ဟွာရှောင်လင်း (၂)
Vol. 64 Ch. 1060
လင်းရှန် တိတ်ဆိတ်သွားခဲ့သည်။ သူနှင့် ဖီးနစ်သည် ဤကိစ္စကို စဉ်းစားခဲ့ဖူးပြီး ယဲ့လန်ကလည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားခဲ့သည်။ ဟွာရှောင်လင်း၏စကားကို ကြားရသောအခါ သူ၏နှလုံးသားမှာ ဒိတ်ခနဲဖြစ်သွားရသည်။ သူ၏ မသိစိတ်က ဤအမျိုးသမီးကို မယုံကြည်ရန်ပြောနေသော်လည်း သူမ၏ စကားများက တစ်ဖက်တွင်လည်း အမှန်တရားနှင့် ကိုက်ညီနေပြန်သည်။
အကြီးစားသန္ဓေပြောင်းသတ္တဝါများ၊ အထူးအဆင့်နှင့် A အဆင့် ရှိသော သတ္တဝါများသည် ပင်လယ်ကျောက်ဆောင်ကျွန်းပတ်ဝန်းကျင်တွင် သမုဒ္ဒရာနတ်ဘုရားကြီး၏ အမဲလိုက်ချေမှုန်းခြင်းကိုခံခဲ့ရသည်။ ထို့ကြောင့် ကမ်းရိုးတန်းအပေါ်သက်ရောက်မှုမှာ သဘာဝအတိုင်းနည်းပါးသွားခြင်း ဖြစ်သည်။ အဆုံးတွင်တော့ လင်းရှန်ကိုယ်တိုင် ပင်လယ်ကြမ်းပြင်ပေါ်ရှိ ထူးဆန်းသော သတ္တဝါကြီးများမှာ ကုန်းပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာဖြင့် ချီတက်နေကြသည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရဖူးသည်။
“ကျွန်မ ရှင့်ကို နောက်ထပ်ပြောပြနိုင်တာကတော့ ရှင်ရခဲ့တဲ့ အမည်းရောင်ဂီယာက အဆင့်လွန် A-Class ရှိတဲ့ တားမြစ်ပစ္စည်းတစ်ခုဖြစ်ပြီး ရှင့်ရဲ့ ၁၅၄၂ ရေဒီယိုနဲ့ ငွေကျည်ဆန်ထက် ထိန်းချုပ်မှုအဆင့်အတန်း နှစ်ဆင့်လောက် သာလွန်တယ်။ အဲဒါက ဗျာဒိတ်တော်ဂိုဏ်းခေါင်းဆောင် ချန်ယန်ရွီရဲ့ အဖိုးတန်ဆုံးပစ္စည်းတွေထဲက တစ်ခုပဲ။ အဲဒါကို ထိန်းချုပ်ဖို့နည်းလမ်းက လူတစ်ယောက်သေဆုံးဖို့ လိုအပ်ပေမဲ့ အဲ့အရာရဲ့ ထူးခြားချက်ကတော့ ပိုင်ဆိုင်ထားသူကို တွင်းနက်အတွင်းမှာ အတိုင်းအဆမဲ့ ခရီးသွားလာခွင့်ပြုထားတာပဲ။ တစ်နည်းအားဖြင့်ပြောရရင် တွင်းနက်အတွင်းမှာ ရှိနေတဲ့ အဆင့်မြင့်ဒိုင်မေးရှင်းရဲ့ သက်ရောက်မှုကိုမခံရဘဲ အဲဒီကမ္ဘာကို ရှင့်ကို ခံစားသိရှိစေနိုင်တယ်။ ဒါပေမဲ့ တားမြစ်ပစ္စည်းရဲ့ လည်ပတ်ပုံသဘောတရားကတော့ သုံးဖက်မြင်ဒိုင်မေးရှင်းထဲမှာ လေးဖက်မြင်အမှောင်ဒိုင်မေးရှင်းရဲ့ တည်ရှိမှုကို ကျောက်ဆူးလို စိုက်ထူပြီး အဆင့်မြင့်ဒိုင်မေးရှင်းရဲ့ စွမ်းအားထူးခြားချက်တွေကို ထုတ်လွှတ်ပေးတာပဲ။ ဒီတားမြစ်ပစ္စည်းဟာ ရွေ့လျားမှုအချိန်ကို ရောင်ပြန်ဟပ်ပေးပြီး အချိန်ရေတွက်မှုကုန်ဆုံးသွားတဲ့အခါ ခရီးနှင်ခဲ့တဲ့ အချိန်ကာလကို ရောင်ပြန်ပုံရိပ်တစ်ခုအဖြစ် ပြန်ပြီးပြိုလဲပျက်စီးသွားစေတယ်။ အရိုးရှင်းဆုံးပြောရရင်တော့ လေးဖက်မြင်ဒိုင်မေးရှင်းထဲက အချိန်တွေကို သုံးဖက်မြင်ဒိုင်မေးရှင်းထဲကို ထုတ်လွှတ်ပေးလိုက်တာဖြစ်ပြီး တွင်းနက်ကြီးက အုန်းခနဲပေါက်ကွဲထွက်လာတဲ့ မြင်ကွင်းမျိုးအဖြစ် သရုပ်ထင်လာစေတာပဲ။ ရှင် ဒါကို နားလည်လား”
လင်းရှန် မျက်မှောင်ကြုတ်သွားပြီး ဤသဘောတရားကို ခေတ္တမျှ အာရုံထဲ၌ မဖမ်းဆုပ်နိုင်ဖြစ်သွားရသည်။
ဟွာရှောင်လင်းသည် သူ့ကို တစ်ချက်ကြည့်ကာ ဘာမှမပြောတော့ဘဲ တဲလိုအရာအတွင်းသို့ လှည့်ဝင်သွားခဲ့သည်။
လင်းရှန်သည် သူမပြောခဲ့သည့် စကားများကို စိတ်ဝင်စားနေသဖြင့် တစ်ခဏမျှ စဉ်းစားပြီးနောက် သူမနောက်သို့ လိုက်ဝင်ရန် ဆုံးဖြတ်လိုက်သည်။
တဲ၏ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သောအခါ အတွင်း၌ လင်းထိန်နေသော နေရာတစ်ခုကို တွေ့လိုက်ရသည်။ သန့်ရှင်းပြီး ညီညာသောကော်ဇောပေါ်တွင် အလွတ်ဖြစ်နေသော သစ်သားနီလက်ဖက်ရည်ဝိုင်းတစ်ခုရှိနေပြီး ပင်မကုလားထိုင်တစ်လုံးနှင့် ဧည့်သည်ကုလားထိုင်တစ်လုံးရှိနေသည်။ လေထဲတွင် ဝဲပျံနေသော ဘက်စုံသုံးဒရုန်းပရိုဂျက်တာကိရိယာတစ်ခုမှလွဲ၍ အခြားဘာမှ မရှိပေ။
“ဒါဆို မင်းက တကယ်ပဲ ငါ့ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်တာပေါ့” လင်းရှန် အချိန်ကို ကြည့်လိုက်ရင်း ပြောသည်၊၊
“ဒီလိုအချိန်မျိုးမှာ လက်ဖက်ရည်သောက်ဖို့က နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်ဘူးလား”
ဟွာရှောင်လင်းသည် လက်ဖက်ရည်ဝိုင်းတွင် နေရာယူထားပြီးဖြစ်ကာ စားပွဲအောက်မှ မဟော်ဂနီသစ်သားလက်ဖက်ရည်လင်ဗန်းတစ်ခုကို အသာအယာထုတ်ယူလိုက်သည်။ သူမ၏ လှုပ်ရှားမှုများမှာ ဖုန်မှုန့်များကို သုတ်သင်နေသကဲ့သို့ ညင်သာလွန်းလှသည်။ သူမ၏ လက်ချောင်းထိပ်များဖြင့် လက်ဖက်ရည်ခွက်များကို ထိတွေ့လိုက်ပြီး ခဲနေသောရေခဲပြင်ကဲ့သို့ ပါးလွှာကာ အလင်းပေါက်နေသည့် အစိမ်းနုရောင်ကျောက်စိမ်းလက်ဖက်ရည်ခွက်နှစ်ခွက်ကို ကျွမ်းကျင်စွာချထားလိုက်သည်။ လက်ဖက်ရည်အိုးမှာမူ သံမဏိရောင်ကဲ့သို့ ရိုးရှင်းသည့် မြေအိုးပုလေးတစ်လုံးဖြစ်သည်။
သူမသည် ကျွမ်းကျင်သော လက်ဖက်ရည်ဆရာတစ်ဦးကဲ့သို့ အသံတိတ်လက်ဖက်ရည်ဖျော်စပ်နေရင်း စကားပြောလာသည်၊၊
“ကျွန်မ ရှင့်ရဲ့အချိန်ကို အများကြီးမယူပါဘူး၊၊ ပြီးတော့ ရှင့်ရဲ့အဖွဲ့ကိုလည်း လှမ်းပြီး သတိပေးနေဖို့ မလိုပါဘူး။ ပထမအချက်အနေနဲ့ ကျွန်မတို့ကြားမှာ အတင်းကျပ်လုပ်စရာတွေ ရှိလာမှာ မဟုတ်ဘူး၊ ဒုတိယအချက်အနေနဲ့ ရှင့်ရဲ့ အေးချမ်းမှုကို မဖျက်ဆီးချင်ဘူး။ ဒါပေါ့… ကျွန်မက ရှင်နဲ့ အတိတ်ဟောင်းတွေကို ပြန်ပြောဖို့ လာတာမဟုတ်ဘူး၊၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ကြားမှာ ပြောစရာ အတိတ်ဟောင်းမှ မရှိတာ။ ကျွန်မရဲ့ ရည်ရွယ်ချက်ကို ကျွန်မ သဘောနဲ့ပြောပြမှာပါ၊၊ ဒါပေမဲ့ ရှင့်ဘက်က အာဃာတအချို့ကိုတော့ ခဏလောက် ဘေးဖယ်ထားဖို့ လိုလိမ့်မယ်၊၊ ဥပမာ... အဲဒီဒရုန်းတွေ ဒါမှမဟုတ် စနိုက်ပါနဲ့ ကျွန်မတို့ကို ချိန်ထားတဲ့ အမျိုးသမီးလိုမျိုးပေါ့”
လင်းရှန် ပခုံးတွန့်ပြလိုက်ပြီး ဟွာရှောင်လင်း၏ ရှေ့တွင်ဝင်ထိုင်လိုက်ကာ တလူလူထွက်နေသော လက်ဖက်ရည်ငွေ့များကြားမှ သူမကို ကြည့်လျက် ပြောလိုက်သည်။
“မင်းလည်း သိတဲ့အတိုင်းပဲ၊၊ ငါတို့အတွက် အသက်ရှင်သန်ဖို့က မလွယ်ကူဘူး။ မင်းနဲ့ ပတ်သက်လာရင် သတိကြီးကြီးထားရတာက သဘာဝကျပါတယ်”
ဟွာရှောင်လင်းက ပြုံးလိုက်ပြီး ဘာမှမပြောဘဲ နေခဲ့သည်။
“မင်း ခုနက အမည်းရောင်ဂီယာကို ထိန်းချုပ်ဖို့ လူတစ်ယောက်သေဖို့လိုတယ်လို့ ပြောတယ်၊၊ ဒါပေမဲ့ အဲဒါက မှားနေပုံရတယ်။ ငါ ချန်ယန်ရွှီကို ကိုင်တွယ်တုန်းက အခြေအနေကို ငါ ထိန်းချုပ်နိုင်ခဲ့တယ်။ ဘယ်သူမှ မသေခဲ့ဘူး မဟုတ်လား” လင်းရှန်က မေးလိုက်သည်။
ဟွာရှောင်လင်းက လက်ဖက်ရည်အိုးကို မကာ လက်ဖက်ရည်ခွက်၏ အထက်သုံးလက်မခန့်တွင် သူမ၏ လက်ကောက်ဝတ်ကို ရပ်တန့်ထားလိုက်သည်။ လက်ဖက်ရည်အိုးမှ စီးဆင်းလာသော ရေစီးကြောင်းမှာ စမ်းချောင်းငယ်တစ်ခုကဲ့သို့ ကျောက်စိမ်းခွက်ထဲသို့ တိကျစွာကျရောက်သွားပြီး ရေပြင်ညီမှာ တစ်စက်ပင် ဖိတ်စင်ခြင်းမရှိပေ၊၊ အားလုံးပြီးစီးသွားသောအခါ သူမသည် ပူနွေးနေသော လက်ဖက်ရည်ခွက်ကို လင်းရှန်ဘက်သို့ တိုးပေးလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီမတိုင်ခင်ကကော ရှင်ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးဆိုတာ သေချာလို့လား”
လင်းရှန်၏ အမူအရာမှာ တစ်စုံတစ်ခုကို သတိရသွားသည့်အလား တစ်ခဏမျှ တောင့်တင်းသွားခဲ့သည်။
ရေနက်ဆိပ်ကမ်းရဲ့ အပေါ်ဘက်ထိန်းချုပ်ရေးခန်း၌ သူတို့က လူသားသဏ္ဍာန်စမ်းသပ်ခံအရာတစ်ခုကို သတ်ပစ်ခဲ့ဖူးသည်။
“ငွေရောင် အိတ်ဆောင်နာရီ...”
လင်းရှန် မျက်မှောင်ကြုတ်သွားသည်။
“ဒါကြောင့်ကိုး၊၊ အဲဒီကောင်က ငါ့ကို ရည်ရွယ်ချက်နဲ့စောင့်နေခဲ့တာပဲ”
ဤအချိန်တွင် လင်းရှန်၏ ရင်ထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။ သူသည် ကြီးမားသောထောင်ချောက်တစ်ခုထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုချန်ဆိုသော လူမှာ တကယ့်ကို အကွက်စိတ်လှသည်။ အမည်းရောင်ဂီယာတစ်ခုတည်းဖြင့်တင် သူ့ထံမှ တောင်ဘက်ကောင်းကင်ဂိတ်အပါအဝင် အရာအားလုံးကို ဆုံးရှုံးလုနီးပါးဖြစ်သွားစေခဲ့သည်။ အကယ်၍ နောက်ဆုံးအချိန်တွင် သူသာ စိတ်အေးအေးမထားနိုင်ခဲ့ပါက သူသည် တောင်ဘက်ကောင်းကင်ဂိတ်ဆီသို့ ပို့ဆောင်ခံရမည်ဖြစ်ပြီး ပေါက်ကွဲထွက်လာသော အမှောင်ဒီရေလှိုင်းများနှင့်ရင်ဆိုင်ရကာ ကောင်းကင်ဂိတ်ကြီးနှင့်သူကိုယ်တိုင်ပါ အာကာသသက်ရှိများ၏ ဖျက်ဆီးခြင်းကိုခံရမည့် အကြွင်းအကျန်များဖြစ်သွားပေလိမ့်မည်။
လင်းရှန်က သူ၏အကြည့်ကို ဟွာရှောင်လင်းထံသို့ ရွှေ့လိုက်သည်။
“မင်း ငါ့ကိုလာရှာတာ ဖောင်ဒေးရှင်းက ဖီးနစ်နဲ့ ဆက်သွယ်ချင်တဲ့ရည်ရွယ်ချက်ကို လာပြောတာလား”
“အဲဒီလိုအဓိပ္ပာယ်ကောက်ယူလို့ရပါတယ်”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊
“ငါ နားမလည်ဘူး။ တစ်ဖက်မှာတော့ မင်းတို့က အဲဒီအမှောင်ယဉ်ကျေးမှုကို မင်းတို့ရဲ့ သခင်ကြီးအဖြစ် ကိုးကွယ်ပြီး သက်ဆင်းလာဖို့ လုပ်နေကြတယ်၊၊ ဒါပေမဲ့ နောက်တစ်ဖက်မှာကျတော့ လူသားတွေကို ကူညီနေပြန်တယ်”
သူက ရှေ့ရှိ လက်ဖက်ရည်ခွက်ကို အေးစက်စွာ ကြည့်လိုက်သည်၊၊
“မင်း ငါ့ကို သူလျှိုနှစ်ဖက်လုပ်နေတဲ့ ကစားပွဲမျိုး ကစားနေတာလို့တော့ လာမပြောနဲ့နော်”
ဟွာရှောင်လင်းက လင်းရှန်၏ အကြည့်ကို ဆုံကာ မော့ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။
“ကပ္ပတိန်လင်း… ရှင့်အနေနဲ့ ကမ္ဘာကြီးရဲ့လည်ပတ်ပုံသဘောတရားဟာ အဖြူနဲ့ အမည်း၊ ရန်သူနဲ့ မိတ်ဆွေ၊ ကောင်းခြင်းနဲ့ ဆိုးခြင်းဆိုတာလောက်ပဲ ရိုးရှင်းတာမဟုတ်ဘူးဆိုတာကို သတိပြုမိဖို့ လိုလိမ့်မယ်။ လူသားယဉ်ကျေးမှု ရေရှည်တည်တံ့ဖို့ဆိုတာဟာ အပြာရောင်ဂြိုဟ်ကနေ ထွက်ပြေးဖို့ ဒါမှမဟုတ် အမှောင်ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ဖို့ဆိုတဲ့ ဒီလိုရိုးရှင်းပြီး ကြမ်းတမ်းတဲ့သဘောတရားတွေနဲ့တင် ကန့်သတ်ထားလို့မရဘူး”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။
“မင်းပြောချင်တာက အရာအားလုံးလွှမ်းခြုံထားတဲ့ ပေါင်းစည်းသက်ဆင်းမှုမျိုးကို ပြောတာလား”
ဒါက ချန်ယန်ရွှီထံမှ သူကြားခဲ့ဖူးသည့်အရာဖြစ်သလို ဂူကျန်း၏ အသိစိတ်ထဲတွင်လည်းရှိနေခဲ့သောအရာဖြစ်သည်။
ဟွာရှောင်လင်း၏ တည်ငြိမ်လှသောအကြည့်တွင် အပြောင်းအလဲတစ်ခုမထင်မရှားဖြစ်ပေါ်သွားခဲ့သော်လည်း သူမက ထပ်မံရှင်းပြရန် မကြိုးစားတော့ပေ။ ထို့အစား သူမသည် ဘေးနားတွင် ဝဲပျံနေသော သုံးဖက်မြင်ပုံရိပ်ယောင်ကိရိယာဘက်သို့ ခေါင်းလှည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
“ရှင်က အမှောင်ယဉ်ကျေးမှုနဲ့ တွင်းနက်ဆိုတာ တကယ်တော့ဘာလဲဆိုတာကို သိချင်နေတယ်မဟုတ်ဘူးလား။ ဒီညမှာတော့ ရှင့်အနေနဲ့ လုံးဝဆန်းသစ်တဲ့ နားလည်မှုအသစ်တစ်ခုကို ရရှိသွားလိမ့်မယ်”
လင်းရှန်၏ အမူအရာက တင်းမာသွားပြီး သူ၏ အာရုံစိုက်မှုကို ထိုကိရိယာထံသို့ ပြောင်းလဲလိုက်သည်။
လုံးဝိုင်းသော သုံးဖက်မြင်ပုံရိပ်ယောင်ကိရိယာသည် ပျံသန်းနေသောဒရုန်းတစ်ခုနှင့်တူသော်လည်း ၎င်း၏ ပရိုဂျက်တာမျက်လုံးမှာမူ ဟာလာဟင်းလင်းဖြစ်ပြီး နက်ရှိုင်းလှသည်။ ၎င်းသည် ထိုနေရာတွင် အသံတိတ် ဝဲပျံနေစဉ် လင်းရှန်၏ စကင်ဖတ်မှုအရ ၎င်းမှာ ယန္တရားပိုင်းဆိုင်ရာ ပရိုဂျက်တာကိရိယာတစ်ခုမျှသာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း ယခုအခါ ၎င်းကို ကြည့်ရသည်မှာ စောင့်ကြည့်စစ်ဆေးခံနေရသည့်အလား အေးစက်လှသောခံစားချက်ကို ပေးစွမ်းနေသည်။
ထို့နောက် ဟွာရှောင်လင်း၏ စကားအဆုံးတွင် ပရိုဂျက်တာကိရိယာ၏ အလယ်ဗဟိုမှ ပြာလဲ့လဲ့အလင်းတန်းများ စတင်လင်းလက်လာခဲ့သည်။ သုံးဖက်မြင်ပုံရိပ်တစ်ခု စတင်ကျယ်ပြန့်လာပြီး တဲတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ အပြာရောင်မျဉ်းများဖြစ်ရမည့် အလင်းမျက်နှာပြင်မှာ အလွန်ကြည်လင်ပြတ်သားလှသော ကမ္ဘာကြီးတစ်ခုကို ပြသနေသည့်အလား ရောင်စုံအလင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။