အသိဉာဏ်ဝါဒ (၁)
Vol. 64 Ch. 1063
လင်းရှန်လည်း သူ့လက်ပတ်နာရီကိုကြည့်လိုက်ပြီး “မိနစ် ၂၀ လား”
“ဟုတ်တယ်”
“စိတ်ဝင်စားဖို့ကောင်းသားပဲ”
လွန်ခဲ့သည့် အစောပိုင်းလေးတင်မှ ပျက်စီးခြင်းကပ်ဘေးကို တစ်ညလုံးကြုံတွေ့ခဲ့ရသည်ဟု လင်းရှန် ခံစားခဲ့ရသော်လည်း အချိန်မှာ မိနစ် ၂၀ သာ ကုန်ဆုံးသွားသေးကြောင်း ဖော်ပြနေသည်။
“ကျွန်မတို့ကို တစ်ယောက်ယောက်စောင့်ကြည့်နေတာဖြစ်ရမယ်၊၊ မဟုတ်ရင် သူ ဒီနေရာကို ရုတ်တရက်ရောက်လာစရာအကြောင်းမရှိဘူး”
ချန်ဆီရွှမ်က ထိုအချိန်တွင် ပြောလိုက်ပြီး “ဒါပေမဲ့ကြည့်ရတာတော့ သူက တိုက်ခိုက်ဖို့ ရောက်လာတဲ့ပုံတော့ မပေါက်ဘူးနော်”
“လောလောဆယ်တော့ အဲဒီလိုပဲထင်ရတယ်”
လင်းရှန် သက်ပြင်းတစ်ချက်ချကာ လက်ထဲမှ ပုံရိပ်ယောင်ပြစက်လုံးကို ဆကြည့်လိုက်သည်။ စက်လုံးပေါ်တွင် ခလုတ်တစ်ခုပါရှိပြီး သူက အာရုံစိုက်ကာ လက်မဖြင့် ထိုခလုတ်ကို ထပ်မံနှိပ်လိုက်သည်။
ထိုအချိန်တွင် ဟိုလိုဂရမ်စာသားတန်းတစ်ခု ထပ်မံပေါ်ထွက်လာပြန်သည်။
[နံပါတ် ၈၀၇ မြောက် ယဉ်ကျေးမှုအဆုံးသတ်ခြင်း အကြိုမြင်ကွင်းကို ဖွင့်လိုပါသလား]
“ဘာလဲ၊၊ နံပါတ် ၁ ကနေ ၈၀၇ ကို ဘယ်လိုဖြစ်ပြီးခုန်သွားတာလဲ”
“ဘာအကြောင်းပြောနေတာလဲ”
ချန်ဆီရွှမ်က မေးလိုက်သည်။
“ငါ...”
လင်းရှန်က ရှေ့မှ အလင်းမျက်နှာပြင်ကို ညွှန်ပြကာ သက်ပြင်းချလိုက်ပြီးနောက် အခြေအနေကို ချန်ဆီရွှမ်အား အကျဉ်းချုပ်ရှင်းပြလိုက်သည်။
“ဒီဟိုလိုဂရမ်ပုံရိပ်ယောင်က ရှင့်ကို တကယ့် အပြင်လောကလို ဘယ်လိုဖြစ်ပြီးခံစားရစေတာလဲ၊၊ ကြည့်ရတာ ရှင်က တစ်ခုခုနဲ့ချိတ်ဆက်ထားတဲ့ ဦးနှောက်-ကွန်ပျူတာပရိုဂရမ်ထဲရောက်သွားသလိုပဲ” ချန်ဆီရွှမ်က ချက်ချင်း ဆန်းစစ်သုံးသပ်လိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းရှန်သည် မျက်မှောင်ကြုတ်သွားပြီး သူ့ကိုယ်သူသတိပြုမိသွားကာ
“မင်းပြောမှပဲ၊၊ စောစောက အမှောင်စွမ်းအင်လှိုင်းထန်မှုကို မင်း မခံစားမိဘူးလား”
ထိုအချိန်တွင် ချန်ဆီရွှမ်သည် မိမိ၏ တံတောင်ဆစ်ကို မြှောက်လိုက်ရာ လက်ကောက်ဝတ်ရှိ ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုးတိုင်းကိရိယာပေါ်တွင် ဂဏန်းတစ်ခု ပေါ်လာသည်။
“၃၂၆၀၉”
“အဲဒါက ရုတ်တရက် အများကြီးထိုးတတ်သွားတယ်၊ သတိပေးချက်မြည်လာပြီး ရှင်လည်း ကျွန်မကို ပြန်မထူးတာနဲ့ ချက်ချင်း ပြေးလာခဲ့တာပဲ”
ချန်ဆီရွှမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒီပမာဏက အနည်းဆုံး S-Class အဆင့် ရှိတယ်”
လင်းရှန်က ပုံရိပ်ယောင်ပြစက်လုံးကို ကောက်ကိုင်ကာ ကြည့်ရှုရင်း “ဒါဆိုရင် ငါ အကြောင်းရင်းကို ခန့်မှန်းမိပြီ ထင်တယ်”
“ဘာဖြစ်လို့လဲ”
“ဒီအရာက သုံးဖက်မြင်ဟိုလိုဂရမ်ပုံရိပ်သက်သက်မဟုတ်ဘူး၊၊ ငါ့မျက်လုံးက ဟိုလိုဂရမ်သုံးဖက်မြင်ပုံရိပ်ယောင်ကိုပဲ မြင်နိုင်တာဖြစ်ပေမဲ့ ဒီအရာက ပြသနေတာက ပိုမြင့်မားတဲ့ဒိုင်မေးရှင်းပုံရိပ်ဖြစ်နိုင်တယ်၊၊ အဲဒါကြောင့် ငါက အစစ်အမှန်လိုအတွေ့အကြုံမျိုးခံစားခဲ့ရတာ”
ဤယူဆချက်သည် ဟွာရှောင်လင်း ပြောပြခဲ့ဖူးသော တားမြစ်ပစ္စည်းနှင့် အမည်းရောင်ဂီယာတို့၏ ဝိသေသလက္ခဏာများပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး သူ၏ ယန္တရားနှလုံးသားက အမှောင်စွမ်းအင်အမြောက်အမြားကို အဘယ်ကြောင့် စုပ်ယူကာ ယန္တရားရင်းမြစ်အမှတ်များအဖြစ် ပြောင်းလဲပေးခဲ့သည်ကိုလည်း အနည်းငယ်ရှင်းပြနိုင်ပေသည်။
လင်းရှန်၏ စကားကို ကြားပြီးနောက် ချန်ဆီရွှမ်လည်း တိတ်ဆိတ်သွားသည်၊၊
“သူက ရှင့်ကို တစ်ခုခုအသိပေးချင်လို့ ဒီအရာကို ချန်ထားခဲ့တာလား”
လင်းရှန်က ခေါင်းညိတ်ကာ “လောလောဆယ်တော့ ပြောရခက်တယ်၊၊ ဒါပေမဲ့ ဒီအရာက အမှောင်ယဉ်ကျေးမှုနဲ့ သေချာပေါက်ဆက်စပ်နေတယ်၊၊ ဖြစ်နိုင်ရင် ငါတို့ ဒီထဲကနေ သဲလွန်စအချို့ရှာတွေ့နိုင်မလားပဲ”
သူသည် ဟွာရှောင်လင်းထံမှ မည်သည့် ရန်လိုမှုကိုမျှ မတွေ့ရသကဲ့သို့ တစ်ဖက်လူပြောခဲ့သည်များကိုလည်း အတည်မပြုနိုင်သေးပေ။ ယခုအချိန်တွင် လင်းရှန်သည် ဤအရာက ဘာကိုဆိုလိုသည်ကိုသာ စမ်းသပ်ကြည့်ရန် ကြိုးစားနိုင်သည်။
ထို့ကြောင့် သူ့၏ အယူအဆကို အတည်ပြုရန်အတွက် သူက ထပ်မံ ထိုင်ချလိုက်ပြီး စက်လုံးကို စားပွဲပေါ်တွင် တင်ကာ ချန်ဆီရွှမ်အား ပြောလိုက်သည်။
“ငါ့နောက်ကျောကို စောင့်ကြည့်ပေးထားပါ၊၊ ငါ့အထင် မှန်မမှန်ကြည့်ချင်လို့… နောက်တစ်ကြိမ် ထပ်စမ်းကြည့်ရင် သိရလိမ့်မယ်”
ချန်ဆီရွှမ်သည် သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း ခေါင်းညိတ်ပြလိုက်သည်၊၊
“ကောင်းပြီလေ၊၊ သူတို့လည်း လာနေကြပြီ… သတိထားဦး”
“အန္တရာယ်ရှိမယ်ဆိုရင် ငါ အခုလောက်ဆို သေနေလောက်ပါပြီ”
လင်းရှန်သည် ရှေ့ရှိ ပုံရိပ်ယောင်ပြစက်လုံးကို တည်ကြည်စွာ ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ၎င်းကို ထပ်မံနှိပ်လိုက်သည်။
[နံပါတ် ၈၀၇ မြောက် ယဉ်ကျေးမှု အဆုံးသတ်ခြင်း အကြိုမြင်ကွင်းကို စတင်နေပါသည်]
ပုံရိပ်ယောင်ပြကိရိယာ၏ ဗဟိုချက်တွင် အပြာရောင်လျှပ်စစ်စီးကြောင်းအလင်းတန်းက ဖျတ်ခနဲလက်သွားပြီးနောက် ဟိုလိုဂရမ်အလင်းပြကွက်က တဖြည်းဖြည်းပွင့်ထွက်ကာ ပြန့်ကားသွားပြီး တဲတစ်ခုလုံး၏ နေရာလွတ်ကို ချက်ချင်းလွှမ်းခြုံသွားသည်။
လင်းရှန်သည် စူးရှသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်ကို ခံစားလိုက်ရသဖြင့် မသိစိတ်ဖြင့် မျက်စိကို မှိတ်ထားလိုက်သည်။
မျက်စိပြန်ဖွင့်လိုက်သောအခါ မြင်ကွင်းက လင်းထိန်သွားသည်။ ယခုအခါ သူသည် အလွန်မြင့်မားသော အဆောက်အအုံကြီးတစ်ခု၏ အပေါ်ဆုံးတွင် ရပ်နေပြီး ကောင်းကင်တွင် လေထုမရှိသကဲ့သို့ ဖြစ်နေကာ ဆိုင်းငံ့နေသော ဧရာမ ဂြိုဟ်ကြီးတစ်ခုကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
“မင်္ဂလာပါ၊၊ နံပါတ် ၁၇၆၉၅၅၁၆”
သူ့နောက်ကွယ်မှ နူးညံ့ပျော့ပြောင်းသော အမျိုးသမီးအသံတစ်ခုထွက်ပေါ်လာသည်။ လင်းရှန် ယခုတစ်ကြိမ်လှည့်ကြည့်လိုက်ရာ အံ့ဩစရာကောင်းလှသည်မှာ သူ့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သော်လည်း ယန္တရားလည်ပတ်မှုစနစ်၏ ချောမွေ့မှုကို ခံစားနေရသည်။ သို့သော် သူသည် မိမိခန္ဓာကိုယ်ကို စစ်ဆေးရန်အချိန်မရလိုက်ဘဲ သူ့နောက်တွင် အလွန်လှပသော အမျိုးသမီးစက်ရုပ်တစ်ရုပ် ရပ်နေသည်။ ဤအရာက အသိဉာဏ်တု ဦးနှောက်လား သို့မဟုတ် ယန္တရားတစ်ပိုင်းလူသားလားဆိုသည်ကို သူ မခွဲခြားနိုင်သော်လည်း အတည်ပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ တစ်ဖက်လူက သူ့ကို စကားပြောနေခြင်း ဖြစ်သည်။
“ကိုယ်ပိုင် နံပါတ် ၁၇၆၉၅၅၁၆” အမျိုးသမီးစက်ရုပ်က သူ့ကို ကြည့်ကာ ဆက်ပြောသည်။
“ဘုံသဘောတူညီချက် အာရုံကြောဆုံးဖြတ်ချက်ရဲ့ ညွှန်ကြားချက်ကို ငါးမိနစ်အတွင်း အကောင်အထည်ဖော်ပေးပါ...”
“ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ”
လင်းရှန်သည် အထပ်မြင့်အဆောက်အအုံ၏ အပေါ်ဆုံးတွင် ရပ်နေပြီး ခြေထောက်နှစ်ဖက်မှာ သတ္တုပိုက်လိုင်းတစ်ခုပေါ်တွင် နင်းထားမိသည်။ သူ့ပတ်ပတ်လည်တွင်မူ သတိပေးချက်သံများ တတီတီမြည်နေသော ဒရုန်းအချို့ ဝိုင်းရံထား၏။
သူ့ရှေ့မှ လှပသော ယန္တရားပေါင်းစပ်အမျိုးသမီးကို ကြည့်နေစဉ် လင်းရှန်၏ မျက်ကြည်လွှာ ပုံရိပ်ယောင်မြင်ကွင်းပေါ်တွင် သတင်းအချက်အလက် ညွှန်ကြားချက်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။
[လူသားမျိုးနွယ်၏ ဂုဏ်သရေရှိယဉ်ကျေးမှု တိုးတက်ပြောင်းလဲရေးအတွက် ကျေးဇူးပြု၍ မိမိကိုယ်မိမိအဆုံးစီရင်ပေးပါ]
လင်းရှန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်၊၊
“ငါက… ကိုယ့်ကိုယ်ကို သတ်သေရမယ် ဟုတ်လား၊၊ အဲဒါက လူသားယဉ်ကျေးမှုနဲ့ ဘာဆိုင်လို့လဲ”
“နေမင်းဆီကထွက်တဲ့ လျှပ်စစ်မုန်တိုင်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ သယံဇာတပြတ်လပ်မှုကို ရင်ဆိုင်ဖို့အတွက် ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဦးနှောက်ထဲထည့်သွင်းထားတဲ့ စနစ်သဘောတူညီချက်အရ မိမိကိုယ်ကို ဆန္ဒအလျောက်အဆုံးစီရင်ကြမှာဖြစ်ပါတယ်၊၊ ဒါမှလည်း လူသားယဉ်ကျေးမှုက ဆက်လက်တည်တံ့နိုင်မှာပါ”
အမျိုးသမီးက ဂရုတစိုက်ပြုစုရသည့် စားပွဲထိုးမလေးတစ်ဦးကဲ့သို့ တည်ငြိမ်စွာ ရှင်းပြနေသည်၊၊
“နံပါတ် ၁၇၆၉၅၅၁၆၊၊ ရှင်ဟာ အမျိုးအစား-၂ အသိဉာဏ်ရှိလူသားတစ်ဦးဖြစ်တာနဲ့အညီ ရှင့်ရဲ့ လူမှုသဘောတူညီချက်မှာ ကမ္ဘာကြီးအတွက် ပေးဆပ်ဖို့ တာဝန်နဲ့ ဝတ္တရားရှိတယ်လို့ သတ်မှတ်ထားပြီးသားပါ”
“သယံဇာတပြတ်လပ်လို့ လူဦးရေ ၉၀ ရာခိုင်နှုန်းကို သတ်သေခိုင်းတယ် ဟုတ်လား”
လင်းရှန်သည် နားမလည်နိုင်ဟန်ဖြင့် “တကယ်လို့ ငါက ငြင်းဆန်ရင်ကော… မင်းတို့ ငါ့ကို တိုက်ရိုက်သတ်ပစ်ကြမှာလား”
“ယဉ်ကျေးမှုပထမသဘောတူညီချက်ရဲ့ ပြဋ္ဌာန်းချက်တွေအရ ယန္တရားလူသားတွေမှာ လူသားတွေကို နာကျင်အောင်လုပ်ဖို့ ဒါမှမဟုတ် သတ်ပစ်ဖို့ လုပ်ပိုင်ခွင့်မရှိပါဘူး၊၊၊ အသိဉာဏ်ရှိလူသားတွေဟာ အသက်ရှင်သန်ခွင့်နဲ့ ပတ်သက်ပြီး အမြင့်ဆုံးဦးစားပေးမှုနဲ့ အကာအကွယ်ပေးမှု အဆင့်အတန်းကို ရရှိထားပါတယ်၊ ရှင်ဟာ သတ်ဖြတ်ခြင်းနဲ့ ပြစ်မှုဒုစရိုက်တွေမရှိတဲ့ သန့်ရှင်းမွန်မြတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုပါ၊၊ ကမ္ဘာမြေရဲ့ ညွှန်ကြားချက်တွေအရ ဂုဏ်သိက္ခာရှိရှိ ကိုယ့်ကိုယ်ကို မသတ်သေနိုင်တဲ့ လူပုဂ္ဂိုလ်တွေကို ကယ်တင်ခြင်းစင်တာဆီ လမ်းညွှန်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်၊၊ အဲဒီမှာ ၄၈ နာရီအတွင်း နာကျင်မှုမရှိဘဲ အဆုံးစီရင်ခြင်းကို ခံယူရမှာဖြစ်ပြီး ရှင့်ရဲ့ နံပါတ်ကိုတော့ ဉာဏ်ပညာကြယ်အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုသမိုင်းသိုလှောင်မှုအပိုင်းမှာ ထာဝရသိမ်းဆည်းပေးထားမှာပါ”
“ဝိုး… နာကျင်မှုမရှိဘဲ ဖျက်ချခြင်းပဲ ရှိတာမဟုတ်ဘူးလား… နာကျင်မှုမရှိပဲ သတ်သေရမယ်ဆိုတာမျိုးတော့ တစ်ခါမှ မကြားဖူးဘူး၊၊ ဒါက သတ်ပစ်တာပဲ မဟုတ်ဘူးလား”
လင်းရှန်လည်း သူ့၏ ယန္တရားလက်မောင်းနှင့် ယန္တရားခြေလက်များကို ငုံ့ကြည့်လိုက်ပြီး ယန္တရားနှလုံးသားကို အသုံးပြု၍မရကြောင်း သတိပြုမိသွားသည်။
တစ်နည်းအားဖြင့်ဆိုရသော် သူ ထွက်ပြေး၍ မရနိုင်တော့ပေ။
“ယန္တရားနှလုံးသား ဟုတ်လား”
လှပသော ယန္တရားအမျိုးသမီးက ခေါင်းအနည်းငယ်စောင်းကာ လင်းရှန်ကို ကြည့်လိုက်သည်။
“မင်းက ငါ့စိတ်ထဲက အတွေးကို ဖတ်နိုင်တာလား”
လင်းရှန် လန့်သွားပြီး ချက်ချင်းပင် တုံ့ပြန်ရန် ပြင်လိုက်သော်လည်း သူ့နောက်မှ ပျံသန်းလာသော ဒရုန်းနှစ်စင်းက အနားသို့ ကပ်လာပြီး ယန္တရားလက်တံများဖြင့် သူ၏ ခြေလက်များကို ချုပ်ကိုင်ကာ လှုပ်ရှား၍မရအောင် လုပ်လိုက်ကြသည်။
လင်းရှန်သည် ချက်ချင်း ရုန်းကန်ရန် ကြိုးစားသော်လည်း စွမ်းအားများမရှိဘဲနှင့် လုံးဝအင်အားမရှိဖြစ်နေကာ ဤခန္ဓာကိုယ်မှာလည်း အလွန်ကသိကအောက်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သို့သော် ဤအရာသည် သတ္တုစက်လုံးက ပြသနေသည့် အတွေ့အကြုံစမ်းသပ်ချက်တစ်ခုမျှသာဖြစ်ကြောင်း သတိရမိသဖြင့် သူ ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ့ကို ဘယ်လိုဖယ်ရှားပစ်မည်ကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။