အခန်း ၁၉၇
Vol. 20 Ch. 197
အပိုင်း (၁၉၇.၁)
ကျန်းဟွိုင်သည် ထိုအနီးကပ်အစေခံကို ကြည့်ကာ မေးလိုက်၏။ "ဘာကိစ္စတွေ ဆွေးနွေးစရာ ရှိလို့လဲ"
ဝေ့ချီရှန်း ကွယ်လွန်သွားပြီးနောက်ပိုင်း ဝေ့ဖိန်ကျင်းသည် သူတို့နှင့် တိုက်ရိုက်ဆက်ဆံစရာမလိုလျှင် မဆက်မိအောင်နေရန်သာ ကြိုးစားခဲ့ပြီး ကိစ္စရပ်တိုင်းကို ဝေ့အန်း သို့မဟုတ် ဝေ့ရှန်းကိုသာ ကြားခံအဖြစ် စကားပါးခိုင်းခဲ့၏။ ရှောင်းလိကို တွေ့ဆုံရန် ကိုယ်တိုင်ကိုယ်ကျ ကမ်းလှမ်းလာခြင်းမှာ ပထမဆုံးအကြိမ်ပင်။
ထိုအနီးကပ်အစေခံသည် အနည်းငယ် အခက်တွေ့နေသော မျက်နှာအမူအရာကို ပြသလာပြီး ပြောလိုက်လေသည်။ "ဒါက... ကျွန်တော်က စကားလာပါးရုံသက်သက်ပါ၊ အသေးစိတ်ဆွေးနွေးမဲ့ ကိစ္စကိုတော့ ကျွန်တော်လည်း မသိပါဘူး"
ရှောင်းလိကလည်း တိုက်တိုက်ဆိုင်ဆိုင် ဝေ့အန်းကို သွားတွေ့ရန် ရည်ရွယ်ထားပြီးသားဖြစ်သဖြင့် ပြောလိုက်၏။ "ထားလိုက်တော့၊ ငါ တစ်ခေါက်လောက် သွားလိုက်ပါ့မယ်"
ပြီးခဲ့သည့်နှစ်က ဝေ့ဖိန်ကျင်း၏ မင်္ဂလာပွဲသို့ ရှောင်းလိ တက်ရောက်စဉ်က ဖမ်းဆီးခံခဲ့ရသည့် ကိစ္စကြောင့် ကျန်းဟွိုင်သည် ယခုအခါ ရှောင်းလိ ဝေ့အိမ်တော်သို့ သွားတိုင်း လူပိုခေါ်သွားရန် အကျင့်တစ်ခု တိုးလာခဲ့သည်။ ရှောင်းလိ ခြုံလွှာယူနေချိန်တွင် သူက ပြောလိုက်လေသည်။ "စစ်သူကြီးကျန်းဟူလည်း ဒီနေ့ စစ်စခန်းမှာ အားနေတာဆိုတော့ ကျူကျွင်းက စစ်သူကြီးကျန်းဟူကိုပါ တစ်ပါတည်း ခေါ်သွားလိုက်ပါ"
လက်အောက်ငယ်သားများက ကျန်းဟူကို သွားရောက်ရှာဖွေချိန်တွင် ကျန်းဟူသည် ထောင်ခွေနှင့် သိုင်းပညာ ဖလှယ်နေသည်။ ကျန်းဟူက ရှောင်းလိနှင့်အတူ အပြင်ထွက်ရမည်ဟု ကြားလိုက်ရသောအခါ ထောင်ခွေသည် မျှော်လင့်တကြီး မျက်လုံးလေးများဖြင့် အတူတူ လိုက်ပါလာခဲ့၏။
အကယ်၍ စစ်တိုက်ထွက်ရမည်ဆိုပါက ရှောင်းလိက ထောင်ခွေကို လိုက်ပါခွင့်ပြုလေ့ မရှိပေ။ သူသည် ယနေ့တိုင်အောင် ကလေးဆန်ဆန် စိတ်သဘောထား ရှိနေဆဲဖြစ်ပြီး စစ်မြေပြင်တွင် ဓားလှံများက မျက်စိမပါသည့်အပြင် စစ်မိန့်များကိုလည်း နာခံရသဖြင့် ထောင်ခွေနှင့် လုံးဝ မသင့်တော်ချေ။
သို့သော် ယနေ့မှာ ဝေ့အိမ်တော်သို့ တစ်ခေါက် သွားရုံသာဖြစ်ပြီး မည်သည့်အန္တရာယ်မှ မရှိနိုင်သဖြင့် ရှောင်းလိကလည်း သူ့ကို နှင်မလွှတ်ခဲ့ချေ။
ထောင်ခွေသည် စစ်စခန်းအတွင်း၌ လဝက်ခန့် အောင်းနေခဲ့ရပြီးနောက် နောက်ဆုံးတွင် အတူတူ အပြင်ထွက်ခွင့်ရသွားသဖြင့် အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။ မြင်းကျောပေါ်သို့ တက်ခွလိုက်ပြီးနောက် လက်နှစ်ဖက်ကို ပါးစပ်နားတွင် စုကာ ကျန်းဟူ သင်ပေးထားသည့် လေချွန်သံကို အတုခိုးပြီး မှုတ်နေလေသည်။
ကျန်းဟူသည် ပါးစောင်များကို ဖောင်းကာ လမ်းတစ်လျှောက်လုံး "ဖူး... ဖူး..." ဟု မှုတ်လာသော ထောင်ခွေကို ကြည့်ရင်း ရယ်မောကာ ပြောလိုက်၏။ "ဒီကောင်လေး တုံးလိုက်တာ! အားကုန်သုံးပြီး မှုတ်ရုံနဲ့ ရတာမဟုတ်ဘူးလို့ မင်းကို ငါ ပြောထားတယ်လေ၊ အဲ့ဒီအထဲမှာ နည်းစနစ်တွေ ရှိတယ်ကွ!"
ထောင်ခွေသည် သူ့ကို ဂရုမစိုက်ဘဲ လေချွန်သံကိုသာ ဆက်လက် ကြိုးစားပမ်းစား လေ့ကျင့်နေခဲ့သည်။
ကျန်းဟူက အနည်းငယ် မှိုင်းညို့နေသော မိုးကုတ်စက်ဝိုင်းကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဒီနေ့ ရာသီဥတုကို ကြည့်ရတာ မိုးသက်မုန်တိုင်း ကျလာမယ့်ပုံပဲ"
ဝေ့အိမ်တော်။
ပညာရှင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် စင်္ကြံလမ်းတစ်လျှောက် လျင်မြန်သော ခြေလှမ်းများဖြင့် ဖြတ်လျှောက်လာခဲ့သည်။ တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာပြီးနောက် သူက ပြောလိုက်လေသည်။ "ရှောင်းလိ စစ်စခန်းကို ပြန်ရောက်လာပြီ။ သူ့ကို လာခေါ်ဖို့ ဝေ့ဖိန်ကျင်းရဲ့ အနီးကပ်အစေခံကို ကျွန်တော် စေလွှတ်လိုက်ပြီ။ သူ ခြံဝင်းထဲကို ဝင်လာတာနဲ့တပြိုင်နက် နံရံအပြင်ဘက်မှာ ချုံခိုနေတဲ့ ဒူးလေးပစ်သမားတွေက ချက်ချင်း လက်စွမ်းပြလိမ့်မယ်"
ဝမ်းဝမ်ကျိန်း၏ စကတ်စွန်းပေါ်တွင် သွေးကွက်များစွာ ပေကျံနေဆဲ ဖြစ်သည်။ သူမသည် ဝိညာဉ်လွင့်ထွက်သွားသည့်အလား ကတ္တီပါကော်ဇော ခင်းထားသော ကုတင်ခြေရင်းတွင် ထိုင်နေ၏။ မလှမ်းမကမ်းတွင်တော့ ဝေ့ဖိန်ကျင်း၏ ရုပ်အလောင်းက လဲကျနေပြီး သွေးများက ကြမ်းပြင်ပေါ်ရှိ ကတ္တီပါကော်ဇောကို အကွက်လိုက် နီရဲသွားစေခဲ့ကာ သူ၏ မျက်လုံးတစ်စုံက သေဆုံးသွားသည့်တိုင်အောင် ဤဘက်သို့ မျက်လုံးပြူးကာ စိုက်ကြည့်နေဆဲ။
ဝမ်းဝမ်ကျိန်းသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ဝေ့ဖိန်ကျင်း၏ ရုပ်အလောင်းကို ထပ်မကြည့်ရဲတော့ဘဲ အနည်းငယ် တုန်ယင်နေသော အသံဖြင့် ပြောလိုက်လေသည်။ "ရှင် ဒီကိစ္စကို အဲ့ဒီ ရှောင်းမျိုးရိုးအပေါ် ပုံချနိုင်မယ်ဆိုတာ သေချာရဲ့လား"
ထိုပညာရှင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားမှာ တခြားသူမဟုတ် ဝေ့ဖိန်ကျင်း၏ အယုံကြည်ရဆုံးသော အကြံပေးအမတ် ယွီကျိယွမ်ဖြစ်နေသည်။ သူသည် ဝေ့ဖိန်ကျင်း၏ စက်ဆုပ်ဖွယ်ကောင်းသော သေဆုံးမှုကို တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီးနောက် အနီးသို့ ချဉ်းကပ်လာကာ ဆောင့်ကြောင့်ထိုင်လျက် ဝမ်းဝမ်ကျိန်းကို ပွေ့ဖက်လိုက်ပြီး ပြောလိုက်လေသည်။ "မင်းသမီး မကြောက်ပါနဲ့။ ကျိယွမ်က အမြဲတမ်း မင်းသမီးဘက်မှာ ရပ်တည်နေမှာပါ။ အဲ့ဒီ ရှောင်းလိသာ သေသွားမယ်ဆိုရင် မင်းသမီး ကိုယ်တိုင်က ဝေ့ဖိန်ကျင်း မောင်နှမနှစ်ယောက်စလုံး သူ့လက်ချက်နဲ့ သေဆုံးခဲ့ရတာလို့ သက်သေထွက်ဆိုပေးလိုက်ပါ။ ပြီးတော့ မင်းသမီး ဝမ်းဗိုက်ထဲမှာ ဝေ့မျိုးနွယ်စုရဲ့ သွေးသား လည်း ရှိနေသေးတာပဲ၊ ဘယ်သူကများ သံသယဝင်ရဲမှာလဲ"
သူက နူးညံ့သောအသံဖြင့် နှစ်သိမ့်ပြောဆိုလိုက်၏။ "ပြီးခဲ့တဲ့အကြိမ် စစ်တပ်ထဲမှာ သံချပ်ကာအင်္ကျီချုပ်တဲ့ ကိစ္စကို မင်းသမီးလည်း မြင်ခဲ့တာပဲ။ ဝေ့မျိုးနွယ်စုရဲ့ တပ်မှူးဟောင်းတွေကြားမှာ အဲ့ဒီ ရှောင်းလိကို မကျေနပ်တဲ့သူတွေ အများကြီး ရှိတယ်။ အခု မြောက်ပိုင်းနယ်စပ်မှာ လူရိုင်းတွေရဲ့ ခြိမ်းခြောက်မှု မရှိတော့ဘူး။ ကွမ်းကျုံးက ဖေစုန့်ကလည်း တပ်ဖွဲ့သုံးခုရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း ဆုတ်ခွာနေရပြီ။ ဒါက ကျွန်တော်တို့ ဝေ့မျိုးနွယ်စုအတွက် အင်အားပြန်လည် ဖြည့်တင်းဖို့ အခွင့်ကောင်းပဲ။ ရှောင်းလိ တစ်ယောက်သေသွားရုံနဲ့ ကျွန်တော်တို့ မြောက်ပိုင်းဝေ့အတွက် ဘာမှမထိခိုက်နိုင်ပါဘူး၊ ပြီးတော့ သူ့လက်ထဲက စစ်ရေးအာဏာကိုလည်း အခွင့်ကောင်းယူပြီး ပြန်လည်သိမ်းပိုက်နိုင်လိမ့်မယ်။ ဝေ့မျိုးနွယ်စုက စစ်သူကြီးတွေက အစကတည်းက ရှောင်းလိရဲ့ လက်အောက်မှာ အညံ့ခံဖို့ ဆန္ဒမရှိကြဘူး။ တကယ်လို့ သူတို့က စစ်ရေးအာဏာကို ခွဲဝေရယူပြီး ဝေ့မျိုးနွယ်စုအတွက် ပြန်လည်အမှုထမ်းနိုင်မယ်ဆိုရင် သူတို့က ဝမ်းသာလို့ ဆုံးမှာမဟုတ်ဘူး"
ဝမ်းဝမ်ကျိန်းသည် စိတ်ခံစားမှု ပြင်းထန်လွန်းသဖြင့် နားထင်ကြောများ တဆစ်ဆစ် ကိုက်ခဲလာခဲ့သည်။ သူမသည် ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်လေသည်။ "သူတို့ ဝေ့အိမ်တော်က အိမ်တော်ထိန်းက လွန်ခဲ့တဲ့ ရက်ပိုင်းကမှ လေဖြတ်သွားခဲ့တယ်။ အဲ့ဒီနောက် ဝေ့ကျာမင်က ရေကန်ထဲ ပြုတ်ကျသေဆုံးသွားတယ်၊ အခု ဒီနေ့ သူရဲ့ ဈာပနမှာ ဝေ့ဖိန်ကျင်းပါ သေဆုံးသွားပြန်ပြီ... ဒါက အရမ်းကို ထူးဆန်းလွန်းနေတယ်၊ ကျွန်မ ကြောက်တယ်..."
"အဲဒီတော့ရော ဘာဖြစ်လဲ။ ဒီအရာအားလုံးက ရှောင်းလိရဲ့ လက်ချက်ပဲ" ယွီကျိယွမ်က ဝမ်းဝမ်ကျိန်း၏ စကားကို ဖြတ်ပြောလိုက်ပြီး သူမကို ကြည့်လာသော သူ၏ မျက်လုံးတစ်စုံမှာ နူးညံ့တည်ငြိမ်နေလေသည်။ "ရှောင်းလိကို သတ်လိုက်တာက မင်းသမီးက ဝေ့မိသားစု မောင်နှမအတွက် ကလဲ့စားချေပေးလိုက်တာပဲ။ ဝေ့ဖိန်ကျင်းက မင်းသမီးရဲ့ ကြင်ရာတော် ဖြစ်ပြီး မင်းသမီးရဲ့ ဝမ်းဗိုက်ထဲမှာလည်း သူ့ရဲ့ သွေးသား ရှိနေသေးတယ်ဆိုတော့ ဘယ်သူကများ မင်းသမီးအပေါ် သံသယဝင်ရဲမှာလဲ"
ဝမ်းဝမ်ကျိန်းသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရပြီး မျက်လုံးများကို မှိတ်လိုက်ကာ ပြောလိုက်၏။ "ဝေ့ကျာမင်ကို ရေကန်ထဲ တွန်းချလိုက်ပြီးကတည်းက ကျွန်မ ဒီရက်ပိုင်း အမြဲတမ်း အိပ်မက်ဆိုးတွေ မက်နေခဲ့တာ။ အခု ဝေ့ဖိန်ကျင်းရဲ့ အသက်တစ်ချောင်းပါ ထပ်တိုးလာပြန်ပြီ..."
ယွီကျိယွမ်၏ မျက်နှာပေါ်ရှိ ငြီးငွေ့စက်ဆုပ်မှုက လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။ ဒီမိန်းမမိုက်က ဒီနေ့မှ ငါ့ကို အတင်းတွေ့ချင်နေလို့ ဝေ့ဖိန်ကျင်းနဲ့ ပက်ပင်းတိုးသွားတာသာ မဟုတ်ရင် ငါက ဘာကိစ္စနဲ့ ဝေ့ဖိန်ကျင်းကို သတ်ပြီး သူ သေသေချာချာ ခင်းကျင်းထားတဲ့ စစ်တုရင်ကွက်ကို အလဟဿ ဖျက်ဆီးပစ်ရမှာလဲ။
သူ ကိုယ်ဝန်ရှိလာပြီးတဲ့နောက် ဒီကလေးက ရှောင်းလိရဲ့ ကလေးလို့ ဝေ့ဖိန်ကျင်းကို ထင်မှတ်သွားအောင် လုပ်ပြီး ဝေ့ဖိန်ကျင်းကို ရှောင်းလိနဲ့ ဆက်လက်တိုက်ခိုက်ဖို့ သွေးထိုးပေးဖို့ ငါ အစက ရည်ရွယ်ထားခဲ့တာပဲ။
ဒါပေမယ့် ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ ပြဿနာကို ဖြေရှင်းဖို့ တခြားနည်းလမ်း ရှာရုံပဲ ရှိတော့တယ်။
သူသည် ဝမ်းဝမ်ကျိန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ သူမ မျက်လုံးဖွင့်လာချိန်တွင် ထိုနူးညံ့သော မျက်နှာအမူအရာကို ထိန်းသိမ်းထားလျက် ပြတ်သားသော လေသံဖြင့် ပြောလိုက်လေသည်။ "မင်းသမီး လုပ်တာ မမှားပါဘူး။ မင်းသမီးရဲ့ လမ်းကို ပိတ်ဆို့တဲ့သူတိုင်းက သေသင့်တယ်။ ပြီးခဲ့တဲ့အကြိမ် သံချပ်ကာအင်္ကျီ ကိစ္စကလည်း အဲ့ဒီ ရှောင်းမျိုးရိုးကို ဝေ့မျိုးနွယ်စုနဲ့ မြောက်ပိုင်းနယ်စပ်က ဩဇာကြီးမားတဲ့ မိသားစုကြီးတွေကြားက အကျိုးစီးပွားတွေက ရှုပ်ထွေးနက်နဲနေတယ်ဆိုတာကို သတိထားမိသွားစေခဲ့တယ်။ သူ့လက်ထဲမှာ စစ်ရေးအာဏာရှိရုံနဲ့ မလုံလောက်သေးဘူးလေ။ ခရိုင်မင်းသမီးသာ သူ့ကို ပြန်လက်ထပ်ခဲ့မယ်ဆိုရင် သူက ငြင်းဆန်မှာ မဟုတ်တော့ဘူး။ အဲ့ဒီအချိန်ကျရင် ဝေ့မျိုးနွယ်စုရဲ့ တပ်မှူးဟောင်းတွေ အားလုံးက ခရိုင်မင်းသမီးကြောင့် အဲ့ဒီ ရှောင်းမျိုးရိုးကို အပြင်လူအဖြစ် သတ်မှတ်ကြတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ခရိုင်မင်းသမီးက မဖြစ်မနေ သေရမှာပဲ"
ဝမ်းဝမ်ကျိန်းသည် သူ့စကားများကြောင့် ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
ယွီကျိယွမ်က ဆက်ပြောလိုက်၏။ "ဝေ့ဖိန်ကျင်းက ရည်မှန်းချက် သေးသိမ်လွန်းပြီး ဝေ့မျိုးနွယ်စုရဲ့ အရာအားလုံးကို လက်လွှဲပေးဖို့ ဆန္ဒရှိနေတယ်။ မင်းသမီးက ရွှေကိုင်းသစ်ခက် ကျောက်စိမ်းရွက်လို မြင့်မြတ်တဲ့သူပဲ၊ သူနဲ့အတူ ရုပ်သေးရုပ်အဖြစ် အသုံးချခံရမယ့် အကြောင်းပြချက် ဘယ်ရှိပါ့မလဲ"
ဝမ်းဝမ်ကျိန်း၏ စိတ်နှလုံးထဲတွင် ပိုလို့ပင် ကျေနပ်သက်သာမှု ရရှိသွားခဲ့သည်။
ရှောင်းလိက လူရိုင်းတို့၏ အဓိကစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အောင်ပွဲသတင်း ပြန်ရောက်လာပြီးနောက် ဝေ့သခင်မနှင့် ဝေ့ဖိန်ကျင်းတို့က ရှောင်းလိ ဝေ့ကျိုးသို့ ပြန်ရောက်လာသည်နှင့် သူနှင့် ဝေ့ကျာမင်တို့၏ မင်္ဂလာကိစ္စကို နောက်တစ်ကြိမ် ပြန်လည် အဆိုပြုရန် ဆွေးနွေးတိုင်ပင်နေကြသည်ကို ကြားသိခဲ့ရသဖြင့် သူမ၏ လက်ထဲတွင် ရှိနေသော အာဏာများအားလုံး အချည်းနှီး ဖြစ်သွားမည်ကို မလိုလားသောကြောင့် ဝေ့ကျာမင်ကို ရက်ရက်စက်စက် အဆုံးစီရင်လိုက်ခြင်းပင်။
သို့သော် ထိုအကြောင်းကြောင့် ညတိုင်း အိပ်မက်ဆိုးများ မက်နေခဲ့ပြီး ယနေ့ သမားတော်ကို ပင့်ဖိတ်စစ်ဆေးခိုင်းရာမှ ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ရသည်။
သို့သော် ဝေ့ဖိန်ကျင်းက သူမအား လူပေါင်းများစွာနှင့် ပတ်သက်ခဲ့ဖူးသော ဇာတ်သမတစ်ဦးအဖြစ် ရွံရှာသဖြင့် သူမ၏ အခန်းထဲသို့ ဘယ်သောအခါမှ မဝင်ခဲ့ချေ။
ဤကလေးမှာ လွန်ခဲ့သော နှစ်လခန့်က သူမ ရှောင်းလိနှင့် ညဘက် လျှို့ဝှက်တွေ့ဆုံခဲ့စဉ် ဝါးတောထဲ၌ ယွီကျိယွမ်နှင့် ပက်ပင်းတိုးခဲ့ပြီးနောက် သူက အချစ်ကို ဖွင့်ဟဝန်ခံလာခဲ့ရာ ဝမ်းဝမ်ကျိန်းက သူ လျှို့ဝှက်ချက်ကို ဖော်ထုတ်မည်ကို စိုးရိမ်သဖြင့် သူ့ကို ဆွဲဆောင်ရန်နှင့် အချင်းချင်း အားနည်းချက်များ အပြန်အလှန် ချုပ်ကိုင်ထားနိုင်ရန် ရည်ရွယ်ကာ သူနှင့် အတူနေထိုင်ခဲ့ရာမှ ရရှိလာခြင်း ဖြစ်သည်။
ယနေ့ သူ့ကို လျှို့ဝှက်စွာ တွေ့ဆုံခြင်းမှာ ဤကလေးကို မည်သို့လုပ်ရမည်ကို ဆွေးနွေးတိုင်ပင်ရန် ရည်ရွယ်ခဲ့သော်လည်း ဝေ့ဖိန်ကျင်းနှင့် ပက်ပင်းတိုးမိသွားမည်ဟု လုံးဝ မထင်မှတ်ထားခဲ့သလို သူတို့က ဝေ့ကျာမင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကိစ္စကိုပါ သူ ကြားသွားခဲ့လေသည်။
ဝေ့ဖိန်ကျင်းသည် ဒေါသခြောင်းခြောင်းထွက်ကာ ဓားကိုကိုင်လျက် တံခါးကို ကန်ဖွင့်ပြီး လူသတ်ရန် ဝင်ရောက်လာခဲ့သည်။ ယွီကျိယွမ်သည် အကြံပေးအမတ် တစ်ဦးမျှသာဖြစ်သဖြင့် ဝေ့ဖိန်ကျင်းကို လုံးဝ မယှဉ်နိုင်ခဲ့ချေ။ သို့သော် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည့် အလွန်အရေးကြီးသော အချိန်တွင် သူ့ဘေး၌ ပုန်းအောင်းနေသော အရိပ်စစ်သည် တစ်ဦးက အနောက်မှနေ၍ ဝေ့ဖိန်ကျင်း၏ အသက်ကို နှုတ်ယူသွားခဲ့လေသည်။
အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဤအနှစ်နှစ်ဆယ်နီးပါး ကာလအတွင်း အခြားသူများကိုသာ အောက်ကျို့၍ ဖားယားခဲ့ရသော ဝမ်းဝမ်ကျိန်းသည် ပထမဆုံးအကြိမ် တန်ဖိုးကြီး ရတနာတစ်ပါးကဲ့သို့ မြတ်နိုးယုယခံရသဖြင့် သူမ၏ ရင်ထဲတွင် ခံစားချက်တချို့ကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ သူမက ခါးသီးစွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ "နှမြောစရာကောင်းတာက ကျွန်မက အရင်ကျင့်မင်းဆက်ရဲ့ မင်းသမီးအစစ် မဟုတ်ဘူး။ ဝေ့မိသားစုက အဲ့ဒီ အဘွားအိုကြီးကလည်း ကျွန်မရဲ့ ဇာတိမှန်ကို သိနေတယ်..."
ယွီကျိယွမ်က ပြောလိုက်၏။ "ရှော့ပျန်းနယ်စားက မင်းသမီးရဲ့ အဆင့်အတန်းကို အပြင်ကို ကြေညာလိုက်တဲ့ နေ့ကစပြီး မင်းသမီးက အစစ်အမှန် ဖြစ်သွားခဲ့ပါပြီ။ ပြီးတော့ မင်းသမီးက ဝေ့သခင်မကြီးရဲ့ ချွေးမဖြစ်ပြီး ဝမ်းဗိုက်ထဲမှာလည်း သူ့ရဲ့ မြေးလေး ရှိနေသေးတယ်လေ။ ဝေ့သခင်မကြီးက မင်းသမီးရဲ့ ဇာတိကို အပြင်မှာ ထုတ်ပြောမှာ မဟုတ်တဲ့အပြင် သူ တကယ် အပြင်မှာ ထုတ်ပြောခဲ့မယ်ဆိုရင်တောင် အခြားသူတွေက သူ့ကို သားသမီးတွေနဲ့ ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရလို့ ရူးသွပ်သွားပြီလို့ပဲ ထင်မှတ်ကြလိမ့်မယ်"
သည်ကိစ္စက ဝမ်းဝမ်ကျိန်းသည် အရင်ကျင့်မင်းဆက်၏ မင်းသမီးဖြစ်ကြောင်း သက်သေအထောက်အထား မည်မျှခိုင်လုံသည် ဆိုသည့်အချက်အပေါ်တွင် မမူတည်ဘဲ သူမ၏ ဤအဆင့်အတန်းက မြောက်ပိုင်းဝေ့အတွက် အကျိုးအမြတ် မည်မျှ ယူဆောင်လာပေးနိုင်သည်ဆိုသည့် အချက်အပေါ်တွင်သာ မူတည်နေလေသည်။
ဝမ်းဝမ်ကျိန်းသည်လည်း ဤအချက်ကို ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး မိမိ၏ ဤအဆင့်အတန်းအပေါ် ယုံကြည်မှု ပိုလို့ပင် ပြည့်ဝသွားခဲ့သည်။ ထိုအခါမှသာ သူမသည် ယွီကျိယွမ်ကို မေးဖို့ စိတ်ကူးရသွားတော့သည်။ "ရှင့်ဘေးနားက ဝေ့ဖိန်ကျင်းကို သတ်လိုက်တဲ့ အရိပ်စစ်သည်က ဘယ်ကလာတဲ့သူလဲ"
ယွီကျိယွမ်၏ မျက်လုံးရိပ်က အနည်းငယ် လှုပ်ခတ်သွားပြီးနောက် ချက်ချင်းပင် အပြုံးဖျော့ဖျော့လေးဖြင့် ပြန်ပြောလိုက်၏။ "လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျိယွမ်ရဲ့ ကျေးဇူးကို ခံစားခဲ့ရတဲ့ သိုင်းလောကသား တစ်ယောက်ပါ"
ဝမ်းဝမ်ကျိန်းက သူ အစောပိုင်းက ပြောခဲ့သော ခြုံခိုနေသည့် ဒူးလေးပစ်သမားများကို ပြန်လည် တွေးတောမိသွားပြီး ဆက်မေးလိုက်သည်။ "ရှင့်မှာ ဝေ့အိမ်တော်ထဲမှာ ကိုယ်ပိုင် လူအင်အားတွေ ရှိနေသေးတာလား"
ယွီကျိယွမ်က အပြစ်အနာအဆာကင်းစွာ ပြန်ဖြေလိုက်၏။ "ကျိယွမ်သာ ဝေ့မျိုးနွယ်စုထဲမှာ ကိုယ်ပိုင် အင်အားစုတွေ မပျိုးထောင်ခဲ့ဘူးဆိုရင် ဘာနဲ့များ မင်းသမီးကို ကာကွယ်ပေးနိုင်မှာလဲ"
စိတ်ရင်းက မည်သို့ပင် ရှိစေကာမူ ဤစကားက ဝမ်းဝမ်ကျိန်းကို နောက်ဆုံးတွင်တော့ ပျော်ရွှင်သွားစေခဲ့သည်။ တစ်ဖက်လူ၏ လက်ထဲတွင် အာဏာရှိလေလေ လှေတစ်စင်းတည်း စီးနေသော ပူးပေါင်းဆောင်ရွက်သူ တစ်ဦးအနေဖြင့် သူမက ပိုပြီး စိတ်အေးရလေလေပင်။
ဖွဖွလေး ပိတ်ထားသည့် ပြတင်းပေါက်မှ လေတိုက်ခတ်ဝင်ရောက်လာပြီး အခန်းအတွင်းရှိ ကုတင်ခန်းဆီးများကို လွင့်ဝဲသွားစေသည်။ ဝမ်းဝမ်ကျိန်းသည် ပြတင်းပေါက်အပြင်ဘက်ရှိ ထူထပ်နေသော တိမ်မည်းများကို မော့ကြည့်လိုက်ပြီး ရင်ထဲတွင် အတိုင်းအဆမရှိသော ရည်မှန်းချက်ကြီးတစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရ၏။ "ဒီနေ့ ရှောင်းလိကိုသာ သတ်လိုက်နိုင်ရင် နောင်တစ်ချိန်မှာ ဝေ့မျိုးနွယ်စု တစ်ခုလုံးက ရှင်နဲ့ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားပြီ"
ယွီကျိယွမ်က နှုတ်ခမ်းကို ကွေးညွတ်လိုက်ကာ "ဝေ့အန်းကို ခရိုင်မင်းသမီးအတွက် သင်္ချိုင်းမြေ သွားကြည့်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်တော်အပြင်ကို လှည့်စားပြီး ခေါ်ထုတ်သွားပြီ။ အဲ့ဒီ ရှောင်းလိက ဒီနေ့ လာဖို့သာရှိပြီး ပြန်ဖို့လမ်း လုံးဝ မရှိစေရဘူး"
စစ်မြင်းများသည် လမ်းတစ်လျှောက် အရှိန်အဟုန်ဖြင့် ဒုန်းစိုင်းစီးနင်းလာကာ ဝေ့အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ ရှောင်းလိနှင့် အဖွဲ့သည် မြင်းပေါ်မှ ဆင်းလိုက်ကြပြီးနောက် ထိုအနီးကပ်အစေခံ၏ လမ်းပြမှုဖြင့် အိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။
ဝေ့ချီရှန်း၏ ဈာပန ပြီးဆုံးသွားကာ အိမ်တော်ရှိ ပိတ်ဖြူများကို ရုတ်သိမ်းလိုက်ချိန်မှာပင် ဝေ့ကျာမင်က မမျှော်လင့်ဘဲ ဘေးဒုက္ခကြုံတွေ့ခဲ့ရပြန်သည်။
ပြည်သူများကြားရှိ ရိုးရာဓလေ့ထုံးစံများအရ အိမ်ထောင်မပြုရသေးသော မိန်းကလေး သေဆုံးပါက ဈာပနကို ကြီးကြီးကျယ်ကျယ် မကျင်းပရပေ။ ထို့ကြောင့် အိမ်တော်တွင် ပိတ်ဖြူများကိုပင် မချိတ်ဆွဲထားသလို လာရောက် နှစ်သိမ့်ပေးသော ဧည့်သည်များမှာလည်း အလွန်နည်းပါးလှသည်။
သတင်းများအရ ဝေ့သခင်မသည် ဤဆက်တိုက်ဖြစ်ပေါ်လာသော သတင်းဆိုးများကြောင့် လုံးဝ ပြိုလဲသွားခဲ့သည်။ ယခုအခါ ဧည့်သည်များကိုပင် မတွေ့ဆုံနိုင်တော့ချေ။ သူမ၏ မိဘအိမ်ဘက်မှ ယောက်မဖြစ်သူ ရောက်လာပြီး သူမနှင့်အတူ အခန်းထဲတွင် အမြဲတမ်း အဖော်ပြုပေးနေရသည်။
အိမ်တော်တံခါးမှ ဝင်ရောက်လာပြီးနောက် ထိုအနီးကပ်အစေခံက ရှောင်းလိနှင့် အဖွဲ့ကို ပင်မခြံဝင်းဆီသို့ ခေါ်မသွားရသေးခင်မှာပင် ပညာရှင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရ၏။ သူက အဝေးမှနေ၍ ရှောင်းလိကို လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်လေသည်။ "နယ်စား ရောက်လာပြီပဲ"
ရှောင်းလိသည် ထိုလူကို မျက်နှာစိမ်းနေသဖြင့် စကားပြန်မပြောခဲ့ချေ။ တစ်ဖက်လူက ပြုံးရွှင်စွာဖြင့် သူ့နာမည်ကို သူ မိတ်ဆက်လိုက်ပြီး ပြောလိုက်၏။ "ကျွန်တော်က ယွီကျိယွမ်ပါ။ ကြင်ရာတော်ရဲ့ အနီးကပ် အကြံပေးအမတ် ဖြစ်ပါတယ်။ ကြင်ရာတော်နဲ့ စစ်သူကြီးဝေ့အန်းတို့က ပင်မခြံဝင်းထဲမှာ နယ်စားကို စောင့်နေတာ အတော်ကြာပါပြီ။ နယ်စား ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ပြောပြီးနောက် သူက ထိုအနီးကပ်အစေခံကို ထပ်ပြောလိုက်လေသည်။ "မင်းက စစ်သူကြီးတွေကို ပန်းခြံခန်းမဆောင်ဆီ ခေါ်သွားပြီး လက်ဖက်ရည်နဲ့ မုန့်တွေ တည်ခင်းပေးလိုက်"
သူ့စကားလုံးများကို သေသေချာချာ ရွေးချယ်ထားခဲ့ပြီး အကယ်၍ ဝေ့ဖိန်ကျင်းက ရှောင်းလိကို သီးသန့်တွေ့ဆုံမည်ဆိုပါက ရှောင်းလိ သေချာပေါက် သံသယဝင်သွားမည်ကို နားလည်ထားလေသည်။ ထို့ကြောင့် ဝေ့အန်းလည်း ရှိနေကြောင်းကို တမင်သက်သက် ထည့်ပြောခဲ့ခြင်းပင်။
ကျန်းဟူသည် မလာခင်က ကျန်းဟွိုင်၏ မှာကြားချက်ကို မှတ်မိနေသဖြင့် မျက်နှာကို တင်းထားကာ လက်ပိုက်လျက် ပြောလိုက်လေသည်။ "ငါတို့က ပင်မခြံဝင်း အပြင်ဘက်အထိ လိုက်ပြီး စောင့်နေမယ်"
ယွီကျိယွမ်က ရှောင်းလိကို တစ်ချက် ခိုးကြည့်လိုက်ပြီး ရှောင်းလိက ဘာမှမပြောသည်ကို မြင်သောအခါ ဤသည်မှာ သူ ထုတ်မပြောဘဲ ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိလိုက်ပြီး ဆက်ပြုံးနေလိုက်ပြီး "ဒါလည်း ရပါတယ်"
လူအုပ်စုကို ပင်မခြံဝင်းဆီသို့ လမ်းပြခေါ်ဆောင်သွားချိန်တွင် သူ့အနောက်တွ် ရပ်နေသော အစေခံပုံစံ လူငယ်လေးတစ်ဦးကို မှာလိုက်သည်။ "ပင်မခြံဝင်းကို အမြန်သွားပြီး နယ်စား ရောက်လာပြီလို့ ကြင်ရာတော်ကို သတင်းသွားပို့ချေ"
ထိုလူငယ်လေးသည် ရှောင်းလိ၏ အနောက်ရှိ ကျန်းဟူတို့ လူအုပ်စုကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အမိန့်ကို အလျင်စလို ခံယူကာ ပြန်သွားခဲ့သည်။
လူအုပ်စုက အတွင်းသို့ ဆက်လျှောက်လာကြသည်။ ခြံဝင်းတစ်ခုကို ဖြတ်သွားချိန်တွင် မီးရှို့ထားသော ငွေစက္ကူအတုများနှင့် အမွှေးတိုင်ရနံ့များက အများကြီး ပိုပြင်းလာသည်ကို ခံစားလိုက်ရပြီး လေတိုက်ခတ်လာသောအခါ နှာခေါင်းကိုပင် အနည်းငယ် စူးရှသွားစေသည်။
ကျန်းဟူသည် နှာခေါင်းကို မရပ်မနား ရှုံ့နေပြီး ဆက်တိုက်နာချေလိုက်ကာ ရေရွတ်လိုက်လေသည်။ "အမွှေးတိုင်ရနံ့က တော်တော်ပြင်းတာပဲ"
ရှောင်းလိသည် ဤလမ်းတစ်လျှောက်လုံး လျှောက်လာခဲ့ရာတွင် အစောင့်များကို မတွေ့ရသလို အိမ်တော်မှ အစေခံများကိုလည်း မတွေ့ရသဖြင့် မျက်လုံးထဲက အရိပ်များက အနည်းငယ် လေးနက်သွားပြီး မေးလိုက်၏။ "ခရိုင်မင်းသမီးရဲ့ နာရေးခန်းမကို အနီးအနားမှာ ပြင်ဆင်ထားတာလား"
ယွီကျိယွမ်က ပြောလိုက်သည်။ "သခင်မက ခရိုင်မင်းသမီးရဲ့ အရင်နေအိမ်မှာ ခရိုင်မင်းသမီး အရင်က နှစ်သက်ခဲ့တဲ့ ပစ္စည်းတွေကို မီးရှို့ပေးနေတာပါ"
သူ့စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရှောင်းလိနှင့်အတူ လိုက်ပါလာသော ကိုယ်ရံတော်များထဲမှ တစ်ဦးက ရုတ်တရက် လဲကျသွားခဲ့သည်။
ကျန်းဟူသည် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လဲကျသွားသူကို သွားကြည့်ရန် ပြင်လိုက်သော်လည်း သူ၏ ခြေလှမ်းများ ယိမ်းယိုင်သွားမည်ကို မထင်မှတ်ထားခဲ့ချေ။ တစ်ကိုယ်လုံး မတ်မတ်မရပ်နိုင်တော့ဘဲ ကျားမျက်လုံးတစ်စုံဖြင့် ယွီကျိယွမ်ကို ချက်ချင်း ရက်စက်စွာ ကြည့်လိုက်ပြီးနောက် ရှောင်းလိဘက်သို့ လှည့်ကာ အရေးတကြီး အော်ပြောလိုက်လေသည်။ "အစ်ကို(၂)! လေထဲမှာ... မေ့ဆေးငွေ့တွေ ပါနေတယ်..."
စကားပြောနေစဉ်မှာပင် ထောင်ခွေကို သွားတိုက်မိရာ ထောင်ခွေက အထိတ်တလန့်ဖြင့် ကျန်းဟူကို တွဲထူရန် ကြိုးစားလိုက်သော်လည်း ကျန်းဟူနှင့်အတူ လဲကျသွားခဲ့ရသည်။ နှစ်ချက်ခန့် ရုန်းကန်လိုက်သော်လည်း ပြန်မထနိုင်တော့ဘဲ အတူတူ သတိလစ်သွားပုံရသည်။
ဘေးနားရှိ ကိုယ်ရံတော်များ အားလုံးမှာ အလွန်အမင်း အံ့ဩထိတ်လန့်သွားကြပြီးနောက် ချက်ချင်းပင် တိုးညှင်းစွာ ညည်းတွားလိုက်ကြကာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြတော့သည်။
ရှောင်းလိ၏ မျက်နှာအမူအရာမှာ အေးစက်လေးနက်သွားပြီး လက်တစ်ဖက်ဖြင့် နံရံကို ထောက်ထားမှသာ ကိုယ်နေဟန်ထားကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ သူ့မျက်လုံးတစ်စုံက အရှေ့တွင် ပြုံးလျက် ရပ်နေသောသူကို ရက်စက်စွာ စိုက်ကြည့်ကာ မေးလိုက်၏။ "ဘာသဘောလဲ"
ယွီကျိယွမ်သည် ရှောင်းလိနှင့်အတူ လိုက်ပါလာသော ကိုယ်ရံတော်များ အားလုံး လဲကျသွားပြီး ရှောင်းလိကိုယ်တိုင်လည်း အားကုန်နေပြီဖြစ်ကြောင်း မြင်သောအခါ ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ပြီး နှုတ်ခမ်းကို ကွေးညွတ်ကာ ပြောလိုက်လေသည်။
"ရှောင်းမျိုးရိုး သူပုန်ကောင်၊ ဝံပုလွေလို ရည်မှန်းချက်ကြီးပြီး နယ်စားကြီးရဲ့ ယုံကြည်မှုကို ရရှိထားပြီး ဝံပုလွေမြင်းတပ်ကို အုပ်ချုပ်ခွင့်ရတာကိုတောင် မရောင့်ရဲနိုင်ဘဲ အာဏာလုဖို့ ကြိုးစားနေတယ်! လွန်ခဲ့တဲ့ နှစ်ရက်က နယ်စားအိမ်တော်ကို ရောက်လာပြီး ခရိုင်မင်းသမီးကို ဖိနှိပ်စော်ကားလို့ ခရိုင်မင်းသမီးက ရေကန်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားအောင် လုပ်ခဲ့တယ်။ ဒီနေ့ ကြင်ရာတော်က စကားပါးလိုက်တော့ လွန်ခဲ့တဲ့ နှစ်ရက်က ညဘက် နယ်စားအိမ်တော်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ကိစ္စအတွက် ကြင်ရာတော်က အပြစ်တင်မှာကို ကြောက်ရွံ့ပြီး မင်းသမီးကိုပါ စော်ကားဖို့ ကြိုးစားပြီး မင်းကို ပြန်လက်ထပ်ဖို့ အတင်းအကျပ် ဖိအားပေးခဲ့တယ်။ အဲ့ဒါကို ကြင်ရာတော်က ပက်ပင်းတိုးမိသွားတော့ ကြင်ရာတော်ရဲ့ အသက်ကိုပါ ရက်ရက်စက်စက် နှုတ်ယူသွားခဲ့တယ်! ခွင့်လွှတ်လို့မရတဲ့ အပြစ်ပဲ! မင်းရဲ့ ခေါင်းကို ဖြတ်ယူမှသာ နယ်စားကြီးရဲ့ ကောင်းကင်ဘုံက ဝိညာဉ်ကို နှစ်သိမ့်ပေးနိုင်လိမ့်မယ်!"
ရှောင်းလိက အေးစက်စွာ ရယ်မောလိုက်သည်။ "ငါနယ်စားက ဒီနေ့မှ ဝေ့ကျိုးကို ပြန်ရောက်လာတာ၊ ဘယ်ကနေများ မင်းတို့ရဲ့ ခရိုင်မင်းသမီးကို ဖိနှိပ်ပြီး သူ ရေကန်ထဲ ခုန်ချသေဆုံးအောင် အတင်းအကျပ် ဖိအားပေးခဲ့တယ်ဆိုတဲ့ စကားက ထွက်လာရတာလဲ"
ယွီကျိယွမ်က ပြောလိုက်၏။ "မင်းလို သူပုန်ကောင်က အာဏာကြီးမားပြီး နေရာတိုင်းမှာ လက်လှမ်းမီနေတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက အောင်ပွဲသတင်းနဲ့အတူ ဝေ့ကျိုးကို ပြန်ရောက်နေခဲ့တာပဲ။ နယ်စားကြီးရဲ့ ဈာပနကာလမှာ ခရိုင်မင်းသမီးကို အတင်းအဓမ္မ ပြုကျင့်ဖို့ ကြိုးစားတာ မအောင်မြင်ဘဲ ခရိုင်မင်းသမီးကို ရေကန်ထဲ ခုန်ချသွားအောင် ဖိအားပေးပြီးမှ ကမန်းကတမ်း ထွက်ခွာသွားခဲ့တာ။ ပြီးမှ ဒီနေ့ကျမှ ကြီးကြီးကျယ်ကျယ်နဲ့ စစ်စခန်းကို ပြန်ရောက်လာခဲ့တာလေ။ ငါတို့နဲ့ မင်းသမီး အားလုံးက သက်သေတွေပဲ!"
"မင်းသမီး" ဆိုသည့် စကားလုံး နှစ်လုံးကို ကြားလိုက်ရသောအခါ ရှောင်းလိသည် ယနေ့၏ ထောင်ချောက်မှာ အရှေ့မှလူနှင့် ဝမ်းဝမ်ကျိန်းတို့ ပူးပေါင်း၍ ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း သိလိုက်လေသည်။
...
အပိုင်း(၁၉၇.၂)
သူ၏ ဝံပုလွေမျက်လုံးတစ်စုံက အေးစက်သွားပြီး "တကယ့်ကို ယုတ်မာတဲ့ စွပ်စွဲချက်ပဲ"
ထိုအခိုက်အတန့်တွင် သူ့ကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်က မေ့ဆေးငွေ့ ရှူရှိုက်မိပြီးနောက် ဖြစ်ပေါ်လာသော အားနည်းမှုကိုပင် ဖုံးလွှမ်းသွားခဲ့၏။
ယွီကျိယွမ်သည် ထိုအရှိန်အဝါကြောင့် တုန်လှုပ်သွားခဲ့ပြီး ရှောင်းလိ ချက်ချင်းသေဆုံးသွားမှသာ နောင်လာမည့်ဘေးကို အမြစ်ပြတ် ရှင်းလင်းနိုင်မည်ကို သိလိုက်၏။သူက ချက်ချင်း အမိန့်ပေးလိုက်သည်။ "ဒီသူပုန်ကောင်ကို ဖမ်းကြစမ်း"
ခြံဝင်းအတွင်း၌ ချုံခိုနေကြသော လက်နက်ကိုင်စစ်သည်များ အားလုံးက ချက်ချင်း ထွက်ပေါ်လာကြပြီး ရှောင်းလိကို ဖမ်းဆီးရန် ပြင်လိုက်ကြသည်။
သို့သော် အစက "အလွန်အမင်း အားနည်း" နေပုံရသော ရှောင်းလိက ရုတ်တရက် တိုက်ခိုက်လာမည်ကို မမျှော်လင့်ထားခဲ့ချေ။ ယွီကျိယွမ်သည် ရှောင်းလိ သူ့အနီးသို့ မည်သို့ ရောက်လာသည်ကိုပင် သေချာမမြင်လိုက်ရဘဲ သတိဝင်လာချိန်တွင် သူ၏ လက်မောင်းနှစ်ဖက်နှင့် လည်ပင်းတို့တွင် ပြင်းထန်သော နာကျင်မှုကိုသာ ခံစားလိုက်ရ၏။
——သူသည် ရှောင်းလိ၏ လက်မောင်းဖြုတ်ကာ လည်ပင်းညှစ် ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။
ယွီကျိယွမ်သည် မိမိ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း နောက်ကျမှ သဘောပေါက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ "မင်း မေ့ဆေးငွေ့ မိမနေဘူးပဲ"
အစောက လဲကျနေသော ကျန်းဟူနှင့် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ချက်ချင်း ခုန်ထလာကြပြီး ဝင်ရောက်တိုက်ခိုက်လာသော ဝေ့အိမ်တော်မှ လက်နက်ကိုင်စစ်သည်များကို ခြေထောက်ဖြင့် ကန်ချကာ အော်ပြောလိုက်၏။ "ခွေးကောင်တွေ၊ မင်းတို့အဘိုးက အရင်တုန်းက သိုင်းလောကမှာ သက်တော်စောင့်အလုပ် လုပ်ခဲ့တာကွ။ အမွှေးတိုင်ထွန်းပြီး မေ့ဆေးငွေ့လွှတ်တဲ့ ဒီလို လှည့်ကွက်လေးတွေက မင်းတို့ ကျန်းအဘိုးရဲ့ မျက်စိကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ"
ထောင်ခွေသည် နွားသိုးတစ်ကောင်လို ခန္ဓာကိုယ်သန်မာလှပြီး လက်နှစ်ဖက်ဖြင့် လက်နက်ကိုင်စစ်သည် တစ်ယောက်စီ၏ ရင်ဘတ်ကို ဆွဲကိုင်ကာ သူတို့၏ ခြေထောက်များ မြေပြင်ပေါ်တွင် တရွတ်တိုက် ပါသွားသည်အထိ နောက်သို့ တွန်းပို့လိုက်ပြီး နောက်ဆုံးတွင် လက်မောင်းကို အားကုန်ရမ်းကာ လူများကို အဝေးသို့ လွှင့်ပစ်လိုက်သည်။
အကြံအစည် ပျက်စီးသွားသဖြင့် ယွီကျိယွမ်၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့မှုများ ဖြစ်ပေါ်သွားသော်လည်း ချက်ချင်းပင် အေးစက်စွာ ရယ်မောလိုက်ပြီး ရှောင်းလိကို ခက်ခဲစွာ ပြောလိုက်သည်။ "ငါ့ကို ဖမ်းထားရုံနဲ့ ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်မယ်လို့ မင်း ထင်နေတာလား"
ရှောင်းလိသည် ယနေ့အဖြစ်အပျက်က သူ့အတွက် သီးသန့် ဖန်တီးထားသော ထောင်ချောက်တစ်ခုဖြစ်ကြောင်း သိထားသဖြင့် ယွီကျိယွမ်နှင့် စကားအပိုတွေ ပြောမနေတော့ဘဲ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် တင်းကျပ်စွာ ညှစ်ထားရင်း ပြောလိုက်၏။ "မင်းလူတွေကို နောက်ဆုတ်ခိုင်းမလား၊ ဒါမှမဟုတ် သေမလား"
ယွီကျိယွမ်က တိုးညှင်းစွာ ရယ်မောလိုက်ပြီး "အသုံးမဝင်ပါဘူး။ ငါလို အသက်ပေါပေါက နယ်စားရဲ့ ရွှေတစ်သောင်းတန်တဲ့ ခေါင်းနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ကောင်းကင်က မှိုင်းညို့နေပြီး လေပြင်းများ တိုက်ခတ်နေကာ ခြံဝင်းနှစ်ဖက်ရှိ တတိုင်းမွှေးပန်းပွင့်များက ရှောင်းလိ၏ ခြေရင်းသို့ လွင့်စင်လာကြ၏။
ရှောင်းလိနှင့် အဖွဲ့ကို ဝိုင်းရံထားသော ဝေ့အိမ်တော်မှ လက်နက်ကိုင်စစ်သည်များ အားလုံးက ဓားများကို ကိုင်ဆောင်ကာ ရှောင်းလိထံသို့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လာကြသည်။
ကျန်းဟူနှင့် အခြားသူများက ကိုယ်ပေါ်ရှိ လက်နက်များကို အလျင်စလို ဆွဲထုတ်ကာ သူတို့နှင့် ဝင်ရောက်ရင်ဆိုင်လိုက်ကြပြီး ရှောင်းလိထံသို့ ဝင်ရောက်လာသော ဝေ့အိမ်တော် လက်နက်ကိုင်စစ်သည်များ၏ တိုက်ခိုက်မှုအရှိန်ကို တားဆီးလိုက်ကြ၏။
သို့သော် ဤသို့ တိုက်ခိုက်လိုက်ချိန်တွင် အင်အားသက်သက်သာ ယှဉ်ပြိုင်နေရခြင်း မဟုတ်တော့ဘဲ ဤလက်နက်ကိုင်စစ်သည်များ၏ ကိုယ်နေဟန်ထားက ထူးဆန်းပြီး ကောက်ကျစ်နေကာ တိုက်ကွက်များကလည်း အလွန် လိမ္မာပါးနပ်ကြောင်း တွေ့ရှိလိုက်ရသည်။ သာမန် အိမ်တော်စောင့်စစ်သည်များနှင့် မတူဘဲ လုပ်ကြံသတ်ဖြတ်ရာတွင် ကျွမ်းကျင်သော အသေခံစစ်သည်များနှင့် ပိုတူနေသည်။
ရှောင်းလိ၏ ကိုယ်ရံတော်များထဲတွင် မကြာမီမှာပင် ဒဏ်ရာရသူများ ရှိလာခဲ့သည်။
ဤလက်နက်ကိုင်စစ်သည်များ၏ ထူးဆန်းကောက်ကျစ်သော ကိုယ်နေဟန်ထားများမှတစ်ဆင့် တစ်စုံတစ်ရာကို သူ ရိပ်မိသွားတော့၏။ သူ့ထံသို့ ဝင်ရောက်တိုက်ခိုက်လာသော လက်နက်ကိုင်စစ်သည် တစ်ဦးကို ရှောင်တိမ်းရန် ယွီကျိယွမ်ကို ဆွဲကိုင်ထားရင်း ပြန်လည်ကန်ထွက်လာသော သံမဏိချိတ်ကို ဓားအိမ်ဖြင့် ကာကွယ်လိုက်ချိန်တွင် သူ၏ မျက်လုံးများထဲ၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ ပြောလိုက်သည်။ "သိမ်းငှက်အမဲလိုက်ခွေးတွေလား"
ကျန်းဟူနှင့် အခြားသူများကလည်း ဤအိမ်တော်စောင့်စစ်သည်များမှာ ရင်ဆိုင်ရ ခက်ခဲကြောင်းကို သတိပြုမိသွားကြပြီး အချိန်တိုအတွင်း တိုက်ခိုက်ပြီးနောက် အားလုံးက ရှောင်းလိ၏ ကျောဘက်သို့ စုရုံးလာကြ၏။
သူ၏ စကားကို ကြားသောအခါ ကျန်းဟူက ချက်ချင်းပင် မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ပြီး ဆဲဆိုလိုက်သည်။ "တောက်! အားလုံးက ဖေစုန့်ရဲ့ ခွေးတွေချည်းပဲလား"
ရှောင်းလိ၏ လည်ပင်းညှစ်ထားခြင်းကို ခံနေရဆဲဖြစ်သော ယွီကျိယွမ်သည် သေရမည်ကို နည်းနည်းမှ မကြောက်ရွံ့သည့်အလား နှုတ်ခမ်းတွင် အပြုံးတစ်ခုကို ဆင်မြန်းထားလျက် ရှောင်းလိကို တိုးညှင်းစွာ ပြောလိုက်သည်။ "နယ်စားက ဒီလက်ဆောင်ကို ကျေနပ်ရဲ့လား"
"ဒီနေ့ နယ်စားက ဒီနေရာမှာ သေရင်သေ၊ ဒါမှမဟုတ် ကျွန်တော်နဲ့ ဝေ့မိသားစုက တင်မြှောက်ထားတဲ့ အရင်ကျင့်မင်းဆက်ရဲ့ မင်းသမီးကို သတ်ပြီး ကျွန်တော်တို့က နယ်စားကို ချောက်ချတာပါလို့ အပြင်ကို ကြေညာလိုက်ပေါ့။ နယ်စား ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့... သခင်ကြီးဘက်မှာ နယ်စားအတွက် ဒုတိယမြောက် လက်ဆောင်ကြီးက စောင့်နေသေးတယ်လေ"
သူ့စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် နံရံနှစ်ဖက်စလုံးတွင် ဒူးလေးများစွာကို ချိန်ရွယ်ထားလိုက်ကြပြီး အစောက ရှောင်းလိနှင့် အဖွဲ့ကို ဝိုင်းရံထားသော သိမ်းငှက်အမဲလိုက်ခွေးများက မျက်စိတစ်မှိတ်အတွင်းမှာပင် ဘေးပတ်လည်သို့ ဆုတ်ခွာသွားကြသည်။
အေးစက်သော အလင်းရောင်များ တောက်ပနေသည့် မြားတံများသည် ပျံသန်းနေသော ကျိုင်းကောင်များအလား အရှိန်အဟုန်ဖြင့် စိုက်ဝင်လာခဲ့ပြီး ကောင်းကင်ယံတွင် နေ့တစ်ဝက်ခန့် စုဝေးနေခဲ့သော မိုးကြိုးတိမ်တိုက်များသည်လည်း ဤအခိုက်အတန့်တွင် နောက်ဆုံး၌ ကျယ်လောင်စွာ ပေါက်ကွဲထွက်လာကာ အေးစက်သော မိုးရေများက သွန်ချလိုက်သည့်အလား ရွာကျလာတော့သည်။
ရှောင်းလိသည် ခါးဘေးရှိ ဓားတိုကို ဆွဲထုတ်လိုက်ပြီး ရှုပ်ထွေးနေမှုများကြားတွင် အရှေ့မှ ပျံသန်းလာသော မြားတံများကို ခုတ်ဖြတ်လိုက်သည်။ ထို့နောက် ထွက်ပြေးနေသော သိမ်းငှက်အမဲလိုက်ခွေး တစ်ဦးကို ခြေထိုးခံလိုက်ပြီး ဓားတိုဖြင့် လည်ပင်းကို လှီးဖြတ်လိုက်ချိန်တွင် တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ သံချပ်ကာအင်္ကျီကိုပါ တစ်ပါတည်း ခွဲဖြဲလိုက်သော်လည်း သိမ်းငှက်အမဲလိုက်ခွေးများနှင့် ပတ်သက်သော မည်သည့် တက်တူးကိုမျှ မတွေ့ရှိခဲ့ရချေ။
မိုးရေများက သူ၏ မေးရိုးတစ်လျှောက် စီးကျနေပြီး သူ၏ မျက်နှာပေါ်ရှိ အမူအရာက သိသိသာသာကို ပိုလို့ပင် အေးစက်သွားခဲ့သည်။
သူ၏ ရည်ရွယ်ချက်ကို နားလည်သွားသော ယွီကျိယွမ်က ဆက်လက် ရယ်မောကာ ပြောလိုက်သည်။ "ဝေ့မိသားစုက ကျွန်တော်တို့ကျူကျွင်းရဲ့ သိမ်းငှက်အမဲလိုက်ခွေးတွေအကြောင်းကို အများကြီး သိထားတယ်လေ။ ကျူကျွင်းက သူတို့ကိုယ်ပေါ်မှာ အဆင့်အတန်း အမှတ်အသားတွေကို ဘယ်လိုလုပ် ချန်ထားပေးမှာလဲ"
ရှောင်းလိ၏ လက်ချောင်းငါးချောင်းက ရုတ်တရက် အားစိုက်ကာ ပိုတင်းကျပ်သွားပြီး ယွီကျိယွမ်၏ မျက်နှာကို ဖြူရော်ရော်အရောင်မှ အနီရဲရဲသို့ ပြောင်းလဲသွားစေခဲ့သည်။ တစ်ဖက်လူ၏ မျက်လုံးနှစ်လုံးက သွေးများပြည့်ကာ အပြင်သို့ ပြူးထွက်လာချိန်တွင် အေးစက်စွာ ပြောလိုက်သည်။ "မင်းရဲ့ ခွေးအသက်ကို ငါလာယူတဲ့အထိ ချန်ထားလိုက်ဦး"
ပြောပြီးသည်နှင့် လက်ကို လွှတ်လိုက်ကာ ခြေထောက်ကို မြှောက်၍ လူကို လေထဲသို့ လွင့်ထွက်သွားသည်အထိ ကန်ထုတ်လိုက်၏။
ယွီကျိယွမ်သည် နံရံနှင့် သွားစောင့်မိပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
သူသည် မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး လည်ပင်းတွင် ပြင်းထန်သော နာကျင်မှုကိုသာ ခံစားနေရကာ အသံပင် မထွက်နိုင်တော့ချေ။ အတွင်းကလီစာများကလည်း လှိမ့်တက်နေပြီး နံရိုးဘယ်နှစ်ချောင်း ကျိုးသွားသည်ကိုပင် မသိနိုင်တော့ဘဲ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် တစ်ကိုယ်လုံး နာကျင်လာတော့သည်။ သိမ်းငှက်အမဲလိုက်ခွေးများက သူ့ကို တွဲထူလိုက်ချိန်တွင် မျက်နှာက စက္ကူကဲ့သို့ ဖြူရော်နေပြီး နဖူးမှ ချွေးအေးများက မိုးရေများနှင့် ရောနှောကာ မျက်ခွံများပေါ်သို့ ကျဆင်းနေသည်။
သူသည် သေဘေးမှ လွတ်မြောက်လာသည့်နှယ် ရှောင်းလိက သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ တံခါးဝတွင် ပိတ်ဆို့နေသော သိမ်းငှက်အမဲလိုက်ခွေးများနှင့် ဝင်ရောက်တိုက်ခိုက်နေသည်ကို ငေးကြည့်နေခဲ့၏။
နံရံထက်မှ ပစ်ခတ်လာသော မြားတံများကို အပြင်ဘက်ရှိ ကိုယ်ရံတော်များက သေဆုံးသွားသော သိမ်းငှက်အမဲလိုက်ခွေးများ၏ ရုပ်အလောင်းများကို ဒိုင်းအဖြစ် အသုံးပြုကာ ကာကွယ်လိုက်ကြသည်။
မည်းနက်နေသော လူနံရံကြီးသည် ရှောင်းလိ၏ သံမဏိလက်ကောက်ဝတ်စွပ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်မှုအောက်တွင် မြန်မြန်ဆန်ဆန်ပင် ကျိုးပေါက်သွားခဲ့သည်။
လူနံရံကြီး ပြိုကွဲကာ နောက်သို့ ဆုတ်ခွာသွားပြီး ဓားတိုများက အေးစက်သော မိုးရေထဲတွင် နီရဲသော သွေးကြောင်းများကို ဖန်တီးလိုက်ကာ ရုပ်အလောင်းများက မိုးရေထဲသို့ တစ်ခုပြီးတစ်ခု လဲကျသွားကြတော့သည်။
လျှပ်စီးလက်ကာ မိုးခြိမ်းသံများကြားတွင် ရှောင်းလိသည် အရှေ့၌ လမ်းပိတ်နေသော သိမ်းငှက်အမဲလိုက်ခွေးများကို ဝေ့ကြည့်လိုက်၏။ သူ့မျက်လုံးများထဲရှိ သတ်ဖြတ်လိုသော အငွေ့အသက်များသည် မိုးရေထဲတွင် ရောနှောနေသော သွေးရေများအလား တစ်ပါတည်း ရောနှောသွားသယောင်။
ယွီကျိယွမ်သည် ထိုကျောပြင်ကို ကြည့်နေရုံဖြင့်ပင် ရင်ထဲသို့ စူးဝင်လာသော အအေးဒဏ်ကို ခံစားလိုက်ရသည်။
ရှောင်းလိသာ ဤသိမ်းငှက်အမဲလိုက်ခွေးများ၏ ကိုယ်ပေါ်တွင် တက်တူးမရှိကြောင်းကို မတွေ့ရှိခဲ့လျှင်၊ ထို့ပြင် သူ၏ အစောက စကားများကြောင့် သူ့ကို သတ်လိုက်ပြီးနောက် ဝေ့ဖိန်ကျင်းကို သတ်ဖြတ်ခဲ့သည်ဟူသော နာမည်ဆိုးကို ပြန်လည် မရှင်းလင်းနိုင်တော့ဘဲ ဖေစုန့်၏ အလိုကျ ဖြစ်သွားမည်ကို နားမလည်ခဲ့လျှင် ရှောင်းလိက သူ့အသက်ကို သေချာပေါက် ချန်ထားပေးမည် မဟုတ်ချေ။
ဤအချက်ကို ရှင်းလင်းစွာ သိရှိထားသောကြောင့်ပင် ယွီကျိယွမ်က ယနေ့ ရှောင်းလိကို ဝေ့အိမ်တော် တံခါးဝမှ အသက်ရှင်လျက် ထွက်သွားခွင့် လုံးဝ မပေးနိုင်ကြောင်း နက်နက်ရှိုင်းရှိုင်း သိထားခဲ့သည်။
——ဤ ရက်စက်သော ဝံပုလွေကြီး၏ လက်စားချေမှုကို မည်သူမျှ တာဝန်မယူနိုင်ချေ။
ခြံဝင်းအပြင်ဘက်မှ ရှုပ်ထွေးနေသော ခြေသံများနှင့် သံချပ်ကာများ ရိုက်ခတ်သံများ ထွက်ပေါ်လာခဲ့သည်။ ခဏအကြာတွင် ဝေ့ထုံ ဦးဆောင်သော ဝေ့စစ်သူကြီး တစ်စုက အိမ်တော်မှ လက်နက်ကိုင်စစ်သည်များကို ခေါ်ဆောင်ကာ အလျင်စလို ရောက်ရှိလာကြသည်။ ရှောင်းလိက သူ၏ ကိုယ်ရံတော်များကို ဦးဆောင်ကာ အိမ်တော်မှ လက်နက်ကိုင်အစောင့်များနှင့် သတ်ဖြတ်နေသည်ကို မြင်သောအခါ သူတို့မှာ မှင်သက်သွားကြပြီး ပြောလိုက်သည်။ "ဒါ ဘာလုပ်နေကြတာလဲ"
ယွီကျိယွမ်သည် သိမ်းငှက်အမဲလိုက်ခွေးများ၏ တွဲထူမှုကို ခံထားရလျက် တစ်ကိုယ်လုံးရှိ ပြင်းထန်သော နာကျင်မှုကို အောင့်ခံကာ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား အသံဩဩဖြင့် အော်ပြောလိုက်သည်။ "စစ်သူကြီး ဝေ့ထုံ... ဒီသူပုန်ကောင်ကို မြန်မြန် ဖမ်းကြစမ်း။ ဒီသူပုန်ကောင်က သခင်လေးကို သတ်လိုက်ပြီ"
ဝေ့ထုံမှာ သိသိသာသာပင် တစ်ခဏမျှ အံ့ဩမှင်သက်သွားခဲ့သည်။ "ဆရာ ဘာတွေပြောနေတာလဲ။ သခင်လေးက ဘယ်လိုလုပ် အန္တရာယ်ကြုံရမှာလဲ"
ယွီကျိယွမ်က ထပ်စကားပြောလိုသေးသော်လည်း လည်ပင်းက ပြင်းထန်စွာ နာကျင်နေသဖြင့် ချက်ချင်း အသံမထွက်နိုင်တော့ချေ။ ထပ်တလဲလဲ ပိတ်ဆို့ထားသော သံချပ်ကာအစောင့်များ ရှိသည့် အတွင်းခြံဝင်းထဲမှ မိုးသည်းထန်နေသည့်ကြားတွင် လူတစ်ယောက်က လက်တစ်ဖက်လုံး သွေးများပေကျံနေလျက် နံရံကို ထောက်ကာ ထွက်လာခဲ့သည်။ ထိုသူမှာ ဝမ်းဝမ်ကျိန်းပင်။
သူမသည် အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေပြီး စကတ်စွန်းပေါ်တွင်လည်း သွေးများ ပေကျံနေကာ ငိုကြွေးရင်း ပြောလိုက်သည်။ "ဒီရှောင်းမျိုးရိုး သူပုန်ကောင်က ကျွန်မကို စော်ကားဖို့ လုပ်နေတာကို ကြင်ရာတော်က ပက်ပင်းတိုးမိသွားတယ်။ ကြင်ရာတော်က ဓားကိုင်ပြီး သူ့ကို သတ်ဖို့ လုပ်ပေမယ့် သူက သိုင်းပညာရှိတာကို အားကိုးပြီး ဓားကိုလုယူပြီး ကြင်ရာတော်ကို ပြန်သတ်လိုက်တယ်။ ပြီးတော့ ကျွန်မကို ဒီကိစ္စကို ဖုံးဖိထားပြီး သူ့ကို ပြန်လက်ထပ်ဖို့၊ သူ့အတွက် အဲ့ဒီ ဧကရာဇ်ရာထူးကို နာမည်ခံနဲ့ လုယူဖို့ အတင်းအကျပ် ဖိအားပေးနေသေးတယ်။ ဆရာယွီသာ အချိန်မီ လူခေါ်မလာခဲ့ရင် ကျွန်မက ဒီသူပုန်ကောင်ရဲ့ စော်ကားမှုကို တကယ်ခံရတော့မှာပဲ။ စစ်သူကြီးတို့ သူ့ကို မြန်မြန်သတ်ပြီး ကြင်ရာတော်အတွက် ကလဲ့စားချေပေးကြပါ"
ဝေ့စစ်သူကြီးများ အားလုံးသည် ဝမ်းဝမ်ကျိန်း၏ ဤစကားကို ကြားသောအခါ မှင်သက်သွားကြပြီးနောက် အားလုံးက ထိတ်လန့်ဒေါသထွက်ကာ အလွန်အမင်း ဝမ်းနည်းသွားကြပြီး ရှောင်းလိနှင့် အဖွဲ့ကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်လာကြသည်။
ကျန်းဟူက ဒေါသထွက်လွန်းသဖြင့် ချက်ချင်းပင် ဆဲဆိုလိုက်သည်။ "မင်းက သောက်ကျိုးနည်းတွေ ပြောနေတာပဲ။ ငါတို့ ညီအစ်ကိုတွေ အများကြီးက အစ်ကို(၂) နဲ့အတူတူ ဒီနေရာကို လျှောက်လာရင်း ချုံခိုတိုက်ခိုက်ခံရတာ။ မင်းလို မိန်းမယုတ်က ဒီကောင်လေးနဲ့ ပူးပေါင်းပြီး ဝေ့သခင်လေးကို သတ်ပြီးငါ့ရဲ့ အစ်ကို(၂) အပေါ် ပုံချနေတာ သိသာနေတာပဲ"
သူက ယွီကျိယွမ်ကို လက်ညှိုးထိုးလိုက်သည်။ "ဒီကောင်လေးက ဖေစုန့်ရဲ့ သူလျှိုပဲ"
ယွီကျိယွမ်သည် ဘေးနားရှိ လက်နက်ကိုင်စစ်သည်၏ တွဲထူမှုကို ခံယူထားရင်း မိုးသည်းထဲတွင် မော့ကြည့်ကာ သနားစဖွယ် ရယ်မောလိုက်ပြီး အသံဩဩဖြင့် ပြောလိုက်သည်။ "ကျွန်တော်က သခင်လေးကို ကူညီပြီး အောင်မြင်မှုတွေ အများကြီး ရယူပေးခဲ့တာ။ အခု မင်းတို့လို သူပုန်ကောင်တွေက သခင်လေးကို ဒုက္ခပေးရုံမကဘဲ ကျွန်တော့်အပေါ်ကိုပါ ဒီလို ညစ်ပတ်တဲ့ စွပ်စွဲချက်တွေ ပုံချချင်သေးတာလား"
သူသည် အလွန်အမင်း စော်ကားခံလိုက်ရသည့်အလား ကျန်းဟူကို အသံဩဩဖြင့် မေးခွန်းထုတ်လိုက်သည်။ "မင်းတို့က ငါ့ကို ဖေစုန့်ရဲ့ သူလျှိုလို့ စွပ်စွဲနေတာ၊ သက်သေပြစမ်း"
ကျန်းဟူက ထပ်မံ ဆဲဆိုရန် ပြင်လိုက်သော်လည်း ကြီးမားသော လက်ဝါးကြီးတစ်ဖက်၏ တားဆီးခြင်းကို ခံလိုက်ရ၏။
သူ လှည့်ကြည့်လိုက်သောအခါ ရှောင်းလိ၏ မျက်နှာပေါ်တွင် အေးစက်လေးနက်မှုများ ပြည့်နှက်နေပြီး အေးစက်သော မျက်လုံးတစ်စုံဖြင့် ယွီကျိယွမ်ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ "စကားအပိုတွေ ပြောနေစရာ မလိုဘူး၊ သတ်ပြီး ထွက်သွားမယ်"
ကျန်းဟူကလည်း ယနေ့အဖြစ်အပျက်မှာ ဟုန်မန်စားသောက်ပွဲ (သေစေရန် ဖန်တီးထားသော ထောင်ချောက်) တစ်ခုဖြစ်ကြောင်း နားလည်ထားပြီး ဝေ့အိမ်တော်၏ နယ်မြေအတွင်းတွင် သူတို့ ဘယ်လောက်ပြောပြော အကျိုးမရှိနိုင်ကြောင်း သိထားသဖြင့် ချက်ချင်းပင် ဓားကို ကိုင်ဆောင်ကာ ရှောင်းလိနှင့်အတူ လမ်းပိတ်နေသော သိမ်းငှက်အမဲလိုက်ခွေးများကို ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။
လူအုပ်စုက ဓားဝှေ့ယမ်းလိုက်သည်နှင့် သွေးထွက်လာပြီး သိမ်းငှက်အမဲလိုက်ခွေးများမှာ အစောကြီးကတည်းက ခုခံနိုင်စွမ်း မရှိတော့ချေ။
ဝမ်းဝမ်ကျိန်းကလည်း ယနေ့ ရှောင်းလိ ဝေ့အိမ်တော်မှ လွတ်မြောက်သွားမည်ကို ကြောက်ရွံ့သဖြင့် အလျင်စလို ဆက်လက် ငိုကြွေးပြောဆိုလိုက်သည်။ "နယ်စားကြီးက လူကို သေချာ မခွဲခြားတတ်ခဲ့ဘူးပဲ၊ ဘယ်လိုလုပ် မြောက်ပိုင်းဝေ့ကို မင်းလို သူပုန်ကောင်လက်ထဲ အပ်ခဲ့ရတာလဲ။ ခရိုင်မင်းသမီးကို အတင်းအဓမ္မ ဖိအားပေးပြီး ရေကန်ထဲ ခုန်ချသွားအောင် လုပ်ခဲ့တယ်၊ အခု ကျွန်မကို စော်ကားပြီး ကြင်ရာတော်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သေးတယ်၊ ပြီးတော့ ကျွန်မကိုပါ ထပ်ပြီး စွပ်စွဲနေသေးတယ်။ ကျွန်မ ဝမ်းဗိုက်ထဲမှာသာ ကြင်ရာတော်ရဲ့ သွေးသား မရှိခဲ့ရင် ကျွန်မက ခေါင်းနဲ့ဆောင့်ပြီး သတ်သေပြီး မြေကြီးအောက်မှာ ကြင်ရာတော်ကို သွားအဖော်ပြုပေးလိုက်ချင်တယ်"
ဝေ့ထုံမှာ ဝေ့ဖိန်ကျင်း သေဆုံးသွားမှု၏ ဝမ်းနည်းဒေါသထွက်မှုများမှ မရုန်းထွက်နိုင်သေးခင်မှာပင် ဝေ့ကျာမင်၏ သေဆုံးမှုကလည်း ရှောင်းလိနှင့် ပတ်သက်နေကြောင်း ကြားလိုက်ရပြီး ဝမ်းဝမ်ကျိန်းတွင်လည်း ဝေ့ဖိန်ကျင်း၏ ရင်သွေးလေး ရှိနေသေးသည်။ သူသည် ရှုပ်ထွေးနေသော ဦးနှောက်ထဲမှ အရေးကြီးသော အချက်အလက်များကို ခက်ခဲစွာ စုစည်းကြည့်လိုက်သည်။
ဝေ့မိသားစု၏ သွေးသား ကျန်ရှိနေသေးသည်။
သို့သော် ရှောင်းလိနှင့် အဖွဲ့က တံခါးဝသို့ ဦးတည်တိုက်ခိုက်သွားနေသည်ကို မြင်သောအခါ သူက အလျင်စလို အိမ်တော်စောင့်စစ်သည်များကို စေလွှတ်၍ တားဆီးခိုင်းလိုက်ပြီး လက်ထဲရှိ လက်နက်ဖြင့် ရှောင်းလိကို ညွှန်ပြကာ မေးလိုက်သည်။ "ခရိုင်မင်းသမီးရဲ့ သေဆုံးမှုကလည်း ဒီသူပုန်ကောင်နဲ့ ပတ်သက်နေတာလား"
ဝမ်းဝမ်ကျိန်းက မျက်ရည်များ စီးကျနေလျက် ပြောလိုက်လေသည်။ "ဒီလူက ကျွန်မကို ကိုယ်တိုင်ပြောခဲ့တာ။ ခရိုင်မင်းသမီးက အခြေအနေကို နားမလည်ဘဲ သူ့ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးခဲ့လို့ ရေကန်ထဲ ပြုတ်ကျတဲ့ အခြေအနေကို ရောက်သွားရတာတဲ့၊ ကျွန်မကိုလည်း အခြေအနေကို နားလည်ပါတဲ့... အဲ့ဒီလိုသာ မဟုတ်ခဲ့ရင် ကြင်ရာတော်က ဘာဖြစ်လို့ ဓားကိုင်ပြီး သူ့ကို ဝင်သတ်ဖို့အထိ လုပ်ရမှာလဲ"
ယွီကျိယွမ်ကလည်း တိမ်ဝင်နေသည့်အသံဖြင့် ဝင်ပြောလိုက်သည်။ "ကျွန်တော် သက်သေပြနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က ဒီသူပုန်ကောင်က ဝေ့အိမ်တော်ကို တကယ် လာခဲ့တာပါ။ ဒါပေမယ့် သခင်လေးနဲ့ မတွေ့ရဘဲ အလျင်စလို ပြန်ထွက်သွားခဲ့တယ်။ အဲ့ဒီနောက် ခရိုင်မင်းသမီး ရေကန်ထဲ ရေနစ်သေဆုံးနေတာကို တွေ့လိုက်ရတာပဲ။ သခင်မကလည်း ဝမ်းနည်းလွန်းလို့ အိပ်ရာထဲ လဲသွားပြီး ဘာစိတ်လှုပ်ရှားမှုမှ ထပ်မခံနိုင်တော့ဘူးလေ။ သခင်လေးက အဲ့ဒီအထဲမှာ နားလည်မှုလွဲတာတွေ ရှိနေမှာစိုးလို့ ကျွန်တော်တို့ကို ဒီကိစ္စကို ဘာမှမပြောဖို့ ပိတ်ပင်ထားခဲ့တာပါ။ ဒီနေ့ သူက စစ်စခန်းကို ပြန်ရောက်ပြီလို့ အပြင်ကို ကြေညာလိုက်တော့မှ သခင်လေးက သူ့ကို သွားပင့်ခိုင်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ်ရက်က ညဘက် နယ်စားအိမ်တော်ကို လာခဲ့တဲ့ ကိစ္စအတွက်ပဲလေ"
သူက ဤနေရာသို့ ရောက်သောအခါ အလွန်အမင်း ဝမ်းနည်းပူဆွေးသွားသည့်အလား စကားလုံးတိုင်းက သွေးရည်များ ကျဆင်းနေသကဲ့သို့ ပြောလိုက်သည်။ "ဒါပေမယ့် သူက သခင်လေးရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပြီးနောက် ဒီလို ယုတ်မာတဲ့ စိတ်နှလုံးတွေ ပေါ်လာပြီး ဒီလောက် ရက်စက်တဲ့ လက်ချက်မျိုးကို သုံးလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားခဲ့မှာလဲ"
ကျန်းဟူက အိမ်တော်စောင့်စစ်သည် တစ်ဦးကို ခြေထောက်ဖြင့် ကန်လွှင့်လိုက်ပြီး နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ဆက်ပြီး ဆဲဆိုလိုက်သည်။ "မင်းရဲ့ အဲ့ဒီ ခွေးပါးစပ်က သူများရဲ့ သန့်ရှင်းမှုကို စွပ်စွဲနေတာလား။ ရှော့ပျန်းနယ်စား သက်ရှိထင်ရှား ရှိနေတုန်းက ကိုယ်တိုင် မင်္ဂလာဆောင်ပေးတာကိုတောင် ငါ့ရဲ့ အစ်ကို(၂)က ငြင်းပယ်ခဲ့သေးတယ်။ အခု မင်းက ငါ့ရဲ့ အစ်ကို(၂)ကို အဲ့ဒီ ခရိုင်မင်းသမီး အပေါ် အတင်းအဓမ္မ လုပ်ခဲ့တယ်လို့ လုပ်ကြံပြောနေတာလား။ တောက်! မင်းကသာ အတင်းအဓမ္မ လုပ်ပြီး လူကို သေအောင် ဖိအားပေးခဲ့တာလို့တောင် ငါက ပြောချင်သေးတယ်"
စကားပြောနေစဉ်မှာပင် အိမ်တော်စောင့်စစ်သည် ထံမှ လုယူထားသော ဓားရှည်တစ်လက်ကို ကိုင်မြှောက်ကာ ယွီကျိယွမ်ထံသို့ ပစ်ပေါက်လိုက်သည်။
ယွီကျိယွမ်သည် အိမ်တော်စောင့် စစ်သည်အဖြစ် ဟန်ဆောင်ထားသော သိမ်းငှက်အမဲလိုက်ခွေး၏ အကူအညီဖြင့် ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကိုယ်ပေါ်ရှိ ဒဏ်ရာက ပြင်းထန်နေသဖြင့် တစ်ချက်လှုပ်ရှားလိုက်သည်နှင့် မျက်နှာက ပိုလို့ပင် ဖြူရော်သွားကာ ဝေ့ထုံထံသို့ အလျင်စလို အကူအညီ တောင်းလိုက်သည်။ "စစ်သူကြီး ကယ်ပါဦး"
ထို့နောက် ကြမ်းရှရှအသံဖြင့် ဆက်ပြောလိုက်သည်။ "ပြီးခဲ့တဲ့အကြိမ် စစ်တပ်သံချပ်ကာ ကိစ္စပြီးကတည်းက ဒီရှောင်းမျိုးရိုး သူပုန်ကောင်က စစ်တပ်ကို ကျွေးမွေးရတာ ခက်ခဲတယ်ဆိုတာကို နားလည်သွားတာ သေချာတယ်။ သခင်လေးက မြောက်ပိုင်းနယ်စပ်ရဲ့ ဘဏ္ဍာရေးလမ်းကြောင်းကို ဆုပ်ကိုင်ထားတာကိုလည်း မြင်တော့ ခရိုင်မင်းသမီးနဲ့ လက်ထပ်ပြီး သခင်လေးကို လုံးဝ အာဏာမဲ့သွားအောင် လုပ်ချင်နေတာပဲ။ ဒါပေမယ့် ခရိုင်မင်းသမီးက စိတ်ဓာတ်ပြတ်သားတော့ နယ်စားကြီးရဲ့ ဈာပနကာလမှာ သူ့ရဲ့ စော်ကားမှုကို မခံချင်လို့ ရေကန်ထဲ ခုန်ချသွားခဲ့ရတာလို့ ဘယ်သူကများ ထင်ထားခဲ့မှာလဲ။ အခု သူ့လက်အောက်က လူတွေက အရင်တုန်းက ဟန်ဆောင်ပြီး မင်္ဂလာကိစ္စကို ငြင်းပယ်ခဲ့တာကို အကြောင်းပြပြီး ခရိုင်မင်းသမီးကို ထပ်ပြီး စော်ကားရဲသေးတယ်"
စစ်တပ်သံချပ်ကာ ကိစ္စမှာ ဝေ့ထုံ၏ ရင်ထဲရှိ တိတ်ဆိတ်သော နာကျင်မှုတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူက အစကတည်းက ရှောင်းလိကို အညံ့မခံလိုခဲ့ရာ ယခု ဝေ့ဖိန်ကျင်း မောင်နှမ နှစ်ဦးစလုံးက ထိုကိစ္စကြောင့် သေဘေးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ကြားလိုက်ရသောအခါ ချက်ချင်းပင် ရင်ဘတ်ထဲ၌ ဒေါသနှင့် ရက်စက်လိုမှုများ ရစ်ပတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး လှံကို ကန့်လန့်ဖြတ်ကိုင်ကာ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ "သူပုန်ကောင်! အသက်ကို ပေးခဲ့စမ်း"
ရှောင်းလိ၏ လက်ထဲရှိ ဓားတိုက မိုးရေစက်များကို ခုတ်ဖြတ်ကာ သံချပ်ကာများကို ခွဲဖြဲပြီး သွေးများ လွင့်စင်လာခဲ့သည်။ ရှုပ်ထွေးနေမှုများကြားတွင် ဝေ့ထုံ၏ ဤလှံချက်ကို လက်ပြန်ဖြင့် ဖမ်းယူလိုက်ချိန်၌ အခြားတစ်ဖက်ရှိ သံမဏိလက်ကောက်ဝတ်စွပ်ဖြင့် ဓားကျောကို ထောက်ကန်ထားရင်း မျက်လုံးများထဲတွင် အေးစက်ရက်စက်မှုများ အပြည့်အဝ ပေါ်လွင်နေသည်။ "ငါ ရှောင်းလိက မြောက်ပိုင်းနယ်စပ် တစ်ခုလုံးကို သိမ်းယူချင်ရင်တောင် ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးနေစရာ မလိုဘူး"
ပြောပြီးသည်နှင့် ကြမ်းတမ်းသော အင်အားဖြင့် ဝေ့ထုံ၏ ထိုလှံချက်ကို တွန်းထုတ်လိုက်၏။ ဝေ့ထုံမှာ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားပြီးမှသာ လှံကို ထောက်ကာ ကိုယ်နေဟန်ထားကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
ကျန်းဟူနှင့် ထောင်ခွေ နှစ်ဦးက အပြင်ဘက်မှ သော့ခတ်ထားသော တံခါးမကြီး၏ သော့ခလောက်ကို ကျိုးထွက်သွားသည်အထိ ဝင်တိုက်လိုက်ကြပြီး တံခါးကို ပိတ်ဆို့ထားသော အိမ်တော်စောင့်စစ်သည်များ အားလုံးက ထိုအင်အားကြောင့် လေထဲသို့ လွင့်ထွက်သွားကြတော့သည်။
မြင်းတင်းကုပ်သို့ သွားရောက်ကာ မြင်းများကို ဆွဲလာသော ကိုယ်ရံတော်များကလည်း မြင်းများကို မောင်းနှင်လျက် ပြေးလာကာ အော်ပြောလိုက်သည်။ "နယ်စား၊ မြင်းပေါ်တက်ပါ"
ဝေ့ထုံက အလျင်စလို ပြောလိုက်သည်။ "သူတို့ကို တားဆီးထားကြ၊ ရွှေတစ်ထောင် ဆုချမယ်"
ရှောင်းလိက သူ့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခြံဝင်းအတွင်းရှိ ပေါင်ရာပေါင်းများစွာ လေးလံသော သုံးချောင်းထောက်ကြေးဝါအိုးကြီးကို လက်တစ်ဖက်တည်းဖြင့် ဆွဲမကာ သူ့ထံသို့ ပစ်ပေါက်လိုက်လေသည်။
ဝေ့ထုံသည် ထိုလေးလံလှသည့် သုံးချောင်းထောက်အိုးကြီးကို မဖမ်းယူရဲသဖြင့် ရှက်ရွံ့စွာဖြင့် အလျင်စလို ရှောင်တိမ်းလိုက်ရသည်။
ထိုသုံးချောင်းထောက်ကြေးဝါအိုးကြီးက အိမ်တော်စောင့်စစ်သည် အတော်များများကို ဝင်တိုက်ကာ လွင့်စင်သွားစေပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် နောက်ထပ် မိုးကြိုးတစ်ချက် ပေါက်ကွဲသွားသည့်အလား ခြံဝင်းအတွင်းရှိ ကျောက်ပြားကြမ်းပြင်များ အများအပြား ပြိုကျကွဲအက်သွားခဲ့သည်။
သည်းမည်းစွာရွာနေသည့် မိုးရေများက မျက်နှာကို ရိုက်ခတ်နေပြီး ကျန်းဟူနှင့် အဖွဲ့က ဤကွက်လပ်တွင် မြင်းပေါ်သို့ တက်ခွလိုက်ကြကာ ရှောင်းလိကို အော်ခေါ်လိုက်သည်။ "အစ်ကို(၂)၊ သွားမယ်"
ရှောင်းလိ၏ သွေးများ ပေကျံနေသော လက်က ဇက်ကြိုးကို ဆုပ်ကိုင်ထားကာ လမ်းမကြီးဆီသို့ မြင်းကို မောင်းနှင်မသွားခင် ပြန်လှည့်ကြည့်လိုက်ပြီး သူ့အကြည့်များက အေးစက်သော မြားတစ်စင်းအလား သိမ်းငှက်အမဲလိုက်ခွေးများ၏ တွဲထူမှုကို ခံထားရသော ယွီကျိယွမ်ထံသို့ စိုက်ဝင်သွားခဲ့သည်။ "မင်းနဲ့ မင်းရဲ့ကျူကျွင်း၊ လည်ပင်းကို သန့်ရှင်းနေအောင် ဆေးထားပြီး ငါနယ်စား ခေါင်းလာဖြတ်မဲ့အချိန်ကို စောင့်နေလိုက်ကြ"
...