← Chapters

အသိဉာဏ်ဝါဒ (၃)

Vol. 64 Ch. 1065

အသိဉာဏ်ဝါဒ (၃)

Vol. 64 Ch. 1065

သို့သော်လည်း အိုင်လီကမူ သူ့စိတ်ထဲတွင် ချက်ချင်းပေါ်လာသော မေးခွန်းများကို အလွန်တိကျပြတ်သားပြီး ယုတ္တိဗေဒအရ အပြစ်ဆိုဖွယ်မရှိသော ရှင်းလင်းချက်များဖြင့် အဆက်မပြတ် ပြန်လည်ဖြေကြားပေးနေသည်။ ဤလူမှုစနစ်တွင် အသိဉာဏ်ရှိလူသားများကို တန်းတူညီမျှသော လူတန်းစားအဖြစ် ဆက်ဆံပုံများကို အိုင်လီက သူ့အားပြသပေးခဲ့သည်။ သူတို့သည် မွေးဖွားလာချိန်မှစ၍ ဘဝအတွက် လိုအပ်သမျှအရာအားလုံးကို ပိုင်ဆိုင်ကြရသည်။ ကလေးငယ်များအား အသေးစိတ်ပြုစုစောင့်ရှောက်ခြင်းမှစ၍ စားသောက်မှု၊ အမှိုက်စွန့်ပစ်မှုအပါအဝင် နေထိုင်မှုနှင့် ကျန်းမာရေး၊ ပညာရေးစသည့် ဘဝလိုအပ်ချက်အားလုံးကို စက်ရုပ်များက ရာနှုန်းပြည့်တာဝန်ယူပေးထားသည်။ အရာအားလုံးမှာ အခမဲ့ဖြစ်ပြီး တန်းတူညီမျှမှုရှိသည်။

သူတို့အသုံးပြုသည့်ပစ္စည်းများတွင် အဆင့်အတန်းခွဲခြားထားခြင်းမရှိသလို စည်းစိမ်ဥစ္စာအရ ခွဲခြားဆက်ဆံမှုလည်း မရှိပေ။ ကလေးငယ်တစ်ဦး၏ တစ်ခုတည်းသော တာဝန်မှာ ပညာသင်ကြားရန်ဖြစ်ပြီး ထို့နောက်တွင် တစ်ဦးချင်းစီ၏ ကွဲပြားခြားနားမှုနှင့် စရိုက်လက္ခဏာများပေါ်မူတည်၍ မတူညီသောဘာသာရပ်များကို သင်ယူရန် တိကျစွာခွဲဝေပေးခြင်း ခံရသည်။ ထိုနေရာတွင် အားကစားလောက သို့မဟုတ် ဖျော်ဖြေရေးစနစ်များမရှိသလို လူသားတို့၏ အနုပညာအရသာကို ဖန်တီးပေးမည့် အနုပညာရှင်များလည်း မရှိပေ။ လူသားအားလုံး နေ့စဉ်လုပ်ဆောင်ရမည့်အရာမှာ ဦးနှောက်နှင့် ကွန်ပျူတာချိတ်ဆက်ထားသည့် စက်ပစ္စည်းများကို ဝတ်ဆင်ပြီး နှစ်နာရီကြာအသိစိတ်မဲ့စွာဖြင့် ဉာဏ်ရည်ဉာဏ်သွေးပေးဆပ်ရန်သာ ဖြစ်ပြီး ကျန်ရှိသော အချိန်များကိုမူ ဉာဏ်ရည်မြှင့်ထုတ်လုပ်မှုစွမ်းအားကပေးစွမ်းသည့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို အဆုံးမရှိစည်းစိမ်ခံစားရင်း ကုန်လွန်စေကြသည်။ ဉာဏ်ရည်နိမ့်ပါးသူများပင်လျှင် ပြည့်စုံသော လူမှုဖူလုံရေးအာမခံချက်များရရှိထားသဖြင့် တစ်သက်တာလုံး အေးချမ်းစွာ နေထိုင်သွားနိုင်သည်။ အထက်တန်းလွှာ အသိဉာဏ်ရှိလူသားများတွင်မူ လူမှုဖူလုံရေးရွေးချယ်စရာ ပိုမိုများပြားရုံသာရှိပြီး ဤလူတန်းစားကြားတွင် ပဋိပက္ခများဖြစ်ပွားခြင်းမရှိပေ။

အဓိကအကြောင်းရင်းမှာ အထက်တန်းလွှာလူတန်းစားသည် မျိုးရိုးဗီဇစနစ်၏ အနည်းငယ်သော တိုက်ဆိုင်မှုများမှ ဆင်းသက်လာခြင်းဖြစ်ပြီး မျိုးရိုးလိုက်ရောဂါအားလုံးကို ဖြေရှင်းပြီးနောက်တွင် သီအိုရီအရ လူတိုင်း၏ သားသမီးများသည် သမ္မတတစ်ဦးကဲ့သို့သော အခွင့်အရေးမျိုးရရှိသည့် ထူးချွန်ထက်မြက်သော အသိဉာဏ်ရှိလူသားများဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာတွင် ပြစ်တင်ညည်းတွားစရာဟူ၍ မျိုးရိုးဗီဇကံကြမ္မာတစ်ခုသာရှိတော့သည်။

“မင်းပြောတာကို နားထောင်ပြီးတဲ့နောက်မှာ ငါက တကယ်ပဲ မြင့်မြတ်သောအဆုံးစီရင်ခြင်းကို ခံယူပြီး ဒီလို တောက်ပပြီး ကြီးကျယ်ခမ်းနားတဲ့ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် ပေးဆပ်သင့်တယ်လို့တောင် ခံစားလာရတယ်”

လင်းရှန်သည် ယခုအချိန်တွင် အနည်းငယ် သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဟုတ်ပါတယ်”

“ဒါဆိုရင် ငါ့မှာ ဘာပြဿနာမှ မရှိတော့ဘူး”

ထိုအချိန်တွင် သူ၏ မျက်နှာချင်းဆိုင်ရှိ စက်ရုပ်အမျိုးသမီးက ရုတ်တရက် ထရပ်လိုက်ပြီး လက်လှမ်းကာ သူမ၏ ရင်ဘတ်မှ သတ္တုပြားတစ်ခုကို ဖြုတ်လိုက်ရာ အတွင်းရှိသတ္တုဆန်ခါကွက်များနှင့် ရှုပ်ထွေးလှသောအစိတ်အပိုင်းများပေါ်လာသည်။ သူမက ပြုံးလိုက်ပြီး လင်းရှန်ကိုပြောလိုက်သည်။

“ကျွန်မက အသိဉာဏ်ဝန်ဆောင်မှုပေးတဲ့ စက်ရုပ်တစ်ရုပ်ဖြစ်တာမို့ လိင်အင်္ဂါတွေ ဒါမှမဟုတ် တကယ့် အမျိုးသမီးရင်သားမျိုးမရှိပါဘူး”

“မဟုတ်ပါဘူး... ငါက အဲဒီလို—”

လင်းရှန်သည် ချက်ချင်းပင် ဆွံ့အသွားပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်ကာ “ထားလိုက်ပါတော့၊ စောစောက ငါ နည်းနည်းစူးစမ်းချင်ရုံတင်ပါ”

“ရှင် ကယ်တင်ခြင်းစင်တာကို ရောက်တာနဲ့ သဘောတူညီချက်အရ ၄၈ နာရီအတွင်း ဂုဏ်သရေရှိအဆင့် အခွင့်အရေးတွေကိုရရှိမှာဖြစ်ပါတယ်၊၊ ဒီအခွင့်အရေးက အမျိုးအစား-၁ အသိဉာဏ်ရှိလူသားတွေထက်တောင် ပိုပြီး မြင့်မားပါတယ်၊၊ ရှင့်ကို မြင့်မြတ်သောအဆုံးစီရင်ခြင်းဝတ္တရားကနေ ခေတ္တကင်းလွတ်ခွင့်ပေးတုန်းမှာ စက်ရုပ်အဖွဲ့က ရှင့်ရဲ့ လိုအင်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးမှာပါ၊ အဲဒီထဲမှာ အကန့်အသတ်မရှိ ကာမဂုဏ်ခံစားခွင့်၊ အကန့်အသတ်မရှိ သတ်ဖြတ်ခွင့်၊ အကန့်အသတ်မရှိ စားသောက်ခွင့်နဲ့ အကန့်အသတ်မရှိ ဖျော်ဖြေခွင့်တွေ ပါဝင်ပါတယ်”

“နောက်ဆုံးညစာပေါ့လေ”

လင်းရှန်က ခပ်ဟဟရယ်မောလိုက်သည်၊၊

“အတော်လေး လူသားဆန်သားပဲ”

သူသည် ခဏမျှ စဉ်းစားပြီးနောက် မျက်မှောင်ကြုတ်မိသွားကာ “ယုတ္တိဗေဒအရ မြင့်မြတ်သောအဆုံးစီရင်ခြင်းခံယူဖို့ ညွှန်ကြားခံရတဲ့သူတွေက တုံ့ဆိုင်းမနေဘဲလိုက်နာရမှာလေ၊၊ ငါ့လိုမျိုး တွန်းလှန်ချင်တဲ့ အတွေးရှိတဲ့သူတွေက စနစ်ပြင်ပက လူတွေပဲ၊၊ ဒါဆို ဘာဖြစ်လို့ ကယ်တင်ခြင်းစင်တာကို တည်ဆောက်ပြီး ဒီလောက်အထိ အခွင့်အရေးတွေ အများကြီးပေးထားရတာလဲ”

“ယဉ်ကျေးမှုစနစ်ရဲ့ တရားမျှတတဲ့ ယုံကြည်ချက်ကို ထိန်းသိမ်းဖို့အတွက် ပုန်ကန်သူတွေဟာလည်း ယဉ်ကျေးမှုအတွက် ပေးဆပ်ရမှာ ဖြစ်ပါတယ်၊၊ စူပါဦးနှောက်က ဒီလိုလူတွေကို လူ့အခွင့်အရေးရှိပေမဲ့ ယဉ်ကျေးမှုအပေါ် ယုံကြည်ချက်ကင်းမဲ့နေသူတွေ၊ ဒါကြောင့် လူ့အဖွဲ့အစည်းရဲ့ အမှိုက်တွေနဲ့ အဆိပ်အတောက်တွေလို့ သတ်မှတ်ပါတယ်၊၊ ဒါပေမဲ့ မဖျက်ဆီးပစ်ခင်မှာ စူပါဦးနှောက်က ရှင့်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ဆက်သွယ်ပြီး အသိဉာဏ်ဝါဒအောက်မှာ ရှိနေတဲ့ ပြဿနာတွေကို ပြန်လည်သုံးသပ်မှာဖြစ်ပါတယ်၊၊ ဒီအမှားအယွင်းတွေဟာ ကျွန်မတို့ရဲ့ တိုးတက်ပြောင်းလဲမှုအတွက် အလွန်အရေးပါပါတယ်”

လင်းရှန် ရုတ်တရက် သဘောပေါက်သွားသည်။ အံ့ဩဖွယ်ကောင်းလှ၏။ မိမိကိုယ်မိမိပြန်လည်သုံးသပ်ခြင်းဟူသော အချက်မှာ အပြစ်ပြောဖွယ်မရှိအောင် ပြည့်စုံလှသည်။ ၎င်းသည် ယဉ်ကျေးမှုအတွက် မပေးဆပ်လိုသူများကို ဖယ်ရှားပစ်ရန် ရည်ရွယ်ရုံတင်မကဘဲ သူတို့ ဘာကြောင့် ငြင်းဆန်ရသလဲ၊ လူမှုစနစ်တွင် မည်သည့်ပြဿနာများ ရှိနေသေးသလဲနှင့် ကမ္ဘာကြီးပေါ်တွင် ဘယ်လိုအသိမြင်လွဲမှားမှုများ ကျန်ရှိနေသေးသလဲဆိုသည်ကိုပါ သိရှိရန် ကြိုးစားခြင်း ဖြစ်သည်။

ဤအရာက အဆုံးစွန်ထိကြောက်မက်ဖွယ်ကောင်းလှပြီး အဆုံးစွန်ထိ အေးစက်လွန်းလှသည်။

ကွဲပြားခြားနားသော အတွေးအခေါ်မှန်သမျှကို ဖယ်ရှားပစ်ခြင်း ဖြစ်ပြီး ဤသို့ဖယ်ရှားခြင်းမှာ သတ်ဖြတ်ခြင်းဖြင့်မဟုတ်ဘဲ ကမ္ဘာကြီးပေါ်မှ အမြစ်ပြတ်ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ဗိုင်းရပ်စ်သတ်ဆော့ဖ်ဝဲတစ်ခုက ဗိုင်းရပ်စ်များကို ရှင်းလင်းရင်း စနစ်ကို ပြန်လည်ပြုပြင်ကာ အကြွင်းမဲ့တည်ငြိမ်စွာလည်ပတ်နိုင်အောင် ထိန်းသိမ်းနေသကဲ့သို့ပင်၊၊

ဤကွန်ပျူတာလည်ပတ်နေသရွေ့ အခြေခံမူအားလုံးမှာ မှန်ကန်နေပေလိမ့်မည်။

လင်းရှန် တုန်လှုပ်သွားပြီး စိတ်ထဲတွင် တစ်ခုခုကိုသတိပြုမိသွားသော်လည်း သေချာမဖမ်းဆုပ်နိုင်ဖြစ်နေသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အိုင်လီက ခေါင်းလေးစောင်းကာ သူမ၏ လှပသော မျက်နှာထက်တွင် ထူးဆန်းသောအမူအရာတစ်ခုဖြင့် သူ့ကို ကြည့်လိုက်သည်။

နာရီအနည်းငယ်ကြာပြီးနောက်တွင် သယ်ယူပို့ဆောင်ရေးယာဉ်သည် ဂြိုဟ်ကြီးတစ်ခု၏ နန်းတော်နှင့်တူသော ဧရာမကမ္ဘာလုံးခြမ်းပုံစံ အဆောက်အအုံကြီးတစ်ခု၏ အပြင်ဘက်တွင် ရပ်တန့်သွားသည်။ ဒရုန်းနှစ်စင်း၏ ထိန်းချုပ်မှုအောက်တွင် လင်းရှန်သည် ကျယ်ပြောလှသော အနက်ရောင်လှေကားထစ်များဆီသို့ လှမ်းလျှောက်ခဲ့သည်။ သူ နောက်လှည့်ကြည့်လိုက်ရာ အိုင်လီသည် သယ်ယူပို့ဆောင်ရေးယာဉ်အနားတွင် ရပ်လျက် သူ့ထွက်ခွာသွားသည်ကို စောင့်ကြည့်နေ၏။

လင်းရှန် ဘာမှမပြောဘဲ လှေကားထစ်များကို တစ်ဆင့်ပြီးတစ်ဆင့် တက်သွားခဲ့သည်။ သူ ငုံ့ကြည့်လိုက်သောအခါ မိမိတက်လှမ်းလိုက်သည့် လှေကားထစ်တိုင်းတွင် စာသားတစ်တန်းစီ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဥပမာအားဖြင့် သူ လက်ရှိနင်းထားသည့် လှေကားထစ်ပေါ်တွင် ‘နိုင်ငံတော်မရှိလျှင် စနစ်တကျရှိမှုလည်းမရှိနိုင်’ ဟူသော လင်းလက်နေသည့် စာသားများ ပေါ်လာသည်။

ဒါဟာ သောမတ်စ်ဟော့ဘ်စ်က Leviathan စာအုပ်ထဲမှာ ‘လူသားတွေက ဘာကြောင့်နိုင်ငံတော်ကိုလိုအပ်တာလဲ’ ဆိုပြီး မေးခွန်းထုတ်ခဲ့တဲ့အချက်ပဲ။

လင်းရှန် တွေးတောရင်း မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ဧရာမ ကမ္ဘာလုံးခြမ်းပုံစံနန်းတော်ကြီးကို မော့ကြည့်ကာ တစ်ခုခုကို သဘောပေါက်သွားသည်။

သူ့ဘဝတစ်လျှောက်လုံးက အတွေးများနှင့် မေးခွန်းများကို ချောင်းမြောင်းစောင့်ကြည့်ခြင်းခံနေခဲ့ရသည်၊၊

ထို့ကြောင့် သူက နောက်ထပ်လှေကားထစ်တစ်ခုသို့ လှမ်းတက်လိုက်ရာ ဤလှေကားထစ်ကမူ Thucydides ထောင်ချောက်အပေါ် သူ့အမြင်များကို ဗဟိုပြု၍ပေါ်လာခြင်းဖြစ်သည်။

လင်းရှန် နားလည်သွားသည်။ ဒါဟာ စောစောက အိုင်လီပြောခဲ့တဲ့ စူပါဦးနှောက်က သူ့အတွေးတွေကို နှိုးဆွပေးပြီး အကျိုးဆက်အနေနဲ့ ပြဿနာတွေအပေါ် သူ့ရဲ့အမြင်ကို တောင်းခံနေခြင်း ဖြစ်သည်။

လင်းရှန် စိတ်မွမ်းကျပ်မှုကို ခံစားလိုက်ရသဖြင့် မျက်စိကိုသာ မှိတ်ထားလိုက်ပြီး အထဲသို့ ခြေလှမ်းခပ်သွက်သွက် လှမ်းဝင်ခဲ့သည်။ သူ မျှော်လနင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ လမ်းတစ်လျှောက်တွင် မည်သူမျှမရှိချေ။ ဧရာမဂြိုဟ်နန်းတော်ကြီးသည် ကျယ်ပြန့်သော လွင်ပြင်ကြီးကဲ့သို့ ဗလာကျင်းနေပြီး ပုန်ကန်သူ-လင်းရှန်ကို စိတ္တဇဆန်စွာ လှောင်ပြောင်နေသကဲ့သို့ရှိသော်လည်း စူပါဦးနှောက်အတွက်မူ အမြင့်မြတ်ဆုံး ချီးမွမ်းခန်းဖြစ်နေသည်။

သူသည် ရင်ထဲမှ အတွေးများကို ဖိနှိပ်ကာ ထိုဧရာမနန်းတော်ကြီးထဲသို့ လျှောက်ဝင်သွားခဲ့သည်။ သူ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ လင်းထိန်လာပြီး ခန်းမကြီး၏ ကောင်းကင်ယံတွင် အပြာရောင်အလင်းတန်းတစ်ခုက ဘုရားသခင်သက်ဆင်းလာသကဲ့သို့ သို့မဟုတ် အသိဉာဏ်ပညာပေါ်ထွန်းလာသကဲ့သို့ တောက်ပနေသည်။

ဤနေရာတွင် မိမိတစ်ယောက်တည်းသာ အသိဉာဏ်ရှိလူသားဟု လင်းရှန် ထင်မှတ်နေစဉ် ထိုဧရာမအလင်းတန်းကြီးက စတင် စကားပြောလာသည်။ သို့သော် ၎င်းက လင်းရှန်ကိုပြောခြင်းမဟုတ်ဘဲ အခြားလူတစ်ဦးကို ပြောနေခြင်း ဖြစ်သည်။

ထိုသူသည်လည်း အလင်းတန်းကြီး၏ အောက်တွင် ဒရုန်းနှစ်စင်း၏ ချုပ်ကိုင်မှုကို ခံထားရသော လူသားတစ်ဦး ဖြစ်သည်။

ထိုသူသည် ကတ္တီပါဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တိုကို သေသပ်စွာ ဖြီးသင်ထားကာ ကျောပြင်ကို ဆန့်၍ ရပ်နေ၏။

“နံပါတ် ၁၈၂၀၁၁၂၈၊၊ သင်က အခုလေးတင်ပဲ ပစ္စည်းမဲ့လူတန်းစားသီအိုရီကို တင်ပြခဲ့တယ်၊၊ တန်းတူညီမျှလူတန်းစားဆိုတာကို စိတ်ကူးယဉ်သက်သက်လို့ယူဆရတဲ့ ဆုံးဖြတ်ချက်စံနှုန်းက ဘာလဲ”

ပစ္စည်းမဲ့လူတန်းစား သီအိုရီ ဟုတ်လား။

လင်းရှန်၏ အကြည့်များ စူးရှသွားပြီး ထိုကျောပြင်ကို တည်ကြည်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ မသိစိတ်ထဲတွင် ဤပုံရိပ်ကို ရှေးဟောင်းသမိုင်းစာအုပ်တစ်အုပ်ထဲ၌ ဖျတ်ခနဲမြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။

“လူသားတွေကို ‘ဉာဏ်ရည်ဉာဏ်သွေး ပေးဆပ်မှု’ ပေါ်မူတည်ပြီး အမျိုးအစား ၁၊ ၂၊ ၃ ဆိုပြီး ခွဲခြားထားတာဟာ ကြိုတင်သတ်မှတ်ထားတဲ့ ဇီဝကမ္မဗေဒနဲ့ မျိုးရိုးဗီဇပါရမီတွေအပေါ် အခြေခံပြီး လူတန်းစားခွဲခြားတာပဲ၊၊ ဒါဟာ အရင်းရှင်စနစ်က ထုတ်လုပ်မှုအရင်းအမြစ်ပိုင်ဆိုင်မှုအပေါ် မူတည်ပြီး လူတန်းစားခွဲခြားတာနဲ့ ဘာများအခြေခံကျကျကွာခြားလို့လဲ”

“ကွာတာတစ်ခုကတော့ မင်းက အရင်းအနှီးနေရာမှာ တွက်ချက်မှုစွမ်းအားပေးဆပ်မှုကို အစားထိုးပြီး ပိုပြီးတိကျပြီး ရှောင်လွှဲလို့မရတဲ့ ‘ဒီဂျစ်တယ် ဇာတ်နိမ့်ဇာတ်မြင့်စနစ်’ ကို တည်ဆောက်လိုက်တာပဲ၊၊ အမျိုးအစား-၃ လူသားတွေ… ဆိုလိုတာက အခြေခံလူမှုဖူလုံရေးလိုအပ်တဲ့သူတွေဟာ ကမ္ဘာဟောင်းမှာဆိုရင် အလုပ်သမားတွေ ဒါမှမဟုတ် သာမန်လူတန်းစားတွေဖြစ်မှာပဲ၊၊ ဒါပေမဲ့ မင်းရဲ့စနစ်ထဲမှာတော့ သူတို့က တွက်ချက်မှုစွမ်းအားအပေါ် မှီခိုနေရတဲ့ ဒီဂျစ်တယ်လူဆင်းရဲတွေသက်သက်ပဲဖြစ်သွားပြီး တစ်ဦးချင်းစီရဲ့ တန်ဖိုးကို ဖော်ဆောင်ခွင့်၊ ကာယလုပ်အား၊ စိတ်ခံစားမှု၊ အပြန်အလှန်ကူညီမှုနဲ့ တီထွင်ဖန်တီးမှုတွေအပါအဝင်ကတစ်ဆင့် လူမှုအဖွဲ့အစည်းတည်ဆောက်ရေးမှာ ပါဝင်ခွင့်တွေကို ရိုက်ချိုးခံလိုက်ရတာ၊ တကယ့်လူတန်းစားပယ်ဖျက်ခြင်းဆိုတာ ထုတ်လုပ်မှုအရင်းအမြစ်တွေကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဘုံပိုင်ဆိုင်ပြီး မွေးဖွားမှု၊ စည်းစိမ်ဥစ္စာနဲ့ မျိုးရိုးဗီဇကြိုတင်သတ်မှတ်ချက်တွေအပေါ် အခြေခံတဲ့ အခွင့်ထူးခံမှန်သမျှကို အမြစ်ပြတ်ချေမှုန်းတာကို ပြောတာပဲ၊၊ လူတိုင်းက အတူတကွပိုင်ဆိုင်ပြီး အတူတကွထုတ်လုပ်ရမယ်၊ တစ်ဦးချင်းစီက မိမိစွမ်းဆောင်နိုင်သမျှ ပေးဆပ်ပြီး မိမိလိုအပ်သမျှ ခံစားရမယ်—ဒါဟာ လူသားချင်းဆက်ဆံရေးရဲ့ အခြေခံကျတဲ့ တော်လှန်ရေးပဲ၊၊ မင်းရဲ့ မျိုးရိုးဗီဇကံကြမ္မာအလိုက် အဆင့်အတန်း ခွဲခြားတဲ့ ပုံတူပွားခြင်းမျိုးမဟုတ်ဘူး”

“ဒါတင်မကသေးဘူး၊ မင်းက ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ မကောင်းမှုတွေကို ပယ်ဖျက်နိုင်ခဲ့ပြီလို့ ကြွေးကြော်နေသေးတယ် ဟုတ်လား… ရယ်စရာကောင်းလိုက်တာ။ မင်းက လူသားတွေကို တွက်ချက်မှုစွမ်းအားထုတ်ပေးတဲ့ ဘက်ထရီအိုးတွေအဖြစ် အဆင့်လျှော့ချပစ်ပြီး သူတို့ရဲ့ ကံကြမ္မာ၊ ထုတ်လုပ်မှုအရင်းအမြစ်တွေနဲ့ အထက်ပိုင်းအဆောက်အအုံတွေအပေါ် ဆုံးဖြတ်ပိုင်ခွင့်မှန်သမျှကို လုယူခဲ့တာပဲ…. ပဋိပက္ခတွေက ပျောက်ကွယ်သွားတာ မဟုတ်ဘူး၊၊ မင်းရဲ့ နေရာအနှံ့စောင့်ကြည့်မှုတွေ၊ ပွင့်လင်းမြင်သာလွန်းတဲ့ အတွေးတွေနဲ့ မဖြစ်မနေလုပ်ရမယ့် မြင့်မြတ်သောအဆုံးစီရင်ခြင်းတွေကြောင့် တစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေရဲ့ မသိစိတ်ထဲမှာ ဖိနှိပ်ချုပ်ချယ်ခံထားရတာပဲ… ဒီလိုအတင်းအကျပ် လူဦးရေဖြတ်တောက်တဲ့ အစီအစဉ်ကိုပဲ ကြည့်ဦး—သယံဇာတအကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ မင်းရဲ့ အကောင်းဆုံးဖြေရှင်းချက်ဆိုတာက လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အင်အားကို စုစည်းပြီး အခက်အခဲကို ကျော်လွှားဖို့မဟုတ်ဘဲ လူသားထုရဲ့ ၉၀ ရာခိုင်နှုန်းကို အသက်စွန့်ခိုင်းဖို့ပဲဖြစ်နေတယ်”

All Chapters