အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) အဆင့်သုံး လျှို့ဝှက်သေတ္တာကို ထပ်ဖွင့်ခြင်း၊ ဆရာသခင်အဆင့် ငါးဖမ်းပညာရပ်များ
"အဖေ ဒုတိယညီမနဲ့ အငယ်ဆုံးညီမအတွက် သန်ဘက်ခါကစပြီး စာသင်ပေးဖို့ ဆရာတစ်ယောက် ရှာတွေ့ထားတယ်..."
ညစာစားချိန်တွင် မိသားစုဝင်လေးဦးသည် ဝက်သားဖက်ထုပ်များကို စားသုံးနေကြလေသည်။ လီလန်သည် ညီမငယ်နှစ်ဦးကို ကျောင်းထားရန်ကိစ္စအတွက် သူ၏အဖေ လီတာ့ဟိုင်ကို ပြောပြလိုက်၏။
"ဆရာဟုတ်လား…ဘယ်ကဆရာလဲ..."
"ပညာတတ်လူငယ်ရုံးက တုံယွီရှုပါ၊ ဆရာမတုံပေါ့..."
"တုံယွီရှုဆိုတာကို အဖေ ခပ်ရေးရေး မှတ်မိနေတယ် သူက ပြီးခဲ့တဲ့နှစ်က ကျေးလက်ဒေသမှာ အလုပ်လုပ်ဖို့ ငါတို့ရွာကို ရောက်လာတဲ့ မြို့တော်က ကောင်မလေး မဟုတ်ဘူးလား..."
"ဟုတ်ပါတယ် သူတို့က ယန်ကျင်းကပါ..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
"သူတို့ စာလုံးအနည်းငယ်ကို သိထားတာက ကောင်းပါတယ် သူတို့က အိမ်မှာ ဘာမှလုပ်စရာမရှိတော့ အဖေ့အတွက် အိမ်အလုပ်တွေပဲ အကုန်လုပ်ပေးနေကြတာပဲ..."
လီတာ့ဟိုင်သည် သူ၏ ဒုတိယသမီးဖြစ်သူ၏ ခေါင်းကို ချစ်ခင်ယုယစွာ ပုတ်ပေးလိုက်လေသည်။ သမီးနှစ်ယောက်အနက် အငယ်ဆုံးသမီးမှာ အလိမ္မာဆုံးနှင့် အထက်မြက်ဆုံး ဖြစ်သည်။
"အဖေ သားတွေးထားတာက ဒီလိုပါ အနည်းဆုံးတော့ ကျွန်တော်တို့က အမဲလိုက်နိုင်တယ် ထမင်းစားနိုင်ဖို့အတွက် ကျွမ်းကျင်မှုတစ်ခု ရှိထားတယ်..."
"ညီမလေးတွေက အမဲမလိုက်နိုင်ဘူးလေ သူတို့သာ ပညာမတတ်ဘူးဆိုရင် နောက်နှစ်အနည်းငယ်နေရင် အိမ်ထောင်ပြုရတော့မှာ အကယ်၍ လူမှားနဲ့သာ အိမ်ထောင်ကျသွားရင် ဘယ်လိုလုပ်မလဲ..."
လီလန်သည် သူ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ယခင်ဘဝက ဒုတိယညီမဖြစ်သူ၏ ကြေကွဲဖွယ် ကံကြမ္မာမှာ သူ၏စိတ်ထဲတွင် ရှင်းလင်းစွာ စွဲထင်နေဆဲ ဖြစ်သောကြောင့်ပင်။
သူတို့၏ ရွှမ်းရွှေရွာတွင် အမဲလိုက်ခြင်းမှာ အမျိုးသားများ၏ အလုပ်သာဖြစ်သည်။ အမျိုးသမီးများက မလုပ်နိုင်ကြသောကြောင့် သူတို့မှာ မှိုကဲ့သို့သော တောင်ပေါ်ထွက်ကုန်များကိုသာ ရှာဖွေစုဆောင်းနိုင်ကြလေသည်။ ဤနေရာရှိ အမျိုးသမီးများမှာ အသက်ဆယ့်ခြောက်နှစ် ပြည့်ပြီးသည်နှင့် အိမ်ထောင်ပြုကြရသည်။ အကယ်၍ စရိုက်မကောင်းသော ခင်ပွန်းနှင့်သာ တွေ့ဆုံသွားပါက သူတို့၏ ဘဝများမှာ ပျက်စီးသွားမည်သာဖြစ်၏။
"အေးပါ ဒုတိယသမီးနဲ့ အငယ်ဆုံးသမီးကို ကျောင်းသွားတက်ခိုင်းလိုက်ပါ ငွေနည်းနည်းပါးပါး ထပ်ရလာပြီဆိုရင် သူတို့ကို အထက်တန်းကျောင်းတက်ဖို့နဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ဖို့ မြို့ကို ပို့ပေးရမယ်..."
လီတာ့ဟိုင်သည် လီလန်၏ အကြံပြုချက်ကို သဘောတူကာ ခေါင်းညိတ်လိုက်သည်။
"ဒုတိယညီမနဲ့ အငယ်ဆုံးညီမက အရမ်းဉာဏ်ကောင်းကြတယ် သူတို့က အနာဂတ်မှာ သေချာပေါက် အောင်မြင်လာကြမှာပါ..."
လီလန်သည် ဖက်ထုပ်များကို ပျော်ရွှင်စွာ စားသောက်နေကြသော သူ၏ ညီမငယ်နှစ်ဦးကို ကြည့်လိုက်လေသည်။
"သား အဖေက အသက်ကြီးလာပြီဆိုတော့ ဒီမိသားစုက မင်းကိုပဲ အားကိုးနေရတာပါ..."
လီတာ့ဟိုင်က အားနာဟန်ဖြင့် ပြောလိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လီလန် မည်မျှကြိုးစားပန်းစား အလုပ်လုပ်ခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသည်။ သူတို့သည် မနက်စောစော အမဲလိုက်ထွက်ကြပြီး မှောင်သည့်အချိန်မှသာ တောယုန်များ၊ တောဝက်များနှင့်အတူ ပြန်လာခဲ့ကြသည်။ သူတို့ တော်တော်လေး ဒုက္ခခံခဲ့ရမည်မှာ အသေအချာပင်။ သူ၏ ခါးဒဏ်ရာသာမရှိလျှင် သူသည်လည်း သူ၏သားနှင့်အတူ တောင်ပေါ်သို့ အမဲလိုက်ထွက်မည် ဖြစ်သည်။
"ကျွန်တော်တို့အားလုံးက မိသားစုဝင်တွေပဲဟာ သူစိမ်းတွေလို ပြောမနေပါနဲ့..."
"အဖေ ဖက်ထုပ်စားပါဦး ကျွန်တော် ပဲငံပြာရည် ထည့်ထားတယ် အရမ်းအရသာရှိတာပဲ အဖေ မြည်းကြည့်သင့်တယ်..."
လီလန်သည် သူ၏တူဖြင့် ဖက်ထုပ်တစ်လုံးကို ကောက်ယူကာ ပဲငံပြာရည်ထဲ နှစ်လိုက်ပြီး လီတာ့ဟိုင်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။
မွန်းတည့်ချိန်တွင် နေမင်းကြီးမှာ ကောင်းကင်ယံ၌ မြင့်မားစွာ သာထွန်းနေသည်။ မနေ့ညက နှင်းများ ထပ်မံ၍ သည်းထန်စွာ ကျဆင်းခဲ့ပြန်သည်။ ခြံဝင်းအတွင်းရှိ နှင်းများမှာ ဖြူလွှလွှ ဝါဂွမ်းစောင်ကြီးတစ်ထည်ကဲ့သို့ ထူထပ်နေလေ၏။
[ဒင်…. ယနေ့အတွက် လျှို့ဝှက်သေတ္တာအသစ် ထွက်ပေါ်လာပါပြီ]
[လက်ရှိ ပိုင်ရှင်၏ နှစ်သက်ခြင်းအမှတ်- ၁၃၈၀ မှတ်]
“အမှတ် ၁၃၈၀ ဟုတ်လား”
တောဝက်ကို အနိုင်ယူပြီးနောက်တွင် လီလန်၏ နှစ်သက်ခြင်းအမှတ်များမှာ ထိုးတက်သွားခဲ့လေသည်။ အမြင့်ဆုံး နှစ်သက်ခြင်းအမှတ်မှာ အမျိုးသမီး ပညာတတ်လူငယ်ဖြစ်သူ တုံယွီရှုထံမှ ရရှိခြင်းဖြစ်သည်။ တုံယွီရှု တစ်ယောက်တည်းကပင် သူ့ကို နှစ်သက်ခြင်းအမှတ် အပြည့်အဝ ရှစ်ရာအထိ ပေးခဲ့သည်ပင်။
"တုံယွီရှုက ငါ့ကို တကယ်ပဲ အမှတ်တွေ အများကြီး ပေးခဲ့တာပဲ..."
လီလန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ အတော်လေး စိတ်ရှုပ်ထွေးသွားခဲ့သည်။ သို့သော် ထိုနောက်တွင် သူ၏ မျက်လုံးများမှာ တောက်ပသွားတော့၏။
"ငါသာ တုံယွီရှုနဲ့ အချိန်ပိုဖြုန်းပြီး သူမရဲ့ နှစ်သက်မှုကို ရယူနိုင်မယ်ဆိုရင် အနာဂတ်မှာ အဆင့်လေး အဆင့်ငါးနဲ့ အဆင့်ခြောက် လျှို့ဝှက်သေတ္တာတွေကို ပိုရနိုင်မှာ မဟုတ်ဘူးလား..."
အဆင့်သုံး လျှို့ဝှက်သေတ္တာတစ်ခုအတွက် အမှတ် ၁၀၀၀ ကုန်ကျပြီး အဆင့်လေး လျှို့ဝှက်သေတ္တာတစ်ခုမှာမူ ၎င်း၏ နှစ်ဆဖြစ်သော အမှတ် ၂၀၀၀ ကုန်ကျသည်။ အဆင့်ငါး လျှို့ဝှက်သေတ္တာမှာ အမှတ် လေးထောင် ကုန်ကျလေသည်။ လီလန်သည် ယခုအချိန်တွင် အဆင့်လေး လျှို့ဝှက်သေတ္တာကို မလဲလှယ်နိုင်သေးပေ။ သူသည် အဆင့်သုံး လျှို့ဝှက်သေတ္တာကိုသာ လဲလှယ်နိုင်သေးသည်။
"အဆင့်သုံး လျှို့ဝှက်သေတ္တာတစ်ခု လဲလှယ်မယ်..."
[ဒင်… လဲလှယ်ခြင်း အောင်မြင်ပါသည်]
[ပိုင်ရှင်ထံမှ အမှတ် ၁၀၀၀ နုတ်ယူပြီးနောက် လက်ကျန်အမှတ်- ၃၈၀]
အီလက်ထရောနစ် အသံများ ဆက်တိုက်ဆိုသလို လီလန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
[ဂုဏ်ယူပါတယ် ပိုင်ရှင် အဆင့်သုံး လျှို့ဝှက်သေတ္တာကို ဖွင့်လှစ်ခြင်းမှ အောက်ပါအရာများကို ရရှိပါသည်-]
[ပစ္စည်း- အထူးငါးစာ တစ်ထုပ်]
[စွမ်းရည်- ဆရာသခင်အဆင့် ငါးဖမ်းပညာရပ်]
"တကယ်ကြီး ငါးဖမ်းပညာရပ်ပါလား..."
လီလန်က အနည်းငယ် အံ့အားသင့်သွားတော့သည်။ ငါးဖမ်းခြင်းမှာ သူ့အတွက် စိမ်းသက်သော အရာတစ်ခုတော့ မဟုတ်ပေ။ နွေဦးရာသီရောက်၍ ရွှမ်းရွှေရွာနှင့် မဝေးသော စုန့်ဟွာမြစ်လက်တက်တွင် ရေခဲများ အရည်ပျော်သွားသောအခါ ရွာသားများစွာသည် ငါးဖမ်းရန်အတွက် ငါးမျှားတံများ ယူဆောင်သွားလေ့ရှိကြပြီး အချို့မှာမူ ငါးဖမ်းရန် ငါးဖမ်းပိုက်များကို ယူဆောင်သွားတတ်ကြသည်။
သူ၏အဖေ လီတာ့ဟိုင်သည်လည်း ငါးဖမ်းသမားတစ်ဦးဖြစ်သည်။ မိသားစုတွင် ငါးမျှားတံတစ်စုံရှိပြီး သူသည်လည်း မကြာခဏဆိုသလို ငါးသွားဖမ်းလေ့ရှိလေသည်။ 'တံငါနှင့် မုဆိုး' ဟူသော စကားရပ်တွင် အမဲလိုက်ခြင်းအပြင် သဘာဝအလျောက် ငါးဖမ်းခြင်းလည်း ပါဝင်သည်။
"အထူးငါးစာ တစ်ထုပ်လည်း ပါသေးတယ်၊ ဒါက တကယ့်ကို ပစ္စည်းကောင်းပဲ..."
လီလန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ 'ဘက်စုံသုံး ငါးညှီနံ့ငါးစာ' ဟု စာတန်းတပ်ထားသော အနီရောင်အမှုန့် ငါးစာတစ်ထုပ်မှာ သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် ဤငါးစာနှင့် သဘာဝအလျောက် ရင်းနှီးနေခဲ့သည်၊ သူသည် ယခင်ဘဝက ၎င်းကို မြင်တွေ့ခဲ့ဖူးပြီး ၎င်းမှာ ငါးဖမ်းခြင်းအတွက် မှော်လက်နက်တစ်ခုအဖြစ် သတ်မှတ်ခံရလေသည်။ စနစ်မှ ထောက်ပံ့ပေးသော အရာများမှာ အမြဲတမ်း အကောင်းဆုံးပင်ဖြစ်သည်။
လီလန်သည် ငါးစာ၏ အာနိသင်ကို မျှော်လင့်နေခဲ့၏။
"ဦးလေးဝေမင် ပြောတာကို ငါ မှတ်မိသေးတယ်၊ သူ့ရဲ့ နိုင်ငံပိုင်စက်ရုံမှာလည်း ငါးတွေ လိုအပ်နေတယ်ဆိုတာပဲ..."
လီလန်သည် ထိုမွန်းလွဲပိုင်းတွင် ဤငါးစာထုပ်ကို ယူဆောင်ကာ စုန့်ဟွာမြစ်အတွင်း ငါးသွားဖမ်းရန် ဆုံးဖြတ်လိုက်လေသည်။ ရေခဲပြင် ငါးဖမ်းခြင်းပင်တည်း။
လီလန်သည် ထရပ်လိုက်ကာ သိုလှောင်ခန်းထဲသို့ သွား၍ သူ့အဖေဖြစ်သူ၏ ငါးမျှားတံကို ရှာဖွေလိုက်သည်။ ဤအရာမှာ အပိုင်းတစ်ပိုင်းချင်းစီကို တွဲဆက်ထားသော သုံးပိုင်းဆက် တံတောင်တစ်ချောင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ၏အဖေ မြို့ပေါ်ရှိ ဈေးသို့သွားစဉ် အဘိုးအိုတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အရှေ့မြောက်ပြည်နယ်သုံးခု၊ အထူးသဖြင့် ကျောက်ဘိုင်တောင်တန်းနှင့် နီးသောဒေသများသည် တောင်တန်းများကို ပိတ်ဆို့နေသော နှင်းထုများနှင့် ကြမ်းတမ်းလှသော မြောက်ပိုင်းရာသီဥတုတို့ကြောင့် ဝါးပင်များ ကြီးထွားရန် မသင့်လျော်ပေ။ ထို့ကြောင့် ရွှမ်းရွှေရွာတွင် ဝါးပင်ဟူ၍ မရှိချေ။
အကယ်၍ သင်သည် ငါးဖမ်းလိုပါက သစ်ကိုင်းတစ်ကိုင်းကို ခုတ်ဖြတ်ကာ ၎င်းကို ချွန်ထက်အောင် ပြုလုပ်၍ ကြိုးတစ်ချောင်း ချည်နှောင်ကာ ငါးမျှားတံအဖြစ်သာ အသုံးပြုနိုင်သည်။ သို့မဟုတ်ပါက သင်သည် မြို့ပေါ်ရှိ ဈေးသို့သွား၍ ငါးဖမ်းပိုက်များကို ဝယ်ယူကာ ငါးဖမ်းနိုင်သည်။ သူ၏အဖေဖြစ်သူ၏ ငါးမျှားတံမှာ ရွာထဲတွင် ရှားရှားပါးပါး ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခံရသည်။
ငါးမျှားတံတွင် နိုင်လွန်ကြိုးတစ်ချောင်း တပ်ဆင်ထားပြီး အဆုံးတွင် သံချိတ်တစ်ခု ပါရှိလေသည်။ လီလန်သည် ငါးမျှားတံ၏ မာကျောမှုကို စမ်းသပ်ကြည့်လိုက်ရာ လက်ခံနိုင်ဖွယ်ရှိသည်ကို တွေ့ရှိလိုက်ရသည်၊ အကယ်၍ သူ ငါးကြီးကြီးတစ်ကောင် မိလျှင်တောင် ကျိုးပဲ့သွားမည် မဟုတ်ချေ။
လီလန်သည် တွေးတောလိုက်ပြီးနောက် ဆရာသခင်အဆင့် ငါးဖမ်းပညာရပ်များ၏ စွမ်းရည်ကို စုပ်ယူလိုက်တော့သည်။ မကြာမီမှာပင် နွေးထွေးသော လျှပ်စီးကြောင်းတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဖြတ်သန်းစီးဆင်းသွားခဲ့သည်။ အချိန်တိုအတွင်းမှာပင် လီလန်သည် ငါးဖမ်းခြင်းနှင့် ပတ်သက်သော မှတ်ဉာဏ်များနှင့် အတွေ့အကြုံများစွာကို စုဆောင်းရရှိသွားလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကျွမ်းကျင်သော ငါးဖမ်းသမားတစ်ဦး ဖြစ်လာခဲ့တော့သည်။
“ဝုတ် ဝုတ် ဝုတ်…”
“ဝုတ် ဝုတ် ဝုတ်…”
ခြံဝင်းအတွင်းရှိ ဟေးလုံက ထိုးဟောင်လိုက်လေသည်။
"ဟေးလုံ ဘာဖြစ်လို့လဲ..."
လီလန်သည် သူ၏ ငါးမျှားတံကို အောက်ချလိုက်ကာ သိုလှောင်ခန်းထဲမှ ထွက်လာခဲ့သည်။ သူစိမ်းတစ်ယောက်မှာ ခြံဝင်းအတွင်းတွင် ရပ်နေခဲ့သည်။
"ခင်ဗျားက ဘယ်သူလဲ..."
လီလန်က မေးလိုက်၏။
"ဒါက အဖွဲ့ခေါင်းဆောင် လီလန်လား၊ ကျွန်တော်က ထုတ်လုပ်ရေးတပ်ဖွဲ့ကပါ၊ တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ခင်ဗျားကို ကွန်မြူနစ်အဖွဲ့မှာ အစည်းအဝေးသွားတက်ဖို့ ခေါ်ခိုင်းလိုက်လို့ပါ..."
ထိုလူသည် အနည်းငယ် အရိုအသေပေးလိုက်ကာ ဖားယားသော အပြုံးဖြင့် ပြုံး၍ ကြီးမားလှသော ရိုသေလေးစားမှုဖြင့် ပြောလိုက်သည်။ သူတို့ မလာရောက်မီတွင် တပ်ဖွဲ့ခေါင်းဆောင်ရှန်းက သူတို့ကို လီလန်အား ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန်၊ ညင်သာစွာနှင့် ရိုသေစွာ စကားပြောရန်၊ ကွန်မြူနစ်အဖွဲ့မှ လာသည်ဟူသော အကြောင်းပြချက်ဖြင့် မာနမကြီးရန် အထပ်ထပ်အခါခါ မှာကြားထားခဲ့သည်။
ပထမပိုင်းတွင် သူသည် ထိုကိစ္စကို သိပ်အရေးမလုပ်ခဲ့ပေ။ လီလန်မှာ သာမန် အဖွဲ့ခေါင်းဆောင်တစ်ဦးသာ ဖြစ်သည်ဟု တွေးတောခဲ့သောကြောင့် တပ်ဖွဲ့ခေါင်းဆောင်က သူ့အပေါ် အဘယ်ကြောင့် ဤမျှ ရိုသေလေးစားနေရသနည်းဟု တွေးခဲ့မိသည်။ သွားရောက်စုံစမ်းကြည့်လိုက်သောအခါ အံ့ဩစရာပင်။
တပ်ဖွဲ့ခေါင်းဆောင်၏ တစ်ဦးတည်းသော သားဖြစ်သူ ရှန်းဝူမှာ သူ၏ အမဲလိုက်သေနတ်ကို အလုခံခဲ့ရပြီး လက်မောင်းကိုပါ အချိုးခံခဲ့ရသည်လေ။ ၎င်းမှာ အဆုံးသတ်မဟုတ်သေးပေ။ တပ်ဖွဲ့ခေါင်းဆောင်သည် ရှန်းဝူနှင့်အတူ လီလန်ထံသို့ တကူးတက သွားရောက်တောင်းပန်ခဲ့ရပြီး သူ့ကို ထုတ်လုပ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ရန်ပင် ဖိတ်ခေါ်ခဲ့ရသေးသည်။
တပ်ဖွဲ့ခေါင်းဆောင်၏ သားဖြစ်သူ၏ လက်မောင်းတစ်ဖက်ကို ရိုက်ချိုးရဲပြီး တပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် လာရောက်တောင်းပန်အောင်ပင် ပြုလုပ်နိုင်ခဲ့သည်။ ဤလူမှာ တကယ့် သတ္တဝါဆိုးကြီးပင် ဖြစ်တော့သည်။
သူသည် မည်သို့မျှ မာနမကြီးရဲတော့ဘဲ လီလန်ကို မြင်လိုက်ရချိန်တွင် တုန်ယင်သွားခဲ့တော့သည်။
"အစည်းအဝေးဟုတ်လား..."
လီလန်က မျက်မှောင်ကြုတ်လိုက်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ မည်သို့ပင်ဆိုစေ သူသည် ရှန်းဖူကွေ့ကို ထုတ်လုပ်ရေးတပ်ဖွဲ့၏ အသေးအဖွဲ ကိစ္စများတွင် ပါဝင်ပတ်သက်မည် မဟုတ်ကြောင်း ပြောပြပြီးဖြစ်လေသည်။
တောင်ပေါ်မှ တောရိုင်းတိရစ္ဆာန်များ ရွာထဲသို့ ဝင်ရောက်လာခြင်း၊ သို့မဟုတ် လူ့အသက်များနှင့် သက်ဆိုင်သော ကြီးမားသည့် အဖြစ်အပျက်များကဲ့သို့သော အလွန်အရေးကြီးသည့် ကိစ္စရပ်များမှလွဲ၍ သူသည် အစည်းအဝေးသို့ သွားရောက်နိုင်မည် မဟုတ်ပေ။
"တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ဘာအကြောင်းလဲဆိုတာ ပြောလိုက်သေးလား..."
"မနေ့ညက တစ်စုံတစ်ယောက် တောဝက်တောင်ကြောထဲ ခိုးဝင်သွားပြီး ဒုက္ခရောက်သွားတယ်လို့ ကျွန်တော် ကြားခဲ့ရတယ်..."