လူသားမျိုးနွယ်၏ ကံကြမ္မာပုံတူပွားခြင် မြင်ကွင်း (၂)
Vol. 64 Ch. 1062
ဒါပေါ့၊ လင်းရှန်သည် ဖောင်ဒေးရှင်း၏ ခေတ်သစ်သမိုင်းထဲက စစ်အေးသမိုင်းကို လေ့လာခဲ့ဖူးပြီး လူသားမျိုးနွယ်တစ်ခုလုံးကို အကျပ်အတည်းဆီသို့ ဦးတည်စေလုနီးပါးဖြစ်ခဲ့ဖူးသော ဤသမိုင်းဝင်လျှို့ဝှက်ချက်များကို သိရှိခဲ့ဖူးသည်။ သို့သော်လည်း ယခုအချိန်တွင်မူ သူသည် ကြက်သီးထဖွယ်ကောင်းသော ဖိအားကို ပထမဆုံးအကြိမ်အဖြစ် တကယ်ခံစားလိုက်ရသည်။
ဒုတိယဗိုလ်မှူးကြီး ပက်ထရော့ဗ်သည် မတ်မတ်ရပ်နေပြီး သွေးကြောများယှက်သန်းနေသော မျက်လုံးများက ရေဒါစခရင်ပေါ်ရှိ အနီရောင်အစက်အပြောက်ပေါ်သို့ စွဲငြိနေခဲ့သည်။ အမြင့်ဆုံးသတိပေးချက်အရ ချက်ချင်းအစီရင်ခံရန် လိုအပ်ပြီး ဤအရေးကြီးသော သတင်းစကားကိုရရှိသည်နှင့်တပြိုင်နက် ကာကွယ်ရေးဝန်ကြီးဌာနသည် တိုက်ခိုက်မှု လုပ်ငန်းစဉ်များကို သေချာပေါက်စတင်တော့မည်ဖြစ်ကာ ပျက်စီးခြင်းအမိန့်စာများသည် ဆိုဗီယက်ယူနီယံတစ်ဝှမ်းရှိ ဒုံးကျည်တွင်းများဆီသို့ ပျံသန်းသွားတော့မည် ဖြစ်သည်။
သူက အနီရောင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ၏လက်ချောင်းမှာ အနီရောင်ခလုတ်၏ အထက် စင်တီမီတာအနည်းငယ်အကွာတွင် ဝဲပျံနေခဲ့ကာ အနည်းငယ် တုန်ရင်နေပြီး နဖူးပြင်မှ ချွေးစက်များ စုစည်းကာစီးကျလာခဲ့သည်။
“ဒါက အဓိပ္ပာယ်မရှိဘူး။ အမေရိကန်တွေက ဒုံးကျည်ငါးစင်းတည်းနဲ့ နူကလီးယားစစ်ပွဲကို ဘယ်လိုလုပ်စတင်မှာလဲ။ ဒါက စစ်ရေးလေ့ကျင့်မှုမှားယွင်းတာ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်တစ်ခုခုဖြစ်ဖို့ ပိုများတယ်။ ဒါပေမဲ့... တကယ်လို့ အဲဒါက မှားယွင်းမှုမဟုတ်ရင်ကော။ ဒါက ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်တာဆိုရင်ကော”
“၂၂ မိနစ်ပဲ ကျန်တော့တယ် ဆရာ။ လုပ်ထုံးလုပ်နည်းအရ ချက်ချင်းအစီရင်ခံရပါမယ်” စစ်ဦးစီးအရာရှိက သူ၏ဘေးတွင် မတ်တပ်ရပ်ကာ ပြောလာသည်၊၊
“ကျွန်တော်တို့ တုံ့ပြန်ရပါမယ်”
ဤအချိန်တွင် အားလုံး၏ အကြည့်များမှာ ပက်ထရော့ဗ်ပေါ်သို့ စွဲငြိနေခဲ့ကြပြီး သူ ခံစားနေရသည့် ကြောက်မက်ဖွယ်ကောင်းသောဖိအားကို လူတိုင်းသိရှိနေကြသည်။
လက်စားချေတုံ့ပြန်ဖို့ဆိုတာ စစ်ပွဲကိုဆိုလိုတာပဲ။ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးခြင်းကို သေချာစေတဲ့ နောက်ကြောင်းပြန်လှည့်လို့မရသည့် နူကလီးယားစစ်ပွဲ။
ဒီညမှာ လူပေါင်းဘီလီယံချီသေဆုံးကြရလိမ့်မည်၊၊ ဒီနေရာမှာ ရှိနေတဲ့လူတွေအပါအဝင်ဖြစ်ပြီး နိုင်ငံတော်ကြီးလည်း ပျောက်ကွယ်သွားနိုင်သည်၊၊ ပျက်စီးခြင်းတရားက တစ်ခဏချင်းအတွင်း ရောက်ရှိလာနိုင်သည်ဆိုတာကို ဘယ်သူမှ ယုံကြည်နိုင်ကြလိမ့်မည်မဟုတ်ပေ။
အချိန်က ခဲနေသကဲ့သို့ ရှိနေပြီး ထိုအနီရောင်ဂဏန်းများကသာ သနားငဲ့ညှာမှုမရှိ ရေတွက်နေခဲ့သည်။
စစ်ဦးစီးအရာရှိက အရေးတကြီး ထပ်မံအစီရင်ခံပြန်သည်။ “ဆရာ။ ကိန်းဂဏန်းတွေက မှန်ကန်ကြောင်း အတည်ပြုပါတယ်။ ၂၁ မိနစ်ပဲ ကျန်ပါတော့တယ်၊၊ ကျွန်တော်တို့ ချက်ချင်းအစီရင်ခံရပါမယ်”
လင်းရှန်သည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ အကဲခတ်သူတစ်ဦးအနေဖြင့် ဤအရာမှာ သမိုင်းထဲက သတင်းအချက်အလက်ဆိုင်ရာအကျပ်အတည်းတစ်ခုမျှသာဖြစ်ကြောင်း သူ သိထားသည်၊၊ မြေပြင်ရေဒါစနစ်များ၏ နောက်ဆုံးအတည်ပြုချက်ကို စောင့်ဆိုင်းခြင်းဖြင့် ၎င်းမှာ နားလည်မှုလွဲမှားခြင်း၊ အစီရင်ခံစာအမှားတစ်ခုမျှသာဖြစ်ကြောင်း ပေါ်ပေါက်လာလိမ့်မည်ဖြစ်ကာ နှစ်ပေါင်းများစွာကြာပြီးနောက် အွန်လိုင်းပေါ်တွင် သမိုင်းဝင်ဟာသတစ်ခုအဖြစ်သာ ပျံ့နှံ့နေခဲ့ပြီး သမိုင်းဖတ်စာအုပ်များထဲတွင်ပင် ပါဝင်ခွင့်ရခဲ့သည်မဟုတ်ပေ။
သို့သော်လည်း သူ စိတ်ကူးထားသည့် မြင်ကွင်းက ဖြစ်မလာခဲ့ပေ။ ပက်ထရော့ဗ်သည် ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်ပြီး ညစ်ထေးနေသောလေထုကို ပြင်းထန်စွာရှူသွင်းလိုက်ကာ လင်းရှန်၏ အကြည့်အောက်တွင်ပင် ဖုန်းခေါ်ဆိုမှုခလုတ်ကို ဖိနှိပ်လိုက်တော့သည်။
ဘာ…
ဝူး...
ဝီဝီ မြည်ဟည်းသံကြီးက လင်းရှန်၏ ဦးနှောက်အတွင်းသို့ တစ်ခဏချင်း ပြည့်နှက်သွားခဲ့ရာ သူ၏ အသိစိတ်မှာလည်း ဤအချိန်တွင် ဗလာကျင်းသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
လင်းရှန် မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ၏ အမြင်အာရုံမှာ မိမိ၏ ခန္ဓာကိုယ်မှ ခွာထွက်သွားပြီး ဆက်တိုက်မြင့်တက်နေသည်ဟု ခံစားလိုက်ရသည်၊ သူ၏ ဝိညာဉ်မှာ ပျံလွင့်ထွက်သွားသကဲ့သို့ ဒုံးကျည်သတိပေးစင်တာ၏ မြေအောက်ဘန်ကာကိုဖြတ်သန်းကာ တောအုပ်အတွင်းမှနေ၍ မှောင်မည်းနေသော ကောင်းကင်ယံဆီသို့ ပျံတက်သွားခဲ့ပြီး စူးရှလှသော အအေးဓာတ်က သူ၏ အရိုးထဲအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့ရာ ၎င်းမှာ ရှေးဟောင်းစစ်မြေပြင်များပေါ်တွင် ကြိုတင်မြင်တွေ့ခဲ့ရဖူးသည့် ကမ္ဘာပျက်ကပ်နှင့် တူညီနေခဲ့သည်။
သူ ပို၍ ပို၍ မြင့်မားစွာ ပျံသန်းသွားမိသောအခါ ထိုကျယ်ပြန့်လှသော လွင်တီးခေါင်မြေရိုင်းကြီးများ၊ ဒုံးကျည်တွင်းတံခါးကြီးများ အုန်းခနဲ ပွင့်ထွက်သွားခြင်းများနှင့် အနီရောင်ကြယ်ပွင့်အမှတ်အသားပါသော ဒုံးကျည်များအသံနှင့်အတူ ပစ်လွှတ်ခံရပြီး မီးတောက်များက မှုံမှိုင်းနေသော ကောင်းကင်ကြီးကို ဆွဲဖြဲနေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
ဝေးလံသောနေရာတွင်မူ ဘောလ်တစ်ပင်လယ်၏ လှိုင်းလုံးများကဆူပွက်နေခဲ့ပြီး နူကလီးယားရေငုပ်သင်္ဘောတစ်စီးက သားရဲကြီးတစ်ကောင်ကဲ့သို့ ရေပြင်ပေါ်သို့ ပေါ်ထွက်လာကာ သေခြင်းတရား၏ ဝီစီသံနှင့်အတူ မဟာဗျူဟာမြောက်ဒုံးကျည်များကို လွှတ်တင်လိုက်ရာ ၎င်းတို့၏ လမ်းကြောင်းများက ဖြူဖျော့သောအလင်းတန်းများကို ချန်ရစ်ခဲ့သည်။
မရေတွက်န်ုင်သော ဒုံးကျည်များက အထက်သို့ တက်လှမ်းနေကြပြီး တောက်ပသော ကြယ်ပွင့်များကဲ့သို့ လောင်ကျွမ်းလျက် ကောင်းကင်ယံဆီသို့ ပြေးဝင်နေကြသည်။
ဤသေစေနိုင်သော မီးတန်းများက နူကလီးယားစစ်ပွဲ၏ အစပျိုးမှုကို ချက်ချင်းတောက်လောင်စေခဲ့ပြီး ကမ္ဘာဂြိုဟ်တစ်ဝှမ်းရှိ ဒေသတိုင်းတွင် တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော ဒုံးကျည်ပစ်လွှတ်မှုများကို မြင်တွေ့ခဲ့ရကာ ကမ္ဘာမြေ၏ ထောင့်တိုင်းကို ပစ်မှတ်ထားနေခဲ့သည်။
နယူးယောက် မိုးမျှော်တိုက်ကြီးများပေါ်ရှိ ဘဏ္ဍာရေးအထက်တန်းလွှာများသည် သူတို့၏ ကီးဘုတ်များပေါ်မှနေ၍ ရုတ်တရက် မော့ကြည့်လိုက်ကြရာ ပြတင်းပေါက်ပြင်ပမှ ပြင်းထန်လှသော အလင်းတန်းက အရာအားလုံးကို ဝါးမျိုသွားခဲ့ပြီး သူတို့၏ အသက်ရှူသံများမှာ ရုံးခန်းကုလားထိုင်များပေါ်တွင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကာ ဝတ်စုံစုတ်များနှင့် စာရွက်စုတ်များမှာ နှင်းပွင့်များကဲ့သို့ လွင့်ပျံသွားခဲ့သည်။
လန်ဒန်မြို့လမ်းမများပေါ်ရှိ နံနက်စောစော ကဖေးဆိုင်များမှ ကော်ဖီနံ့များထွက်ပေါ်လာဆဲတွင် လမ်းသွားလမ်းလာများမှာ ထိတ်လန့်တကြားထွက်ပြေးခဲ့ကြသော်လည်း လေလှိုင်းက တစ်ခဏချင်းအတွင်း ရုပ်ခန္ဓာများကို ဖုန်မှုန့်အဖြစ် ကြေမွသွားစေခဲ့ကာ မြို့ပြတစ်ခုလုံးမှာ ဆူပွက်နေသော အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
တိုကျိုမြို့တွင် လူပေါင်းသန်းချီ၍ ညည့်နက်သန်းခေါင်၌ အိပ်မောကျနေခဲ့ကြသည်၊၊ မျိုးဆက်လေးဆက်နီးပါး အမိုးတစ်ခုတည်းအောက်တွင် နေထိုင်သော တိုက်ခန်းတစ်ခုအတွင်း၌ အဘွားအိုတစ်ဦးက တာတာမီဖျာပေါ်တွင် အေးချမ်းစွာ မျက်လုံးမှိတ်ထားခဲ့ပြီး ကလေးငယ်တစ်ဦးက မိဘများ၏ ရင်ခွင်ထဲတွင် ကွေးဝပ်နေခဲ့ကာ အားလုံးမှာ ဘာမှန်းပင်မသိလိုက်ပဲ ပေါက်ကွဲမှုများကြောင့် အပိုင်းပိုင်းပြတ်တောက်သွားခဲ့ရသည်၊၊ နေအိမ်နှင့် မိသားစုနှစ်ခုလုံးမှာ အလင်းတိုင်ကြီးတစ်ခုကြားတွင် ဘာမှမဟုတ်သောအရာအဖြစ်ပြောင်းလဲသွားခဲ့ကာ တိုကျိုမြို့တစ်ခုလုံးမှာ အရှေ့၊ အနောက်၊ တောင် သုံးဘက်လုံးမှ တစ်ပြိုင်နက်တည်းပစ်ခတ်လိုက်သော ပျက်စီးခြင်းပန်းပွင့်များအောက်တွင် နစ်မြုပ်သွားခဲ့ပြီး မီးတောက်များကြားတွင် တစ်သားတည်းဖြစ်သွားခဲ့သည်။
နူကလီးယားဗုံးများ တိတ်ဆိတ်စွာ ကျရောက်လာခဲ့ပြီး မြေပြင်တစ်ခုလုံးမှာ လူသူဆိတ်သုဉ်းသော လောင်ကျွမ်းနေသောမြေရိုင်းအဖြစ် ပြောင်းလဲသွားခဲ့ကာ မီးလျှံများမှ ထွက်ပေါ်လာသော အပူလှိုင်းများသာ လွင့်မျောနေခဲ့သည်။ ထိတ်လန့်ခြောက်ခြားမှုဆိုသည်မှာ အကျိုးမဲ့လှတဲ့ သီချင်းတစ်ပုဒ်မျှသာ ဖြစ်သည်၊၊ ကယ်လီဖိုးနီးယားကမ်းခြေများပေါ်ရှိ ကမ္ဘာလှည့်ခရီးသွားများသည် အော်ဟစ်ကာ ထွက်ပြေးခဲ့ကြသော်လည်း အလင်းတန်းကြောင့် အရည်ပျော်သွားသော သဲပြင်ပေါ်သို့သာ လဲကျသွားခဲ့ကြရသည်။
မော်စကိုမြို့ပြင်တွင် စက်ရုံများတိတ်ဆိတ်သွားခဲ့ပြီး စုဝေးလိုင်းများဘေးရှိ အလုပ်သမားများသည် သူတို့၏ ကိရိယာများကိုပင် အောက်သို့ ချမထားနိုင်ခဲ့ကြပေ၊၊ မြင့်မားလှသောအပူချိန်နှင့် ရေဒီယိုသတ္တိကြွမှုများက သံမဏိနှင့် ရုပ်ခန္ဓာများကိုတစ်ပါတည်းအငွေ့ပျံသွားစေခဲ့ကာ လောင်ကျွမ်းနေသောအရိုးစုများသာ မြေပြင်ပေါ်သို့ ပြိုလဲပျက်စီးသွားခဲ့တော့သည်။
မြို့ပြများ၏ အထက်တွင် နေမင်းကြီးများ တစ်စင်းပြီးတစ်စင်းတောက်လောင်လာခဲ့ပြီး စူးရှလှသောအလင်းတန်းက မိုးကုတ်စက်ဝိုင်းကို နှင်းကဲ့သို့ ဖြူဆွတ်သွားစေခဲ့သည်။
လင်းရှန်လည်း သူ၏ အသက်ရှူသံရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်၊၊ သူသည် ကမ္ဘာပျက်ကပ်နေ့ရောက်ရှိလာသည့် ညသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ဖြစ်နေခဲ့ပြီး ပျက်စီးခြင်းက ရုတ်တရက်ဆန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာကြီးက တည်ရှိမနေတော့ပေ။
ထို့နောက် ပြင်းထန်လှသော အလင်းတန်းများ လျော့ပါးသွားခဲ့ရာ လင်းရှန် မျက်တောင်ခတ်လိုက်ပြီး ထပ်မံကြည့်လိုက်သောအခါ သူက တဲအတွင်းပြန်လည်ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်၊၊ သုံးဖက်မြင်ပုံရိပ်ယောင်ကို ပြသနေသော လုံးဝိုင်းသည့် ကိရိယာမှာ လေထုထဲတွင် ဝဲပျံနေဆဲဖြစ်ပြီး သူ၏ရှေ့တွင် စာသားအချို့ရပ်တန့်ပြသနေခဲ့သည်။
[လူသားမျိုးနွယ်၏ ကံကြမ္မာပုံတူပွားခြင်း မြင်ကွင်း ၁ ပြီးဆုံးပါပြီ]
တဲအတွင်း၌ ဟွာရှောင်လင်း မရှိတော့ပေ၊၊ စားပွဲပေါ်ရှိ လက်ဖက်ရည်မှာ အနွေးဓာတ်အချို့ကျန်ရှိနေသေးကာ အလွန်ပြင်းထန်လှသော အမှောင်စွမ်းအင်လှိုင်းတစ်ခုက တဲအတွင်း၌ လှုပ်ခတ်သွားပြီးနောက် လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်၊၊ လင်းရှန်သည် ရှုပ်ထွေးသောအမူအရာဖြင့် မတ်တပ်ရပ်နေခဲ့မိပြီး လုံးဝိုင်းသောကိရိယာမှာ ၎င်း၏ ပြသမှုကို ပြန်လည်ရုပ်သိမ်းကာ သူ လက်လှမ်းလိုက်သောအခါ သူ၏လက်ထဲသို့ ဖြည်းညင်းစွာ လွင့်မျောလာသည်ကို သတိပြုမိလိုက်သည်။
ထိုအချိန်တွင် ယန္တရားနှလုံးသား၏ မျက်နှာပြင်က ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
[ယန္တရားအရင်းအမြစ်အမှတ်များပြောင်းလဲခြင်း အောင်မြင်ပါသည် +၃၀၀၀]
လင်းရှန် မျက်မှောင်ကြုတ်လိုက်မိပြီး ပို၍ပင် အံ့ဩသွားရသည်။
ယဉ်ကျေးမှုများ ပျက်စီးခြင်းဆိုင်ရာပုံတူပွားခြင်းတွေက ဘာကိုဆိုလိုတာလဲ… ဒါက သူ့ကို သတင်းစကားတစ်ခုခုပါးချင်နေတာလား။
လူသားမျိုးနွယ်က နူကလီးယားစစ်ပွဲနဲ့ ယဉ်ကျေးမှုကို အဆုံးသတ်လိုက်တယ်ဆိုတာက ဘာကိုရည်ညွှန်းတာလဲ။
ပြီးတော့ သူက ဘာလို့ ယန္တရားရင်းမြစ်အမှတ်တွေ အများကြီးကို စုပ်ယူနိုင်ခဲ့တာလဲ။
လင်းရှန်သည် မိမိလက်ထဲရှိ လုံးဝိုင်းသော ကိရိယာကိုကြည့်ရင်း တစ်ခဏမျှ ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့ရသည်။
“လင်းရှန်”
ဖျတ်ခနဲ တဲ၏ကန့်လန့်ကာက ရုတ်တရက်ပင့်တင်ခံလိုက်ရပြီး စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားကာ ညမုဆိုးကို ကိုင်စွဲထားသည့် ချန်စီရွှမ်က ပြေးဝင်လာခဲ့သည်၊၊ လင်းရှန်ကိုမြင်သည်နှင့် သူမက ချက်ချင်းမေးလိုက်သည်။
“ရှင် အဆင်ပြေရဲ့လား”
လင်းရှန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း “ဟွာရှောင်လင်း… ဘယ်ရောက်သွားလဲ”
“မရှိတော့ဘူး၊၊ ကျွန်မရဲ့ အပူအာရုံခံရေဒါထဲကနေ ရုတ်တရက်ပျောက်ကွယ်သွားတယ်၊၊ သူမ ဘယ်လိုထွက်သွားလဲဆိုတာ ကျွန်မ မမြင်လိုက်ဘူး”
ချန်ဆီရွှမ်က သူမ၏ မျက်နှာဖုံးကို ဖွင့်လိုက်ပြီး လင်းရှန်၏ ရှုပ်ထွေးနေသောအမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“သူ ရှင့်ကို ဘာပြခဲ့တာလဲ။ ရှင် အဲဒီမှာ မိနစ် ၂၀ လောက် မတ်တပ်ရပ်နေတာကို ကျွန်မတွေ့ခဲ့ရတယ်”