အခန်း (၄၇၈-၄၇၉)
Vol. 27 Ch. 478-479
အပိုင်း (၄၇၈) ကောင်းမွန်သော ထမင်းတစ်နပ်။
ဖန်ကျန်းရီသည် မျက်နှာပေါ်ရှိ ရွှံ့များကို ရိုးရှင်းစွာ သုတ်လိုက်ကြပြီးနောက် လိုင်ကော်အာ၏ လမ်းပြမှုဖြင့် မြို့ထဲတွင် လှည့်လည်ကြည့်ရှုကြသည်။
သူသည် အေးအေးဆေးဆေး လျှောက်လှမ်းနေရင်း ဘေးပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။
လိုင်ကော်အာသည် သူ့ဘေးတွင် ပျော်ရွှင်မြူးထူးနေပြီး လက်ထဲက ခွက်စုတ်ထဲတွင် ရှိနေသော ကြေးပြားများကို ရံဖန်ရံခါ လှုပ်ခါနေဆဲ ဖြစ်သည်။ ကြေးပြားလေးဆယ်ကျော် ရရှိခဲ့သည့်အတွက် သူသည် အလွန်အမင်း ကျေနပ်နေခဲ့ပြီ ဖြစ်သည်။
မကြာမီ အချိန်အတွင်းမှာပဲ လူနှစ်ယောက်သည် ဆိုင်ခန်းတစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့၏။
အတွင်းထဲတွင် ဟော့ပေါ့ဆိုင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး စျေးရောင်းကောင်းလွန်းလှသဖြင့် ဆိုင်တွင် လူအတော်များများ ရှိနေသည်။
သာမန်အချိန်ဆိုလျှင် ဤကဲ့သို့သော အရာမျိုးကို ဖန်ကျန်းရီက လှည့်ပင် ကြည့်မည် မဟုတ်ချေ။ ဟင်းရည်က ကျဲတောက်တောက်နှင့် စားစရာ အနှစ်ကောင်းကောင်းလည်း မရှိချေ။ သို့ပေမည့် ယခုအချိန်တွင်တော့ မတူညီတော့ပေ၊ မြို့ထဲ ဝင်လာတည်းက သူသည် ဆန်ပြုတ်ရည် တစ်ခွက်နှင့် မုန့်တစ်ဝက်သာ စားရသေးသဖြင့် အလွန် ငတ်မွတ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဤဟော့ပေါ့တစ်နပ်ကို အလွန် မျှော်လင့်နေမိ၏။
လူနှစ်ယောက်သည် လွတ်နေသော စားပွဲတစ်ခုကို ရှာကာ ထိုင်လိုက်ကြသည်။
စားပွဲထိုးလေးသည် ချက်ချင်းပင် မျက်နှာပျက်လျက် ချဉ်းကပ်လာကာ မောင်းထုတ်တော့၏။ “ဘယ်က သူတောင်းစားစုတ်တွေ လာထိုင်နေတာလဲ”
လိုင်ကော်အာ၏ မျက်နှာတွင် ထိတ်လန့်မှုများ ထွက်ပေါ်လာကာ အလိုအလျောက် ထွက်ခွာရန် ပြင်လိုက်သည်။
ဖန်ကျန်းရီသည် ငွေတုံးကို စားပွဲပေါ်သို့ ဘုန်းခနဲ မြည်အောင် ရိုက်ချလိုက်ပြီးနောက် ဒေါသတကြီး ဆဲဆိုလိုက်၏။
“မင်း ဘယ်လို စကားပြောတာလဲ။ ဘယ်လို စကားပြောတာလဲ။ မင်းလို မျက်စိမပါတဲ့ ခွေးကောင်က ဘယ်သူ့ကို သူတောင်းစားစုတ်လို့ ခေါ်တာလဲ။”
စားပွဲထိုးလေးသည် ငွေတုံးကို မြင်သည်နှင့် ဆွံ့အသွားခဲ့ရပြီးနောက် အထင်သေးသည့် ပုံစံဖြင့် ပြုံးလိုက်၏။ “ခွေးသားတွေ … အသုဘစရိတ် ထုတ်လိုက်တာပေါ့။ ဒါဆိုရင်လည်း စားကြလေ။ ရတယ်... ကျုပ် မျက်စိမပါတာ ဟုတ်ပါပြီ”
ဖန်ကျန်းရီသည် အနည်းငယ် ကြောက်ရွံ့နေသော လိုင်ကော်အာကို စောင်းငဲ့ကြည့်ကာ နောက်ပြောင်လိုက်သည်။ “မင်း ငါ့ရှေ့မှာကျတော့ တော်တော် ရဲတင်းနေပြီး အရေးကြီးတဲ့ အချိန်ကျတော့ မစွမ်းတော့ဘူးလား”
လိုင်ကော်အာသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်နေမိကာ ဘာပြန်ပြောရမှန်း မသိချေ။
ဖန်ကျန်းရီသည် အဓိပ္ပာယ်ပါပါ ဆုံးမလိုက်သည်။ “ကော်အာ... အခု ငါတို့မှာ ပိုက်ဆံ ရှိပြီလေ၊ ရဲတင်းဖို့ လိုအပ်တယ်။ လူမှာက ကိုယ်ပိုင် အရှိန်အဝါ ရှိရတယ်၊ မင်း အမြဲတမ်း ဒီလိုမျိုး ကြောက်ဒူးတုန်နေရင် နောင်ကျ အောင်မြင်မှာ မဟုတ်ဘူး။ ခါးကို မတ်မတ်ထားမှသာ သူတစ်ပါးက မင်းကို အသိအမှတ်ပြုမှာ။
မင်း ကြည့်လိုက် ... စားပွဲတွေပေါ်မှာ လက်ဖက်ရည် ရှိတယ်၊ ငါတို့ စားပွဲမှာပဲ မရှိဘူး။ သူ့ဆီမှာ လက်ဖက်ရည် တစ်အိုး သွားတောင်းချေ၊ နည်းနည်း ရဲရဲတင်းတင်း လုပ်စမ်း”
လိုင်ကော်အာသည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ခေါင်းနှစ်ချက် ညိတ်ပြကာ နှုတ်ခမ်းကို သပ်ရင်း စကားလုံးများကို စီစဉ်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ စားပွဲကို ဘုန်းခနဲ ရိုက်၍ အော်လိုက်၏ “စားပွဲထိုး... လာခဲ့စမ်း။”
စားပွဲထိုးလေးသည် အလျင်အမြန် လျှောက်လာကာ မကျေမနပ် ပြောလိုက်သည်။ “စားပွဲကို မရိုက်နဲ့ … ဘာစားချင်လဲဆိုတာ တန်းပြော”
သူ့အမူအရာကို မြင်သဖြင့် လိုင်ကော်အာသည် ချက်ချင်း ပြန်လည် ကြောက်ရွံ့သွားကာ စကားသံကလည်း အလိုအလျောက် ပျော့ပြောင်းသွားခဲ့၏။ “ဟို... ဟင်းပွဲ မမှာရသေးဘူး... ကျုပ်နဲ့ ကျုပ်အစ်ကိုကြီးအတွက် ဗိုက်ဖြည့်ဖို့ အရင်ဆုံး လက်ဖက်ရည်တစ်အိုး အရင် လာပေးပါအုံး။”
“မင်းတို့ နှစ်ယောက် တော်တော် တတ်နေပါလား။” စားပွဲထိုးလေးသည် မျက်စောင်းထိုးကာ ထွက်ခွာ သွားတော့သည်။
ဖန်ကျန်းရီ... “...”
လိုင်ကော်အာ... “...”
မကြာမီ အချိန်အတွင်းမှာပဲ စားပွဲထိုးလေးသည် လက်ဖက်ရည်အိုးတစ်အိုးကို သယ်ဆောင်လာခဲ့၏။ “ကဲ... ပြော... ဘာစားမလဲ”
ဖန်ကျန်းရီသည် ဆိုင်တွင် ချိတ်ဆွဲထားသော သစ်သားဆိုင်းဘုတ်ကို ကြည့်ကာ မေးလိုက်သည်။ “ဟင်းရည်အိုးက ပိုက်ဆံ ပေးရလား”
“မပေးရဘူး”
“ကော်အာ... မင်း ဘာစားချင်လဲ၊ မင်းဘာသာ မှာချေ”
လိုင်ကော်အာသည် ကိုယ်တိုင်ရှက်သလို ခံစားနေရသောကြောင့် မျက်နှာနီမြန်းလျက် မဝံ့မရဲ ပြောရှာသည်။ “အစ်ကိုကြီး... ကျုပ်လည်း တစ်ခါမှ မလာဖူးဘူး၊ အစ်ကိုကြီးပဲ မှာပေးပါတော့”
“ရတယ်... ဒါဆို ငါတို့ အရင်ဆုံး ရိုးရိုးရှင်းရှင်းလေး စားကြတာပေါ့၊ ရေချိုးပြီးရင် ဒုတိယမြောက် အလှည့်ကျမှ အကောင်းစား စားကြမယ်”
ဖန်ကျန်းရီက သဘောကြီးစွာဖြင့် ပြောလိုက်၏။ “စားပွဲထိုး... အခမဲ့ ဟော့ပေါ့အိုး တစ်အိုး၊ ဆိတ်သား နှစ်ပွဲ... ပမာဏကို များများပေးနော်၊ အင်း... ပြီးတော့ ပဲပြား တစ်ပွဲ၊ ဟော့ပေါ့ထဲ ထည့်စားမယ့် ဟင်းသီးဟင်းရွက် တစ်ပွဲ ပေးစမ်း”
“အခြား ရှိသေးလား” စားပွဲထိုးက မေးသည်။
“ပြီးတော့ လက်လုပ်ခေါက်ဆွဲ ပေးဦး၊ ငါတို့ အိုးထဲ ထည့်ပြုတ်စားမလို့၊ ဒါတွေပဲ... သွားတော့” ဖန်ကျန်းရီသည် လက်ကို ဝှေ့ယမ်းကာ စစားပွဲထိုးကို မောင်းထုတ်လိုက်သည်။
ဟင်းမှာပြီးနောက် လက်ဖက်ရည်အိုးကို ယူကာ လိုင်ကော်အာအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်၏။
လိုင်ကော်အာသည် လက်ဖက်ရည်ကြမ်းကို သောက်ရင်း မျက်လုံးကို မှိတ်ကာ ပြောလိုက်သည်။ “အစ်ကိုကြီး... ကျုပ် အိပ်မက်မက်နေသလိုပဲ။ အစ်ကိုကြီးနဲ့ တွေ့တာ တစ်ရက်တောင် မပြည့်သေးဘူး ပိုက်ဆံတွေ အများကြီး ရတဲ့အပြင် ဆိုင်မှာပါ လာစားရတယ်... အား... ဒီလက်ဖက်ရည်သစ်က တကယ် သောက်လို့ ကောင်းတာပဲ။ ဒါနဲ့ အစ်ကိုကြီးက မြို့တော်မှာ နေတာဆိုတော့ တာ့ဖျင်ထျန်းရှန်း လက်ဖက်ရည် အကြောင်း ကြားဖူးလား”
ဟင်...
ဖန်ကျန်းရီသည် မျက်ခုံးတစ်ချက် ပင့်သွားမိ၏။ တာ့ဖျင်ထျန်းရှန်း လက်ဖက်ရည်၏ နာမည်ကျော်ကြားမှုက ဤနေရာအထိပင် ရောက်နေပြီလား။
“ကြားဖူးတာပေါ့၊ ဘာဖြစ်လို့လဲ”
“နှစ်သစ်ကူးတုန်းက မြို့ရဲ့ အကြီးဆုံး စားသောက်ဆိုင်က မြို့တော်ကနေ ဒီလက်ဖက်ရည်ကို မှာယူခဲ့တယ်လို့ ကြားတယ်၊ ရွှေလိုတန်ဖိုးရှိပြီး ဝယ်ရခက်တယ်တဲ့။ ပိုက်ဆံရှိရုံတင်မကဘဲ အဆင့်အတန်းလည်း ရှိမှ သောက်ရတာ။ အဲဒါ ဘာအရသာမျိုး ဖြစ်မလဲ မသိဘူးနော်” လိုင်ကော်အာသည် အားကျသည့် ပုံစံဖြင့် ပြောရှာ၏။
ဖန်ကျန်းရီသည် ခုနက ချပေးထားသော လက်ဖက်ရည်ကြမ်းကို တစ်ငုံ သောက်လိုက်ပြီးနောက် တွေးတော မိသွားသည်။
ထို့နောက် လက်ကို မြှောက်ကာ အော်လိုက်၏။ “စားပွဲထိုး”
“သူတောင်းစားစုတ်တွေက ဝန်ဆောင်မှုပေးရတာ ခက်လိုက်တာ” စားပွဲထိုးလေးသည် ဒေါသတကြီးဖြင့် ချဉ်းကပ်လာသည်။
ဖန်ကျန်းရီသည် စိတ်မဆိုးဘဲ လက်ဖက်ရည်အိုးကို ညွှန်ပြကာ မေးလိုက်သည်။ “ငါ မင်းကို မေးအုံးမယ်၊ ဒီအိုးထဲမှာ ဘာလက်ဖက်ရည် အမျိုးအစားကို ခတ်ထားတာလဲ”
“ထူစုန်း လက်ဖက်ရည်လေ။ မြို့ပြင်က တောရိုင်းမြေတွေထဲက ဆွတ်ခူးလာတာ၊ ဘာပြဿနာ ရှိလို့လဲ”
“ဘာမှမရှိဘူး၊ သွားတော့”
စားပွဲထိုးကို မေးမြန်းပြီးသည့်နောက်တွင်တော့ ဖန်ကျန်းရီသည် စိတ်ထဲက အဖြေကို အတည်ပြုနိုင်ခဲ့ချေပြီ။ ဤအရာကို သူ မသောက်ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သဖြင့် မေ့လုနီးပါး ဖြစ်နေခဲ့ခြင်း ဖြစ်၏။
“တာ့ဖျင်ထျန်းရှန်း လက်ဖက်ရည်ကလည်း ဒီအရသာမျိုးပဲ၊ ဘာမှ မကွာခြားဘူး။” ဖန်ကျန်းရီသည် လက်ဖက်ရည်အိုးကို လက်ညှိုးထိုးကာ ပြောလိုက်ရာ ဘေးပတ်ပတ်လည်ရှိ လူများက သူ့ကို အထင်သေးသည့် အကြည့်များဖြင့် လှည့်ကြည့်ကြကုန်သည်။
ဘေးပတ်ဝန်းကျင်မှ အကြည့်များကို ခံစားလိုက်ရသဖြင့် လိုင်ကော်အာသည် မျက်နှာနီမြန်းသွားကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး... အသံနည်းနည်းတိုးပါ။ လေလုံးထွားတာလည်း အကန့်အသတ် ရှိရမယ်လေ”
“ငါ အဲဒီအရာနဲ့ ခြေထောက်တောင် မဆေးဘူး။”
ဖန်ကျန်းရီသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ “မင်း တကယ်လို့ ကြိုက်တယ်ဆိုရင် နောက်ကျရင် ငါ မင်းအတွက် ပိဿာ တစ်ရာလောက် ရှာပေးမယ်”
လိုင်ကော်အာသည် ပို၍ အရှက်ရလာသဖြင့် အတင်း တောင်းပန်တိုးလျှိုးရရှာ၏။ “အစ်ကိုကြီး... တော်ပါတော့... တော်ပါတော့...”
“ဟမ့်”
ဖန်ကျန်းရီသည် မျက်စောင်းထိုးကာ မေးလိုက်သည်။ “ပြောစမ်း... ဗိုက်ဝသွားရင် ဘာလုပ်ချင်သေးလဲ။ အစ်ကို ဒီနေ့ မင်းကို တစ်လောကလုံး စုံအောင် လိုက်ပြမယ်”
“ကျုပ်တို့မှာ အဲဒီလောက် ပိုက်ဆံ ရှိလို့လား” လိုင်ကော်အာသည် စိုးရိမ်တကြီး မေး၏။
“အဲဒါ မင်း ပူစရာမလိုပါဘူး၊ ငါ နည်းလမ်းရှာပါ့မယ်”
ဖန်ကျန်းရီသည် စိတ်ထဲကနေ တွက်ချက်လိုက်ရာ ငွေနှစ်တေလ်းဆိုလျှင် ဘာလုပ်လုပ် လောက်ငှသည်။ မြို့တော်မှာ မဟုတ်သဖြင့် မိမိ သုံးဖြုန်းသမျှ အရာအားလုံးသည် အကောင်းဆုံး ဖြစ်နေလိမ့်မည်။ ပတ်ဝန်းကျင် ပြောင်းလဲသွားသဖြင့် သုံးစွဲမှု အဆင့်အတန်းလည်း လျော့ကျသွားကာ ပိုက်ဆံ အများကြီး ကုန်ကျမည် မဟုတ်ချေ။
ဟင်းပွဲများ အားလုံး စုံလင်စွာ ရောက်ရှိလာသဖြင့် ဖန်ကျန်းရီသည် ဆိတ်သားတစ်ပွဲလုံးကို အိုးထဲသို့ သွန်ထည့်လိုက်ပြီး ပဲပြားတစ်ဝက်ကိုလည်း ထည့်လိုက်၏။
လိုင်ကော်အာသည် ခေါင်းကို ငုံ့ကာ အလေးအနက် စဉ်းစားနေပြီး ခေတ္တမျှ ကြာသည့်အခါ မျက်နှာနီမြန်းလျက် တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။ “ကျုပ်... ပြည့်တန်ဆာအိမ် သွားချင်တယ်...”
“အသံကျယ်ကျယ်ပြောစမ်း။ မကြားရဘူး။”
“ကျုပ်... ပြည့်တန်ဆာအိမ် သွားချင်တယ်လို့။”
ဤတစ်ကြိမ်တွင်တော့ သဲသဲကွဲကွဲ ကြားလိုက်ရသဖြင့် ဖန်ကျန်းရီသည် လိုင်ကော်အာအတွက် အသားတစ်လုပ်ကို အရင် ညှပ်ပေးလိုက်ပြီးနောက် ပြုံးစိစိဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။ “ဘာလဲ... မင်း အရင်က မရောက်ဖူးဘူးလား”
“ကျုပ်က ဘယ်လိုလုပ် သွားနိုင်မှာလဲ... ကြားဖူးတာကတော့ မိန်းမတစ်ယောက်နဲ့ အိပ်ရတာက ငါးကြင်းနဲ့ အာသာဖြေရတာထက် ပိုပြီး အရသာရှိတယ် တဲ့။”
ဟင်းများ ကျက်သွားသည်ကို မြင်သဖြင့် လိုင်ကော်အာသည် အငမ်းမရ စစားသောက်ရင်း စကားကို မပီမသ ပြောနေရှာသည်။
ဖန်ကျန်းရီသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ဆွံ့အသွားမိ၏။ တောက် … ဘယ်လို ဥပမာပါလိမ့်။
“ငါးကြင်းက ဘာမှ မဟုတ်ပါဘူး၊ သွားနုတ်ထားတဲ့ မြွေကို သုံးရတာမှ တကယ် အားရစရာ ကောင်းတာ”
လိုင်ကော်အာသည် အလွန်အမင်း ထိတ်လန့်သွားကာ ပါးစပ်ထဲက အသားများပင် ခွက်ထဲသို့ ပြုတ်ကျသွားခဲ့ရ၏။ ပြီးနောက် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး... ခင်ဗျား ကစားတာက တကယ်ကို ထူးဆန်းလွန်းတာပဲ။”
“ချီး … အစ်ကိုကြီးက သိက္ခာရှိတဲ့လူကွ၊ အဲဒီလိုမျိုး ကိစ္စတွေကို လုပ်မှာ မဟုတ်ဘူး။ မင်း ပြည့်တန်ဆာအိမ် သွားချင်တယ်ဆိုတော့လည်း အစ်ကို မင်းကို ခေါ်သွားပေးမယ်၊ ဒါပေမဲ့ နောက်တစ်ကြိမ်ကျမှပေါ့။ အခုတော့ ပိုက်ဆံ နည်းနည်း လိုသေးတယ်”
“အင်း... အစ်ကိုကြီးလည်း အသားစားအုံးလေ”
“မင်းပဲ စားပါ၊ ဒီအရာတွေကို ငါ စားရလွန်းလို့ ငြီးငွေ့နေပြီ၊ အသားများများစားရင် ရင်ပူတတ်တယ်”
အပိုင်း (၄၇၉) ဇိမ်ခံစားသောက်ဆိုင်သို့ သွားရောက်စားသောက်ခြင်း။
ရေချိုးခန်းအတွင်း၌ ရေခိုးရေငွေ့များ အုံ့ဆိုင်းနေ၏။
ဖန်ကျန်းရီသည် ရေကန်ထဲတွင် စိမ်နေရင်း တစ်ကိုယ်လုံး နုံးခွေနေကာ ဘေးနားရှိ လိုင်ကော်အာကတော့ တစ်စုံတစ်ခုကို တတွတ်တွတ် ပြောနေဆဲဖြစ်သည်။
သို့ပေမည့် တစ်ခွန်းမှ ဖန်ကျန်းရီ၏နားထဲ မဝင်ခဲ့ချေ။
ပန်းလွန်းလှသည်.. တကယ်ကို ပန်းလွန်းလှပေသည်။ အခုမှပဲ အနည်းငယ် အမောပြေသွားတော့သည်။
ဗိုက်ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြည့်အောင် စားထားပြီး ရေပူထဲတွင် စိမ်ကာ အမောအပန်း ဖြေလိုက်ရသဖြင့် နတ်ပြည် ရောက်သွားသကဲ့သို့ ခံစားနေရ၏။
ပျော်ရွှင်မှုဆိုတာ ဘာလဲ.. ဒါက ပျော်ရွှင်မှုပဲ။
ဖန်ကျန်းရီသည် မျက်လုံးကို မှိတ်ကာ ရေကန်ဘောင်ကို မှီလျက် အသက်ကို ပြင်းပြင်း ရှူသွင်းနေသည်။
ညံ့လွန်းတယ် .. ဒီနှစ်တွေထဲ ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်ဖို့ လစ်လျူရှုထားခဲ့မိတယ်။ ကိုယ်ခံစွမ်းအားက ဒီလောက်တောင် ကျဆင်းသွားရသလား။
အချိန်ရလျှင် သေချာ ပြန်လေ့ကျင့်ရမယ်။ ညီအစ်ကိုတွေအတွက် ဒီလို ထပ်ပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေရင် မျက်နှာပြစရာ ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ ငါ မိန်းမလည်း များများ ယူအုံးမှာ။
ခေါင်းထဲတွင် တဖြည်းဖြည်း ရှင်းလင်းလာပြီး လိုင်ကော်အာ၏ အသံကလည်း နားထဲတွင် တဖြည်းဖြည်း ကျယ်လောင်လာခဲ့၏။ “အစ်ကိုကြီး... ဘာတွေ ပြုံးနေတာလဲ”
ဖန်ကျန်းရီသည် နှုတ်ခမ်းထောင့်တွင် ပြုံးယောင်သန်းလျက် လိုင်ကော်အာကို ခေါင်းစောင်းကြည့်လိုက်သည်။ “အင်း... အစ်ကို ပန်းနေပြီ၊ ဒီတစ်ခေါက်တော့ ကိုယ့်ကိုယ်ကိုယ် အားလပ်ရက်ပေးပြီး ယူတိန့်မြို့ထဲမှာ ကောင်းကောင်း လျှောက်လည်ရမယ်”
ယူတိန့်မြို့က နေရာကောင်းတစ်ခု ဖြစ်ပြီး သူ တစ်ယောက်တည်းသာ ရှိနေခြင်း ဖြစ်၏။
လောလောဆယ် ဝူမင်းသားလည်း ထွက်ပြေးသွားလောက်ပြီဖြစ်ကာ ဟိုင်ယွမ်မြို့ဘက်တွင်လည်း ကြီးကြီးမားမား ပြဿနာ မရှိနိုင်တော့ချေ။
သူ တကယ်ကို ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ ဤနှစ်တွေတစ်လျှောက်လုံး မိသားစုကို တရွတ်တိုက်ဆွဲကာ ဟိုလူ့အတွက် တွေးပေး၊ ဒီလူ့အတွက် တွေးပေးနှင့် ရုန်းကန်ခဲ့ရသည် မဟုတ်ပါလား။
ယခုတော့ သူ တစ်ယောက်တည်းသာ ရှိတော့သဖြင့် ဤအခွင့်အရေးကို အသုံးချကာ ဘာမှ မတွေး၊ ဘာမှ မလုပ်ဘဲ အပန်းဖြေလိုက်သည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ရက်အနည်းငယ် ကြာလျှင် ကျိုးထျဲတို့ သူ့ကို ရှာတွေ့လောက်မည်ဟု ခန့်မှန်းရ၏။
လိုင်ကော်အာက စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်သွားပုံရကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး... အစ်ကိုက ထွက်သွားမလို့လား”
“အေး... မင်း အစ်ကိုနဲ့ လိုက်ချင်တယ်ဆိုရင်လည်း ပြဿနာမရှိဘူး၊ ဆုံတွေ့ရတာ ရေစက်ပဲ၊ အစ်ကို မင်းကို ချမ်းသာအောင် လုပ်ပေးမယ်”
“ဪ”
လိုင်ကော်အာက အသံပြုလိုက်ပြီး ခေါင်းငုံ့ကာ စကားဆက်မပြောတော့ချေ။
ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်သော်လည်း ဘာမှ ထပ်မပြောတော့ဘဲ ဆက်လက် ပက်လက်လှန် အနားယူနေလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက် သိကျွမ်းခဲ့သည်မှာ သိပ်မကြာသေးသလို သူ့ကို ခေါ်လာပြီး ထမင်းတစ်နပ် ရိုးရိုးရှင်းရှင်း ကျွေးရုံသာ ရှိသေးသည်။
ထို့အပြင် လိုင်ကော်အာက အသက်လည်း မကြီးသေးသဖြင့် မိမိ မွေးဖွားကြီးပြင်းခဲ့ရာ နေရာမှ ထွက်ခွာရန် လွယ်လွယ်နှင့် စဉ်းစားမည် မဟုတ်ချေ။ ဘယ်လို ရွေးချယ်ချင်သလဲဆိုသည်က သူ၏သဘောသာ ဖြစ်၏။
နောက်ထပ် မိနစ်ဆယ်ခန့် စိမ်ပြီးနောက် လိုင်ကော်အာသည် အနည်းငယ် အသက်ရှူကျပ်လာသလို ခံစား လိုက်ရ၏။ သူက ထရပ်ကာ ပြောလိုက်သည်။ “အစ်ကိုကြီး... ကျုပ် အစ်ကို့ကို ချေးတွန်းပေးမယ်”
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ရေကန်ဘောင်ကို မှောက်လျက် လှည့်ပေးလိုက်ရာ လိုင်ကော်အာက စတင်၍ ချေးတွန်းပေးတော့၏။
ဤသို့ ကိုယ်ကို လှည့်လိုက်သောအခါ လိုင်ကော်အာသည် ဖန်ကျန်းရီ၏ ကျောပြင်ကို လက်ညှိုးထိုးကာ အံ့သြတကြီး ပြောလိုက်သည်။ “အစ်ကိုကြီး... အစ်ကို့ ကျောမှာ စာလုံးတွေ ရှိတယ်၊ အစ်ကို အရင်က ပြဿနာတစ်ခုခု ရှာဖူးတာလား”
“ဗဟုသုတ မရှိလိုက်တာ... အဲဒါကို အမိမြေကို သစ္စာရှိရှိ အလုပ်အကျွေးပြုခြင်း လို့ ခေါ်တယ်ကွ”
ဖန်ကျန်းရီက ပျင်းရိပျင်းတွဲဖြင့် ပြန်ဖြေလိုက်၏။ “မြို့ထဲမှာ အကောင်းဆုံး စားသောက်ဆိုင်က ဘာနာမည်လဲ။ ငါတို့ ခဏနေ ဒုတိယပွဲ ဆက်ကြမယ်”
“ယွီဟွာစံအိမ် လို့ ခေါ်တယ်၊ အဲဒီနေရာက မသက်သာဘူးနော်။ ထမင်းတစ်နပ် စားတာကို ငွေအတော်ကုန်တယ်လို့ ကြားဖူးတယ်၊ ကျုပ်တော့ တွေးတောင် မတွေးရဲဘူး”
“မတွေးရဲဘူး ဟုတ်လား။ အစ်ကိုနဲ့ လိုက်ရင် မင်း မတွေးရဲတာ မရှိစေရဘူး၊ မင်း တွေးလို့ မမီတာပဲ ရှိမယ်”
“ဟီးဟီး... ကျေးဇူးပါ အစ်ကိုကြီး”
သိပ်မကြာခင်မှာပင် ဖန်ကျန်းရီသည် ချေးတွန်းပြီးသွားခဲ့၏။ အရေခွံတစ်လွှာ ကွာကျသွားသကဲ့သို့ ခံစားရပြီး တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသည်။
လိုင်ကော်အာက သူ့ကို တွန်းပေးခဲ့သဖြင့် သဘာဝကျစွာပင် သူကလည်း လိုင်ကော်အာကို ပြန်တွန်းပေးရမည်။
ဖန်ကျန်းရီသည် တွန်းပေးရင်း ရယ်မောကာ ပြောလိုက်သည်။ “ကော်အာရာ... မင်း မျက်နှာက တော်တော် ကြီးတာပဲ။ အစ်ကိုကြီးဖန် ကိုယ်တိုင် ချေးတွန်းပေးတာ မင်းက ပထမဆုံးပဲ”
မင်းသမီးကိုတောင် ငါ မတွန်းပေးဖူးဘူး၊ အခုတော့ မင်းလို သူတောင်းစားလေးကို တွန်းပေးနေရတယ်။
လိုင်ကော်အာမှာမူ ငတုံးလေးလို ရယ်မောနေတော့၏။
တွန်းရင်းတွန်းရင်းဖြင့် ဖန်ကျန်းရီ၏ မျက်နှာတွင် ရွံရှာသည့် အမူအရာ ပေါ်လာခဲ့သည်။ ထူထဲလှသော ချေးဖတ်များသည် ကြမ်းပြင်အနှံ့ ကျဆင်းနေခဲ့ပြီ ဖြစ်၏။
ဘက်လေးဘက်စလုံး အပြည့်အဝ တွန်းပေးပြီးနောက် နောက်ဆုံးတွင်တော့ ဖန်ကျန်းရီက လိုင်ကော်အာ၏ တင်ပါးကို ပုတ်ကာ ပြောလိုက်သည်။ “ထတော့... ရေစင်အောင် ဆေး၊ အဝတ်အစားသစ် လဲပြီး ယွီဟွာစံအိမ်ကို သွားကြမယ်”
...
ယွီဟွာစံအိမ်ရှေ့တွင် နှစ်ယောက်သား ဆိုင်းဘုတ်ကို မော့ကြည့်နေကြ၏။
အငယ်ဖြစ်သူမှာမူ ရင်ထဲတွင် လှိုင်းထန်နေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ တစ်နေ့နေ့တွင် ဤကဲ့သို့သော နေရာမျိုးသို့ လာရောက် သုံးဆောင်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ တွေးမကြည့်ဖူးခဲ့ချေ။
အကြီးဖြစ်သူမှာမူ တွေဝေနေ၏။ ဤယွီဟွာစံအိမ်၏ အပြင်အဆင်က သူ တွေးထားသည်နှင့် တော်တော်လေး ကွာခြားနေသည် မဟုတ်ပါလား။
သုံးထပ်တိုက်လေးဖြစ်ပြီး သိပ်မကြီးမားသော်လည်း သပ်ရပ်သေသပ်မှုကိုတော့ မဆုံးရှုံးစေပေ။ ထောင့်ပေါင်းစုံရှိ အလှဆင်မှုများက အလွန် သေသပ်ကျနကြောင်း မြင်တွေ့နိုင်၏။
အပြင်အဆင်က အလွန် ဇိမ်ကျလွန်းနေသည်။ မြို့တော်သို့ ယူသွားလျှင်ပင် လုံးဝ အောက်ကျမည် မဟုတ်ချေ။
သူ့အိတ်ကပ်ထဲရှိ ငွေတစ်တေလ်းကျော်လေးက လောက်ငှမည် မထင်သဖြင့် ဟင်းနှစ်ပွဲလောက်သာ မှာပြီး ဗိုက်ဖြည့်ရတော့မည်။
ငါ ဖန်ကျန်းရီမှာ ခြေတုန်လက်တုန် ဖြစ်ရတဲ့ နေ့တစ်နေ့ ရှိလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ဖန်ကျန်းရီသည် လိုင်ကော်အာကို ခေါ်ကာ အထဲသို့ ဝင်သွားလိုက်သည်။
တံခါးပေါက်သို့ ဝင်လိုက်သည်နှင့် ဧည့်ကြိုစားပွဲထိုးလေးက နွေးထွေးစွာ ကြိုဆိုလာ၏။ “လူကြီးမင်းတို့ နှစ်ယောက်က ဘယ်အိမ်တော်ကိုယ်စား စားပွဲလာမှာတာလဲ ခင်ဗျာ”
စကားဆုံးသည်နှင့် စားပွဲထိုးလေး၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားကာ သူတို့နှစ်ယောက်ကို အထက်အောက် သေချာစွာ အကဲခတ်ကြည့်လိုက်သည်။
ဖန်ကျန်းရီကလည်း ပုံမှန်မဟုတ်သည်ကို ရိပ်မိသွားပြီး သူ၏ အဝတ်အစားကို ငုံ့ကြည့်လိုက်၏။
ဒုံဖူဆီမှ လုယူလာသော အထုပ်ထဲတွင် ပါလာသည့် အဝတ်အစားများမှာ အိမ်စေနှင့် အစေခံများ ဝတ်ဆင်သော အဝတ်အစားများဖြစ်ပြီး အသားနှင့် အရောင်အသွေးကတော့ မဆိုးလှချေ။
သူတို့ကို အစေခံတွေလို့ ထင်သွားတာပဲ။
သူ့ဘက်ကတော့ ပုံမှန်လိုပင် ဖြစ်သော်လည်း ညစ်ပတ်နေသော ဖိနပ်ကို စီးထားရာ အောက်ခြေက ပေါက်နေသဖြင့် အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေ၏။
သို့ပေမည့် လိုင်ကော်အာမှာ မြက်ဖိနပ် စီးထားပြီး ခြေချောင်းများပင် ပေါ်နေသေးသည်။
စားပွဲထိုးလေးက လူပေါင်းများစွာနှင့် တွေ့ကြုံဖူးသူဖြစ်ရာ အထာကို ရိပ်မိသွားသည်မှာ ထင်ရှားသည်။
ဖန်ကျန်းရီက စားပွဲထိုးလေး၏ လက်ဖဝါးကို ဆွဲယူကာ ဖြန်းခနဲ ရိုက်ထည့်လိုက်၏။
“ဘာစကား ပြောနေတာလဲ... ငါတို့က ထမင်းလာစားတာ၊ ဒါ မင်းအတွက် ဆုချတာပဲ”
ပြောပြီးသည်နှင့် လိုင်ကော်အာကို ခေါ်ကာ အပေါ်ထပ်သို့ ခပ်သုတ်သုတ် တက်သွားသည်။
သူတို့နှစ်ယောက်၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ အောက်ထပ်ရှိ စားပွဲထိုးလေးက သတိမဝင်သေးဘဲ လက်ဖဝါးထဲရှိ ဝိုင်းစက်နေသော ကြေးပြားတစ်ပြားကို ကြည့်နေမိသည်။ ပြီးနောက် ခေါင်းမော့၍ ဒေါသတကြီး ဆဲဆိုလိုက်၏။ “ချီးပဲ... ကြေးပြားတစ်ပြားတည်းနဲ့ မင်းက ဘာတွေ လာကြွားနေတာလဲ”
အပေါ်ထပ်သို့ ရောက်သောအခါ ပြတင်းပေါက်နားရှိ နေရာတစ်ခုကို ရှာလိုက်သည်။
သူတို့နှစ်ယောက် ထိုင်လိုက်သည်နှင့် ဟင်းမှာယူရန် တာဝန်ကျသော စားပွဲထိုး ရောက်လာ၏။
သူတို့နှစ်ယောက်၏ အသွင်အပြင်ကို မြင်သောအခါ စားပွဲထိုးမှာ ကြောင်အမ်းသွားပြီး ဖန်ကျန်းရီကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ “အစ်ကိုတို့... ခင်ဗျားတို့ နှစ်ယောက် ဘယ်လို ဝင်လာတာလဲ”
ထိုစကားကို ကြားသောအခါ လိုင်ကော်အာ၏ မျက်နှာက ထပ်မံ နီမြန်းသွားပြန်၏။
“စကားများမနေနဲ့... ဟင်းမှာမယ်။ ရူယီငါးဝါဟင်းရည် တစ်ပွဲ၊ ကျင်းရှို့အရန်ဟင်းရှစ်မျိုး ကြက်ပေါင်း တစ်ပွဲ။ ထမင်းက အလကားပဲလား” ဖန်ကျန်းရီက စားပွဲထိုးကို ဂရုမစိုက်ဘဲ နံရံပေါ်ရှိ ဟင်းလျာစာရင်းကို ကြည့်ကာ အကောင်းစား ဟင်းနှစ်ပွဲကို တိုက်ရိုက် မှာလိုက်သည်။
စားပွဲထိုးမှာ မကျေမနပ် ဖြစ်သွား၏။ “ဒီဟင်းနှစ်ပွဲတည်းနဲ့တင် ငွေတစ်တေလ်း ကုန်မှာနော်”
ဖန်ကျန်းရီက စားပွဲပေါ်သို့ ငွေတစ်တေလ်းကို တန်းချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ငါ့ကို ကြည့်ရတာ ပိုက်ဆံမရှိတဲ့ ပုံပေါက်နေလို့လား။ မင်းမှာ မျက်စိ မပါဘူးလား။ ထမင်းက အလကားလား ၊ အလကား မဟုတ်ဘူးလား မေးနေတယ်”
“... အလကားပါ”
“ဟင်းကို နည်းနည်း ငန်ငန်လေး လုပ်ခဲ့၊ ပြီးတော့ ထမင်းဖြူ ဆယ်ပွဲ ထပ်ယူခဲ့”
“အာ... ဟုတ်ကဲ့”
“အခြေအနေကို နားလည်သားပဲ... ရော့... ဒါက ဆုချတာ” ဖန်ကျန်းရီက နောက်ထပ် ကြေးပြားတစ်ပြားကို ပစ်ပေးလိုက်ပြန်သည်။
ခွေးကောင်... ငမွဲကောင်။ ကြေးပြားတစ်ပြားနဲ့ ဘာလုပ်ရမှာလဲ။
စားပွဲထိုးက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ကြေးပြားတစ်ပြားကို ကိုင်၍ ထွက်သွားသည်။
လိုင်ကော်အာက မျက်နှာနီနီဖြင့် တိုးတိုးလေး ပြောလိုက်၏။ “အစ်ကိုကြီး... ကျုပ်တို့ နေရာပြောင်းရင် မကောင်းဘူးလား။ ဟင်းနှစ်ပွဲကို ငွေတစ်တေလ်းဆိုတာ လိမ်စားနေတာပဲ မဟုတ်ဘူးလား”
“တစ်တေလ်းဆိုတာ ဘာမှမဟုတ်ဘူး၊ မနက်ဖြန်ကျရင် အစ်ကို မင်းကို ပိုက်ဆံရှာဖို့ ခေါ်သွားမယ်၊ တစ်နပ်ကို ငွေဆယ်တေလ်းဆိုရင်တောင် ငါတို့ စားနိုင်တယ်”
လိုင်ကော်အာက ခေါင်းကို အပြင်းအထန် ညိတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “အစ်ကိုကြီး... ကျုပ်တော့ အခု အစ်ကိုကြီးကို တကယ် လေးစားသွားပြီ”
“ဘာကို လေးစားတာလဲ” ဖန်ကျန်းရီက ရယ်မောသွား၏။
“ပိုက်ဆံမရှိဘဲနဲ့ မာနကြီးနိုင်တာလေ... မြို့တော်မှာ အစ်ကိုကြီး အိမ်ရာတွေ အများကြီး ပိုင်တယ်ဆိုတာ အခုတော့ ကျုပ် တကယ် ယုံသွားပြီ”
လိုင်ကော်အာက ပြောပြီးသည်နှင့် ဟင်းလာချမည့်အချိန်ကို စောင့်မျှော်နေတော့၏။
ရုတ်တရက် ဖန်ကျန်းရီက ခေါင်းလှည့်ကာ သွားရည်ကျနေသော လိုင်ကော်အာကို တစ်ချက် ကြည့်လိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။ “ကော်အာရာ... ငါ မင်းကို ကိစ္စတစ်ခုလောက် အကူအညီတောင်းမယ်”
“နောက်နောင် ဒီလို အဆင့်မြင့်တဲ့ နေရာမျိုးကို လာရင် ခြေအိတ်လေး ဘာလေး စီးလို့ မရဘူးလား။ အဲဒီမှာ ထိုင်ပြီး ခြေချောင်းတွေကို ကုတ်မနေနဲ့လေ”
“ကျုပ် ယားနေလို့ပါ...”
“မင်းက အခု ငါနဲ့ အတူတူ သွားလာနေတာကွ”
လိုင်ကော်အာ မျက်နှာပျက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး စကားဆက်မပြောတော့ချေ။
မိနစ်အနည်းငယ် အကြာတွင် လှေကားထစ်ဆီမှ စားပွဲထိုးလေး၏ အော်သံ ထွက်ပေါ်လာ၏။
“ဒုတိယသခင်မလေး ရောက်ပါပြီ... အပေါ်ထပ်ကို ကြွပါ”