← Chapters

အခန်း (၄၈၂-၄၈၃)

Vol. 27 Ch. 482-483

အခန်း (၄၈၂-၄၈၃)

Vol. 27 Ch. 482-483

အပိုင်း (၄၈၂) အရှင်မင်းကြီး၏ ဒဏ်ရာ။

ဟင်းပွဲများ အားလုံးစုံလင်သွားသောအခါ လူနှစ်ယောက်သည် အရူးအမူး စတင် စားသောက်ကြတော့၏။

လိုင်ကော်အာလည်း ဟန်မဆောင်နိုင်တော့ချေ။

ဤအသက်အရွယ်ရောက်သည်အထိ ဤသို့သော ထိပ်တန်းအစားအစာများကို သူ မစားဖူးပေ။ ယနေ့တော့ အစ်ကိုကြီးနှင့် အတူ အစွမ်းကုန် လွေးရတော့မည်။

ပါးစပ်ကြီးဟကာ အားရပါးရ မြိုချနေမိသည်။

ယခင် ဆယ့်ခုနစ်နှစ်တာ လစ်လပ်နေခဲ့မှုကို ပြန်လည်ဖြည့်တင်းနေသည့်အလားပင်။

ဖန်ကျန်းရီကတော့ ယှဉ်ကြည့်လျှင် အနည်းငယ် ယဉ်ကျေးနေသေး၏။ ဟင်းတစ်ပွဲကို နှစ်လုပ်ခန့်သာ မြည်းသော်လည်း အမြန်နှုန်းကတော့ မနှေးချေ။

ချူယိုယီမှာ ကြည့်ရင်း ကြက်သေသေနေမိသည်။

“ငတ်ကြီးကျနေလိုက်တာ... လောကကြီးကို မြင်ဖူးတဲ့သူတွေလို့ ထင်နေတာ၊ ထမင်းမစားရတာ ရှစ်သက်လောက် ရှိတဲ့ သူတောင်းစားတွေနဲ့ ဘာလို့ တူနေရတာလဲ။ အိမ်ထိန်းဒုံက ဘယ်လိုလူတွေ ခေါ်ထားတာလဲ”

ရှင်းကျူက သူတို့နှစ်ယောက် လျှပ်စီးလက်သလို မြန်မြန်ဆန်ဆန် စားသောက်နေသည်ကို ကြည့်ရင်း အနည်းငယ် သွားရည်ကျလာမိ၏။

တိုးတိုးလေး ပြောလိုက်သည်။ “ဒီလောက်တောင် စားနိုင်တာဆိုတော့ ခွန်အားလည်း နည်းမှာ မဟုတ်ဘူး၊ အလုပ်လုပ်ရင်လည်း သွက်လက်မှာ သေချာတယ်”

မိနစ်နှစ်ဆယ်ကျော် ကြာပြီးနောက် သူတို့နှစ်ယောက်သည် ကျေနပ်သွားသည်အထိ စားသောက်ပြီးသွားကြ၏။

ဖန်ကျန်းရီက သွားကြားထိုးရင်း ပြောလိုက်သည်။ “အင်း... တော်တော်လေး အရသာရှိသားပဲ... ကျန်တာတွေ ထုပ်မယ်”

ဟန်ရေးပြနေတာပဲ... ဘေးနားက စားပွဲထိုးက တိတ်တဆိတ် ထပ်မံ အထင်သေးလိုက်ပြန်သည်။

ထုပ်ပိုးပြီးနောက် ချူယိုယီနှင့် ရှင်းကျူတို့ ပါးစပ်အဟောင်းသားဖြင့် မိမိတို့ဘက်သို့ ကြည့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြုံးလိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။ “သခင်မလေး ထမင်းကျွေးတာကို ကျေးဇူးတင်ပါတယ်။ အခွင့်အရေးရရင် ဒီထမင်းတစ်နပ်ကို ပြန်ကျွေးပါ့မယ်။ သွားခွင့်ပြုပါအုံး…။”

ချူယိုယီက အလျင်အမြန် မျက်ရိပ်ပြလိုက်ရာ ရှင်းကျူက ခပ်သုတ်သုတ် ရှေ့တိုးလာပြီး မေးလိုက်သည်။ “ရှင်တို့ ဘယ်သွားမလို့လဲ”

“အိမ်ပြန်မှာပေါ့၊ ဘယ်သွားရမှာလဲ”

လာပြီ၊ လာပြီ။

ဖန်ကျန်းရီက မျက်လုံးကို မှေးလိုက်ပြီး ရင်ထဲတွင် စတင် သတိထားလိုက်မိ၏။

ဒီကောင်မလေး နှစ်ယောက်က တကယ်ကို ရိုးရိုးသားသား မဟုတ်ဘူးပဲ။

“ရှင်တို့အိမ်က ဘယ်မှာလဲ”

“ကျန်းဟူ (သိုင်းလောက) ထဲမှာပေါ့”

“...”

ဤစကားတစ်ခွန်းကြောင့် ရှင်းကျူမှာ ဆွံ့အသွားပြီး နောက်တစ်ခွန်းကို မည်သို့ ဆက်ပြောရမှန်း မသိတော့ချေ။

လိုင်ကော်အာကတော့ စိတ်ကူးယဉ်နေမိသည်။

တကယ့် အစ်ကိုကြီးပဲ။ လမ်းမပေါ်မှာ အိပ်တာကိုတောင် ဒီလောက် ယဉ်ကျေးအောင် ပြောနိုင်တယ်။ ဒီလို အဆင့်အတန်းမျိုးရောက်ဖို့ ငါ အများကြီး လိုသေးတာပဲ။

သူတို့နှစ်ယောက် ပေါ့တီးပေါ့ပျက် လုပ်နေသည်ကို မြင်သောအခါ ရှင်းကျူ၏ မျက်နှာထား တင်းမာသွား၏။ “လျှောက်ပြောမနေကြနဲ့တော့။ ရှင်တို့နှစ်ယောက်က ဒုတိယသခင်မလေးကိုတောင် မသိဘဲ သူ့ရှေ့မှာ ရိုင်းစိုင်းရဲသေးတယ်။ ချူအိမ်တော်ကနေ မောင်းထုတ်ခံချင်နေတာလား”

“ခင်ဗျား လျှောက်မ ....” လိုင်ကော်အာ စကားပြောရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက သူ့ပါးစပ်ကို ပိတ်လိုက်သည်။

ဖန်ကျန်းရီ၏ အကြည့်က ချူယိုယီထံသို့ ထပ်မံ ရောက်ရှိသွားပြန်၏။

ချူအိမ်တော်... ဒုံဖူ ပြောတဲ့ ချူအိမ်တော်များလား။

ငါက ချူအိမ်တော်ရဲ့ အစေခံလို့ အထင်ခံရတာလား။ ဒါပေမဲ့ ဒီအဝတ်အစားက သာမန် အစေခံတွေ ဝတ်တဲ့ အဝတ်အစားလေ၊ ဘယ်နေရာမှာမဆို မြင်တွေ့နိုင်တာပဲ။ ဘယ်လိုလုပ် သိတာလဲ။

ဖန်ကျန်းရီက ရှင်းကျူကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။ “ငါတို့က ချူအိမ်တော်ရဲ့ အစေခံတွေဆိုတာ မင်း ဘယ်လို သိတာလဲ”

“စကားပိုတွေ... ရှင်တို့ အဝတ်အစားရဲ့ အသားနဲ့ ကော်လာပုံစံက ချူအိမ်တော်မှာပဲ ရှိတာလေ။ အိမ်ထိန်းဒုံက ရှင်တို့ကို မပြောပြဘူးလား”

“... ဒုတိယသခင်မလေးရဲ့ ထမင်းကျွေးမွေးမှုကို ကျေးဇူးတင်ပါတယ်။ ကျုပ် မျက်စိမပါလို့ပါ၊ ချူဒုတိယ သခင်မလေးကို ဂါရဝပြုပါတယ်” ဖန်ကျန်းရီက အသံပြဲကြီးဖြင့် အော်ဟစ်လိုက်၏။

တစ်ခန်းလုံးရှိ စားသုံးသူများ အားလုံးက လှည့်ကြည့်လာကြသည်။

ချူယိုယီ၏ လှပသော မျက်နှာလေး တောင့်တင်းသွား၏။

ဒီလူက ဒီလောက် အသံကျယ်ကြီးနဲ့ အော်နေတာ၊ တစ်ထပ်လုံးက လူတွေ ငါ သူ့ကို ထမင်းကျွေးမှန်း သိကုန်တော့မှာပေါ့။ အိမ်ပြန်ရောက်ရင် သူ့စာရင်းထဲဘယ်လိုလုပ် ထည့်လို့ရတော့မလဲ။

ရှင်းကျူလည်း လန့်သွားပြီး အံ့သြတကြီး မေးလိုက်သည်။ “ရှင် ဘာလို့ အော်နေတာလဲ”

ဖန်ကျန်းရီက ရင်ထဲတွင် လှောင်ပြုံးပြုံးလိုက်၏။

ဘာလို့ အော်ရမှာလဲ... မင်းတို့ရဲ့ အပြစ်ရှာမယ့် ပုံစံကို ကြည့်ရတာ ငါသာ မအော်ရင် ထမင်းဖိုးက ငါ့ခေါင်းပေါ် ကျလာမှာပေါ့။

“ကျုပ် ဒုတိယသခင်မလေးကို ပထမဆုံး မြင်ဖူးတာဆိုတော့ အရမ်း စိတ်လှုပ်ရှားသွားလို့ပါ။ ဒုတိယ သခင်မလေးက လှလည်းလှသလို စိတ်ထားလည်း ကောင်းတယ်၊ ကျုပ်ကိုတောင် ထမင်းကျွေးသေးတယ်ဆိုတော့ ရမ်း ဝမ်းသာမိပါတယ်... အင်း... သခင်မလေး၊ နာမည် ဘယ်လိုခေါ်လဲ”

ရှင်းကျူက မျက်နှာထား အေးစက်သွား၏။ “... နှုတ်ရဲလှချည်လား။ ရှင်တို့နှစ်ယောက် နာမည်က ဘာလဲ”

“သခင်မလေး မင်္ဂလာပါ... ကျုပ် နာမည်က ဖန်ထန်ကျင့်၊ သူ့နာမည်က လိုင်ဖူပါ”

“အင်း... ပစ္စည်းတွေ သိမ်းပြီး ကျွန်မတို့နဲ့အတူ အိမ်ပြန်လိုက်ခဲ့”

ပြောပြီးသည်နှင့် ရှင်းကျူက ချူယိုယီထံ ပြန်သွားကာ တိုးတိုးလေး ပြောလိုက်ပြီးနောက် သူတို့နှစ်ယောက်လုံး အောက်ထပ်သို့ ဆင်းသွားကြ၏။

ဖန်ကျန်းရီနှင့် လိုင်ကော်အာတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။

လိုင်ကော်အာက မေးလိုက်၏။ “အစ်ကိုကြီး... ဘာအခြေအနေလဲ”

“အဲဒီ အဝတ်အစားက ငါ လုလာတာလေ၊ သူက ငါတို့နှစ်ယောက်ကို သူတို့အစေခံတွေလို့ ထင်သွားတာ။ အသစ်ခေါ်ထားတဲ့ အစေခံတွေလို့ ထင်နေတာ...”

“လုလာတာ... အစ်ကိုကြီး၊ တောင်းလာတာလို့ ပြောထားတာ မဟုတ်ဘူးလား” လိုင်ကော်အာမှာ မျက်နှာပျက်သွားရှာသည်။

အစ်ကိုကြီးက တကယ် ပြဿနာရှာထားတာပဲ။ ဒါကြောင့်လည်း ကျောမှာ စာလုံး ထိုးခံထားရတာကိုး။

“တောင်းစားတာပါပဲ … အစ်ကိုကြီး စိတ်က နည်းနည်း လောသွားလို့ပါ”

“ဒါဆို အခု ဘယ်လိုလုပ်မလဲ”

“ဘယ်လိုလုပ်ရမလဲ”

ဖန်ကျန်းရီက မျက်လုံးမှိတ်လိုက်၏။ “မကြောက်နဲ့၊ ဒါတွေ အကုန်လုံးက အစ်ကိုကြီး ကြိုတင် စီစဉ်ထားတာတွေချည်းပဲ။ မင်းအတွက် အလုပ်ရှာပေးတာလေ၊ မင်း ချူအိမ်တော်မှာ အစေခံ သွားလုပ်လိုက်၊ နောက်နောင် အပြင်မှာ တောင်းစားစရာ မလိုတော့ဘူးပေါ့”

“အဲဒီ အိမ်ထိန်းက ငါတို့နှစ်ယောက်ကို မသိပါဘူး … မင်း စိတ်ချ၊ အဲဒီရောက်ရင် အစ်ကို့ အစီအစဉ်အတိုင်းသာ အကုန်လုပ်။ ဘာပြဿနာပေါ်ပေါ် အစ်ကို ဖြေရှင်းပေးမယ်”

ချူအိမ်တော်ရဲ့ အစေခံ... အခွင့်အရေးက အရမ်းကောင်းတာပဲ၊ ချူအိမ်တော်ရဲ့ သခင်မလေးက လှလည်းလှသလို စိတ်ထားလည်း ကောင်းတယ်ဆိုတော့ ထမင်းစားဖို့ ပူစရာမလိုတော့ဘူး။

အစ်ကိုကြီးရဲ့ သရုပ်ဆောင် အရည်အချင်းက ထိပ်တန်းဆိုတော့ သေချာပေါက် ပေါ်မှာ မဟုတ်ဘူး။

တွေးရင်းတွေးရင်းဖြင့် လိုင်ကော်အာ၏ အသက်ရှူသံများ ပြင်းပြလာ၏။ “အစ်ကိုကြီး... အစ်ကိုကြီး စီစဉ်တဲ့အတိုင်း လုပ်ပါ့မယ်”

...

မြို့တော်၊ ညအချိန်။

နွေးထွေးသော အခန်းလေးထဲတွင် အလွန်အမင်း ပူအိုက်နေပြီး အချိန်ကြာလာသည်နှင့်အမျှ နဖူးတွင် ချွေးစေးများပင် ထွက်လာသည်။

ကျင်းဧကရာဇ်က စာဖတ်နေဆဲဖြစ်ပြီး ရံဖန်ရံခါ ချောင်းဆိုးသံများ ထွက်ပေါ်လာ၏။

ထိုအချိန်တွင် ကော်ထျန်းယန်က လူများကို ခေါ်ဆောင်လာပြီး လေးစားစွာ ပြောလိုက်သည်။ “အရှင်မင်းကြီး... ဆေးထည့်ရမယ့် အချိန်ရောက်ပါပြီ”

“အင်း”

ကျင်းဧကရာဇ်က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ခြေလှမ်းယိုင်နဲ့နဲ့ဖြင့် ရှေ့သို့ နှစ်လှမ်းခန့် တိုးကာ လက်နှစ်ဖက် ကို ဆန့်တန်းပေးလိုက်၏။

ကော်ထျန်းယန်က အလျင်အမြန် ရှေ့တိုးလာပြီး အဝတ်အစားများကို ကူညီချွတ်ပေးလိုက်ရာ အပေါ်ဝတ်ရုံ ကျွတ်သွား၏။

ကျင်းဧကရာဇ်၏ ပခုံးပေါ်ရှိ ဒဏ်ရာနေရာမှ ဆိုးရွားသော အနံ့တစ်ခု ထွက်ပေါ်လာသည်။

သမားတော်က အလျင်အမြန် ရှေ့တိုးလာပြီး ဒဏ်ရာကို သန့်စင်ပေးကာ ဆေးသစ် လဲပေးလိုက်၏။

သူက ဒဏ်ရာကို တစ်ချက်ကြည့်လိုက်ရာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး လည်ချောင်းက အနည်းငယ် တင်းကျပ်သွားသည်။

ထို့နောက် ဆေးရည်တစ်ခွက်ကို ယူဆောင်လာ၏။ “အရှင်မင်းကြီး... ဆေးသုံးဆောင်တော်မူပါ”

ဆေးကို ကော်ထျန်းယန်က ကြိုတင်၍ မြည်းစမ်းထားပြီး ဖြစ်သည်။

ကျင်းဧကရာဇ်က တစ်ကျိုက်တည်း မော့သောက်လိုက်ရာ မျက်မှောင် အနည်းငယ် ကုတ်သွား၏။ ဤဆေးက သာမန် ခါးသက်မှုမျိုး မဟုတ်ကြောင်း ထင်ရှား၏။

“အင်း... ထွက်သွားတော့”

သမားတော် ထွက်သွားပြီးနောက် ကော်ထျန်းယန်က နွေးထွေးသော အခန်းလေးထဲသို့ ကမန်းကတန်း ပြေးဝင်လာပြီး ဂရုတစိုက် မေးလိုက်၏။ “အရှင်မင်းကြီး... ကျန်းမာရေး အခြေအနေ ဘယ်လိုရှိပါသလဲ”

ကျင်းဧကရာဇ်က ခေါင်းခါလိုက်သည်။ “ဘာဖြစ်လို့လဲ မသိဘူး၊ တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာသလို ခံစားရတယ်”

“ဒဏ်ရာက အခုထိ မကျက်သေးတဲ့အပြင် ပြည်တည်လာသေးတယ်၊ တကယ်ကို ထူးဆန်းတာပဲ”

“အခန်းက အရမ်း ပူနေလို့များလား၊ ကိုယ်တော် တော်တော်လေး ပင်ပန်းနေသလို ခံစားရတယ်၊ နည်းနည်း အေးတဲ့ နေရာကို ပြောင်းရင် မကောင်းဘူးလား”

“အရှင်မင်းကြီး... မဖြစ်ပါဘူး။ အရှင်မင်းကြီးက အခု ခန္ဓာကိုယ် အားနည်းနေတာဆိုတော့ နွေးနွေးထွေးထွေး နေမှ ဖြစ်မှာပေါ့။ တကယ်လို့ အအေးမိသွားရင် ခန္ဓာကိုယ်ကို ပိုပြီး ထိခိုက်သွားမှာပေါ့။ ကျွန်တော်မျိုး လူတွေကို မီးပိုမွေးခိုင်းလိုက်ပါ့မယ်၊ အရှင်မင်းကြီး ချွေးထွက်သွားရင် ကောင်းသွားနိုင်ပါတယ်” ကော်ထျန်းယန်က စေတနာဖြင့် အကြံပြုလိုက်၏။

ကျင်းဧကရာဇ်က ပြန်ထိုင်လိုက်ပြီး အသနားခံလွှာကို ယူလိုက်သော်လည်း ခေါင်းထဲတွင် ရှုပ်ထွေးနေသဖြင့် ဘေးသို့ ပြန်ချထားလိုက်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ။ အပြင်ဒဏ်ရာက ချွေးထုတ်စရာ လိုလို့လား၊ ကိုယ်တော် ပူလွန်းလို့ သေတော့မယ်။ အမတ်ဖန်ဘက်က ဘယ်လိုလဲ။ သတင်း ရပြီလား”

“ကျွန်တော်မျိုး လူတွေကို ရှစ်ရာမိုင်နှုန်းနဲ့ အမြန်လွှတ်ထားပါတယ်၊ ဒီနှစ်ရက်အတွင်း သတင်းပြန်ရလောက်ပါပြီ” ကော်ထျန်းယန်က ကျင်းဧကရာဇ်၏ ပခုံးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေဆဲ ဖြစ်သည်။

ကျင်းဧကရာဇ် ဤကဲ့သို့ အားနည်းနေသည်ကို သူ အလွန် ရှားရှားပါးပါး မြင်တွေ့ဖူးခြင်းဖြစ်သည်။ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားနေရ၏။

“သတင်းရရင် ကိုယ်တော့်ဆီကို အမြန်ဆုံး လာခိုင်းလိုက်။ စတုတ္ထညီတော် က အမတ်ဖန်ကို ဖမ်းချင်နေတာ၊ ကိုယ်တော် စိတ်ပူတယ်။ ဒါနဲ့ မနက်ဖြန် ညီလာခံ မထွက်ဘူး။ အိမ်ရှေ့စံ လာနှုတ်ဆက်ရင်လည်း အတွေ့မခံနဲ့၊ သူ မြင်သွားရင်... ဟွတ်... စိတ်ပူနေမှာစိုးလို့။ ကိုယ်တော်... ကိုယ်တော် တစ်ရက်လောက် နားလိုက်အုံးမယ်...”

“ကျွန်တော်မျိုး အခုပဲ လူလွှတ်ပြီး အကြောင်းကြားလိုက်ပါ့မယ် အရှင်မင်းကြီး... အရှင်မင်းကြီး... အရှင်မင်းကြီး” ကော်ထျန်းယန် ကြောင်အမ်းသွားစဉ်မှာပင် ကျင်းဧကရာဇ်က စားပွဲပေါ်တွင် မှောက်လျက် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ မျက်လုံးများထဲတွင် သနားကြင်နာမှုများ အလိုလို ထွက်ပေါ်လာ၏။

အရှင်မင်းကြီး ငယ်စဉ်က မည်မျှ ရဲစွမ်းသတ္တိ ရှိခဲ့သနည်း၊ ဓားနှင့် အခုတ်ခံခဲ့ရသည်ဆိုလျှင်တောင် ဤမျှ အားမနည်းခဲ့ပေ။ ယခု ဓားမြှောင်နှင့် တစ်ချက် အထိုးခံရလိုက်သည်ကို အားနည်းသွားရသည်လား။

ကော်ထျန်းယန်က အလျင်အမြန် ရှေ့တိုးလာပြီး ကျင်းဧကရာဇ်ကို ထူမကာ ကုတင်ပေါ်သို့ ဖြည်းညှင်းစွာ တင်ပေးလိုက်၏။

နေရာချပြီးနောက် နန်းတွင်းအစေခံများကို အမိန့်ပေးလိုက်သည်။ “မြန်မြန်... စောင်နှစ်ထည်လောက် ယူခဲ့၊ အရှင်မင်းကြီး အအေးမိသွားမယ်”

အပိုင်း (၄၈၃) ကျင်းဘုရင်မင်းမြတ် အသည်းအသန် ဖျားနာခြင်း။

ညတစ်ည ကုန်လွန်သွားပြီးနောက် ကော်ထျန်းယန်သည် ကျင်းဘုရင်မင်းမြတ်၏ ဘေးတွင် တစ်ညလုံး ထိုင်၍ စောင့်ရှောက်နေခဲ့၏။

သန်းခေါင်ယံအချိန်တွင် တစ်ခါတစ်ရံ နိုးလာပြီး အရှင်မင်းကြီး ဘာမှမဖြစ်သည်ကို မြင်ရမှသာ သက်ပြင်းချကာ ဆက်လက် အနားယူနိုင်ခဲ့သည်။

နေရောင်ခြည်သည် နွေးထွေးသော အခန်းလေးထဲသို့ ဖြာကျလာချိန်တွင် ကော်ထျန်းယန်သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

အခန်းထဲတွင် အရမ်းပူနေသဖြင့် ဤတစ်ရေးအိပ်ရာတွင် စောင်မခြုံထားသော်လည်း ချွေးများ ရွှဲနစ်နေခဲ့သည်။

အင်္ကျီစကို အနည်းငယ် ဖြေလျှော့ပြီး လည်ပင်းကို နှစ်ချက်ခန့် နှိပ်နယ်လိုက်ပြီးနောက် ကော်ထျန်းယန်သည် ကျင်းဘုရင်မင်းမြတ်ဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိ၏။

အေးချမ်းစွာ အိပ်ပျော်နေသည်ကို မြင်မှသာ ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားသည်။

အပြင်ဘက်သို့ ကြည့်လိုက်ရာ နံနက်ခင်း ညီလာခံ ကျင်းပရမည့် အချိန်ကို ကျော်လွန်နေပြီဖြစ်သဖြင့် ရင်ထဲတွင် ထပ်မံ ပူပန်လာမိပြန်၏။

နံနက်ခင်း ညီလာခံ မနားခဲ့ရသည်မှာ ဘယ်နှစ်နှစ်ရှိပြီလဲဆိုတာကို သူပင် မမှတ်မိတော့ချေ။

ဤတစ်ရက် နားလိုက်သည်ကို မှူးမတ်များကြားတွင် တိတ်တဆိတ် မည်သို့ပြောဆိုနေကြမည်နည်း မသိနိုင်ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် အရှင်မင်းကြီး ကျန်းမာရေး မကောင်းသည်ကို လူအချို့ ရိပ်မိနေခဲ့ကြပြီဖြစ်ရာ ကောလာဟလများ ထွက်ပေါ်လာလျှင် မည်သို့လုပ်မည်နည်း။

တွေးရင်းတွေးရင်းဖြင့် ရင်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ထပ်တိုးလာပြန်၏။

ဘေးဘီဝဲယာသို့ ကြည့်လိုက်ရာ ဤဘက်သို့ တည့်တည့်ကြည့်နေသူ မရှိသည်ကို တွေ့ရသည်။

ကော်ထျန်းယန်သည် သတိထား၍ ကျင်းဘုရင်မင်းမြတ်၏ နဖူးပေါ်သို့ လက်ချောင်းလေးဖြင့် စမ်းကြည့်လိုက်၏။

လက်ချောင်းနှင့် နဖူး ထိမိသည့် အခိုက်အတန့်တွင်ပင် ကော်ထျန်းယန်၏ မျက်နှာသည် ရုတ်တရက် ဖြူလျော်သွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် အလန့်တကြား အော်ဟစ်လိုက်သည်။

“မော်ချွမ်... မော်ချွမ်... သမားတော်ကို မြန်မြန်သွားခေါ်ချေ၊ မြန်မြန်သွား”

ပူနေသည်... ကျင်းဘုရင်မင်းမြတ်၏ နဖူးသည် ပုံမှန်မဟုတ်ဘဲ ပူကျစ်နေပြီး အဖျားကြီးနေကြောင်း ထင်ရှား၏။

အဖျားကြီးခြင်းသည် လူကို သေစေနိုင်သည်။ တာ့ကျင်းအင်ပါယာတွင် အဖျားကြီး၍ သေဆုံးနှုန်းကလည်း မနည်းလှချေ။

ကော်ထျန်းယန်သည် ပြဿနာ၏ ကြီးလေးမှုကို သဘောပေါက်သွားသည်မှာ ထင်ရှားပြီး ကျင်းဘုရင်မင်းမြတ်အား ဆက်တိုက် အော်ခေါ်နေတော့၏။

“အရှင်မင်းကြီး... နိုးတော်မူပါ၊ အိပ်နေလို့ မဖြစ်တော့ဘူး၊ ညီလာခံ တက်ရမယ့် အချိန်ရောက်နေပါပြီ”

ညီလာခံ တက်ရမယ် ဟုတ်လား။

ကျင်းဘုရင်မင်းမြတ်သည် တစ်စုံတစ်ယောက်က မိမိအား ညီလာခံတက်ရန် ခေါ်နေသည်ကို ဝေဝေဝါးဝါး ကြားလိုက်ရသည်။

မျက်ခွံများကို ဖွင့်နိုင်ရန် အတင်း ရုန်းကန်လိုက်သော်လည်း ချက်ချင်း ပြန်လည် ပိတ်ကျသွားခဲ့၏။

ဤအခြေအနေကို မြင်သောအခါ ကော်ထျန်းယန်၏ ရင်ထဲတွင် ပြင်းထန်စွာ ဆွဲညှစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

နန်းတွင်းအစေခံမလေးများကို ဒေါသတကြီး အော်ဟစ်လိုက်၏။

“မြန်မြန်... မြန်မြန်လုပ်ကြ၊ စောင်နှစ်ထည်လောက် ထပ်ယူခဲ့ကြ။

အရှင်မင်းကြီး... သတိထားတော်မူပါ၊ ချွေးထွက်သွားရင် ကောင်းသွားမှာပါ။ ချွေးထွက်သွားရင် ကောင်းသွားမှာပါ”

သမားတော် ကမန်းကတန်း ရောက်လာချိန်တွင်တော့ ကျင်းဘုရင်မင်းမြတ်၏ ကိုယ်ပေါ်တွင် စောင်လေးထည် တိတိ ခြုံထားပြီးဖြစ်နေသည်။

သမားတော်ဟူသည် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်သွားသည်။ ချက်ချင်းပင် အော်ဟစ်လိုက်၏။ “အမလေး... ကုန်းကုန်းကော်၊ စောင်တွေ ဒီလောက်အများကြီး ခြုံထားရင် လူကောင်းတောင် အသက်ရှူကျပ်ပြီး သေသွားလိမ့်မယ်။ မြန်မြန် ဖယ်လိုက်ပါ၊ မြန်မြန် ဖယ်လိုက်ပါ”

ကော်ထျန်းယန်သည် မျက်နှာတစ်ခုလုံး ဒေါသများ ပြည့်နှက်နေပြီး စူးရှသောအသံဖြင့် ပြောလိုက်သည်။

“အရှင်မင်းကြီးက အဖျားကြီးနေတာ၊ ချွေးထွက်အောင် အတင်းခြုံထားမှ ရမှာပေါ့။ ကျုပ်က ငယ်ငယ်တည်းကနေ ကြီးတဲ့အထိ အဖျားဘယ်နှစ်ခါ တက်ဖူးလဲဆိုတာ ခင်ဗျားထက် ပိုသိတယ်။

ခင်ဗျားက ဘာကြောင်ကြည့်နေတာလဲ၊ အရှင်မင်းကြီးကို မြန်မြန် စမ်းသပ်လေ”

ခွေးသမားတော် .. ငါ့ကို မင်းထက် ပိုမသိဘူးလို့ ထင်နေတာလား။

အရှင်မင်းကြီးကို မင်း ကုသနေတာ ဘယ်နှစ်ရက်ရှိပြီလဲ။ ဒဏ်ရာ သေးသေးလေးက ကုလေ ပိုဆိုးလေ ဖြစ်နေတာ။

“ဒါ... ဒါဆို ကျုပ် ဘာကို စမ်းသပ်ရမှာလဲ။ အရင်ဆုံး စောင်ကို ဖယ်လိုက်အုံး … အရှင်မင်းကြီးရဲ့ ဒဏ်ရာကို ကျုပ် ကြည့်ရမယ်” သမားတော်ဟူလည်း စိတ်လောသွား၏။

တကယ် အကျပ်ရိုက်နေပြီ။ ဒီလောက်ထူတဲ့ စောင်ကြီးကို ခြုံထားရင် အသက်တောင် ရှူလို့မဝဘဲ သေသွားနိုင်တယ်။

“သွေးခုန်နှုန်း စမ်းလေ... မြန်မြန် သွေးခုန်နှုန်း စမ်း” ကော်ထျန်းယန်က ဆက်တိုက် သတိပေးလိုက်သည်။

“သွေး... သွေး... သွေးခုန်နှုန်း စမ်းရမယ်” သမားတော်ဟူမှာ သူ့အလောတကြီး တိုက်တွန်းမှုကြောင့် ဇဝေဇဝါဖြစ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။

ကော်ထျန်းယန်က ဒေါသတကြီးဖြင့် ကျင်းဘုရင်မင်းမြတ်၏ လက်ကောက်ဝတ်ကို ဆွဲယူကာ ပြောလိုက်သည်။

“ဒီအတိုင်း စမ်းလေ... ခင်ဗျား ဘာတွေ လျှောက်လုပ်နေတာလဲ”

“ဒီ... ဒီလိုမျိုး လူမမာ ကြည့်ရိုးထုံးစံ မရှိဘူးလေ။ ကုန်းကုန်းကော်... ခင်ဗျား မြန်မြန် ဖယ်လိုက်ပါ၊ စောင်ကို လှန်လိုက်ပါ”

“မဖြစ်ဘူး... လှန်လိုက်ရင် အအေးပတ်သွားလိမ့်မယ်၊ ချွေးက မထွက်သေးဘူးလေ၊ ခင်ဗျား နားမလည်ဘူးလား”

“...”

ပညာတတ်နဲ့ စစ်သား တွေ့ရင် မှန်နေရင်တောင် ရှင်းပြလို့မရဘူး ဆိုတာမျိုး ဖြစ်နေပြီ။

ကံကောင်းထောက်မစွာဖြင့် သမားတော်ဟူ၏ ကျွမ်းကျင်မှု အရည်အသွေးက လုံလောက်သဖြင့် ရှေ့တိုးကာ ကျင်းဘုရင်မင်းမြတ်၏ စောင်ကို အတင်းလှန်ရန် ကြိုးစားတော့၏။

“ပူတယ်... ပူတယ်...”

ကျင်းဘုရင်မင်းမြတ်က မျက်လုံးမှိတ်ထားလျက် ပါးစပ်မှ မပီမသ စကားအချို့ ထွက်ကျလာသည်။

ကော်ထျန်းယန်က ကမန်းကတန်း ရှေ့သို့ မှောက်ချလိုက်ပြီး အဆက်မပြတ် နှစ်သိမ့်ပေးနေ၏။

“အရှင်မင်းကြီး... ချွေးထွက်သွားရင် ကောင်းသွားမှာပါ၊ ချွေးထွက်သွားရင် ကောင်းသွားမှာပါ၊ နည်းနည်းလောက် ထပ်သည်းခံတော်မူပါအုံး။”

“ကုန်းကုန်း... စောင်ထောင့်လေးကို လှန်လိုက်ပါ၊ အရှင်မင်းကြီးရဲ့ ဒဏ်ရာကို ကျုပ် ကြည့်ပါရစေ၊ ဒါမှ ကျုပ် ဆေး ပေးလို့ ရမှာ”

သမားတော်ဟူက မနေနိုင်ဘဲ ဒေါသတကြီး ပြောလိုက်၏။

တကယ်ပဲ ဤမိန်းမလျာစုတ်ကို အရှုံးပေးရတော့မည်။ အကုန်လျှောက်၍ ရမ်းသမ်းလုပ်နေသည်။

ကော်ထျန်းယန်လည်း စိတ်လောနေပြီး ဆေးပေးမည်ဟု ကြားသောအခါ စောင်ကို ကမန်းကတန်း လှန်ရန် ပြင်လိုက်သည်။

လက်လှမ်းလိုက်စဉ်မှာပင် တံခါးအပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာ၏။

“အိမ်ရှေ့စံ ရောက်ပါပြီ”

ကော်ထျန်းယန်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး သမားတော်ဟူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ခင်ဗျား... ခင်ဗျား အရင်ဆုံး အရှင်မင်းကြီးကို ကြည့်ထား၊ ကျုပ် အိမ်ရှေ့စံကို သွားတွေ့လိုက်အုံးမယ်”

တံခါးအပြင်ဘက်သို့ ပြေးထွက်သွားရာ တံခါးဝရှိ သက်တော်စောင့်များက အိမ်ရှေ့စံကို တားဆီးထားဆဲ ဖြစ်သည်။

လီယွမ်ကျောက်က ခါးထောက်ကာ ဒေါသတကြီး ဆဲဆိုနေ၏။ “မင်းတို့ ခွေးကောင်နှစ်ကောင် ဖယ်မပေး သေးဘူးလား”

“အိမ်ရှေ့စံ... အိမ်ရှေ့စံ...” ကော်ထျန်းယန်က လီယွမ်ကျောက်၏ အရှေ့သို့ ကမန်းကတန်း ပြေးလာပြီး ချွေးသံရွှဲနစ်စွာဖြင့် ပြောလိုက်သည်။

“အိမ်ရှေ့စံ... အရှင်မင်းကြီးက တိုင်းရေးပြည်ရာ ကိစ္စတွေနဲ့ အလုပ်များနေလို့ အိမ်ရှေ့စံကို တွေ့ဖို့ အချိန်မရှိပါဘူး၊ အိမ်ရှေ့စံ ပြန်ကြွပါတော့”

လီယွမ်ကျောက်က အထက်အောက် တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်၏။

“အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။

ခမည်းတော်က တိုင်းရေးပြည်ရာ ကိစ္စတွေနဲ့ အလုပ်များနေလို့ ကျုပ်ကို မတွေ့ဘူးလို့ ဘယ်တုန်းက ပြောဖူးလို့လဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညီလာခံမှာ သူ့ကို တွေ့တုန်းတည်းက ပုံမှန်မဟုတ်ဘူး၊ နှုတ်ခမ်းတွေ ဖြူလျော်နေပြီး လမ်းလျှောက်တာလည်း အားမရှိဘူး။ ဒီနေ့ဆိုရင် ညီလာခံတောင် မထွက်တော့ဘူး။ ခမည်းတော်ရဲ့ ခန္ဓာကိုယ်မှာ ပြဿနာ တစ်ခုခု ဖြစ်နေပြီ မဟုတ်လား။ ကျုပ်ကို အထဲဝင်ကြည့်ခွင့်ပေးစမ်း”

“မဟုတ်ပါဘူး... မဟုတ်ရပါဘူး အိမ်ရှေ့စံ။ အရှင်မင်းကြီးက ပင်ပန်းနေလို့ အိပ်ပျော်နေတာပါ”

ကော်ထျန်းယန်၏ ရင်ထဲတွင် ငိုချင်လာမိသည်။ သားလောက် အဖေအကြောင်း သိသူ မရှိဆိုသည်မှာ တကယ်ပင်။ နံနက်ခင်း ညီလာခံကို ရပ်နားလိုက်ခြင်းက ပုံမှန်မဟုတ်သဖြင့် လီယွမ်ကျောက်ကဲ့သို့ ပေါ့ပေါ့ဆဆ နေတတ်သူပင်လျှင် ထူးခြားမှုကို ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။

“ဖယ်စမ်း”

လီယွမ်ကျောက်က ကော်ထျန်းယန်ကို အားနှင့် တွန်းဖယ်လိုက်ပြီး နွေးထွေးသော အခန်းလေးထဲသို့ တန်းတန်းမတ်မတ် ဝင်သွား၏။

အခန်းထဲသို့ ရောက်သည်နှင့် ပူပြင်းသော လေလှိုင်းကြီးတစ်ခုက မျက်နှာဆီသို့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

“ပူလိုက်တာ... နန်းတော်ထဲမှာ မီးသွေးတွေက ပိုက်ဆံမပေးရဘူးလား” လီယွမ်ကျောက်က ဆဲဆိုလိုက်ပြီး ဆက်လက် ဝင်သွားသည်။

အိပ်ရာပေါ်တွင် နာမကျန်းဖြစ်နေသော ကျင်းဘုရင်မင်းမြတ်ကို မြင်လိုက်ရသည်နှင့် အလွန်အမင်း အံ့အားသင့်သွား၏။

ကမန်းကတန်း ပြေးသွားကာ ခေါ်လိုက်သည်။ “ခမည်းတော်... ခမည်းတော်... ဘာဖြစ်သွားတာလဲ”

“အိမ်ရှေ့စံ... မလောပါနဲ့။ ကျွန်တော်မျိုး အရှင်မင်းကြီးကို စမ်းသပ်ပေးနေပါတယ်။ အရှင်မင်းကြီးက အခု အဖျားကြီးနေတာပါ” သမားတော်ဟူက သတိပေးလိုက်၏။

လီယွမ်ကျောက်သည် ကျင်းဘုရင်မင်းမြတ်၏ လက်ရှိအခြေအနေကြောင့် အလွန် ထိတ်လန့်သွားသည်မှာ ထင်ရှားပြီး မျက်နှာက ဖြူလျော်ကာ နှလုံးများ အလွန်အမင်း ခုန်ပေါက်နေသည်။

“ပူတယ်... ပူတယ်...” ကျင်းဘုရင်မင်းမြတ်ထံမှ တိုးညှင်းသော အသံများ ထပ်မံ ထွက်ပေါ်လာပြန်၏။

လီယွမ်ကျောက်က အကြည့်ကို ရွှေ့လိုက်ရာ စောင်လေးထည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများထဲတွင် သွေးကြောများပင် နီရဲလာသည်။

ခမည်းတော်က ပူလွန်းလို့ သေတော့မယ်... ဒါကို စောင်တွေ ဒီလောက်အများကြီး ခြုံပေးထားသေးတယ်။

နောက်တစ်စက္ကန့်တွင် သူက တုံ့ဆိုင်းခြင်းမရှိဘဲ စောင်များကို ဆွဲဖယ်ပစ်လိုက်ပြီး ကုတင်ပေါ်သို့ တက်ကာ ပြတင်းပေါက်ကို ခွပ်ခနဲ ကန်ချိုးပစ်လိုက်၏။

လေအေးများက ဝှီးခနဲ ဝင်ရောက်လာသည်။

ထို့နောက် ကျင်းဘုရင်မင်းမြတ်၏ ဘေးတွင် အလျင်အမြန် မှောက်ချလိုက်ပြီး မေးလိုက်၏။

“ခမည်းတော်... ပူသေးလား”

“တော်တော် သက်သာသွားပြီ...” လေအေးများ ဝင်ရောက်လာသည်နှင့် ကျင်းဘုရင်မင်းမြတ်၏ စိတ်အနည်းငယ် ကြည်လင်လာပြီး မျက်ခွံကို မကာ တိုးတိုးလေး ဖြေလိုက်သည်။

ထိုအချိန်တွင် ကော်ထျန်းယန်နှင့် သမားတော်ဟူတို့မှာ ရေခဲတွင်းထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။

သမားတော်ဟူမှာ ဝမ်းသာသွားသည်။

ဒီလိုမျိုး လာကစားလို့ မရဘူးလေ... ကျုပ်ကမှ သမားတော်စစ်စစ်ပါ။

သူတို့နှစ်ယောက်သည် ကမန်းကတန်း ခြေမကိုင်မိ လက်မကိုင်မိဖြင့် ကြမ်းပြင်ပေါ် ကျနေသော စောင်များကို ကောက်ယူကာ ကျင်းဘုရင်မင်းမြတ်၏ ကိုယ်ပေါ်သို့ ပြန်လည် ခြုံပေးရန် ပြင်ကြသည်။

ကော်ထျန်းယန်က စောင်ကို ခြုံပေးရင်း ပြောနေသေး၏။

“အမလေး... ချွေးထုတ်ရမှာလေ။ အိမ်ရှေ့စံ... အရှင်မင်းကြီးက အဖျားတက်နေတာဆိုတော့ ချွေးထုတ်ရမှာပါ”

“ချီးပဲ ချွေးထုတ်ရမှာ။ ဒီအခန်းက ဒီလောက် ပူနေတာကို၊ လူကို အသက်ရှူကျပ်ပြီး သေအောင် လုပ်နေတာလား။ ခင်ဗျား ဘုရင်ကို လုပ်ကြံချင်နေတာလား” လီယွမ်ကျောက်မှာ မျက်နှာတစ်ခုလုံး နီမြန်းလာသည်အထိ ဒေါသထွက်သွားပြီး ယခုလေးတင် ခြုံပေးထားသော စောင်များကို ထပ်မံ ဆွဲလှန်ပစ်လိုက်ပြန်သည်။

“ခမည်းတော်ကို အရင်ဆုံး လေကောင်းလေသန့် ရှူပါစေအုံး … ပြီးမှ စောင်ပြန်ခြုံပေး။ သမားတော်ဟူ... မြန်မြန် စမ်းသပ်စမ်း”

သမားတော်ဟူက အလျင်အမြန်ပင် ကျင်းဘုရင်မင်းမြတ်၏ အပေါ်ဝတ်ရုံကို လှန်လိုက်သည်။

ထို့နောက် အပေါ်တွင် ဖုံးအုပ်ထားသော ဆေးပတ်တီးကို လှန်လိုက်၏။

ဤသို့ ကြည့်လိုက်သည်နှင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“ပြည်တည်နာ... ဒဏ်ရာက ပိုဆိုးလာပြီ... ဒါက ပြည်တည်နာ ဖြစ်လာတာပဲ။ တစ်ညတည်းနဲ့ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ”

All Chapters