အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း (၂၇၂) အနာဂတ်အတွက် တံတားတစ်စင်း တည်ဆောက်ခြင်း
မနက်စောစောတွင် ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့ နိုးထလာခဲ့ကြ၏။
မနေ့က သူတို့ခြောက်ယောက်သည် ကျောက်တုံးခုံးတံတား တည်ဆောက်ရန် တာဝန်ယူမည်ဟု သဘောတူခဲ့ကြပြီး ယခုအခါ အလွန်အလေးအနက်ထား ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
အကယ်၍ ခုနစ်ရက်အတွင်း ထိုကျောက်တုံးတံတားကို မဆောက်လုပ်နိုင်ပါက သူတို့ခြောက်ယောက်လုံး ကျောက်လင်ကို မျက်နှာပြရဲမည် မဟုတ်ဘဲ အလွန်အပြစ်ရှိသလို ခံစားရမည် ဖြစ်၏။
သူတို့ခြောက်ယောက်၏ ယခုလက်ရှိ အရာအားလုံးသည် ကျောက်လင်၏ အကူအညီကြောင့်သာ ဖြစ်သည်။
ကျောက်လင် ပေးအပ်သော တာဝန်များကို မထမ်းဆောင်နိုင်ပါက သူတို့သည် ကျောက်လင်ကို ထပ်မံရင်ဆိုင်ရဲမည် မဟုတ်ပေ။
"အစာခြောက် နည်းနည်းယူပြီး မြစ်ဆီ သွားကြရအောင်..."
ယောင်းဟွိုင်တောက်က ကျန်ငါးယောက် ဂူထဲမှ ထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် လှမ်းခေါ်လိုက်၏။
"မနေ့က ရွာသားတွေကို အကြောင်းကြားထားပြီး မနက်စောစော မြစ်ဆီသွားဖို့ ပြောထားတယ်... အခုလောက်ဆို သူတို့ နိုးနေလောက်ပြီ..."
ထိုအခိုက်တွင် ရှုံ့တကျွမ်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"အဲ့ဒီရွာသားတွေ မသွားဘူး ဒါမှမဟုတ် အလုပ်ချိန် နောက်ကျမယ်ဆိုရင် ဆောက်လုပ်ရေးကာလ ကြန့်ကြာသွားလိမ့်မယ်..."
"မစိုးရိမ်ပါနဲ့... ငါတို့ အဲ့ဒီရွာသားတွေနဲ့ တိုင်ပင်ပြီးပြီ... တစ်ရက်ကို ဝမ်ငါးဆယ် ပေးမှာလေ... သူတို့ ငြင်းနေသေးရင်လည်း မင်ချွမ်မြို့ကို သွားပြီး အလုပ်သမားတွေ သွားရှာကြတာပေါ့..."
ယောင်းဟွိုင်တောက်က တည်ငြိမ်စွာ ပြောလိုက်၏။
ကျန်ငါးယောက်လည်း နားထောင်ပြီးနောက် အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်ကြသည်။
ထင်းရှူးနက်ကျေးရွာရှိ မူလရွာသားများကို အခွင့်အရေး ပေးပြီးပြီဖြစ်၏။ သူတို့က ရန်ငြိုးဖွဲ့နေသေးလျှင်လည်း တောင်းပန်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
ယောင်းဟွိုင်တောက်နှင့် သူ၏ အဖော်ငါးယောက်သည် သူတို့၏ အလုပ်ကို လုပ်ပေးရန် အခြားသူများကို ဘယ်သောအခါမျှ တောင်းပန်တိုးလျှိုးမည် မဟုတ်ပေ။
"သွားကြစို့..."
ယောင်းဟွိုင်တောက်က အော်ပြောလိုက်၏။
သူတို့ခြောက်ယောက်သည် မင်ချွမ်မြစ်ဆီသို့ ချက်ချင်းပင် ခပ်သုတ်သုတ် ပြေးသွားကြသည်။
မီတာငါးရာဟူသော အကွာအဝေးသည် ရွှေခန္ဓာနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော ထိုလူခြောက်ယောက်အတွက် အလွန်လျင်မြန်စွာ ရောက်ရှိနိုင်သော ခရီးဖြစ်၏။
မကြာမီတွင် ထိုခြောက်ယောက်သည် အထက်ပိုင်း မီတာသုံးရာအကွာ မြစ်ပြင်ပေါ်၌ စိုက်ထူထားသော တံတားတိုင်လေးတိုင်ကို မြင်လိုက်ရသည်။
"အံ့သြစရာပဲ... တကယ်ကို အံ့သြဖို့ကောင်းတာပဲ..."
"ကျောက်လင်ရဲ့ သူငယ်ချင်းက တော်တော်စွမ်းတာပဲ... သူက တံတားတိုင်တွေကို တစ်ညတည်းနဲ့ တကယ်ကြီး ဆောက်လိုက်တာကိုး..."
"ကြည့်စမ်း... မြစ်ကမ်းနှစ်ဖက်စလုံးမှာ ကျောက်တုံးတွေ ပုံထားပြီးပြီ... ငါတို့လုပ်ရမှာက ကျောက်တုံးတွေကိုစီဖို့ပဲ..."
ထိုလူခြောက်ယောက် ရွှေခန္ဓာနယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် သူတို့၏ အမြင်အာရုံသည်လည်း သိသိသာသာ တိုးတက်လာခဲ့ပြီး မြစ်ကမ်းနှစ်ဖက်ရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့၏။
"ရွာသား အယောက်နှစ်ဆယ်ကျော်တောင် ကမ်းစပ်ကို ရောက်နေကြပြီ... ငါတို့ အမြန်သွားရအောင်..."
ထိုအခိုက်တွင် ယောင်းဟွိုင်တောက်က ရွာသားများ၏ ပုံရိပ်များကို မြင်တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ပြောလိုက်သည်။
ဤရွာသားများက လာရောက်ကူညီလိုသောကြောင့် ယခင်က ရန်ငြိုးရန်စများ ပျောက်ကွယ်သွားပြီဖြစ်ကာ အားလုံး အတူတကွ သဟဇာတဖြစ်စွာ နေထိုင်ပြီး ထင်းရှူးနက်ကျေးရွာကို အတူတကွ တည်ဆောက်နိုင်ပြီဟု ဆိုလိုခြင်းပင် ဖြစ်၏။
မကြာမီတွင် လူခြောက်ယောက်သည် မြစ်ကမ်းစပ်သို့ ရောက်ရှိသွားကြသည်။
အံ့သြစရာကောင်းစွာပင် ရွာသူကြီး လောဟုန်ဖေးလည်း ရောက်ရှိနေ၏။
"ဟွိုင်တောက်... တကျွမ်း... မင်းတို့ ရောက်လာကြပြီပဲ..."
ထိုအခိုက်တွင် လောဟုန်ဖေးက အရှေ့၌ ရပ်နေပြီး လူခြောက်ယောက်ကို ပြုံးကာ နှုတ်ဆက်လိုက်သည်။
"ရွာသူကြီးနဲ့ ရွာသားတွေအားလုံး... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"ဒီကျောက်တုံးခုံးတံတားကို ပြီးစီးဖို့ ကျောက်လင်က ငါတို့ကို ခုနစ်ရက်ပဲ အချိန်ပေးထားတယ်..."
"အကယ်၍ အလုပ်က ခုနစ်ရက်အတွင်း ပြီးစီးမယ်ဆိုရင် နေ့စားခ ဝမ်ငါးဆယ်အပြင် ခင်ဗျားတို့ တစ်ယောက်ချင်းစီကို နောက်ထပ် ငွေတစ်ပြားစီ အပိုဆုပေးမယ်လို့ ကျုပ် ကတိပေးပါတယ်..."
ယောင်းဟွိုင်တောက်က ချက်ချင်းပင် စကားတစ်ခွန်း ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ လောဟုန်ဖေးနှင့် အခြားရွာသား အယောက်နှစ်ဆယ်တို့သည် ယောင်းဟွိုင်တောက်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ဤဆုကြေးသည် မယုံနိုင်လောက်အောင် ရက်ရောလွန်းနေ၏။
"ဒါ့အပြင် ကျုပ်တို့က နေ့လယ်စာနဲ့ ညစာကိုပါ တာဝန်ယူပေးမှာဖြစ်ပြီး အစားအစာတိုင်းမှာ အသားပါဖို့ သေချာစေရမယ်..."
ရှုံ့တကျွမ်းက ရယ်မောကာ ထပ်ဖြည့်ပြောလိုက်သည်။
မင်ချွမ်မြစ်မှ ရေများသည် ကျောက်လင် တူးဖော်ထားသော ရေမြောင်းထဲသို့ စီးဝင်သွားပြီးနောက် ငါးအချို့လည်း ထိုရေမြောင်းထဲသို့ ရောက်ရှိလာခဲ့၏။
ရှုံ့တကျွမ်းနှင့် အခြားခြောက်ယောက်သည် ထိုအဖြစ်အပျက်ကို သတိထားမိပြီးနောက် ငါးများ မလွတ်မြောက်စေရန် ရေမြောင်းထွက်ပေါက်တွင် ဝါးဖောင်တစ်ခု တည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ဤမိသားစုခြောက်စုသည် နေ့စဉ် စားစရာငါးများ ရရှိနေပြီဖြစ်ရာ နေ့စဉ် အသားဟင်း ကျွေးနိုင်ရန် အာမခံနိုင်ခြင်းမှာ လုံးဝ ဖြစ်နိုင်ပေသည်။
"မင်းတို့ကတော့ သဘောကောင်းလွန်းပါတယ်ကွာ..."
"ဒီကျောက်တုံးခုံးတံတား ပြီးသွားတာနဲ့ ငါတို့ ရွာသားတွေအတွက် မင်ချွမ်မြို့ကို သွားဖို့ အများကြီး ပိုလွယ်ကူသွားမှာပဲ..."
"ဒီတံတား တည်ဆောက်ရေးမှာ ကူညီပေးဖို့က ငါတို့ရဲ့ တာဝန်လည်း ဖြစ်ပါတယ်..."
"ဒီလိုလုပ်... ငါတို့ကို နေ့စားခ ပေးစရာမလိုပါဘူး... နေ့လယ်စာနဲ့ ညစာလောက်သာ ကျွေးပါ..."
လောဟုန်ဖေးက အလွန်လေးနက်စွာ တိုင်ပင်ပြောဆိုလိုက်၏။
ယောင်းဟွိုင်တောက်က ချက်ချင်း လက်ခါပြလိုက်သည်။
"ရွာသူကြီး... ထပ်ပြောစရာ မလိုပါဘူး... ခင်ဗျားတို့ ရွာသားတွေရဲ့ လက်ရှိအခြေအနေကို ငါတို့အားလုံး သိပါတယ်... လူတိုင်းက ဝမ်းရေးအတွက် ရုန်းကန်နေရတာလေ..."
"ခင်ဗျားတို့ ဒီဆုကြေးကို ယူကိုယူရမယ်... ဒီဆုကြေးတွေနဲ့ဆိုရင် ကျောက်တုံးခုံးတံတား ပြီးစီးသွားတဲ့အခါ မင်ချွမ်မြို့က ကုန်သည်တွေ အများကြီး ဒီကိုရောက်လာကြလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ခင်ဗျားတို့ ရွာထဲမှာ တည်းခိုခန်းတွေနဲ့ အရက်ဆိုင်တွေ ဖွင့်လို့ရပြီပေါ့... အဲ့ဒီကုန်သည်တွေက စားသောက်ဖို့ လိုအပ်မှာဖြစ်လို့ အနာဂတ်မှာ ခင်ဗျားတို့အတွက် တည်ငြိမ်တဲ့ ဝင်ငွေရင်းမြစ် ရလာလိမ့်မယ်..."
ယောင်းဟွိုင်တောက်က ငြင်းပယ်ခွင့် မပေးတော့ဘဲ ပြတ်ပြတ်သားသား ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ လောဟုန်ဖေးနှင့် အခြားသူများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။
ကျောက်လင်နှင့် သူ၏ နယ်ခြားစောင့်တပ်သား ခုနစ်ယောက်သည် သူတို့ရွာသားများကို ကူညီပြီး ကြီးပွားချမ်းသာလာစေရန် စိတ်ပိုင်းဖြတ်ထားကြောင်း သူတို့အားလုံး နားလည်သွားကြ၏။
ကိစ္စရပ်များက ဤအခြေအနေအထိ ရောက်လာပြီဖြစ်ရာ လောဟုန်ဖေးသည် ဘာမှထပ်မပြောလိုတော့ပေ။ ထပ်ပြောနေပါက ဟန်ဆောင်လွန်းရာ ကျသွားမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လောဟုန်ဖေးနှင့် အခြားရွာသားများသည် ဤကျေးဇူးတရားကို မှတ်သားထားလိုက်ကြ၏။ အနာဂတ်တွင် ကျောက်လင်နှင့် အခြားသူများ အကူအညီ လိုအပ်ပါက ရွာသားများက ကန့်ကွက်မည်မဟုတ်ဘဲ ကျောက်လင်ကို အပြည့်အဝ ထောက်ခံကူညီကြမည် ဖြစ်သည်။
"ကောင်းပြီ... အားလုံးပဲ အချိန်မဆွဲကြတော့ဘူး... တိုင်စိုက်တာ စလိုက်ကြရအောင်... ပြီးရင် ကျောက်တုံးတွေစီဖို့ ပြင်ကြမယ်..."
ယောင်းဟွိုင်တောက်က ချက်ချင်းပင် အမိန့်ပေးလိုက်၏။
ကျောက်လင်သည်လည်း မနက်စောစော နိုးထလာခဲ့သည်။
အာကာသတဲ၏ တံခါးကို ဖွင့်လိုက်ခါစပင် ရှိသေး၏။
မိုချန်းချွမ်းနှင့် သူ၏မြေးဖြစ်သူ မိုဟုန်လျန်တို့က တံခါးဝတွင် ပိတ်ရပ်နေကြသည်။
"ဆရာကြီးတို့... ကျွန်တော် ကူညီပေးနိုင်တာ တစ်ခုခုများ ရှိလို့လား..."
ကျောက်လင်က ပြုံး၍ မေးလိုက်၏။
"ကျောက်လင်... မင်းရဲ့ သူငယ်ချင်း ပို့ပေးလိုက်တဲ့ စက်ကိရိယာတွေကို ငါ တပ်ဆင်လို့ ပြီးသွားပြီ..."
"နောက်ဆိုရင် ဆပ်ပြာထုတ်လုပ်ရေးက လမ်းကြောင်းမှန်ပေါ် ရောက်သွားတော့မှာ..."
"ဒါပေမဲ့ ငါ့မှာ ပိုက်ဆံမရှိဘူး... ကုန်ကြမ်းတွေ အများကြီး ဝယ်ဖို့လိုတယ်... ကုန်သည်တွေ အားလုံးက စည်းကမ်းချက် တစ်ခုတည်း သတ်မှတ်ထားတာ... တစ်ဝက်ကို စရန်ပေးရပြီး ပစ္စည်းရောက်မှ ကျန်တဲ့ငွေကို ရှင်းရမှာ..."
"လုပ်ငန်းစတင်ဖို့ အရင်းအနှီးအတွက် ငွေပြားတစ်ထောင် လိုအပ်တယ်..."
မိုချန်းချွမ်းက သူ ဘာကြောင့် တံခါးဝကို လာပိတ်ရပ်နေရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။
"အိုး... သဘောပေါက်ပြီ..."
"အနာဂတ်မှာ ပိုက်ဆံလိုရင် ချန်းရွှယ်ဆီကသာ တောင်းလိုက်ပါ..."
"အလုပ်ရုံတွေ အားလုံးအတွက်ကတော့ သူငယ်ချင်းတွေဆီကနေ နည်းပညာကို တောင်းခံဖို့ပဲ လိုတယ်... အလုပ်ရုံတွေ ဆက်ဆောက်ဖို့ရယ်၊ ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေနဲ့ အရောင်းပိုင်းတွေမှာတော့ ကျွန်တော် ဝင်ပါမှာ မဟုတ်ဘူး..."
ကျောက်လင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
မိုချန်းချွမ်းမှာ ခေတ္တမျှ တန့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ကျောက်လင် ခြေတစ်လှမ်း မလှမ်းရသေးမီ မိုချန်းချွမ်းက လှမ်း၍ ထပ်တားလိုက်ပြန်၏။
"ငါ ဒီလျှပ်စစ်ပုစဉ်းယာဉ်ကို သေသေချာချာ လေ့လာနေတာ နှစ်ရက်ရှိပြီ..."
"အဲ့ဒီဟာရဲ့ မောင်းနှင်တဲ့ နိယာမကို ငါ သဘောပေါက်သွားပြီ... အဂ္ဂိရတ်ပညာရှင်တွေကို အသုံးပြုပြီး လျှပ်စစ်ပုစဉ်းယာဉ်ကို ဘယ်လို ဖန်တီးရမလဲဆိုတဲ့ အစီအစဉ်လည်း ငါ့ခေါင်းထဲမှာ ရှိနေပြီ..."
"ဒါပေမဲ့ ပြဿနာတစ်ခုတည်း ရှိတာက မင်းပြောတဲ့ 'ဘတ္တရီဆိုတာကို ငါ မထုတ်လုပ်နိုင်တာပဲ..."
"မင်းရဲ့ အဂ္ဂိရတ်ပညာရှင် သူငယ်ချင်းကများ အကြံဉာဏ် တစ်ခုခုပေးနိုင်မလား ဒါမှမဟုတ် ဘတ္တရီ ထုတ်လုပ်တဲ့ နည်းပညာကို ငါ့ကို သင်ပေးနိုင်မလားလို့ တွေးနေတာ..."
မိုချန်းချွမ်း၏ မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် လူသားများအကြား လွတ်လပ်စွာ ဆက်သွယ်သွားလာနိုင်မည့် အိပ်မက်ကို အကောင်အထည်ဖော်ရန် သူ အမြဲတမ်း ဆန္ဒရှိခဲ့သည်။ ယခုအခါတွင် မောင်းသူမဲ့ယာဉ်ဟူသော စံပြပုံစံတစ်ခု ရှိနေပြီဖြစ်ရာ သူ၏ စွမ်းအင်အားလုံးကို ဤကိစ္စအတွက် မြှုပ်နှံထားလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောက်လင်လည်း အံ့သြသွားသည်။
နန်းတော်မှ အဂ္ဂိရတ်ပညာရှင်ပီပီ တကယ့်ကို ထူးချွန်လွန်းလှပေသည်။ နှစ်ရက်တည်းနှင့် မောင်းသူမဲ့ယာဉ်ကို ကျွမ်းကျင်စွာ နားလည်သွားခဲ့၏။
စွမ်းအင်ဘတ္တရီကို သေချာလေ့လာရန်သာ ကျန်တော့သည်။
"သဘောပေါက်ပါပြီ... ကောင်းပါပြီ... ကျွန်တော့်သူငယ်ချင်းနဲ့ တိုင်ပင်ကြည့်ပါ့မယ်... ဘတ္တရီထုတ်လုပ်ရေး နည်းပညာကို သင်ပေးဖို့ သူ လက်ခံလာအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ဖျောင်းဖျပေးပါ့မယ်..."
ကျောက်လင်က ခေတ္တမျှ တွေဝေသွားပြီး တိုက်ရိုက် သဘောမတူခဲ့သော်လည်း မိုချန်းချွမ်းကို မျှော်လင့်ချက်များစွာ ပေးလိုက်၏။
သို့သော်လည်း နောက်ပိုင်းတွင် ကျောက်လင်က စနစ်ဈေးဆိုင်မှ စွမ်းအင်ဘတ္တရီ ထုတ်လုပ်ရေး နည်းပညာကို သေချာပေါက် ဝယ်ယူပြီး မိုချန်းချွမ်းထံသို့ သုတေသနပြုလုပ်ရန် လွှဲပြောင်းပေးမည်သာ ဖြစ်သည်။