← Chapters

အသိဉာဏ်ဝါဒ(၂)

Vol. 64 Ch. 1064

အသိဉာဏ်ဝါဒ(၂)

Vol. 64 Ch. 1064

လင်းရှန်ကို ထိန်းချုပ်ပြီးနောက် ယန္တရားအမျိုးသမီးက ရှေ့သို့ လှမ်းလာကာ ပြောလိုက်သည်။

“ရှင့်ရဲ့ အတွေးတွေကို ကျွန်မ ဖတ်နေတာမဟုတ်ပါဘူး၊၊ အမျိုးအစား-၂ အသိဉာဏ်ရှိလူသားတစ်ယောက်အနေနဲ့ ရှင်ဟာ ပြည့်စုံတဲ့ ဦးနှောက်၊ ခါးရိုးအာရုံကြောအပြင် မျိုးပွားမှုစနစ် ထိန်းသိမ်းပိုင်ခွင့်ကို ရရှိထားပါတယ်၊ အဲဒါကလွဲရင် ကျန်တဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ ဇီဝကမ္မဖြစ်စဉ်အားလုံးကို ဇီဝစနစ်တွေနဲ့ အစားထိုးထားတာပါ၊ မွေးဖွားချိန် တယ်လိုမီယာစစ်ဆေးချက်အရ ခန့်မှန်းသက်တမ်းဟာ ၁၇၀ ကနေ ၁၈၂ နှစ်ဝန်းကျင် ရှိပြီး ဇီဝနှလုံးသားရဲ့ သက်တမ်းကိုတော့ အနှစ် ၂၀၀ လို့ သတ်မှတ်ထားပါတယ်၊၊ ကနဦးခွင့်ပြုချက်တွေအရ ဒါကို ပြောင်းလဲလို့ မရပါဘူး၊၊ ဒါ့အပြင် ရှင့်ရဲ့ ထွက်ပြေးဖို့ ကြိုးစားမှုဟာ အလွန်အန္တရာယ်များပါတယ်၊၊ ဒီအမြင့်က မီတာ ၄၀၀ ကျော် ရှိတဲ့အတွက် မတော်တဆထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာမျိုး ဖြစ်နိုင်ပါတယ်၊၊ လူသားတွေကို ဝန်ဆောင်မှုပေးသူတွေအနေနဲ့ ရှင့်ရဲ့ ဘေးကင်းလုံခြုံမှုကို စိတ်ချရအောင် လုပ်ဆောင်ပေးဖို့ ကျွန်မတို့မှာ ဝတ္တရားရှိပါတယ်”

ထိုစကားကို ကြားသောအခါ လင်းရှန် မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။ အမှန်ပင် ဤကမ္ဘာတွင် သူ၏ အတွေးများမှာ ပွင့်လင်းမြင်သာလွန်းနေသည်။

သူ့အတွေးများကို ဤထိန်းသိမ်းရေးသမားများက အပြည့်အဝသိရှိနိုင်သဖြင့် လင်းရှန်ကို အသက်ရှူကျပ်မတတ် ခံစားရစေသည်။

ထိုအချိန်တွင် ဒရုန်းနှစ်စင်းက သူ့ကိုဆွဲမကာ ကောင်းကင်တွင် ဝဲပျံနေသော သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်သို့ တင်ဆောင်လိုက်သည်။ ယန္တရားအမျိုးသမီးက သူ့မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီးနောက် ယာဉ်တံခါးပိတ်သွားကာ သယ်ယူပို့ဆောင်ရေးယာဉ်သည် ဝေးကွာသောခရီးစဉ်တစ်ခုဆီသို့ စတင်ပျံသန်းတော့သည်။

သူမ စောစောက ပြောခဲ့သည့်အတိုင်း ဤထိန်းသိမ်းရေးသမားများသည် သူ့အပေါ် အလွန်ယဉ်ကျေးပျူငှာကြလေသည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သော်လည်း ပုံစံမှာမူ မဖြစ်မနေခံယူရမည့် ဝန်ဆောင်မှုတစ်ခုကဲ့သို့ပင်ဖြစ်ပြီး သူ့အားဆန်းပြားလှပသော ထိုင်ခုံတစ်ခုပေးထားသည့်အပြင် အခန်းထဲတွင် ဖျော်ဖြေရေးနှင့် ရုပ်သံစနစ်များကိုပါ စီစဉ်ပေးထားသည်။

“ကျွန်မနာမည် အိုင်လီပါ၊ ရှင့်ရဲ့ မြင့်မြတ်တဲ့ အဆုံးစီရင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသူပါ၊၊ ဒါမှမဟုတ် ရှင်နှစ်သက်တဲ့ ဘယ်နာမည်နဲ့မဆို ခေါ်နိုင်ပါတယ်”

အိုင်လီသည် လင်းရှန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး လင်းရှန်က စူးစမ်းလိုစိတ်ပြလာသည်နှင့် ချက်ချင်းပင် မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။

လင်းရှန် စကားပြောရန် ပြင်လိုက်သော်လည်း သူမက သူ့အတွေးကို ထပ်မံသိရှိသွားပြန်ကာ ပြုံးလျက် စကားဆိုသည်။

“ကျွန်မတို့ဟာ နံပါတ် ၃ ကယ်တင်ခြင်းစင်တာကို သွားနေတာပါ၊ ပျံသန်းချိန်ကတော့ ခန့်မှန်းခြေ ၃ နာရီနဲ့ ၁၂ မိနစ် ကြာပါလိမ့်မယ်”

လင်းရှန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် အိုင်လီကို စိုက်ကြည့်ကာ မိမိစိတ်ထဲရှိသမျှ အတွေးများကို တစ်ပြိုင်နက်တည်းမေးမြန်းလိုက်တော့သည်။

“လက်ရှိအချိန်ဟာ ယဉ်ကျေးမှုခေတ်ရဲ့ ၆၁၉ ခုနှစ် ဖြစ်ပါတယ်၊၊ ယဉ်ကျေးမှုသဘောတူညီချက်ကို တတိယကမ္ဘာစစ်အပြီးမှာ ကျန်ရစ်တဲ့ လူသားခေါင်းဆောင်တွေက စတင်သတ်မှတ်ခဲ့တာပါ”

“တတိယကမ္ဘာစစ်ဟုတ်လား… ဒီခေတ်ကို သုညခုနှစ်ကနေ ဘယ်လိုဖြစ်ပြီး ရေတွက်တာလဲ”

လင်းရှန်က ဆက်မေးလိုက်သည်၊၊

“ဒါ့အပြင် တတိယကမ္ဘာစစ်က ဘယ်လိုဖြစ်ပြီး ဖြစ်ပွားခဲ့တာလဲ”

“ရှာဖွေမှုတွေအရ တတိယကမ္ဘာစစ်ဟာ ကမ္ဘာဟောင်း ပြက္ခဒိန်နှစ် ၂၁၇၉ မှာ စတင်ဖြစ်ပွားခဲ့ပြီး ၁၁ နှစ်ကြာမြင့်ခဲ့ပါတယ်၊၊ အကြောင်းရင်းကတော့ ကမ္ဘာဟောင်းရဲ့ အင်အားကြီးနိုင်ငံပေါင်းစုံစနစ်နဲ့ နိုင်ငံအသီးသီးရဲ့ လူမှုအုပ်ချုပ်ရေးစနစ်တွေကြားက အကျိုးစီးပွားပဋိပက္ခတွေကြောင့်ဖြစ်ပါတယ်၊၊ အဓိကအနှစ်သာရကတော့ နည်းပညာလက်ဝါးကြီးအုပ်မှုအောက်မှာ လူသားတွေဟာ ချမ်းသာကြွယ်ဝမှုခွဲဝေတဲ့ကိစ္စ၊

ဒါမှမဟုတ် စည်းစိမ်ဥစ္စာ အလွန်ကွာဟမှုပြဿနာကို အမှန်တကယ်မဖြေရှင်းနိုင်ခဲ့ကြလို့ပါ၊၊ နောက်ဆုံးတော့ မက်သရူးအကျိုးသက်ရောက်မှုကြောင့် စည်းစိမ်ဥစ္စာမမျှတမှုနဲ့ လူတန်းစားပဋိပက္ခတွေဆီကို ဦးတည်သွားခဲ့တာဖြစ်ပါတယ်”

“တတိယကမ္ဘာစစ်အပြီးမှာတော့ နျူကလီးယားလက်နက်တွေကို ပယ်ဖျက်ခဲ့ပြီး ထုတ်လုပ်မှုအရင်းအမြစ်တွေကို ပုံစံအသစ်ပြောင်းလဲခဲ့ကြပါတယ်၊၊ လူသားတွေဟာ နောက်ဆုံးပေါ် Ai ဖြစ်တဲ့ Deep Blue ကို သုံးပြီး ယဉ်ကျေးမှုစနစ်အသစ်တစ်ခုဖြစ်တဲ့ အသိဉာဏ်ဝါဒကို တွက်ချက်ဖော်ထုတ်ခဲ့ကြပါတယ်”

“အသိဉာဏ်ဝါဒစနစ်အောက်မှာ ကမ္ဘာ့လူသားထုတစ်ရပ်လုံးကို တန်းတူညီမျှလူတန်းစား- အသိဉာဏ်ရှိလူသားတွေအဖြစ် တစ်ပြေးညီသတ်မှတ်ထားပြီး လူသားတွေရဲ့ လုပ်အားနေရာမှာ ယန္တရားလုပ်သားတွေနဲ့ ရာနှုန်းပြည့်အစားထိုးထားတာဖြစ်ပါတယ်၊၊ အသိဉာဏ်ရှိလူသားတွေဟာ အသွင်တူစနစ်ထဲက သူတို့ရဲ့ သိမြင်နားလည်မှုစွမ်းဆောင်ရည်အပေါ်မူတည်ပြီး ဝင်ငွေ ရရှိကြပါတယ်၊၊ အဲဒါကတော့ အသိဉာဏ်နဲ့ သင်ယူမှုကတစ်ဆင့် တစ်ဦးချင်းစီရဲ့ အသိစိတ်ကိုဖြစ်ပေါ်စေပြီး ၎င်းကို ဦးနှောက်နှင့် စက်ပစ္စည်းချိတ်ဆက်မှုကတစ်ဆင့် တွက်ချက်မှုစွမ်းရည်အဖြစ် ပြောင်းလဲကာ ယဉ်ကျေးမှုဖွံ့ဖြိုးရေးကို အထောက်အကူပြုပြီး လူမှုရေးအဆင့်အတန်းကိုရယူတာ ဖြစ်ပါတယ်၊၊ ဒါကြောင့် ချမ်းသာကြွယ်ဝဖို့အတွက် တစ်ခုတည်းသော လမ်းကြောင်းဟာ ဒီစနစ်ဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ စူပါဦးနှောက်က ခွဲဝေပေးတာ ဖြစ်ပါတယ်၊၊ ထုတ်လုပ်မှုအရင်းအမြစ်တွေနဲ့ အကျိုးအမြတ်တွေအပေါ် ခံစားပိုင်ခွင့်ကို စူပါဦးနှောက်ကတစ်ဆင့် သီးခြားခွဲထုတ်ထားတဲ့အတွက် သမိုင်းတစ်လျှောက်က အာဏာနှင့် စည်းစိမ်ဥစ္စာမမျှတမှုပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပြီး လူတန်းစား၊ ကျားမ ကွဲပြားမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကို လုံးဝဥဿုံပယ်ဖျက်နိုင်ခဲ့တာဖြစ်ပါတယ်”

“စကြဝဠာအဆင့်ယဉ်ကျေးမှုလား”

လင်းရှန်သည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားပြီး “ဒါဆို လူသားအားလုံးက ဘာဆုံးဖြတ်ချက်မှ ချခွင့်မရှိဘဲ အကျိုးအမြတ်ခွဲဝေမှုကိုပဲ လက်ခံနေရတာပေါ့၊၊ ဒါပေမဲ့ ပြဿနာက လူသားတွေရဲ့ ဉာဏ်ရည်အဆင့်အတန်းက တစ်ယောက်နဲ့တစ်ယောက်မှ မတူနိုင်တာပဲ”

“ဉာဏ်ရည်ဆိုတာ ထုတ်လုပ်မှုစွမ်းအားရဲ့ တစ်ခုတည်းသော အခြေခံစံနှုန်းဖြစ်တာမို့ လူတန်းစား၊ ကျားမကွဲပြားမှုနဲ့ လူမျိုးရေးပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ပါတယ်၊၊ ဆိုလိုတာကတော့ ထူးချွန်တဲ့ ဉာဏ်ရည်ဗီဇပိုင်ရှင်တွေဟာ ပိုမိုမြင့်မားတဲ့ လူမှုဖူလုံရေးခံစားခွင့်နဲ့ အဆင့်အတန်းကို ရရှိမှာပါ၊၊ ဒါကို ယဉ်ကျေးမှု သဘောတူညီချက်အရ အသိဉာဏ်ရှိလူသားသုံးမျိုးခွဲခြားထားပြီး ရှင်ကတော့ အမျိုးအစား-၂ အသိဉာဏ်ရှိလူသားထဲမှာ ပါဝင်ပါတယ်”

“ဒါပေမဲ့ အဲဒါကလည်း လူတန်းစားခွဲခြားမှုပဲ မဟုတ်ဘူးလား၊၊ မွေးရာပါ ဉာဏ်ရည်နိမ့်ပါးသူတွေ ဒါမှမဟုတ် မသန်စွမ်းသူတွေကျတော့ကော ဘယ်လိုလုပ်မလဲ”

လင်းရှန်က ဆက်မေးလိုက်သည်။

“ဉာဏ်ရည်ဉာဏ်သွေးပေးဆပ်မှုကို စံနှုန်းအဖြစ် သတ်မှတ်တာဟာ မမျှတမှုပြဿနာတွေရဲ့ ၉၉ ရာခိုင်နှုန်းကို ဖြေရှင်းပေးနိုင်ပါတယ်၊၊ ကျန်တဲ့ ၁ ရာခိုင်နှုန်းဖြစ်တဲ့ ဉာဏ်ရည်နိမ့်ပါးသူတွေရဲ့ လူ့အခွင့်အရေးတန်းတူညီမျှမှုအတွက်တော့ စူပါဦးနှောက်က လူမှုအဖွဲ့အစည်းရဲ့ ပိုလျှံတဲ့ အရင်းအမြစ်တွေကို သူတို့အတွက် အခြေခံလူမှုဖူလုံရေးအာမခံချက်အဖြစ် ထောက်ပံ့ပေးပြီး လူမှုစနစ်ကို တည်ငြိမ်အောင် ထိန်းညှိပေးပါတယ်၊၊ ဒီခွဲဝေမှုနဲ့ လူမှုစနစ်ဟာ နှစ်ပေါင်းရာချီသန့်စင်မွမ်းမံလာခဲ့တာမို့ မမျှတမှုအားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့ အဆုံးစွန်သောယဉ်ကျေးမှုစနစ်လို့ သတ်မှတ်နိုင်ပါတယ်၊၊ ဒါဟာ လူသားမျိုးနွယ်က ပိုမိုမြင့်မားတဲ့ ယဉ်ကျေးမှုဆီ တက်လှမ်းဖို့ မှန်ကန်တဲ့လှေကားထစ်ပါပဲ၊၊ ဒီစနစ်အောက်မှာ လူသားတွေဟာ ရာဇဝတ်မှုကင်းစင်ပြီး ဥပဒေနဲ့ ခွဲခြားဆက်ဆံမှုတွေမရှိတဲ့ ပြီးပြည့်စုံတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ခဲ့ကြပါတယ်၊ ကမ္ဘာပေါ်မှာ စစ်ပွဲတွေရှိတော့မှာမဟုတ်သလို ဆက်သွယ်ရေးကလည်း ပွင့်လင်းမြင်သာပြီး ထိရောက်မှုမြင့်မားလှပါတယ်၊၊ လူသားအားလုံးရဲ့ ဉာဏ်ရည်ကို ဗဟိုချက်ကနေ စုစည်းပျိုးထောင်ပေးတဲ့အတွက် ရာစုနှစ်အနည်းငယ်အတွင်းမှာပဲ ကာဒါရှက်ဗ် ၁.၅ အဆင့်ရှိတဲ့ ယဉ်ကျေးမှုဆီ ရောက်ရှိခဲ့တာပါ”

အိုင်လီက ဆက်ရှင်းပြသည်၊၊

“လက်ရှိလူသားကမ္ဘာဟာ မကြုံစဖူးတညီတညွတ်တည်းဖြစ်နေတဲ့ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းပါ၊၊ အသိဉာဏ်အားလုံးဟာ လူမှုပတ်ဝန်းကျင်ပြီးပြည့်စုံရေး၊ နည်းပညာတိုးတက်ရေးနဲ့ ပြင်ပကမ္ဘာရှာဖွေစူးစမ်းရေးတွေကိုပဲ ဦးတည်ထားတာမို့ အတွင်းပိုင်း အချင်းချင်းတင်းမာမှုနှုန်းဟာ သုညရာခိုင်နှုန်းပဲ ရှိပါတယ်၊၊ ဒါကြောင့် ကဗျာဆရာတွေနဲ့ ပညာရှိတွေက ဒီကမ္ဘာကို အဆုံးစွန်သော ယူတိုပီးယားစံပြလူ့အဖွဲ့အစည်းလို့ တင်စားကြတာပါ”

“ယူတိုပီးယားစံပြလူ့အဖွဲ့အစည်း...”

လင်းရှန် တိတ်ဆိတ်သွားမိပြီး ရင်ထဲတွင် အံ့ဩတုန်လှုပ်မှုများ လှိုင်းထန်လာသည်။ သူသည် ထိုစကားများကိုပင် လက်ခံမိလုနီးပါး ဖြစ်သွား၏။ Aiကို အသုံးပြု၍ အာဏာခွဲဝေခြင်းနှင့် ကမ္ဘာကြီးကို အုပ်ချုပ်ခြင်းမှာ မယုံနိုင်စရာကောင်းသော်လည်း သေချာပြန်တွေးကြည့်လျှင် လုပ်အားအားလုံးကို စက်ရုပ်များနှင့် အစားထိုးပြီး ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုအရင်းအမြစ်များကို အသိဉာဏ်တစ်ခုတည်းအောက်တွင် စုစည်းထားမည်ဆိုပါက အိုင်လီပြောသကဲ့သို့ လူတန်းစား၊ ကျားမနှင့် လူမျိုးရေးအတားအဆီးများကို ဖယ်ရှားပစ်ရန် ယုတ္တိဗေဒအရဖြစ်နိုင်ခြေ ရှိပေသည်။

သို့သော်လည်း စူပါဦးနှောက်က နေမင်းဆီကထွက်သည့် လျှပ်စစ်မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသော သယံဇာတပြတ်လပ်မှုကို ဖြေရှင်းရန် လူဦးရေကို ဉာဏ်ရည်အဆင့်အတန်းအလိုက် ထိန်းချုပ်ဖြတ်တောက်သည်ဟူသော အချက်မှာမူ ကြောက်မက်ဖွယ်ကောင်းလှသလို တစ်ဖက်ကလည်း အကြောင်းပြချက်ခိုင်လုံနေပြန်သဖြင့် လင်းရှန်အနေဖြင့် အလွယ်တကူလက်ခံရန်ခက်ခဲနေသည်။ သူ၏ ကမ္ဘာ့အမြင်အရ ဤအရာကို လက်ခံနိုင်စရာမရှိသော်လည်း ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးဟူသော ဆင်ခြင်တုံတရားရှုထောင့်မှကြည့်လျှင်မူ စူပါဦးနှောက်၏ လုပ်ရပ်က မှန်ကန်ကြောင်း သက်သေပြနေသကဲ့သို့ ရှိသည်။

ထိုအချိန်တွင် လင်းရှန်က မျက်နှာပြင်ပေါ်၌ ထပ်မံနှိပ်လိုက်ရာ သူမြင်လိုသော ပုံရိပ်များ ပေါ်လာသည်။ စူပါဦးနှောက်က တစ်ခုတည်းသော ဖြေရှင်းချက်မှာ လူသားထု၏ ၉၀ ရာခိုင်နှုန်းကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်ပြီး ထိုညွှန်ကြားချက်မှာ ရှောင်လွှဲ၍မရသော အာရုံကြောလှိုင်းများအသွင်ဖြင့် ကုဋေကုဋာသော လူသားတို့၏ ဦးနှောက်ထဲသို့ မတွန်းလှန်နိုင်သည့် ဗိုင်းရပ်စ်တစ်ခုကဲ့သို့ စိမ့်ဝင်သွားခဲ့သည်။ လမ်းမများပေါ်တွင် မီးတောက်မီးလျှံများအကြား၌ သက်ကြီးရွယ်အိုများက ထုံထိုင်းစွာဖြင့် မိမိကိုယ်မိမိအဆုံးစီရင်နေကြပြီး ကလေးငယ်များမှာလည်း ထိုးဆေးများအောက်တွင် အလောင်းများအဖြစ် လဲပြိုကျသွားကြသည်ကို လင်းရှန် မြင်တွေ့လိုက်ရသည်။ နာကျင်မှု သို့မဟုတ် အော်ဟစ်ညည်းတွားသံများ မရှိဘဲ အိုင်လီတင်စားပြောဆိုခဲ့သည့်အတိုင်းသာ ဖြစ်ပျက်သွားခဲ့၏။

မြင့်မြတ်သော အဆုံးစီရင်ခြင်း။

လင်းရှန်သည် စိတ်နှလုံးထဲအထိ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ဘာပြောရမှန်းပင် မသိတော့ပေ။ လူသားမဟုတ်သော ရှုထောင့်မှကြည့်လျှင် ဤယဉ်ကျေးမှုသည် သံသယဝင်ဖွယ်မရှိဘဲ ကြောက်မက်ဖွယ်ကောင်းသော အဆင့်မြင့်ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ယဉ်ကျေးမှုတည်တံ့ခိုင်မြဲရေးသည် အခြေခံယုံကြည်ချက်ဖြစ်လာကာ တစ်ဦးချင်းစီ၏ အသိစိတ်မှာမူ ရိုက်ချိုးခံလိုက်ရသည်။ ထိုနေရာတွင် မွန်မြတ်သော စွန့်လွှတ်အနစ်နာခံခြင်းဟူသော အယူအဆမရှိသလို အကောင်းအဆိုးဟူသော ကိုယ်ကျင့်တရားလည်းမရှိပေ။

သို့သော် စိတ်ကူးထဲတွင်မူ ဤအရာသည် ပြီးပြည့်စုံခြင်းမရှိသေးဟု သူ ခံစားနေရသည်၊၊ သို့မဟုတ်လျှင်... တစ်ခုခုမှားယွင်းနေခြင်းဖြစ်နိုင်သည်။

All Chapters