← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း (၆၄) တောင်ပေါ်ဟင်းမယ်များ - မျောက်ခေါင်းမှို၊ ငှက်သိုက်၊ တောင်ပေါ်ဟင်းအမယ်ကြီး ရှစ်မျိုး၊ မျောက်ခေါင်းမှို

မုဆိုးမဝူသည် နာကျင်စွာ စပ်ဖျင်းနေသော သူမ၏ မျက်နှာကို အုပ်ထားလိုက်လေသည်။ သူမသည် ထိုရိုက်ချက်ကြောင့် မှင်သက်သွားပြီး ထိုနေရာတွင်ပင် ကြက်သေသေလျက် ရပ်နေတော့သည်။

လူအများကြီးရှေ့တွင် ကျိုးလျဲ့ရှန်က သူမကို ပါးရိုက်လိမ့်မည်ဟု မုဆိုးမဝူသည် တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

"မင်းရဲ့သားက ဒီလောက်ကြီးမားလှ ပြဿနာကြီးကို ဖန်တီးခဲ့တာလေ..."

"အဲဒါက လူ့အသက်တစ်ချောင်းပဲ၊ အဘိုးကျန်းရဲ့ မြေးလေ..."

"အခု သူတို့လုပ်ထားတဲ့ ပြဿနာကိုရှင်းဖို့ ငါက လူတွေကို တောင်ပေါ်လွှတ်နေရတာ၊ မင်းကများ ဒီနေရာမှာ လာပြီး အထွန့်တက်နေရဲသေးတယ်ပေါ့လေ..."

ကျိုးလျဲ့ရှန်က မုဆိုးမဝူကို စိုက်ကြည့်ရင်း လှောင်ပြောင်လိုက်သည်။

"ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ တောင်ပေါ်မတက်ရဘူးလို့ ငါ ထပ်ခါတလဲလဲ သတိပေးခဲ့တယ်၊ တစ်ခုခုဖြစ်ရင် ငါ တာဝန်မယူဘူးလို့လည်း ပြောခဲ့တယ်လေ..."

"မင်းရဲ့ အသုံးမကျတဲ့ သားနှစ်ယောက်က ငါ့စကားကို နားမထောင်ဘဲ တောင်ပေါ်ကို ဇွတ်တက်သွားကြပြီး အဘိုးကျန်းရဲ့ မြေးကိုတောင် ဒုက္ခပေးခဲ့သေးတယ်..."

"ဘာလဲ မင်းက သူတို့ကို ကာကွယ်ပေးချင်နေသေးတာလား..."

"ဟက် ကျန်းဝေ့ကော်ကို တွေ့တာနဲ့ မင်းရဲ့ အသုံးမကျတဲ့ သားနှစ်ယောက် ငါ့ရဲ့ လျဲ့ရှန်တပ်ဖွဲ့ထဲကနေ ထွက်သွားလို့ရပြီ..."

ကျိုးလျဲ့ရှန်သည် ဆဲရေးတိုင်းထွာမှုများကို ဆက်တိုက် ပြုလုပ်လိုက်တော့သည်။

ကျိုးလျဲ့ရှန်က လီလုံနှင့် လီဟူတို့ကို ထုတ်ပယ်မည်ဟု ကြားလိုက်ရသောအခါ မုဆိုးမဝူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သူမ၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

"ထွက်သွားစမ်း..."

"အမေ..."

"အမေ မြန်မြန် ထွက်သွားလိုက်ပါတော့၊ ဒီနေရာမှာ အရှက်မခွဲပါနဲ့တော့..."

လီလုံနှင့် လီဟူတို့မှာ အလွန်စိုးရိမ်လွန်းသဖြင့် ငိုမတတ်ပင် ဖြစ်နေကြသည်။ ဤပြဿနာရှာတတ်သော အဘွားကြီးသည် ယခုတစ်ကြိမ်တွင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပို၍ ဖြစ်စေခဲ့လေပြီ။

ကျိုးလျဲ့ရှန်၏ စရိုက်ကို သူတို့ ကောင်းကောင်းကြီး သိထားကြသည်။ သူသည် စကားတည်သောသူတစ်ယောက် ဖြစ်သည်။

လျဲ့ရှန်မုဆိုးအဖွဲ့နှင့် တွဲလုပ်ရသော သူတို့၏ ဝင်ငွေကောင်းလှသည့် အလုပ်အကိုင်များကို ဆုံးရှုံးရတော့မည်ဖြစ်သည်။

သူတို့သည် အဖွဲ့ခေါင်းဆောင်နှင့်အတူ အမဲလိုက်ထွက်၍ ရနိုင်တော့မည် မဟုတ်ပေ။

"အိုးး ငါ့အမေက ဘာလို့များ ခုလိုအဓိပ္ပာယ်မရှိတဲ့ စကားတွေ အကုန်လုံးကို ပြောနေရတာလဲ..."

လီလုံသည် မကျေမနပ်ဖြစ်နေသော လေသံဖြင့် အကြိမ်ကြိမ် သက်ပြင်းချလိုက်သည်။

လီလန်က နှာခေါင်းရှုံ့လိုက်ပြီး ကျေနပ်နေသော အမူအရာကို ပြသလိုက်သည်။

ဝဋ်ဆိုသည်မှာ လည်တတ်စမြဲပင်ဖြစ်သည်။ အမှန်တကယ်ပင် မကောင်းမှုပြုသူများသည် သေသင့်သေထိုက်ပေသည်။

*အရမ်းမိုက်တာပဲ*

သူသည် ဖြူလျော်နေပြီး စိုးရိမ်မှုနှင့် ဒေါသတို့ ရောယှက်နေသော မျက်နှာပိုင်ရှင် လီရှန်းဟွာကို ကြည့်လိုက်သည်။

*အိုး... ပိုတောင် ကောင်းသေးတယ်…*

"အဖေ….အဘိုးကျန်းရဲ့ မြေးက တောဝက်တောင်ကြောမှာ ပျောက်သွားလို့တဲ့၊ သား တပ်ဖွဲ့ခေါင်းဆောင်ရှန်းနဲ့အတူ သူ့ကိုရှာဖို့ တောင်ပေါ်သွားမလို့..."

လီလန်သည် သူ၏ ညီမနှစ်ယောက်ကို ခေါ်၍ ပညာတတ်လူငယ်ရုံးရှိ တုံယွီရှုထံသို့ သွားရန် သူ၏ အဖေဖြစ်သူကို မှာကြားလိုက်သည်။

ယနေ့သည် တုံယွီရှုက သူ၏ ဒုတိယညီမနှင့် အငယ်ဆုံးညီမကို တရားဝင် စတင်စာသင်ပေးမည့် နေ့ဖြစ်သည်။

"မကြာသေးခင်က တောဝက်တောင်ကြောမှာ အဖြူရောင် လေဆင်နှာမောင်း တိုက်ခတ်ထားတယ်၊ ဒါကြောင့် သတိထားပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းအပင်ပန်းမခံနဲ့နော်..."

လီတာ့ဟိုင်က သတိပေးလိုက်သည်။

လီလန်သည် ခေါင်းညိတ်ပြလိုက်ပြီး ဟေးလုံကို ခေါ်ကာ လူစုရန်အတွက် ကွန်မြူနစ်အဖွဲ့ဆီသို့ ထွက်လာခဲ့သည်။

"အဖွဲ့ခေါင်းဆောင် လီလန် မင်းက တောကြောင်ရိုင်းလေးကိုပါ ခေါ်လာတာလား..."

လူစုသည့် နေရာသို့ ရောက်ရှိလာသောအခါ ရှန်းဖူကွေ့သည် လီလန်က တောကြောင်ရိုင်းလေးတစ်ကောင်ကို ခေါ်လာကြောင်း တွေ့ရှိသွားလေသည်။

လီလန် တောကြောင်ရိုင်းတစ်ကောင် မွေးထားသည်ဆိုသောအချက်မှာ ရွှမ်းရွှေရွာတွင် လျှို့ဝှက်ချက် တစ်ခုမဟုတ်ပေ။ ရှန်းဖူကွေ့လည်း ထိုအကြောင်းကို ကြားဖူးထားသည်။

"ဟုတ်တယ် သူ့နှာခေါင်းကလည်း တော်တော် အနံ့ခံကောင်းတယ်လေ..."

လီလန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ခေါင်းညိတ်လိုက်သည်။

လီလန်သည် လူစုသည့်နေရာသို့ ကြည့်လိုက်ရာ လူနှစ်ဆယ်ခန့်ရှိသော လူအုပ်ကြီးကို တွေ့လိုက်ရပြီး သူတို့အားလုံးမှာ တောင့်တင်းခိုင်မာကာ အတွေ့အကြုံရင့်ကျက်သော မုဆိုးများ ဖြစ်ကြသည်။

ထိုအထဲတွင် လီလုံနှင့် လီဟူ အပါအဝင် လူငယ်လေးယောက်၏ မျက်နှာများမှာ နေရာနှင့် မလိုက်ဖက်သလို ဖြစ်နေသည်။

လီလန် လှမ်းကြည့်နေသည်ကို မြင်သောအခါ လီဟူသည် မျက်လုံးရဲကြီးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

အကယ်၍ လီလန်သာ သူတို့ကို အသုံးမကျသူများဟု မခေါ်ခဲ့လျှင် သူ၏အမေသည် အဖွဲ့ခေါင်းဆောင်ကျိုးထံမှ ထိုပါးရိုက်ခံရမှုကို ရရှိခဲ့ပါမည်လား။

"ဟူ…လီလန်ကို သွားမရှုပ်နဲ့ သူက အခု ငါတို့ ရန်စလို့ရတဲ့ လူစားမျိုး မဟုတ်တော့ဘူး..."

လီလုံသည် သူ့ညီဖြစ်သူ၏ သိုးသားရေအင်္ကျီကို ဆွဲကာ မျက်စိမှိတ်ပြလိုက်သည်။

သူ့ညီဖြစ်သူ လီဟူနှင့်ယှဉ်လျှင် လီလုံက ပို၍ အသိဉာဏ်ရှိသည်။ ယခုအခါ လီလန်သည် မုဆိုးအဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး အဖွဲ့ခေါင်းဆောင် ဖြစ်လာကာ တပ်ဖွဲ့ခေါင်းဆောင်ရှန်းနှင့် အဖွဲ့ခေါင်းဆောင်ကျိုးတို့၏ အထင်ကြီးလေးစားမှုကိုပင် ခံနေရပြီဖြစ်သည်။

သူသည် လက်ရှိတွင် အာဏာနှင့် အဆက်အသွယ်များ ရှိနေကာ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေပြီဖြစ်၍ သူတို့ ညီအစ်ကိုများ ရန်စနိုင်သော သူတစ်ယောက် မဟုတ်တော့ပေ။

လီလုံသည် သူ၏ ကံကြမ္မာကို လက်ခံလိုက်သည်။ ယခုမှစ၍ ရွာထဲတွင် လီလန်နှင့် ဆုံမိပါက သူသည် လမ်းလွှဲ၍ သွားရတော့မည်ဖြစ်သည်။

ယခုအချိန်တွင် သူ နောင်တရနေမိသည်မှာ တစ်ချက်တည်းသာရှိသည်။ လီလန် လာတောင်းရမ်းစဉ်က သူသည် သူ၏ အစ်မဖြစ်သူကို ပို၍ အကြံပေးခဲ့သင့်သည်။ လီလန်ကို အခက်အခဲ မဖြစ်စေခဲ့သင့်ပေ၊ ထိုယွမ်(၁၀၀) တင်တောင်းစရိတ်ကို မတောင်းဆိုခဲ့သင့်သလို အပ်ချုပ်စက်ကိုလည်း မတောင်းဆိုခဲ့သင့်ပေ။

*ငါ မလုပ်ခဲ့သင့်ဘူး…လီလန်ကို လုံးဝ စော်ကားမိတာမျိုး မလုပ်ခဲ့သင့်ဘူး*

"ဟူး..."

လီလုံက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။

"ဒုတိယအစ်ကို ခင်ဗျားက ဘာလို့ ကြောက်နေရတာလဲ..."

လီဟူက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"မင်းက ဘာမှနားမလည်ဘူး၊ မင်းက အသုံးမကျတဲ့ကောင်ပဲ..."

လီလုံသည် သူ၏ ညီဖြစ်သူ လီဟူကို ကန်ကျောက်လိုက်သည်။

"ငါတို့ညီအစ်ကိုတွေက တောင်ပေါ်က တောယုန်တွေဆိုရင် လီလန်က ကျားသစ်တစ်ကောင်ပဲ..."

"မဟုတ်ဘူး... ဆိုက်ဘေးရီးယား ကျားတစ်ကောင်ပဲ..."

အဝေးမှ လီလန်၏ ကျောပြင်ကိုကြည့်ရင်း လီလုံသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

တောင်ပေါ်တွင် ဆီးနှင်းများ အဆက်မပြတ် ကျဆင်းလာပြီး အရိုးထဲထိ စိမ့်ဝင်သွားစေလောက်အောင် အေးစက်သော လေပြင်းများ တိုက်ခတ်လာသည်။

ပြင်းထန်သော အဖြူရောင် လေဆင်နှာမောင်းတစ်ချက် တိုက်ခတ်သွားပြီးနောက် လူအုပ်ကြီးသည် လေနှင့် နှင်းများကို ရင်ဆိုင်ကာ ခါးလောက်ရှိသော နှင်းတောထဲတွင် ခက်ခဲစွာ လျှောက်လှမ်းရင်း တောဝက်တောင်ကြောဆီသို့ ဦးတည်သွားကြလေသည်။

တောင်ခြေသို့ ရောက်သောအခါ အဖြူရောင် လေဆင်နှာမောင်း တိုက်ခတ်မှု ရပ်တန့်သွားတော့သည်။

"ဟေ့ လီလန်၊ မင်းက တောင်ပေါ်ကို ဂုန်နီအိတ်ကြီး သယ်လာပြီး ဘာလုပ်မလို့လဲ..."

ကျိုးလျဲ့ရှန်သည် နှင်းများကို ခါထုတ်ရင်း လှည့်ကြည့်လိုက်ရာ လီလန်၏ ခါးတွင် ဂုန်နီအိတ်တစ်လုံး ထိုးထည့်ထားသည်ကို တွေ့လိုက်ရသည်။

"တောင်ပေါ်ဟင်းမယ်တွေ ရမလားလို့ လိုက်ရှာကြည့်မလို့ပါ၊ အလှဆင်ဖို့အတွက်လည်း အဆင်ပြေတယ်လေ..."

လီလန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ရှန်းဖူကွေ့သည် သူ့ကိုကြည့်၍ ရယ်ချင်သွားသည်။

"အဖွဲ့ခေါင်းဆောင်လီ ဒီတောင်ပေါ်မှာ နှင်းတွေကျနေတာ ရက်ပေါင်းများစွာ ဆက်တိုက်ရှိနေပြီ၊ ပြီးတော့ နှင်းမုန်တိုင်းလည်း ရှိသေးတယ်လေ... ကြည့်စမ်းပါဦး၊ ငါ့ရဲ့ သက္ကလပ်ဦးထုပ်တောင် အကုန် အေးခဲနေပြီ၊ မျက်လုံးတွေဆိုလည်း ဖွင့်မရတော့ဘူး... ဒီလောက် နှင်းတွေ ထူထပ်နေတဲ့ အချိန်မှာ တောင်ပေါ်ဟင်းအမယ်တွေကို ငါတို့ ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်မှာလဲ..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်း စကားပြောလိုက်သည်နှင့် တပြိုင်နက် သူ့နောက်မှ တောင်ပေါ်သို့ လိုက်လာသော အခြားမုဆိုးများလည်း နားလည်သဘောပေါက်စွာဖြင့် ပြုံးလိုက်ကြသည်။

လီလန်သည် မုဆိုးအဖွဲ့ကို ယခုမှစတင် ဖွဲ့စည်းထားပြီး အမဲလိုက်အတွေ့အကြုံ သိပ်မရှိသော်လည်း သူ၏ ကံကောင်းမှုမှာမူ အံ့မခန်းဖြစ်ကြောင်းကို လူတိုင်းက တိတ်တဆိတ် နားလည်ထားကြသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် တောယုန်တစ်ကောင်၊ မိုးပျံနဂါးတစ်ကောင် ဖမ်းမိခဲ့ပြီး အဝါရောင် ဆားဖောင်ဇီတစ်ကောင်ကိုပင် ပစ်ချနိုင်ခဲ့သည်။

သို့သော် ကံကောင်းခြင်းဆိုသည်မှာ ကံကောင်းခြင်းသာ ဖြစ်သည်။ ဤသို့ နှင်းကျပြီး လေတိုက်နေသော ရာသီဥတုတွင် တောင်ပေါ်ဟင်းမယ်များကို ရှာတွေ့ရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။

အဲဒါက မြက်ပုံထဲ အပ်ရှာရသလိုပဲ၊ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက်တောင် ပိုခက်ခဲသေးတယ်...။

အဖြူရောင် လေဆင်နှာမောင်း တိုက်ခတ်နေသော တောဝက်တောင်ကြောတွင် အတွေ့အကြုံရင့်ကျက်သော မုဆိုးများပင် အေးခဲမှိုတစ်ပွင့်ကိုမျှ ရှာမတွေ့နိုင်ကြပေ။

တောဝက်တောင်ကြောပေါ်ရှိ နှင်းများမှာ မယုံနိုင်လောက်အောင် ထူထပ်လှပြီး ဝါဂွမ်းစောင် အထပ်တစ်ဒါဇင်ခန့် အထူရှိလေသည်။

"ဟွန့်…ဒီကောင်လေး အိပ်မက်မက်နေတာပဲ၊ ဒီလောက်နှင်းတွေ ထူထပ်နေတာ တောဝက်တောင်ကြောမှာ တောင်ပေါ်ဟင်းအမယ်တွေကို ဘယ်က သွားရှာတွေ့နိုင်မှာလဲ..."

လီဟူက လူအုပ်နောက်မှနေ၍ လှောင်ပြောင်လိုက်သည်။

"အစ်ကိုဟူ ကျယ်ကျယ်ပြောလေ... ခင်ဗျားက ခုလိုတိုးတိုးလေး ပြောနေရင် လီလန်က ကြားရမှာ မဟုတ်ဘူး..."

ယန်ကျန်းကျွင်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

“ငါ့အသံ ကျယ်တာ မကျယ်တာ မင်းနဲ့ ဘာဆိုင်လို့လဲ…”

လီဟူက ယန်ကျန်းကျွင်းကို စိုက်ကြည့်လိုက်သည်။

လီလန်ကို မရင်ဆိုင်နိုင်ရင်တောင် ယန်ကျန်းကျွင်းကိုတော့ အနည်းဆုံး ထိန်းချုပ်လို့ရတာပဲ မဟုတ်ဘူးလား။

ရှန်းဖူကွေ့၏ စကားကို ကြားသောအခါ လီလန်သည် ပြုံးလိုက်သော်လည်း တိတ်တဆိတ်ပင် နေလိုက်သည်။

ယနေ့အတွက် သူ၏ ကံကောင်းခြင်း စွမ်းရည် ဆယ်မိနစ် ကျန်ရှိနေသေးပြီး သူ အသုံးမပြုရသေးပေ။

“မြောင်…”

“မြောင်…”

ထိုအချိန်တွင် တောကြောင်ရိုင်းလေးသည် လီလန်ကို ကြည့်၍ အကြိမ်အနည်းငယ် အော်လိုက်သည်။

“ဟင်... မင်း တစ်ခုခု ရှာတွေ့လို့လား…”

လီလန်သည် ၎င်း၏နောက်သို့ လိုက်သွားရာ မြင့်မားသော ဝက်သစ်ချပင်ကြီးတစ်ပင်၏ ရှေ့တွင် ဝပ်နေသော တောကြောင်ရိုင်းလေးကို တွေ့လိုက်ရသည်။

"ဝက်သစ်ချပင်လား..."

"အဲဒါက..."

ရုတ်တရက်ပင်။

ဝက်သစ်ချပင်ပေါ်တွင် မျောက်ခေါင်းနှင့်တူသော မှို ခုနစ်ပွင့် ရှစ်ပွင့်ခန့် ပေါက်နေသည်ကို သတိထားမိလိုက်သောအခါ လီလန်၏ မျက်လုံးများ အရောင်လက်သွားတော့သည်။

"မျောက်ခေါင်းမှို..."

လီလန်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

"ဘာ... မျောက်ခေါင်းမှို..."

"အဖွဲ့ခေါင်းဆောင် လီလန်က မျောက်ခေါင်းမှိုတွေကို ရှာတွေ့သွားတာလား..."

"တကယ်ကြီးလား..."

"ငါတော့ မယုံဘူး ဒီလောက် နှင်းတွေ ထူထပ်နေတာကို မျောက်ခေါင်းမှိုကို ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်မှာလဲ..."

ရှန်းဖူကွေ့၊ ကျိုးလျဲ့ရှန်နှင့် သူတို့၏ အဖွဲ့သားများသည် နောက်မှ အော်ဟစ်လိုက်ကြပြီး မြန်မြန်ဆန်ဆန်ပင် လိုက်လာကြလေသည်။

သူတို့ ရောက်လာသောအခါ ဝက်သစ်ချပင်ပေါ်ရှိ တောရိုင်းမှိုများကို မြင်လိုက်ရသဖြင့် အားလုံး မှင်သက်သွားကြတော့သည်။

"တကယ်ပဲ မျောက်ခေါင်းမှိုတွေ ဖြစ်နေတာပဲ..."

"ဘုရားရေ မျောက်ခေါင်းမှိုတွေ အများကြီးပဲ... လီလန်က အံ့မခန်းကို ကံကောင်းနေတာပဲ..."

"အဖွဲ့ခေါင်းဆောင် လီလန်က တကယ့်ကို ကံကောင်းတာပဲ..."

"တောက်... သေစမ်း... ကျိန်စာသင့်မယ့် လီလန်က တောင်ပေါ်ဟင်းအမယ်တွေကို တကယ်ကြီး ရှာတွေ့သွားတာပဲ..."

လီဟူသည် လူအုပ်၏ နောက်ဘက်မှနေ၍ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

အကယ်၍ သူသာ ခြေလှမ်းအနည်းငယ် ရှေ့တိုးခဲ့ပါက မျောက်ခေါင်းမှိုကို ပထမဆုံး မြင်တွေ့ရသူမှာ သူဖြစ်လာမည်ဖြစ်သည်။

ထိုမျောက်ခေါင်းမှိုများ အားလုံးက သူ့အပိုင် ဖြစ်သွားမှာပင်။

"ဝါး... လီလန်ကတော့ တကယ်ကို ကံကောင်းလွန်းတယ်၊ ငါ အခုလေးတင် ရေတွက်ကြည့်လိုက်တာ ဒီသစ်ပင် တစ်ပင်တည်းမှာတင် မျောက်ခေါင်းမှို ရှစ်ပွင့်တောင် ရှိတယ်..."

ယန်ကျန်းကျွင်းက မနာလိုစွာဖြင့် ပြောလိုက်သည်။

သူတို့ တောင်တက်အဖွဲ့၏ လောကတွင် စည်းမျဉ်းတစ်ခု ရှိသည်။ တောင်ပေါ်ဟင်းအမယ်များကို ပထမဆုံး ရှာတွေ့သူသည် ၎င်းတို့ကို ခူးဆွတ်ခွင့် ရရှိမည် ဖြစ်သည်။

ဤမျောက်ခေါင်းမှိုများကို လီလန်က ပထမဆုံး ရှာတွေ့ခဲ့ခြင်းဖြစ်သဖြင့် သဘာဝကျစွာပင် ဤဝက်သစ်ချပင်ပေါ်ရှိ မျောက်ခေါင်းမှိုများ အားလုံးသည် လီလန်နှင့်သာ သက်ဆိုင်လေသည်။

"အရမ်းကြီး ဝမ်းသာမနေပါနဲ့ဦး... ဒီဝက်သစ်ချပင်က အရမ်းမြင့်တယ်၊ ပြီးတော့ မျောက်ခေါင်းမှို အတော်များများက အပေါ်ဆုံးမှာ ပေါက်နေတာလေ... ဒီကောင်လေး သူတို့ကို ဘယ်လိုများ ခူးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့..."

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယန်အိုက်ကော်က ဝင်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လီဟူနှင့် အခြားသူများကလည်း ယန်အိုက်ကော် ပြောသည်မှာ မှန်ကန်ကြောင်း သဘောတူလိုက်ကြသည်။

ဤဝက်သစ်ချပင်သည် အနည်းဆုံး မီတာဆယ်ခန့် မြင့်ပြီး မျောက်ခေါင်းမှိုများသည် အပေါ်ဆုံး အကိုင်းအခက်များတွင် ပေါက်နေကြသည်။ သူတို့ကို ဘယ်လိုလုပ်ပြီး ခူးဆွတ်မည်နည်း။

လီလန်သည် ဝက်သစ်ချပင်ဆီသို့ လျှောက်သွားကာ သူမီသောနေရာမှ မျောက်ခေါင်းမှိုများကို သေချာစွာ ခူးဆွတ်၍ ဂုန်နီအိတ်ထဲသို့ ထည့်လိုက်သည်။

အပေါ်သို့ မော့ကြည့်လိုက်သောအခါ သူ မခူးဆွတ်နိုင်သော မှို လေးငါးပွင့်ခန့် ကျန်ရှိနေသေးသည်။

"အဖွဲ့ခေါင်းဆောင်လီ၊ အပေါ်က အရမ်းမြင့်တယ်၊ ငါတို့ မမီရင်လည်း လက်လျှော့လိုက်ရအောင်၊ ငါတို့ ကျန်းဝေ့ကော်ကို ရှာဖို့ လိုသေးတယ်လေ..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက သူ့ကို သတိပေးလိုက်သည်။

လီလန် တောင်ပေါ်ဟင်းအမယ်များကို ခူးဆွတ်နေခြင်းက အချိန်သိပ်မယူရသော်လည်း တောဝက်တောင်ကြောသို့ သွားရာလမ်းမှာ ဖြတ်သန်းသွားလာရန် ခက်ခဲပြီး အချိန်တစ်မိနစ် ပိုကုန်ဆုံးသွားတိုင်း ကျန်းဝေ့ကော်အတွက် အန္တရာယ် ပိုများလာစေသည်။

"ကျွန်တော် မကြာခင် ပြီးတော့မှာပါ..."

လီလန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"တောကြောင်ရိုင်းလေး၊ မင်း အပေါ်ကို တက်သွားလိုက်..."

လီလန်က တောကြောင်ရိုင်းလေးကို အချက်ပြလိုက်သည်။

သူသည် သူ၏ သားရဲဖြစ်သော တောကြောင်ရိုင်းလေး၏ အတွေးများကို နားလည်နိုင်ပြီး ၎င်းကလည်း သူ၏ စကားများကို နားလည်နိုင်သည်။

လီလန် စကားပြောပြီးသည်နှင့် တပြိုင်နက် သုံးလအရွယ် တောကြောင်ရိုင်းလေးသည် သစ်ခေါက်ကို ၎င်း၏ လက်သည်းများဖြင့် ကုတ်တွယ်ကာ သစ်ပင်ထိပ်သို့ တက်သွားလေတော့သည်။

ဤအချိန်သည် ဤကောင်လေးအတွက် အသုံးဝင်လာစေရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

ဤမြင်ကွင်းကြောင့် ရှန်းဖူကွေ့၊ ကျိုးလျဲ့ရှန်နှင့် သူတို့၏ မုဆိုးအဖွဲ့တစ်ဖွဲ့လုံးမှာ မှင်သက်သွားကြတော့သည်။

"ကောင်လေးလီကများ..."

ကျိုးလျဲ့ရှန်နှင့် ရှန်းဖူကွေ့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများကို မြင်တွေ့နေရသည်။

သူတို့သည် အတွေ့အကြုံရင့်ကျက်သော မုဆိုးများဖြစ်ကြရာ လီလန်သည် တောကြောင်ရိုင်းကို အဘယ်ကြောင့် မွေးမြူထားရသည်ကို အမြန်ပင် သဘောပေါက်သွားကြသည်။

ဤသည်မှာ တောကြောင်ရိုင်းလေးကို သစ်ပင်ထိပ်မှ တောင်ပေါ်ဟင်းအမယ်များ ခူးဆွတ်ပေးရန်အတွက် ဖြစ်သည်။

ကျောက်ဘိုင်တောင်တန်းတွင် သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး တောင်ပေါ်ဟင်းအမယ်များစွာသည် သစ်ပင်ထိပ်များတွင် ပေါက်ရောက်တတ်ကြသော်လည်း လူသားများ၏ လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ချက်များကြောင့် သစ်ပင်ပေါ် မတက်နိုင်ပါက ၎င်းတို့ကို မခူးဆွတ်နိုင်ကြပေ။

ဥပမာအားဖြင့် ထင်းရှူးသီးများ၊ မျောက်ခေါင်းမှိုများ၊ တောရိုင်း လင်ဇီးမှိုများနှင့် သစ်ကြားသီးများ ပါဝင်သည်။

ဤတောင်ပေါ်ဟင်းအမယ်များသည် သစ်ပင်ထိပ်များတွင် ပေါက်ရောက်ကြသည်။ တောင်တက်သမားများသည် ၎င်းတို့ကို ရှာတွေ့သော်လည်း သစ်ပင်တက်ရန် ကိရိယာများ သို့မဟုတ် စွမ်းရည်များမရှိပါက သူတို့သည် များသောအားဖြင့် လက်လျှော့လိုက်ကြပြီး သူတို့ ခူးဆွတ်နိုင်သော အခြားတောင်ပေါ်ဟင်းအမယ်များကိုသာ လှည့်ပတ်ရှာဖွေတတ်ကြသည်။

"အဖွဲ့ခေါင်းဆောင်လီက တကယ့်ကို ထူးခြားတဲ့သူတစ်ယောက်ပဲ..."

"သူက တောကြောင်ရိုင်းကိုတောင် မွေးမြူနိုင်ပြီး... ပြီးတော့ တောင်ပေါ်ဟင်အးမယ်တွေကို ခူးဆွတ်ပေးဖို့အတွက်ပါ ယဉ်ပါးအောင် သင်ကြားပေးထားသေးတယ်..."

တပ်ဖွဲ့ခေါင်းဆောင်ရှန်းက လေးစားစွာဖြင့် ပြောလိုက်သည်။

သူသည် လီလန် မျောက်ခေါင်းမှိုများ ခူးဆွတ်နေခြင်းကို မနာလိုဖြစ်နေခြင်း မဟုတ်ဘဲ တပ်ဖွဲ့ခေါင်းဆောင်ရှန်းတစ်ယောက်အနေဖြင့် ခူးဆွတ်ရာတွင် ကူညီပေးရန် တောကြောင်ရိုင်းများကို ယဉ်ပါးအောင် ယဉ်ကျေးအောင် သင်ကြားပေးထားခြင်းကို အမှန်တကယ်ပင် အားကျနေမိခြင်း ဖြစ်သည်။

"ဒီကောင်လေးက အံ့ဩစရာကောင်းတာပဲ၊ တောကြောင်ရိုင်းလေးကို ယဉ်ပါးသွားအောင် သူ ဘယ်လိုနည်းလမ်းကို အသုံးပြုခဲ့လဲဆိုတာ ငါ မသိဘူး..."

ကျိုးလျဲ့ရှန်ကလည်း အလွန်အံ့အားသင့်နေပြီး စပ်စုချင်စိတ်များ ဖြစ်ပေါ်လာသည်။

သူတို့၏ နောက်ကွယ်ရှိ လီဟူ၊ ယန်ကျန်းကျွင်းနှင့် သူတို့၏ အဖွဲ့သားများမှာမူ မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်များ ဟောင်းလောင်းပွင့်လျက် သူတို့၏ မျက်နှာများထက်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကြသည်။

တောင်ပေါ်က သယံဇာတတွေကို ခူးဆွတ်ဖို့အတွက် တောကြောင်ရိုင်းတွေကို ယဉ်ပါးအောင် သင်ကြားပေးထားတာလား…။

မဖြစ်နိုင်တာ။ ဤလိုလည်း ရတယ်ပေါ့...။

ထိုအချိန်တွင် ဟေးလုံသည် သတ်မှတ်ထားသော လမ်းကြောင်းတစ်ခုဆီသို့ အပြေးအလွှား သွားလေသည်။

“ဝုတ်... ဝုတ်... ဝုတ်…”

၎င်းက သုံးချက်ခန့် ဟောင်လိုက်သည်။

"နောက်ထပ် ရှိသေးတာလား..."

လီလန်က အလွန်ဝမ်းသာသွားတော့သည်။

သူ ထိုလမ်းကြောင်းအတိုင်း လျှောက်သွားလိုက်သောအခါ သူ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားတော့သည်။

"အဲဒါက..."

All Chapters