ် သည်လောက်အထိ တခါမှ စိတ်မပျက်ခဲ့ဖူးချေ။ သူမ၏ ငိုကြွေးမှုက သူတို့ သားအမိသုံးယောက်စလုံးကို လူရယ်စရာတစ်ခုလို့ ဖြစ်သွားစေခဲ့သည်။

ဝေ့ကျာမင်သည် ဒေါသကို ခဲယဉ်းစွာ ဖိနှိပ်ထားရင်း ပြောလိုက်လေသည်။ "အမေ၊ မငိုပါနဲ့တော့"

ဝေ့သခင်မသည် သမီးဖြစ်သူ၏ ဒေါသတကြီး ပြောဆိုမှုကြောင့် အံ့အားသင့်သွားပြီး ဝမ်းနည်းပူဆွေးစွာ ပြောလိုက်၏။ "အမေက သူ့ကို နောက်ဆုံးတစ်ကြိမ်တောင် မတွေ့လိုက်ရဘူး။ အမေ့စိတ်ထဲမှာ ဘယ်လိုလုပ် ခံစားရ သက်သာနိုင်မှာလဲ။ သူက သမီးရဲ့ အစ်ကိုကို အိမ်ထောင်ပြုခိုင်းတာကလည်း အဲ့ဒီအတွက်ပဲ..."

ဝေ့ကျာမင်သည် မိခင်ဖြစ်သူက သူတို့ မိသားစု၏ ကိစ္စများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုပြီး ပိုအရှက်ကွဲရမည်ကို စိုးရိမ်ကာ အလောတကြီး ဖြတ်ပြောလိုက်လေသည်။ "အမေ"

ဝေ့ချီရှန်းက ကွယ်လွန်သူ ဇနီးဟောင်းအပေါ် မည်သို့ပင် ဆက်ဆံခဲ့စေကာမူ ဤဆယ်နှစ်ကျော်ကာလအတွင်း သူမနှင့် အစ်ကိုဖြစ်သူတို့သည် အပြင်လောကတွင် ဂုဏ်ကျက်သရေရှိစွာ ကြီးပြင်းလာခဲ့ရသည်။ ဝေ့ချီရှန်းသည် ဝေ့သခင်မအတွက် အပြင်လူများရှေ့တွင် ပေးသင့်ပေးထိုက်သော မျက်နှာသာပေးမှုများကိုလည်း နည်းနည်းမှ မလျှော့ထားခဲ့ချေ။

ယခု ဝေ့သခင်မသည် ဝေ့ချီရှန်း မသေဆုံးခင် သူမကို မတွေ့ခဲ့ရသည့် ဝမ်းနည်းမှုအတွက် မိမိကိုယ်ကို သနားကာ စကားများကို မဆင်မခြင် ပြောဆိုနေပြီး အရာအားလုံးကို ထုတ်ဖော်ပြောဆိုလုနီးပါး ဖြစ်နေသဖြင့် ဝေ့ကျာမင်သည် ဒေါသကြောင့် ခေါင်းတစ်ခုလုံး အူထွက်သွားသလို ခံစားလိုက်ရ၏။

သူမ၏ လေသံသည် ယခင်ကထက် ပိုပြီး ပြင်းထန်နေတော့သည်။ ဝေ့သခင်မသည် သူမကို ခဏတာ ကြောင်အမ်းအမ်း ကြည့်နေပြီးနောက် ရုတ်တရက် ပဝါဖြင့် မျက်နှာကို ဖုံးကာ ငိုကြွေးလိုက်၏။ "သူက အမေ့ကို ရွံရှာတာက ထားလိုက်တော့၊ သမီးတို့ကလည်း အမေ့ကို အမေတစ်ယောက်အနေနဲ့ ရွံရှာနေကြတာလား"

သားအမိနှစ်ယောက်ကြားက အငြင်းပွားမှုသည် လူအများအာရုံကို ဆွဲဆောင်ထားတော့သည်။ ဤနေရာက ရုပ်ကလာပ်ထားရှိရာ နေရာဖြစ်ပြီး နံ့သာတိုင် လာရောက်ထွန်းညှိသော ဧည့်သည်များလည်း အများအပြား ရှိနေသေးသည်။

ဝေ့ကျာမင်သည် မျက်နှာတစ်ခုလုံး ပူထူသွားသည်ဟုသာ ခံစားလိုက်ရပြီး ဝေ့သခင်မကြောင့် ဒေါသထွက်လွန်းသဖြင့် ငိုချလုနီးပါး ဖြစ်သွားကာ ချက်ချင်း ထရပ်ပြီး ပြေးထွက်သွားတော့သည်။

"မင်မင်" ဧည့်သည်များကို ပို့ဆောင်ပြီးခါစဖြစ်သော ဝေ့ဖိန်ကျင်းသည် အငြင်းပွားသံကို ကြားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဘာအကြောင်းကြောင့်မှန်းမသိ ရန်ဖြစ်နေကြသည့် သားအမိနှစ်ယောက်ကို တွေ့လိုက်ရလေသည်။

ဝေ့သခင်မသည် ဒေါသတကြီး ထွက်သွားသော သမီးဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း ဖျာပေါ်တွင် ဒူးထောက်ကာ ဝမ်းနည်းပူဆွေးစွာဖြင့် ငိုကြွေးလျက် ပြောလိုက်၏။

"သမီးတို့က အမေ့ကို ရွံရှာကြတယ်... အကုန်လုံးက အမေ့ကို ရွံရှာကြတယ်..."

ဝေ့ဖိန်ကျင်းသည် ရုပ်ကလာပ်စောင့်ရသော ဤရက်များအတွင်း ကောင်းကောင်း မအိပ်ရသေးချေ။ ယခု ဝေ့သခင်မ ဤသို့ ငိုကြွေးနေသည်ကို ထပ်မံကြားရသောအခါ ခေါင်းမူးနေသည်ကို သည်းခံကာ ဝေ့သခင်မကို နှစ်သိမ့်ပေးပြီး ဘာဖြစ်တာလဲဟု မေးရန် ပြင်လိုက်စဉ် ခြံဝင်းအပြင်ဘက်မှ သတင်းပို့သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

"နယ်စားမင်း ရောက်လာပါပြီ—"

ဝေ့ဖိန်ကျင်း၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို အေးစက်ခက်ထန်သွားလေတော့သည်။

...

အပိုင်း (၁၉၀.၂)

ဝမ်းဝမ်ကျိန်းသည် သူ့အနားသို့ အချိန်မီ လျှောက်သွားလိုက်ပြီး ခုနကကိစ္စကို တိုးတိုးလေး ပြောပြလိုက်ပြီးနောက် နူးညံ့စွာ ပြောလိုက်လေသည်။

"အမေက အရမ်းဝမ်းနည်းနေတယ်။ ကျွန်မ အမေ့ကို အခန်းထဲ ပြန်နားဖို့ အရင် တွဲပို့ပေးလိုက်မယ်၊ အမေ့ကို နေရာချထားပေးပြီးရင် ခရိုင်မင်းသမီးကို သွားကြည့်လိုက်ဦးမယ်"

ဝေ့ဖိန်ကျင်းသည် နားထောင်ပြီးနောက် မျက်နှာပျက်သွားကာ ခေါင်းညိတ်သဘောတူလိုက်သည်။ သူသည် ဝမ်းဝမ်ကျိန်းဆိုသည့် ဇာတ်သမကို လုံးဝမနှစ်မြို့သော်လည်း ဝေ့သခင်မကသာ ဂရုမစိုက်ဘဲ အရာအားလုံးကို ဖွင့်ချလိုက်မည်ဆိုပါက ယနေ့ သူဆုံးရှုံးရမည့်အရာမှာ မျက်နှာသာမကဘဲ ဝေ့ချီရှန်းက ကျင့်မင်းဆက်ကို ပြန်လည်တည်ထောင်ရန် ကြံစည်ထားသည့် အာဏာစက်အားလုံးပါ ပါသွားလိမ့်မည်။

ခြံဝင်းတံခါးဝတွင် နာရေးလာသူ ဧည့်သည်များအားလုံးက အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြပြီး ရှောင်းလိသည် အနက်ရောင်ဝတ်ရုံကို ခြုံကာ လက်အောက်ခံစစ်သူကြီး အနည်းငယ်ကို ခေါ်ဆောင်လျက် လပြည့်ဝန်းပုံတံခါးပေါက်အတွင်းသို့ လှမ်းဝင်လာခဲ့၏။ ဝေ့ဖိန်ကျင်း၏ မျက်နှာအမူအရာသည် အလိုအလျောက် တင်းမာသွားခဲ့ပြီး ဝမ်းဝမ်ကျိန်းကလည်း ဝင်ပေါက်ဆီသို့ အမူအရာမပျက် တစ်ချက် ကြည့်လိုက်ပြီးမှ ဝေ့သခင်မကို တွဲရန် လှည့်ထွက်လာခဲ့လိုက်သည်။

ဝေ့သခင်မသည် ငိုကြွေးနေဆဲဖြစ်သော်လည်း သူမကိုယ်သူမ အလွန်အမင်း ဝမ်းနည်းလွန်းနေမှန်း သိနေခဲ့သည်။ သားသမီးများရှေ့တွင် ထိုအရာများကို ညည်းတွားပြောဆိုတတ်သော အကျင့်ရှိသဖြင့် ယနေ့ အချိန်နေရာကိုမေ့ကာ စကားမှားလုနီးပါး ဖြစ်သွားခဲ့ရသောကြောင့် ယခု ဝမ်းဝမ်ကျိန်းက သူမကို လာတွဲသောအခါ သူမက မငြင်းဆန်ခဲ့ပေ။

ဝေ့အန်းသည် ရှောင်းလိကို ကြိုဆိုရန် ကိုယ်တိုင် ရှေ့သို့ ထွက်လာခဲ့ပြီး လူများကို အတွင်းသို့ ခေါ်ဆောင်သွားရင်း ရှင်းပြလိုက်လေသည်။

"သခင်မက နယ်စားကြီးရဲ့ ခေါင်းတလားကို မြင်တာနဲ့ ဝမ်းနည်းနေလို့လေ။ သခင်... ကြင်ရာတော်က သခင်မ ဝမ်းနည်းလွန်းပြီး ကျန်းမာရေး ထိခိုက်သွားမှာ စိုးရိမ်လို့ မင်းသမီးကို သခင်မကို အရင်ခေါ်သွားဖို့ ခိုင်းလိုက်တာပါ"

စကားပြောနေစဉ်မှာပင် နာရေးခန်းမဆောင်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ဝေ့ဖိန်ကျင်းသည် နာရေးဝတ်စုံကို ဝတ်ဆင်ကာ လှေကားထစ်တွင် ရပ်နေခဲ့သည်။ ရှောင်းလိက သူ့ကို ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး ခေါ်လိုက်လေသည်။

"ကြင်ရာတော်"

ဝေ့ဖိန်ကျင်း၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးတွင် အပြုံးတစ်ခုကိုပင် မဖန်တီးနိုင်ခဲ့ပေ။ သို့သော် ဤသည်မှာ ဝေ့ချီရှန်း၏ နာရေးကာလဖြစ်သောကြောင့် သူ၏အပြုအမူက အလွန်အကျွံ အချိုးမပြေဖြစ်နေသည်ဟု မဆိုနိုင်ချေ။ သူက အတွင်းဘက်သို့ လက်ကို မြှောက်ပြကာ အားတင်းပြီး ပြောလိုက်လေသည်။ "အဖေ့ကို သွားပြီး အမွှေးတိုင် ထွန်းပေးလိုက်ပါ"

ရှောင်းလိသည် နောက်ပိုင်းတွင် ဝေ့ချီရှန်းနှင့် သဘောထားကွဲလွဲခဲ့သော်လည်း အစပိုင်းတွင် ဝေ့ချီရှန်း၏ မွေးစားသားအဖြစ် လက်ခံခဲ့ပြီး ယခုအခါ မြောက်ပိုင်ဝေ့၏ အရှင်သခင်ရာထူးကို ဆက်ခံခဲ့သဖြင့် အပြင်လများများအမြင်တွင် သူသည် ဝေ့ချီရှန်း၏ မွေးစားသား ဖြစ်နေဆဲပင်။ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သူများက ဝေ့ချီရှန်း၏ ဤ "သား" နှစ်ယောက်က ပေါ်တင်တစ်မျိုး၊ တိတ်တဆိတ်တစ်ဖုံ အားပြိုင်တိုက်ခိုက်ကြမည်ကို စောင့်ကြည့်နေကြဆဲ။ အတွင်းရေးကို စောစောကတည်းက သိထားသူများကတော့ ၎င်းသည် ရှောင်းလိက ဝေ့မိသားစုကို နောက်ဆုံးထွက်သက် ဆက်လက်ရှင်သန်ခွင့်ပေးရန် ကတိပြုထားခြင်းသာဖြစ်ကြောင်း နားလည်ထားကြ၏။

ဝေ့ချီရှန်းနှင့် လျောင်ကျန်းတို့၏ သေဆုံးမှုက မြောက်ပိုင်ဝေ့အပေါ် သက်ရောက်မှုသည် လူတိုင်းက ထင်ထားသည်ထက် ပိုပြင်းထန်ခဲ့သည်။ လက်ရှိတွင် ရှောင်းလိက အခြေအနေတစ်ရပ်လုံးကို ခိုင်မာစွာ ထိန်းချုပ်ထားနိုင်သောကြောင့်သာ လက်အောက်ခံများ၏ စိတ်ဓာတ်များ လုံးဝ ပြိုကွဲမသွားခဲ့ခြင်း ဖြစ်သည်။ ရှောင်းလိသည် အစေခံပေးသော အမွှေးတိုင်ကို ယူလိုက်ပြီးနောက် ဖယောင်းတိုင်ရှေ့တွင် မီးညှိကာ ဝေ့ချီရှန်းနှင့် လျောင်ကျန်းတို့၏ ခေါင်းတလားများကို သုံးကြိမ် ဦးချပြီး အမွှေးတိုင်ခွက်ထဲသို့ ထိုးစိုက်လိုက်သည်။

ဝေ့အန်းသည် ဝေ့ဖိန်ကျင်းက ရှောင်းလိနှင့် စကားပြောရာတွင် တောင့်တင်းနေသည်ကို ရိပ်မိလိုက်သည်။ ဝေ့ချီရှန်းက နောက်ဆုံးရက်များတွင် သူ့ကို အကြိမ်ကြိမ် မှာကြားခဲ့သော်လည်း နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့သော စရိုက်လက္ခဏာကို တစ်ရက်နှစ်ရက်အတွင်း မည်သို့ ပြောင်းလဲနိုင်ပါမည်နည်း။ သူသည် ထိုနှစ်ယောက်ကို အချိန်ကြာကြာ အတူမထားရဲသဖြင့် ရှောင်းလိ အမွှေးတိုင်ထွန်းပြီးသည်နှင့် ကြွပါဟူသော လက်ဟန်အမူအရာဖြင့် ရှောင်းလိကို အပြင်သို့ ခေါ်ဆောင်သွားရင်း ပြောလိုက်လေသည်။

"ဒီနေ့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေလည်း ရောက်လာကြတယ်။ ကျူကျွင်းက သူတို့ကို တစ်ပါတည်း တွေ့ဆုံလို့ရပါတယ်..."

ရှောင်းလိ နာရေးခန်းမဆောင်မှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ခြံဝင်းအပြင်ဘက်တွင် ပွဲကြည့်ရန် ရပ်နေခဲ့ကြသော ဧည့်သည်များလည်း လူစုကွဲသွားကြပြီး ယခင်က ဆူညံနေခဲ့သော ခြံဝင်းလေးမှာ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားတော့သည်။ နောင်တစ်ချိန်တွင် လောကကြီးကို လုယူမည့် အရင်ကျင့်မင်းဆက်၏ ကြင်ရာတော်ဖြစ်သော သူသည် အများရှေ့တွင် ပြသထားသည့် လူရွှင်တော်တစ်ဦးသာဖြစ်ကြောင်း လူတိုင်း သိနေသည့်အလားပင်။ ဝေ့ဖိန်ကျင်းသည် ဖခင်ဖြစ်သူ၏ ခေါင်းတလားကို ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများဖြင့်ပင် ဖုံးကွယ်၍မရနိုင်သော အရှက်ရမှုများ ရှိနေလေသည်။

ဝေ့ကျာမင်သည် ရင်ထဲတွင် မွန်းကျပ်နေမှုကို မျိုသိပ်ထားရင်း ဇီးသီးတောထဲသို့ ပြေးဝင်ပုန်းအောင်းကာ အားရပါးရ ငိုကြွေးလိုက်၏။

သူမ စောစောက နာရေးခန်းမဆောင်တွင် ဒေါသထွက်ခဲ့ခြင်းမှာ ဝေ့သခင်မကို ဒေါသထွက်ရသည်ထက် ထိုအထက်တန်းလွှာ သခင်မများ၏ မျက်နှာလိုမျက်နှာရလုပ်တတ်သော အကျင့်ကို ပိုမုန်းတီးသောကြောင့်ပင်။ ယခင်က ဖခင်ရှိနေစဉ်အချိန်က သူမသည် မြောက်ပိုင်းတစ်ခွင်လုံး၏ တောက်ပသော ပုလဲတစ်လုံးဖြစ်ခဲ့ပြီး ထိုသခင်မများက သူမကို အမြဲတမ်း ချီးကျူးမဆုံး ဖြစ်ခဲ့ကြ၏။ တစ်နှစ်ပတ်လုံး မည်သည့်ပွဲလမ်းသဘင်ရှိရှိ သူမကို တက်ရောက်ရန် ဖိတ်စာများ သေချာပေါက် ပေးပို့တတ်ကြပြီး မျက်နှာပြောင်တိုက်ကာ သူတို့၏သားများနှင့် စေ့စပ်ပေးရန် အောင်သွယ်များကို အကြိမ်ကြိမ် စေလွှတ်တတ်ကြသည်။ ယခု ဖခင် ကွယ်လွန်သွားသည်နှင့် ထိုအထက်တန်းလွှာ သခင်မများသည် သူမကို သည်လောက်အထိ ပြောင်ပြောင်တင်းတင်း အကဲခတ်ရဲနေကြပြီ။

ဝေ့ကျာမင်သည် တွေးလေလေ ပိုဝမ်းနည်းလာလေလေဖြစ်ကာ အပြင်းအထန် ငိုကြွေးနေစဉ် ကျောက်ဆောင်တုနှင့် ဇီးပင်များ ကွယ်နေသော ကျောက်ပြားခင်းလမ်း တစ်ဖက်မှ စကားပြောသံများကို သဲ့သဲ့လေး ကြားလိုက်ရသည်။

"ဝေ့အိမ်တော်က ဒီဇီသီးတောကို တော်တော် သေသပ်လှပအောင် ပြုစုထားတာပဲ"

"အဲ့ဒီ ဇီးပင်တွေက ဆယ်စုနှစ်ချီနေတဲ့ အပင်အိုကြီးတွေဆိုတာ မမြင်ဘူးလား။ ကြားတာတော့ ဝေ့နယ်စားရဲ့ အရင်သခင်မ စိုက်ထားတာတဲ့"

စကားပြောသံများ နီးကပ်လာသောအခါ ဝေ့ကျာမင်သည် ကျောက်ဆောင်တုနောက်တွင် ပုန်းအောင်းနေရင်း ကျောက်ဆောင်တုနှင့် ဇီးကိုင်းများကွယ်နေသည်ကို အခွင့်ကောင်းယူကာ ကြည့်လိုက်သည်တွင် နာရေးလာသော အထက်တန်းလွှာ သခင်မနှစ်ဦးဖြစ်နေပြီး ထိုင်ရတာ ပျင်းရိလာသဖြင့် ဇီသီးဥယျာဉ်ဘက်သို့ လမ်းလျှောက်ထွက်လာခြင်း ဖြစ်ပုံရသည်။ မကြာသေးမီက နှင်းများ ထူထပ်စွာကျဆင်းခဲ့သဖြင့် အိမ်တော်ထိန်းက ဧည့်သည်များ ဇီပန်းများကို လာရောက်ကြည့်ရှုကြမည်ကို ကြိုတင်ခန့်မှန်းထားသောကြောင့် မနက်စောစောကတည်းက ကျောက်ပြားခင်းလမ်းပေါ်ရှိ နှင်းများကို ရှင်းလင်းထားရန် အစေခံများကို အမိန့်ပေးထားခဲ့သည်။ ထို့ကြောင့် ယခု နှင်းများ ပြန်ကျနေသော်လည်း ကျောက်ပြားခင်းလမ်းလေးပေါ်တွင် နှင်းများ မစုပုံသေးသဖြင့် ဝေ့ကျာမင် စောစောက လာခဲ့စဉ်က ခြေရာများ မကျန်ရစ်ခဲ့ချေ။

ထိုအထက်တန်းလွှာ သခင်မနှစ်ဦးသည် ဤတောအုပ်ထဲတွင် အခြားသူမရှိဟု ထင်မှတ်ထားပုံရသဖြင့် စကားပြောရာတွင် စိုးရိမ်ပူပန်မှု မရှိတော့ဘဲ သူတို့ထဲမှ တစ်ဦးက ပြောလိုက်လေသည်။

"အခု ဝေ့နယ်စားရဲ့ လက်ရှိသခင်မက တော်တော် သဘောထားကြီးတာပဲ။ ဒီနေ့ နာရေးမှာ သူ့ရဲ့ သိမ်ငယ်တဲ့ ပုံစံကို ကြည့်ပြီး သူက တခြားလူတွေကို လက်ခံနိုင်မယ့်လူ မဟုတ်ဘူးလို့ ငါ ထင်ခဲ့တာ"

ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အခြား အထက်တန်းလွှာ သခင်မက ပြောလိုက်လေသည်။

"ဘယ်လောက်ပဲ လက်မခံနိုင်ဘူးဆိုဆို အရင်နဲ့ အနောက်တော့ ခွဲခြားရမယ် မဟုတ်ဘူးလား။ သူက နောက်ကောက်မယားလေ၊ အရင်သခင်မကို ကျော်လွန်သွားနိုင်ဦးမှာလား"

စောစောက စကားပြောခဲ့သော အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အထက်တန်းလွှာ သခင်မက ခေါင်းယမ်းကာ ပြောလိုက်လေသည်။

"လူတွေရှေ့မှာတောင် ဒီလိုဖြစ်နေတာ၊ ကွယ်ရာမှာ သူ့သားသမီးတွေကို ဘယ်လိုများ သွန်သင်ဆုံးမနေလဲ မသိဘူး။ အဲ့ဒီ ခရိုင်မင်းသမီးကျာမင်က အရင်ကတည်းက မောက်မာတဲ့ စရိုက်နဲ့ ကြီးပြင်းလာတာ။ မျက်လုံးက ခေါင်းပေါ်ရောက်နေပြီး မြောက်ပိုင်းက လူငယ်တွေကို တစ်ယောက်ပြီးတစ်ယောက် ရွေးချယ်ခဲ့တာတောင် သူ့စိတ်ကြိုက် ယောက်ျားကို ရှာမတွေ့ခဲ့ဘူး။ အခု ဝေ့နယ်စား ကွယ်လွန်သွားပြီဆိုတော့ သုံးနှစ်တာ ဝမ်းနည်းပူဆွေးမှု မစောင့်ထိန်းဘူးဆိုရင်တောင် သင့်တော်တဲ့ ယောက္ခမအိမ်ကို ရှာတွေ့ဖို့ ခက်သွားလောက်ပြီ"

ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အထက်တန်းလွှာ သခင်မက ပြောလိုက်လေသည်။ "ကြားတာတော့ ဝေ့နယ်စား ရှိနေတုန်းက ခရိုင်မင်းသမီးကျာမင်နဲ့ သူ့ရဲ့မွေးစားသားကို စေ့စပ်ပေးချင်ခဲ့တာတဲ့။ ဒါပေမယ့် သူ့ရဲ့မွေးစားသားက ငြင်းလိုက်တယ်လို့ ကြားတယ်"

အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အထက်တန်းလွှာ သခင်မသည် ထိုစကားကို ကြားသောအခါ ဖူးခနဲ ရယ်မောလိုက်ပြီး ပိုးပဝါဖြင့် နှုတ်ခမ်းကို တစ်ဝက်ဖုံးကာ ပြောလိုက်လေသည်။

"ဒီလိုကိစ္စမျိုး ရှိတာလား။ သူလည်း ခရိုင်မင်းသမီးကျာမင်ရဲ့ မောက်မာတဲ့ နာမည်ဆိုးကို စောစောကတည်းက ကြားထားလို့များလား"

ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အထက်တန်းလွှာ သခင်မသည် အလွန်လှပစွာ ပွင့်နေသော ဇီကိုင်းတစ်ကိုင်းကို ချိုးယူလိုက်ပြီး ပြောလိုက်လေသည်။

"စောစောစီးစီး မလှောင်ပါနဲ့ဦး။ ဝေ့နယ်စားရဲ့ မွေးစားသားက အခု မြောက်ပိုင်ဝေ့ရဲ့ အရှင်သခင်အသစ် ရာထူးကို ဆက်ခံလိုက်ပြီဆိုတော့ ဝေ့မိသားစုက ဒီလောက်အထိ စိတ်ချနေတာကို ကြည့်ရင် သူတို့နှစ်ယောက်ရဲ့ မင်္ဂလာကိစ္စက အတည်ဖြစ်နေနိုင်သေးတယ်"

အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အထက်တန်းလွှာ သခင်မက ဟွန့်ခနဲ အသံပြုကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

"ဒါဆိုရင် သူတို့ရဲ့ မင်္ဂလာကိစ္စ တကယ်ဖြစ်လာတော့မှပဲ ဆက်ပြောကြတာပေါ့"

သူတို့နှစ်ဦး စကားပြောနေစဉ် ထိုကျောက်ဆောင်တုနှင့် ပိုဝေးကွာသွားခဲ့ပြီး ကျောက်ဆောင်တုနောက်တွင် ပုန်းအောင်းနေသော ဝေ့ကျာမင်သည် ဒေါသထွက်လွန်းသဖြင့် သူမလက်နားရှိ ဇီကိုင်းကို ချိုးပစ်လိုက်သည်။ သူမ၏ ရင်ဘတ်ထဲတွင် မီးလောင်ခံထားရသကဲ့သို့ မွန်းကျပ်ပြီး အသက်ရှူကျပ်ကာ စူးရှစွာ နာကျင်နေခဲ့၏။ သူမသည် ထွက်ခွာသွားသော ထိုနှစ်ဦး၏ ကျောပြင်များကို ရန်လိုစွာ စိုက်ကြည့်လိုက်ပြီး ဇီသီးတော ဝင်ပေါက်ဘက်သို့ အသံမထွက်ဘဲ အလျင်စလို ထွက်ခွာသွားခဲ့သည်။

ထိုအထက်တန်းလွှာ သခင်မနှစ်ဦးသည် တောအုပ်ထဲတွင် ဇီပန်းများကို ကြည့်ရှုနေကြဆဲဖြစ်ပြီး သူတို့ စောစောက ပြောခဲ့သော စကားများအားလုံးကို ဝေ့ကျာမင် ကြားသွားခဲ့သည် လုံးဝ မသိခဲ့ကြချေ။ ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အထက်တန်းလွှာ သခင်မက အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော သခင်မကို မေးလိုက်လေသည်။

"ရှင့်လေသံကို နားထောင်ရတာ ခရိုင်မင်းသမီးကျာမင်ကို တော်တော်လေး သဘောမကျတဲ့ပုံပဲ"

ဤကိစ္စကို ပြောလိုက်သောအခါ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော သခင်မသည် ရင်ထဲတွင် မွန်းကျပ်သွားပြီး ပြောလိုက်လေသည်။

"အရင်နှစ် နွေဦးပေါက်တုန်းက ဝေ့နယ်စားအိမ်တော်မှာ ကျင်းပတဲ့ မြင်းပိုလိုပြိုင်ပွဲမှာ ကျွန်မသမီးလင်အာက မြင်းပိုလို ကစားတာ တော်တယ်လေ။ သူက ခရိုင်မင်းသမီးကျာမင်ဆီက ဘောလုံးတစ်လုံးကို လုလိုက်မိတော့ ချက်ချင်းပဲ မြင်းနဲ့ အတိုက်ခံရပြီး မြင်းပေါ်က ပြုတ်ကျသွားတာပဲ။ အဲ့ဒီနောက် သူက မြင်းကို ကျွန်မသမီးလင်အာဆီ တည့်တည့်စီးသွားတော့ မြင်းခွာက ကျွန်မသမီးလင်အာရဲ့ မျက်နှာပေါ် နင်းမိမလို့ ဖြစ်သွားတာပဲ"

ယနေ့အချိန်အထိ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော သခင်မသည် ထိုကိစ္စကို ပြောပြရာတွင် ရင်နာမဆုံး ဖြစ်နေဆဲပင်။

"ကျွန်မအိမ်က အဲ့ဒီ အသုံးမကျတဲ့ ယောက်ျားက သမီးအတွက် တရားမျှတမှု မတောင်းဆိုရဲတဲ့အပြင် ကိုယ့်မျက်နှာကိုယ် အရှက်ခွဲပြီး ဘောလုံးကွင်းထဲမှာ တုတ်တွေက မျက်စိမပါဘူးဆိုပြီး ဝင်ရှင်းပြနေသေးတယ်။ သမီးလေး အသက်အန္တရာယ် ကြုံရလုနီးပါး ဖြစ်သွားတာကို သူက မမြင်ဘဲ ခရိုင်မင်းသမီးကျာမင် လန့်သွားမှာကိုတောင် စိုးရိမ်နေသေးတယ်လေ..."

______

ဝမ်းဝမ်ကျိန်းသည် ဝေ့သခင်မကို အခန်းသို့ ပြန်ပို့ပေးပြီးနောက် ကုတင်ခန်းဆီးကို ချပေးရင်း ပြောလိုက်လေသည်။

"ဒါဆိုရင် သခင်မ အရင်နားလိုက်ပါ။ ကျွန်မ ခရိုင်မင်းသမီးကို သွားရှာလိုက်ဦးမယ်"

ကွယ်ရာတွင် သူမသည် ဝေ့သခင်မကို သခင်မ ဟုသာ ခေါ်ဆိုဆဲဖြစ်ပြီး သူမ၏ ယဉ်ကျေးမှုက အလွန် ပြည့်စုံလွန်းသဖြင့် ဝေ့သခင်မက သူမကို ထိုမျှလောက် မနှစ်မြို့သော်လည်း အမှားတစ်စက်လေးပင် ရှာမတွေ့နိုင်ခဲ့ချေ။ သို့သော် ဝေ့သခင်မသည် ဝမ်းဝမ်ကျိန်းကို သိပ်ဂရုမစိုက်ချင်သဖြင့် မျက်လုံးတစ်ဝက်ပိတ်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး သူမ၏ ကိုယ်ပိုင်အစေခံမလေးကို ရေနွေးကြမ်း ဖျော်လာရန် ခေါ်လိုက်သည်။ ဝမ်းဝမ်ကျိန်းသည် သူမကိုယ်တိုင် ဖျော်ထားပြီး ကုတင်ဘေး စားပွဲမြင့်ပေါ်တွင် တင်ထားသော ရေနွေးကြမ်းခွက်ကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ ရိုသေကျိုးနွံသော အမူအရာဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။

ဝေ့ကျာမင်သည် ဘယ်နေရာမှ ပြေးပြန်လာမှန်း မသိရဘဲ သူမ၏ ဘွတ်ဖိနပ်ပေါ်တွင် နှင်းရွှံ့များ အများအပြား ပေကျံနေကာ ခြံဝင်းထဲသို့ ဝင်လာသည်နှင့် မျက်လုံးများ နီရဲလျက် အမေ ဟု အော်ခေါ်လိုက်၏။ ဝမ်းဝမ်ကျိန်းသည် ဝေ့ကျာမင်က သူမ၏ ဘေးမှ အလျင်စလို ဖြတ်လျှောက်သွားချိန်တွင် ကိုယ်ကိုကိုင်းညွှတ်ကာ ခရိုင်မင်းသမီး ဟု နှုတ်ဆက်လိုက်၏။ သို့သော် ဝေ့ကျာမင်သည် မကြားသည့်နှယ် သူမကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ အခန်းထဲသို့ ပြေးဝင်သွားပြီးနောက် ဝေ့သခင်မ၏ ဘေးတွင် မှောက်လျက် အားရပါးရ ငိုကြွေးလေတော့သည်။

ဝေ့သခင်မသည် သမီးဖြစ်သူ ပြန်လာကာ သည်လို ငိုကြွေးနေသည်ကို မြင်သောအခါ ချက်ချင်းပင် မျက်ရည်များ ကျလာပြီး ဝေ့ကျာမင်၏ ဆံပင်များကို ပွတ်သပ်နှစ်သိမ့်ပေးရင်း ဘယ်သွားခဲ့သလဲဟု မေးလိုက်၏။ ဝမ်းဝမ်ကျိန်းသည် တံခါးဝတွင် ရပ်နေခြင်းက လူပိုတစ်ယောက်လို ဖြစ်နေသည်ကို သိလိုက်သဖြင့် ပြောလိုက်လေသည်။

"ခရိုင်မင်းသမီး ပြန်လာပြီဆိုတော့ ကျွန်မလည်း စိတ်ချသွားပါပြီ။ သခင်ကြီးဆီ သွားပြီး ကူညီလိုက်ဦးမယ်"

ထိုသို့ပြောပြီးနောက် သူမသည် အခန်းတံခါးကို ပိတ်လိုက်သော်လည်း ခဏစဉ်းစားလိုက်ကာ ထွက်မသွားသေးဘဲ သူမ၏ ကိုယ်ပိုင်အစေခံမလေးကို အရင်ထွက်သွားရန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။

အခန်းတွင်း၌ ဝေ့ကျာမင်သည် ဝေ့သခင်မ၏ ရင်ခွင်ထဲတွင် တစ်အောင့်ခန့် ငိုကြွေးပြီးနောက် ရှိုက်ကြီးတငင် ပြောလိုက်လေသည်။

"အမေ၊ အဖေလည်း ကွယ်လွန်သွားရော လူတိုင်းက သမီးတို့ကို လှောင်ပြောင်ဖို့ လုပ်နေကြပြီ"

သူမသည် မျက်ရည်များကို ကြမ်းတမ်းစွာ သုတ်ပစ်လိုက်ပြီး ပြောလိုက်လေသည်။

"ကျွသမီး သူတို့ လှောင်ပြောင်တာ မခံနိုင်ဘူး။ အစ်ကို့ရဲ့ နယ်စားမင်းနေရာကို လုသွားတဲ့ အဲ့ဒီ တောသားကောင်ကိုပဲ သမီး လက်ထပ်တော့မယ်"

ဝေ့သခင်မသည် ရင်ထဲတွင် ဝမ်းနည်းလာကာ သမီးဖြစ်သူကို ဖက်ပြီး ငိုကြွေးလျက် ပြောလိုက်လေသည်။

"ကံဆိုးလိုက်တဲ့ ငါ့သမီး မင်မင်လေး..."

သို့သော် ဝေ့ကျာမင်သည် သေသေချာချာ စဉ်းစားပြီးမှ ချမှတ်ထားသော ဆုံးဖြတ်ချက်တစ်ခုလိုပင် သူမ၏ အသံတွင် ငိုသံပါနေသော်လည်း အလွန် ခိုင်မာနေသည်။

"သူက စစ်တပ်ရဲ့ စိတ်ဓာတ်ကို မြန်မြန်ဆန်ဆန် စုစည်းချင်ပြီး ဝေ့မိသားစုရဲ့ စစ်သူကြီးတွေကို သူ့အောက် ရောက်စေချင်ရင် သမီးနဲ့ လက်ထပ်တာက အကောင်းဆုံး ရွေးချယ်မှုပဲ။ စစ်ရေးအာဏာအတွက် သူ သမီးကို သေချာပေါက် အနိုင်မကျင့်ရဲပါဘူး။ သမီးက နယ်စားကတော်ဆိုတဲ့ နာမည်ကိုပဲ လိုချင်တာ"

တံခါးတစ်ချပ်သာ ခြားနေသော ဝမ်းဝမ်ကျိန်း၏ မျက်နှာသည် အနည်းငယ် ညှိုးကျသွားပြီး ခြံဝင်းလေးထဲမှ ခြေသံလုံလုံဖြင့် ထွက်ခွာသွားခဲ့သည်။ နာရေးခန်းမဆောင် ပြင်ဆင်ထားသော ပင်မခြံဝင်းသို့ ပြန်ရောက်သောအခါ ဝေ့ဖိန်ကျင်းကို မတွေ့ရသဖြင့် အစေခံများကို မေးကြည့်မှသာ ဝေ့ဖိန်ကျင်းက ဘေးခန်းတွင် ခဏနားနေကြောင်း သိလိုက်ရသည်။

သူမသည် ဘေးခန်းသို့ သွားပြီး မူလက စောင့်နေသော အစေခံများကို အပြင်ထွက်ခိုင်းလိုက်ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အမူအရာ တစ်စက်မှ မရှိတော့ဘဲ စားပွဲပုလေးပေါ်တွင် ခြေထောက်တင်ကာ သစ်သားကုလားထိုင်ကို မှီလျက် ခေါင်းမော့ကာ မျက်လုံးမှိတ် အနားယူနေသူကို အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။

"သခင်ကြီးရဲ့ ညီမလေးနဲ့ အမေက ဘာတွေ ကြံစည်နေလဲဆိုတာ ရှင် သိလား"

ဝေ့ဖိန်ကျင်းသည် သွေးကြောများ ယှက်သန်းနေသော မျက်လုံးများကို ပင်ပန်းနွမ်းနယ်စွာ ဖွင့်ကြည့်လိုက်သည်။ ဝမ်းဝမ်ကျိန်းက သရော်ကာ ပြောလိုက်လေသည်။

"ရှင့်ရဲ့ ညီမလေးက ရှောင်းလိကို လက်ထပ်ဖို့ ကြံစည်နေတာ။ အဲ့ဒီကနေတစ်ဆင့် ဝေ့မိသားစုရဲ့ စစ်သူကြီးတွေကို ရှောင်းလိက သိမ်းသွင်းနိုင်အောင် ကူညီပေးနေတာလေ"

ဝေ့ဖိန်ကျင်းသည် နာရေးဝတ်စုံစကို မျက်လုံးပေါ် တင်လိုက်ပြီး ဆက်အိပ်နေလိုက်သည်။

ဤလုပ်ရပ်က ဝမ်းဝမ်ကျိန်းကို ဒေါသထွက်သွားစေတော့၏။ သူမသည် ဝေ့ဖိန်ကျင်းကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"နယ်စားကြီး ချန်ရစ်ခဲ့သမျှ အရာအားလုံးကို အဲ့ဒီ ရှောင်းမျိုးရိုးကောင်ဆီ ဒီလို လွယ်လွယ်နဲ့ ပါသွားမှာကို ရှင်က ကျေနပ်နေတာလား။ နောင်တစ်ချိန် ရှင် ထီးနန်းဆက်ခံတဲ့အခါ ဝေ့ကျာမင်က မင်းသမီးကြီး ဖြစ်လာမှာပဲ၊ သူ့ကို ဘာများ နှိမ်ထားလို့လဲ။ သူက အပြင်လူကို ကူညီပြီး ရှင့်လက်ထဲက အာဏာကို လုယူချင်နေတာ"

ဝေ့ဖိန်ကျင်းသည် သူမက တဗျစ်တောက်တောက် ပြောနေသဖြင့် စိတ်ရှုပ်သွားပြီး မျက်လုံးကို ဖုံးထားသော နာရေးဝတ်စုံစကို ဆွဲဖယ်လိုက်သည်တွင် သူ့မျက်လုံးများတွင် မကျေနပ်မှုနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေကာ သွေးရောင် ပိုလွှမ်းလာခဲ့သည်။ သူ၏ ချောမောသော မျက်နှာသွင်ပြင်သည် ရက်စက်ကြမ်းကြုတ်သော အသွင်ကို ဆောင်လာပြီး ဒေါသကို အတင်းအကျပ် ချုပ်တည်းကာ ပြောလိုက်၏။

"မင်မင်ကို အဲ့ဒီ ရှောင်းမျိုးရိုးကောင်နဲ့ လက်ထပ်ခိုင်းတာက ငါ့အဖေ သက်ရှိထင်ရှားရှိစဉ်က ဆန္ဒပဲ။ မင်မင်က ဝေ့မိသားစု တစ်ခုလုံးအတွက် အဲ့ဒီလို တောသားကောင်ကို လက်ထပ်ပြီး အနစ်နာခံဖို့ ဆန္ဒရှိနေတာ။ မင်းက မင်မင်ကို မကောင်းပြောတာ နောက်တစ်ခါ ငါ ကြားလို့ကတော့..."

သူသည် လက်ထဲရှိ နာရေးဝတ်စုံစကို ဆုတ်ဖြဲပစ်လုမတတ် ဆုပ်ကိုင်ထားပြီး ဝမ်းဝမ်ကျိန်းကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။ "ငါ မိန်းမကို ရိုက်တယ်လို့ အပြစ်မတင်နဲ့"

ဝမ်းဝမ်ကျိန်းသည် နိုင်ငံရေးကိစ္စများကို မည်မျှပင် နားမလည်စေကာမူ ဝေ့ချီရှန်းက မကွယ်လွန်မီ ဝေ့ဖိန်ကျင်းအတွက် စီစဉ်ပေးခဲ့သော ထွက်ပေါက်မှာ သူ့ကို ရှောင်းလိလက်ထဲက ရုပ်သေးနယ်စား တစ်ပါးအဖြစ် နေစေရန်ဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။

ဒါဆို ငါက ဒီအရင်ကျင့်မင်းဆက်က မင်းသမီးအဖြစ် ဟန်ဆောင်နေတာ ဘာအတွက်လဲ။

နောက်ဆုံးအချိန်ထိ နှိမ့်ချပြီး နေခဲ့ရတာတောင် ကလေးမွေးပေးလိုက်ရင်တောင် တခြားသူတွေအတွက် အကျိုးရှိသွားတာမျိုးပဲ ဖြစ်နေဦးမှာလား။

ဝမ်းဝမ်ကျိန်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားပြီး ဝေ့ဖိန်ကျင်းကို ခနဲ့ကာ ပြောလိုက်လေသည်။

"ရှင်က တကယ့်ယောက်ျားပါပဲ။ ရှင့်ဝေ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို တခြားသူဆီ လက်ယှက်ပြီး ပေးအပ်လိုက်တဲ့အပြင် ညီမလေးတစ်ယောက်ကိုပါ အဲ့ဒီလူကို ပြုစုဖို့ ထည့်ပေးလိုက်သေးတယ်။ သူက ဝေ့မိသားစုရဲ့ အာဏာကို ပိုကောင်းကောင်း သိမ်းသွင်းနိုင်အောင် ကူညီပေးနေတာလေ"

ဝေ့ဖိန်ကျင်းသည် လက်ကိုလွှဲကာ ဝမ်းဝမ်ကျိန်းကို ပါးတစ်ချက် ရိုက်ချလိုက်သည်။ ဒေါသကြောင့် သူ၏ နားထင်နှစ်ဖက်စလုံးရှိ သွေးကြောများ ဖောင်းကြွလာပြီး မျက်လုံးထဲတွင် သွေးရောင်များ ယှက်သမ်းလာကာ အနည်းငယ်မျှသာ ကျန်ရှိတော့သော အသိတရားဖြင့် ဖိနှိပ်ထားရင်း ပြောလိုက်လေသည်။

"ငါ့ဝေ့မိသားစုကိစ္စကို မင်းလို အောက်တန်းစား ဇာတ်သမက ဝင်ပါစရာ မလိုဘူး။ ထွက်သွားစမ်း"

...

All Chapters