အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆)
အစောင့်တပ်ဖွဲ့ တည်ထောင်ခြင်း
စနစ်၏ အသိပေးချက် ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဖန်းဟန်မှာ မည်သည့် ပြင်ဆင်မှုမျှ ပြုလုပ်ရန် အချိန် ပင် မရလိုက်ချေ။
အရည်ပျော်နေသော သံရည်ပူများကဲ့သို့ အလွန်အမင်း ပြင်းထန်လှသော နာကျင်မှုများက ဖန်းဟန်၏ ခြေလက် များနှင့် အရိုးအဆစ်များဆီသို့ ချက်ချင်းပင် စီးဝင်ပြည့်နှက်သွားခဲ့လေ၏။
"အင်း...။”
သူသည် အံကို ကြိတ်ကာ လည်ချောင်းထဲမှ ထွက်ပေါ်လာသော တိုးဖျော့သည့် ညည်းတွားသံကို အတင်း မျိုချ လိုက်လေသည်။
ထိုအရာမှာ သာမန် နာကျင်မှုတစ်ခုမျှသာ မဟုတ်ဘဲ လူတစ်ဦး၏ အသက်ကို အတင်းအကျပ် ပုံပျက်စေပြီး ဆုတ်ဖြဲကာ ပြန်လည်ပုံဖော်ခြင်း ခံရသည့် အဆိုးရွားဆုံးသော နာကျင်မှုပင် ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံးမှာ တစ်ခဏအတွင်း အမှုန့်ကြိတ်ခံလိုက်ရသကဲ့သို့ သူ ခံစားလိုက်ရလေ၏။
ထို့နောက်တွင်မူ မမြင်ရသော လက်တစ်ဖက်က ပူလောင်လှသော ချော်ရည်ပူများကို သယ်ဆောင်လာပြီး ၎င်းတို့ ကို တစ်ခုချင်းစီ ပြန်လည် ဆက်စပ်ကာ ပုံသွင်းပေးနေလေသည်။
အရေပြားအောက်ရှိ ကြွက်သားအမျှင်တိုင်းမှာ ရူးသွပ်မတတ် ကျိုးပဲ့၊ ကွေးကောက်သွားပြီးနောက် ပြန်လည် မွေးဖွားလာကြလေသည်။ ကိုက်ခဲခြင်း၊ ထုံကျဉ်ခြင်း၊ ဖောင်းကြွခြင်းနှင့် နာကျင်ခြင်းဟူသော ခံစားချက်များ ရောနှောနေမှုက အကြံ့ခိုင်ဆုံးသော ယောက်ျားတစ်ဦးကိုပင် ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။
ချွေးသီးချွေးပေါက်ကြီးများမှာ သူ၏ နဖူးပေါ်မှ ချက်ချင်းဆိုသလို စီးကျလာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း
မှာပင် သူ၏ အဝတ်အစားများမှာ ရေထဲမှ ဆွဲထုတ်ခံလိုက်ရသည့်အလား စိုရွှဲသွားခဲ့လေသည်။
သူ၏ ကြွက်သားများမှာ ထိန်းမနိုင်သိမ်းမရ ဖောင်းကြွကွဲအက်လာခဲ့ပြီး ပြာနှမ်းနေသော သွေးကြောများမှာ ကြောက်မက်ဖွယ်ကောင်းသော တီကောင်များနှင့်ပင် တူနေပေသည်။
အရေပြားအောက်ရှိ ဖောင်းကြွနေသော အဖုအထစ်များမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဤအခိုက်အတန့်တွင် အချိန်များမှာ အဆုံးအစမရှိ ရှည်လျားသွားသည့်အလား ထင်မှတ်ရပြီး စက္ကန့်တိုင်းမှာ ငရဲဘုံတွင် ထာဝရ နှိပ်စက်ခံနေရသကဲ့သို့ ခံစားရလေသည်။
ဖန်းဟန်မှာ သူ၏ အသိစိတ်များ ဤအဆုံးအစမရှိသော နာကျင်မှုကြောင့် လုံးလုံးလျားလျား ဆုတ်ဖြဲခံလိုက် ရတော့မည်ဟု ခံစားလိုက်ရချိန်မှာပင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ထိုပြင်းထန်လှသည့် နာကျင် မှုကြီးမှာ ဒီရေများ ပြန်လည်ကျဆင်းသွားသကဲ့သို့ လျင်မြန်စွာ ရောက်ရှိလာပြီး ပို၍ပင် လျင်မြန်စွာ ပြန်လည် ထွက်ခွာသွားခဲ့လေသည်။
၎င်းမှာ တစ်ခဏအတွင်းမှာပင် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားခဲ့ချေပြီ။
၎င်းအစား ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးလှသော သက်တောင့်သက်သာရှိမှုနှင့် ခွန်အားတို့ကို ယူဆောင် လာပေးခဲ့လေ၏။
နွေးထွေးပြီး အင်အားကြီးမားလှသော ခွန်အားတစ်ခုမှာ ကမ်းပါးကို ဖြိုခွဲလာသော မြစ်ရေပြင်ကြီးကဲ့သို့ သူ၏ အသစ်ပြန်လည် ဖွဲ့စည်းထားသော ခြေလက်များနှင့် အရိုးအဆစ်များအတွင်းသို့ ဟောက်သံပေးလျက် အလုံး အရင်းဖြင့် စီးဝင်လာခဲ့လေသည်။
ဖန်းဟန်သည် အသားစိမ်းများထွက်ကာ သွေးထွက်နေပြီဖြစ်သော သူ၏ နှုတ်ခမ်းများကို ဖြည်းညင်းစွာ လွှတ် ပေးလိုက်ပြီး သွေးနံ့များ ရောနှောနေသည့် လေဆိုးများကို ရှည်လျားစွာ မှုတ်ထုတ်လိုက်လေ၏။
သူသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။
လောကကြီးတစ်ခုလုံးမှာ ပြောင်းလဲသွားခဲ့ချေပြီ။
ခြံဝင်းအပြင်ဘက်ရှိ ကုက္ကိုလ်ပင်ကြီးဆီမှ ခြောက်သွေ့နေသော သစ်ရွက်တစ်ရွက် လွင့်ဝဲကာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည့် တိုးဖျော့သောအသံကို သူ ဂရုတစိုက် နားထောင်နေရန်ပင် မလိုအပ်ဘဲ ရှင်းလင်းစွာ ကြားနေ ရလေသည်။
နံရံကို ဖြတ်သန်း၍ ဧည့်ခန်းထဲတွင် လျူရူမေက နန်ကုန်းယွင်ရှူကို စောင်ခြုံပေးနေသည်ကိုပင် သူ ကြားနိုင်ပေ သည်။ ထို ညီညာပြီး နူးညံ့သိမ်မွေ့သော အသက်ရှူသံများကိုပင် ဖြစ်လေ၏။
သူ၏ အမြင်အာရုံမှာလည်း အလွန်အမင်း ထက်မြက်လာခဲ့ပေသည်။
ပြတင်းပေါက်အက်ကွဲကြောင်းမှတစ်ဆင့် အဝေးမှ ညကောင်းကင်ယံရှိ ပိုးဖလံတစ်ကောင်၏ အတောင်ပံများ ပေါ်မှ ဖုန်မှုန့်ကဲ့သို့ သေးငယ်သော အကြေးခွံလေးများကိုပင် သူ ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
ဤသည်မှာ သက်ရှိတစ်ခု၏ အဆင့်အတန်း ခုန်ပျံကျော်လွှားသွားခြင်းပင် ဖြစ်ပေသည်။
ဖန်းဟန်သည် သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းလေး များနှင့် အရေပြားအောက်ရှိ ခွန်အားများမှာ ပေါက်ကွဲထွက်တော့မည့်အလား ထင်မှတ်ရလေသည်။
သူသည် လေထဲတွင် ဖမ်းဆုပ်သည့်ဟန်ကို ပေါ့ပါးစွာ ပြုလုပ်လိုက်လေ၏။
"ဖောက်...။”
သူ၏ ရှေ့မှောက်ရှိ လေထုထဲမှ ပူဖောင်းတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ တိကျပြတ်သားသော ပေါက်ကွဲသံသဲ့သဲ့ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သူသည် ယခုအခါတွင် တောင်များကိုခွဲကာ ကျောက်ဆောင်များကို ချေမွပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် ကောင်းသော ခွန်အားများဖြင့် ပြည့်နှက်နေပြီဖြစ်ကြောင်း ခံစားလိုက်ရပေသည်။
နွားတစ်ကောင် မဆိုထားနှင့်၊ ဤနေရာတွင် ဆင်တစ်ကောင် ရပ်နေမည်ဆိုပါကလည်း သူ၏ လက်သီးတစ်ချက် တည်းဖြင့် ၎င်း၏ ဦးခေါင်းခွံကို ချေမွပစ်နိုင်မည်ဟု သူ ယုံကြည်ချက်ရှိနေလေသည်။
ဤခံစားချက်မှာ အလွန်ပင် အံ့မခန်းဖွယ် ကောင်းလှပေသည်။
...
နောက်တစ်နေ့ အရုဏ်တက်ချိန်သို့ ရောက်ရှိလာသောအခါ။
ဖန်းဟန်သည် တံခါးကို တွန်းဖွင့်ကာ လန်းဆန်းတက်ကြွသော ခံစားချက်များဖြင့် ခြံဝင်းအတွင်းသို့ လျှောက် လှမ်းလာခဲ့လေ၏။
နံနက်စာ ပြင်ဆင်နေကြသော ပိုင်ကျီရိုနှင့် အခြားအမျိုးသမီးများမှာ သူတို့ လုပ်ဆောင်နေသောအရာများကို အလိုအလျောက် ရပ်တန့်လိုက်ကြပြီး သူ့အား ငေးမောကြည့်ရှုနေခဲ့ကြလေသည်။
သခင်လေးမှာ... အနည်းငယ် ပြောင်းလဲသွားသကဲ့သို့ပင်...
တူညီသော မျက်နှာနှင့် တူညီသော အဝတ်အစားများပင် ဖြစ်သော်လည်း သူ၏ အသွင်အပြင်တစ်ခုလုံးမှာ လုံးဝကို ပြောင်းလဲသွားခဲ့ချေပြီ။
ယခင်က ဖန်းဟန်မှာ ဓားအိမ်ထဲတွင် ဖုံးကွယ်ထားသော ထက်မြက်သည့် ဓားသွားတစ်လက်နှင့် တူနေခဲ့ပြီး သူသည် အမှန်တကယ်ပင် ထက်မြက်လှပေသည်။
သို့သော် သူ၏ ထက်မြက်မှုများကို ဖြေလျှော့ပေးထားသည့် ပျင်းရိပျင်းတွဲနိုင်သော အိမ်နေရင်းခံစားချက်မျိုး ရှိနေသေးလေသည်။
ယခုအခါတွင်မူ သူသည် ပေါက်ကွဲထွက်တော့မည့် တိတ်ဆိတ်နေသော မီးတောင်ကြီးတစ်ခုနှင့်ပင် တူနေပြီး ထို နေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့် အသက်ရှူမှားလောက်ကာ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါ တစ်ခုကို ထုတ်လွှင့်နေလျက်ရှိလေသည်။
ဖန်းဟန်သည် မည်သည့်အရာကိုမျှ ရှင်းပြနေခြင်းမရှိဘဲ ပြုံးရုံသာ ပြုံးလိုက်ရာ သူ၏ ခမ်းနားကြီးကျယ်လှသော အရှိန်အဝါများမှာ ချက်ချင်းဆိုသလို လျော့ကျသွားခဲ့လေ၏။
သူသည် ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ရင်းနှီးချစ်ခင်ဖွယ်ကောင်းသော အိမ်နီးချင်းတစ်ဦးအဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
သူသည် အိမ်ထဲမှ တိုက်ရိုက်ထွက်လာခဲ့ပြီး ရွာထိပ်ရှိ ကုက္ကိုလ်ပင်ကြီးအောက်တွင် သူ၏ ဆေးတံကို ဖွာရှိုက်နေ သော ရွာသူကြီး ကျောက်ထျဲ့ရှန်းကို သွားရောက် ရှာဖွေလိုက်လေသည်။
"ရွာသူကြီး...၊ ကျွန်တော် အကူအညီတောင်းချင်တာလေး ရှိလို့ပါ...။”
"သခင်လေးဖန်း...၊ သခင်လေးဖန်း...၊ဈ ကျေးဇူးပြုပြီးသာ ပြောပါ...။ ဒီအဘိုးအို လုပ်ပေးနိုင်သမျှ ကာလပတ် လုံး လုံးဝ ငြင်းဆန်မှာ မဟုတ်ပါဘူး...။”
ကျောက်ထျဲ့ရှန်းမှာ အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး အလိုအလျောက်ပင် ရိုသေလေးစားသော စကားလုံး များကို အသုံးပြုလိုက်လေသည်။
ယခုအခါ ဖန်းဟန်ကို ကြည့်လိုက်တိုင်း သူ စိတ်မသက်မသာ ဖြစ်နေမိလေ၏။
ဖန်းဟန်သည် အားနာတမ်းကစားမနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်လေ၏။
"ကျွန်တော် အစောင့်တပ်ဖွဲ့တစ်ခု ဖွဲ့ချင်လို့ပါ...။ လူအင်အားကိုတော့ ကျွန်တော်တို့ရဲ့ လျိုရှီးရွာနဲ့ ပတ်ဝန်းကျင်က ရွာအချို့ကနေ ရွေးချယ်သွားပါမယ်...။”
ကျောက်ထျဲ့ရှန်းမှာ တစ်ခဏမျှ ကြောင်အသွားခဲ့သော်လည်း ဤသည်မှာ သတင်းကောင်းတစ်ခုဖြစ်ကြောင်း ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့လေသည်။
"လူဘယ်နှစ်ယောက်လောက် ငှားဖို့ စီစဉ်ထားတာလဲ....။ လုပ်အားခကိုရော ဘယ်လို တွက်ပေးမလဲ...။”
ဖန်းဟန်သည် လက်တစ်ချောင်း ထောင်ပြလိုက်လေ၏။
"တစ်လကို ငွေ (၁) ကျပ်၊ တစ်နေ့ကို ထမင်း (၃) နပ် ကျွေးမယ့်အပြင် ထမင်းဟင်းတိုင်းမှာ အသားပါပါမယ်...။”
ကျောက်ထျဲ့ရှန်းမှာ သူ၏ ဦးနှောက်ကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
သူသည် မှုန်ဝါးနေသော မျက်လုံးအိုကြီးများဖြင့် ဖန်းဟန်အား စိုက်ကြည့်ကာ မျက်လုံးပြူးသွားခဲ့ရလေ၏။
သူ၏ ပါးစပ်မှာ ကြက်ဥတစ်လုံး ဝင်ဆံ့လောက်သည်အထိ ဟအက်သွားခဲ့ပြီး လက်ထဲရှိ ဆေးတံမှာ မြေပြင်ပေါ် သို့ အသံမြည်လျက် ပြုတ်ကျသွားခဲ့သော်လည်း သူ လုံးဝ သတိမထားမိခဲ့ချေ။
*ငွေ (၁) ကျပ် ဟုတ်လား...။ အဲ့ဒီအပြင် တစ်နေ့ကို ထမင်း (၃) နပ် ကျွေးပြီး ထမင်းဟင်းတိုင်းမှာ အသားပါမယ် ဟုတ်လား...။ *
လူအချင်းချင်း ပြန်လည်စားသောက်နေကြရသော ဤငတ်မွတ်ခေါင်းပါးသည့် နှစ်ကာလများတွင် တစ်လလျှင် ငွေ (၁) ကျပ် ဆိုသည်မှာ မဆိုထားနှင့်။ အကယ်၍ ထမင်းတစ်နပ်မျှ ဗိုက်ဝအောင် ကျွေးမည်ဆိုလျှင်ပင် အချို့သူ များမှာ သင့်အတွက် အသက်ပေးရန် ဝန်လေးကြမည် မဟုတ်ပေ။
ဖန်းဟန် ကမ်းလှမ်းလိုက်သောအရာမှာ လုပ်အားခ မဟုတ်ပေ။
ဤသည်မှာ နတ်ဘုရားတစ်ပါးကဲ့သို့သော ခံစားခွင့်များပင် ဖြစ်လေသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ကျောက်ထျဲ့ရှန်းသည် ပျက်စီးနေသော လင်းကွင်းကို သူ၏ ခွန်အားရှိသမျှ အသုံးပြု၍ တီးခတ်လိုက်လေ၏။
ရွာထဲရှိ ကွက်လပ်နေရာတွင် ထိုသတင်းကို အော်ဟစ်ကြေညာလိုက်သောအခါ လျိုရှီးရွာတစ်ခုလုံးသာမက သတင်းကြား၍ အိမ်နီးချင်းရွာများမှ ပြေးလာကြသော ရွာသားများအားလုံးမှာပါ ရူးသွပ်သွားခဲ့ကြလေသည်။
အစပိုင်းတွင် သေရွာကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ လူတိုင်းမှာ ရှိနေသည့် နေရာတွင်ပင် အေးခဲသွားကြ သည့်အလား ဖြစ်သွားကြပြီး သူတို့၏ ဖြူဖျော့ကာ ပိန်ချုံးနေသော မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့ကြလေသည်။
ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးမှာ မီးရှို့ခံလိုက်ရသော ယမ်းစည်ကြီးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာခဲ့လေ တော့သည်။
"ငါ ကြားတာ မှန်ရဲ့လား...၊ ငွေ (၁) ကျပ်တဲ့လား...။ ပြီးတော့ အသားတောင် ပါသေးတယ်တဲ့လား...။”
"ဘုရားရေ...၊ ဒါ တကယ်ကြီးလား... ။တစ်ယောက်ယောက် ငါ့ကို ဆိတ်ကြည့်ပါဦး... ငါ အိပ်မက်မက် နေတာ တော့ မဟုတ်ပါဘူးနော်...။”
"သွားကြမယ်...၊ ငါ စာရင်းသွားသွင်းမယ်...။ ငါ့ကို တားတဲ့သူ ဘယ်သူမဆို သေတဲ့အထိ တိုက်ခိုက်ပစ်မယ်...။”
ရေတွက်၍ပင် မရနိုင်အောင် များပြားလှသော လူငယ်များနှင့် လူလတ်ပိုင်း အမျိုးသားများမှာ ဆာလောင် မွတ်သိပ်မှုများကြောင့် မျက်လုံးများ တောက်ပနေကြပြီး လမ်းပင် မလျှောက်နိုင်လောက်အောင် အားနည်းနေခဲ့ ကြလေသည်။
သို့သော် ယခုအခါတွင် နတ်ဘုရားများ၏ ခွန်အားများ စီးဝင်လာသည့်အလား သူတို့၏ မျက်လုံးများမှာ
နီရဲလာကြပြီး ဖန်းမိသားစုခြံဝင်းရှေ့ရှိ ကွက်လပ်နေရာဆီသို့ ရေလှိုင်းကြီးတစ်ခုကဲ့သို့ အလုအယက် ပြေးလွှားသွားခဲ့ကြလေသည်။
မြင်ကွင်းမှာ အလျင်အမြန်ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့လေ၏။ လူအနည်းငယ်မှာ ရှေ့ဆုံးနေရာ ရရှိရန် အတွက် စတင် တိုက်ခိုက်ကြပြီး များစွာသော သူများမှာလည်း တွန်းချခံရကာ လူအုပ်ထဲတွင် နင်း ခြေခံခဲ့ ကြရပေသည်။
"မတွန်းကြနဲ့...၊ အားလုံး တန်းစီကြစမ်း...။ သခင်လေးဖန်း စောင့်ကြည့်နေတယ်...။”
ထိုစဉ်မှာပင် ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
နျူအာသည် သူ၏ လမ်းကို ပိတ်ဆို့နေသော သူအား တွန်းဖယ်ပစ်လိုက်လေသည်။
“ဘုတ်...”
ဟူသော အသံနှင့်အတူ သူသည် ဖန်းဟန်၏ ရှေ့မှောက်တွင် အားပါးတရ ဒူးထောက်ချလိုက်ရာ ရိုးသားပြီး ကြင်နာတတ်သော ထိုအမျိုးသား၏ မျက်လုံးများမှာ ယခုအခါတွင် နီရဲနေခဲ့ပြီ ဖြစ်လေသည်။
စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ အသံများမှာ ပြင်းထန်စွာ တုန်ယင်နေခဲ့လေ၏။
"သခင်လေးဖန်း...၊သခင်လေးက ကျွန်တော် နျူအာရဲ့ အသက်ကို ကယ်တင်ခဲ့တာပါ...။ ကျွန်တော့် အဖေရဲ့ အသက်ကိုလည်း ကယ်တင်ပေးခဲ့တာပါ...။ ဒီကနေ့ကစပြီး ကျွန်တော့်ရဲ့ တန်ဖိုးမရှိတဲ့ အသက်က သခင်လေး ပိုင်ပါတယ်...။ သခင်လေးက ကျွန်တော့်ကို အရှေ့ကို သွားခိုင်းရင် လုံးဝ အနောက်ကို မသွားပါဘူး...၊ သခင်လေး က လူတစ်ယောက်ကို သတ်ခိုင်းမယ်ဆိုရင်လည်း ကျွန်တော် လုံးဝ နောက်တွန့်နေမှာ မဟုတ်ပါဘူး...။”
လူအုပ်ကြီး၏ နောက်ကွယ်တွင်မူ မုဆိုး မာပေါ်ကော့မှာ သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်နှာအမူအရာများမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့လေ၏။
ဖန်းဟန်ကဲ့သို့သော သူတစ်ဦးအတွက် အစောင့်တပ်သား လုပ်ရခြင်းမှာ မကောင်းသော အကြံအစည်တစ်ခုဖြစ် ကြောင်းကို မည်သူ့ထက်မဆို သူ ပို၍ ကောင်းစွာ သိရှိနေလေသည်။
၎င်းမှာ ကျားတစ်ကောင်ထံမှ အရေခွံကို တောင်းခံနေသကဲ့သို့ပင် ဖြစ်ပြီး သင်၏ အသက်မှာ အမြဲတမ်း အန္တရာယ်ရှိနေမည် ဖြစ်ပေသည်။
သို့သော် သူ ငုံ့ကြည့်လိုက်သောအခါ ရေရှည် ငတ်မွတ်ခေါင်းပါးမှုကြောင့် အရိုးချည်းသာ ကျန်တော့သည့် သူ၏ သေးသွယ်သော လက်များကို မြင်တွေ့လိုက်ရလေ၏။
အိမ်တွင် ဆာလောင်မွတ်သိပ်ကာ ဖြူရော်နေသော သူ၏ ဇနီးဖြစ်သူကို သူ ပြန်လည်တွေးတောမိလိုက် လေသည်။
သူ၏ မျက်လုံးများထဲရှိ တုံ့ဆိုင်းနေမှုများမှာ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေတော့သည်။
*ဘာကို ကြောက်နေစရာ ရှိလို့လဲ...၊ ငတ်သေရမှာထက်စာရင် အပြင်ထွက်ပြီး သေရတာကမှ ပိုပြီး ကောင်း သေးတယ်...။*
သူသည် အံကို ကြိတ်ကာ လူအုပ်ကြီးကို ထိုးခွဲ၍ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်လေ၏။ သူသည် နျူအာရှိရာသို့ လျှောက်သွားပြီးနောက်တွင်မူ ဘုတ်... ဟူသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သူသည် ဒူးတစ်ဖက် ထောက်ချလိုက်ပြီး သူ၏ ခေါင်းကို နက်ရှိုင်းစွာ ငုံ့ထားလိုက်လေ၏။
"မာပေါ်ကော့က သခင်လေးအတွက် အသက်ပေးဖို့ ဆန္ဒရှိပါတယ်...။”